ပြီးခဲ့တဲ့အပါတ်က ဘရိုက်တန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဂျာအို ပီဒရို ဟာ ချယ်လ်ဆီးအသင်းကို အမေရိကန်အသင်းပိုင်ရှင်တွေ ဝယ်ယူပြီးနောက်ပိုင်း အသင်းကိုရောက်ရှိလာခဲ့တဲ့ (၁၉) ယောက်မြောက် တိုက်စစ် ကစားသမား ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင်သူ့အတွက် ပေးချေလိုက်ရတဲ့ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၆၀) ကို ထည့်တွက်မယ်ဆိုရင် ၂၀၂၂ ခုနှစ်နောက်ပိုင်း တိုက်စစ်ပိုင်ကဏ္ဍ အားဖြည့်မှုတွေအတွက် အသင်းရဲ့အားဖြည့်မှု.. အသုံးစားရိတ်ဟာ စတာလင်ပေါင်သန်း (၆၀၀) ရှိသွားခဲ့ပါပြီ..။
အသက် (၂၃) နှစ်အရွယ် တိုက်စစ်မှူးသစ်ဟာ စနေနေ့က ပါးလ်မီးရက်စ်အသင်းကို အနိုင်ရခဲ့တဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ်ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ်နဲ့ စတင်ပါဝင်ခွင့်ရခဲ့ပါတယ်..။ ဒီနေ့မနက်ပိုင်းမှာတော့ ဂျာအို ပီဒရို ဟာ သူကိုပြုစု၊ ပျိုးထောင်ပေးလိုက်တဲ့ အသင်းဖြစ်တဲ့ ဖလူမင်နက်စီအသင်းနဲ့ အကြိုဗိုလ်လုပွဲစဉ်မှာ လှပတဲ့သွင်းဂိုး နှစ်ဂိုးနဲ့အတူ အပြာရောင်တွေနဲ့ သူ့ရဲ့အခန်းကဏ္ဍသစ်ကို အခိုင်အမာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေငြာနိုင်ခဲ့ပါပြီ..။
ဘရာဇီးလ်လူငယ်ကြယ်ပွင့်လေးဟာ ပွဲချိန် (၁၈) မိနစ်အရောက်မှာ သီယာဂို ဆေးလ်ဗား ရှင်းထုတ်တဲ့ ဘောလုံးကို ဖလူမင်နက်စီအသင်း ပင်နယ်တီဧရိယာရဲ့ ဘယ်ဘက်ထိပ်မှာ လက်ခံရရှိခဲ့ပါတယ်..။ အဲဒီဘောလုံးကို တစ်ချက်ထိန်းပြီး အသက် (၄၄) နှစ်အရွယ် ဂိုးသမား ဖာဘီယို ရဲ့ ဘယ်ဘက်အဝေးထောင့်ထဲကို လှပတဲ့ လေးညှို့သဏ္ဍန် ကွေးဝိုက်ကန်ချက်နဲ့ အပြာရောင်တွေအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်..။
သူ့ရဲ့ဒုတိယဂိုးကလည်း သပ်ရပ်လှပတဲ့ သွင်းဂိုးတစ်ဂိုးပါပဲ..။ ပွဲချိန် (၅၆) မိနစ်မှာ ချယ်လ်ဆီးအသင်းရဲ့ လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်ကနေ အင်ဇို ဖာနန်ဒက်စ် ဟာ ကွင်းလယ်စက်ဝိုင်းနားမှာ ဘောလုံးရခဲ့ပါတယ်..။ အာဂျင်တီးနား ကွင်းလယ် ကစားသမားဟာ ဂျာအို ပီဒရို ရဲ့ ပြေးလမ်းထဲကို အပြင်ခြေခွင်နဲ့ အတိအကျ ပေးပို့နိုင်ခဲ့ပါတယ်..။ ဘရာဇီးလ် တိုက်စစ်မှူးလေးဟာ ဖလူမင်နက်စီအသင်းရဲ့ ပင်နယ်တီဧရိယာထဲကို ဆွဲဝင်လာပြီး ညာဘက်ကိုတစ်ချက်ထုတ်၊ ပြင်းထန်၊ အားပါတဲ့ ဒုံးပျံကန်ချက်နဲ့အတူ ချယ်လ်ဆီးအသင်းရဲ့ အနိုင်ရလဒ်ကို သေချာစေခဲ့ပါတယ်..။
