ချယ်လ်ဆီးအသင်းမှာ ဘရိုက်တန်းအသင်းမှ ဘရာဇီးလ် လူငယ်တိုက်စစ်မှူး ဂျာအို ပီဂရို အား ၂၀၃၃ ခုနှစ်၊ ဇွန်လအထိ (၇) နှစ်သက်တမ်းစာချုပ်ဖြင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့သည်..။ အသက် (၂၃) နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူးမှာ ပါးလ်မီးရက်စ်အသင်းနှင့် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်နေသည့် အသင်းသားများနှင့်အတူ ပုးပေါင်းရန်အတွက် ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့သို့ ရောက်ရှိလာချိန်တွင် ချယ်လ်ဆီးအသင်း official website နှင့် တွေ့ဆုံပြီး အပြာရောင်များနှင့် သူ၏ရည်မှန်းချက်များ၊ အသင်းနှင့်အတူ အစဉ်အလာကောင်းခဲ့သည့် ဘရာဇီးလ် ကစားသမားအကြောင်းများအပေါ် အောက်ပါအတိုင်း ပြောဆိုခဲ့ပါသည်..။
မေး - ဂျာအို ရေ.. ချယ်လ်ဆီးအသင်းကနေ လှိုက်လှဲစွာနဲ့ ကြိုဆိုလိုက်ရပါတယ်..။ ဒီအသင်းကို ပြောင်းရွှေ့ခွင့်ရလာတာတဲ့အပေါ် ခင်ဗျားရဲ့ခံစားချက်ကို အရင်ဆုံးပြောပြပေးပါလား..?
အခုလိုအချိန်.. မိုင်ယာမီမြို့မှာ အသင်းဖော်တွေနဲ့အတူ ပူးပေါင်းခွင့်ရခဲ့တာဟာ သိပ်ကိုကောင်းတာပေါ့ဗျာ..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်ရဲ့ဇာတိမြေ ဘရာဇီးလ်နဲ့ အတော်လေးကို ဆင်တူနေတာကြောင့်ပါ..။ ဒီကိုမပြောင်းလာခင် အင်ဒရေ ဆန်းတို့စ် နဲ့ တိုင်ပင်ဖြစ်ပါတယ်..။ အသင်းအကြောင်း၊ နည်းပြနဲ့ ကစားသမားတွေအကြောင်း မေးမြန်းဖြစ်တဲ့အခါ သူကလည်း အသင်းရဲ့ကောင်းတဲ့အကြောင်းတွေပဲ ဝေမျှခဲ့ပါတယ်..။ ဒါ့ကြောင့်ဒီအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တာဟာ ကောင်းမွန်တဲ့ အပြောင်းအရွှေ့ ဖြစ်လာမှာပါ..။
မေး - ဒါဆိုရင်အသင်းမှာ မြန်မြန်ဆန်ဆန် အထိုင်ကျသွားလိမ့်မယ်လို့ မျှော်လင့်ထားနိုင်ပြီပေါ့..
သေချာတာပေါ့ဗျာ..။ အသင်းသစ်တစ်သင်းကို ရောက်လာတဲ့အချိန် ကိုယ်နဲ့ရင်းနှီး၊ ကျွမ်းဝင်ပြီးသား ကစားသမား တစ်ယောက်ယောက် ရှိနေနှင့်တာဟာ အများကြီးအထောက်အကူ ရပါတယ်..။
မေး - ခင်ဗျားရဲ့နောက်ထပ်တစ်ဆင့် ခြေလှမ်းအတွက် ချယ်လ်ဆီးအသင်းဟာ ရွေးချယ်ဖို့ ဘယ်လိုအချက်တွေအပေါ် မူတည်၊ ဆုံးဖြတ်ခဲ့တာလဲ..?
အသင်းရဲ့သမိုင်းကြောင်း အစဉ်အလာကောင်းတွေကြောင့်ပေါ့ဗျာ..။ ကျွန်တော်တို့ ဘရာဇီးလ်နိုင်ငံမှာ ရုပ်မြင်သံကြားပေါ်ကနေ ဘောလုံးပွဲတွေ အရမ်းကိုကြည့်ရှု၊ အားပေးကြပါတယ်..။ ကျွန်တော်ဟာ အဲဒီထဲက ချယ်လ်ဆီးအသင်းကို အစဉ်တစိုက် အားပေးခဲ့ဖူးတဲ့ လူငယ်လေးတစ်ယောက် ဖြစ်ခဲ့ပါတယ်..။ ဟိုးအရင် အတိတ်မှာတုန်းက ဒီအသင်းမှာ ထိပ်တန်းကစားသမားကြီးတွေ အများကြီးရှိခဲ့သလို အခုလက်ရှိမှာလည်း အရည်အသွေးမြင့် ထိပ်တန်းကစားသမားကောင်းတွေ အများကြီးရှိနေပါတယ်..။ ဒါ့အပြင်ဒီအသင်းဟာ ထိပ်တန်းအသင်းကြီးတစ်သင်း ဖြစ်နေတာကြောင့်လည်း ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။
မေး - ငယ်ငယ်ကတည်းက ချယ်လ်ဆီးအသင်းကို အားပေးခဲ့တာလား..?
