feature-image

ဒါရီယို အက်ဆူဂို - ခံစစ်လုံခြုံမှု အားဖြည့်ပေးဖို့လား..? အနာဂတ်အတွက် လောင်းကြေးထပ် ခေါ်ယူမှုလား..?

"ကျွန်တော်ဟာ အသင်းအတွက် ကြံ့ခိုင်မှုအားကိုး၊ ခွန်အားသုံး ကစားပေးနိုင်မှုတွေနဲ့ အားဖြည့်ပေးနိုင်ပါတယ်။ ဘောလုံးကို ခပ်ကြမ်းကြမ်း ဖျက်ထုတ်ရတာကို ကြိုက်တယ်..၊ ပြိုင်ဘက် ကစားသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတာကို နှစ်သက်ပါတယ်…။ သူတို့ဆီက ဘောလုံးကို အရယူပြီး ဆွဲပြေးရတာကိုလည်း သဘောကျပါတယ်..။ အသင်းအတွက် ခံစစ်ပိုင်း လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့အပြင်  အသင်းရည်မှန်းချက်တွေ အောင်မြင်ဖို့ တတ်နိုင်တဲ့ဘက်က အစွမ်းကုန် ကူညီချင်ပေးတာက ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်..။"

ပေါ်တူဂီလိဂ် ပြိုင်ပွဲဝင် စပိုးတင်း လစ္စဘွန်းအသင်းကနေ အပြီးသတ် ခေါ်ယူနိုင်ခဲ့တဲ့ ‘ဒါရီယို အက်ဆူဂို’ ဟာ ဘယ်လိုကစားသမားလဲ..? သိချင်နေကြတဲ့ ချယ်လ်ဆီးပရိသတ်တွေအတွက် အသက် (၂၀) နှစ်အရွယ် ပေါ်တူဂီကွင်းလယ် ကစားသမားလေးရဲ့ မနှစ်ကဘောလုံးရာသီမှာ စပိန်လာလီဂါ ပြိုင်ပွဲဝင် လာစ် ပါးလ်မက်စ် အသင်းကို အဌားသွားရောက်စဉ် သူ့ရဲ့ကစားပုံအပေါ် ကိုယ်တိုင်ပြောဆိုခဲ့တဲ့ ဖွင့်ဟချက်ပဲ ဖြစ်ပါတယ်..။ 

အဲဒီပြောကြားချက်တွေအရဆိုရင် သူဟာ အခုဘောလုံးရာသီမှာ ချယ်လ်ဆီးပရိသတ်တွေ တောင့်တနေကြတဲ့ ကွင်းလယ် ကစားသမားပုံစံမျိုးနဲ့ ကိုက်ညီနေပါတယ်။ အပြာရောင်တွေရဲ့ မရှိမဖြစ် ကျောရိုးကစားသမားဖြစ်တဲ့ မွိုက်စ် ကိုင်ဆီဒို နဲ့အတူတွဲဖက်ပြီး ပြိုင်ဘက်တွေကို ရင်ဆိုင်ရာမှာပဲဖြစ်ဖြစ်၊ အီကွေဒေါ ကစားသမားရဲ့ ကစားချိန်မိနစ်ကို လျှော့ချပေးဖို့ အတွက်ပဲဖြစ်ဖြစ် အထောက်အကူ ဖြစ်နိုင်ပါတယ်..။



အရင်အပါတ်က အသက် (၂၀) ပြည့်ခဲ့တဲ့ အက်ဆူဂိုဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ အသင်းပိုင်ရှင်သစ်တွေ ရင်းနှီးမြှုပ်နှံထားခဲ့တဲ့ လူငယ်ကစားသမား ပုံစံမျိုးထဲကပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အင်ဇို မာရက်စ်ကာ ရဲ့ အသင်းဟာ အဆင့်မြင့်ပြိုင်ပွဲ အတွေ့အကြုံ နည်းပါးမှုမှုကြောင့် တိုးတက်မှုတွေ နှောင့်နှေးနေတယ်လို့ ယုံကြည်နေကြတဲ့ ပရိသတ်တွေအတွက် ပေါ်တူဂီလူငယ် ကစားသမားလေးဟာ စိတ်ကျေနပ်မှု ရရှိစေမယ့် အဖြေတစ်ခု မဟုတ်နိုင်သေးပါဘူး။