အခုဆိုရင် ချယ်လ်ဆီးအသင်းဟာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာကြောင့် ဆုကြေး စတာလင်ပေါင် (၂၁.၉) သန်း ရရှိမှာဖြစ်ပါတယ်..။ ဂျာအို ပီဒရို ဟာ အကြိုဗိုလ်လုပွဲစဉ်မှာ ပွဲရဲ့အဆုံးအဖြတ် အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်ခဲ့တဲ့သူဖြစ်ခဲ့ပြီး သူ့အတွက် ပေးချေလိုက်ရတဲ့ အသင်းပြောင်းရွှေ့ကြေးရဲ့ သုံးပုံ၊ တစ်ပုံကို ချက်ချင်းလက်ငင်း အကြေဆပ်နိုင်ခဲ့ပြီ.. လို့ ပြောနိုင်ပါတယ်..။
"ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံး ပွဲဦးထွက်ဟာ အိပ်မက်တစ်ခုလိုပါပဲ..။ ဒီထက်ပိုကောင်းဖို့ ဖြစ်နိုင်တော့မယ် မထင်ပါဘူး။ အသင်းအတွက် ကျွန်တော့်ရဲ့ ပထမဆုံး သွင်းဂိုးတွေက် ဝမ်းသာမိပါတယ်။ ဒါ့အပြင် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကျွန်တော့်အတွက် ပထမဆုံးဆုလည်း ဖြစ်လာမှာပါ။ အသင်းကို ကျွန်တော်ရောက်လာတာ တစ်ပတ်ပဲရှိပါသေးတယ်.. အခုတော့ ဗိုလ်လုပွဲ ကစားရတော့မယ်။" ဆိုပြီး ဂျာအို ပီဒရို က DAZN သတင်းဌာနကို ပြောကြားခဲ့ပါတယ်..။
ဒါဆိုရင် ချယ်လ်ဆီးအသင်းဟာ ထက်မြက်မှုကင်းမဲ့နေတဲ့ တိုက်စစ်မြှားဦးအတွက် အဖြေရှာတွေ့ပြီ… လို့ ပြောနိုင်ပြီလား..?
ပွဲဦးထွက်မှာ ပြီးပြည့်စုံခဲ့တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့ ဂျာအို ပီဒရို..
နည်းပြအင်ဇို မာရက်စ်ကာ ရဲ့အသင်းဟ နွေရာသီအပြောင်းအရွှေ့ရာသီ စတင်ဖွင့်လှစ်လိုက်တာနဲ့ တိုက်စွမ်းပိုင်း အားဖြည့်မှုတွေကို အချိန်မဖြုန်းပဲ ပြုလုပ်ခဲ့ပါတယ်..။ ဂျာအို ပီဒရို အပြင် ဘိုရုရှား ဒေါ့မွန်အသင်းက ဂျေမီ ဂိုင်တန်စ်၊ အစ်ပ်ဝစ်ချ်အသင်းက လီယန် ဒီလပ် နဲ့ ပါးလ်မီးရက်စ်အသင်းက ဘရာဇီးလ် လူငယ်ကြယ်ပွင့် အက်စ်တီဗာအို ဝီလီယံ တို့ကိုပါ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်..။
ဂျာအို ပီဒရို ဟာ ၂၀၂၃ ခုနှစ်မှာ ဝက်ဒ်ဖို့ဒ်အသင်းကနေ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဇင်ယော်တွေအတွက် ပွဲပေါင်း (၇၀) အတွင်း ဂိုးပေါင်း (၃၀) သွင်းယူပေးနိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ‘တောက်မယ့်မီးခဲ၊ တရဲရဲ..’ ဆိုသလို အရှိန်အဟုန်နဲ့ တောက်ပတော့မယ့် ဘရာဇီးလ် လူငယ်တိုက်စစ်မှူးကို အထောင်တိုက်စစ်မှူး ‘No. 9’ နဲ့ ‘No 10’ နေရာတွေမှာ ပြိုင်ဆိုင်မှုပြင်းထန်စေဖို့ ရည်ရွယ်ပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်..