ဘောလုံးကစားနည်းဟာ ဂျာအို ပီဒရို ရဲ့ အသွေးထဲ၊ အသားထဲမှာ စိမ့်ဝင်၊ စီးမျောနေတာ အအသေအချာပါပဲ..။ ယုံတမ်းစကားတစ်ခုလို ဖြစ်နေမလား? ဒါပေမယ့် အမှန်တရားကတော့ မပြောင်းလဲပါဘူး။
သူ့ရဲ့ဖခင် ဟိုဆေး ဂျာအို ဒီ ဂျေဇူး (ချီကာအို လို့ပဲ လူသိများပါတယ်..) ဟာ ဘရာဇီးလ်လိဂ်ပြိုင်ပွဲဝင် ဘိုတာဖိုဂို အသင်းရဲ့ ကြယ်ပွင့်ကစားသမား တစ်ဦးဖြစ်ပြီး ကြမ်းကြမ်းတမ်းတမ်း ကစားတတ်တယ်..၊ ဇွဲလုံ့လကြီးမားပြီး လုပ်အားနှုန်း ကောင်းမွန်တဲ့ ကွင်းလယ်အဖျက် ကစားသမားတစ်ဦးဖြစ်ပါတယ်..။
ဘိုတာဖိုဂိုအသင်း ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက် ဖြစ်ခဲ့တဲ့ ချီကာအို ဟာ အသင်းကို ဆောင် ပေါ်လိုပြည်နယ် ချန်ပီယံရှစ်ဖလား ဗိုလ်လုပွဲအထိ ပို့ဆောင်နိုင်ခဲ့ပြီး အနာဂတ်မှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရှိမယ်လို့ မျှော်လင့်ချက်တွေ ကြီးမားခဲ့ကြပါတယ်..။ ဒါပေမယ့် ရွှေရောင်အနာဂတ်တွေ တောက်ပနေတဲ့ သူ့ရဲ့ကစားသမားဘဝခရီးလမ်းဟာ မျှော်လင့်မထားတဲ့ လောကဓံ မုန်တိုင်းကြောင့် ရုတ်ခြည်းရပ်တန့်၊ ပြောင်းလဲသွားခဲ့ပါတယ်။
ဖလားဗိုလ်လုပွဲရောက်ပြီး နောက်ထပ်တစ်နှစ်အကြာမှာ ဘိုတာဖိုဂို ကြယ်ပွင့် ကစားသမားဟာ လူသတ်မှုတစ်ခုမှာ ပါဝင်၊ ပတ်သက်မှုနဲ့ ထောင်ဒဏ် (၁၆) နှစ် ကျခံခဲ့ရပါတယ်..။ ဂျာအို ပီဒရို ရဲ့မိခင် ဖလာဗီယာ ဂျန်ကွီးယား ဟာ သူ့ရဲ့ဖခင်ဖြစ်သူ ချီကာအို နဲ့ လမ်းခွဲခဲ့ရသလို လူပျိုပေါက်အရွယ် ရောက်နေပြီဖြစ်တဲ့ ဂျာအို ရဲ့ ဘဝအပေါ် ဘယ်လိုများ သက်ရောက်၊ ရိုက်ခတ်မှုရှိခဲ့မလဲ.. မြင်ယောင်ကြည့်နိုင်ပါတယ်။ သူ့ရဲ့ ပြစ်ဒဏ်ကို (၈) နှစ်အထိ လျော့ပေါ့ပေးခဲ့သော်လည်း ထောင်ကပြန်လွတ်လာတဲ့အချိန်မှာ အသက် (၃၁) နှစ် ရှိနေပြီဖြစ်တာကြောင့် ဘယ်အသင်းမှာမှ ကစားခွင့်ရဖို့ မလွယ်တော့ပါပါဘူး။
"ကျွန်တော်ဟာ သေခြင်းတရားနဲ့ အကြိမ်ကြိမ် မျက်နှာချင်းဆိုင်ဖူးပါတယ်..။" လို့ ချီကာအို ပြောခဲ့ဖူးပါတယ်။ ထောင်ကလွတ်လာပြီးတဲ့နောက် ဘောလုံးကစားနေတဲ့ ဂျာအို ပီဒရို လေးရဲ့ ပုံရိပ်တွေကို နောက်ခံထားပြီး တီဗီအစီအစဉ်တစ်ခုနဲ့ တွေ့ဆုံခန်း ပြုလုပ်ခဲ့ပါသေးတယ်..။
