feature-image

တနင်္ဂနွေနေ့ ဘောလုံးစကားဝိုင်း.. (နော့တင်ဟမ် ဖောရက်စ် vs ချယ်လ်ဆီး)

ပရီးမီးယားလိဂ်၊ ပွဲစဉ် (၃၈) အဖြစ် ချယ်လ်ဆီးအသင်းက နော့တင်ဟမ် ဖောရက်စ်အသင်းအား The City Ground ကွင်းတွင် ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ချယ်လ်ဆီးအသင်းနှင့် နော့တင်ဟမ် ဖောရက်စ်အသင်းတို့၏ ကစားပုံ၊ ပွဲစဉ်အတွင်း အရေးပါခဲ့သည့် ဖြစ်ရပ်များနှင့် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ချယ်လ်ဆီးအသင်း၏ အလားအလာများအပေါ် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း ရွိုင် ကိန်း နှင့် လီဗာပူးလ်အသင်း ကွင်းလယ် ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ် တို့က Sky sports သတင်းဌာနမှ တင်ဆက်သည့် Super Sunday Football စကားဝိုင်းအစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေးသွားခဲ့ပါသည်..။

ဒေးဗစ် ဂျုံးစ် - အခုနှစ်ဘောလုံးရာသီမှာ မထင်မှတ်ထားတဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အများရဲ့ချီးကျူးမှုတွေ ခံယူနေရတဲ့ နော့တင်ဟမ် ဖောရက်စ်အသင်းနည်းပြ နူနို ဆန်းတို့စ် အတွက် ဒီနေ့ဟာ ကံမကောင်းခဲ့ဘူးလို့ ပြောရမှာပဲဗျ..။ ဒီနေ့ပွဲရလဒ်ကြောင့် သူတို့မျှော်လင့်၊ တောင့်တနေတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်ကို ချယ်လ်ဆီးအသင်းက ရရှိခဲ့ပြီး သူတို့အသင်းက ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့် ရပါမယ်..။ အစောကပြောခဲ့သလို ဖောရက်စ်အသင်းဟာ တစ်ရာသီလုံး စွမ်းဆောင်ရည် ကောင်းမွန်ခဲ့ပေမယ့် ရာသီကုန်ပန်းဝင်ကာလ (၈) ပွဲအတွင်း (၂) ပွဲပဲ အနိုင်ရခဲ့ပါတယ်..။

ဒါ့အပြင် သူတို့အသင်းဟာ ရာသီတစ်လျှောက်လုံး အိမ်ကွင်းရလဒ်တွေ ကောင်းမွန်ခဲ့ပေမယ့် အခုဒီနေ့ပွဲ အပါအဝင် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ် (၄) ပွဲမှာ တစ်ပွဲမှ အနိုင်မရခဲ့ပါဘူး..။ လက်စ်တာနဲ့ တစ်ပွဲပဲ သရေကျခဲ့ပြီး အဲဗာတန်၊ ဘရန့်တ်ဖို့ဒ် တို့ကို ရှုံးနိမ့်ခဲ့သလို ဒီနေ့မှာချယ်လ်ဆီးကို ထပ်ပြီးရှုံးနိမ့်ခဲ့ရပါတယ်..။ ရွိုင်း ရေ.. အခုအချိန်ကျမှ ပြန်ပြီးဝေဖန်တာတော့ လွယ်တာပေါ့ဗျာ..။ ဒါပေမယ့် သူတို့ဟာ အဲဒီပွဲတွေထဲက တစ်ဝက်လောက်သာ အနိုင်ရခဲ့မယ်ဆိုရင် ဒီနေ့မှာကျွန်တော်တို့ ဆွေးနွေးနေတဲ့အကြောင်းဟာ အခုလိုဖြစ်ချင်မှ ဖြစ်ပါမယ်… ဟုတ်တယ်မလား..?

