feature-image

မာရက်စ်ကာ၊ ပါးမား၊ ဂျက်ဆင် တို့ရဲ့ အနာဂတ်အိပ်မက်တွေကို ပုံဖော်ပေးမယ့် ‘လီယန် ဒီလပ်’

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်..၊ မန်ချက်စတာ စီးတီးလူငယ် (အသက် ၁၈ နှစ်အောက်) vs အဲဗာတန်လူငယ် (အသက် ၁၈ နှစ်အောက်) ပွဲစဉ်...

အဲဒီအချိန်က ယှဉ်ပြိုင်ခဲ့တဲ့ လူငယ်ပွဲစဉ်တစ်ပွဲရဲ့ရလဒ်ကို ဘယ်သူကမှ ဂရုတစိုက်ရှိခဲ့ကြမှာ မဟုတ်ပါဘူး..။  ဒါပေမယ့် နောက်ထပ် (၆) နှစ်ကြာတဲ့ အချိန်မှာတော့ အဲဒီပွဲဟာ မထင်မှတ်ပဲ အရေးပါတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာခဲ့ပါတယ်..။ မန်ချက်စတာ စီးတီး လူငယ်အသင်းက ၃ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ကိုးလ် ပါးမား က နှစ်ဂိုးသွင်းပေးခဲ့ပါတယ်..။ ပါးမား မှာ အဲဒီပွဲချိန် နောက်ပိုင်းမှာ အနီကတ်ဒ်ပြ အထုတ်ခံခဲ့ရပေမယ့် ပြောချင်တဲ့ အဓိကအချက်က သူ့ရဲ့သွင်းဂိုးနှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့တဲ့သူက ‘လီယန် ဒီလပ်’ ဖြစ်နေခဲ့တာပါ။

အဲဒီပွဲဟာ ဒီလပ် နဲ့ ပါးမား တို့နှစ်ယောက်ရဲ့ မန်ချက်စတာ စီးတီး လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းမှာ အတူတူကစားခဲ့တဲ့ စတုတ္ထမြောက်ပွဲသာဖြစ်ပေမယ့် သူတို့နှစ်ဦးရကြားက နားလည်မှု၊ အတူတွဲဖက် ကစားနိုင်စွမ်းရှိမှုကို အရိပ်အမြွက် ပြသခဲ့တဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ နောက်ထပ် လေးနှစ်အကြာမှာတော့ ဒီလပ် နဲ့ ပါးမား တို့နှစ်ယောက်ဟာ အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် လူဇင်ဘတ် လူငယ်အသင်းနဲ့ပွဲမှာ အတူတူကစားခွင့် ရခဲ့ကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဒီလပ် က ဂိုးသွင်းပြီး ပါးမား က ဖန်တီးပေးခဲ့ပါတယ်။



အထက်က ဖော်ပြခဲ့တဲ့ ဥပမာတွေဟာ သူတို့နှစ်ယောက်ရဲ့  လူငယ်အသင်းအဆင့်က နားလည်မှု.. အတွဲအဖက်ကောင်းမွန်မှုတွေရဲ့ အသီးအပွင့်တွေအကြောင်း ဖြစ်ပါတယ်..။ အခုအချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ အတွဲအစပ်ကို အဆင့်မြင့်ဆုံး ပွဲစဉ်တွေမှာ စမ်းသပ်ခံရတော့မှာပါ..။

ချယ်လ်ဆီးအသင်းဟာ လီယန် ဒီလပ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး သူ့ကို ယခင်ငယ်စဉ်ဘဝ.. မန် စီးတီး လူငယ်အသင်းတုန်းက အရေးပါခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ဦးနဲ့ ပြန်လည်ပေါင်းစည်း ပေးတော့မှာ ဖြစ်ပါတယ်။ အဲဒီနှစ်ယောက်ထဲက တစ်ဦးက နည်းပြချုပ် အင်ဇို မာရက်စ်ကာ ဖြစ်ပါတယ်..။ အီတလီ နည်းပြကြီးဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ အရန်အသင်းကို တာဝန်ယူရစဉ်က ဒီလပ် နဲ့အတူ လက်တွဲခဲ့ဖူးပါတယ်..။ အဲဒီကာလအတွင်းမှာ အင်္ဂလန်လူငယ် တိုက်စစ်မှူးလေးဟာ မာရက်စ်ကာ အတွက် ( ၂၂) ပွဲကစား၊ (၂၇) ဂိုး သွင်းယူပေးခဲ့ပါတယ်..။ အချက်အလက်တွေအရ အင်ဇို မာရက်စ်ကာ ရဲ့ နည်းပြသက်တမ်းတစ်လျှောက် ဒီလပ် ထက်ပိုပြီး သွင်းဂိုးများခဲ့တဲ့ ကစားသမား တစ်ဦးတည်း ရှိခဲ့ပါတယ်။ အဲဒီသူကတော့ ‘ကိုးလ် ပါးမား’ ပါပဲ..။



