ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ကိုးလ် ပါးမား တို့ မိသားစုဝင်မှာ သူတို့ရဲ့ မျိုးရိုးဇာတိမြေဖြစ်တဲ့ စိန့် ကစ်ကျွန်းကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ပူနွေးတဲ့ ကာရစ်ဘီယံ ပင်လယ်ထဲက အဲဒီကျွန်းစုလေးဟာ ချယ်လ်ဆီးနှင့် ကိုးလ် ပါးမား ကြီးပြင်းလာခဲ့သော မန်ချက်စတာ ဆင်ခြေဖုံးဒေသနဲ့ မိုင်ပေါင်း (၄,၀၀၀ကျော် ကွာဝေးပါတယ်..။
အဲဒီကျွန်းစုကို စတင်ခြေချလိုက်တဲ့ အချိန်ကစပြီး ပြန်လည်ထွက်ခွာခဲ့တဲ့ (၇၂) နာရီ.. ဒါမှမဟုတ် (၃) ရက်တာအတွင်းမှာ အသက် (၂၃) နှစ်အရွယ် ချယ်လ်ဆီးအသင်းနဲ့ အင်္ဂလန်လူငယ် ကစားသမားလေးဟာ စတန်းဖို့ဒ် ဘရစ်ချ် မြက်ခင်းစိမ်းပေါ်မှာ ကစားခဲ့တဲ့ပွဲစဉ်တွေကထက်ပိုပြီး ဘုရင်တစ်ပါးလို၊ တကယ့်အရေးကြီး ပုဂ္ဂိုလ်တစ်ဦးလို ဆက်ဆံခြင်းခံရပါတယ်..။ ကျွန်းစုဝန်ကြီးချုပ်ကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့သလို ဒေသခံဘောလုံးသမားတွေနဲ့ ခြေစမ်းပွဲကစားတဲ့ အစီအစဉ်တွေ၊ လှပတဲ့ပင်လယ်ကမ်းစပ်တစ်လျှောက် လှိုင်းစီးခြင်းနဲ့ သူ့ရဲ့ဘိုးဘွားတွေ နေထိုင်ခဲ့တဲ့အိမ်လေးဆီကို သွားရောက်၊ လည်ပတ်ခြင်းတို့ ပါဝင်ခဲ့ပါတယ်..။
"သိပ်တော့ မလွယ်လှဘူးဗျ..။ ကျွန်တော်သွားရောက်တဲ့ နေရာတိုင်းမှာ လူအုပ်ကြီးက ဝိုင်းဝိုင်းလာကြပါတယ်.." ဆိုပြီး ပါးမား က ပြန်ပြောပြခဲ့ပါတယ်…။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကတော့ သူဟာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဗိုလ်လုပွဲမှာ ကစားပေးခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် နှစ်ဂိုးသွင်းပေးကာ အနိုင်ယူဗိုလ်စွဲစေခဲ့ပါတယ်..။ ပွဲအပြီးအောင်ပွဲခံချိန်မှာ သူဟာအမေရိကန် သမ္မတကြီး ဒေါ်နယ် ထရမ့်ပ် နဲ့ ပထမဆုံး စကားပြောခွင့်ရခဲ့ပါတယ်..။ သမ္မတကြီးက ပြိုင်ပွဲရဲ့အကောင်းဆုံး ကစားသမားဆုကို ပါးမား ထံ ပေးအပ်ချိန်မှာ “သူ့ရဲ့သားက ကျွန်တော့်ရဲ့ ပရိသတ်တစ်ယောက်ပါလို့ ပြောပါတယ်..။" ဆိုပြီး ပါးမား က ပြန်ပြောပြခဲ့ပါတယ်..။ "ကျွန်တော် ဘာပြန်ပြောမိလဲ မမှတ်မိတော့ဘူး။ 'ကျေးဇူးတင်ပါတယ်' စသဖြင့် တစ်ခုခု ဖြစ်မယ်ထင်တယ်။"