“ကျွန်တော်အမှားတွေ ကျူးလွန်မိပါတယ်။ အဲဒီအတွက် နောင်တအကြီးအကျယ် ရမိသလို ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တဲ့အထိ တွေးခဲ့ဖူးတယ်။ ကျွန်တော်ဟာ လူကောင်းတစ်ယောက်ပါ။ ဘယ်သူကမှ တခြားသူတစ်ယောက်ရဲ့ အသက်ကိုနုတ်ယူပိုင်ခွင့် မရှိဘူးဆိုတာသိပါတယ်။ ကျွန်တော့်ရဲ့ဘဝမှာ သားဖြစ်တဲ့ ဂျာအို နဲ့အတူ ဘောလုံးကန်ရမယ့်နေ့ကို ဘယ်တော့မှ မြင်တွေ့နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီနေ့ကိုတော့ အမြဲတမ်းအိပ်မက်မက်ခဲ့ပါတယ်။"
ဂျာအို ပီဒရို ဆီမှာလည်း အလားတူအိပ်မက် ရှိခဲ့ပါတယ်..။
"ကျွန်တော်ဟာ အဖေနဲ့အတူ မြက်ခင်းစိမ်းပေါ်မှာ ကစားခွင့်ရချင်ခဲ့တာပါ။ အဲဒီအိပ်မက်ကို တစ်နေ့မှာ အကောင်အထည် ဖော်နိုင်ရပါမယ်" လို့ အဲဒီအချိန်တုန်းက (၈) နှစ်သားအရွယ် ပီဒရို လေးက ကြုံးဝါးခဲ့ဖူးပါတယ်။ "ကျွန်တော့်ရဲ့အစ်မဟာလည်း ကျွန်တော့်လိုပဲ အဖေနဲ့အတူ ကစားချင်ခဲ့ပါတယ်..။ ဒါပေမယ့် သူကထောင်ကျနေတော့ မဖြစ်နိုင်ခဲ့ပါဘူး။"
မြက်ခင်းစိမ်းပေါ်မှာ ဖခင်ဖြစ်သူနဲ့အတူ ကစားခွင့်ရနိုင်ဖို့ဆိုတဲ့ အိပ်မက်နဲ့အတူ စတင်ခဲ့တဲ့ ဂျာအို ပီဒရို ဟာ အခုဆိုရင် ကလပ်အသင်းများ ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့အတူ အပြာရောင်ချယ်လ်ဆီးအသင်းရဲ့ အနာဂတ်ကို ဦးဆောင်မယ့် တိုက်စစ်မှူးအဖြစ် ဘဝတစ်ဆစ်ချိုး လာခဲ့ပါပြီ။ ဒါပေမယ့် ဖခင်ဖြစ်သူရဲ့ နရသိန်ခရီးလမ်းဟာ သူ့ဘဝအခက်အခဲတွေရဲ့ အဆိုးရွားဆုံး အခြေအနေ မဟုတ်သေးပါဘူး။
လူငယ်ပြိုင်ပွဲတစ်ခုမှာ ထူးထူးချွန်ချွန် ကစားနိုင်ခဲ့တဲ့နောက် ရီယို ဒီ ဂျနီးရိုးမြို့အခြေစိုက် ဖလူမင်နက်စီ အသင်းရဲ့ ကင်းထောက်တွေက သူ့ကိုသတိထားမိခဲ့ပါတယ်။ တခြားအသင်းကြီးတွေကလည်း အသက် (၁၀) နှစ်အရွယ် ဂျာအို ပီဒရို ကို စိတ်ဝင်စားနေတဲ့အချိန်မှာ ဖလူမင်နက်စီအသင်းက မြန်မြန်ဆန်ဆန်ပဲ သူ့ကိုစာချုပ်ချုပ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။