။ သူကတော့ MetLife Stadium ကစားကွင်းကြီးအတွင်း ပထမဆုံးအကြိမ် အသင်းအတွက် အပြည့်အဝ ကစားခွင့်ရချိန်မှာ ပုံမှန်ပွဲထွက်နေရာအတွက် အဆင်သင့်ရှိနေပြီဆိုတဲ့အကြောင်းကို ခိုင်မာစွာ သက်သေပြသ နိုင်ခဲ့ပါပြီ..။
ဘရာဇီးလ် တိုက်စစ်မှူးလေးဟာ အဲဒီပွဲမှာ ဂိုးကန်သွင်းချက် (attempts) (၃) ကြိမ်မှာ (၂) ဂိုးရရှိခဲ့ပြီး ချယ်လ်ဆီး ကစားသမားတွေထဲမှာ ခရစ္စတိုဖာ အန်ကွန်းကူ တစ်ယောက်ပဲ ဂိုးကန်သွင်းခွင့်အရေအတွက် သူနဲ့တူညီအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်အထောင်တိုက်စစ်မှူးအဖြစ် အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နိုင်ခဲ့သလို ပွဲချိန်မိနစ် (၆၀) မှာ နီကိုလပ်စ် ဂျက်ဆင် နဲ့ လူစားမလဲခင်အထိ နောက်ခံလူတွေနဲ့ ဘောလုံးယှဉ်လုနိုင်မှု (ground duels) (၉) ကြိမ်၊ အမြင့်ဘောယှဉ်လုနိင်မှု (aerial duels) (၄) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်..။ အဲဒီပွဲအတွင်းက တခြားချယ်လ်ဆီးအသင်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခရစ္စတိုဖာ အန်ကွန်းကူ နဲ့ မွိုက်စ် ကိုင်ဆီဒို တို့နှစ်ယောက်ပဲ သူ့ထက်ပိုပြီး ground duels များများရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်..။ aerial duels အချက်အလက်တွေမှာလည်း မာ့စ် ကူကူရယ်လာ နဲ့ ထရေဗာ ချာလိုဘာ တို့နှစ်ယောက်ပဲ သူနဲ့နည်းတူ စွမ်းဆာင်ပေးနိုင်ခဲ့ပါတယ်..။
ဒါ့ကြောင့်DAZN သတင်းဌာနရဲ့ တိုက်ရိုက်တင်ဆက်မှု အစီအစဉ်မှာ နည်းစနစ်ပိုင်း သုံးသပ်သူအဖြစ် ပါဝင်ခဲ့တဲ့ ရီးရဲလ် မက်ဒရစ်အသင်း တိုက်စစ်မှူးဟောင်း ဂါရတ် ဘေးလ် က "ဂျာအို ပီဒရို ဟာ သွင်းဂိုးတွေပဲ ပံ့ပိုးပေးတဲ့သူ မဟုတ်ဘူးဗျ..။ သူ့ရဲ့အသင်းဖော်တွေနဲ့ ချိတ်ဆက်မှုတွေ (link up plays)၊ ဘောလုံးပေးပို့မှုတွေ (passes) မှာ ကစားကွက်အမြင် (vision) စူးရှ၊ ကောင်းမွန်နေတာ တွေ့မိပါတယ်။ တိုက်စစ်မှူး တစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်လို့ ပြောရမှာပါပဲ။