ဒါရီယို ဟာ အသက်ငယ်ရွယ်နေသေးပေမယ့် အဆင့်မြင့်ပြိုင်ပွဲ အတွေ့အကြုံ (၃) နှစ်ရှိပြီး ဖြစ်သလို စပိုင်းတင်း လစ္စဘွန်းအသင်းရဲ့ အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ ကစားသမားအဖြစ် စံချိန်မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်..။ သူဟာ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့က အသက် (၁၆) နှစ်၊ (၆) ရက်သားအရွယ်နဲ့ ဗစ်တိုးရီးယား ဒီ ဂွာမားရက်စ် အသင်းကို ၁ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ် နောက်ဆုံးမိနစ်များတွေမှာ လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။ လစ္စဘွန်းအသင်း လူငယ်အသင်း.. (အသက် ၂၁ နှစ်အောက်) ဒါမှမဟုတ် အရန်အသင်း (အသက် ၂၃ နှစ်အောက်) အသင်းတွေမှာ တစ်ကြိမ်မှမကစားဖူးဘဲ ပထမအသင်းကြီးကို တိုက်ရိုက်တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်..။ အဲဒီအခွင့်အရေးရခဲ့တဲ့ အခိုက်အတန့်ဟာ  သူ့ရဲ့ဘဝမှာ အရမ်းအရေးပါခဲ့တာကြောင့် ပွဲသိမ်းခရာမှုတ်ချိန်မှာ မျက်ရည်တွေ တွင်တွင်ကျ၊ ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။

အဲဒီအချိန်တုန်းက စပိုးတင်းအသင်းရဲ့ နည်းပြဖြစ်သူ ရူဘင် အေမိုရင် က အက်ဆူဂို ရဲ့ အသင်းကြီးနဲ့ ပါဝင်ရတဲ့ လေ့ကျင့်ခန်းများမှာ ပြသခဲ့တဲ့ခြေစွမ်းကို သဘောကျခဲ့ပါတယ်..။ ဒါ့ကြောင့်တကယ့်ပွဲ ယှဉ်ပြိုင်ရချိန်မှာ အကြောက်အရွံ့မရှိပဲ သူ့စွမ်းရည်ကို ပြသနိုင်ဖို့ အားပေးခဲ့ပါတယ်..။ အေမိုရင် က "’အဝါကတ်အပြခံထားရတဲ့ ဂျာအို မာရီယို ကို လူစားထိုးဖို့ ရှိပါတယ်..၊ ဒါ့ကြောင့် ပါလင်ဟာ ကို အကူအညီပေးနိုင်ဖို့ လိုအပ်နေပါတယ်။ မင်းရဲ့ခြေထဲ ဘောလုံးရပြီဆိုရင် မင်းဟာ ပါလင်ထက် ထက် လွတ်လွတ်လပ်လပ် ကစားလို့ ရနိုင်တယ်’ ဆိုပြီး အက်ဆူဂို ကို ကျွန်တော်ပြောခဲ့ပါတယ်..။" လို့ ရူဘင် အေမိုရင် က MAGG သတင်းဌာနကို ရှင်းပြခဲ့ပါတယ်..။