"ဂျာအို ပီဒရို ကို သူငယ်ငယ်လေးကတည်းက သတိထားမိခဲ့ပါတယ်..။" လို့ ဖလူမင်နက်စီအသင်းမှာ သူ့ရဲ့နည်းပြ ဖြစ်လာမယ့် အက်ဒ်ဒွာဒို အိုလီဗီယာ က ၂၀၂၀ ခုနှစ်တုန်းက The Athletic သတင်းဌာနနဲ့ တွေ့ဆုံခန်းတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။
"ကျွန်တော်ဟာ ဘိုတာဖိုဂို လူငယ်အသင်းရဲ့ နည်းစနစ်ပိုင်း ညှိနှိုင်းရေးမှူး (technical coordinator) ဖြစ်ပါတယ်..။ ဂျာအို ပီဒရို က ကျွန်တော်တို့အသင်းတွေနဲ့ ပြိုင်ဘက်အဖြစ် ကစားတာများပါတယ်။ သူဟာ နည်းစနစ်ပိုင်း အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်သလို ခံယူချက်၊ စိတ်ဓါတ်ပိုင်းမှာလည်း ကောင်းမွန်ပါတယ်။ အသက် (၁၃) နှစ်အောက် အသင်းအဆင့်မှာကတည်းက ထူးထူးချွန်ချွန် ပေါ်ထွက်လာတဲ့ လူငယ်ကြယ်ပွင့်တစ်ယောက်ပါပဲ..။"
ဒါပေမယ့် ပြဿနာတစ်ခု ရှိနေခဲ့ပါတယ်။ ဂျာအို ပီဒရို နဲ့ သူ့ရဲ့မိသားစုဟာ ဆောင် ပေါ်လိုပြည်နယ်၊ ရီဘာအို ပရက်တိုမြို့မှာ နေထိုင်နေပြီး၊ ရီယို ဒီ ဂျနီးရိုးနဲ့ မိုင်ပေါင်း (၄၀၀) လောက် ကွာဝေးနေပါတယ်။ အဲဒီခရီးလမ်း အကွာအဝေးဟာ ဖလူမင်နက်စီအသင်းမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်ဖို့ သူ့ရဲ့အိပ်မက်တွေအတွက် အတားအဆီး ဖြစ်ခဲ့ရပါတယ်။
ဂျာအို ပီဒရို နဲ့ မိသားစုဝင်တွေဟာ ရီဘာအို ပရက်တိုမြို့မှာ အတန်အသင့် အဆင်ပြေခဲ့ပေမယ့် ရီယို ဒီ ဂျနီးရိုးမြို့မှာရှိတဲ့ ဇီရန် ကို ပြောင်းလာပြီးတဲ့နောက် အခက်အခဲတွေနဲ့ စတင်၊ ရင်ဆိုင်လာခဲ့ရပါတယ်..။
"ရီဘာအို ပရက်တိုမှာ နေထိုင်စဉ်က ဇိမ်ခံပစ္စည်းတွေမရှိပေမယ့် ဘာမှချို့တဲ့ခဲ့တာ မပါရှိဘူး.." ဆိုပြီး အသက် (၂၃) နှစ်အရွယ် ဂျာအို ပီဒရို က Mail Sport သတင်းဌာနကို ပြောကြားခဲ့ပါတယ်..။ "ဒါပေမယ့် ဖလူမင်နက်စီ အကယ်ဒမီက ကျွန်တော့်ကိုလက်ခံတဲ့အခါ ဘောလုံးသမားဖြစ်လာဖို့ အိပ်မက်ကို ဖမ်းဆုပ်နိုင်ဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့ရပါတယ်..။
ဇီရန် မှာ အမေနဲ့အတူ တခြားလူငယ်တစ်ယောက်နဲ့ပါ အိမ်တစ်လုံးမှာ မျှဝေနေထိုင်ခဲ့ရပါတယ်..။ ငွေကြေးအခက်အခဲကြောင့် အစားအသောက်ပါ မလောက်ငခဲ့တဲ့အချိန်တွေ ရှိခဲ့ပါတယ်..။ အမေဟာ ကျွန်တော်စားနိုင်ဖို့ သူမရဲ့ဝေစုကိုတောင် စွန့်လွှတ်ခဲ့ဖူးပါတယ်.." ဆိုပြီး သူတို့ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်ခဲ့ပါတယ်..။
