ပရီးမီးယားလိဂ်၊ ပွဲစဉ် (၃၆) အဖြစ် ချယ်လ်ဆီးအသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းအား စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ကစားပုံနှင့် ပွဲစဉ်အတွင်း အရေးပါခဲ့သည့် ဖြစ်ရပ်များနှင့် နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ်ရှိနေဦးမည့် ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲအပေါ် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း ရွိုင် ကိန်း နှင့် လီဗာပူးလ်အသင်း ကွင်းလယ် ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ် တို့က Sky sports သတင်းဌာနမှ တင်ဆက်သည့် Friday Night Football စကားဝိုင်းအစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေးသွားခဲ့ပါသည်..။
ဒေးဗစ် ဂျုံးစ် - ဒီနေ့နိုင်ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ နည်းပြအင်ဇို မာရက်စ်ကာ က ချယ်လ်ဆီးအသင်းဟာ တိုးတက်မှုတွေ ရရှိနေတယ်..၊ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်… လို့ ကြွေးကြော်သွားခဲ့ပါတယ်…
ရွိုင် ကိန်း - အများကြီး တိုးတက်လာတာပေါ့..။ အခုနောက်ပိုင်းမှာ အနိုင်ရလဒ်တွေ ရရှိလာတာဟာ ကစားသမားတွေနဲ့ ပရိသတ်တွေကို ကောင်းမွန်တဲ့ခံစားချက်တွေ (feel good factors) ရရှိစေသလို အသင်းအပေါ် ယုံကြည်မှု တိုးပွားလာစေပါတယ်..။ နောက်ပြီးလာမယ့် ရာသီပြီးဆုံးလို့ လာမယ့်ရာသီအတွက် ပွဲစဉ်ဇယားတွေ ထွက်လာမယ်…၊ ချန်ပီယံလိဂ် ပွဲစဉ်ဇယားတွေ ထွက်လာမယ်..၊ ဒါဆိုရင်ပရိသတ်တွေ.. စပွန်ဆာတွေရဲ့ စိတ်ဝင်စားမှုတွေလည်း ပိုပြီးများပြားလာမှာပေါ့ဗျာ..။
ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ဟာ အသင်းရဲ့ပုံရိပ်ကို ပိုမိုကြီးမားလာစေသလို ကစားသမားတွေရဲ့ ယုံကြည်မှုကို ပိုမိုမြင့်မားလာတာ အမှန်ပါပဲ..။ သူတို့ဟာ အနာဂတ်မှာအောင်မြင်မှုတွေ ဆွတ်ခူးနိုင်မယ့် အသင်းတစ်သင်းအဖြစ် ပေါ်ထွက်လာအောင် တည်ဆောက်နေပါတယ်.. ဆိုပြိး ပြောသွားခဲ့သေးတာကိုး..။ နောက်ပြီးကျွန်တော်တို့ မန်ချက်စတာ ယူနိုက်တက်အသင်းကိုလည်း အစွမ်းကုန် ကြိုးစားပြီး အကောင်းဆုံး ကစားသွားတာကြောင့် ဂုဏ်ယူမိတဲ့အကြောင်းကိုပါ ထည့်သွင်းချီးကျူးသွားခဲ့သဗျ..။ တကယ်တမ်းဆိုရင် ကျွန်တော်တို့အသင်းဟာ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်ကန်ချက် (shots on targe) (၁) ကြိမ်ပဲ ရခဲ့တာဗျ.. အတော်နောက်တဲ့လူပဲ.. ဟားဟား..။
ဒါ့ကြောင့်ပွဲကြည့်နေရင်း အချိန်ကြာလာတာနဲ့အမျှ ချယ်လ်ဆီးဘက်က အဖွင့်ဂိုးရသွားရင် အနိုင်ရသွားမှာပဲ.. ဆိုတဲ့ ခံစားချက်ကို ရနေခဲ့ပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ်ပါ.. အခုလိုအနိုင်ပွဲတွေ..၊ နောက်ဆုံးပွဲစဉ်အထိ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်ခွင့် ရှိနေတယ်.. ဆိုတဲ့အနေအထားဟာ ပြန်လည်တည်ထောင်နေတဲ့ အသင်းတစ်သင်းအနေနဲ့ဆိုရင် သိပ်ကိုကြီးမားတဲ့ တိုးတက်မှုဖြစ်စဉ်လို့ ပြောရမှာပါ..။ သူတို့အသင်းဟာ အရည်အသွေးမြင့် လူငယ်ကစားသမား အများအပြားကို နှစ်ရှည်စာချုပ်တွေချုပ်ဆိုပြီး ရင်းနှီးမြုပ်နှံခဲ့ပါတယ်..။ ဒါ့ကြောင့်လာမယ့်အပါတ် ပွဲစဉ်ပြီးလို့ ချန်ပီယံလိဂ်ဝင်ခွင့် သေချာခဲ့မယ်ဆိုရင် ကစားသမားတွေအတွက်ပါ အထူးကျေနပ်ဖို့ ကောင်းလိမ့်မယ်ဆိုတာ အသေအချာပါပဲ..။
ဒေးဗစ် ဂျုံးစ် - ဂျေမီ ရေ.. ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့မယ်ဆိုရင် သူတို့လျှောက်လှမ်းနေတဲ့ လမ်းကြောင်းဟာ ပုံစံပြောင်းသွားနိုင်မလား…? ဘာဖြစ်လို့လည်းဆိုတော့ အခုအချိန်ထိ သူတို့ဟာ ကမ္ဘာအနှံ့အပြားက အကောင်းဆုံး လူငယ်ကစားသမားလေးတွေကိုပဲ အာရုံစိုက်၊ ခေါ်ယူနေခဲ့တာကိုး..။ ချန်ပီယံလိဂ် လို ပြိုင်ပွဲကျရင် အဲဒီလိုပုံစံ ခေါ်ယူမှုတွေဟာ အလုပ်ဖြစ်ပါ့မလား..?