အခုအချိန်မှာတော့ သူဟာမိသားစုဝင်တွေနဲ့အတူ စိန့် ကစ်ကျွန်းကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေပါပြီ..။ ထူးခြားတာက သူ့ရဲ့ဖခင်ဘက်က အဖိုးဖြစ်သူ ‘စတားရီ’ လည်း ပါဝင်လာတာပါပဲ..။ အဖိုးဖြစ်သူ စတားရီ ဟာ ဤကျွန်းလေးပေါ်မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ဘဝကို ဒီနေရာမှာ ကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်..။
"ကျွန်တော်တို့ရဲ့ မျိုးရိုးဇာတိမြေဆီကို ပြန်လာတာဟာ အရေးကြီးပါတယ်" ဟု ပါးမား က ပြောပြပါတယ်..။ "အဖိုး၊ အဖွားတွေဟာ ဒီလိုနေရာမှာ ဘယ်လိုပုံစံ ကြီးပြင်းလာသလဲ.. လေ့လာရင်း သူတို့ဆီက ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို ကျွန်တော်တို့နဲ့ နှိုင်းယှဉ်ကြည့်ရတာ သိပ်ကိုကောင်းမွန်တဲ့ အတွေ့အကြုံ ဖြစ်ခဲ့ပါတယ်...။ ဒါ့အပြင် ကျွန်တော်တို့ဟာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတာဆိုတော့ အဖိုးတို့ရဲ့ ဇာတိမြေနဲ့လည်း အရမ်းကိုနီးနေပါတယ်..။ ဒါကြောင့် ဒီကိုလာပြီး အရာအားလုံးကို ပြန်ကြည့်ကြဖို့ ဆုံးဖြတ်လိုက်ကြတာပါ..။"
စတားရီ ဟာ အသက် (၆) နှစ်အရွယ်.. ၁၉၆၀ ခုနှစ်မှာ အင်္ဂလန်ကျွန်းက ဆောက်ပ်သမ်တန်မြို့ကို သင်္ဘောနဲ့ ထွက်ခွာခဲ့ပါတယ်..။ သူ့ရဲ့မိဘတွေဟာ စစ်ပြီးခေတ် ဗြိတိန်နိုင်ငံကို ပြန်လည်တည်ဆောက်ရာမှာ ကူညီပေးဖိုဆိုပြီး လွန်ခဲ့တဲ့ (၅) နှစ်ကတည်းက ထွက်ခွာသွားခဲ့တာပါ..။ အသက် (၆) နှစ်သားအရွယ် ကာရစ်ဘီယန် ကျွန်းသားလေးဟာ သင်္ဘောခရီးထွက်ပြီး နှစ်ပတ်အကြာမှာ မိဘတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်ခဲ့ပါတယ်..။
အဖွားဖြစ်သူ အက်စ်တယ်လာကတော့ သူ့ရဲ့မြေးတော် ဘောလုံးကစားတာကို မြင်တွေ့ခွင့်မရပဲ ကွယ်လွန်သွားခဲ့ပါတယ်..။ ဒါပေမယ့် "ပါးမား လေးဟာ တစ်ချိန်ကျရင် ထူးခြားတဲ့အရာတွေ လုပ်ပြလိမ့်မယ်.. ဆိုပြီး အမေက ကျွန်တော့်ညီမနဲ့ ညီငယ်တွေကို အမြဲပြောလေ့ရှိပါတယ်.." လို့ စတားရီ က ပြန်ပြောင်းပြောပြခဲ့ပါတယ်..။ "သူမဘာကိုမြင်ခဲ့တာလဲ မသိဘူးဗျ..။ ဒါပေမယ့် အဲဒီအတိုင်း ကြိုတင်ဟောခဲ့တာပါ..။ သူမခန့်မှန်းချက်၊ ဟောကြားချက်တွေ မှန်ကန်ခဲ့ပါတယ်…။”
