ချယ်လ်ဆီးအသင်းဟာ အိုင်းယက်စ်အသင်းက အသက် (၁၉) နှစ်အရွယ် လူငယ်နောက်ခံလူ ဂျိုရယ်လ် ဟာတို ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၇) သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါတယ်..။ လက်ရှိချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေကို ကြည့်လိုက်မယ်ဆိုရင် လိုအပ်တာထက် ပိုပြီးများပြားနေတယ်လို့ ခံစားရမှာပါ..။ ဒါပေမယ့် အသင်းမှာရှိနေတဲ့ ကစားသမားတွေကို နေရာအလိုက် အစီအစဉ်ချကြည့်မယ်ဆိုရင် ဘယ်ဘက် ဗဟိုခနာက်ခံလူ (left center back) နေရာနဲ့ ဘယ်အစွန် နောက်ခံလူ (left back) နေရာတွေမှာ အားနည်းနေတာ တွေ့နိုင်ပါတယ်..။
အင်ဇို မာရက်စ်ကာ ရဲ့ နောက်တန်း (၄) ယောက်မှာ ဘယ်ဘက် ဗဟိုနောက်ခံလူ (left center back) အဖြစ် လီဗိုင်း ကိုဝဲလ် က အများဆုံး ကစားခဲ့ပြီး ပြင်သစ်နောက်ခံလူ ဘင်နွိုက် ဘာဒီယာရှီးလ် ကလည်း လာမယ့်ရာသီမှာ ဆက်ပြီးရှိနေပါဦးမယ်..။ ဒါပေမယ့် သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက် မကစားနိုင်ခဲ့ရင် ညာဘက် ဗဟိုနောက်ခံလူ (right center back) တွေထဲက လာကစားပေးရဖို့ ရှိနေပါတယ်…။ အခုဆိုရင် ဂျိုရယ်လ် ဟာတို ဟာ အင်ဇို မာရက်စ်ကာ အတွက် တတိယမြောက် ရွေးချယ်စရာ left center back ဖြစ်လာစေမှာပါ..။
ဂျိုရယ်လ် ဟာ ဗဟိုနောက်ခံလူအဖြစ်နဲ့ အိုင်းယက်စ်အသင်းကြီးကို ရောက်လာခဲ့တာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘယ်အစွန် နောက်ခံလူ (left back) အ့ဖြစ် ကစားခဲ့ရပါတယ်..။ ဒါ့ကြောင့်သူ့ကို ဘယ်အစွန် နောက်ခံလူ အဖြစ် ယူဆခဲ့ကြသူ ပိုပြီးများပြားခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ဘယ်အစွန် နောက်ခံလူနေရာမှာ ပထမဦးစားပေးက ‘မာ့စ် ကူကူရယ်လာ’ ဖြစ်ပါတယ်...။ သူဟာ မနှစ်ကဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲအများဆုံး ကစားပေးရတဲ့ ကစားသမားအဖြစ် ပြိုင်ပွဲစုံ (၄၈) ပွဲ ကစားပေးခဲ့ရပြီး သူကလွဲရင် ဘယ်နောက်ခံလူစစ်စစ်ဆိုလို့ ဘင် ချီးဝဲလ် တစ်ယောက်ပဲ ရှိပါတယ်..။
ဒါပေမယ့် ဝါရင့်အင်္ဂလန် ဘယ်နောက်ခံလူဟာ အင်ဇို မာရက်စ်ကာ ရဲ့ လူစာရင်းမှာ ပါဝင်ဖို့မရှိတာကြောင့် အသင်းကနေ ထွက်ခွာရဖို့ ရှိနေပါတယ်..။ ဂျိုရယ်လ် ဟာ အဲဒီနှစ်နေရာစလုံးကို ဖြည့်ဆည်းပေးနိုင်တာကြောင့် ချယ်လ်ဆီးအသင်းအတွက် အရေးပါတဲ့ ခေါ်ယူမှုလို့ ပြောနိုင်ပါတယ်..။ ဒါပေမယ့် အသက် (၁၉) နှစ်ပဲ ရှိနေသေးတာကြောင့် တခြားဝါရင့် နောက်ခံလူတွေနဲ့ နှိုင်းယှဉ်လို့ ဖြစ်ပါ့မလား..? မေးခွန်းထုတ်စရာ ရှိနေပါတယ်..။