ဂျေမီ ရက်ဒ်နပ် - ဘယ်လိုနည်းနဲ့ လျှောက်လှမ်းသည် ဖြစ်ပါစေ.. ချန်ပီယံလိဂ်ပြိုင်ပွဲဟာ သူတို့ကိုအထောက်အကူ ဖြစ်စေမှာ အမှန်ပါပဲ..။ ချယ်လ်ဆီးအသင်းရဲ့ အနေအထားဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ဖြစ်နေတာနဲ့ မတူဘူးဗျ..။ ချန်ပီယံလိဂ်ဝင်ခွင့်ကြောင့် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ကို ကူညီပေးနိုင်မယ့် နောက်ထပ်တိုက်စစ်မှူးတစ်ယောက် ခေါ်ယူဖြစ်လိမ့်မယ်…၊ နောက်ထပ် နောက်ခံလူတစ်ယောက် ခေါ်ယူဖြစ်ဦးမလား..? စောင့်ကြည့်ရပါဦးမယ်..။
အခုဆိုရင် ချယ်လ်ဆီးအသင်း လူငယ်ကစားသမားလေးတွေဟာ မြက်ခင်းစိမ်းပေါ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ သီချင်းသံနားဆင်ရင်း မင်္ဂလာယူနေရတဲ့ အခိုက်အတန့်တွေကို စိတ်အားထက်သန်မှုအပြည့်နဲ့ အိပ်မက်နေကြပါလိမ့်မယ်..။ ကမ္ဘာ့အကောင်းဆုံး.. ဆိုတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ချင်တဲ့ဆန္ဒတွေ ပြင်းပြနေပါလိမ့်မယ်..။ နောက်ပြီးချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်ဟာ ကစားသမားသစ်တွေကို ခေါ်ယူတဲ့နေရာမှာ ပိုမိုလွယ်ကူစေပါတယ်..။
ရွိုင် ကိန်း - အားလုံးကတော့ သူတို့မှာရှိနေတဲ့ လူငယ်ကစားသမားလေးတွေထဲကို နောက်ထပ်အတွေ့အကြုံရှိပြီး ကစားသမား တစ်ယောက်၊ နှစ်ယောက်လောက် ထပ်မံ အားဖြည့်စေချင်ကြတာပေါ့..။ ဒါပေမယ့် သူတို့အသင်းရဲ့ လက်ရှိအပြောင်းအရွှေ့ မူဝါဒက ‘လူငယ်ကစားသမားလေးတွေကို ဦးစားပေး၊ ခေါ်ယူဖို့ပဲ’ ဖြစ်နေပါဦးမယ်..။ တကယ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်သာ လွဲချော်သွားခဲ့မယ်ဆိုရင် အတွေ့အကြုံရင့် ကစားသမား တစ်ယောက်၊ နှစ်ယောက်လောက် သေချာပေါက် အားဖြည့်လိမ့်မယ်..။ နောက်လာမယ့်ပွဲပြီးသွားလို့ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့မယ်၊ ကွန်ဖရင့်စ်လိဂ် ဖလားပွဲမှာပါ ဗိုလ်စွဲခဲ့မယ်.. ဆိုရင်တော့ သူတို့လျှောက်နေတဲ့လမ်းကြောင်းဟာ မှန်ကန်တယ်.. လို့ပဲ ယူဆမှာဖြစ်ပြီး အရင်အတိုင်းပဲ ဆက်လျှောက်ပါလိမ့်မယ်..။
သူတို့ဟာ လွန်ခဲ့တဲ့လပိုင်းတွေမှာ အတွေ့အကြုံရင့် ကစားသမားတစ်ချို့ အားဖြည့်သင့်တယ်.. ဆိုတဲ့ အယူအဆကို လက်ခံခဲ့ပုံ ရပါတယ်..။ အထူးသဖြင့် ဗဟိုခံစစ်မှူး လို အရေးအကြီးတဲ့နေရာတွေမှာ အတွေ့အကြုံ ရင့်ကျက်ပြီး သမ္ဘာရင့်ကစားသမား အနည်းဆုံး တစ်ယောက်လောက် အားဖြည့်ခဲ့ရင် အထောက်အကူ အများကြီးဖြစ်လာပါလိမ့်မယ်..