ပါးမား ရဲ့ အဖိုးနဲ့အဖွားတို့ဟာ မန်ချက်စတာမှာ အခြေချ၊ နေထိုင်ခဲ့ပြီး နောက်ထပ် နှစ်ပေါင်း (၆၀) အကြာ.. ဒီနေ့မှာတော့ မျိုးဆက်သုံးဆက် ပါဝင်တဲ့ မိသားစုတပ်ကြီးဟာ စိန့် ကစ်ကျွန်းကို နောက်ထပ်တစ်ဖန် ပြန်လည်ခြေချနိုင်ခဲ့ပါတယ်..။ "ဒါဟာအိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာတာပါ.." ဆိုပြီး ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကိုပြန်လာဖြစ်ခဲ့တဲ့ စတာရီ က စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဖွင့်ဟခဲ့ပါတယ်..။
"ဒီကျွန်းလေးကို လာရောက်ရတာ အရမ်းကိုကောင်းပါတယ်..။ အစစအရာရာ အားလုံးအဆင်ပြေနေပေမယ့် ဒေသခံတွေ ကစားတဲ့ ဘောလုံးပွဲတွေ သွားကြည့်ရတာ..၊ ကလေးတွေနဲ့အတူ အချိန်ကုန်ဆုံးခွင့်ရတာတွေကတော့ အကောင်းဆုံးဖြစ်ပါမယ်။ သူတို့တွေနဲ့ ဘောလုံးခဏကစားပြီး အရုပ်တွေနဲ့ဆော့ကစားခဲ့တယ်၊ အင်္ကျီတွေပေါ်မှာ လက်မှတ်ရေးထိုးပေးခဲ့ပြီး တစ်ချို့တွေနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်.." ဆိုပြီး ကိုးလ် ပါးမား က စိန့် ကစ်ကျွန်း အတွေ့အကြုံ ပြောပြခဲ့ပါတယ်..။
သူ့ရဲ့အဖိုးနဲ့ အဖွားတို့ဟာ သူတို့ရဲ့ဇာတိမြေကအကြောင်းတွေကို ပြန်ပြောပြလေ့မရှိဘူးလို့ ချယ်လ်ဆီးကြယ်ပွင့်လေးက ဆက်ပြောပါတယ်..။ "ဇာတိမြေကို ပြန်ရောက်လာတော့လည်း သူ့ရဲ့နေရာတွေကို ပြန်မှတ်မိဖို့ ကြိုးစားနေပုံရတယ်၊ ဒါပေမယ့် သူမမှတ်မိနိုင်ဘူး ထင်တာပဲ။".. ဆိုပြီး သူ့ရဲ့အဖိုးအပေါ် ရယ်ရယ်မောမာ မှတ်ချက်ပြုခဲ့ပါသေးတယ်..။
အင်္ဂလန်မြေမှာ မွေးဖွားခဲ့တဲ့ အသက် (၂၃) နှစ်သား ကစားသမားလေးဟာ သူ့ရဲ့မျိုးရိုးဇာတိအကြောင်း စူးစမ်း၊ သိလိုစိတ် ရှိခဲ့ပုံရပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အရင်ကတည်းက သူ့ရဲ့ဘောလုံးကန်ဖိနပ်ပေါ်မှာ စိန့် ကစ် နဲ့ စိန့် ဂျော့ချ် တို့ရဲ့ အလံတွေကို ရိုက်နှိပ် ထားခဲ့တာကြောင့်ပါပဲ…။