ရွိုင် ကိန်း - pressure..။ ‘ဖိအားဒဏ်ကို ခံနိုင်ရည်ရှိမှု’ ပေါ့ဗျာ..။ ကစားသမားတွေရဲ့ကြားထဲမှာ ဖိအားတွေ များသွားပုံ ရပါတယ်..။ အိမ်ကွင်းမှာယှဉ်ပြိုင်ရရင် အားသာချက်ရှိတယ်.. လို့ ယေဘူယျပြောကြပေမယ့် တခါတလေကျ အိမ်ကွင်းမှာ ပိုပြီးဖိအားများသွားတာတွေ ရှိတတ်ပါတယ်..။ အထူးသဖြင့် ပြီးခဲ့တဲ့ လေးလ၊ ငါးလ၊ ခြောက်လလောက် စွမ်းဆောင်ရည် ကောင်းလာတော့ အားလုံးရဲ့မျှော်လင့်ချက်တွေ (expectations) ကြီးမားလာပါတယ်..။ ဒါတွေဟာ ဖိအားတွေအဖြစ် ပြောင်းလဲသွားပါတယ်..။



သတိထားမိသလောက်ဆိုရင် ကျွန်တော်တို့ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရပြီးတဲ့နောက်ပိုင်း ဖောရက်စ်အသင်းအပေါ် မျှော်လင့်လို့ရပြီ.. ဆိုပြီး အားလုံးရဲ့စိတ်ထဲမှာ ယူဆကုန်ကြပါတယ်..။ သူတို့ဟာ အဲဒီမျှော်လင့်ချက်တွေကို ဆက်ပြီးပခုံးမထမ်းနိုင်တော့ပါဘူး..။ နောက်ပြီးသူတို့အသင်းရဲ့ ပွဲချဉ်းကပ်ပုံကို ကြည့်မယ်ဆိုရင် အဖွင့်ဂိုးသွင်းနိုင်ဖို့ကို ရည်ရွယ်ပြီး အစောပိုင်းမှာ အစွမ်းကုန် တင်ကစားလေ့ ရှိပါတယ်..။ အဲဒီအတိုင်း တသမှတ်တည်း စီမံထားလေ့ရှိတာကို ပြင်ဆင်ဖို့ လိုပါတယ်..။ သူတို့ဘက်က အရင်ဂိုးပေးလိုက်ရတာနဲ့ အကုန်လုံး ကပြောင်းကပြန်တွေ ဖြစ်ကုန်ပါတယ်..။

သူတို့ကစားသမားတွေဟာ ပွဲရဲ့ပြောင်းလဲသွားတဲ့ အခြေအနေတွေအပေါ် ပြောင်းလွယ်၊ ပြင်လွယ် မရှိကြပါဘူးဗျ..။  သူတို့စီမံထားတဲ့အတိုင်း အဖွင့်ဂိုးရသွားရင် သူတို့ကိုပြန်ပြီး အနိုင်ယူနိုင်ဖို့ မလွယ်ဘူးဗျ..။ ဒါပေမယ့် ဒီနေ့ပွဲလိုပေါ့… ချယ်လ်ဆီးဘက်က အဖွင့်ဂိုးရသွားတာနဲ့ ပြန်ပြီးချေပဂိုးသွင်းနိုင်ဖို့၊ အနိုင်ရနိုင်ဖို့ မလွယ်တော့ဘူး.. ဆိုတဲ့ ခံစားချက်ကို ရခဲ့ပါတယ်..။ ဖောရက်စ်အသင်းအနေနဲ့ ပွဲချဉ်းကပ်ပုံ တသမှတ်တည်း ဖြစ်နေတဲ့အချက်ကို ပြင်ဆင်ရပါမယ်..။