"ဒါ့အပြင် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တာဟာ သူ့ရဲ့ကစားသမားဘဝ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းမှု ဖြစ်ပါတယ်..။ အခုအချိန်မှာ သူဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ သူ့ဆီမှာရှိနေတဲ့ ပင်ကိုယ်ပါရမီ စွမ်းရည်ကောင်းတွေကို ကျွန်တော်တို့မြင်တွေ့နေရပြီး အနာဂတ်မှာ အခုထက်ပိုပြိး ဆက်လက်တိုးတက် နိုင်ဦးမယ်လို့ မျှော်လင့်မိပါတယ်။"လို့ ပွဲပြီးသုံးသပ်ချက်မှာ ချီးကျူးသွားခဲ့ပါတယ်..။
နယူးကာဆယ် ယူနိက်တက်အသင်း တိုက်စစ်မှူးဟောင်း ကာလန် ဝီလ်ဆင် ကလည်း "သူဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှု အပြည့်ရှိတဲ့ ကစားသမားအဖြစ် ရှိနေပြီးသားပါ။ ဒါ့ကြောင့်အသင်းသစ်ကို ရောက်လာတဲ့အချိန်မှာ ခြေစွမ်းကောင်းတွေပြသပြီး တာထွက်ကောင်းချင်တဲ့ဆန္ဒရှိနေပါ…။ ဒီနေ့ပွဲမှာတော့ သူရဲ့ဆန္ဒအတိုင်း ထပ်တူကျအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်..။ သူဟာ ချယ်လ်ဆီးအသင်းအတွက် ဘယ်လောက်ထိအောင် အရေးပါတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်မလဲ? ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။" ဆိုပြီး ဖြည့်စွက် သုံးသပ်သွားခဲ့ပါတယ်..။
တစ်ကွင်းလုံးအနှံ့ လိုက်ပါကစားတတ်တဲ့ သူ့ရဲ့ကစားဟန်…
ဖလူမင်နက်စီ အသင်းနဲ့ပွဲစဉ်မှာ ဂျာအို ပီဒရို ဟာ ဘောလုံးထိချက် (touches) (၂၆) ကြိမ် ရရှိခဲ့ပြီး အခုယှဉ်ပြိုင်နေတဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးသုံးယောက်ထံမှာ နီကိုလပ်စ် ဂျက်ဆင် တစ်ယောက်ပဲ အလားတူ ဘောလုံးထိချက် (၂၆) ကြိမ် ရရှိခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ရှိခဲ့ပါတယ်..။
ဒါပေမယ့် ဘရာဇီးလ်ကစားသမားရဲ့ ဘောလုံးထိချက်တွေဟာ ပြိုင်ဘက်အသင်းရဲ့ ကွင်းဘက်ခြမ်းမှာပဲ မဟုတ်ခဲ့ပါဘူး..။ အင်္ဂါနေ့က အကြိုဗိုလ်လုပွဲစဉ်မှာ သူဟာတစ်ကွင်းလုံးအနှံ့ ရွှေ့လျား၊ ပြေးလွှားနေခဲ့ပြီး သူရဲ့ဘောလုံးထိချက်တွေထဲမှာ ကိုယ့်ရဲ့ကွင်းဘက်ခြမ်းမှာ ဘောလုံးဆင်းယူ၊ အရယူခဲ့တဲ့ ထိချက် (၇) ကြိမ် ပါဝင်ခဲ့ပါသေးတယ်..။
ဒါ့ကြောင့်လည်း နည်းပြအင်ဇို မာရက်စ်ကာ က ပွဲပြီးတဲ့အချိန်မှာ အခုလိုသုံးသပ် ပြောကြားခဲ့ပါတယ်..။ "ဂျာအို ပီဒရို ရဲ့ ခြေစွမ်းကို အရင်ကတည်းက သိရှိထားပြီး ဖြစ်ပါတယ်..။ ဒီနေ့မှာတော့ သူဟာကိုယ့်အသင်းရဲ့ ကွင်းဘက်ထဲကိုဆင်းပြီး ဘောလုံးတွေအရယူနိုင်ခဲ့ပါတယ်..။ သူ့ဆီမှာ အခုလိုနောက်ပြန်ဆင်းပြီး ကွင်းလယ်နဲ့ ချိတ်ဆက် ကစားနိုင်တဲ့ (link up play) အရည်အချင်းရှိမှန်း သိထားခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲထွက်ကစားသမားအဖြစ် သူ့ကို ဦးစားပေး၊ ရွေးချယ်ခဲ့တာပါ"