။ ဒါပေမယ့် အခုအချိန်ထိ မြင်တွေ့နေရသလောက်တော့ ချယ်လ်ဆီးအသင်းဟာ သူတို့စိုက်ပျိုးထားခဲ့တဲ့ လူငယ်ပန်းခင်း အသီးအပွင့်တွေရဲ့ အကျိုးရလဒ်တွေကို စတင်ခံစားရတော့မယ်.. လို့ပဲ ယူဆပါတယ်..။ အထူးသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ရင်ပေါ့ဗျာ..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ ဒီနေ့ပွဲမှာ ရိစ် ဂျိမ်းစ် ဟာ သူ့ရဲ့အကောင်းဆုံးခြေစွမ်း မဟုတ်ခဲ့ဘူး.. ဆိုရင်တောင်မှ မာ့စ် ကူကူရယ်လာ အတွက် သူ့ရဲ့ပေးပို့မှုကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲအဆင့်မှီတယ်လို့ ပြောနိုင်တယ်မလား..? ဂျေမီ ရေ…
ဂျေမီ ရက်ဒ်နပ် - သေချာတာပေါ့ဗျာ..။ ဒီနေ့ပွဲမှာ ရိစ် ဂျိမ်းစ် က ပေးပို့တယ်..၊ မာ့စ် ကူကူရယ်လာ က အဆုံးသတ်သွားတယ်.. ဆိုတော့ အခုခေတ် မော်ဒန် ဘောလုံးလောကမှာ ပြောင်းလဲလာတဲ့ နောက်ခံအစွန်လူတွေရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြသလိုက်တဲ့ သွင်းဂိုးတစ်ဂိုး.. လို့ ပြောလို့ရတယ်မလား..? ရွိုင်း ရေ..
ရွိုင်း ကိန်း - မှန်ပါတယ်..။ အဲဒီဂိုးရရှိသွားတဲ့ ထိုးဖောက်မှုကို ဘယ်တောင်ပံကနေ စတင်လာခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူတွေရဲ့ pressing ကြားထဲကနေ ညာတောင်ပံဘက်ကို ပေးပို့ပြီး တိုက်စစ်လမ်းကြောင်း ပြောင်းလဲလိုက်တာကလည်း အတော်လေးကောင်းခဲ့ပါတယ်..။ ဒါပေမယ့် ညာတောင်ပံက ပီဒရို နက်တို က ဂိုးဧရိယာထိပ်မှာရှိနေတဲ့ ရိစ် ဂျိမ်းစ် ဆီကို ပေးပို့လိုက်တဲ့ ဘောလုံးက သိပ်မကောင်းလှပါဘူး..။ ဂါနာချို အနေနဲ့ ရိစ် ဂျိမ်းစ် ဆီကနေ ရအောင်ဖျက်ထုတ် နိုင်ခဲ့သင့်ပါတယ်..။
သူ့ရဲ့အာရုံစူးစိုက်မှု အားနည်းချက်ကြောင့် ရိစ် ဂျိမ်းစ် ဟာ လှလှပပ လှည့်ထွက်သွားနိုင်ခဲ့ပြီး ဂိုးဧရိယာထဲကို အတိအကျ ဖြတ်တင်၊ ပေးပို့နိုင်ဖို့ အချိန်၊ နေရာလွတ် ရရှိခဲ့ပါတယ်..။ သူ့ရဲ့ဖြတ်တင် ပေးပို့မှုရော၊ မာ့စ် ကူကူရယ်လာ ရဲ့ ခေါင်းတိုက် အဆုံးသတ်မှုပါ သိပ်ကိုကောင်းမွန် သေသပ်ပါတယ်..။ အဲဒီလိုနေရာကနေ ဖြတ်တင်ဘောရဲ့ အရည်အသွေး (quality)၊ ပြင်းအား..၊ တိကျမှုတွေ (weight) အပြင် ဘယ်နေရာကို ရောက်အောင် ပေးပို့ရမယ်.. ဆိုတဲ့ ဆုံးဖြတ်ချက် (decision making) ဟာ သိပ်ကိုအရေးပါပါတယ်..။ နောက်ပြီးတစ်ဘက်က အဲဒီလိုဖြတ်တင်ဘောကောင်းတွေကို အဆုံးသတ်ပေးနိုင်မယ့်သူ ရှိဖို့လည်း လိုသေးတာပေါ့..။
ဒေးဗစ် ဂျုံးစ် - တကယ်တော့ အဲဒီဂိုးဟာ မာ့စ် ကူကူရယ်လာ ကပဲ တိုက်စစ်လမ်းကြောင်း စတင်ခဲ့ပြီး သူကိုယ်တိုင်ပဲ အဆုံးသတ်ပေးလိုက်တာ မဟုတ်ဘူးလား..? ဂျေမီ ရေ..