ဂျေမီ ရက်ဒ်နပ် - မှန်ပါတယ်..။ ဒုတိယပိုင်းအစ.. မိနစ် (၅၀) မှာပဲ လီဗိုင်း ကိုဝဲလ် က ချယ်လ်ဆီးအတွက် အဖွင့်ဂိုးသွင်းလိုက်ပြီးတဲ့အချိန်မှာ သူတို့အတွက် အတော်လေးကို အခက်တွေ့သွားပါတယ်..။ ကျွန်တော်လည်း ပွဲကြည့်နေရင်းနဲ့ ဖောရက်စ်အသင်းဟာ ပြန်လာနိုင်မယ့်ခြေစွမ်း ရှိပါ့မလား..? ဆိုတဲ့ သံသယရှိခဲ့ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးဟာ တဖြည်းဖြည်းနဲ့ ပွဲကိုထိန်းချုပ်ပြီး ခံစစ်ကိုပဲ ပိုမိုအားပြုသွားချိန်မှာ ချေပဂိုးရဖို့တောင် မလွယ်တော့ဘူးဆိုတာ သိမြင်လာခဲ့ပါတယ်…။

ချယ်လ်ဆီးရသွားတဲ့ဂိုးမှာ ပီဒရို နက်တို က ဂိုးရှေ့ကိုပြန်ပြီး ဖြတ်တင်လိုက်တဲ့အချိန် ဘယ်ဘက်အစွန်ဆုံးမှာ ရှိနေတဲ့ အိုလာ အေးနား ဟာ အိပ်ပျော်နေသလို မတ်တပ်ရပ်ပြီး ကျန်နေခဲ့တယ်ဗျ..။ လီဗိုင်း ကတော့ ဘောလုံးကို လုံးဝမျက်ခြေမပြတ်သလို ပြန်လျှံထွက်လာနိုင်မယ့် ဘောလုံးအတွက် အသင့်အနေအထားမှာ ရှိနေခဲ့ပါတယ်..။ တကယ်တမ်းဆိုရင် အိုလာ အေးနား အပြင် ဖောရက်စ် နောက်ခံလူ သုံးယောက်လောက် ရှိနေပေမယ့် အာရုံစူးစိုက်မှု အားနည်းသွားတယ်..၊ ဘယ်နည်းနဲ့ဖြစ်ဖြစ် မရမက ဖျက်ထုတ်ရမယ်.. ဆိုပြီး သတိပေးမယ့်သူလည်း မရှိဘူးပေါ့ဗျာ..။ အနည်းဆုံး တစ်ယောက်ယောက်ကတော့ သူနဲ့အတူ လိုက်သွားသင့်ပါတယ်..။



ဒီဂိုးသွင်းသွားတာ လွယ်ကူတယ်လို့ ထင်ရပေမယ့် လီဗိုင်း ဟာ ဗဟိုနောက်ခံလူ ဖြစ်နေတယ်.. ဆိုတဲ့အချက်ရယ်..၊ ဂိုးရနိုင်မယ့် အနေအထားကို မျက်ခြေမပြတ်ဘူး..၊ နောက်ပြီးသူဟာဘယ်ခြေအားသန်တဲ့ ကစားသမား ဖြစ်ပေမယ့် ညာခြေနဲ့အကောင်းဆုံး အဆုံးသတ်သွားနိုင်ခဲ့ပါတယ်..။ ဒီသွင်းဂိုးဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့်ဂိုး… မဖြစ်မနေ ကန်သွင်းရမယ်.. ဆိုတဲ့စိတ်နဲ့ အကောင်းဆုံး အဆုံးသတ်သွားနိုင်ခဲ့တဲ့အပေါ် ချီးကျူးရမှာပါပဲ..။