ဒါ့အပြင်တနင်္ဂနွေနေ့တွေမှာ ကာရစ်ဘီယံကျွန်းက အစားအစာတွေကို မိသားစုဝင်တွေနဲ့ အတူတကွ စားသုံးလေ့ရှိပြီး သူဖခင်ရယ်..၊ အဖိုးအဖွားတို့ဟာ ဇာတိမြေရဲ့ မြူးကြွတဲ့ dance hall တေးဂီတကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်..။ တစ်ခါတုန်းက ပါးမား ဟာ ဂျမေကာကျွန်းစုက အနုပညာရှင် Vybz Kartel နဲ့အတူ TikTok ပေါ်မှာ ရက်ပ်တေးသွားနဲ့ ဖျော်ဖြေဖူးခဲ့ပြီး အဲဒီ video clip ကို ကြည့်ရှုအားပေးတဲ့သူ များပြားခဲ့ဖူးပါတယ်..။
ကာရစ်ဘီယံ ကျွန်းစုကို ခြေချပြီးတဲ့နောက် သူဟာဒေသခံတွေရဲ့ နေထိုင်မှုပုံစံနဲ့ နေသားတကျဖြစ်ဖို့ အချိန်အကြာကြီး မယူခဲ့ရပါဘူး..။ "ဒီနေရာလေးဟာ အရမ်းကိုအေးချမ်း တိတ်ဆိတ်ပြီး အင်မတန်မှ အနားယူလို့ ကောင်းပါတယ်.." ဆိုပြီး သူက ပြောပါတယ်..။ တကယ်တော့ အခုခရီးစဉ်ဟာ ပါးမား အတွက် အားလပ်ရက်ခရီး အတွက်သာမဟုတ်ဘဲ သူ့ရဲ့မျိုးရိုးဇာတိနဲ့ ပြန်လည်ချိတ်ဆက်နိုင်ဖို့ အခွင့်အလမ်းတစ်ခုပါ ဖြစ်ခဲ့ပါတယ်..။ သူဟာမိသားစုတွေနဲ့အတူ စိန့် ကစ် ကျွန်းစုမှာ အချိန်ကုန်ဆုံးခြင်းဖြင့် သူ့ရဲ့ဘိုးဘွားတွေရဲ့ အတိတ်ကို နားလည်နိုင်မှာဖြစ်သလို သူ့ရဲ့အနာဂတ် ခရီးလမ်းကြောင်းအတွက် ရှေ့ဆက်ဖို့ ခွန်အားတွေလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်..။
အခုပြီးခဲ့တဲ့ ဘောလုံးရာသီဟာ ရှည်လျား၊ ကြာမြင့်ခဲ့တာကြောင့် ပါးမား ဟာ စွမ်းဆောင်ရည် ကျဆင်းလာတော့မည့်အရိပ်အယောင်တွေ ပေါ်ခဲ့ဖူးပါတယ်..။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ MetLife Stadium ကစားကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ဗိုလ်လုပွဲကြီးမှာတော့ ပထမပိုင်းကစားချိန်အတွင်းမှာပဲ သွင်းဂိုးနှစ်ဂိုးနဲ့အတူ အားလုံးကို အံ့အားသင့်စေခဲ့ပြန်ပါတယ်…။
‘ကမ္ဘာ့ချန်ပီယံ’ ဆိုတဲ့ အောင်မြင်မှုကို တခြားအောင်မြင်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဘယ်လိုများရှိနေမလဲ..? လို့ မေးကြည့်ရာမှာ "ဒီအောင်မြင်မှုဟာ တကယ့်အထင်ကရ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါပဲ,," လို့ ချယ်လ်ဆီးကြယ်ပွင့်လေးက ပြန်ဖြေပါတယ်..။ "အထူးသဖြင့် ကျွန်တော်တို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့အတူ လူတိုင်းရဲ့မျှော်လင့်ချက်တွေကို အကောင်အထည် ပေါ်စေခဲ့ပါတယ်။ နောက်ပြီးကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်..။ လာမယ့်ရာသီအတွက် ယုံကြည်မှုတွေ ပိုပြီးရရှိလာစေပါလိမ့်မယ်..။"