ဂျေမီ ရက်ဒ်နပ် - မှန်တာပေါ့ဗျာ..။ သူကနေ မွိုက်စ် ကိုင်ဆီဒို ဆီကို ပေးပို့လိုက်ပါတယ်..။ အဲဒီဂိုးမှာ မွိုက်စ် ကိုင်ဆီဒို ကလည်း အတော်လေးကို ပါဝင်ခဲ့တာဗျ..။ ကိုင်ဆီဒို က မာ့စ် ကူကူရယ်လာ ဆီက ဘောလုံးကို ဘယ်တောင်ပံဆီ ပေးပို့တယ်..၊ ဘယ်တောင်ပံကနေ သူ့ဆီပြန်ရောက်လာပါတယ်..။ အဲဒီကနေတဆင့် ညာတောင်ပံမှာ ရှိနေတဲ့ ပီဒရို နက်တို ဆီကို ထောင့်ဖြတ်ပေးပို့လိုက်ပါတယ်..။
ဘယ်တောင်ပံကနေ ညာတောင်ပံဘက်ကို ပြောင်းလဲထိုးဖောက်ဖို့ (switch play) ဆုံးဖြတ်လိုက်တာကြောင့် ယူနိုက်တက် ခံစစ်ကြောင်းမှာ နေရာယူမှုတွေ ပြန်လည်ပြောင်းလဲခဲ့ရပြီး အခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်..။ ရိစ် ဂျိမ်စ် ဖြတ်တင်ဘော မပေးပို့ခင် မန် ယူနိုက်တက် နောက်ခံလူတွေကြားထဲမှာ မာ့စ် ကူကူရယ်လာ ရဲ့ နေရာယူ၊ လှုပ်ရှားမှုတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်..။ သူဟာ ကိုးလ် ပါးမား နဲ့အတူ ရှိနေပြီးမှ ဗစ်တာ လင်းဒလော့ပ် ရဲ့ နောက်ကနေရာလွတ်မှာ အသင့်နေရာယူခဲ့တာဗျ..(ပူးတွဲအောက်ပုံ)။
ရိစ် ဂျိမ်းစ် ပေးပို့လိုက်တဲ့ ဖြတ်တင်ဘော အရည်အသွေး သိပ်ကိုကောင်းခဲ့တာလည်း ပါတာပေါ့,,,။ မန် ယူနိုက်တက် နောက်ခံလူ နှစ်ယောက်ကြားကနေ မာ့စ် ကူကူရယ်လာ ရဲ့ ခေါင်းတိုက်ချက်ဟာ ဒီဒီယာ ဒရော့ဘာ၊ ဒီယေဂို ကော်စတာ တို့ရဲ့ ခေါင်းတိုက်သွင်းဂိုးတွေကို ပြန်ပြီးမြင်လိုက်ရသလိုပါပဲ..။
ရွိုင် ကိန်း - ရိစ် ဂျိမ်းစ် ဆီ ဘောလုံးရောက်လာတဲ့အချိန် ဂါနာချို ရဲ့ ဖျက်ထုတ်မှုကလည်း အတော်လေးညံ့ပါတယ်ဗျာ..။
ဂျေမီ ရက်ဒ်နပ် - ဒါကတော့ ခံစစ်ကစားသမားဘက်က အမြင်ပေါ့ဗျာ..။ ဒါပေမယ့် မှန်ကန်တဲ့ဖြတ်တင်ဘော ပြုလုပ်ပေးနိုင်ဖို့ လိုအပ်သလို မာ့စ် ကူကူရယ်လာ ကလည်း ဘောလုံးကိုမျက်ခြေမပြတ်ပဲ နေရာလွတ်မှာ အတိအကျရောက်ရှိ အဆုံးသတ်နိုင်ခဲ့တာကို ချီးကျူးဖို့လိုတာပေါ့..။
ဒေးဗစ် ဂျုံးစ် - မာ့စ် ကူကူရယ်လာ ရဲ့ အရပ်အမောင်းနဲ့ လျှင်မြန်မှုကြောင့် မာဇာယာဝီ နဲ့ လင်းဒလော့ပ် တို့ကြားကနေဖြတ်ပြီး ခေါင်းတိုက်နိုင်ခဲ့တာ မဟုတ်ဘူးလား..? မန်ချက်စတာ ယူနိုက်တက် နောက်ခံလူတွေဟာ သူ့ကိုအဓိက အဆုံးသတ်မယ့်သူအဖြစ် အာရုံစိုက်ခဲ့ပုံ မရခဲ့ဘူးဗျ..
