feature-image

စနေနေ့ ဘောလုံးစကားဝိုင်း.. (ချယ်လ်ဆီး vs အဲဗာတန်)

ချယ်လ်ဆီးအသင်းက အဲဗာတန်အသင်းအား စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်၊ ပွဲစဉ် (၃၄) မှ ချယ်လ်ဆီးအသင်း၏ ကစားပုံ၊ အနိုင်ဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်၊ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည့် ဂိုးသမား ရောဘတ် ဆန်းချက်ဇ် နှင့် အဓိကကစားသမားတို့၏ ခြေစွမ်းများအပေါ် လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ပီတာ ခရော့ချ် နှင့် ချယ်လ်ဆီးအမျိုးသမီးအသင်း ကွင်းလယ် ကစားသမားဟောင်း ကယ်ရင် ကာနေး တို့က TNT sports သတင်းဌာန၏ ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေးသွားခဲ့ပါသည်..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - အခုတစ်ပါတ်စနေနေ့ရဲ့ အစောဆုံး ပွဲစဉ်မှာတော့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ဟာ လေးလနီးပါး ဂိုးပေါက်ပျောက်ဆုံးနေတာကို အဆုံးသတ်နိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် အရေးပါတဲ့အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်..။ ကယ်ရင် ရေ.. ဒီနေ့အနိုင်ရလဒ်ဟာ ရှင်တို့ချယ်လ်ဆီးအသင်းအတွက် ဘယ်လောက်တောင် အရေးပါခဲ့လဲ..? ပြောပြပေးပါလား..?

ကယ်ရင် ကာနေး - သိပ်ကိုအရေးပါတာပေါ့ရှင့်..။ ဒါ့အပြင်ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ခံယူချက်နဲ့ စိတ်ဓါတ် ကောင်းမွန်တယ်..၊ စုစည်း ကျစ်လျစ်မှုရှိတယ်.. ဆိုတာကိုပါ ပြသနိုင်ခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ နီကိုလပ်စ် ဂျက်ဆင် ဟာ ဒီနေ့ပွဲရဲ့ တစ်လုံးတည်းသောဂိုးကို ပထမပိုင်း (၂၇) မိနစ်ထဲက သွင်းယူပေးခဲ့တာပါ..။ လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ချယ်လ်ဆီးအသင်းဟာ ကျန်တဲ့ပွဲချိန် တစ်နာရီနီးပါးမှာ အနိုင်ရလဒ်ကို ကြိုးစား၊ ထိန်းသိမ်းခဲ့ရသလို လွန်ခဲ့တဲ့အပါတ်ကလည်း ဖူးလ်ဟမ်းအသင်းကို ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် အနိုင်ရရှိအောင် ပြန်လည်စွမ်းဆောင်နိုင်ခဲ့ပါတယ်..။

ဒါ့ကြောင့် အခုနောက်ဆုံးနှစ်ပါတ်မှာ ကျွန်မတို့မြင်တွေ့ခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ အရင်တုန်းကနဲ့ မတူညီတဲ့အသင်းလို့ ပြောရမှာပဲရှင့်..။ သူတို့အနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိချင်တယ်ဆိုရင် အခုလက်ရှိမှာ ပြသနေတဲ့ ခံယူချက်၊ စိတ်ဓါတ်နဲ့ စုစည်းမှု ကောင်းမွန်မှုတွေကို ရာသီကုန်အထိ ဆက်လက်သယ်ဆောင် သွားနိုင်ဖို့လိုပါတယ်..။



လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်..။ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲဝင်နေတဲ့ အသင်းတွေထဲမှာ ချယ်လ်ဆီးအသင်းဟာ အစောဆုံး ယှဉ်ပြိုင်ခဲ့ရတဲ့အသင်း ဖြစ်ခဲ့တာကြောင့် သူတို့ရဲ့အခုနောက်ဆုံး ရလဒ်တွေဟာ တခြားအသင်းတွေအပေါ် ဘယ်လိုပုံစံနဲ့ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ..? ဒါ့အပြင် တချို့အသင်းတွေက FA ဖလား၊ အကြိုဗိုလ်လုပွဲစဉ်တွေ ယှဉ်ပြိုင်ရဖို့လည်း ရှိနေတာကိုးရှင့်..