ဒါပေမယ့်အခက်အခဲတွေ အရမ်းကိုကြီးမားလာတဲ့အချိန်မှာ သူ့ရဲ့မိခင် ဖလာဗီယာ ဟာ ဖလူမင်နက်စီအသင်း ဆီကို အကူအညီတောင်းဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပါဘူး..။
"ကျွန်မတို့ရဲ့ အခြေအနေကို သုံးနာရီကြာ ပြောပြခဲ့ပါတယ်..။ အရမ်းကိုငိုချင်ခဲ့ပါတယ်..၊. ဒါပေမယ့် ကျွန်မတို့ လိုအပ်နေတဲ့ အရာအားလုံးအတွက် လုံလောက်တဲ့ငွေပမာဏ မရရှိခဲ့ပါဘူး..။" ဆိုပြီး ဖလာဗီယာ က ပြန်ပြောခဲ့ပါတယ်..။ "ဖလူမင်နက်စီအသင်းရဲ့ ကူညီမှုဟာ သူတို့နဲ့ရင်းနှီးမှု ပိုပြီးရရှိခဲ့ပါတယ်။ ဒါဟာ နောက်ပိုင်းအောင်မြင်မှုတွေအတွက် အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဖလူမင်နက်စီ အသင်းဟာ ဒုက္ခရောက်နေတဲ့သူတွေအပေါ် နွေးထွေးမှုပေးနိုင်တဲ့ အသင်းပါ။ သူတို့က ကျွန်မတို့ရဲ့ဘဝကို ပြောင်းလဲပေးခဲ့ပါတယ်။"
ဒါ့အပြင် ပီဒရို ဟာ ခန္ဓာကိုယ် အလျင်အမြန် ကြီးထွားနေတာကြောင့် အရင်တုန်းကလို ခန္ဓာကိုယ်ကို ယိမ်းနွဲ့၊ လှည့်ကစားပြီး ဘောလုံးကျွမ်းကျင်မှုတွေနဲ့ ပေါင်းစပ်ကစားလို့မရတဲ့ အချိန်ကာလတစ်ခုကိုလည်း ဖြတ်သန်းခဲ့ရပါတယ်..။ ဒါ့ကြောင့်သူဟာတိုက်စစ်မှူးအဖြစ်ကနေ ဖခင်ဖြစ်သူ ချီကာအို ကစားခဲ့တဲ့ ကွင်းလယ်အဖျက် ကစားသမားအဖြစ် ခဏတာ ပြောင်းလဲ ကစားခဲ့ရသေးတယ်..။ အဲဒီကနေ တိုက်စစ်လိုက်ပါရတဲ့ ကွင်းလယ်ကစားသမား..၊ နောက်ဆုံးမှာ တိုက်စစ်မှူးအဖြစ် ပြန်လည်နေရာရခဲ့ပါတယ်..။
ကျောနံပါတ် (၉) အင်္ကျီအတွက် အဓိကပြိုင်ဘက် ဖြစ်နေတဲ့ ကစားသမားဟာ အသက် (၂၀) နှစ်အောက် လူငယ်အသင်းကို ပြောင်းရွှေ့သွားတဲ့အခါ ဂျာအို ပီဒရို ဟာ အဲဒီအခွင့်ရေးကို အပြည့်အဝ ရယူခဲ့ပြီး သူ၏စွမ်းရည် အပြည့်အဝကို ဖလူမင်နက်စီအသင်းဘက်က သဘောကျအောင် ပြသခဲ့ပါတယ်..။ "အဲဒီအချိန်မှာ သူဟာ ကစားပွဲအပေါ် အပြည့်အဝ အာရုံစိုက်နိုင်တဲ့ လူငယ်ကစားသမား တစ်ယောက် ဖြစ်နေပါပြီ.." ဆိုပြီး နည်းပြအိုလီဗီယာ က ပြောပတယ်..။ ဂျာအို ပီဒရို ဟာ အဲဒီဘောလုံးရာသီမှာ (၃၈) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်..။