ရွိုင် ကိန်း - တကယ်တော့ ဖောရက်စ်အသင်းဟာ အများကြီးတိုးတက်လာတာပါ..။ အရင်နှစ်တွေကဆိုရင် သူတို့ဟာ တန်းမဆင်းဖို့ပဲ ရုန်းကန်နေရတာပါ..။ အဲဒီလိုအနေအထားကနေ ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့ပြီး နောက်ထပ်တစ်ဆင့်မြင့်..ဥရောပအဆင့်ကို တန်းမှီပါ့မလား..? ဆွေးနွေးရမယ့် အခြေအနေ ဖြစ်သွားပါတယ်..။ ဒါ့ကြောင့်သူတို့အတွက် အပြောင်းအလဲဟာ ကြီးမားလွန်းနေပြီး အားလုံးက တစုတစည်းနဲ့ ကြံ့ကြံခံရပါဦးမယ်..။ ဘာဖြစ်လို့လည်းဆိုတော့ မန်နေဂျာ နူနို ဆန်းတို့စ် ရဲ့ အခုနောက်ပိုင်း အင်တာဗျူးတွေမှာ တစစီပြိုကွဲသွားတော့မလား..? ယူဆရတော့မလို ဖြစ်နေသလို သူတို့အသင်းပိုင်ရှင် မာရီနားကစ်စ် ကလည်း ကလေးဆန်လွန်းတယ်ဗျာ..။

ဥပမာပြောရမယ်ဆိုရင် ဂယ်ရီ နဗီးလ် ကို ဒီနေ့ပွဲမလာဖို့ တားမြစ်ခဲ့တာဟာ အမြင်ကျဉ်းလွန်းတာကို ပြသနေတာပါ..။ နောက်ပြီးအာဏာပြလွန်းတယ်..၊ အသင်းကိုပါ ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာပါတယ်..။ သူတို့အသင်း ဒီလောက်အထိ စွမ်းဆောင်နိုင်ခဲ့တာကို အစွမ်းကုန်ပံ့ပိုးပေးမယ်…၊ တခဲနက်အားပေးမယ်.. ဆိုတာ မရှိဘူး..။ သူ့အသင်းကန်တာနဲ့ နိုင်ကိုနိုင်ရမယ်.. ဆိုပြီး မျှော်လင့်ချက်တွေ ကြီးမားကုန်တော့တာပါပဲ..။ တစ်ချို့ကစားသမားတွေဟာ အဲဒီလိုကြီးမားတဲ့ ဖိအားတွေကို ခံနိုင်ရည်မရှိပါဘူး..။



ဒေးဗစ် ဂျုံးစ် - ဟုတ်ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် တိုက်စစ်မှူး ခရစ်စ် ဝုဒ် ဟာ အပိုင်အခွင့်အရေးနှစ်ကြိမ် ရရှိခဲ့ပါတယ်..။ အဆုံးသတ်ဂိုးသွင်းတဲ့အချိန် တကယ့်အသေးစိတ်လေးတွေ (details) မှာ မှန်ကန်ခဲ့ရင် သူတို့တောင် အနိုင်ရသွားနိုင်ပါတယ်..။ ခရစ်စ် ဝုဒ် ဟာ အခုဘောလုံးရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၂၀) ရရှိထားပြီး အခုလိုပုံစံသွင်းဂိုးတွေ အများကြီးပါဝင်ပါတယ်..။ ဒါ့ကြောင့်သူသွင်းယူနေကျပုံစံ သွင်းဂိုးတွေလို့တောင် ပြောလို့ရတာပေါ့..

ဂျေမီ ရက်ဒ်နပ် - မှန်ပါတယ်..။ ကံမကောင်းခဲ့ဘူးလို့ ပြောရမှာပါ..။ ပထမပိုင်း (၄၃) မိနစ်မှာ ညာတောင်ပံက အိုလာ အေးနား ရဲ့ ဖြတ်တင်ဘောကို အနီးကပ်ပိတ်သွင်းရာမှာ အသာလေး ကန်သွင်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကံဆိုးပြီး ညှို့သကျဉ်းနဲ့ ထိသွားတာကြောင့် ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပါတယ်..။ တကယ်တမ်းဆိုရင် အခုဘောလုံးရာသီဟာ သူ့ရဲ့ကစားသမား ဘဝတစ်လျှောက် အအောင်မြင်ဆုံး ဘောလုံးရာသီ ဖြစ်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ အဝေဖန်ခံရဆုံး ကစားသမား ဖြစ်သွားခဲ့တာပေါ့ဗျာ..။

