ကလော့ဒ် မက်ခလီလီ ဆိုတဲ့ ပြင်သစ်အသင်းရဲ့ ဂန္ထဝင်ကွင်းလယ် ကစားသမားကြီးဟာ ချယ်လ်ဆီးအသင်းအတွက် ကစားခဲ့ဖူးသမျှ ကွင်းလယ် ကစားသမားတွေထဲမှာ အထူးချွန်ဆုံးတွေက တစ်ယောက်အဖြစ် အခိုင်အမာ ရပ်တည်နေပါတယ်။ သူဟာရီးရဲလ် မက်ဒရစ်အသင်းရဲ့ အရှိန်အဝါ ကြီးမားလှတဲ့ ‘Galacticos’ ကြယ်စင်စုဝင် ကစားသမားတွေထဲက တစ်ဦးအဖြစ် ချန်ပီယံလိဂ် ဆုဖလားကြီးနဲ့အတူ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာပါတယ်..။
၂၀၀၄ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီး အင်္ဂလန်ရဲ့ ချန်ပီယံဖြစ်ဖို့ နှစ်ပေါင်း (၅၀) စောင့်ဆိုင်းခဲ့ရတဲ့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ခြမ်းကို ထိန်းကျောင်းနိင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။ ကစားသမားဘဝက အနားယူပြီးချိန်မှာလည်း ချယ်လ်ဆီးအသင်းနဲ့ နီးနီးကပ်ကပ် ရှိနေခဲ့ပါတယ်..။ အပြာရောင်တွေရဲ့ လူငယ်အကယ်ဒမီမှာ လူငယ်တွေကို လေ့ကျင့်၊ သင်ကြားပေးခဲ့သလို အခုနွေရာသီမှာ အသင်းရဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားအောင်ပွဲကို ကြည့်ရှု၊ အောင်ပွဲခံနိုင်ဖို့ အမေရိကန် ပြည်ထောင်စုကို လိုက်ပါ၊ အားပေးခဲ့ပါတယ်။
သူဟာလက်ရှိချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ် ကစားသမား အစုအဖွဲကို နှစ်သက်သဘောကျတဲ့အကြောင်း ပြောကြားခဲ့သလို အဲဒီကစားသမားတွေထဲမှာ သူ့ရဲ့အာရုံကို ဖမ်းစား၊ ဆွဲဆောင်နိုင်တဲ့ လူငယ်ကစားသမား တစ်ယောက် ပါဝင်ခဲ့တာ မဆန်းပါဘူး..။
"ချယ်လ်ဆီးအသင်းမှာ ပင်ကိုယ်ပါရမီ ထူးချွန်တဲ့ လူငယ်ကစားသမားကောင်းတွေ ရှိတယ်နေပါတယ်..။ သူတို့တွေဟာ ကျွန်တော့်ရဲ့မျက်စိအောက်မှာပဲ တရိပ်ရိပ်နဲ့ တိုးတက်လာကြပါတယ်..။ အဲဒီအတွက် အသင်းရဲ့ကိုယ်စား အထူးဂုဏ်ယူမိပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ အစဉ်အလာကြောင်းကို ကျွန်တော်သိတယ်၊ ဒီအသင်းမှာ တိုက်ပွဲဝင်စိတ်အပြည့်ရှိတဲ့ fighters တွေပဲ နေရာရပါမယ်..။ အပြာရောင်တွေရဲ့ ကွင်းလယ်မှာလည်း ပုံမှန်နေရာရချင်တယ်ဆိုရင် အဲဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံနေရပါမယ်..။ ကိုင်ဆီဒို နဲ့ လားဗီးယား တို့လို လူငယ်လေးတွေဟာ တကယ့်ကို ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။"