"သူ့ခေါင်းထဲမှာ 'ဒါဟာ ငါ့အတွက် အခွင့်အရေးကြီးပဲ။ ငါဟာ (၂) နှစ်၊ (၃) နှစ်လောက် ခေါင်းမွှေးဖြူအောင် အရန်ခုံမှာ ထိုင်နေခဲ့ရတယ်၊ ဒါပေမယ့် အခုအချိန်မှာ ငါဘာလုပ်တွေ လုပ်ပေးနိုင်တယ်ဆိုတာ ပြသဖို့အချိန်ရောက်ပြီ' ဆိုတဲ့အတွေးမျိုး ကြံစည်နေတာ ဖြစ်မယ်ထင်ပါတယ်။
သူဟာ အာရုံစူးစိုက်မှုအပြည့်နဲ့ အစွမ်းကုန်ကြိုးစား၊ ပေးဆပ်ခဲ့ပါတယ်..။ သူ့ရဲ့ကန်ချက်တိုင်းဟာ ဂိုးထဲဝင်ဖို့ ရည်ရွယ်ချက်ရှိခဲ့သလိုပါပဲ..။ ဒါ့ကြောင့်သူ့ရဲ့ခြေစွမ်းအပေါ် ကျွန်တော်အထင်ကြီး၊ မျက်စိကျခဲ့ပါတယ်။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဂိုးရှေ့ကိုရောက်တဲ့အချိန်မှာ သူ့လောက်ထိရောက်မှုရှိအောင် စွမ်းဆောင်နိုင်တဲ့သူ မတွေ့ဖူးခဲ့ပါဘူး..။ အထူးသဖြင့် ဂိုးသမား ဘယ်လိုမှ ကာကွယ်လို့မရအောင် ကန်သွင်းတတ်တဲ့ ထူးခြားချက်က သူ့ကိုသတိထားမိစေခဲ့တယ်။
အသင်းလိုက်ကစားရာမှာလည်း သူ့ရဲ့ယှဉ်ပြိုင်လိုစိတ်က ထင်ထင်ရှားရှား ပေါ်လွင်နေခဲ့ပါတယ်။ သူဟာနိုင်ချင်စိတ်ပြင်းထန်ပြီး အဲဒီစိတ်ဓါတ်နဲ့ စေ့ဆော်နိုင်စွမ်းဟာ ကျန်တဲ့ကစားသမားတွေ အပေါ်ကိုပါ လွှမ်းမိုးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ဂိုးသွင်းစွမ်းရည် ထက်မြက်မှုနဲ့ အသင်းအပေါ် အပြုသဘော သက်ရောက်စေနိုင်တဲ့ စိတ်နေသဘောထား.. အဲဒီအချက်နှစ်ချက်က သူ့အပေါ် အထင်ကြီးစေခဲ့ပါတယ်..။ သူဟာ တိုးတက်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့သူတစ်ယောက် ဖြစ်ပါတယ်..။"
ဒါ့အပြင် တော့တင်ဟမ်အသင်းက ကြယ်ပွင့်တိုက်စစ်မှူး ရစ်ချာလီဆန် နဲ့အတူ နေ့စဉ်လေ့ကျင့်ခွင့်ရခဲ့ခြင်းက ဂျာအို ပီဒရို ရဲ့ အိပ်မက်တွေကို ဖမ်းဆုပ်နိုင်ဖို့ ပိုမိုကြိုးစားဖို့၊ အထူးသဖြင့် သူ့ရဲ့အားနည်းချက်တွေကို ဖြည့်ဆည်းရင်း ပိုမိုတိုးတက်လာအောင် စွမ်းဆောင်ဖို့ စေ့ဆော်ပေးနိုင်ခဲ့ပါတယ်..။