မှန်ပါတယ်..။ ငယ်စဉ်ကတည်းက ပရီးမီးယားလိဂ် ပြိုင်ပွဲတွေနဲ့ ချယ်လ်ဆီးအသင်းကို အစဉ်တစိုက် အားပေးခဲ့တာပါ…။ ဒေးဗစ် လူးဝစ်ဇ်၊ သီယာဂို ဆေးလ်ဗား၊ ဝီလီယံ၊ ရာမီးရက်စ် တို့လို ဘရာဇီးလ် ကစားသမားတွေလည်း ဒီအသင်းမှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့ကြပါတယ်..။
မေး - သူတို့တွေနဲ့ တိုင်ပင်ဖြစ်ခဲ့သေးလား..?
ဒေးဗစ် လူးဝစ်ဇ် နဲ့တော့ ရင်းနှီးပါတယ်..။ ဒါ့ကြောင့်သူနဲ့ပဲ စကားပြောဖြစ်ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်း အကြောင်းတော့ မပြောဖြစ်ခဲ့ဘူးဗျ..။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကစားသမားဘဝ တိုးတက်ရာ၊ တိုးတက်ကြောင်းတွေ၊ အနာဂတ်အတွက် ရွေးချယ်သင့်တဲ့ လမ်းကြောင်းတွေကို တိုင်ပင်ဖြစ်ပါတယ်..။ သူဟာကျွန်တော့်အတွက် လိုအပ်တဲ့ အကူအညီတွေ အမြဲတမ်း ပေးပါတယ်..။
မေး - ခင်ဗျားရဲ့ကစားပုံကို မမြင်ဖူးတဲ့ ချယ်လ်ဆီးပရိသတ်အတွက် ခင်ဗျားဆီမှာ ဘယ်လိုအရည်အသွေးကောင်းတွေ ရှိနေတယ်ဆိုတာ ပြောပြပေးနိုင်မလား..?
ကျွန်တော်ဟာ နည်းစနစ်ပိုင်း ထူးချွန်ပြီး ဂိုးသွင်းကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်ပါတယ်..။ ငယ်ငယ်တုန်းက ကွင်းလယ်မှာ အချိန်အတော်ကြာ ကစားခဲ့ဖူးတာကြောင့် အသင်းဖော်တွေအတွက် ဖန်တီးမှုတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်..။ ဒါ့ကြောင့်အရည်အသွေးပိုင်း၊ ဘောလုံးကျွမ်းကျင်မှုနဲ့ နည်းစနစ်ပိုင်း ကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်တယ်လို့ပဲ ရည်ညွှန်းချင်ပါတယ်ဗျာ..။
မေး - အခုဆိုရင် ခင်ဗျားဟာ ပါးလ်မီးရက်စ်အသင်းနဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ် ပွဲစဉ်အတွက် ပြင်ဆင်နေတဲ့ အသင်းသားတွေနဲ့အတူ ပူးပေါင်းတော့မှာပါ..။ အသင်းရဲ့ရာသီကြိုပြင်ဆင်မှုတွေ စတင်မယ့်အချိန်ကို စောင့်နေစရာ မလိုတော့ဘူးပေါ့…။ ပုံမှန်ဘောလုံးရာသီတစ်ခုနဲ့ ဘယ်လိုပုံစံ ကွာခြားမှုရှိနိုင်လဲ..?
ရာသီစတင်မယ့်အချိန်မှာ အသင်းအတွက် ပိုပြီးအဆင်သင့်ဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်..။ တကယ်လို့ လာမယ့်ပွဲမှာ ရလဒ်မကောင်းခဲ့ဘူး.. ဆိုရင်တော့ ပြီးပြီပေါ့ဗျာ..။
မေး - ခင်ဗျားဟာ ဘရာဇီးလ်နိုင်ငံမှာ ကြီးပြင်းခဲ့ပြီး ဖလူမင်နက်စီ အသင်းမှာ ကစားခဲ့တဲ့သူ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ပါးလ်မီးရက်စ်အသင်းရဲ့ယှဉ်ပြိုင်မယ့်ပွဲစဉ်ဟာ ခင်ဗျားအတွက် ဘယ်လိုပုံစံ ထူးခြားမှုတွေ ရှိနေနိင်လဲ..?