အက်ဆူဂို ဟာ ကွင်းထဲမှာ ဝင်ကစားခွင့်ရခဲ့တဲ့အချိန်တိုင်း သူ့ရဲ့ဆရာရင်းဖြစ်သူ အေမိုရင် ရဲ့ အကြံပြုချက်ကို တသွေမတိမ်းလိုက်နာ၊ အသုံးချခဲ့ပါတယ်။ သူဟာ ထူးချွန်၊ ထက်မြက်တဲ့ ကွင်းလယ် အဖျက်ကစားသမား တစ်ယောက် ဖြစ်သော်ငြား ကစားကွက်ဖန်တီးပေးနိုင်စွမ်း.. အမြင်ရှိတဲ့သူ ဖြစ်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ကစားသမားဘဝ တိုးတက်မှူ အခွင့်အလမ်းတွေကိုတော့ စပိုးတင်း အသင်းရဲ့ ဥခွံ..၊ အပြင်ဘက်ကို ရောက်ရှိသွားမှပဲ ရရှိခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ရူဘင် အေမိုရင် ရဲ့ အသင်းမှာ ပါလင်ဟာ၊ ဂျာအို မာရီယို၊ မက်သီးယက်စ် နူးနက်စ်၊ မင်နူရယ် အူဂါတေး၊ ဟီဒက်စ်မာ မိုရီးတာ နဲ့ မော်တင် ဟာဂျူမာန် တို့လို ထိပ်ထိပ်ကြဲ ကွင်းလယ် ကစားသမားတွေ ပြည့်နှက်နေလို့ပါပဲ..။ အဲဒီလို ကစားသမား အစုအဖွဲ့တွေနဲ့အတူ အေမိုရင် ဟာ အစဉ်အလာပြိုင်ဘက် ပေါ်တို နဲ့ ဘင်ဖီကာ အသင်းတွေကို ကျော်ဖြတ်ပြီး ပေါ်တူဂီ အမှတ်ပေးချန်ပီယံဆု (Primeira Liga) (၂) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဒါကြောင့် အက်ဆူဂို ဟာ စပိုးတင်း အသင်းအတွက် ပေါ်တူဂီလိဂ်ပွဲစဉ် (၁၀) ပွဲသာ ကစားခွင့်ရခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ ပေါ်တူဂီလိဂ်ရဲ့  အသင်းငယ်တစ်သင်းဖြစ်တဲ့ ချားဗက်စ် ဆီကို အငှားသွားရောက်ခဲ့ပါတယ်။ သူဟအဲဒီအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး အဆင့်ပွဲစဉ် အတွေ့အကြုံတွေ အများကြီးရရှိခဲ့ပေမယ့် ချားဗက်စ် အသင်းဟာ Primeira Liga ရဲ့ အောက်ဆုံးနေရာနဲ့ပဲ ပြိုင်ပွဲပြီးဆုံးခဲ့ပါတယ်..။ မိခင်အသင်း စပိုးတင်း လစ္စဘွန်း ကတော့ ထိပ်ဆုံးနေရာကနေ ချန်ပီယံဆု ရရှိခဲ့တာကြောင့် ကစားသမားဘဝမှာ ရှားရှားပါးပါး ကြုံတောင်ကြုံခဲဖြစ်တဲ့ "လိဂ်ချန်ပီယံ ဖလားနှင့် တန်းဆင်းခြင်း" နှစ်မျိုးစလုံးကို တစ်ရာသီအတွင်း တစ်ပြိုင်နက်ရရှိခဲ့ပါတယ်။

အခုရာသီမှာလည်း အဲဒီလိုပုံစံ အောင်မြင်မှုနဲ့ ကျရှုံးမှုကို တပြိုင်နက်တည်း ရရှိခဲ့အတွေ့အကြုံ ထပ်မံရရှိနိုင်ဖို့ ရှိနေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စပိုးတင်း လစ္စဘွန်း အသင်းဟာ ပေါ်တူဂီလိဂ်မှာ ချန်ပီယံဖလား ထပ်မံရရှိဖို့ အလားအလာကောင်းနေပြီး လာစ် ပါးလ်မက်စ် အသင်းကတော့ စပိန်လာလီဂါ ကနေ တန်းဆင်းရဖို့ ဦးတည်နေလို့ပါပဲ..။ အဲဒီလိုလောကဓံရဲ့ အတက်၊ အကျတွေအပြင် ဒါရီယို အက်ဆူဂို ရဲ့  လာစ် ပါးလ်မက်စ် အသင်းက ကစားပုံဟာလည်း သူ့ရဲ့ အားသာချက်တွေကိုရော၊ အားနည်းချက်တွေကိုပါ တပြိုင်နက်တည်း မီးမောင်းထိုးပြနေပါတယ်။

သူဟာ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်မှု တစ်ပွဲကိုပျမ်းမျှ (interceptions per 90  minutes) (၁.၉) ကြိမ် ပြုလုပ်ထားနိုင်ပြီး စပိန်လာလီဂါ ပြိုင်ပွဲရဲ့ ပွဲကစားခွင့် မိနစ် (၉၀၀) ကျော် ရရှိထားတဲ့ ကွင်းလယ် ကစားသမားတွေထဲမှာ သူ့ထက်ပိုပြီး interception ပြုလုပ်နိုင်တဲ့ ကွင်းလယ် ကစားသမား (၅) ဦးသာ ရှိပါတယ်။ သူ့ရဲ့အသင်းဟာ ဘောလုံးကိုင်ထားခြင်းမရှိပဲ အဝေးဘောတွေနဲ့ တိုက်ရိုက်ပေးပို့တဲ့ ကစားဟန် (direct football) ကို အသုံးပြုနေပါတယ်..။ ဒါပေမယ့် အက်ဆူဂို ကတော့ ဘောလုံးကိုင်နိုင်စွမ်း ကောင်းမွန်တဲ့ လက္ခဏာတွေ ပြသနေပါတယ်။