ရွိုင် ကိန်း - ရိစ် ဂျိမ်းစ် လှည့်ထွက်သွားလိုက်ကတည်းက ခံစစ်ကြောင်း တစ်ခုလုံးက မလှုပ်မရှား.. ရပ်ကြည့် (switch off) နေခဲ့တာဗျ..။ ဂျိမ်းစ် ရဲ့ ဖြတ်တင်ဘောကို ကောင်းတယ်..၊ ဆိုးတယ်.. ပြောလို့မရပါဘူး..။ ဂါနာချို ကို လှည့်ထွက်သွားလိုက်ကတည်းက နောက်တန်းတစ်ခုလုံး ကြောင်စီစီနဲ့ ရပ်ကြည့်နေခဲ့ကြတာဗျ..။ မာ့စ် ကူကူရယ်လာ ရဲ့ နေရာယူပုံ၊ ခေါင်းတိုက်အဆုံးသတ်ဖို့ ပြေးထွက်လိုက်တာ မြင်လိုက်ကတည်းက ငါ့ကောင်တွေတော့ ဒုက္ခရောက်ပြီလို့ ချက်ချင်းတွေးမိလိုက်ပါတယ်..။ တကယ့်တိုက်စစ်မှူးကောင်း တစ်ယောက်ရဲ့ အဆုံးသတ် ဂိုးသွင်းလိုက်တဲ့ပုံစံမျိုးပါပဲ..။ ဂျိမ်းစ် ရဲ့ ဖြတ်တင်ဘောကလည်း ကောင်းပါတယ်..။ ကျွန်တော်တို့ မန် ယူနိုက်တက် နောက်ခံလူတွေ ညံ့ဖျင်းတာကြောင့်လည်း ပါတာပေါ့..။ တကယ့်အချိန်မှာ လိုအပ်တဲ့ အာရုံစူးစိုက်မှု၊ အန္တရာယ်ကို ကြိုတင်မြင်နိုင်မှု မရှိခဲ့ပါဘူး..။
ဒီနေ့ပွဲဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံဟာ ရင့်ကျက်မှုအပြည့် ရှိပါတယ်..။ သူတို့အတွက် ဒီနေ့ပွဲဟာ အင်မတန်မှ အရေးကြီးနေတယ်..၊ တခြားဘက်က အက်စ်တွန် ဗီလာ ကလည်း အနိုင်ရနေတော့ ဖိအားတွေရှိနေပါတယ်..။ အဲဒီအခြေအနေမှာ ရှိသင့်တဲ့ ဖိအားဒဏ်ခံနိုင်မှု၊ ရင့်ကျက်မှုတွေကို ပြသနိုင်ခဲ့ပါတယ်..။ ဦးဆောင်ဂိုး ရသွားပြီးတဲ့နောက်ပိုင်း အနိုင်ဂိုးကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ စုစည်းမှုကောင်းမွန်မှုရှိဖို့ (composure) လိုသေးတာကိုး..။ ပြောသာပြောတာပါ.. ယူနိုက်တက် ဘက်က ပြန်သွင်းနိုင်လှ.. အလွန်ဆုံး တစ်ဂိုးပေါ့ဗျာ.။ ကျွန်တော်တို့အသင်းဟာ ဂိုးတွေများများစားစား သွင်းနိုင်တဲ့အသင်း မဟုတ်ပါဘူး..။ ဒါပေမယ့် အဲဒီဂိုးဝင်သွားကတည်းက ‘ပွဲပြီးပြီ..’ လို့ပဲ စိတ်ဒုံးဒုံးချလိုက်ပါတယ်..။
ဂျေမီ ရက်ဒ်နပ် - မာ့စ် ကူကူရယ်လာ ဟာ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကိုကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုပဲဗျ…။ ဘယ်နောက်ခံလူ တစ်ယောက်အနေနဲ့ဆိုရင် ဘရိုက်တန်အသင်းကို ပေးချေလိုက်ရတဲ့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၅၈) သန်း.. ဆိုတာ များပါတယ်..။ ပြီးတော့အဲဒီအချိန်က ဘင် ချီးဝဲလ် လို ကစားသမားလည်း ရှိနေတာကိုး…။ ဒါ့ကြောင့်အသင်းနဲ့အံဝင်ပါ့မလား..? ဆိုပြီး သံသယတွေ ရှီခဲ့ပါတယ်..။ ချယ်လ်ဆီးကို ရောက်လာတော့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်..။ ဒါ့ကြောင့်မာ့စ် ကူကူရယ်လာ ဟာ ကစားသမားတွေအပေါ် စိတ်ရှည်ရှည်ထားသင့်တယ်.. (patience) ဆိုတဲ့ အကောင်းဆုံး နမူနာတစ်ခုလို့ ပြောရမှာပဲဗျ..။
ကစားသမားတွေကို ခေါ်ယူတဲ့နေရာမှာ ပြောင်းရွှေ့ကြေး ဘယ်လိုပဲများပြားပါစေ.. အသင်းသစ်မှာ အခြေချကျဖို့ အချိန်ယူရတာတွေ ရှိနိုင်ပါတယ်..။ မွိုက်စ် ကိုင်ဆီဒို လည်း အလားတူပါပဲ..။ အခုဆိုရင် သူဟာကမ္ဘာ့အဆင့် ကွင်းလယ် ကစားသမား တစ်ယောက်ရဲ့ ခြေစွမ်းကို ပြသနေပေမယ့် ချယ်လ်ဆီးကိုရောက်လာခါစ အချိန်တုန်းက ယုံကြည်မှုပျောက်ဆုံးနေသလို အချိန်တစ်ခုတော့ ရုန်းကန်ခဲ့ရပါသေးတယ်..။ အခုလက်ရှိ ပရီးမီးယားလိဂ်မှာ ဘယ်နောက်ခံလူအနေနဲ့ဆိုရင် မာ့စ် ကူကူရယ်လာ ကို အတော်လေး သဘောကျမိပါတယ်..။ စပိန်အသင်း ဗိုလ်စွဲခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကလည်း သူ့အတွက် ကြီးမားတဲ့ အထောက်အကူတစ်ခု ဖြစ်ခဲ့ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ပွဲပြီးတဲ့အချိန်မှာ နည်းပြအင်ဇို မာရက်စ်ကာ နဲ့ အသင်းသားတွေရဲ့ အောင်ပွဲခံပုံကို ကြည့်ရတာ ‘သူတို့လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်သွားခဲ့ပြီ..’ ဆိုတဲ့ ပုံစံမျိုး ဖြစ်မနေဘူးလား..?