အခုအချိန်မှာ ချယ်လ်ဆီအသင်း ကစားသမားတွေဟာ အသင်းကခွင့်ပြုထားတဲ့ အားလပ်ရက် ရက်သတ္တပါတ် (၃) ပါတ်ကို စတင်နေကြပြီ ဖြစ်ပါတယ်..။ ပါးမား ဟာ သူ့ရဲ့ချစ်သူ ကော်နီ ဂရေ့စ် နဲ့ ပြန်လည်ဆုံဆည်းဖို့ ရည်မှန်းထားပေမယ့် သူ့ရဲ့မျိုးရိုးတွေရဲ့ ဇာတိမြေ.. စိန့် ကစ်ကျွန်းကို အရင်ဆုံး သွားရောက်လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်…။
(Update: ကိုးလ် ပါးမား ၏ချစ်သူ ကော်နီ ဂရေ့စ် မှာ အမေရိကန် ပြည်ထောင်စုသို့ လာရောက်ခဲ့သော်လည်း ချယ်လ်ဆီးအသင်း၏ ပွဲစဉ်များသို့ လာရောက်ခဲ့ခြင်းမရှိသလို ကိုးလ် ပါးမား ၏ ကာရစ်ဘီယံ ခရီးစဉ်သို့ လိုက်ပါခဲ့ခြင်းမရှိပေ..။ ယခုနောက်ဆုံးသတင်းများအရ social media ပေါ်တွင် တစ်ဦးနှင်တစ်ဦး unfollow လုပ်ထားကြောင်း သိရသည်...။)
ကိုးလ် ပါးမား တို့ အဖိုးဖြစ်သူ စတားရီ ရဲ့ဇာတိမြေ.. ကျွန်းစုလေးကလည်း ခေတ်အဆက်ဆက် ထွန်းပြောင်ခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုတတ်တဲ့ အလေ့အထ.. ဓလေ့ရှိပါတယ်.. ။ သူတို့ရဲ့ဇာတိမြေ.. ကျွန်းစုလေးကလည်း ခေတ်အဆက်ဆက် ထွန်းပြောင်ခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုတတ်တဲ့ အလေ့အထ.. ဓလေ့ရှိပါတယ်..။ ၂၀၀၃ ခုနှစ်က မီတာ (၁၀၀) အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တဲ့ ကင် ကောလင်းစ် ကို ဂုဏ်ပြုတဲ့အနေနဲ့ စိန့် ကစ်ကျွန်းရဲ့ လေဆိပ်အတွင်းမှာ နံရံဆေးရေးပန်းချီကာတစ်ချပ် ရေးဆွဲပေးထားသလို သူ့ရဲ့အမည်ပေးထားတဲ့ အဝေးပြေးလမ်းမကြီးတစ်ခုလည်း ရှိပါတယ်..။ နာမည်ကျော် West Indies ခရစ်ကတ်အသင်းမှာ စိန့် ကစ်ကျွန်းသားတွေထဲက ပထမဦးဆုံး ရွေးချယ်ခံရတဲ့ မီကိုင်းလ် နဲ့ ဂျယ်ရီမီ လူးဝစ်စ် တို့ညီအစ်ကို နှစ်ယောက်ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုထားတဲ့ အထိမ်းအမှတ်တွေလည်းရှိပါတယ်..။
