feature-image

ဗုဒ္စဟူးနေ့ ဘောလုံးစကားဝိုင်း (ရီးရဲလ် ဘက်တစ် vs ချယ်လ်ဆီး)

ပိုလန်နိုင်ငံ၊ ဝရာကလောမြို့တွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက စပိန်လာလီဂါ ပြိုင်ပွဝင် ရီးရဲလ် ဘက်တစ်အသင်းအား ၄ဂိုး - ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ သွင်းဂိုးများ၊ နည်းစနစ်ပိုင်းအပြောင်းအလဲများနှင့် ကစားသမားများအပေါ် သုံးသပ်ချက်များကို ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျိုး ကိုးလ်၊ ချယ်လ်ဆီးအသင်း ကွင်းလယ် ကစားသမားဟောင်း စတိဗ် ဆစ်ဒ်ဝဲလ် နှင့် ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူး မီခေး အန်တိုနီယို တို့က TNT Sports သတင်းဌာနမှ တင်ဆက်သည့် ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်သွားခဲ့သည်..။

အမ်မာ ဒေါ့စ် - ကျွန်မတို့ရောက်ရှိနေတဲ့ ပိုလန်နိုင်ငံ၊ ဝရာကလောမြို့က Tarczynski Arena ကစားကွင်းကြီးထဲမှာ ချယ်လ်ဆီးအသင်းဟာ ရီးရဲလ် ဘက်တစ်အသင်းကို အနိုင်ရရှိပြီး ဥရောပဘောလုံးအဖွဲ့ချုပ်က ကြီးမှူး၊ ကျင်းပတဲ့ ဆုဖလားအားလုံးကို အနိုင်ယူ၊ ဗိုလ်စွဲဖူးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် စံချိန်မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါပြီရှင့်..။ ဒါ့ကြောင့်ကျွန်မတို့နဲ့အတူ အစီအစဉ် တင်ဆက်ဖို့ရှိတဲ့ ဂျိုး ကိုးလ် ဆိုရင် ချယ်လ်ဆီးကစားသမားတွေနဲ့အတူ အောင်ပွဲခံနေဆဲပဲ ဖြစ်တာကြောင့် ကျွန်မတို့ဆီကို ပြန်မလာနိုင်ပဲ ရှိနေဆဲပါ....။ 

ကဲ.. ပြောနေရင်း သူပြန်ရောက်လာပြီ ဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့ စကားဝိုင်းကို စတင်ကြရအောင်ရှင့်..။ ဒီနေ့ပွဲမှာ ပွဲရဲ့ချိန်ခွင်လျှာကို အပြောင်းအလဲ ဖြစ်သွားစေခဲ့တာက ဒုတိယပိုင်းအစမှာ မာလို ဂတ်စ်တို ရဲ့ နေရာကို အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် နဲ့  အစားထိုးခဲ့တဲ့ လူစားလဲမှုဖြစ်ခဲ့ပါတယ်..။ အဲဒီနောက်ပိုင်း ချယ်လ်ဆီးအသင်းဟာ ပွဲကိုစိုးမိုးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အင်ဇို ဖာနန်ဒက်စ် ခေါင်းတိုက်သွင်းယူ ပေးခဲ့တဲ့ ပထမချေပဂိုး မြင်တွေ့ရရှိဖို့ ပွဲချိန် (၆၅) မိနစ်ထိ စောင့်ခဲ့ရပါသေးတယ်..။ အဲဒီဂိုးကို ဖန်တီးပေးလိုက်တဲ့သူက ဒီနေ့ပွဲစဉ်ရဲ့  အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူး၊ ရရှိခဲ့တဲ့ ကိုးလ် ပါးမား ပဲ ဖြစ်ပါတယ်..။



ဂျိုး ကိုးလ် - ကိုးလ် ပါးမား ဟာ တကယ့်ကို သူမတူအောင် ထူးချွန်တဲ့ ပါရမီရှင် ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။ သူဟာကြောင်လေးတစ်ကောင်းကို လည်ဂုတ်ကနေ အသာလေးဆွဲပြီး ‘မ’ လိုက်တဲ့အလား (scruff of the neck) ပွဲတစ်ပွဲကို အလွယ်တကူ ကြိုးဆွဲ၊ ထိန်းကျောင်းနိုင်စွမ်းရှိသူ ဖြစ်ပါတယ်..။ ကျွန်တော်တို့အသင်းရဲ့ အပြောင်းအလဲက ခင်ဗျားပြောခဲ့သလို ရိစ် ဂျိမ်းစ် လူစားဝင်တဲ့အချိန်က စခဲ့တာပါ..။ အဲဒီအချိန်ကစပြီး ကစားသမားတွေဟာ ယုံကြည်မှုပိုပြီး ရှိလာခဲ့တယ်..၊ ပွဲရဲ့အရှိန်ကို ကိုယ်လိုချင်တဲ့ပုံစံရအောင် တည်ဆောက်နိုင်ခဲ့ပါတယ်..။ ရိစ် ဂျိမ်းစ် ဟာ ကွင်းလယ်ကို ပိုပြီးအားဖြည့်နိုင်ခဲ့တာကြောင့် ကွင်းလယ်ကို ပိုပြီးစိုးမိုးနိုင်ခဲ့ပါတယ်..။ 

ပွဲချိန် (၆၅) မိနစ်မှာ ရရှိသွားတဲ့ ချယ်လ်ဆီးအသင်းရဲ့ ချေပဂိုးမှာတော့ ကိုးလ် ပါးမား ဟာ ကွင်းလယ်က ဘောလုံးနဲ့အတူ ဆွဲတက်လာခဲ့ပါတယ်..။ သူ့ကိုတားဆီးဖို ကြိုးစားတဲ့ ဘက်တစ်အသင်း ကစားသမားတွေကို ပန်းခြံထဲမှာ အလှပြကစားနေတဲ့အတိုင်း ယိမ်းကာ၊ နွဲ့ကာနဲ့ ကျော်ဖြတ်လာရင်း ဂိုးဧရိယာထိပ်ကို ရောက်လာခဲ့ပါတယ်..။ ညာဘက်ကို ဆွဲပြေးမယ့်အယောင်ပြ၊ ဘယ်ဘက်ကိုခေါက်ထွက်လိုက်ချိန် ဂိုးဧရိယာထဲကို ဖြတ်တင်ဘော ပေးပို့နိုင်မယ့် နေရာလွတ် ပေါ်လာပါတယ်..။