ရွိုင် ကိန်း - No.. ကျွန်တော်ကတော့ အဲဒီလိုမထင်မိပါဘူး..။ ဒီနေ့ပွဲရလဒ်ကြောင့် သူတို့တွေ စိတ်သက်သာရာ ရသွားခဲ့မှာ အသေအချာပါပဲ..။ အထူးသဖြင့် သူတို့အတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မယ့် (driving seat) အနေအထားတစ်ခု ရသွားခဲ့တာဟာ ကောင်းတဲ့အချက်ပါ..။ တကယ်လို့ ရာသီစတဲ့အချိန်တုန်းက ’မင်းတို့တွေ နောက်ဆုံးပွဲစဉ် အနိုင်ရမှ ချန်ပီယံလိဂ်ဝင်ခွင့်ရလိမ့်မယ်..’ ဆိုပြီး ကမ်းလှမ်းခဲ့ရင်လည်း သူတို့တွေ ကျေကျေနပ်နပ်နဲ့ လက်ခံကြမှာပါပဲ..။ နောက်ပြီးဒီအသင်းဟာ အတွေ့အကြုံ နုနယ်သေးတဲ့ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းလည်း ဖြစ်နေပါတယ်..။ ပထမပိုင်းမှာတင် ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတွေ လွဲချော်ခဲ့တာကိုကြည့်မယ်ဆိုရင် အဲဒီလိုအတွေ့အကြုံ ရင့်ကျက်မှုရှိဖို့ လိုအပ်နေတယ်ဆိုတာ ပြသနေတာပါပဲ..။
အဲဒီအချက်တွေကို သူတို့သိပါလိမ့်မယ်..။ အခုနှစ်ဘောလုံးရာသီမှာဆိုရင် မန်နေဂျာအသစ်၊ လူငယ်ကစားသမား သွေးသစ်လေးတွေနဲ့ အသင်းကိုအထိုင်ကျအောင် တည်ဆောက်နေရင်း ချန်ပီယံလိဂ်ဝင်ခွင့်ကို နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခွင့်ရခဲ့သည်..။ ပြီးတော့ အခုနှစ်မှာ ဒဏ်ရာပြဿနာလည်း နည်းပါးခဲ့ပါတယ်..။ အဲဒါကြောင့်တိုက်ပွဲတွေ မပြီးဆုံးသေးပေမယ့် သူတို့တွေ လှိုက်လှိုက်လှဲလှဲ အောင်ပွဲခံမယ်ဆိုတာ ဖြစ်သင့်ပါတယ်..။
ဂျေမီ ရက်ဒ်နပ် - အင်မတန်မှ ကြည်နူးဖို့ကောင်းလှတဲ့ မြင်ကွင်းတွေပါ..။ သူတို့ဟာဒီနေ့ပွဲ အနိုင်ရလဒ်နဲ့အတူ မန်ချက်စတာ စီးတီးအသင်းကိုပါ ဖိအားပေးနိုင်ပါတယ်..။ မန်နေဂျာ ပက်ပ် ဂွာဒီယိုလာ ရဲ့အသင်းဟာ လာမယ့်အင်္ဂါနေ့မှာ ဘုန်းမောက်အသင်းကို မဖြစ်မနေ အနိုင်ကန်ရပါတော့မယ်..။ အလားတူ နော့တင်ဟမ် ဖောရက်စ်အသင်းကလည်း ဝက်စ်ဟမ်းအသင်းကို တနင်္ဂနွေနေ့မှာ အနိုင်ရဖို့ လိုအပ်လာခဲ့ပါပြီ..။ နောက်အပါတ် တနင်္ဂနွေနေ့… နော့တင်ဟမ် ဖောရက်စ် နဲ့ ချယ်လ်ဆီးပွဲစဉ်ဟာ တကယ့်ပွဲကြီးပွဲကောင်း… play off ဗိုလ်လုပွဲတစ်ပွဲပါပဲ..။ အခုပွဲလက်ကျန်တွေကိုကြည့်ရင်း နောက်အပါတ်ကျ ဘာတွေဖြစ်လာမယ်.. ဆိုတာ ကျွန်တော်တော့ ဘယ်လိုမှမခန့်မှန်းနိုင်ဘူး.. ရွိုင်း ရေ..။ အာဆင်နယ်တောင် ချွေးပြန်နေရတဲ့ သဘောဖြစ်နေပြီနော..