ပီတာ ခရော့ချ် - ဒီနေ့ပွဲရလဒ်ကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အသင်းတွေလည်း ရှိနိုင်ပါတယ်..။ အဲဗာတန်အသင်းကတော့ အိမ်ရှင်အသင်းရဲ့ ဖိအားပေး ကစားတာကို ကြံ့ကြံခံ၊ ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်လာခဲ့တာပါ…။ ဒါ့ကြောင့်စောစောစီးစီး ဂိုးရသွားတဲ့အချိန် နောက်ထပ်အပြန်အလှန် သွင်းဂိုး‌တွေမြင်တွေ့ရလိမ့်မယ်လို့ တွေးမိလိုက်ပါသေးတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ အနိုင်ဂိုးတစ်ဂိုးကို ခဲရာခဲဆစ် ထိန်းသိမ်းပြီး အနိုင်ရရှိသွားခဲ့တာ ကောင်းတဲ့အချက်ပေါ့ဗျာ..။ တကယ်တော့ ဒီနေ့ပွဲမှာ သူတို့လည်း ရင်ခုန်သံမြန်ခဲ့ရတဲ့ အခိုက်အတန့်တွေရှိခဲ့ပြီး ဂိုးသမား ဆန်းချက်ဇ် ရဲ့ ကာကွယ်မှုတွေ ကောင်းမွန်ခဲ့တာကို ထည့်သွင်းချီးကျူးရမှာပါ..။ အရေးအကြီးဆုံးက အနိုင်ပွဲရလဒ် ဖြစ်ပါတယ်..။ ဒီနေ့အနိုင်ပွဲရလဒ်နဲ့အတူ သူတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်တယ်ဆိုတဲ့အကြောင်း ကျန်တဲ့အသင်းအားလုံးကို သတိပေးလိုက်တာလဲ ဖြစ်ပါတယ်..။

ကယ်ရင် ကာနေး - အခုလိုရာသီကုန် ပန်းဝင်ခရီးမှာ အသင်းတိုင်းအတွက် စုစည်းကျစ်လျစ်မှု၊ စိတ်ဓါတ် မာကျောကြံ့ခိုင်မှုရှိဖို့ (resilience and mentality) အရေးအကြီးဆုံးပါ..။ လက်ရှိချယ်လ်ဆီးအသင်းဟာ အတွေ့အကြုံနုနယ်သေးတဲ့ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်သလို မန်နေဂျာ မာရက်စ်ကာ အတွက်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအဆင့်မှာ ပထမဆုံးအကြိမ် ကိုင်တွယ်ရတာ ဖြစ်ပါတယ်..။ ဒါ့ကြောင့်အဆင်မှ ပြေပါ့မလား..? ဆိုတဲ့ သံသယတွေ ရှိနေပါလိမ့်မယ်..။ ဒါပေမယ့် အခုပွဲနဲ့ပြီးခဲ့တဲ့ ဖူးလ်ဟမ်းနဲ့ပွဲက ကစားပုံနဲ့ စိတ်ဓါတ်ပိုင်း ခိုင်မာမှုတွေကို ကြည့်မယ်ဆိုရင် အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိုက်တန်တဲ့ခြေစွမ်းရှိတယ်ဆိုတာ ပြသနိုင်ခဲ့တယ်လို့ပဲ ကျွန်မယူဆပါတယ်..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်..။ ပွဲချိန် (၂၇) မိနစ်မှာ ရရှိခဲ့တဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ရဲ့ သွင်းဂိုးကို သုံးသပ်ကြရအောင်ရှင့်..။ ကယ်ရင် ရေ.. ဂျက်ဆင် ဟာ အဲဒီကန်ချက်မတိုင်ခင်ကလည်း အခုလိုအခွင့်အရေးတွေ ရရှိခဲ့တယ်လို့ ရှင်ပြောခဲ့သေးတယ်နော…