လီယန် ဒီလပ် အတွက် ချယ်လ်ဆီးအသင်းကို ပြောင်းရွေ့ခဲ့မှုဟာ အရင်တုန်းက မန်ချက်စတာ စီးတီးအသင်းရဲ့ လူငယ်အသင်းအဆင့်နဲ့ နှိုင်းယှဉ်လိုက်ရင် တကယ့်ကို ကြီးမားလှတဲ့ တိုးတက်မှုတစ်ခုဖြစ်ပြီး ပါးမား အတွက်လည်း အောင်မြင်မှုတွေ ထပ်မံရရှိလာနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်..။ အနောက်လန်ဒန်ကို ပြောင်းရွေ့ပြီးကတည်းက သူ့ရဲ့အောင်မြင်မှုပုံရိပ်ကို အကောင်းဆုံး တည်ဆောက်၊ ရပ်တည်နိုင်ခဲ့သူဖြစ်တဲ့ ကိုးလ် ပါးမား ဟာ အသက် (၁၈) နှစ်အောက် လူငယ်အသင်းအဆင့်မှာကတည်းက အတွဲအဖက်ညီခဲ့ပြီး မန် စီးတီး နဲ့ အင်္ဂလန် လူငယ်အသင်းတွေအတွက် အတူတူပါဝင်ကစားခဲ့ကြတဲ့ ပွဲစဉ် (၃၃) မှာ (၂၈) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၂) ပွဲရှုံး.. ဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

ဒါ့အပြင် ပါးမား ရဲ့ မန်ချက်စတာ စီးတီး ကစားသမား ဘဝအတွင်း အတူတွဲဖက် ကစားဖူးတဲ့ အသင်းဖော်တွေနဲ့ ပွဲစဉ်တစ်ပွဲချင်း ပျမ်းမျှရမှတ်နှုန်း (points per game) အရဆိုရင် ပါးမား ဟာ ဘာနာဒို ဆေးလ်ဗား နဲ့အတူ ကစားခဲ့ရတဲ့ ပွဲတွေမှာ ပျမ်းမျှရမှတ် အကောင်းဆုံးဖြစ်ခဲ့ပြီး သူနဲ့ ဒီလပ် အတူတွဲဖက် ကစားတဲ့ပွဲတွေမှာလည်း ရိုဒရီနဲ့ တွဲဖက်ခဲ့သလောက် ရမှတ်တွေ ကောင်းမွန်ခဲ့ပါတယ်။ ရိုဒရီ ကတော့ ပက်ပ် ဂွာဒီယိုလား ရဲ့အသင်းမှာ သူပါလာပြီဆိုရင် ရှုံးဖို့မရှိတော့ဘူး.. လို့ ပြောစမှတ်ပြု ရလောက်တောင် ထူးချွန်တဲ့ကစားသမား ဖြစ်ပါတယ်။



ချယ်လ်ဆီးရဲ့ ပထမဦးစားပေး တိုက်စစ်မှူး 'No. 9' ဟာ ဂျက်ဆင်လား..? ဒီလပ်လား..?

ဒီလပ် ဟာ ချယ်လ်ဆီးကို ရောက်လာတာနဲ့ ပါးမား ရဲ့ အကောင်းဆုံး၊ အသင့်တော်ဆုံး တွဲဖက်တိုက်စစ်မှူး ဖြစ်လာလိမ့်မယ်… လို့ ပြောရမှာ စောလွန်းနေပါသေးတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိချယ်လ်ဆီးအသင်းက ကိုးလ် ပါးမား နဲ့ နီကိုလပ်စ် ဂျက်ဆင် တို့ရဲ့ အတွဲအစပ်ဟာလည်း ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအဆင့်မှာ ရှိနေတာကြောင့် ဖြစ်ပါတယ်..။ ဒါ့ကြောင့် လီယန် ဒီလပ် ဟာ နီကိုလပ်စ် ဂျက်ဆင် ရဲ့နေရာကို အလွယ်တကူ ချက်ချင်း အစားထိုး ဝင်ရောက်နိုင်မယ်လို့ ပြောလို့ မရနိုင်သေးပါဘူး..။