ဒေးဗစ် ဂျုံးစ် - ရွိုင်း ရေ… မန်ချက်စတာ စီးတီး ကျန်ခဲ့မယ်.. ဆိုတာရော ဖြစ်နိုင်မလား..?
ရွိုင် ကိန်း - No.. ပက်ပ် ဂွာဒီယိုလာ နဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိင်စွမ်းရှိတဲ့ အရည်အသွေးတွေ ရှိနေဆဲဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ထားဆဲပါ..။ တကယ်တမ်းတော့ နော့တင်ဟမ် ဖောရက်စ်အသင်းဟာ အရေးကြီးတဲ့အချိန်မှာ ခြေချော်သွားခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်သင့်ပါတယ်..။ ဒါပေမယ့် တနင်္ဂနွေနေ့မှာ နယူးကာဆယ် က အာဆင်နယ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့မယ်ဆိုရင် အံ့ဩစရာတွေ ဖြစ်လာဦးမယ်..။ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်ကတော့ လာမယ့်အပါတ် နောက်ဆုံးအချိန်အထိ အကြိတ်အနယ်.. စိတ်ဝင်စားစရာပဲဗျို့…
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ ဒီနေ့ပွဲစဉ် ဒုတိယပိုင်းမှာ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ချို့အပေါ် ခင်ဗျားတို့ရဲ့အမြင်တွေကိုလည်း သိချင်မိပါသေးတယ်..။ ပထမဆုံးကတော့ ပွဲချိန် (၆၁) မိနစ်မှာ ချယ်လ်ဆီးအသင်းက လူငယ်တိုက်စစ်မှူး တိုင်ရစ်ခ် ဂျော့ချ် ကို ဂိုးသမား အင်ဒရေ အိုနားနား က ပင်နယ်တီဧရိယာထဲမှာ ဆွဲလှဲချလိုက်သလို ဖြစ်သွားတဲ့ ဖြစ်ရပ်ပေါ့ဗျာ..။
ရွိုင် ကိန်း - တိုင်ရစ်ခ် ဂျော့ချ် ချိန်သားကိုက် ပြေးထွက်သွားခဲ့တာ အတော်လေးကောင်းပါတယ်..။ ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့တဲ့အချိန်မှာ သူ့အနေနဲ့ အခုထက်ပိုပြီး ပါးပါးနပ်နပ်ရှိခဲ့မယ်..၊ ဂိုးသမားရှိနေတဲ့ နေရာဘက်ကို လှဲချနိုင်ဖို့ ကြိုးစားခဲ့မယ်.. ဆိုရင် ဘယ်လိုဖြစ်သွားမလဲ.. မပြောတတ်ဘူးဗျ..။ ဒါပေမယ့် သူဟာဘောလုံးကို ထိလိုက်ပါတယ်..။ အဲဒါတော့ သေချာတယ်ဗျ..။ VAR ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ ထင်ပါတယ်..။ တကယ်လို့ သူဟာအခုထက်ပိုပြီး အတွေ့အကြုံ ရင့်ကျက်ခဲ့မယ်..၊ ပါးနပ်ခဲ့မယ်ဆိုရင် ဘောလုံးကိုဂိုးသမားနဲ့ ဝေးရာကို ဆွဲထုတ်နိုင်ဖို့ ကြိုးစားရင်း သူ့ရဲ့ခန္ဓာကိုယ်ကို ဂိုးသမားဘက်ကို ပစ်လှဲလိုက်ရင် သေချာပေါက် ပင်နယ်တီပါပဲ..။