ကိုးလ် ပါးမား အတွင်းဘက်ကို ပြန်ခေါက်လိုက်တာနဲ့ ကန်တင်ပေးနိုင်ဖို့ နေရာလွတ် ပေါ်ထွက်လာဖို့ နီကိုလပ်စ် ဂျက်ဆင် ရဲ့ အယောင်ပြ ပြေးထွက်သွားမှုဟာ အတော်လေးကို သပ်ရပ်၊ လှပသလို သူတို့နှစ်ယောက်ကြားက နားလည်မှု ကောင်းမွန်မှုကိုပါ မြင်တွေ့ခဲ့ရပါတယ်..။ ပါးမား ဟာ အဲဒီနေရာလွတ်ထဲ အတိအကျ လှလှပပ ကန်တင်ပေးလိုက်ရာမှာ အင်ဇို ဖာနန်ဒက်စ် က လှလှပပ ခေါင်းတိုက်ပြီး ချေပဂိုး အရယူပေးခဲ့တာပါ..။ မီခေး ရေ.. တိုက်စစ်မှုး တစ်ယောက်ရဲ့ အမြင်၊ ရှုထောင့်ကနေ ဖြည့်စွက်.. သုံးသပ်ပေးပါဦးလား..?



မီခေး အန်တိုနီယို - ပါးမား ရဲ့ ကန်တင်ပေးပို့မှုဟာ မယုံနိုင်စရာ ကောင်းလောက်အောင် သေသပ်၊ တိကျခဲ့ပါတယ်..။ ကျွန်တော်ကတော့ အဲဒီလိုဝှေ့ဝှိုက်ပြီး ကျလာတဲ့ ဘောလုံးတွေကို အရမ်းသဘောကျတယ်ဗျ..။ အသာလေး ထိလိုက်တာနဲ့ ဂိုးထောင့်ထဲကို အတိအကျပါပဲ..။ သိပ်ကိုလှပပြီး နည်းစနစ်ပိုင်းအရ အဆင့်အတန်းမြင့်တဲ့ ဂိုးတစ်ဂိုးပါ..။

စတိဗ် ဆစ်ဒ်ဝဲလ် - ကိုယ့်အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေ အန္တရာယ် ပေးနိုင်မယ့် နေရာမှာ ရှိနေချိန်မှာ သူတို့ဆီကို ဘောလုံးတွေရောက်အောင် မဖြစ်မနေ ပေးပို့နိုင်ဖို့ အရေးကြီးတယ်.. ဆိုတဲ့အကြောင်း ပွဲမစခင်မှာ ကျွန်တော်တို့ ပြောခဲ့ကြပါသေးတယ်..။ သူတို့ဆီကို ဘောလုံးရောက်သွားတာနဲ့ ကျန်တဲ့အပိုင်းတွေကို သူတို့တွေက သပ်သပ်ရပ်ရပ် လုပ်ဆောင်သွားကြလေ့ ရှိပါတယ်..။ သူတို့ဟာ တခြားကစားသမားတွေနဲ့ မတူညီတဲ့ အသေးစိတ်လေးတွေကို (details) ထိုးထွင်း၊ သိမြင်နိုင်စွမ်း ရှိပါတယ်..။ နောက်တစ်ဆင့်အနေနဲ့ သူတို့ဆီကနေ အတိအကျ ထွက်လာမယ့် ဘောလုံးတွေကို ဘယ်သူက အဆုံးသတ်ပေးမလဲ..?..။ အဲဒီဘောလုံးတွေကို အဆုံးသတ် ဂိုးသွင်းပေးမယ့်သူလည်း လိုသေးတာပေါ့..။

နီကိုလပ်စ် ဂျက်ဆင် ဟာ ပထမပိုင်းမှာ လှပတဲ့ပြေးထွက်မှုတစ်ချို့ ပြုလုပ်ပေးခဲ့ပေမယ့် အဆုံးသတ်နိုင်မယ့် ဘောလုံးတွေ သူ့ဆီကို ရောက်မလာခဲ့ပါဘူး..။ ဒါ့ကြောင့်လည်း နည်းပြအင်ဇို မာရက်စ်ကာ ဟာ ဒုတိယပိုင်းစတာနဲ့ ရိစ် ဂျိမ်းစ် ကို လူစားလဲခဲ့တာ ဖြစ်ပါတယ်..။ ရိစ် ဂျိမ်းစ် ဝင်ရောက်လာတာနဲ့ ကစားသမားတွေရဲ့ ယုံကြည်မှုပိုပြီး ကောင်းမွန်လာတာ အတော်လေး သိသာတယ်ဗျ..။    ဒီလိုနဲ့ ချေပဂိုး ရလိုက်တာနဲ့ ကျွန်တော်က ဘေးမှာရှိနေတဲ့ ဂျိုး ကို… ‘ဟေး.. ငါတို့အနိုင်ရမှာ သေချာပြီဟ..’ လို့တောင် တိုးတိုးလေးကပ်ပြီး ပြောလိုက်ပါသေးတယ်..။

 
အမ်မာ ဒေါ့စ် - မီခေး ရေ.. ရှင့်ရဲ့အရင်အသင်းဖော်ဟောင်း ဂိုးသမား အေဒရီယန် ဟာ အင်ဇို ရဲ့ ခေါင်းတိုက်ချက်ကို ကာကွယ်နိုင်သင့်တယ်လို့ ရှင်ယူဆမိလား..? ဒါမှမဟုတ် အဲဒီလိုဝေဇန်တာ မျှတမှုမရှိဘူးလို့ သတ်မှတ်နိုင်မလား..?
မီခေး အန်တိုနီယို - ဒီထက်ပိုကောင်းအောင်တော့ ကာကွယ်နိုင်ခဲ့သင့်တယ်လို့ မြင်မိတာပဲဗျ..။ အဲဒီဂိုးပေးလိုက်ရတာနဲ့ ပတ်သက်ပြီး အေဒရီယန် အပေါ် ဝေဖန်မှုတွေ မပြုလုပ်ချင်ပါဘူး..။ ဒါပေမယ့် သူ့ရဲ့တုံ့ပြန်မှု အခုထက်ပိုပြီး မြန်ဆန်သင့်တယ်.. လို့ ယူဆမိတာပါပဲ..။ ကျွန်တော်ကိုယ်တိုင် ဂိုးသမားတစ်ယောက် မဟုတ်တာကြောင့် အသေးစိတ် ဝေဖန်မှုတွေ မပြုလုပ်လိုပါဘူး..။ ဒါပေမယ့် အင်ဇို ဖာနန်ဒက်စ် ရဲ့ ခေါင်းတိုက်ချက်ဟာ သူ့ရဲ့လက်ဖျားအောက်ထဲကနေ ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်..။ တကယ်တော့ အခုထက်ပိုပြီး ကောင်းမွန်အောင် ကာကွယ်နိုင်ခဲ့သင့်ပါတယ်..။ 