ကယ်ရင် ကာနေး - မှန်ပါတယ်..။ ဒီနေ့ပွဲမှာ အဲဗာတန်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဆီ ပေးပို့လာတဲ့ ဘောလုံးတွေကို ချယ်လ်ဆီးအသင်းဘက် နောက်ခံလူတွေနဲ့ ကွ၈်းလယ်ကစားသမားတွေရဲ့ လုယူ၊ ဖျက်ထုတ်မှုတွေ သိပ်ကောင်းခဲ့ပါတယ်..။ ဂျက်ဆင် ကတော့ သူ့ဆီရောက်လာတဲ့ ဘောလုဲးကိုတစ်ချက်ထိန်း၊ လှည့်ပြီးကန်သွင်းသွားတာပဲရှင့်..။ ဒါပေမယ့် သူ့ဆီကိုအမြန်ဆုံး ဘောလုံးပေးပို့နိုင်အောင် ဖိအားပေး ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်း ကစားသမားတွေရဲ့ pressing ရွှေ့လျား၊ ကစားမှု ကောင်းမွန်ခဲ့တာကိုလည်း အသိအမှတ်ပြုရမှာပါ..။ အဲဒါ့ကြောင့် အဲဗာတန်အသင်းဟာ တိုက်စစ်ဇုန်ကိုရောက်လာတဲ့အချိန် တွဲကစားလို့ မရတော့ပဲ ဘောလုံးတွေ ဆုံးရှုံးရတာရှင့်..။



အဲဒီသွင်းဂိုးဟာ ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ် ကနေ တိုက်စစ်မှူး ဘီတို ဆီ ပေးပို့လိုက်တဲ့ ဘောလုံးကို နောက်ခံလူ ချာလိုဘာ က ဖျက်ထုတ်လိုက်တယ်..၊ ရလာတဲ့ဘောလုံးကို အင်ဇို ရဲ့ ပေးပို့မှုကတဆင့် တိုက်စစ်မှူး ဂျက်ဆင် က တစ်ချက်ထိန်းပြီး ဂိုးဧရိယာအပြင်ကနေ ဂိုးသမား ညာဘက်ထောင့်ထဲ အတိအကျ ကန်သွင်းနိုင်ခဲ့ပါတယ်..။ အဲဒီသွင်ဂိုးရခဲ့တဲ့ ကန်ချက်မတိုင်ခင် သူဟာအဲဒီလို အနေအထားအတိုင်း အခွင့်အရေးနှစ်ကြိမ်လောက် ရခဲ့ပေမယ့် ထိချက်တွေ (touches) များသွားတာကြောင့် နောက်ခံလူတွေ ရောက်လာပြီ ပျက်ကုန်ပါတယ်..။ နီကိုလပ်စ် ဂျက်ဆင် ဟာ ပွဲချိန်အတွင်းမှာပဲ အမှားအယွင်းတွေကနေ သင်ယူနိုင်ခဲ့တယ်လို့ ပြောရမှာပဲရှင့်..။

ပီတာ ခရော့ချ် - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ box midfield ဆန်ဆန် ကွင်းလယ်အထိုင် ကစားကွက်ကြောင့် အဲဗာတန်အသင်းဟာ အခွင့်အရေး သိပ်မရခဲ့ပါဘူး..။ အင်ဇို ဖာနန်ဒက်စ် ဟာ ကိုးလ် ပါးမား နဲ့အတူ တိုက်စစ်ပိုင်း ပိုမိုလိုက်ပါခဲ့ပြီး မွိုက်စ် ကိုင်ဆီဒို ကတော့ ရိုမီယို လာဗီးယားနဲ့အတူ ကွင်းလယ်ခံစစ်ပိုင်းမှာ အားဖြည့်နိုင်ခဲ့ပါတယ်..။ အထူးသဖြင့် အင်ဇို ဖာနန်ဒက်စ် ဟာ ရိုမီယို လာဗီးယား နဲ့ ကိုင်ဆီဒို တို့ကြောင့် ပိုပြီးလွတ်လွတ်လပ်လပ် ကစားနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဂျက်ဆင် ကတော့ ဒီနေ့သွင်းဂိုးဟာ ဂိုးဧရိယာအပြင်ဘက်ကနေ သွင်းယူနိုင်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံး သွင်းဂိုးလို့ ပြောသွားတယ်ရှင့်..။ သူဟာအခုလိုဧရိယာအပြင်က ကန်သွင်းတဲ့ သွင်းဂိုးများများရရှိအောင် ကြိုးစား၊ လေ့ကျင့်သင့်တယ်လို့ မထင်မိဘူးလား..? ပီတာ ရေ..