ဂျေမီ ရက်ဒ်နပ် - သူ့အတွက် ရုန်းကန်ခဲ့ရတဲ့ ပွဲတစ်ပွဲပါပဲ..။ တကယ်တော့ သူဟာတိုက်စစ်မှူး မဟုတ်ပါဘူး..။ လူငယ်အကယ်ဒမီ ကစားသမားဘဝတစ်လျှောက်လုံး တောင်ပံကစားသမားအဖြစ်နဲ့ပဲ ကစားခဲ့တာပါ..။ ဒီနေ့ပွဲမှာ သမ္ဘာရင့်ခံစစ်မှူးသုံးယောက်နဲ့ ရင်ဆိုင်ရတာ သူ့အတွက် သိပ်တော့မလွယ်ကူလှပါဘူး..။ အဲဒီဘောလုံးမှာ ခံစစ်ကြောင်းရဲ့နောက်ကနေ သူ့ရဲ့ချိန်သားကိုက် ပြေးထွက်သွားပုံ ကောင်းမွန်ခဲ့ပါတယ်..။ တကယ်တော့ လူငယ်ကစားသမား တစ်ယောက်အနေနဲ့ အခုလိုပွဲကြီးတစ်ပွဲမှာ ပွဲထွက်ခွင့်ရပြီဆိုရင် ကိုယ့်ရဲ့အားအသန်ဆုံးနေရာမှာပဲ ကစားချင်ပါလိမ့်မယ်..။ တကယ်တမ်း အဲဒီအခိုက်အတန့်မှာ ကျွန်တော်က ဂိုးသမား အင်ဒရေ အိုနားနား ကိုပဲ အပြစ်တင်ချင်တာပါ..။ သူကဘယ်လိုစိတ်ကူးပေါက်ပြီး ရှေ့ကိုအတင်း ပြေးထွက်လာခဲ့တာလဲ..? ကျွန်တော်စဉ်းစားလို့ မရခဲ့ပါဘူး.။
ရွိုင် ကိန်း - အဲဒါပြောတာပေါ့ဗျ..။ တိုင်ရစ်ခ် ဂျော့ချ် နေရာမှာ တခြားပိုပြီး ပါးနပ်တဲ့ ကစားသမား တစ်ယောက်ဆိုရင် သေချာပေါက် ပင်နယ်တီပေးလိုက်ရမှာပါ…။ ကံကောင်းသွားတယ်လို့ပဲ ပြောရမှာပါပဲ..။ အဲဒီဂိုးသမားဟာ အရင်ကတည်းက ကြောင်တောင်တောင် ဆုံးဖြတ်ချက်တွေ မကြာခဏ ပြုလုပ်လေ့ ရှိပါတယ်..။ အခုအချိန်မှာ ကျွန်တော်တို့ကတော့ ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တဲ့အကြောင်းကိုပဲ ဦးတည်၊ ဆွေးနွေးတာ ကောင်းပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဒီနေ့ပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဝါတတ်ဒ် (၆) ကြိမ် အပြခံခဲ့ရတာကြောင့် ဒဏ်ငွေ စတာလင်ပေါင် (၂၅,၀၀၀) ပေးဆောင်ရပါတော့မယ်..။ အဲဒီ (၆) ကြိမ်ထဲက (၁) ကြိမ်က အနီကတ်ဒ် ပြမယ်ဆိုရင် အပြခံရလောက်တယ်မလား..? ဂျေမီ ရေ…
ဂျေမီ ရက်ဒ်နပ် - Lucky.. အေဒင် ဟယ်ဗင် ကံကောင်းသွားပါတယ်..။ တကယ့်ပွဲပြီးခါနီးမှာမလို့လား.. မပြောတတ်ပါဘူး..။ ဒါပေမယ့်သူဟာ မာလို ဂတ်စ်တို ဆီကို ခြေစုံပစ်ဝင်ပြီး ဖျက်ထုတ်ခဲ့တာပါ..။ အခုခေတ် ဘောလုံးပွဲတွေမှာဆိုရင် အနီကတ်ဒ် အပြခံရလောက်တဲ့ ဖျက်ထုတ်မှုပါပဲ..။ သူ့ရဲ့ဖျက်ထုတ်မှုဟာ ဘောလုံးကိုလည်း မထိဘူး..၊ ခြေထောက်ကလည်း မြှောက်နေခဲ့ပါတယ်..။
ဒေးဗစ် ဂျုံးစ် - နှစ်ယောက်စလုံး ခြေစုံပစ်ဝင်ကြတာ မဟုတ်ဘူးလား..?
ရွိုင် ကိန်း - ဟုတ်ပါတယ်..။ နှစ်ယောက်စလုံးက ဘောလုံးကိုပဲ ဦးတည်ခဲ့ကြတာပါ…။ ဒါပေမယ့် အဲဒီဖျက်ထုတ်မှုကို အနီကတ်ဒ်ပြမယ်ဆိုရင် ငြင်းစရာမရှိပါဘူး..။ ကံကောင်းခဲ့တယ်လို့ ပြောရမှာပဲ..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ ဒီနေ့ပွဲဟာ နှစ်သင်းစလုံး (၁၁) ယောက်စီနဲ့ ပွဲပြီးဆုံးသွားခဲ့သလို ချယ်လ်ဆီးအသင်းက ၁ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်.. ဆိုတဲ့အကြောင်း တင်ဆက်ရင်း နောက်လာမယ့်ပွဲစဉ်တွေမှာ ပြန်ဆုံကြတာပေါ့…