အခုဆိုရင် မွိုက်စ် ကိုင်ဆီဒို ကို ကလော့ဒ် မက်ခလီလီ နဲ့ နှိုင်းယှဉ်မှုတွေ ရှိလာခဲ့ပါပြီ..။ အထူးသဖြင့် သူတို့နှစ်ဦးစလုံးဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်အထိုင်မှာ တူညီတဲ့နေရာ ယူထားလို့ပါပဲ..။ စတန်းဖို့ဒ် ဘရစ်ချ်မှာ ကွင်းလယ်အဖျက်.. ဆိုတာနဲ့ ကလော့ဒ် မက်ခလီလီ ကို အရင်ဆုံးသတိရကြပြီး ဒီနေ့အထိ အဲ့ဒီနေရာကို ‘Makelele Role’ လို့ လူတွေက ခေါ်ဆိုနေကြဆဲ ဖြစ်ပါတယ်..။
ဒါပေမယ့် အခုအချိန်မှာ မွိုက်စ် ကိုင်ဆီဒို ဟာ သူ့ရဲ့အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် လက်လွှဲဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဂန္ထဝင်ကစားသမားကြီး ကိုယ်တိုင်က ယုံကြည်နေပါပြီ..။ ကိုင်ဆီဒို ဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ် ကစားကွက်အထိုင်ကို ထိန်းကျောင်းနိုင်ဖို့ လုံလောက်တဲ့ အရည်အသွေး အပြည့်ရှိနေသလို အရေးအကြီးဆုံးအချက်က သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ မက်ခလီလီ ဆီက သရဖူကို လွှဲပြောင်း၊ ရယူမှာပဲဖြစ်ပါတယ်။
"သူ့ဆီမှာ ပင်ကိုယ်ပါရမီ အရည်အသွေးကောင်းတွေ အများကြီးရှိနေပါတယ်..။ " လို့ မက်ခလီလီ က ဆက်ပြောပါတယ်။ "သူဟာ ရိုးသား၊ နှိမ့်ချတယ်၊ ပြုံးပြုံးလေးနဲ့ ကစားတတ်သလို အသင်းဖော်တွေအတွက် အစွမ်းကုန် ကြိုးစားပေးတဲ့သူလည်း ဖြစ်ပါတယ်။ ကျွန်တော်ကစားတဲ့ အချိန်တုန်းကလည်း အဲ့လိုပဲကြိုးစားခဲ့ရတာပါ..။ ကိုယ့်ရဲ့နေရာနဲ့ ကစားပုံအပေါ် ကျေနပ်၊ ပျော်ရွှင်မှုအပြည့်နဲ့ ကစားနိုင်ရပါမယ်။
သူ့ဆီမှာ အဲဒီလိုပြင်းပြတဲ့ ဇွဲဆန္ဒ၊ စိတ်အားထက်သန်မှုနဲ့ တိုက်ပွဲဝင်စိတ်အပြည့် ရှိနေပါတယ်။ တကယ်တော့ တိုက်ပွဲဝင်စိတ်နဲ့ နိုင်ပွဲဆာလောင်စိတ်..၊ ပြင်းပြတဲ့စိတ်ဆန္ဒတွေဟာ ပင်ကိုယ်ပါရမီလိုပဲ အရေးကြီးပါတယ်။ ကျွန်တော်သူ့ကို အရမ်းသဘောကျပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ သူဟာချယ်လ်ဆီးအသင်းကို စပြီးရောက်လာတဲ့အချိန်တုန်းက ကျွန်တော်တို တွေ့ဆုံ၊ စကားပြောခဲ့ဖူးပါတယ်။
အဲဒီအချိန်တုန်းက သူဟာကိုယ်ပိုင်အစွမ်းအစနဲ့ ချယ်လ်ဆီးကို ရောက်လာခွင့်ရတဲ့အပေါ် အထူးကျေနပ်၊ ပျော်ရွှင်နေပါတယ်။ ကျွန်တော်နဲ့နှိုင်းယှဉ်ဖို့ မလိုဘူး၊ သူဟာ မွိုက်စ် ကိုင်ဆီဒို ရဲ့ 'Caicedo Role' ပဲ ဖြစ်ချင်ခဲ့တာပါ..။