အခုဘောလုံးရာသီမှာပဲ ပါးမား နဲ့ ဂျက်ဆင် တို့နှစ်ယောက်ရဲ့ တွဲလုံးကနေ ဂိုးရခဲ့တဲ့ ပွဲစဉ် (၇) ပွဲရှိခဲ့ပြီး သူတို့နှစ်ယောက်စလုံး ချယ်လ်ဆီးကို ရောက်ရှိလာတဲ့ နှစ်နှစ်အတွင်း သူတို့နှစ်ယောက်ရဲ့ တွဲလုံးကနေ ရလာတဲ့သွင်းဂိုး စုစုပေါင်း (၁၅) ဂိုး ရှိနေခဲ့ပါပြီ..။ ဒါ့အပြင် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ UEFA ကွန်ဖရင့်စ်လိဂ် ဗိုလ်လုပွဲမှာ သူတို့နှစ်ဦးရဲ့ တွဲလုံးကနေ ရရှိလာတဲ့ သွင်းဂိုးကဆင့် ချယ်လ်ဆီးအသင်းကို ဦးဆောင်ဂိုး ရရှိစေခဲ့ပါတယ်..။



"ကျွန်တော်တို့နှစ်ယောက် နေ့တိုင်းစကားပြောဖြစ်ကြပါတယ်..။ ပွဲပြီးတိုင်းမှာလည်း မက်ဆေ့ချ်တွေ အပြန်အလှန်ပို့ပြီး တိုင်ပင်ကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ကြားထဲမှာ ပိုကောင်းတဲ့ အတွဲအစပ်တစ်ခု ဖြစ်လာစေဖို့ ကြိုးစားနေတာကြောင့် အနာဂတ်မှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ပိုပြီးကောင်းမွန် လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။" ဆိုပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတုန်းက နီကိုလပ်စ် ဂျက်ဆင် နဲ့ ပတ်သက်ပြီး ကိုးလ် ပါးမား က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ပါးမား နဲ့ ဒီလပ် တို့နှစ်ယောက်ကြားက အတွဲအဖက်ဟာ ပိုပြီးကောင်းမွန်လာဖို့ အလားအလာကောင်းတွေ အများကြီးရှိနေပါတယ်။ မာရက်စ်ကာ က ဂျက်ဆင် ကို "ကျွန်တော့်ရဲ့ အပြည့်စုံဆုံး ‘No. 9’ တိုက်စစ်မှူး" လို့ ချီးကျူးခဲ့ဖူးပေမယ့် ဒီလပ် နဲ့ ပါးမား တို့ရဲ့ အတူတွဲဖက် ကစားနိုင်စွမ်းဟာ ပြိုင်ဘက်အသင်းတွေရဲ့ ခံစစ်ဇုန်တွေထဲကို ပိုပြီးထိုးဖောက်နိုင်မယ့် အလားအလာတွေ ရှိနေပါတယ်..။

နီကိုလပ်စ် ဂျက်ဆင် ဟာ အခုပရီးမီးယားလိဂ်ရာသီရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေ အရဆိုရင် ဘောလုံးနဲ့အတူ ကျော်ဖြတ်၊ ဆွဲပြေးနိုင်မှု (progressive carries) စွမ်းရည်မှာ အကောင်းဆုံး နံပါတ် (၁၁) နေရာမှာ ရပ်တည်နေခဲ့ပေမယ့် လီယန် ဒီလပ် ကတော့ အန်တော်နီ အီလန်ဂါ (နော့တင်ဟမ် ဖောရက်စ်) ပြီးရင် အကောင်းဆုံး ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် ဒီလပ် ရဲ့ progressive carries ပြုလုပ်နိုင်မှု စွမ်းဆောင်ရည်ဟာ နီကိုလပ်စ် ဂျက်ဆင် ထက် သိသိသာသာ ပိုမိုကောင်းမွန်နေတဲ့ စွမ်းဆောင်ရည် အချက်အလက် ဖြစ်နေသလို အင်္ဂလန်လူငယ် တိုက်စစ်မှူးဟာ ချယ်လ်ဆီးထက် အဆင့် (၁၅) နေရာနိမ့်တဲ့ အသင်းတစ်သင်းမှာ ကစားခဲ့တဲ့ အချက်ကိုပါ ထည့်တွက်ရပါမယ်..။



ဒါတောင်မှ ဒီလပ် ရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ သွင်းဂိုးဟာ ဂျက်ဆင် ထက် သာလွန်နေသလို တိုက်စစ်မှူးတွေရဲ့ တခြားစွမ်းဆောင်ရည်တွေဖြစ်တဲ့ ဂိုးပေါက်တည့် ကန်ချက်ရာခိုင်နှုန်း (shooting accuracy)၊ အခွင့်အလမ်းကောင်းများ အသုံးချနိုင်စွမ်း (conversion rate) စတဲ့ အချက်အားလုံးနီးပါးမှာလည်း ပိုပြီးကောင်းမွန်နေခဲ့ပါတယ်။ ဒါ့အပြင်အချက်အလက်တွေအရ ဂျက်ဆင် လွဲချော်ခဲ့တဲ့ သေချာပေါက် ဂိုးသွင်းခွင့် တစ်ဝက်လောက်နီးပါးကို ဒီလပ် က ဂိုးအဖြစ် ပြောင်းပေးနိုင်ခဲ့ပါတယ်။