ဟာတို ဟာ အိုင်းယက်စ် အသင်းကြီးနဲ့ ပြိုင်ပွဲစုံ (၁၁၁) ပွဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ အတွေ့အကြုံရင့် ကစားသမား တစ်ယောက် ဖြစ်နေသလို ပြီးခဲ့တဲ့နှစ်ရာသီပေါင်းမှာ သူပါဝင်ခဲ့ရတဲ့ပွဲ (၉၆) ပွဲ ရှိပါတယ်..။ ဘောလုံးကျွမ်းကျင်သူ တစ်ချို့က သူ့ကို ‘အသက်အရွယ်ထက်ပိုပြီး ရင့်ကျက်တဲ့၊ နည်းစနစ်ပိုင်း ကျွမ်းကျင်မှု မြင့်မားပြီး နေရာစုံ ကစားနိုင်တဲ့ နောက်ခံလူ’ တစ်ယောက်အဖြစ် သတ်မှတ်ထားကြပါတယ်..။
သူဟာအိုင်းယက်စ်အသင်းကြီးအတွက် ပထမဆုံး ကစားခွင့်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ရရှိခဲ့ပြီး အဲဒီအချိန်က အသက် (၁၆) နှစ်၊ (၃၃၅) ရက်သားပဲ ရှိပါသေးတယ်..။ ဟော်လန်အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး တစ်ယောက်ဖြစ်တဲ့ ကလယ်ရင့်စ် ဆီးဒေါ့ဖ် နဲ့ လီဗာပူးလ်အသင်းကို ရောက်ရှိနေတဲ့ ကွင်းလယ် ကစားသမား ရိုင်ယန် ဂရာဗင်ဘာ့ချ် တို့ပြီးရင် အသင်းရဲ့သမိုင်းတစ်လျှောက် တတိယမြောက် အသက်အငယ်ဆုံး အသင်းကြိး ကစားခွင့်ရခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်..။
ဒါ့အပြင် အသက် (၁၇) နှစ်၊ (၂၅၉) ရက်မှာ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရပြီး ဟော်လန်အသင်းရဲ့ (၅) ယောက်မြောက် အသက်အငယ်ဆုံး ရွေးချယ်ခံရသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်..။ အခုဆိုရင် ဟော်လန်အသင်းအတွက် (၆) ပွဲကစားထားပြီး ဖြစ်ပါတယ်…။
ဂျိုရယ်လ် ဟာ အသင်းကြီးပွဲထွက်ခွင့်ရပြီး ရက်ပိုင်းမှာပဲ ပထမဆုံးသွင်းဂိုးကို အိုင်းယက်စ်အသင်းက ဗီတက်ဆီအသင်းကို ၅ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းယူပေးနိုင်ခဲ့ပါတယ်..။ နောက်တစ်လအကြာ.. အသက် (၁၇) နှစ်၊ (၂၈၂) ရက်မှာ အိုင်းယက်စ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် စတင်တာဝန်ယူခဲ့ရပါတယ်..။ AEK အေသင်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ၊ အုပ်စုအဆင့်ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရခဲ့ပြီး အိုင်းယက်စ်အသင်းရဲ့ ဥရောပပြိုင်ပွဲ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အသင်းခေါင်းဖဆာင်.. ဆိုတဲ့ မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်..။
ပြီးခဲ့တဲ့ဘောလုံးရာသီ နှစ်ရာသီမှာ အိုင်းယက်စ်အသင်းဟာ အတက်၊ အကျ များပြားခဲ့ပေမယ့် ဟာတို ကတော့ ပွဲတိုင်းနီးပါး မပါမဖြစ်ပါပဲ..။ ဒါ့ကြောင့် ပြီးခဲ့တဲ့နှစ်ရာသီအတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့နောက်ပိုင်း မွေးဖွားခဲ့တဲ့ ကစားသမားတွေထဲက ပွဲကစားခွင့်အများဆုံး ရရှိခဲ့တဲ့ ကစားသမားအဖြစ် (၈,၃၄၇) မိနစ်နဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်..။ ဒုတိယပွဲအများဆုံး ကစားခဲ့ရတဲ့ ဂျုဒ် ဘယ်လင်ဂမ် က (၇,၉၈၈) မိနစ်၊ လာမိုင်း ယာမယ်လ် က (၇,၅၀၆) မိနစ်နဲ့ တတိယနေရာမှာ ရှိခဲ့ပါတယ်..။