ပီတာ ခရော့ချ် - ကျွန်တော်ဟာ ပရီးမီးယားလိဂ်မှာ (၁၅) နှစ်ကျော် ကစားခဲ့ပေမယ့် ဂိုးဧရိယာအပြင်ဘက်ကနေ ကန်သွင်းနိုင်ဖို့.. ဆိုပြီး အာရုံစိုက်၊ သီးခြားလေ့ကျင့်မှုတွေ တခါမှ မပြုလုပ်ခဲ့ဖူးပါဘူး..။ ဒါ့ကြောင့်အဲဒီအတွက် သီးခြားအာရုံစိုက်ဖို့ မလိုဘူးလို့ ယူဆမိတာပါပဲ..။ ဒါ့အပြင်ကျွန်တော့်ရဲ့သွင်းဂိုးတွေထဲမှာလည်း ဧရိယာအပြင်ဘက် ကန်သွင်းခဲ့တဲ့ဂိုးတွေ သိပ်မရှိခဲ့ပါဘူး..။ အခုလိုဧရိယာအပြင်ဘက်က ကန်သွင်းချက်နဲ့ ဂိုးရသွားတယ်ဆိုရင် သူ့ဆီမှာ အဲဒီလိုကန်သွင်းနိုင်တဲ့ အရည်အသွေးရှိတယ်ဆိုတာ ပြသနိုင်ခဲ့တာပေါ့..။ နောက်ပိုင်းမှာ ယုံကြည်မှုပိုပြီး ရလာခဲ့ရင် အဝေးကန်ချက်သွင်းဂိုးတွေ ပိုပြီးရရှိလာမှာပါ..။

တိုက်စစ်မှူးတွေအတွက် တကယ့်ပွဲချိန်အတွင်းမှာ ဂိုးဧရိယာအတွင်းလား..? အပြင်ဘက်လား..? ခွဲခြားဖို့ဆိုတာ ထောပတ်ကို ပေါင်မုန့်ပေါ်ကနေ သီးခြားခွဲထုတ်ပေးပါ.. လို့ ကတ်သီးကတ်သပ် လုပ်ခိုင်းသလို ဖြစ်နေပါတယ်..။ အဝေးကကန်ကန်၊ အနီးကကန်ကန်.. ဂိုးကန်သွင်းမှုတွေ များများပြုလုပ်နိုင်ဖို့က ပိုပြီးအဓိက ကျပါလိမ့်မယ်..။



လင်းဆေး ဟစ်ပ်ဂရေ့ဗ် - နီကိုလပ်စ် ဂျက်ဆင် ဂိုးပေါက်ပြန်တွေ့ခဲ့ပေမယ့် ကိုးလ် ပါးမား ကတော့ ဂိုးပေါက်ပျောက်ဆုံးနေတာ (၁၇) ပွဲရှိသွားပါပြီ..။ ကယ်ရင် ရေ.. ကိုးလ် ပါးမား ရဲ့ ဒီနေ့ပွဲခြေစွမ်းအပေါ် ရှင့်ရဲ့အမြင် ပြောပြပေးပါလား..?

ကယ်ရင် ကာနေး - ဒီနေ့ပွဲမှာ ကိုယ်း ပါးမား ရဲ့ ကစားပုံ၊ ကိုယ်နေကိုယ်တန်.. အပြုအမူတွေကို ကျွန်မအသေအချာ စောင့်ကြည့်ခဲ့ပါတယ်..။ သူ့ကိုကြည့်ရတာ စိတ်ပျက်လက်ပျက် ဖြစ်နေပုံပါပဲ..။ အထူးသဖြင့် လူစားလဲခံရချိန်မှာ သူ့ရဲ့အားမလို၊ အားမရ အမူအရာတွေဟာ သိသာပါတယ်..။ အသင်းဖော်တွေဟာ သူ့ဆီကိုဘောလုံးပေးတဲ့နေရာမှာ နှေးကွေးနေပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် သူဟာ ‘No.10’ နေရာကနေ နေရာလွတ်တွေ ရှာဖွေနိုင်ခဲ့ပေမယ့် ဘောလုံးတွေဟာ သူ့ဆီကို အချိန်ကိုက်၊ နေရာကိုက် ရောက်မလာခဲ့ဘူးရှင့်.။ ဒါပေမယ့်သူဟာ အသင်းအတွက် အကောင်းဆုံး ပေးဆပ်ခဲ့တယ်..၊ သူ့ရဲ့ဖိအားပေး ကစားပုံတွေလည်း ကောင်းမွန်ခဲ့ပါတယ်..။

