feature-image

ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲ စကားဝိုင်း..

ပြီးခဲ့သည့်ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) တွင် လာမည့်ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်အတွက် တိုက်ပွဲဝင်နေကြသည့် အာဆင်နယ်၊ ချယ်လ်ဆီး၊ နော့တင်ဟမ် ဖောရက်စ် နှင့် အက်စ်တွန် ဗီလာအသင်းများ အနိုင်ရရှိခဲ့ပြီး နယူးကာဆယ် ယူနိုက်တက်အသင်း ရှုံးနိမ့်ခဲ့သည်..။ FA ဖလား ဗိုလ်လုပွဲကြောင့် မန်ချက်စတာ စီးတီးအသင်းမှာ ပွဲစဉ် (၃၇) လက်ကျန်ပွဲစဉ်ကို အင်္ဂါနေ့တွင် ယှဉ်ပြိုင်ရမည့် အခြေအနေတွင် လာမည့်တနင်္ဂနွေနေ့ နောက်ဆုံးပွဲစဉ်များအပြီး ပေါ်ထွက်လာမည့် ချန်ပီယံလိဂ်ဝင်ခွင့်အပေါ် အာဆင်နယ် တိုက်စစ်မှူးဟောင်း ပေါလ် မာဆင်၊ နယူးကာဆယ် ယူနိုက်တက် တိုက်စစ်မှူးဟောင်း လက်စ် ဖာဒီနန် နှင့် လီဗာပူးလ် ကွင်းလယ် ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ် တို့က Sky Sports သတင်းဌာန၏ Race for the Champions League စကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း ဆွေးနွေးခဲ့ကြပါသည်..။

ကယ်လီ ကိတ် - လာမယ့်တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကြမယ့် ရာသီနောက်ဆုံးပိတ်ပွဲစဉ် (၃၈) နဲ့ ပတ်သက်ပြီး ဆွေးနွေးကြရအောင်ရှင့်..။ စနေနေ့မှာ FA ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ခဲ့ရတဲ့ မန်ချက်စတာ စီးတီးအသင်းကတော့ ကြားရက်မှာ ဘုန်းမောက်အသင်းနဲ့ ပွဲကျန်တစ်ပွဲရှိနေပါသေးတယ်..။ ဒါ့ကြောင့်အခုလောလောဆယ် အနေအထားမှာ လီဗာပူးလ်နဲ့ အာဆင်နယ်.. နှစ်သင်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရသွားပါပြီ..။ ကျန်တဲ့သုံးနေရာအတွက် နယူးကာဆယ်၊ ချယ်လ်ဆီး၊ အက်စ်တွန် ဗီလာ၊ မန်ချက်စတာ စီးတီးနဲ့ နော့တင်ဟမ် ဖောရက်စ် တို့ ငါးသင်းကြားမှာ တစ်မှတ်ပဲ ကွာပါတယ်..။

တတိယနေရာရောက်နေတဲ့ နယူးကာဆယ်က ရဂိုး၊ ပေးဂိုးကွာခြားချက် (goals difference) (+၂၀) ရှိနေတာကြောင့် နောက်ဆုံးပွဲမှာ အဲဗာတန်ကို အနိုင်ရခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရပါမယ်..။ ချယ်လ်ဆီးလည်း အလားတူပါပဲ..။ အက်စ်တွန် ဗီလာ ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အဝေးကွင်းမှာ အနိုင်ရမှဖြစ်မယ့်အပြင် တခြားအသင်းတွေ အမှတ်လျော့ဖို့ လိုအပ်နေပါသေးတယ်..။ မန်ချက်စတာ စီးတီးအသင်းဟာ လက်ကျန်နှစ်ပွဲမှာ အနိုင်ရခဲ့ရင် ရပါပြီ…။ နော့တင်ဟမ် ဖောရက်စ် ကလည်း ချယ်လ်ဆီးကိုနိုင်ရမယ်..၊ တခြားအသင်းတွေလည်း အမှတ်လျော့ဖို့ မျှော်လင့်ရပါဦးမယ်..။ အဲဒီ (၅) သင်းထဲမှာ (၃) သင်း ဝင်ခွင့်ရမယ်..၊ (၂) နှစ်သင်းလွဲချော်ပါမယ်..။ ကဲ.. နောက်ဆုံးပွဲစဉ်အပြီး ဖြစ်လာနိုင်မယ့်အရာတွေကို ခန့်မှန်းပေးကြပါဦး..