အဲဒီလိုမရှိမဖြစ် ကစားသမားအဖြစ် နှစ်ရာသီဆက်တိုက် ပါဝင်ခွင့်ရခဲ့ခြင်းဟာ အသက်အရွဘ်နဲ့မလိုက်အောင် အရေးပါခဲ့တဲ့ သူ့ရဲ့အခန်းကဏ္ဍကို ညွှန်ပြနေခြင်းပဲ ဖြစ်ပါတယ်..။ သူဟာအိုင်းယက်စ် ကျောင်းတော်ထွက် ကစားသမား တစ်ယောက် ဖြစ်တာနဲ့အညီ ဘောလုံးပညာအခြေခံ ကောင်းမွန်၊ ပိုင်နိုင်ပြီး ဘောလုံးပေးပို့မှုတွေလည်း ကောင်းမွန်ပါတယ်..။ သူဟာဟော်လန်လိဂ်ပြိုင်ပွဲတစ်ရာသီလုံးမှာ ဘောလုံးပေးပို့မှု (passes) (၂,၆၈၆) ကြိမ် ပြုလုပ်ထားခဲ့ပြီး တတိယမြောက် ဘောလုံးပေးပို့မှု အများဆုံးပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင် သူ့ရဲ့ပေးပို့မှုတွေရဲ့ (၉၂.၅ %) ရာခိုင်နှုန်းဟာ အောင်မြင်ခဲ့ပြီး ဟော်လန်လိဂ်ပြိုင်ပွဲရဲ့ ဘောလုံးပေးပို့မှု အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်..။
ဂျိုရယ်လ် ဟာတို ဟာ ဗဟိုခံစစ်မှူးတစ်ယောက် ဖြစ်နေတဲ့အတွက် စွန့်စားမှုမပါဝင်တဲ့ ဘေးတိုက်ပေး၊ နောက်ပြန်ပေးတွေကြောင့်သာ အခုလိုအောင်မြင်တဲ့ ဘောလုံးပေးပို့မှုရာခိုင်နှုန်း အများဆုံးဖြစ်နေတာလို့ ယူဆစရာ ရှိနေပါတယ်…။ ဒါပေမယ့်သူ့ရဲ့ပေးပို့မှုတွေထဲမှာ ရှေ့ကိုပေးပို့တဲ့ ဘောလုံးတွေ (forward passes) (၇၉၉) ကြိမ် ပါဝင်ခဲ့ပြီး တိုက်စစ်ဇုန်ထဲကို ပေးပို့မှု (attacking third entry vs passes) (၁၇၅) ကြိမ် ပါဝင်ခဲ့ကာ ဟော်လန်လိဂ်ရဲ့ တိုက်စစ်ဇုန်ပေးပို့မှု အကောင်းဆုံး ကစားသမား (၁၁) ဦးထဲမှာ ပါဝင်ခဲ့ပါတယ်..။
ဒါ့အပြင် ဘောလုံးဖျက်ထုတ်ပိုင်းမှုလည်း ကောင်းမွန်ခဲ့ပြီး အိုင်းယက်စ်အသင်းရဲ့ ဘောလုံးဖျက်ထုတ်နိုင်မှု (tackles) အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား၊ ဘောလုံးယှဉ်ပြီးလှနိုင်မှု (duels) တတိယအများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား၊ ဖျက်ထုတ်မှုတွေရဲ့ (၅၇.၅ %) ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး (duels success rate) စတုတ္ထမြောက် ဖျက်ထုတ်မှုအကောင်းဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား…၊ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်မှု (interception) စတုတ္ထအများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား စတဲ့ မှတ်တမ်းကောင်း များစွာကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်..။