အင်မာ ဒေါ့စ် - ဟုတ်ကဲ့ပါရှင့်..။ ချေပဂိုးရရှိပြီး မိနစ်ပိုင်းအတွင်းမှာပဲ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့တဲ့ နီကိုလပ်စ် ဂျက်ဆင် က ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်...။ အဲဒီဂိုးကို ကိုးလ် ပါးမား ကပဲ ဖန်တီးပေးခဲ့ပါတယ်ရှင့်..။
ဂျိုး ကိုးလ် - မှန်ပါတယ်..။ ပွဲချိန်မိနစ် (၇၀) မှာ ရရှိသွားခဲ့တဲ့ အဲဒီဂိုးမှာ ကိုးလ် ပါးမား ရဲ့ ဖန်တီးပေးပို့မှုဟာ တကယ့်ကို မယုံနိုင်လောက်အောင် ကောင်းမွန်ခဲ့ပါတယ်..။ မာဒူအီကေး က သူရဲ့ပေးလမ်းထဲကို ချပေးလိုက်တဲ့ ဘောလုံးကို အရယူပြီး ဘက်တစ်အသင်းရဲ့ ဘယ်နောက်ခံလူ ရီကာဒို ရိုဒရီဂွတ်ဇ် နဲ့ တစ်ဦးချင်း ရင်ဆိုင်လိုက်ပါတယ်..။ နောက်တော့ ခြေယောင်ပြပြီး ဘယ်ဘက်ကို ပြေးထွက်တယ်..၊ တစ်ချက်ကြည့်တယ်..၊ အယောင်ပြ… နောက်တစ်ချက်ကြည့်ပြီး ဆန့်ကျင်ဘက်ကို ချက်ချင်းလှည့်ထွက်သွားခဲ့ရာမှာ ရိုဒရီဂွတ်ဇ် ဘာလိုမှ မတားဆီးနိုင်ပဲ ကျန်နေရစ်ခဲ့ပါတယ်..။ ပါရမီရှင် ကစားသမား တစ်ယောက်ရဲ့ ကျော်ဖြတ်မှုပါပဲ..။



ကိုးလ် ပါးမား ဟာ ညာတောင်ပံကနေ လွတ်ထွက်သွားတာနဲ့ ဂိုးဧရိယာထဲကို ချိန်သားကိုက် ပြေးဝင်လာတဲ့ နီကိုလပ်စ် ဂျက်ဆင် ဆီ အတိအကျ ခုတ်တင်ပေးနိုင်ခဲ့ပါတယ်..။ ဘောလုံးက ဂျက်ဆင် တည့်တည့်သွားပြီး သူ့ကိုမှန်သွားခဲ့တာဆိုတော့ ဘယ်လိုနည်းမှ လွဲချော်ဖို့ မရှိတော့ပါဘူး..။ တကယ်‌တော့ ကျွန်တော်တို့ဟာ ပါးမား လို ကစားသမား တစ်ယောက် ကွင်းထဲမှာ လွတ်လွတ်လပ်လပ် ကစားနေတာကို ကြည့်ရှခွင့်ရနေတာကိုက မင်္ဂလာတစ်ပါးပါ.။ ကျွန်တော်ဟာ ချယ်လ်ဆီးပရိသတ်မလို့ အဲဒီစကားပြောတာ မဟုတ်ပါဘူး..။ အင်္ဂလန်အသင်း.. ပရီးမီးယားလိဂ်ပြိုင်ပွဲ ပရိသတ်တစ်ယောက်အနေနဲ့ ပြောရတာပါ..။

တကယ်လို့ သူ့ရဲ့ဖန်တီးပေးမှုမျိုးကို လီယွန်နယ် မက်ဆီ သာ ဒီလိုဗိုလ်လုပွဲစဉ်တစ်ခုမှာ ပြုလုပ်ပေးလိုက်တယ်ဆိုရင် ကမ္ဘာတစ်ဝန်းလုံး အုံးအုံးကျက်ကျက် ဖြစ်သွားမှာပါ..။ အခုလက်ရှိ ကျွန်တော်တို့အသင်းမှာ အဲဒီလိုကမ္ဘာကြီးတစ်ခုလုံးကို ရပ်တန့်သွားအောင် ပြုလုပ်နိင်မယ့် အရည်အသွေးရှိတဲ့ ကစားသမားတစ်ယောက် ရရှိထားပါတယ်..။ ချယ်လ်ဆီးရဲ့ အနာဂတ်အသင်းကို သူ့လိုကစားသမားကို ဝန်းရံပြီး တည်ဆောက်ရပါလိမ့်မယ်..။

စတိဗ် ဆစ်ဒ်ဝဲလ် - သူ့ရဲ့ဖန်တီးပေးပို့မှုဟာ ‘ဇွန်းနဲ့ခရင်းနဲ့ အကျအန တည်ခင်းကျွေးမွေးတယ်..(putting on the plate)’ ဆိုတာထက် ပိုပါတယ်..။ အဲဒီလိုဘောလုံးမျိုးကို ဂျက်ဆင် က ဘယ်လိုလုပ်ပြီး လွဲနိုင်ဦးမှာလဲဗျာ..။ သူ့အနေနဲ့ ဂိုးပေါက်ထဲကို လမ်းကြောင်းလွှဲလိုက်ရုံပဲ ရှိမှာပါ..။ အန်တိုနီယို ရေ… ဒါပေမယ့် ဂျက်ဆင် ဟာ ခေါင်းမတိုက်လိုက်ခင်မှာ ဘောလုံးကို သေသေချာချာ မြင်ရောမြင်လိုက်ရဲ့လား..?