အဲဒီအချက်ဟာ သိပ်အရေးကြီးပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးကို ရောက်လာတဲ့အချိန်တုန်းက ကျွန်တော်ဟာ အသက်အရွယ်ရနေပြီ ဖြစ်သလို ရီးရဲလ် မက်ဒရစ် လို ထိပ်တန်းအသင်းကြီးမှာ ကစားခဲ့ပါတယ်။ သူတို့လို အတွေ့အကြုံမရှိသေးတဲ့ လူငယ်လေး တစ်ယောက်အတွက် ကျွန်တော့်လိုဖြစ်ဖို့ (ဒါမှမဟုတ်) လူတွေမျှော်လင့်နေတဲ့ 'ကလော့ဒ် မက်ခလီလီ' လို ဖြစ်လာဖို့က အနည်းငယ်ခက်ခဲနိုင်ပါတယ်။
ဒါ့ကြောင့်လူငယ် ကစားသမားတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ သူတို့ရဲ့ကစားသမားဘဝ.. ဇာတ်လမ်းတွေကို ကိုယ်တိုင်ရေးသားဖို့၊ သူတို့ကိုယ်ပိုင် 'galactico' တွေဖြစ်လာဖို့ ပိုပြီးနှစ်သက်ပါတယ်။ မွိုက်စ် ဟာ အခုအချိန်မှာ အဲဒီလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေတာ ဖြစ်တဲ့အတွက် ကျေနပ်၊ အားရမိပါတယ်။ ကျွန်တော့်ကို ဥပမာယူပါ..၊ ပြီးရင်ကိုယ်ပိုင်ပုံစံနဲ့ အကောင်းဆုံးခြေစွမ်းရရှိနိုင်ဖို့ တည်ဆောက်တာက အကောင်းဆုံးဖြစ်ပါမယ်..။"
ဒါဆိုရင် နောက်လာမယ့်နှစ်တွေကျရင် အပြာရောင်တွေရဲ့ ကွင်းလယ်အထိုင်.. နေရာမှာ နာမည်အသစ် ကမ္ပည်းတင်..၊ ရေးထိုးနိုင်မယ့် ကစားသမားတစ်ဦး ပေါ်ထွက်လာဖို့ ရှိလာနိုင်မလား? "Caicedo Role" ဆိုပြီး နောက်လာမယ့် အပြာရောင်မျိုးဆက်သစ်တွေအတွက် အမွေအနှစ်တစ်ခုကို ချန်ထားခဲ့ဖို့ ဖြစ်နိုင်မလား?
ပြင်သစ်ဂန္ထဝင် ကစားသမားကြီးကတော့ အခုလိုပဲ ပြုံးပြုံးလေး ဖြေလိုက်ပါတယ်…။ "ဘာလို့မဖြစ်နိုင်ရမှာလဲ? တခြားအားကစားနည်းတွေကို တစ်ချက်လှမ်းကြည့်လိုက်ပါ…၊ မိုက်ကယ် ဂျော်ဒန်၊ ကိုဘီ ဘရိုင်ယန့် တို့လို နာမည်တွေဟာ ဘယ်လိုအရာတွေကို ကိုယ်စားပြုနေသလဲ..? စဉ်းစားကြည့်လို့ရပါတယ်..။ သူတို့တွေလည်း လူငယ်ကစားသမား.. ဘဝတွေကို ဖြတ်သန်းလာခဲ့ရတာပါ..။
အခုဆိုရင် ကိုင်ဆီဒို ဟာ လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်..။ သူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းကို သူကိုယ်တိုင် ရေးသားနိုင်ခွင့် ရှိပါတယ်။ ဒါဆိုရင်နောင်တစ်ချိန်မှာ 'Caicedo Role' ဆိုတာ ဘာလဲ..? ဆိုပြီး နောက်လူတွေက ခိုင်းနှိုင်း၊ ပြောဆိုနေကြမှာပါ။.."
(Chelsea Official website မှ ‘Makelele sees his legacy in the ‘Caicedo role’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)