အရေးအကြီးဆုံး အသင်းလိုက် ကစားပုံကောင်းမွန်ဖို့၊ အသင်းလိုက် ဟန်ချက်ကောင်းမွန်ဖို့ ဖြစ်ပါတယ်..။ ပရိသတ်တွေကတော့ ကိုယ့်အသင်းရဲ့ ကြယ်ပွင့်ကစားသမားရဲ့ အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ချင်ကြတာပေါ့..။ နောက်ထပ်ယှဉ်ပြိုင်ရမယ့်ပွဲတွေ အများကြီးရှိနေပါသေးတယ်..။ ဘောလုံးကစားနည်းဆိုတာ အသင်းလိုက် ကစားနည်းဖြစ်ပြီး ကိုးလ် ပါးမား ဆိုတာ ချယ်လ်ဆီးအသင်းထဲက ကစားသမား တစ်ယောက်ပါပဲ..။

ပီတာ ခရော့ချ် - ချယ်လ်ဆီးအသင်း အမြင့်ပျံနေဖို့ဆိုရင် အသင်းရဲ့တိုက်စစ်ကို ပုံဖော်နေတဲ့ နီကိုလပ်စ် ဂျက်ဆင် နဲ့ ကိုးလ် ပါးမား တို့နှစ်ယောက်ရဲ့ အကောင်းဆုံးခြေစွမ်း ရရှိနေဖို့ လိုအပ်ပါတယ်..။ နီကိုလပ်စ် ဂျက်ဆင် ကတော့ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပြန်လည်ရရှိနေပါပြီ..။ ကိုးလ် ပါးမား အတွက် နောက်ထပ်စိတ်ပျက်စရာ ပွဲတစ်ပွဲ ဖြစ်ခဲ့တာပေါ့..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအဆင့်မှာ အကောင်းဆုံးခြေစွမ်းနဲ့ ယှဉ်ပြိုင်နိုင်ဖို့ သူတို့နှစ်ယောက်ရဲ့ အကောင်းဆုံးခြေစွမ်းကို ဖော်ထုတ်ပေးနိုင်ရပါမယ်..။ နီကိုလပ်စ် ဂျက်ဆင် ကတော့ သူ့ရဲ့အပေါ် ကျရောက်နေတဲ့ ဖိအားတွေကြားကနေ ရုန်းထွက်လာနိုင်ခဲ့ပြီလို့ ပြောရမှာပါပဲ..။



လင်းဆေး ဟစ်ပ်ဂရေ့ဗ် - အခုနှစ်ဘောလုံးရာသီမှာ ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ဟာ အမှားအယွင်းတွေ များပြားခဲ့တာကြောင့် အဝေဖန်ခံနေခဲ့ရပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ သူဟာအဲဗာတန်အသင်းရဲ့ အပိုင်ကန်သွင်းခွင့်နှစ်ကြိမ်ကို ကာကွယ်နိုင်ခဲ့ပြီး အဲဒီဝေဖန်မှုတွေကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တယ်လို့ ပြောနိုင်တယ်မလား..? ကယ်ရင် ရေ..

ကယ်ရင် ကာနေး - တကယ့်ကို မယုံနိုင်စရာ ကောင်းလှတဲ့ ကာကွယ်မှုနှစ်ကြိမ်ပါ..။ ကစားသမား တစ်ယောက်ဟာ ကိုယ့်ရဲ့အပေါ် ဝေဖန်မှုတွေများနေပြီဆိုရင် အဲဒီအသံတွေတိတ်သွားအောင် ပုံမှန်ထက်ပိုပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ လိုအပ်တာပေါ့ရှင့်..။ သူဟာပွဲချိန် (၆၂) မိနစ်မှာ အဲဗာတန်တိုက်စစ်မှူး ဘက်တို ရဲ့ ထောင့်ဖြတ်ကန်သွင်းချက်ကို မြန်ဆန်လှတဲ့ တုံ့ပြန်မှုနဲ့အတူ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်..။