မီခေး အန်တိုနီယို - 100 %... သေချာတာပေါ့..။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ကိုယ့်ဆီကို လာနေတဲ့ ဘောလုံးကို ခေါင်းတိုက်ဂိုးသွင်းနိုင်ဖို့ ခန္ဓာကိုယ်အနေအထားတွေ ပြင်ဆင်ရပါတယ်..။ ဒါပေမယ့် အဖြစ်အပျက်က မြန်လွန်းတော့ သူ့မှာဘာမှ ပြင်ဆင်ချိန် ရလိုက်ပုံ မပေါ်လိုက်ဘူး..၊ ဘောလုံးက သူကိုလာမှန်ပြီး ဂိုးထဲကို လမ်းကြောင်းပြောင်းသွားတာလို့ ပြောရမလိုပဲ.. ဟားဟား…
ဒါပေမယ့် ဂျက်ဆင် ရဲ့ ဒုတိယဂိုး ဝင်သွားတဲ့အချိန် ဂျိုး ကိုးလ် က ‘ဝုန်းကနဲ’ ထပြီး အောင်ပွဲခံလိုက်တာ.. ကျွန်တော်တို့ရှေ့ စားပွဲပေါ်က ပန်းကန်တွေ၊ ခွက်တွေ အကုန်လုံး ပလူပျံကုန်တာပဲ… ဟားဟား…


 

ဂျိုး ကိုးလ် - စတာလင်ပေါင် (၃,၀၀၀) ဖိုးလောက် ပျက်စီးသွားတယ်လို့ ကျွန်တော့်ကို လာပြောတယ်..။ TNT Sports ကို ကျွန်တော်ပြန်မလျော်ပေးပါဘူး.. ဟားဟား..
အမ်မာ ဒေါ့စ် - ဟားဟား.. ဟုတ်ပါပြီရှင့်.. ကိုယ့်အသင်းက ဦးဆောင်ဂိုးရသွားတာကို မတုန်မလှုပ်၊ ငုတ်တုတ်ထိုင်ပြီး ကြည့်နေရအောင် ရဟန္တာမှ မဟုတ်တာနော… ဂျိုး ရေ… ဟားဟား..။ အဲဒီဂိုးမှာ ကိုးလ် ပါးမား ရဲ့ သွေးအေးမှု၊ အသင့်ပြေးဝင်လာမယ့် အသင်းဖော်တွေရဲ့ ရွှေ့လျားမှုတွေကို ကြိုတင်မြင်နိုင်စွမ်းတွေဟာ သူမတူ ထူးချွန်လှတဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်..။ ဂျက်ဆင် ရဲ့ပတ်သက်ပြီး နည်းနည်းတော့ ဆွေးနွေးချင်ပါသေးတယ်..။ ဒီပွဲမစခင်မှာ နည်းပြအင်ဇို မာရက်စ်ကာ က ‘မင်းဟာ အသင်းဖော်တွေကို ပြန်ဆပ်ရမယ့် အကြွေးတွေ ရှိနေတယ်..’ လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်..။ ဒါကိုဂျက်ဆင် က သွင်းဂိုးနဲ့အတူ ပြန်လည် တုံ့ပြန်ပေးခဲ့တာပေါ့… 

မီခေး အန်တိုနီယို - သူဟာရာသီအစပိုင်းမှာ ဂိုးတွေအများကြီး သွင်းပေးနိုင်ခဲ့ပါတယ်..။ နောက်တော့ ဒဏ်ရာရပြီး အချိန်အတော်ကြာကြာ အနားယူလိုက်ရတာကြောင့် အရှိန်ပျက်သလို ဖြစ်သွားရပါတယ်..။ အခုတော့ သူ့ရဲ့အရင်ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာပြီလို့ ပြောရမှာပါ..။ အချက်အလက်ပိုင်းအရ သွင်းဂိုး (၁၅) ဂိုး၊ ဂိုးဖန်တီးမှု (၈) ကြိမ် ဆိုတဲ့ စွမ်းဆောင်ရည်ဟာ တိုက်စစ်မှူးတစ်ယောက် အနေနဲ့ မဆိုးလှပါဘူး..။ ဒါ့အပြင် အခုလိုဗိုလ်လုပွဲအဆင့်.. ပွဲကြီးတွေမှာပါ ဂိုးရယူနိုင်စွမ်းရှိတယ်..၊ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်းရှိတယ်.. ဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ..။ သူဟာအနာဂတ်မှာ ဆက်လက်ပြီး အများကြီးတိုးတက် လာဦးမှာပါ..။ 

ဂျိုး ကိုးလ် - အသက် (၂၃) နှစ်အရွယ်ဆိုတာ တိုက်စစ်မှူး တစ်ယောက်အနေနဲ့ ကလေးတစ်ယောက်လို့ ပြောရမှာပဲ..။ အထောင်တိုက်စစ်မှူး.. ၊ ဗဟိုခံစစ်မှူး…စတဲ့ နေရာတွေဟာ အသက်အရွယ် ရလာတာနဲ့အမျှ အတွေ့အကြုံတွေ ရရှိလာပြီး ပိုမိုရင့်ကျက်လာတယ်..၊ ပိုပြီးကောင်းမွန်တဲ့ ကစားသမားတွေ ဖြစ်လာပါတယ်..။ တချို့အရည်အသွေးဆိုတာ အသက်အရွယ်..၊ အတွေ့အကြုံတွေရလာမှ အသုံးချနိုင်စွမ်း ရှိလာတာပါ..။ ဒါ့ကြောင့်ဂျက်ဆင် ဟာ ဆက်လက်ပြီး တိုးတက်စရာတွေ ရှိပါသေးတယ်..။ အမှန်တကယ်လည်း တိုးတက်လာဦးမယ့် ကစားသမား တစ်ယောက်ပါ..။ သူနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တဲ့ တစ်ချက်က သူပါဝင်တဲ့ပွဲတိုင်း သူ့ရဲ့အကောင်းဆုံး ခြေစွမ်းမရခဲ့ဘူး… ဆိုရင်တောင်မှ နီကိုလပ်စ် ဂျက်ဆင် ပါဝင်တဲ့ ချယ်လ်ဆီးအသင်းဟာ ပိုပြီးကောင်းမွန်ပါတယ်..။