သူဟာခန္ဓာကိုယ်နဲ့ကာပြီး ဘောလုံးကို ထိန်းထား (uses body to shield the ball) တတ်သလို ပြိုင်ဘက်တွေနဲ့ တစ်ဦးချင်း ယှဉ်လှ (duels) ရာမှာလည်း ဘောလုံးတွေ အရယူနိုင်လေ့ရှိပါတယ်။ ခန္ဓာကိုယ်ကိုလှည့်ပြီး ဘောလုံးကိုဖမ်းထိန်းနိုင်စွမ်း (receive passes on the turn) ကောင်းမွန်သလို ပြိုင်ဘက်တွေကို ဘောလုံးနဲ့အတူ ကျော်ဖြတ်နိုင်စွမ်း ကောင်းမွန်မှုတွေဟာ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ကစားကွက်၊ နည်းစနစ်နဲ့ အံဝင်လိမ့်မယ်လို့ ယူဆရပါတယ်..။ နောက်ပြီးသူ့ရဲ့ off the ball ရွေ့လျားမှုတွေဟာလည်း အချိန်နဲ့အမျှ တိုးတက်လာနေတာ တွေ့ရှိရပါတယ်။

ဒါပေမယ့် သူဟာအမှားအယွင်းတွေ မကြာခဏ ကျူးလွန်လေ့ရှိပါတယ်။ အထင်ရှားဆုံးက လွန်ခဲ့တဲ့လက ရီးရဲလ် ဗီလာဒိုးလစ် နဲ့ ကစားခဲ့တဲ့ပွဲမှာ သူ့ရဲ့ လူပေးမှားမှုကတဆင့် အေနူယာ တူဟာမီ ဟာ ဘောလုံးကို အရယူသွားနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်အသင်းဖော် စကော့ မက်ခ်ကန်းနား က တူဟာမီ ကို ရည်ရွယ်ချက်ရှိရှိ အတင်းဆွဲလှဲချခဲ့ရပြီး တိုက်ရိုက် အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

အက်ဆူဂို ဟာ သူကိုယ်တိုင်လည်း လာစ် ပါးလ်မက်စ် အသင်းနဲ့နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ (၄) ပွဲအတွင်း အနီကတ် (၂) ကြိမ် အပြခံခဲ့ရပါသေးတယ်..။ ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ အိုဆာဆူနာ အသင်းနဲ့ တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲရဲ့ ပွဲချိန် (၇၂) မိနစ်မှာ ဒုတိယအကြိမ် အဝါကတ်ဒ် ပြသခံခဲ့ရတဲ့အပြင် ကွင်းလယ်ဒိုင်လူကြီး ဂျေဇူး ဂီးလ် မန်ဇာနို ကို လှောင်ပြောင်သလို၊ သရော်သလို လက်ခုပ်တီးခဲ့တာကြောင့် ( ၂) ပွဲပယ် ပြစ်ဒဏ်ကျခံရပြန်ပါတယ်။ ရီးရဲလ် ဘက်တစ် အသင်းနဲ့ မေလလအစောပိုင်းက ပွဲစဉ်မှာလည်း ပွဲချိန် (၆၁) မိနစ်မှာ အစ္စကို ဥပဒေပြင်ပ ပြင်းပြင်းထန်ထန် ဖျက်ထုတ်ခဲ့မှုကြောင့် ဒုတိယ အဝါကတ်ဒ်ထိပြီး ထုတ်ပယ်ခံခဲ့ရပြန်ပါတယ်..။

အက်ဆူဂို လို ကြမ်းကြမ်းတမ်းတမ်း ကစားတတ်တဲ့ ကွင်းလယ်အဖျက် ကစားသမားတွေအတွက် အခုလို စည်းကမ်းပိုင်းအားနည်းမှု (indiscipline) ဟာ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ သူဟာ လာစ် ပါးမက်စ် အသင်းနဲ့အတူ တစ်ပွဲကို ပျမ်းမျှပြစ်ဒဏ်ကျူးလွန်မှု (fouls per90 minutes) (၁.၈) ကြိမ် ပြုလုပ်ထားပြီး ချယ်လ်ဆီးအသင်းက မွိုက် ကိုင်ဆီဒို က တစ်ပွဲကို ပျမ်းမျှ (၂.ဝ) ကြိမ် နဲ့ အင်ဇို ဖာနန်ဒက်စ် က (၁.၈) ကြိမ် ဆီ ကျူးလွန်ထားကြပါတယ်..။ ဒါ့ကြောင့်အသက် (၂၀) နှစ်အရွယ် ပေါ်တူဂီလူငယ် ကွင်းလယ် ကစားသမားလေးအတွက် နည်းပြ အင်ဇို မာရက်စ်ကာ ရဲ့ ပထမဆုံး တာဝန်က ဘောလုံးခြေထဲမရှိချိန် (off the ball) စိတ်လိုက်မာန်ပါ ပြစ်ဒဏ်ချိုးဖောက်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ ဖြစ်နိုင်ပါတယ်။