မနှစ်ကဆိုရင် သူဟာအသင်းရဲ့ ပထမဦးစားပေး တိုက်စစ်မှူးတောင် မဟုတ်တော့ပဲ အသင်းမှာ ကစားခွင့်ရလိုက်၊ မရလိုက် ဖြစ်ခဲ့ပါသေးတယ်..။ ဒါ့ကြောင့်အခုဘောလုံးရာသီ တစ်ခုလုံးမှာ ပြသခဲ့တဲ့ခြေစွမ်း၊ အသင်းအတွက် သူ့ရဲ့စွမ်းဆောင်ပေးခဲ့မှုတွေ အရဆိုရင် ဒီနေ့ပွဲမှာ လွဲချော်ခဲ့မှုတွေကြောင့် ဝေဖန်မှုတွေဟာ မထိုက်တန်ပါဘူး..။ ကစားသမားတွေအတွက် အခုလိုကြီးမားတဲ့ အခိုက်အတန့်တွေမှာ အဆုံးအဖြတ်ပေးနိုင်တဲ့သူ ဖြစ်လာဖို့ဆိုရင် ကံတရားရဲ့ ဖေးမမှုလည်း လိုအပ်သေးတာပေါ့..။ ဒီနေ့က သူ့ရဲ့နေ့မဟုတ်ခဲ့ဘူးလို့ပဲ ပြောရမှာပါ..။



ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ နောက်ဆုံးမှာတော့ ဒီနေ့ပွဲရလဒ်အပြင် ပွဲစဉ် (၃၈) ရဲ့ တခြားပွဲရလဒ်တွေကြောင့် နော့တင်ဟမ် ဖောရက်စ်အသင်းဟာ ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲဝင်ခွင့်နဲ့ အဆုံးသတ်ခဲ့ရပြီး ချယ်လ်ဆီးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားပါတယ်..။ နော့တင်ဟမ် ဖောရက်စ်အသင်းဟာ ရာသီကုန်ပန်းအဝင်ကာလမှာ ခြေချော်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပေမယ့် ဥရောပပြိုင်ပွဲ ဝင်ရောက်ခွင့်ကို နှစ်ပေါင်း (၃၀) အတွင်း ပထမဆုံးအကြိမ် ပြန်လည်ရရှိခဲ့ပါတယ်..။

တစ်ဘက်ကချယ်လ်ဆီးအသင်းဟာလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နေတာ နှစ်နှစ်ရှိသွားပြီ ဖြစ်တာကြောင့် အခုလိုလွတ်လွတ်ကျွတ်ကျွတ် ဝင်ခွင့်ရခဲ့တာဟာ ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ ပြောနိုင်တယ်မလား..? ဂျေမီ ရေ..။ နောက်ပြီးသူတို့အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ သမိုင်းတစ်လျှောက် ပျမ်းမျှအသက်အငယ်ဆုံးအသင်း.. ဆိုတဲ့ စံချိန်မှတ်တမ်းကိုလည်း စိုက်ထူနိုင်ခဲ့တယ် မဟုတ်လားဗျ..