 
မှန်ပါတယ်..။ သူဟာဂိုးကန်သွင်းချက်တွေ လွဲချော်တာ များလွန်းတယ်..။ တိုက်စစ်မှူးတိုင်း ဂိုးပေါက်တွေ လွဲချော်လေ့ ရှိကြတာပါပဲ..။ ဒါပေမယ့် ထူးချွန်တဲ့ တိုက်စစ်မှူး ဆိုတာ အဆုံးအဖြတ် အခိုက်အတန့်တွေ ဖန်တီးပေးနိုင်ရမယ်..၊ အသင်းက အနိုင်ရဖို့ လိုအပ်နေချိန်မှာ သွင်းဂိုးတွေ ရယူပေးနိင်ရပါမယ်..။ ဒါပေမယ့် မန်နေဂျာက သူ့အပေါ် ယုံကြည်မှုရှိနေတာဟာ ကောင်းတဲ့အချက် ဖြစ်ပါတယ်..။ ဒီဒီယာ ဒရော့ဘာ.. ဒီယေဂို ကော်စတာ.. အဲဒီလို တိုက်စစ်မှူးတွေနဲ့ သွားပြီးမနှိုင်းယှဉ်ကြပါနဲ့..။ သူ့ရဲ့အရည်အချင်း… ‘ဒါဟာအစွမ်းကုန်ပဲလား..?’ လို့ ပြောရမယ့်ကာလ ရောက်ဖို့တောင် အဝေးကြီးလိုပါသေးတယ်…။ သူ့ကိုဆက်လက် တိုးတက်ခွင့်ရဖို့ အချိန်ပေးကြပါဦးဗျာ..။ နောက်ပြီး သူ့ကိုဆက်လက် တိုးတက်လာအောင် ဖိအားတွေပေး၊ အပြိုင်ကြိုးစားပေးနိုင်မယ့် တခြားတိုက်စစ်မှူးတွေလည်း အသင်းကို ရောက်လာဦးမှာပါ..။

အမ်မာ ဒေါ့စ် - မန်ချက်စတာ ယူနိုက်တက်အသင်းကနေ အဌားရောက်ရှိနေတဲ့ တောင်ပံ ကစားသမား အန်တော်နီ ဟာ ဘက်တစ်အသင်းရဲ့ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမား ဖြစ်လာနိုင်တယ်လို့ ပွဲမစခင်မှာ ကျွန်မတို့ ဆွေးနွေးခဲ့ကြသေးတယ်..။ ချယ်လ်ဆီးအသင်းရဲ့ အနိုင်ရလဒ်ကို သေချာစေမယ့် တတိယဂိုးကို သွင်းယူပေးခဲ့သူကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းကနေ အဌားရောက်ရှိနေတဲ့ ကစားသမားပဲ ဖြစ်နေခဲ့ပါတယ်…။ အဲဒီသွင်းဂိုးမှာ ကျွန်မတို့ဟာ ပျောက်ဆုံးနေတဲ့ ဂျေဒန် ဆန်ချို ကို ပြန်လည်မြင်တွေ့ခဲ့ရတယ်.. လို့ ပြောနိုင်တယ်မလားရှင့်..

မီခေး အန်တိုနီယို - မှန်တာပေါ့…။ အဲဒီသွင်းဂိုးမှာ ဒူးစ်ဘာရီ-ဟောလ် ရဲ့ ပေးပို့မှုကို တစ်ချက်ထိန်း၊ ခန္ဓာကိုယ် အနေအထား ပြင်ဆင်ပြီး ညာခြေနဲ့ မနားတမ်း ကန်သွင်းယူခဲ့တာဟာ ဒေါ့မွန်အသင်းမှာတုန်းက ဂျေဒန် ဆန်ချို ကို ပြန်ပြီးမြင်လိုက်ရသလိုပါပဲ..။ သူ့ရဲ့အထိန်းအသိမ်း၊ အလိမ်အလှည့်နဲ့ ကန်သွင်းချက်ဟာ မြန်ဆန်လွန်းခဲ့တာကြောင့် နောက်ခံလူတွေရော၊ ဂိုးသမား အေဒရီယန် ပါ ဘယ်လိုမှ မတုံ့ပြန်နိုင်ခဲ့ပါဘူး..။ သိပ်ကိုသေသပ်၊ လှပခဲ့တဲ့ သွင်းဂိုးတစ်ဂိုးပါပဲ..။



စတိဗ် ဆစ်ဒ်ဝဲလ် - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ လူစားလဲမှုတွေ အားလုံးမှန်ကန်ခဲ့ပြီး လူစားဝင်လာတဲ့ ကစားသမားတိုင်းဟာ အသင်းအတွက် ထိရောက်တဲ့အကျိုး ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ ပထမပိုင်းတုန်းကတော့ သူတို့ကစားတာကြည့်ပြီး အားမလို၊ အားမရ.. ကိုယ်တိုင်ဝင်ကန်ချင်စိတ်တောင် ဖြစ်လာခဲ့တယ်.. ဟုတ်တယ်မလား..? ဂျိုး ရေ..။ ဒါပေမယ့် ဂျေဒန် ဆန်ချို ဟာ ကွင်းထဲရောက်လာချိန်ကစပြီး ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမား တစ်ယောက်ရှိသင့်တဲ့ အရည်အသွေးတွေ ပြသနိုင်ခဲ့ပါတယ်..။ အဲဒီဂိုးဝင်သွားတာနဲ့ အရန်ခုံတန်း တစ်ခုလုံး ပြေးဝင်ပြီး အောင်ပွဲခံကြတော့တာပါပဲ..။ ချယ်လ်ဆီးအသင်းရဲ့ ပွဲရဲ့ချိန်ခွင်လျှာကို အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ကာလ အပိုင်းအခြားဟာ မိနစ် (၂၀) လောက်ပဲ ရှိခဲ့ပါတယ်..။

အမ်မာ ဒေါ့စ် - ပွဲအပြီးနည်းပြ အင်ဇို မာရက်စ်ကာ နဲ့ တွေ့ဆုံချိန်မှာ ဂျေဒန် ဆန်ချို ရဲ့ အနာဂတ်အပေါ် ကျွန်မတို့အမျိုးမျိုး လှည့်ပတ်၊ မေးခဲ့ကြပေမယ့် သူကတော့ ဘာမှအရိပ်အမြွက်တောင် မပြခဲ့ပဲ ရေငုံ၊ နှုတ်ပိတ် နေခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းမှာ အဌားလာရောက်ခဲ့တဲ့ ကာလအတွင်း သူ့ရဲ့စွမ်းဆောင်ရည်အပေါ် ရှင်တို့ရဲ့အမြင်၊ သုံးသပ်ချက်တွေကို သိချင်မိပါတယ်..။ အသင်းမှာဆက်ပြီး ရှိနေနိုင်ဖို့ လုံလောက်တဲ့ခြေစွမ်း ပြနိုင်ခဲ့တယ်လို့ ယူဆမိပါလား..?