အိုင်းယက်စ်အသင်းကြီးနဲ့ သူ့ရဲ့ပထမဆုံးရာသီမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဟော်လန်ရဲ့ အအောင်မြင်ဆုံး အသင်းကြီးဟာ ချန်ပီယံဖြစ်သွားတဲ့ ခါးသီးပြိုင်ဘက် ပီအက်စ်ဗွီအသင်းထက် (၃၅) မှတ်လျော့ပြီး အဆင့် (၅) နေရာသာ ရရှိခဲ့ပါတယ်..။ ဒါ့ကြောင့် ၂၀၂၄/၂၅ ဘောလုံးရာသီမှာ မန်နေဂျာအသစ်နဲ့ အပြောင်းအလဲတွေ ပြန်လည်စတင်ခဲ့ရပါတယ်..။ နည်းပြသစ် ဖရန်စစ္စကို ဖာရီယိုလီ ဟာ သူ့ကို ဘယ်အစွန် နောက်ခံလူအဖြစ် ပြောင်းလဲ၊ အသုံးပြုခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာ (၉၄ %) ရာခိုင်နှုန်းလောက် အဲဒီနေရာမှာ ကစားခဲ့ရပါတယ်..။
၂၀၂၄/၂၅ ဘောလုံးရာသီမှာလည်း ဟာတို ဟာ ဆက်လက်တောက်ပခဲ့ပါတယ်..။ ခံစစ်ပိုင်း စွမ်းဆောင်ရည်တွေ အနေနဲ့ဆိုရင် သူဟာဘောလုံးပြန်လည် အရယူနိုင်မှု (recoveries) (၁၃၀) နဲ့ အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား၊ ဘောလုံးဖျက်ထုတ်နိုင်မှု (tackles) (၅၈) ကြိမ်နဲ့ ဒုတိယအများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား၊ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်မှု (interception) (၂၂) ကြိမ်နဲ့ ဒုတိယအများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား စတဲ့ မှတ်တမ်းကောင်းတွေ ထပ်မံ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်..။
သူဟာဘယ်အစွန် နောက်ခံလူအဖြစ် တိုက်စစ်ပိုင်းမှာ ပိုမိုပံ့ပိုးပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (assists) (၆) ကြိမ် ပြုလုပ်ပေးနိင်ခဲ့တာကြောင့် အသင်းဖော် ကဲနက် တေလာ နဲ့အတူ အသင်းရဲ့ ပူးတွဲဂိုးဖန်တီးမှုအများဆုံး ပြုလုပ်ပေးနိုင်ခဲ့တဲ့ ကစားသမား၊ ဟော်လန်လိဂ်ပြိုင်ပွဲတစ်ခုလုံးရဲ့ နောက်ခံလူတွေထဲမှာ ဒုတိယမြောက် ဂိုးဖန်တီးမှုအများဆုံး ပြုလုပ်ပေးနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြန်ပါတယ်..။
အထူးသဖြင့် ဘယ်အစွန် နောက်ခံလူနေရာကို ပြောင်းလဲ၊ ကစားပေးခဲ့ရပေမယ့် နေရာကျဉ်းကျဉ်းလေးတွေထဲမှာ ဘောလုံးကိုထိန်းထားနိုင်မှု (possession in tight spaces) အထူးကောင်းမွန်ခဲ့ပြီး သူ့ရဲ့ဘောလုံးပညာထူးချွန်မှုကို ပြသနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် ဘောလုံးပေးပို့မှု (passes) (၁,၃၅၂) ကြိမ်နဲ့ ဟော်လန်လိဂ်ပြိုင်ပွဲတစ်ခုလုံးရဲ့ ဘောလုံးပေးပို့မှု ဒုတိယမြောက်အများဆုံး ပြုလုပ်နိင်ခဲ့တဲ့ နောက်ခံအစွန်လူ ဖြစ်ခဲ့သလို ပေးပို့မှုတွေရဲ့ (၈၉.၃ %) ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ဘောလုံးပေးပို့မှု အကောင်းဆုံး နောက်ခံလူအဖြစ် အချက်အလက်တွေက ပြသခဲ့ပါတယ်..။