ပေါလ် မာဆင် - ချယ်လ်ဆီးဟာ အခုလောလောဆယ် စတုတ္ထနေရာ ဆိုပေမယ့် နော့တင်ဟမ် ဖောရက်စ်ကို ရှုံးသွားခဲ့ရင် ကွန်ဖရင့်စ်လိဂ်ထဲ ပြန်ရောက်သွားနိုင်ခြေ ရှိနေပါသေးတယ်..။ ဒါပေမယ့် ရီးရဲလ် ဘက်တစ် အသင်းနဲ့ ကွန်ဖရင့်စ်လိဂ် ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ရင် နောက်ဆုံးပွဲဘာပဲဖြစ်ဖြစ် ယူရိုပါလိဂ် ပြိုင်ပွဲဝင်ခွင့် သေချာပေါက်ရမှာပါ..။ ပြောချင်တာက ကံမကောင်းရင် အဆင့် (၇) အထိ ရောက်သွားနိုင်ပါတယ်..။ နယူးကာဆယ် ကတော့ သေချာတယ် ထင်တာပဲဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဗာတန်အသင်းဟာ ဘာအတွက်မှ ကစားဖို့မရှိတော့ပါဘူး..။

မန် စီးတီး အသင်းတောင် ဝင်ခွင့်လွဲချော်သွားမလား... စိုးရိမ်မိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ နောက်ဆုံးနှစ်ပွဲဆက်တိုက် ဂိုးမိုးခေါင်နေခဲ့သလို ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ဗိုလ်လုပွဲမှာလည်း ဂိုးမရခဲ့ပြန်ပါဘူး..။ ဘုန်းမောက်နဲ့ ဖူးလ်ဟမ်း.. ဆိုပေမယ့် ဘုန်းမောက်နဲ့ပွဲဟာ အန္တရာယ်ရှိပါတယ်..။ အဲဒီပွဲမှာ အနည်းဆုံး တစ်မှတ်တော့ ရမှဖြစ်ပါမယ်..။ အဲဒါဆိုရင် သူတို့ဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့် ရသွားပါပြီ..။ နောက်ဆုံးပွဲစဉ်မတိုင်မီ အသင်းတွေအတွက် အရေးအကြီးဆုံးက ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ခွင့် ရှိနေဖို့ပါပဲ..။ အဲဒီလိုအထက်စီးရနေတဲ့ အသင်းတွေထဲမှာ နယူးကာဆယ်၊ ချယ်လ်ဆီးနဲ့ ဘုန်းမောက်နဲ့ပွဲမှာ ဘဲဥကွဲခဲ့ရင် မန်ချက်စတာ စီးတီး တို့ဖြစ်ပါမယ်..။