ဂျေမီ ရက်ဒ်နပ် - ဒီနေ့ပွဲမတိုင်ခင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် အသင်းတွေကို ခန့်မှန်းကြတော့ ရွိုင်း က ချယ်လ်ဆီးကို ကြိုက်တယ်..၊ ချယ်လ်ဆီးဟာ တစ်နည်းနည်းနဲ့ ဝင်ခွင့်ရလိမ့်မယ်.. လို့ ခင်ဗျားတစ်ယောက်တည်း ပြောခဲ့ပါတယ်..။ ကျွန်တော်ကတော့ ချယ်လ်ဆီးကို ခင်ဗျားလောက် သေချာပေါက်.. မတွက်ထားခဲ့ပါဘူး..။ သူတို့ဆီမှာ ရှိနေမယ့်ဖိအား၊ ကစားသမားတွေရဲ့ အသက်အရွယ်.၊ အတွေ့အကြုံအရ စိတ်လှုပ်ရှားတွေကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲနိုင်လိမ့်မယ်လို့ တွက်ဆခဲ့ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းက လူငယ်လေးတွေဟာ အဲဒီဖိအားတွေ..၊ စိတ်လှုပ်ရှားမှုတွေကို အကောင်းဆုံး ထိန်းချုပ်၊ ကျော်ဖြတ်နိုင်ခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့ကစားပုံဟာ ခံစစ်ပိုင်းမှာရော တိုက်စစ်ပိုင်းမှာပါ မျှတ၊ ကောင်းမွန်ပါတယ်..။ နောက်တန်းက ကိုဝဲလ်၊ တိုဆင် အဒါယာဘိုင်ယိုရို၊ ဂျိမ်းစ်၊ ကူကူရယ်လာ.. တို့ လေးယောက်စလုံး ဖျက်ထုတ်မှုတွေ၊ စုစည်းမှု၊ မာကျောမှု.. အားလုံး ကောင်းမွန်ခဲ့ပါတယ်..။ သူတို့အသင်းရဲ့ ကစားပုံဟာ အကောင်းဆုံး မဟုတ်ခဲ့ပါဘူး..။ ဒါပေမယ့် ဘောလုံးကျွမ်းကျင်သူတွေ အပါအဝင် အားလုံးနီးပါးက သူတို့ကိုချန်ပီယံလိဂ်နဲ့ လွဲချော်မယ်လို့ ခန့်မှန်းခဲ့ချိန်မှာ လိုချင်တဲ့ရလဒ်ကို စုစုစည်းစည်းနဲ့ ကျားကုတ်ကျားခဲ အရယူနိုင်သွားခဲ့ပါတယ်..။



ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်ဟာ သူတို့အသင်းရဲ့ လာမယ့်ဘောလုံးရာသီ ကစားသမားသစ် ခေါ်ယူမှုတွေကို ပြောင်းလဲသွားစေပါလိမ့်မယ်..။ သူတို့ဟာ အရည်အသွေးမြင့် ကစားသမားသစ်တွေနဲ့ ထပ်မံအားဖြည့်ပြီး ဥရောပထိပ်တန်း အသင်းကြီးတွေကို ရင်ဆိုင်နိုင်မယ့် အဆင့်အတန်းရောက်ရှိအောင် မြှင့်တင်ရပါမယ်..။ အခုလက်ရှိအချိန်ဟာ အသင်းက ကစားသမားတိုင်းအတွက် မျှော်လင့်ချက်ကောင်းတွေ ဝေဆာနေပြီး မင်္ဂလာအပေါင်းနဲ့ ခညောင်းနေတဲ့ အချိန်အခါသမယပါပဲ..။ သူတို့ရဲ့အနာဂတ်အတွက် တကယ့်ကို ကြီးမားတဲ့ အနိုင်ပွဲတစ်ပွဲ ဖြစ်သလို လာမယ့်ဗုဒ္ဓဟူးနေ့ကျရင် အနာဂတ်ရဲ့ ယုံကြည်မှုတွေ ပိုပြီးမြင့်မားလာစေမယ့် နောက်ထပ်ပွဲကြီးတစ်ပွဲ ထပ်မံရင်ဆိုင်ရပါဦးမယ်..။