ဂျိုး ကိုးလ် - Yes.. လုံလောက်ပါတယ်..။ သူဟာဒေါ့မွန်အသင်းမှာ ကြယ်ပွင့်ကစားသမား တစ်ယောက်အဖြစ် တိုးတက်လာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောက်ရှိလာပါတယ်..။ အခုအချိန်မှာတော့ သူ့ရဲ့အရင်က အနေအထားမျိုး ပြန်လည်ရရှိလာအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါပြီ..။ နောက်ပြီးသူဟာ လူငယ် ကစားသမား တစ်ယောက်အဖြစ်နဲ့ပဲ ရှိနေသေးတာကြောင့် ဆက်လက်ပြီး တိုးတက်ဦးမှာပါ..။ 

စတိဗ် ဆစ်ဒ်ဝဲလ် - သူဟာအရမ်းကို တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။ အထူးသဖြင့် ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံး ခြေစွမ်းရရှိနေတဲ့ အချိန်တွေမှာဆိုရင် ပြိုင်ဘက်ကစားသမားတွေကို ကျော်ဖြတ်ပြနိုင်တဲ့အပြင် သွင်းဂိုးတွေအများကြီး သွင်းယူပေးနိုင်ခဲ့ မှတ်တမ်းကောင်းတွေ ရှိပါတယ်,,,။ ပရိသတ်တွေ ပိုက်ဆံပေးပြီး ကြည့်ချင်လာအောင် ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ကစားသမားမျိုး ဖြစ်ပါတယ်..။ ပင်ကိုယ်ပါရမီ အရည်အသွေး ကောင်းတဲ့သူလည်း ဖြစ်တာကြောင့် အခုထက်ပိုပြီး တိုးတက်တဲ့ခြေစွမ်းတွေနဲ့အတူ ဖျော်ဖြေမှုတွေ ထပ်မံပေးစွမ်းဦးမှာပါ..။



မီခေး အန်တိုနီယို - ချယ်လ်ဆီးအသင်းဟာ သူ့ကိုအပြီးသတ်ခေါ်ယူသင့်ပါတယ်..။ သူဟာအသင်းမှာ အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်ခဲ့သလို လာမယ့်ရာသီမှာ ချယ်လ်ဆီးအသင်းဟာ တောင်ပံကစားသမားတွေ ထပ်မံခေါ်ယူဖို့ မရှိတော့ဘူးလို့ မြင်မိတာပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ တောင်ပံ ကစားသမား အရေအတွက် လုံလောက်မှု ရှိနေပါပြီ..။ နီကိုလပ်စ် ဂျက်ဆင် ကို ဖိအားပေးနိုင်မယ့် နောက်ထပ် ‘No.9’ တစ်ယောက်လောက်တော့ အားဖြည့်ပါဦးမယ်..။ ဒါ့ကြောင့်သူ့ကိုအပြီးသတ် ခေါ်ယူလိုက်တာဟာ ထိပ်တန်း ကစားသမား ကောင်းတစ်ယောက် ထပ်မံအားဖြည့်လိုက်သလို ဖြစ်ပါမယ်..။ ဒါ့အပြင် လာမယ့်ရာသီတွေအှာ အခုထက်ပိုပြီး တိုးတက်၊ ကောင်းမွန်တဲ့ ခြေစွမ်းတွေနဲ့ ဂျေဒန် ဆန်ချို ကို ကျွန်တော်တို့ မြင်တွေ့ကြရမှာပါ..။  

အမ်မာ ဒေါ့စ် - ဟုတ်ကဲ့ပါ..။ ဂျေဒန် ဆန်ချို ရဲ့ သွင်းဂိုးဟာ သူ့ရဲ့တစ်ဦးချင်းစွမ်းရည် ကောင်းမွန်မှုကို ပြသခဲ့တဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်ခဲ့သလို ချယ်လ်ဆီးအသင်းရဲ့ အနိုင်ရလဒ်ကို ‘အချိုပေါ် သကာဆင့် (cherry on top of the cake)’ စေတဲ့ စတုတ္ထဂိုးကို သွင်းယူပေးခဲ့တဲ့သူကတော့ မွိုက်စ် ကိုင်ဆီဒို ဖြစ်ပါတယ်..။ ဂျိုး ရေ.. ရှင်ကတော့ သူ့ကိုပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်အဖျက် ကစားသမားဆိုပြီး ပွဲမစခင်ကပဲ ချီးမွမ်းခဲ့သေးတယ်နော်…

ဂျိုး ကိုးလ် - မှန်ပါတယ်..။ ပင်နယ်တီဧရိယာ နှစ်ခုကြားကနေ ကွင်းလယ်မှာ အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။ သူ့ရဲ့အသက်အရွယ်နဲ့ဆိုရင် အခုထက်ပို တိုးတက်လာပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ယောက် ဖြစ်လာနိုင်မယ့် အလားအလာတွေ ရှိပါတယ်..။ ကွင်းလယ်မှာ နေရာစုံ ကစားပေးနိုင်တဲ့အပြင် ညာနောက်ခံလူ နေရာမှာလည်း တကယ့်ကို ပျံ.. လန် နေအောင် ကစားပြပါဦးမယ်..။ သူဟာဂိုးသွင်းရမယ့် တာဝန်ယူမထားပေမယ့် ဒီနေ့ပွဲရဲ့ နောက်ဆုံးဂိုးကို လှလှပပ သွင်းယူပေးခဲပါသေးတယ်..။