"အမေနဲ့ကျွန်တော်တို့ အခက်အခဲကြုံနေတဲ့ အချိန်တွေမှာ ဖလူမင်နက်စီအသင်းဟာ ငွေကြေးပံ့ပိုးမှုအပြင် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေနဲ့ပါ အစွမ်းကုန်ကူညီခဲ့ပါတယ်။ ကျွန်တော်ဟာ ကစားသမား တစ်ယောက်အနေနဲ့သာမက ရင့်ကျက်တဲ့သူတစ်ယောက် အဖြစ်နဲ့ပါ တိုးတက်လာလိမ့်မယ်လို့ သူတို့တွေဟာ အပြည့်အဝ ယုံကြည်ခဲ့ပါတယ်.." ဆိုပြီး ဂျာအို ပီဒရို က Mail Sport ကို ထပ်လောင်း ဖြည့်စွက်၊ ပြောကြားခဲ့ပါတယ်..။
"ပရော်ဖက်ရှင်နယ်အဆင့်ကို ရောက်ပြီးတဲ့နောက်ပိုင်း ကျွန်တော့်ရဲ့ဘဝမှာ အရာရာအားလုံး အပြုသဘောဆန်.. တိုးတက်တဲ့ဘက်ကို ရောက်ရှိသွားခဲ့တယ်။ ဒါကြောင့် ဖလူမင်နက်စီအသင်းကို ကျွန်တော် အမြဲတမ်းကျေးဇူးတင်နေမှာပါ။.."
အသင်းဟောင်း ဖလူမင်နက်စီအသင်းကို နှစ်ဂိုးသွင်းယူနိုင်ခဲ့ရာမှာ ဂိုးသွင်းပြီးတိုင်း သူ့ရဲ့ပထမဆုံးလှုပ်ရှားမှုက လက်နှစ်ဖက်ကို မိုးကောင်းကင်ဆီမော့ကာ ကျေးဇူးတင်လိုက်ခြင်းပါပဲ..။ အဲဒီလိုပုံစံ အောင်ပွဲခံခြင်းကို ဘရာဇီးလ် ကစားသမားတွေကြားထဲမှာ ‘Lei do Ex (Law of the EX- အသင်းဟောင်းအပေါ် လိုက်နာရမယ့် ဥပဒေသ)’ လို့ အမည်ရပါတယ်..။ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး အသင်းဟောင်းကို ဦးဆောင်ဂိုးသွင်းယူလိုက်တဲ့အချိန်က သူဟာ လန်ဒန်အသင်းကို ရောက်ရှိလာတာ (၆) ရက်ပဲ ရှိပါသေးတယ်..။
ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ စောင့်ကြည့်မှုကို ခံရပြီးနောက် ဂျာအို ပီဒရို ဟာ ဖလူမင်နက်စီအသင်းကနေ ဝက်ဒ်ဖို့ဒ်အသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်..။ ဖလူမင်နက်စီအသင်းဟာ သူ့အတွက် ဘဝသစ်ကို ဖန်တီးပေးခဲ့တဲ့ အသင်းဖြစ်တာကြောင့် နောက်ဆုံးနှုတ်ဆက်ပွဲမှာ သည်းသည်းထန်ထန် ငိုကြွေးခဲ့တဲ့ သူ့ရဲ့စိတ်ခံစားချက်ကို ဘယ်သူကမှ သံသယရှိကြမှာ မဟုတ်ပါဘူး..။
ဖလူမင်နက်စီ ကနေ ဝက်ဒ်ဖို့ဒ်၊ အဲဒီကနေ ဘရိုက်တန်..၊ ချယ်လ်ဆီးအထိ ခရီးဆက်လာခဲ့ရာမှာ ဂျာအို ပီဒရို ရဲ့ ကစားဟန်ကို သေသေချာချာ လေ့လာကြည့်မယ်ဆိုရင် အဆုံးအစမဲ့တဲ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ရဲ့ အစွမ်းကုန်ပေါက်ကွဲနေတဲ့ပုံစံကို ခံစားရစေမှာပါ..။ သူဟာအဲဒီစွမ်းအားကို အကောင်းဆုံး အသုံးချနိုင်တာကြောင့် ချယ်လ်ဆီးအသင်းနဲ့ တိုးတက်မှုဟာ မြန်ဆန်ခဲ့ပြီး ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၆၀) ရဲ့ တန်ကြေးကို သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်..။