ဂျေမီ ရက်ဒ်နပ် - မန် စီးတီးအသင်းဟာ FA ဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်သွားခဲ့တာကြောင့် ကစားသမားတွေ၊ ပရိသတ်တွေရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုပြီးကောင်းလာအောင် အတော်လေး အားစိုက်ရမယ့်သဘော ဖြစ်နေပါတယ်..။ သူတို့အသင်းဟာ လက်ရှိအချိန်မှာ အာရုံစူးစိုက်မှု အပိုင်းမှာပါ ကျဆင်းနေတယ်.. ဆိုပေမယ့် ထိပ်ဆုံးလေးသင်း၊ ငါးသင်းထဲမှာရှိနေဖို့ မဖြစ်မနေ လိုအပ်မှာပါ..။ ဒါ့ကြောင့်လက်ကျန်ပွဲစဉ် နှစ်ပွဲစလုံးဟာ ခက်ခဲတဲ့ပွဲတွေ ဖြစ်လာပါလိမ့်မယ်…။ ဖူးလ်ဟမ်းအသင်းဟာ ဒီနေ့မှာအနိုင်ရခဲ့သလို အမှတ်ပေးဇယားမှာ တတ်နိုင်သလောက် အမြင့်ဆုံးနေရာ ရရှိနိုင်ဖို့ အားထည့်ယှဉ်ပြိုင်သွားကြမှာပါပဲ..။ဒါ့ကြောင့်ဘာမဆို ဖြစ်လာနိုင်ပါတယ်..။ နော့တင်ဟမ် ဖောရက်စ် နဲ့ ချယ်လ်ဆီးပွဲစဉ်ကတော့ အရေးအကြီးဆုံးပွဲဖြစ်ပါတယ်..။ ချယ်လ်ဆီးက ပွဲအကျပ်ဆုံးလို ဖြစ်နေတာပေါ့..။ ချန်ပီယံလိဂ်ဝင်ခွင့် သေချာဖို့ဆိုရင် သူတို့ဟာ အဲဒီပွဲကို မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေပါတယ်..။



ကယ်လီ ကိတ် - ဒါဆိုရင် နယူးကာဆယ်… သေချာပေါက် ဝင်ခွင့်ရမယ်..၊ မန်ချက်စတာ စီးတီး က လက်ကျန်နှစ်ပွဲမှာ (၄) မှတ်ရမယ်ဆိုရင် ဝင်ခွင့်သေချာပါပြီ..။ ပေါလ် ရေ.. အဲဒါကိုရှင်က ဘာကြောင့်စိတ်လှုပ်ရှားနေရသေးတာလဲ..?

လက်စ် ဖာဒီနန် - မန်ချက်စတာ စီးတီး အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမှာပါ..။ အခုအချိန်မှာ အရေးကြီးတာက ခင်ဗျားတို့ပြောသလို ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်တိုင်စီမံနိုင်ခွင့် ရနေဖို့ဖြစ်ပါတယ်..။ မန် စီးတီးအသင်းဟာ အခုအချိန်မှာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေတယ် ဆိုပေမယ့် လိုချင်တဲ့ရလဒ်ကို မဖြစ်မနေ ရအောင်စွမ်းဆောင်နိုင်တဲ့ နည်းပြ၊ ကစားသမားတွေ ရှိနေပါတယ်..။

ကယ်လီကိတ် - FA ဖလားဗိုလ်လုပွဲဟာ သူတို့တွေရဲ့ ယုံကြည်မှုကို သိသိသာသာ ထိခိုက်စေပါလိမ့်မယ်..။ မှန်ပါတယ်.. မန်ချက်စတာ စီးတိးအသင်းမှာ အရေးကြီးတဲ့အချိန်တွေမှာ လိုချင်တဲ့ရလဒ် မဖြစ်မနေရရှိအောင် စွမ်းဆောင်ပေးနိုင်တဲ့သူတွေ ရှိနေပါတယ်..။ ဒါပေမယ့် သူတို့ဟာ ဘောလုံးရာသီ ပြီးဆုံးခါနီးအချိန် ရေက်လာတာတောင် အများကမျှော်လင့်ထားတဲ့ ခြေစွမ်းနဲ့ ရလဒ်တွေ စွမ်းဆောင်ပြတာ မတွေ့ရသေးဘူးရှင့်..