 
အဲဒီဂိုးရရှိမယ့် ထိုးဖောက်မှုကို သူကိုယ်တိုင်ပဲ စတင်ခဲ့တာပါ..။ ဘက်တစ်အသင်း ကစားသမားတွေ ကြားထဲကနေ ဘောလုံးအရယူ ဆွဲပြေးထွက်လာခဲ့ပါတယ်..။ ကိုယ့်အသင်းရဲ့ခံစစ်ကနေ တိုက်စစ်ကို အမြန်ဆုံးပြောင်းလဲနိုင်တဲ့ အရည်အသွေးဟာ သူ့ရဲ့အကောင်းဆုံး အရည်အသွေးတစ်ခု ဖြစ်သလို တိုက်စစ်လမ်းကြောင်း ရွေးချယ်ရာမှာ မှန်ကန်လေ့ရှိတယ်..၊ ဘောလုံးပေးရမယ့်သူကို အမြဲတမ်း မှန်မှန်ကန်ကန် ရွေးနိုင်ပါတယ်..။ အခုထိုးဖောက်မှုမှာလည်း ကွင်းလယ်တစ်လျောက် ဆွဲပြေးလာရင်း ဘယ်တောင်ပံမှာ နေရာယူထားတဲ့ အင်ဇို ဖာနန်ဒက်စ် ဆီ ဘောလုံးပေးလိုက်ပါတယ်.။

ဒါပေမယ့် သူဟာပေးပြီးတော့ ရပ်မနေခဲ့ပဲ ထပ်ချပ်မကွာ လိုက်လာခဲ့ပါတယ်..။ ဂိုးဧရိယာထိပ်ကို ရောက်လာတဲ့အချိန် သူ့ဆီကိုပြန်လည်ပေးပို့လာတဲ့ ဘောလုံးကို ကန်ချက်မှန်မှန်နဲ့ ဂိုးသမား ဘယ်လိုမှ မကာကွယ်နိုင်အောင် လှလှပပ ကန်သွင်းနိုင်ခဲ့ပါတယ်..။  

စတိဗ် ဆစ်ဒ်ဝဲလ် - ကွင်းလယ်အဖျက် ကစားသမားဆိုပေမယ့် နောက်ပိုင်းမှာ သူ့ဆီက သွင်းဂိုးတွေကို ကျန်တော်တို့ မကြာခဏ မြင်တွေ့ကြရဦးမှာပါ..။ ဘရိုက်တန်အသင်းမှာကတည်းက သူ့ရဲ့ကစားပုံကို သေသေချာချာ စောင့်ကြည့်ခဲ့ပါတယ်..။ အဲဒီအချိန်တုန်းကတော့ သူဟာအသင်းဖော်တွေအတွက် အရမ်းကို အနစ်နာခံ ကစားပေးခဲ့တဲ့ အလုပ်သမားလေးပေါ့ဗျာ..။ အခုချယ်လ်ဆီးအသင်းကို ရောက်ရှိပြီး နောက်ထပ်တစ်ဆင့်မြင့်တဲ့ ခြေစွမ်းနဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနေပြီ ဖြစ်ပါတယ်..။  

နောက်ပြီးသူဟာ အသင်းမှာ ပုံမှန်နေရာ ရချင်တယ်ဆိုရင် သူ့လိုခြေစွမ်း ပြသနိုင်မှရမယ်.. ဆိုတဲ့ စံပြ၊ သတ်မှတ်ချက်တစ်ခုနဲ့ အသင်းဖော်တွေကိုပါ မောင်းနှင်ပေးနိုင်စွမ်း ရှိနေပါပြီ…။ လက်ရှိပြသနေတဲ့ ခြေစွမ်းနဲ့ ကမ္ဘာပေါ်က ဘယ်အသင်းမှာမဆို နေရာတစ်နေရာ ရမှာဖြစ်သလို အသင်းတိုင်းကလည်း ဒီလိုကစားသမားမျိုးကို မလိုချင်… မရှိပါဘူး..။ ချယ်လ်ဆီးမှာတော့ အသင်းရဲ့အဓိကကျောရိုး (spine of the team) ကစားသမား ဖြစ်နေတဲ့အပြင် ပွဲလူစာရင်း ရေးဆွဲတာနဲ့ သူ့ရဲ့နာမည်ကို အရင်ဆုံး ရေးမိကြပါလိမ့်မယ်..။

 
မီခေး အန်တိုနီယို - သူ့အတွက်တော့ အခုနှစ်ဘောလုံးရာသီဟာ ခင်ဗျားတို့ပြောခဲ့သလို ‘အချိုပေါ် သကာဆင့်’ တဲ့ ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ အသင်းဖော် ကစားသမားတွေက ချီးမြှင့်တဲ့ Players’ Player of the Season ဆု၊ ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ချီးမြှင်တဲ့ Player of the Season ဆုတွေအပြင် ကွန်ဖရင့်စ်လိဂ် ဗိုလ်လုပွဲမှာ နောက်ဆုံးဂိုး၊ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တယ်.. ဆိုတာ တကယ့်ကို မယုံနိုင်စရာ ကောင်းလှတဲ့ စွမ်းဆောင်ရည်လို့ ပြောရမှာပါပဲ..။

အမ်မာ ဒေါ့စ် - ဟုတ်ကဲ့ပါ..။ လာမယ့်ရာသီ ချယ်လ်ဆီးအသင်းရဲ့ မျှော်လင့်ချက်တွေအပေါ် ဆက်လက် ဆွေးနွေးချင်ပါသေးတယ်..။ နည်းပြအင်ဇို မာရက်စ်ကာ နဲ့ ရှေ့ဆက်မယ့် အနာဂတ်အပေါ် ရှင်တို့ရဲ့အမြင်နဲ့ အရင်စကြတာပေါ့…