လီယန် ဒီလပ်ကတော့ Esperance Tunis အသင်းနဲ့ ကစားခဲ့တဲ့အုပ်စုပွဲစဉ်မှာ ကိုယ့်အသင်းရဲ့ ကွင်းဘက်ခြမ်းမှာ ဘောလုံးထိချက် (၂) ကြိမ်ပဲ ရရှိခဲ့ပါတယ်..။ နီကိုလပ်စ် ဂျက်ဆင် ဟာလည်း လော့စ် အိန်းဂျယ်လိစ် FC အသင်းနဲ့ပွဲမှာ ကိုယ့်အသင်းရဲ့ ကွင်းဘက်ခြမ်းအတွင်း ဘောလုံးထိချက် (၄) ကြိမ်သာ ရရှိခဲ့ပါတယ်..။ ဒါ့အပြင် ဂျာအို ပီဒရို ဟာ တောင်ပံနေရာတွေမှာ ပိုမိုလှုပ်ရှားနိုင်ခဲ့ပြီး၊ ချယ်လ်ဆီးအသင်းရဲ့ တိုက်စွမ်းအဟုန်ကို ထိန်းချုပ်နိုင်ဖို့ ဘယ်၊ ညာတောင်ပံ နှစ်ဖက်စလုံးမှာ ကစားခဲ့ပါတယ်..။ ဒီလပ် နဲ့ ဂျက်ဆင် တို့ရဲ့ ဘောလုံးထိချက်ထိကိုင်ချက် အများစုဟာ ကွင်းလယ်နဲ့ ပြိုင်ဘက်အသင်း ကွင်းဘက်ခြမ်း.. တိုက်စစ်ဇုန် (final third) ထဲမှာသာ ရှိနေခဲ့ပေမယ့် ဂျာအို ပီဒရို ကတော့ တောင်ပံတွေကနေ ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပိုမိုပြုလုပ်နိုင်ခဲ့ပါတယ်..။
"အသင်းတိုင်းမှာ မတူညီတဲ့ကစားဟန်ရှိပါတယ်..။ ဒီလပ် ရဲ့ ကစားဟန်က တစ်မျိုး၊ ဂျက်ဆင် က တစ်မျိုး၊ ကျွန်တော်ကလည်း ကိုယ့်ရဲ့ကိုယ်ပိုင်ဟန်… ကိုယ်ပိုင်နည်းလမ်းနဲ့ ကစားပါတယ်.." ဆိုပြီး ဂျာအို ပီဒရို က အင်္ဂါနေ့ပွဲမတိုင်မှီ ပြောကြားခဲ့ပါသေးတယ်..။ "အသင်းအတွက် ပိုကောင်းတဲ့အရာတွေယူဆောင်လာနိုင်သူက ပွဲစဉ်မှာ ကစားခွင့်ရမှာပါ" လို့ သူက ထပ်မံဖြည့်စွက်ခဲ့ပြန်ပါသေးတယ်..။
ဒါ့ကြောင့်အသွင်သစ်နဲ့ အရှိန်အဟုန်သစ်တစ်ခုကို တည်ဆောက်တဲ့ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ အပြာရောင်အသင်းသစ်မှာ မတူညီတဲ့ တိုက်စစ်မှူးတွေရဲ့ ကစားဟန်နဲ့အတူ တိုက်စစ်ပိုင်း ရွေးချယ်မှုတွေ ပိုမိုများပြားလာမှာပါ..။ ဒါပေမယ့် အင်္ဂါနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အကြိုဗိုလ်လုပွဲစဉ်အပြီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေအရဆိုရင် တနင်္ဂနွေနေ့ ဗိုလ်လုပွဲကြိးမှာ ဂျာအို ပီဒရို ဟာ လီယန် ဒီလပ် နဲ့ နီကိုလပ်စ် ဂျက်ဆင် တို့ထက် ပိုပြီးထွက်ရဖို့ အလားအလာ ကောင်းနေပါကြောင်း တင်ဆက်လိုက်ရပါတယ်..။
(BBC Sports သတင်းဌာနမှ ဆောင်းပါးရှင် Matthew Howarth ၏ ‘19 forwards and £600m later... is Joao Pedro the frontman Chelsea need?’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)