ပီတာ ခရော့ချ် - မှန်ပါတယ်..။ ဘက်တို ရဲ့ကန်ချက်ဟာ အတော်လေးကို ကောင်းပါတယ်..။ အဲဒီလိုကန်ချက်မျိုးကို ကာကွယ်နိုင်ဖို့ မလွယ်ဘူးဗျ..။ ပွဲချိန် (၈၇) မိနစ်မှာ ပြုလုပ်ပေးခဲ့တဲ့ ဒွိုက်ခ် မက်ခ်နေးလ် ရဲ့  ကန်ချက်ကို ကာကွယ်မှုဟာ ပိုပြီးတော့တောင် ကောင်းခဲ့ပါသေးတယ်..။ မက်ခ်နေးလ် ရဲ့ကန်ချက်ဟာ သူမျှော်လင့်မထားတဲ့ ဂိုးထောင့်ကိုဝင်လာတာ ဖြစ်ပေမယ့် လျှပ်ပြက်သလို မြန်ဆန်လှတဲ့ တုံ့ပြန်မှုနဲ့ ပုတ်ထုတ်နိုင်ခဲ့ပါတယ်..။ တကယ်တမ်းမှာ အဲဒီဘောလုံးဟာ နည်းနည်းလေး မြင့်နေတာကြောင့် အတော်လေးကို ကာကွယ်နိုင်ဖို့ ခက်ခဲတယ် ပြောရမှာပဲ..။ အထူးသဖြင့် ဂိုးသမားတစ်ယောက်အနေနဲ့ ကိုယ်မျှော်မှန်းမထားတဲ့ဘက်ကို ဝင်လာတဲ့ဘောလုံးတွေကို တုံ့ပြန်မှုမြန်မြန်ဆန်ဆန်နဲ့ ကာကွယ်နိုင်ဖို့ ပိုပြီးခက်ခဲပါတယ်..။ တကယ်တော့ ဒီနေ့ပွဲဟာ ‘သူ့ရဲ့ပွဲ’ လို့ ပြောရမှာဖြစ်ပြီး ‘ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု’ နဲ့လည်း ထိုက်တန်ပါတယ်..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဆန်းချက်ဇ် ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ပထမဂိုးသမားနေရာက ဖယ်ပေးခဲ့ရပေမယ့် မတ်လမှာပဲ ပွဲထွက်ဂိုးသမားနေရာ ပြန်လည်ရရှိခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်.. လက်စွမ်းဟာ တည်ငြိမ်မှုမရှိတာကြောင့် ဝေဖန်မှုတွေ ဆက်လက်ရှိနေဆဲပါရှင့်..။ ဒါ့ကြောင့်သူဟာ ရေရှည်အနာဂတ်မှာ ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက်ဂိုးသမားအဖြစ် ဆုဖလားတွေကို ဆောင်ယူပေးနိုင်တဲ့သူ ဖြစ်နိုင်မလား..?

ကယ်ရင် ကာနေး - ဒီနေ့ပွဲမှာ သူဟာအကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပြီး ကျွန်မတို့အသင်းရဲ့ အနိုင်ပွဲမှာ အရေးပါခဲ့တဲ့ ကစားသမားဆိုတော့ ပြင်းပြင်းထန်ထန် မဝေဖန်ချင်ပါဘူး..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ပရိသတ်တွေ မျှော်လင့်တောင့်တနေတဲ့ အဆင့်အတန်း..၊ ပရီးမီးယားလိဂ်.. ချန်ပီယံလိဂ်ဖလားတွေကို စိန်ခေါ်နိုင်တဲ့ အသင်း.. ဆိုတဲ့ အဆင့်အတန်းကို မျှော်မှန်းချင်တယ်.. ဆိုရင်တော့ သူဟာလုံလောက်မှုရှိတယ်..၊ ထိုက်တန်မှုရှိတယ်လို့ မယူဆမိပါဘူး..။