ဂျိုး ကိုးလ် - တိုးတက်မှုရှိတယ်.. ဆိုတာ ပြသနိုင်ဖို့ လိုအပ်တာပေါ့..။ အခုဘောလုံးရာသီမှာ အဆင့် (၄) ရခဲ့ပေမယ့် ချန်ပီယံ လီဗာပူးလ်နဲ့ (၁၅) မှတ် ကွာပါတယ်..။ အဲဒီကွာခြားချက်ကို လျော့ချနိုင်ဖို့ လိုအပ်ပါတယ်..။ ချန်ပီယံလိဂ် ကတော့ ချန်ပီယံလိဂ် ပေါ့ဗျာ..။ အဲဒီပြိုင်ပွဲကိုလည်း ရည်မှန်းချက်ထားရမှာ ဖြစ်ပေမယ့် လီဗာပူးလ်နဲ့ (၁၅) မှတ် ခြားနားချက်ကို လျော့ချနိုင်ဖို့က အရေးအကြီးဆုံး ဖြစ်ရပါမယ်..။ ဆုဖလား စိန်ခေါ်နိုင်မယ့် အသင်းဖြစ်ဖို့ဆိုတာ ကျွန်တော်တို့အားလုံးရဲ့ အိပ်မက်ပါ..။ ဒါပေမယ့် တစ်လှမ်းချင်း တိုးတက်အောင် ကြိုးစားရင်း ရှေ့ဆက်တာက အကောင်းဆုံး ဖြစ်ပါမယ်..။



အမ်မာ ဒေါ့စ် - လက်ရှိကျင့်သုံးနေတဲ့အတိုင်း လူငယ်ကစားသမားတွေကို ဦးစားပေး ခေါ်ယူတဲ့ မူဝါဒနဲ့ပဲ ရှေ့ဆက်မယ်လို့ ယူဆသလား..? ဒါမှမဟုတ် အများကဆွေးနွေးနေကြသလို အတွေ့အကြုံရင့် ကစားသမားတွေ အားဖြည့်သွားဖို့ ရှိနိုင်သလား..?

စတိဗ် ဆစ်ဒ်ဝဲလ် - ချယ်လ်ဆီးအသင်းဟာ လက်ရှိကျင့်သုံးနေတဲ့ မူဝါဒနဲ့ပဲ ရှေ့ဆက်မှာပါ..။ သူတို့ဟာ အင်္ဂလန်၊ ဥရောပ တင်မကပဲ ကမ္ဘာအနှံ့က အကောင်းဆုံး လူငယ်ကစားသမားလေးတွေကို ခေါ်ယူ၊ အားဖြည့်နေပါတယ်..။ ဒါ့အပြင်အသင်းရဲ့ ကစားသမားသစ် ခေါ်ယူရေး ကွန်ယက်ကလည်း မှန်ကန်တဲ့ ကစားသမား အားဖြည့်မျုတွေကို ပြုလုပ်ပေးနေပါတယ်..။ တကယ့်ပွဲကြီးတွေမှာ ပွဲအဖြေကို ပြောင်းလဲမယ့် ကစားသမားတွေကို ရေရှည်အတွက် အားဖြည့်ပေးနိုင်မလား..? ဆိုတဲ့အချက်ကို ဦးတည်၊ စဉ်းစားကြပါလိမ့်မယ်..။

အင်မာ ဒေါ့စ် - ချဃ်လ်ဆီးအသင်းနဲ့ ပတ်သက်ရင် အများက စိတ်ဝင်စားနေတဲ့ ‘No. 9.. အထောင်တိုက်စစ်မှူး တစ်ယောက် အားဖြည့်ဖို့ စီစဉ်ထားလား..? ဆိုတဲ့ မေးခွန်း မီးခေး အန်တိုနီယို က အင်ဇို မာရက်စ်ကာ ကို မေးခဲ့ပါတယ်…။ နည်းပြကြီးက ‘နီကိုလပ်စ် ဂျက်ဆင် ကို ဖိအားပေးနိုင်ဖို့ မင်းက သိပ်ကိုအသက်ကြီးလွန်းနေတယ်..’ ဆိုပြီး ရယ်ရယ်မောမောနဲ့ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်..။ ကဲ.. မီခေး ရေ.. ရှင်မဟုတ်တာ သေချာပြီပေါ့… ဟားဟား… ဒါဆိုရင် ဘယ်သူဖြစ်မယ်ထင်လဲ..?



မီခေး အန်တိုနီယို - အလက်ဇန်းဒါး အီဆက် ကို အကြိုက်ဆုံးပေါ့..။ ဒါပေမယ့် သတင်းတွေထွက်နေသလို ‘လီယန် ဒီလပ်’ ပဲ ဖြစ်ပါမယ်..။ 
စတိဗ် ဆစ်ဒ်ဝဲလ် - သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်..။ ဒီလပ် ဟာ ငယ်ရွယ်တယ်..၊ ဂိုးဆာလောင်စိတ် အပြည့်ရှိတယ်..၊ သူ့ရဲ့တိုးတက်မှုကို ဆက်လက် လမ်းညွှန်ပေးနိုင်ဖို့ သူ့ရဲ့အကြောင်း သိရှိပြီးတဲ့ နည်းပြတွေ အသင်းမှာ ရှိနေပါတယ်..။

လီယန် ဒီလပ် ဟာ အလန် ရှီးယားရား အသေးစားလေးနဲ့ တူတယ်ဗျ..။ ပေါက်ကွဲလွယ်တယ်..၊ သန်မာပြီး ကြံ့ခိုင်မှုကောင်းမွန်တယ်..၊ လျှင်မြန်မှုလည်း ကောင်းတဲ့ လူငယ်တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်ပါတယ်..။ ဂိုးသွင်းလည်း ကောင်းတယ်ဗျ..။    

အမ်မာ ဒေါ့စ် - ဟုတ်ကဲ့ပါ..။ အခုဆိုရင် ပိုလန်နိုင်ငံ၊ ဝရာကလောမြို့ရဲ့ ကွန်ဖရင့်စ်လိဂ် အောင်ပွဲနဲ့အတူ ချယ်လ်ဆီးအသင်းရဲ့ ၂၀၂၄/၂၅ ဘောလုံးရာသီ ပြီးဆုံးခဲ့ပါပြီ..။ ဒါပေမယ့် အပြာရောင်တွေကတော့ ကွင်းထဲမှာ မပြီးနိုင်၊ မစီးနိုင် အောင်ပွဲခံနေဆဲ ဖြစ်ပါကြောင်း တင်ဆက်ရင်း အပြာရောင်တွေရဲ့ အောင်ပွဲခံ ပုံရိပ်တွေနဲ့အတူ စီးမျော၊ ခံစားရင်း လာမယ့်ရာသီသစ်မှာ ပြန်လည်ဆုံတွေ့ကြဖို့ နှုတ်ခွန်းဆက်သ လိုက်ပါတယ်..။