ဂျေမီ ရက်ဒ်နပ် - တကယ်လို့ FA ဖလား ဗိုလ်လုပွဲမှာ ဗိုလ်စွဲခဲ့ရင် သူတို့ဟာ နောက်ဆုံးလက်ကျန်နှစ်ပွဲကို အလွယ်တကူ ကျော်ဖြတ်သွားကြလိမ့်မယ်ဆိုတာ အားလုံးက တညီတညွတ်ထဲ သဘောတူကြမှာပါ..။ ဒါပေမယ့် ခရစ်စ်တယ် ပဲလေ့စ်နဲ့ပွဲ ရလဒ်ဟာ သူတို့ရဲ့ယုံကြည်မှုကို အနည်းနဲ့အျား ထိခိုက်စေပါလိမ့်မယ်..။ တစ်ခုရှိတာက လာမယ့်အင်္ဂါနေ့ ဘုန်းမောက်နဲ့ပွဲဟာ ကီဗင် ဒီ ဘရိုင်း ရဲ့ မန် စီးတီး ကစားသမားဘဝ အိမ်ကွင်းနောက်ဆုံးပွဲစဉ် ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့ပရိသတ်တွေကို အကောင်းဆုံးခြေစွမ်းနဲ့အတူ နှုတ်ဆက်ချင်တဲ့ဆန္ဒ ပြင်းပြနေပါလိမ့်မယ်..။ မန် စီးတီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရလိမ့်မယ်လို့ ယူဆနေဆဲပါပဲ..။ လွယ်လွယ်ကူကူတော့ မဟုတ်နိင်ပါဘူး..။

လာမယ့်အပါတ် ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲဝင် အသင်းတွေထဲက အလွယ်ကူဆုံး ဖြစ်နိုင်မယ့်ပွဲစဉ်ကို ခန့်မှန်းပါ.. ဆိုရင် အက်စ်တွန် ဗီလာ အသင်းရဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲစဉ် ဖြစ်ပါလိမ့်မယ်..။ ဗုဒ္ဓဟူးနေ့မှာ တော့တင်ဟမ်အသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲဟာ ဘယ်လိုရလဒ် ထွက်လာမလဲ.. ဘယ်သူကမှ မခန့်မှန်းနိုင်ပါဘူး..။ အဲဒီပွဲအပေါ်မူတည်ပြီး တနင်္ဂနွေနေ့ ဗီလာပွဲအပေါ် သက်ရောက်မှု ရှိနိုင်တာကြောင့် ပြောရတာ အတော်လေးခက်ပါတယ်..။ ဘာမဆို ဖြစ်သွားနိုင်တယ်.. လို့ပဲ ယူဆနေတုန်းပါ..။ ချယ်လ်ဆီးကတော့ ပွဲအကျပ်ဆုံးပေါ့ဗျာ..။ ဒီနေ့ပွဲစဉ်တွေမှာ နော့တင်ဟမ် ဖောရက်စ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ယုံကြည်မှုတွေ ပြန်လည်ရရှိသွားပါလိမ့်မယ်..။ ဒါပေမယ့် သူတို့ဟာချယ်လ်ဆီးကို အနိုင်ရခဲ့ရင်တောင် ‘ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် ရပါပြီ..’ လို့ သေချာပေါက် မပြောနိုင်သေးပါဘူး..။



ကယ်လီ ကိတ် - ဟုတ်ကဲ့ပါ… (၁၀၀ %) ရာခိုင်နှုန်းပြည့် ဒီအတိုင်း ဖြစ်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးပေါ့ရှင့်..။ နယူးကာဆယ် က အဲဗာတန်ကို အိမ်ကွင်းမှာ အနိုင်ရဖို့ များပါတယ်..။ မန် စီးတီးက လက်ကျန်နှစ်ပွဲမှာ (၄) မှတ်ရဖို့ များပါတယ်..။ ဒါဆိုရင် ကျန်တဲ့အသင်းတွေထဲက ဗီလာအသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရပြီး နောက်ဆုံးတစ်နေရာ ရသွားနိုင်မယ်လို့ ခန့်မှန်းနိုင်မလား..? မန် ယူနိုက်တက်ဟာ တော့တင်ဟမ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရဖို့ ရှိနေသေးတာကိုး..။ ဒါ့ကြောင့်အက်စ်တွန် ဗီလာ ဟာ ပွဲပန်းလာနိုင်မယ့် သရဲနီတွေကို အနိုင်ရသွားနိုင်မယ်လို့ ယူဆနိုင်တယ်မလား..?