ဒီကျွန်းစုပေါ်မှာ ပါးမား ကို အားပေးတဲ့ ပရိသတ်တွေလည်း မနည်းမနောပါပဲ..။ စိန့် ကစ်ကျွန်းပေါ်က နာမည်ကျော် ရက်ဂေး ဘားဆိုင်ထဲမှာ ချယ်လ်ဆီကြယ်ပွင့်ကို ဂုဏ်ပြုတဲ့အနေနဲ့ 'The Shed End' အပြာရောင် ပလိပ်ပြားငယ်တစ်ခုကို ချိတ်ဆွဲထားပါတယ်..။ ပါးမား တို့မိသားစုဝင်တွေဟာ အဲဒီပလိပ်ပြားပေါ်မှာ မှတ်တမ်းစကားတွေ ရေးထိုးကြပြီး ချယ်လ်ဆီးအသင်းရဲ့ ကျောနံပါတ် (၁၀) ကစားသမားကလည်း အမှတ်တရ လက်မှတ်ရေးထိုး၊ မှတ်တမ်းတင်ပေးခဲ့ပါတယ်..။
စိန့် ကစ် နဲ့ နားဗစ်ကျွန်းစုကို ရောက်နေချိန်မှာ ပါးမား တို့ မိသားစုဝင်တွေဟာ အဖိုးဖြစ်သူ စတားရီ ရဲ့ ငယ်စဉ်ဘဝက နေထိုင်ခဲ့ဖူးတဲ့အိမ်ကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်..။ "အိမ်ထဲကို ဝင်ခွင့်မရခဲ့ဘူး" လို့ ပါးမား က ရှင်းပြပါတယ်..။ စတားရီ ရဲ့ အဒေါ်၊ ဦးလေး၊ ဖွားအေတို့နဲ့အတူ နေထိုင်ခဲ့တဲ့ ကျောက်အိမ်ငယ်လေးဟာ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ လုံးဝနီးပါး ဖုံးလွှမ်းနေပြီး အိမ်ဝင်ပေါက်ကို ကောင်းကောင်းမမြင်နိုင်အေင် ဖြစ်နေပါတယ်..။
"အိမ်တစ်လုံးလို့တောင် မခေါ်နိုင်တော့ဘူး၊ ဘာလို့လဲဆိုတော့ အချိန်အရမ်းကြာသွားပြီ။ ဒါပေမယ့် အဖိုးတို့ သွားလာခဲ့ကြတဲ့ လမ်းလေးနဲ့ သူတို့နေထိုင်ခဲ့တဲ့ နေရာလေးကို အရင်တုန်းက အခြေအနေအတိုင်း မြင်တွေ့ခွင့်ရခဲ့တာ ကြည်နူးဖို့ကောင်းလှပါတယ်။" ဆိုပြီး ပါးမား က ပြောပြခဲ့ပါတယ်..။ သူတို့မိသားစုဝင်တွေဟာ အဖိုးရဲ့အိမ်ဟောင်းနီးမှာပဲ ညစာစားခဲ့ကြပါတယ်..။ ဂျမေကာရိုးရာ Jerk chicken wings ကြက်တောင်ပံကြော်နဲ့အတူ စတားရီ အတွက် အတိတ်က မိသားစုဝင်တွေရဲ့ အတွေ့အကြုံများကို ပြန်လည်သုံးသပ်ရန် အခွင့်အလမ်း ရရှိစေခဲ့ပါတယ်..။
အဖိုးဖြစ်သူ စတားရီ ကတော့ "တကယ့်ကို မယုံနိုင်စရာပဲ..။ အခုရောက်နေတဲ့နေရာကို နှစ်ပေါင်း (၆၀) အကြာမှာ ကျွန်တော့်ရဲ့ သားတွေ၊ မြေးတွေနဲ့ ပြန်လာနိုင်ခဲ့တယ်ဆိုတာ စာနဲ့ရေးပြလို့မရနိုင်ပါဘူး။.." ဆိုပြီး ကြည်နူး ဆွတ်ပျစွာနဲ့ ပြောပြပါတယ်..။ သူဟာ စိန့် ကစ်ကျွန်းမှာ နေထိုင်စဉ်တုန်းက ခရစ်ကတ် ကစားခဲ့ပေမယ့် သူအကြိုက်ဆုံးအားကစားကို မိသားစုအတွင်း နောက်မျိုးဆက်တစ်ခုဆီ လက်ဆင့်မကမ်းနိုင်ခဲ့ပါဘူး…။ "ခရစ်ကတ် မကစားဖူးသလို ကြည့်လည်းမကြည့်ဖူးဘူး" ဟု ပါးမား က ပြုံးပြီး ပြောပြပါတယ်..။