"ဒီလပ် ကို ဟာရီ ကိန်း၊ အားလင်း ဟာလန်း တို့နဲ့နှိုင်းယှဉ်နိုင်ဖို့ နည်းနည်းစောနေပါသေးတယ်…။ ဒါပေမယ့် သူ့ရဲ့ကစားဟန်ဟာ အဲဒီလိုတိုက်စစ်မှူးစစ်စစ်တွေနဲ့ ဆင်တူနေသလို သူတို့အားလုံးဟာ တကယ့် အထောင်တိုက်စစ်မှူးစစ်စစ် ‘No. 9’ တွေ..၊ ဧရိယာထဲက ဂိုးမုဆိုး ‘No. 9’ တွေ ဖြစ်ကြပါတယ်" လို့ နည်းပြအင်ဇို မာရက်စ်ကာ က လီယန် ဒီလပ် နဲံ့ ပတ်သက်ပြီး ပြီးခဲ့တဲ့မတ်လက ချီးမွမ်းခဲ့ပါသေးတယ်..။

အဲဒီချီးမွမ်းမှုဟာ လောလောဆယ်မှာ အလွန်အကျွံ ချီးမွမ်းသလိုတော့ ဖြစ်နေပါတယ်..။ ဒါပေမယ့် သူဟာ အခုဘောလုံးရာသီမှာ သူ့ရဲ့ချယ်လ်ဆီးအသင်းဖော်တွေ လိုအပ်နေတဲ့ အပြီးသတ်အဆုံးသတ် ဂိုးသွင်းတဲ့အပိုင်း (clinical touch) နဲ့ ပံ့ပိုးပေးနိုင်တဲ့သူ တစ်ယောက် ဖြစ်နေပါတယ်..။ လီယန် ဟာ ရသင့်တဲ့သွင်းဂိုးထက် အမှန်တကယ် သွင်းဂိုးပိုမိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ (xG overperformance) တိုက်စစ်မှူးတွေထဲမှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း (၁၀) ဦး စာရင်းဝင်ဖြစ်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ် ကစားသမား လေးဦးထဲမှာ (၃) ဦးဟာ ဂိုးသွင်းခွင့်တွေ ဖြုန်းတီးမှုအများဆုံး (၁၀) ဦးထဲ ပါဝင်ခဲ့ပါတယ်။


ချယ်လ်ဆီးအသင်းဟာ ဒီလပ် ရဲ့ စွမ်းရည်တွေကို ကောင်းကောင်း သိရှိထားပြီး ဖြစ်ပါတယ်..။  အထူးသဖြင့် မနှစ်က ဒီဇင်ဘာလ Portman Road ကစားကွင်းမှာ အစ်ပ်ဝစ်ချ်အသင်းက ချယ်လ်ဆီးကို ၂ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူဟာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းကို တောက်လျှောက် ဒုက္ခပေးနေခဲ့ပြီး ကိုယ်တိုင် သွင်းဂိုးတစ်ဂိုး၊ နောက်ထပ်တစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ အဲဒီပွဲမှာ သူဟာပွဲရဲ့အဖြေကို ပြောင်းလဲနိုင်ခဲ့တဲ့သူ ဖြစ်ခဲ့ပြီး နီကိုလပ်စ် ဂျက်ဆင်၊ ကိုးလ် ပါးမား တို့ မှိန်ဖျော့ခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်…။

ဒါ့ကြောင့် ဒီလပ်၊ မာရက်စ်ကာ နဲ့ ပါးမား တို့ အတူတူ လက်တွဲခဲ့ဖူးတဲ့ သမိုင်းကြောင်းတွေနဲ့ သူ့ရဲ့စွမ်းဆောင်ရည် အချက်အလက်..၊ ကိန်းဂဏန်းတွေအရ ချယ်လ်ဆီးအသင်းရဲ့ ခေါ်ယူမှုဟာ သိပ်ကိုသင့်တော်တဲ့ အပြောင်းအရွှေ့တစ်ခုလို့ သတ်မှတ်နိုင်ပါကြောင်း တင်ဆက်လိုက်ရပါတယ်..။

(Sky Sports သတင်းဌာနမှ ဆောင်းပါးရှင် Sam Blitz ၏ ‘Liam Delap to Chelsea: What £30m move means for Cole Palmer, Enzo Maresca and Nicolas Jackson’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)