လက်စ် ဖာဒီနန် - ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ထည့်မစဉ်းစားရင်တောင် အက်စ်တွန် ဗီလာအသင်း အနိုင်ရလိမ့်မယ်လို့ ကျွန်တော်ခန့်မှန်းပါတယ်..။ ဒါပေမယ့်တခြားအသင်းတွေရဲ့ ရလဒ်တွေပြန်ကြည့် ရဦးမယ့်သဘော ရှိပါတယ်..။

ဂျေမီ ရက်ဒ်နပ် - အင်မတန်မှ ခန့်မှန်းရခက်ပါတယ်..။ နယူးကာဆယ်နဲ့ အဲဗာတန်ပွဲစဉ်မှာ မာဆီဆိုက်ဒ် အသင်းဟာ ဘာအတွက်မှ ကစားဖို့မရှိဘူး..၊ ဖိအားမရှိပါဘူး..။ ဒါပေမယ့် သူတို့ဘက်က အရင်အဖွင့်ဂိုးရခဲ့ရင် အခြေအနေတွေ ပြောင်းလဲသွားနိုင်ပါသေးတယ်..။ ဒါ့ကြောင့်ဘာမဆို ဖြစ်လာနိုင်တယ်လို့ ပြောရတာပါ..။

ကယ်လီ ကိတ် - နောက်ပြီးဗီလာ အနိုင်ရတယ်..၊ နောတ့င်ဟမ် ဖောရက်စ် နဲ့ ချယ်လ်ဆီး သရေကျခဲ့တယ်ဆိုရင် နှစ်သင်းစလုံး ချန်ပီယံလိဂ်ဝင်ခွင့် လွဲသွားမယ့် တစ်ပေါက်ရှိနေသေးတယ်ရှင့်..။ အဲဒီလိုရော ဖြစ်သွားနိုင်သေးလား..?

ပေါလ် မာဆင် - အဲ့လိုဖြစ်လာခဲ့ရင်လည်း အံ့ဩစရာမရှိပါဘူး..။ ဖောရက်စ် နဲ့ ချယ်လ်ဆီးပွဲဟာ ခက်ခဲမယ့်ပွဲတစ်ပွဲပါ..။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေ အများကြီး မြင်ခဲ့ရဖူးပါတယ်..။ မန် စီးတီးရဲ့ ပထမဆုံးချန်ပီယံဆုကို နှစ်ဂိုးရှုံးနေရာကနေ ၃ဂိုးပြန်သွင်းပြီး အရယူခဲ့ဖူးပါတယ်..။ မနေ့ကဆိုရင် စထရာ့ဘာ့ဂ်အသင်းဟာ ပွဲစဉ်နောက်ဆုံးစက္ကန့်ကျမှ လီ ဟာ့ဗ်အသင်းကို ဂိုးပေးလိုက်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်သွားရတာပါပဲ..။ ဒါ့ကြောင့်အခုလို ရာသီနောက်ဆုံးပွဲစဉ်တွေမှာ ဘယ်လိုဖြစ်ရမယ်.. စသဖြင့် ပုံသေခန့်မှန်းလို့ မရပါဘူး..။ အသင်းတိုင်းက ကစားသမားတိုင်းဟာ ပွဲပေါင်းများစွာ ဖြတ်သန်းလာခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်ကြတာကြောင့် အားလုံးဟာ အဆိပ်ကိုယ်စီ ရှိကြပါတယ်..။



သူတို့အားလုံးဟာ ပရိသတ် (၅၀,၀၀၀)၊ (၆၀,၀၀၀) ရှေ့မှောက်မှာ ကစားနေကြတာ ဖြစ်တဲ့အတွက် ဘယ်သူကမှ အလွယ်တကူ အရှုံးပေးကြမှာ မဟုတ်ပါဘူး..။ ကျွန်တော်တို့ မထင်မှတ်ထားတဲ့အရာ အနည်းဆုံးတစ်ခုခုတော့ ဖြစ်လာပါလိမ့်မယ်..။ အဲဒါကြောင့် ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားရပါတယ်..။ အရေးအကြီးဆုံးက ကိုယ့်အသင်းရဲ့ ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ရနေဖို့ ဖြစ်ပါတယ်..။ ရာသီကုန်နောက်ဆုံးပွဲစဉ်ဟာ ကိုယ့်ရဲ့လက်ထဲမှာ ရှိနေဖို့ဆိုရင် မန်ချက်စတာ စီးတီး ဟာ ဖူးလ်ဟမ်းကို အနည်းဆုံး သရေကျရင်ကို ရပါပြီ..။