အထက်မှာ ဖော်ပြခဲ့သလို အသက်အရွယ်နဲ့မမျှအောင် ထူးချွန်၊ ပြောင်မြောက်ခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့်လည်း ချယ်လ်ဆီးလို ထိပ်တန်းအသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်..။ နည်းပြအင်ဇို မာရက်စ်ကာ ဟာ တိုက်စစ်ပိုင်း ပံ့ပိုးမှုအားကောင်းပြီး ပွဲရဲ့အရှိန်ကို တင်နိုင်၊ ချနိုင်တဲ့သူ ဖိအားတွေအောက်မှာ ပိုင်နိုင်၊ ကျွမ်းကျင်စွာ ကစားနိုင်တဲ့ နောက်ခံလူတွေကို အလိုရှိနေတဲ့ နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်..။ ဂျိုရယ်လ် ဟာတို ဟာ အဲဒီအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ ထိပ်တန်းအဆင့် လူငယ်သွေးသစ် တစ်ယောက်လည်း ဖြစ်နေပါတယ်..။
ဒါ့အပြင်သူဟာထိပ်တန်းအဆင့် ပြိုင်ပွဲအတွေ့အကြုံ ပြည့်စုံ၊ ကုံလုံနေပြီးသားလည်း ဖြစ်နေပါပြီ..။ ဘောလုံးကျွမ်းကျင်မှု၊ နည်းစနစ်ပိုင်းမှာ ပင်ကိုယ်ပါရမီ ထူးချွန်တဲ့ ကစားသမား တစ်ယောက် ဖြစ်နေသလို ခေါင်းဆောင်မှု ကောင်းမွန်ပြီး တည်ငြိမ်မှုအပြည့်ရှိတယ်..၊ နေရာစုံ ကစားနိုင်တယ်.. ဆိုတဲ့ အရည်အချင်းကောင်းတွေနဲ့လည်း ပြည့်စုံနေတာကြောင့် အိုင်းယက်စ်အသင်းရဲ့ အရေးအကြီးဆုံး ကစားသမားအဖြစ်ကို အချိန်တိုအတွင်း တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်..။ အထူးသဖြင့် ရေရှည်အနာဂတ် အလားအလာကောင်းတွေ အများကြီးရှိနေတဲ့အချက်က ဥရောပထိပ်တန်း အသင်းကြီးတွေကို မျက်စိကျစေခဲ့ပါတယ်..။
လက်ရှိကမ္ဘာ့ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ အခုနှစ်ပိုင်းတွေမှာ ကမ္ဘာ့အကောင်းဆုံး လူငယ်သွေးသစ်တွေကို ကြေးမရှောင် ခေါ်ယူမယ်.. ဆိုတဲ့ လမ်းကြောင်းသစ်နဲ့ ရှေ့ကိုချီတက်နေတဲ့ အသင်းတစ်သင်း ဖြစ်နေပါတယ်..။ အခုအချိန်မှာ သူတို့အသင်း ခေါ်ယူထားတဲ့ ကစားသမားအင်အား၊ အရေအတွက်ဟာ အချို့သူတွေအတွက် မေးခွန်းထုတ်စရာ ရှိနေမှာဖြစ်ပေမယ့် ဂျိုရယ်လ် ဟာတို ကို ခြေမြန်လက်မြန် ခေါ်ယူလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်၊ သင့်တော်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(The Analyst သတင်းဌာနမှ ဆောင်းပါးရှင် David Segar, Oliver Hopkins နှင့် Ana Gonzalez တို့၏ ‘Calm on the Ball, Versatile and a Leader at 17: Why Chelsea Are Signing Jorrel Hato’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)