ကိုယ့်ရဲ့မွေးရပ်မြေက အသင်းတစ်သင်းနဲ့ ရင်ဆိုင်ခွင့်ရတာ ကောင်းတယ်လို့ ထင်ပါတယ်..။ ဒါ့အပြင်ပါးလ်မီးရက်စ်က ကစားသမား တစ်ချို့နဲ့လည်း ရင်းနှီးပါတယ်..။ ချယ်လ်ဆီးနဲ့ ပါးလ်မီးရက်စ်ပွဲစဉ်ဟာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ..။ နှစ်သင်းစလုံးဟာ နောက်ထပ်တစ်ဆင့် တက်ရောက်နိုင်ဖို့ ရေကုန်ရေခမ်း ကြိုးစားကြပါလိမ့်မယ်..။ ပွဲရလဒ်အဖြေကို ရင်ခုန်စွာနဲ့ စောင့်စားရဦးမှာပေါ့ဗျာ..
မေး - ခင်ဗျားဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ အတွေ့အကြုံလည်း ရှိနေပါပြီ..။ ဒါ့အပြင်ဥရောပပြိုင်ပွဲမှာလည်း ကစားခဲ့ဖူးပါပြီ..။ အဲဒီအတွေ့အကြုံတွေဟာ ခင်ဗျားရဲ့တိုးတက်မှုဖြစ်စဉ်အတွက် ဘယ်လောက်အထိ အရေးပါလိမ့်မယ်လို့ ယူဆထားလဲ..?
ကစားသမား တစ်ဦးအနေနဲ့ လိဂ်ပြိုင်ပွဲတစ်ခုမှာ အချိန်အတော်ကြာ ဖြတ်သန်းခဲ့ဖူးတယ်ဆိုရင် အသင်းပြောင်းသွားပေးမယ့် ပတ်ဝန်းကျင်သစ်မှာ အခြေအနေကိုနားလည်နိုငိဖို့၊ မြန်မြန်ဆန်ဆန် အထိုင်ကျနိုင်ဖို့ လွယ်ကူပါလိမ့်မယ်..။ ဥပမာအနေနဲ့ ကျွန်တော်ဆိုရင် ဘရိုက်တန်အသင်းကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့တာဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းအချင်းချင်း ဖြစ်တာကြောင့် အထိုင်ကျဖို့ ပိုပြီးလွယ်ကူပါလိမ့်မယ်..။ အသင်းချင်း မတူညီတဲ့အခါ ကစားသမားတွေတော့ ပြောင်းလဲကုန်တာပေါ့..။
ဒါပေမယ့် သူတို့နဲ့အတူ လေ့ကျင့်ခွင့်ရမယ့် အချိန်ကစပြီး ကိုယ့်ရဲ့တိုးတက်မှုအတွက် သင်ယူစရာတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။ ပရီးမီးယားလိဂ်ကတော့ ကျွန်တော်လည်း အတွေ့အကြုံရှိပြီး ဖြစ်တဲ့အတွက် အသားကျဖို့ ပိုပြိးမြန်ဆန်နိုင်ပါလိမ့်မယ်..။
မေး - နောက်ဆုံးအနေနဲ့ မေးချင်တာက ချယ်လ်ဆီးအသင်းနဲ့အတူ ဘယ်လိုအောင်မြင်မှုတွေ ရရှိနိုင်လိမ့်မယ်လို့ ရည်မှန်းထားခဲ့လဲ..?
ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာပြီ.. ဆိုကတည်းက ‘ဆုဖလားတွေကို အနိုင်ရ၊ ဆွတ်ခူးနိုင်ဖို့’ တစ်ခုတည်းကိုပဲ အာရုံစူးစိုက်ထားရပါမယ်..။ အသင်းနဲ့အတူ ပြိုင်ပွဲတိုင်းမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အသင့်ရှိနေရမှာ ဖြစ်သလို ချယ်လ်ဆီးအသင်းမှာ ကစားနေသရွေ့ ‘အနိုင်ရမယ်..’ ဆိုတဲ့အကြောင်းကိုပဲ အမြဲတမ်းတွေးတော နေရပါမယ်…။ ဒါ့အပြင် ချယ်လ်ဆီးကစားသမား တစ်ယောက်အနေနဲ့ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ လိုအပ်ပါတယ်..။ အဲဒီအတိုင်းပဲ ကျွန်တော်မျှော်လင့်နေပြီး အပြာရောင်တွေနဲ့အတူ ဆုဖလားတွေ ကိုင်မြှောက်ခွင့်ရဖို့က ကျွန်တော့်ရဲ့ ရည်မှန်းချက် ဖြစ်ပါလိမ့်မယ်..။