ဂျာအို ပီဒရို ဟာ ပြီးခဲ့တဲ့ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးပရိသတ်တွေ မြင်တွေ့ခဲ့ရတဲ့ မှော်ဆန်တဲ့အခိုက်အတန့်တွေ၊ လှပတဲ့ဂိုးကန်ချက် သွင်းဂိုးတွေနဲ့ ဖမ်းစားနိုင်ခဲ့ပါတယ်..။ အဲဒီလိုကြည်နူးဖွယ်ကောင်းတဲ့ အခိုက်အတန့်တွေရဲ့ နောက်ကွယ်ကို လေ့လာကြည့်မယ်ဆိုရင် အခုလိုအခြေအနေရောက်အောင် တွန်းအားပေး၊ မောင်းနှင်ပေးခဲ့တဲ့ နောက်ခံအကြောင်းရင်း.. ဘဝခရီးလမ်းကြမ်းဟာ အထောက်အပံ့ကောင်းတွေ ဖြစ်စေခဲ့တာ တွေ့ရမှာပါ..။ အပြာရောင်တွေဆီ ခရီးဆန့်လာခဲ့တဲ့ သူ့ရဲ့ဘဝလမ်းတစ်လျှောက်မှာ ပေးဆပ်မှုတွေ၊ ရင်းနှီးမှုတွေ၊ ကျရှုံးမှုတွေ.. ရုန်းကန်လှုပ်ရှားခဲ့ရမှုတွေ တစ်ပွေ့တစ်ပိုက်နဲ့ပါပဲ…။
ထောင်နန်းစံခဲ့ရတဲ့ ဖခင်၊ မိုင်ပေါင်း (၄၀၀) ကျော် ဝေးကွာတဲ့ နေရာသစ်ကို မိသားစုနဲ့အတူ ရွှေ့ပြောင်းပြီး ဘဝသစ်ပြန်လည်စခဲ့တဲ့ အခက်အခဲတွေ..၊ မိခင်ဖြစ်သူရဲ့ ပေးဆပ်၊ စွန့်လွှတ်ခဲ့ရမှုတွေဟာ ဂျာအို ပီဒရို ရဲ့ အိပ်မက်ဆီသို့ ခရီးစဉ်မှာ ခလုပ်ကန်သင်း၊ အတားအဆီးတွေ ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့်သူကတော့ တခြားမြောက်မြာစွာသော လူငယ်လေးတွေ လက်လျော့၊ စွန့်လွှတ်ခဲ့ရတဲ့ အိပ်မက်တွေကို ဖမ်းဆုပ်နိုင်ဖို့ သူ့ဆီရောက်လာတဲ့ အခွင့်အရေးတိုင်းကို အရယူပြီး ‘ကျေးဇူးတရား အပြည့်နဲ့’ ပြန်လည်ပေးဆပ်နိုင်ဖို့ အသင့်ရှိနေပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(Daily Mail မှ ဆောင်းပါးရှင် Dominic Hogan ၏ Inside the troubled upbringing of Chelsea's new £60m star: Joao Pedro's father went to prison and his mother sacrificed meals to help the striker achieve his dream’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)