အခြားတစ်ဘက်မှာတော့ သူ့ရဲ့အကောင်းဆုံး (on the ball) စိတ်လိုက်မာန်ပါ ကစားခဲ့မှုကို ၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ လူငယ်ဥရောပ (အသက် ၁၇ နှစ်အောက်) တံခွန်စိုက်ပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲစဉ်မှာ အံ့အားသင့်ဖွယ် သွင်းဂိုးတစ်ဂိုးနဲ့အတူ ပြသခဲ့ပါသေးတယ်..။ အက်ဆူဂို ရဲ့ ကိုက် (၄၀) အကွာက ဒုံးပျံကန်ချက် သွင်းဂိုးကြောင့် သူပါဝင်ခဲ့တဲ့ ပေါ်တူဂီ လူငယ်အသင်းဟာ ချန်ပီယံဖြစ်လာမယ့် ပြင်သစ်အသင်းကို ပင်နယ်တီငါးလုံးစီ ကန်သွင်းပြီး အနိုင်အရှုံး ဆုံးဖြတ်ရတဲ့အထိ ဆွဲခေါ်နိုင်ခဲ့ပါတယ်..။ သူ့ရဲ့ပြင်းထန်… အရှိန်ပါလှတဲ့ ကန်ချက်ဟာ ဂိုးထောင့်ထဲ အတိအကျ ဂိုးဝင်သွားတာကြောင့် အသင်းဖော်တွေဟာ ဦးခေါင်းပေါ် လက်တွေတင်ပြီး မယုံနိုင်လောက်အောင် အံ့အားသင့်ခဲ့ကြရပါတယ်။ သူ့လိုကစားသမားတွေအတွက် ဂိုးသွင်းယူရမယ့် တာဝန်ဟာ ပထမဦးစားပေး တာဝန် မဟုတ်ပေမယ့် အဲဒီလို ပြင်းထန်တဲ့ အဝေးကန်ချက်နဲ့ ကန်သွင်းနိုင်တဲ့ အရည်အချင်းဟာ ချယ်လ်ဆီးအသင်းအတွက် အပိုဆုလာဘ်၊ အားသာချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

လာမယ့်ရာသီမှာ အက်ဆူဂို အတွက် ချယ်လ်ဆီးအသင်းရဲ့ အစီအမံက ကိုင်ဆီဒို ရဲ့ အရန်ကစားသမား အနေနဲ့ ရည်စူးထားဖို့ ဖြစ်နိုင်ပါတယ်..။ အပြာရောင်ခြင်္သေ့တွေဟာ ပြင်သစ်လိဂ်ပြိုင်ပွဲဝင် စိန့် အက်တီယန်းန် အသင်းကနေ ပြင်သစ်လူငယ် ကစားသမား မက်သစ်စ် အမ်မိုဂူး ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၂.၅) သန်းနဲ့ ခေါ်ယူထားပေမယ့် အဲဒီကစားသမားလေးဟာ ပြင်သစ်လိဂ်ပြိုင်ပွဲ (၁၈) ပွဲသာ ကစားထားရသေးတဲ့ အတွေ့အကြုံပဲ ရှိနေသေးတာကြောင့် လာမယ့် ၂၀၂၅-၂၆ ရာသီမှာ မိတ်ဆက်စထရာ့ဘာ့ဂ် အသင်းကို အငှားသွားရောက်ရလိမ့်မယ်လို့ ယူဆရပါတယ်…။

အက်ဆူဂို ရဲ့ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံ၊ ခွန်အားသုံး ကစားနိုင်မှုနဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားပုံအပြင် ဘောလုံးပညာ ကောင်းမွန်မှုတွေဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေနဲ့ အံဝင်နိုင်မယ့် အလားအလာတွေ ရှိပါတယ်..။ ဒါပေမယ့် သူ့ကိုခေါ်ယူခဲ့မှုဟာ ချယ်လ်ဆီးအသင်းရဲ့ အကျင့်တစ်ခုဖြစ်တဲ့ "အနာဂတ်အတွက် အလားအလာကို လောင်းကြေးထပ်ခြင်း" သာ ဖြစ်နိုင်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(The Athletic သတင်းဌာနမှ တင်ဆက်သည့် ဆောင်းပါးရှင် Liam Twomey နှင့် Anantaajith Raghuraman တို့၏ ‘Dario Essugo: Chelsea’s new defensive security blanket – with errors to iron out’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)