ပီတာ ခရော့ချ် - ဆန်းချက်ဇ် ဟာ တဖြည်းဖြည်းနဲ့တော့ ယုံကြည်မှုတွေ ပိုပြီးရရှိလာပုံပါပဲ..။ ပွဲရဲ့အဆုံးအဖြတ် အခိုက်အတန့်တွေ ဖြစ်ခဲ့တဲ့ ကာကွယ်မှုနှစ်ကြိမ်အပြင် အမြင့်ဘောတွေ၊ တည်ကန်ဘောတွေ အားကိုးကစားတဲ့ အဲဗာတန်အသင်းရဲ့ ကန်တင်ဘောတွေ၊ ဖြတ်တင်ဘောတွေကို ထွက်ဆွဲရာမှာ၊ ဖျက်ထုတ်ရာမှာလည်း ပွဲချိန်ကြာလာတာနဲ့အမျှ တိုးတက်မှုတွေ ရရှိလာပါတယ်..။ အထူးသဖြင့် ပွဲပြီးခါနီး.. ဖိအားတွေ ပိုများလာချိန်မှာ သူ့ရဲ့ကာကွယ်မှုတွေ ပိုပြီးတည်ငြိမ်လာတာ တွေ့မိပါတယ်..။ ဒါ့ကြောင့်သူဟာ ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက်.. ‘နံပါတ်တစ် ဂိုးသမား’ အဖြစ်နဲ့ ထိုက်တန်တယ်.. ဆိုတဲ့ လက်စွမ်းကို ပြသနိုင်လိမ့်မယ်လို့တော့ မျှော်လင့်မိတာပါပဲ..။ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ရှိနေဖို့ လိုအပ်ပါလိမ့်မယ်..။ အဲဒါမှလည်း ဒီနေ့ပွဲမှာ ပြုလုပ်ခဲ့သလို အကောင်းဆုံး ကာကွယ်မှုတွေ ပြုလုပ်ပေးနိုင်မှာပေါ့..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဒီနေ့ပွဲမှာ နိုနီ မာဒူအီကေး ဟာလည်း ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်..။ ပွဲချိန် (၇၈) မိနစ်မှာ ဂျေဒန် ဆန်ချို နဲ့ သူ့ကိုလူစားလဲတဲ့အချိန် ပရိသတ်တွေဟာ လက်ခုတ်တီး အားပေးပြီး ဂုဏ်ပြုပေးခဲ့ကြပါတယ်..။ ထူးခြားတာက သူဟာ ချယ်လ်ဆီးအသင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဘယ်တောင်ပံမှာ ကစားခဲ့တာပါ..။ ဘယ်တောင်ပံနဲ့ ညာတောင်ပံ… ဘယ်နေရာမှာ ပိုပြီးခြေစွမ်းပြနိုင်တယ်လို့ ထင်မိလဲရှင့်..?

ပီတာ ခရော့ချ် - သူဟာဒီနေ့ပွဲမှာ ထူးထူးခြားခြား ခြေမြူးနေတယ်လို့ ပြောရမှာပါ..။ ပီဒရို နက်တို လည်း ညာတောင်ပံဘက်ကနေ အကောင်းဆုံး ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့သလို ဂျေဒန် ဆန်ချို ကလည်း ထူးချွန်တဲ့ တောင်ပံ ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။ ဒီနေ့မှာအဲဗာတန်အသင်းရဲ့ ညာနောက်ခံလူ နေသန် ပီတာဆင် ဟာ အတော်လေး အခက်တွေ့ခဲ့ပါတယ်..။ အဓိကနောက်ခံလူ တစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ် တာကောစကီး မပါဝင်နိုင်တာကြောင့် ညာနောက်ခံလူနေရာမှာ ပုံမှန်ကစားနေရတဲ့ ဂျိတ်ခ် အိုဘရိုင်ယန် က အတွင်းဘက်ကို ဝင်ကစားပေးရပါတယ်..။ ဒါ့ကြောင့်အတွေ့အကြုံနုနယ်သေးတဲ့ နောက်ခံလူ ပီတာဆင် အနေနဲ့ ပိုပြီးအခက်တွေ့ခဲ့ရတာ ဖြစ်နိုင်ပါတယ်..။ ဒါ့ကြောင့်နည်းပြဒေးဗစ် မိုယက်စ် ဟာ သမ္ဘာရင့်နောက်ခံလူ တစ်ယောက်ဖြစ်တဲ့ အက်ရှ်လေ ယန်း နဲ့ ပြောင်းလဲပြီး နိုနီ မာဒူအီကေး ရဲ့ ထိုးဖောက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် သူကတော့ ပရီးမီးယားလိဂ်ရဲ့ နောက်ခံအစွန်လူတိုင်းကို ကျော်ဖြတ်နိုင်စွမ်းရှိတယ်.. ဆိုတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်..။



လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဒါဆိုရင်နောက်ပိုင်းမှာလည်း ဘယ်တောင်ပံမှာ ပိုပြီးကစားခွင့်ရမယ်.. လို့ ပြောနိုင်ပြီလား..?
ပီတာ ခရော့ချ် - အဲဒါတော့ မသိဘူးဗျ..။ သူဟာညာတောင်ပံမှာ ပိုပြီးအဆင်ပြေတယ်..၊ ပိုပြီးသက်တောင့်သက်သာရှိတယ်.. လို့ ကျွန်တော်ထင်ပါတယ်..။ သူဟာဘယ်.. ညာ တောင်ပံနှစ်ဘက်စလုံးမှာ ကစားနိုင်ပေမယ့် ညာတောင်ပံကနေ အတွင်းဘက်ကို ချိုးဝင်ပြီး ဘယ်ခြေနဲ့ကန်သွင်း အဆုံးသတ်တာကို ပိုပြီးအာသန်တယ်လို့ ထင်မိတာပဲဗျ..။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ ညာတောင်ပံ၊ ဘယ်တောင်ပံအပြင် တိုက်စစ်ရဲ့ နေရာတိုင်းမှာ ကစားနိုင်စွမ်းရှိတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ကယ်ရင် ရေ.. နည်းပြအင်ဇို မာရက်စ်ကာ အတွက် ဒီနေ့အနိုင်ပွဲကြောင့် ဖိအားတွေ နည်းနည်းလျော့သွားတယ်လို့ ပြောရမှာပဲရှင့်..။ ဘာဖြစ်လို့လည်းဆိုတော့ ဖူးလ်ဟမ်းနဲ့ပွဲမှာ ၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံးအဝေးကွင်းနိုင်ပွဲ ရရှိခဲ့ပေမယ့် ပရိသတ်တွေရဲ့ ကျေနပ်မှုကို အပြည့်အဝ မရရှိခဲ့ပါဘူး..။ ဒါ့အပြင်သူတို့ဟာ ဥရောပပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကွန်ဖရင့်စ်လိဂ်မှာ အကြိုဗိုလ်လုပွဲအဆင့် တက်ရောက်နိုင်ခဲ့ပြီ မဟုတ်လားရှင့်..။ ဒါပေမယ့် အဲဒီပွဲမှာလည်း ပွဲအပြီးမှာ ပရိသတ်တွေ ရှုံ့ချ.. ပြစ်တင်မှုတွေ.. booo လုပ်တဲ့ အသံတွေ ကြားခဲ့ရတာပါပဲ..။ သူ့အနေနဲ့ ပရိသတ်တွေရဲ့ ထောက်ခံအားပေးမှုကို ဘယ်လိုအချိန်မှာ ပြန်လည်ရရှိနိုင်ဖို့ ရှိနိုင်မလဲ..?

ကယ်ရင် ကာနေး - ဒီနေ့ပွဲလို အိမ်ကွင်းပွဲတွေမှာ စွမ်းဆောင်ရည် ကောင်းမွန်ရမယ်..၊ ပေးဂိုးမရှိ clean sheet တွေ ရရှိမယ်ဆိုရင် ပရိသတ်တွေကို ကောင်းမွန်တဲ့ ခံစားမှုတွေ ရရှိစေမှာပါ..။ အနည်းဆုံး အားမလို၊ အားမရ ဖြစ်နေတဲ့စိတ်တွေ ဖြေလျော့သွားမှာပေါ့..။ အသင်းဘက်ရော၊ မန်နေဂျာဘက်မှာရော အခုထက်ပိုပြီး တိုးတက်မှုတွေ မြင်ရဖို့ အများကြီးပြုလုပ်ပေးရမှာတွေ ရှိနေပါသေးတယ်..။ ဒါပေမယ့် အခုလက်ရှိအချိန်.. ရာသီကုန်အထိ အသင်းဘက်ကရော..၊ သူ့ဘက်ကရော ထူးထူးခြားခြား အပြောင်းအလဲ ကြိးကြီးမားမား ပြုလုပ်ပေးနိုင်ဖို့ မရှိတော့ပါဘူး..။

ဒါပေမယ့် ဒီနေ့ပွဲဟာချယ်လ်ဆီးအသင်းအတွက် ကောင်းမွန်တဲ့ရလဒ်၊ ကျေနပ်ဖို့ကောင်းတဲ့ ရလဒ်လို့ ပြောရမှာပါ..။ နည်းပြဒေးဗစ် မိုယက်စ် လက်ထက်မှာ အဲဗာတန်အသင်းဟာ ကစားရတာ ခက်ခဲတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်အသင်းပရိသတ်အနေနဲ့ ဒီနေ့ပွဲရလဒ်နဲ့ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်သင့်ပါတယ်..။ ဒါပေမယ့် ရှေ့လာမယ့်ပွဲတွေမှာလည်း အခုလိုခြေစွမ်းကောင်း၊ ရလဒ်ကောင်းတွေ ဆက်လက်သယ်ဆောင်ပေးနိုင်ဖို့ လိုအပ်နေပါသေးတယ်..။ ‘ဒီလောက်နဲ့ ရပါပြီ..’ ဆိုပြီး ရောင့်ရဲကျေနပ်မနေသင့်ပါဘူး..။