အဖိုး စတားရီ ဟာ အင်္ဂလန်ကို ပြောင်းရွှေ့မလာခင်က ဘောလုံးကို တစ်ခါမှမကန်ခဲ့ဖူးပါဘူး..။ နောက်ပိုင်းမှာ သူဟာအရင်တုန်းက မန်ချက်စတာ စီးတီးအသင်း အခြေစိုက်တဲ့ Maine Road ကစားကွင်းနားမှာ နေထိုင်ခဲ့ပြီး ပါးမား ရဲ့ ဦးလေးဖြစ်သူ ကောလင်း ရဲ့ပြောစကားအရ သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကစားနိုင်လောက်အောင်အထိ ခြေစွမ်းကောင်းလာခဲ့ပါတယ်..။ နောက်ထပ်နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ စတားရီ ဟာ သူရဲ့မြေးဖြစ်တဲ့သူ အသက် (၇) နှစ်အရွယ်တုန်းက မန်ချက်စတာ စီတီးအသင်းနဲ့ လေ့ကျင့်နေစဉ်မှာ ပထမဆုံးအကြိမ် လာရောက်ကြည့်ရှုခဲ့ပါတယ်..။
"သူဟာထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်.." ဆိုပြီး စတားရီ က သူ့ရဲ့မြေးလေးရဲ့ ခြေစွမ်းအပေါ် ထင်ကြေးပေးခဲပါတယ်..။ အဲဒီနောက်ပိုင်း ပါးမား နှင့် သူ့ရဲ့ဖခင်တို့ဟာ အိမ်နားကပန်းခြံထဲမှာ ညစဉ်တိုင်းအချိန်ကုန်ဆုံးပြီး လေ့ကျင့်ခဲ့ကြပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီကြယ်ပွင့်က သူ၏ဖခင်ကို "ပက်ပ် ဂွာဒီယိုလာ နဲ့ မတွေ့ခင်က ကျွန်တော့်ရဲ့ Pep" အဖြစ် တင်စား.. ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်..။
ပါးမား ဟာ မန်ချက်စတာ စီးတီးအသင်းမှာ (၁၃) နှစ် ကစားခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကို စတာလင်ပေါင် (၄၂.၅) သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်..။ သူဟာအပြာရောင်တွေရဲ့ အဓိက အသက်သွေးကြောအဖြစ် အလျှင်အမြန် ရပ်တည်နိုင်ခဲ့သလို ပြီးခဲ့တဲ့ဘောလုံးရာသီအစမှာ ချယ်လ်ဆီးအသင်းကို ရောက်လာတဲ့ မန်ချက်စတာသား ဗဟိုနောက်ခံလူ တိုစင် အဒါယာဘိုင်ယိုရို နဲ့လည်း ခင်မင်ရင်းနှီးမှုတွေ ဒီရေအလား တိုးပွားလာခဲ့ပါတယ်..။
"ကျွန်တော်တို့တွေဟာ ငယ်စဉ်ကတည်းက တွေ့ခဲ့ကြတဲ့သူတွေ ဖြစ်ကြပါတယ်..။ သူ့ရဲ့အကျင့်စရိုက်..၊ စိတ်နေစိတ်ထားဟာ ကျွန်တော့်နဲ့ အတော်လေး ဆင်တူပါတယ်" ဆိုပြီး ပါးမား က ပြောပြပါတယ်..။ "ဒါကြောင့် ချယ်လ်ဆီးအသင်းကို သူရောက်တဲ့အချိန်ကစပြီး ကျွန်တော်တို့အချင်းချင်း အရမ်းတွဲဖက်ညီခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်တို့နှစ်ယောက်ကို ခွဲနိုင်ဖို့မလွယ်တော့ဘူး။"