ဒေးဗစ် ဂျုံးစ် - ဟုတ်တာပေါ့..။ ချယ်လ်ဆီးအသင်းဟာ ဥရောပဆုဖလားတစ်လုံးနဲ့အတူ ဘောလုံးရာသီကို အဆုံးသတ်နိုင်ခွင့် ရှိနေပါသေးတယ်..။ နည်းပြအင်ဇို မာရက်စ်ကာ ကလည်း သူတို့ဟာ အခုဘောလုံးရာသီမှာ တိုးတက်မှုတွေ ရရှိနေပါတယ်.. ဆိုတဲ့အကြောင်း တစိုက်မတ်မတ် ပြောကြားခဲ့ပါတယ်..။ ဒါ့အပြင်အသင်းဟာ အခုထက်ပိုပြီး တိုးတက်မှုတွေ ရရှိလိမ့်ဦးမယ် လို့ ယုံကြည်မှုအပြည့် ရှိနေပါတယ်..။ ဒါပေမယ့် သူပြောနေတဲ့ တိုးတက်မှုတွေကို ပြသနိုင်ဖို့ ဒီနေ့ပွဲရလဒ်မျိုးနဲ့ သက်သေပြနိုင်ဖို့ လိုအပ်တာ အမှန်ပါပဲ..။



ရွိုင် ကိန်း - အမှန်တော့ သူတို့အသင်းဟာ လူငယ်ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ဘောလုံးတစ်ရာသီလုံးမှာ ခြေစွမ်းမတည်ငြိမ်ခဲ့ပါဘူး..။ ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ..။ ဒီနေ့ပွဲမှာ သူတို့ရဲ့ကစားပုံ အရမ်းကြီးမကောင်းခဲ့ပါဘူး..။ အရင်တုန်းက ချယ်လ်ဆီး အသင်းတွေ.. ဆိုတာလည်း မာကျောတယ်..၊ ကျစ်လျစ်တယ်..၊ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓါတ်နဲ့ အခုလိုပဲ ကျားကုတ်ကျားခဲ တိုက်ပွဲဝင်ခဲ့တဲ့ အသင်းတွေ ဖြစ်ပါတယ်..။ ဒီနေ့ယှဉ်ပြိုင်သွားတဲ့ အသင်းဟာ အရင်ကအစဉ်အလာ ချယ်လ်ဆီးအသင်းဟောင်းကို ပြန်ပြီးမြင်လိုက်ရသလိုပါပဲ..။

သူတို့ဦးဆောင်ဂိုး ရသွားပြီးတဲ့နောက်ပိုင်း ဖောရက်စ်အသင်းဘက်က ချေပဂိုးသွင်းနိုင်မယ်ဆိုတဲ့ ခံစားချက် မရခဲ့ပါဘူး..။ ဒါ့ကြောင့်သူတို့ရဲ့ အသက်အရွယ်..၊ အတွေ့အကြုံ နုနယ်မှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စိတ်ဓါတ်ပိုင်း ကောင်းမွန်တယ်.. (good mentality) လို့ သတ်မှတ်နိုင်ပါတယ်..။ နောက်ထပ်အားဖြည့်မှုတွေ ဆက်လက်ပြုလုပ်ဦးမှာဆိုတော့ နောက်လာမယ့် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာတင် ထိပ်တန်းအသင်းကောင်း တစ်သင်းအနေနဲ့ ပေါ်ထွက်လာဖို့ ယုံကြည်မှုတွေ တဖွားဖွား တိုးပွားနေကြမှာပါ…။

ဒါပေမယ့် သူတို့အသင်းမှာ အတွေ့အကြုံရင့်ကျက်ပြီး သမ္ဘာရင့် ကစားသမား တစ်ယောက်၊ နှစ်ယောက်လောက် ထပ်မံအားဖြည့်ဖို့ လိုအပ်နေတုန်းပဲလို့ ကျွန်တော်ယူဆနေဆဲ ဖြစ်ပါတယ်..။ အခုလက်ရှိအသင်းဟာ အတွေ့အကြုံ နုနယ်သေးတယ်.. ဆိုတာတောင်မှ ဒီနေ့ပွဲမှာဆိုရင် မာကျောမှု၊ ကျစ်လျစ်မှု၊ အနိုင်မခံ အရှုံးမပေး.. ကျားကုတ်ကျားခဲ တိုက်ပွဲဝင်စိတ်တွေကို ပြသသွားနိုင်ခဲ့ပါတယ်..။ ဒါဟာကျေနပ်စရာပါ..။