ကယ်လီ ကိတ် - မဟုတ်သေးဘူးရှင့်..၊ သူတို့က ကြားရက်မှာ ဘုန်းမောက်နဲ့ သရေကျရင် ဘယ်လိုလုပ်မလဲ..?
ပေါလ် မာဆင် - တကယ်လို့ ဘုန်းမောက်ကို သရေ..၊ ဒါမှမဟုတ် ရှုံးခဲ့မယ်ဆိုရင် မန်ချက်စတာ စီးတီးကလည်း တခြားအသင်းတွေကို ပြန်ပြီးကြည့်ရပါတော့မယ်..။ နောက်ဆုံးပွဲအနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် လွဲသွားတာလည်း ဖြစ်နိုင်တာပါပဲ..။ အရေးကြီးဆုံးက ကန်ရတဲ့ပွဲတွေကို မရှုံးဖို့က ဦးစားပေးနံပါတ်တစ် ဖြစ်မှာပေါ့….။

ဂျေမီ ရက်ဒ်နပ် - အခုခေတ်မှာ လူတိုင်းရဲ့လက်ထဲ မိုဘိုင်းလ်ဖုန်းတွေ ကိုယ်စီရှိနေတာဆိုတော့ တခြားပွဲတွေရဲ့ ရလဒ်တွေကို အားလုံးက အချိန်နဲ့တပြေးညီ သိနေကြပါတယ်..၊ ဒါ့ကြောင့်ပရိသတ်တွေရဲ့ တုံ့ပြန်မှု၊ ပရိသတ်တွေရဲ့ အသံတွေဟာ ကစားသမားတွေအပေါ် ရိုက်ခတ်လာပြီး စိတ်လှုပ်ရှားမှု များလာစေမယ်..၊ ဆန္ဒဇောတွေ ကြီးမားလာစေပါမယ်..။ ဒါ့ကြောင့်အချိန်နဲ့အမျှ ပြောင်းလဲနေမယ့် ပွဲစဉ်တွေဖြစ်လာမှာဆိုတော့ တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ..။

ကယ်လီ ကိတ် - ဒါဆိုရင် လီဗာပူးလ်၊ အာဆင်နယ်.. ပြီးရင် နယူးကာဆယ်.. လို့ပဲ ကျွန်မတို့အားလုံး သဘောတူညီ ရထားသေးတာပေါ့..။ ကျန်တဲ့နှစ်နေရာအတွက် ကျွန်မတို့ မခန့်မှန်းတတ်ဘူးလို့ပဲ ပြောရမယ်ထင်ပါတယ်..။
ဂျေမီ ရက်ဒ်နပ် - ပေါလ် ရေ.. ခင်ဗျားက နယူးကာဆယ် ကိုတောင် စိုးရိမ်နေသေးတယ်မလား..?
ပေါလ် မာဆင် - အဲဒီပွဲရလဒ်ဟာ အဲဗာတန် အတွက် ဘာမှထူးခြားမသွားစေဘူး.. ဆိုတဲ့ အချက်ဟာ စိုးရိမ်မယ်ဆိုရင် စိုးရိမ်စရာပါ..။ ဒါပေမယ့် နယူးကာဆယ်ဟာ အိမ်ကွင်းရလဒ်တွေ ကောင်းပါတယ်..။ တကယ်လို့ သူတို့ဟာ အာဆင်နယ်နဲ့ ပွဲစဉ်က ပထမပိုင်းမှာ ကစားခဲ့တဲ့ ခြေစွမ်းနဲ့ဆိုရင် အနိုင်မရစရာ မရှိနိုင်ပါဘူး..။