ပီအက်စ်ဂျီအသင်းကို အနိုင်ရပြီးတဲ့နောက် သူတို့နှစ်ယောက်ဟာ ဂိုးပိုက်ကြီးတစ်လုံးကို ဖြုတ်ယူခဲ့ကြပါတယ်..။ ဒါပေမယ့်အဲဒီဂိုးပိုင်ကြီးကို သူ့ကိုမပေးပဲ တိုစင် ယူသွားခဲ့ပါတယ်..။ "သူက ကျွန်တော့်ကို နည်းနည်းတော့ ခွဲပေးဖို့လိုတယ်။ သူ့ဆီကို ဖုန်းဆက်ပြီး ဝေစုပြန်ခွဲရမယ်။"
ဒါပေမယ့် အဲဒီကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ရရှိလာမယ့် အမှတ်တရပစ္စည်းအတွက် သူ့ဆီမှာ ကြီးကျယ်ခမ်းနားတဲ့ တခြားအစီအစဉ်တွေ မရှိပါဘူး..။ "အိမ်ရောက်ရင် တခြားအမှတ်တရ ပစ္စည်းတွေနဲ့ပဲ အတူထားလိုက်မှာပါ.." ဆိုပြီး ပါးမား က ပြောပါတယ်..။ စိန့် ကစ်ကျွန်း ဝန်ကြီးချုပ်က ပေးအပ်ခဲ့တဲ့ အမှတ်တရလက်ဆောင် စိန့် ကစ်ရိုးရာအင်္ကျီ၊ ဒေသခံ အနုပညာ လက်ရာတွေနဲ့အတူ ထားရှိဖို့လည်း ဖြစ်နိုင်ပါတယ်..။
ဒါပေမယ့် အဲဒီအရာတွေဟာ အင်္ဂလန်ကိုပြန်ရောက်တဲ့ အချိန်ကျမှ ခေါင်းထဲထည့်ရမယ့်အရာ ဖြစ်ပါလိမ့်မယ်..။ အခုအချိန်ဟာ စိန့် ကစ်ကျွန်းမှာတော့ နေ့လယ်စာစားရမယ့် မွန်းလွဲချိန်နောက်နေပြီ ဖြစ်တာကြောင့် ပါးမား တို့မိသားစုဟာ Spice Mill ဆိုတဲ့ စားသောက်ဆိုင်မှာ ဘူးဖေးစတိုင် နေ့လည်စာ စားသုံးကြဖို့ ပြင်ဆင်နေကြပါပြီ..။ တစ်ဆိုင်လုံးမှာ သူ့ကိုအားပေးဖို့ ချယ်လ်ဆီး၊ ဟေတီအသင်း၊ ဒေသခံ Newtown United အသင်းတို့ရဲ့အင်္ကျီတွေ ဝတ်ဆင်ထားကြတဲ့ ပရိသတ်ကြီးနဲ့ ပြည့်နှက်နေပါပြီ..။ သူတို့စားသောက်နေစဉ်မှာ အားလုံးက မျက်ခြေမပြတ် စောင့်ကြည့်နေကြပါတယ်..။ ဝက်သားဟင်းလျာ၊ သိုးသားဆီပြန်.. အုန်းသီးမုန့်လုံးတွေ ပါဝင်တဲ့ ဖွယ်ဖွယ်ရာရာ နေ့လည်စာဟာ မန်ချက်စတာမြို့က တနင်္ဂနွေနေ့တွေမှာ စားသောက်ကြတဲ့ နေ့လည်စာတွေ အတိုင်းပါပဲ…။
(Daily Mail မှ ဆောင်းပါးရှင် Daniel Matthews ၏ ‘What happened when Cole Palmer visited his Caribbean homeland for the first time’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)