မိသားစု.. ဘုရားသခင်.. ကျေးဇူးတရား..
ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံးပြုလုပ်တဲ့ တွေဆုံခန်းဟာ (၁၅) မိနစ်သာ ကြာခဲ့ပါတယ်..။ ဒါပေမယ့် အက်စ်တီဗာအို ဟာ ဘောလုံးသမား တစ်ယောက်အနေနဲ့သာမက ရင့်ကျက်တဲ့ လူငယ်တစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေကိုပါ ထင်ဟပ်၊ ပြသနိုင်ခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။
"ကျွန်တော်က ဘုရားသခင်ရဲ့ သားတော်တစ်ယောက်ဖြစ်ပြီး အေးအေးဆေးဆေး နေထိုင်တတ်တဲ့ ကလေးလေးတစ်ယောက် ဖြစ်ပါတယ်.." ဆိုပြီး အရင်ဆုံးစပြောခဲ့ပါတယ်။ "အားလပ်တဲ့အချိန်တွေမှာ ဗွီဒီယိုဂိမ်း ကစားတာကို ကြိုက်နှစ်သက်ပြီး မိသားစုနဲ့ အချိန်ကုန်ရတာကိုလည်း နှစ်သက်ပါတယ်။"
ဘရာဇီးလ် လူငယ် ကစားသမားလေးဟာ အင်္ဂလိပ်စာကို အခုမှစတင် လေ့လာ၊ သင်ယူနေဆဲ ဖြစ်တာကြောင့် "မင်းအကြိုက်ဆုံး အင်္ဂလိပ်စကားလုံးကို ပြောပြပါလား?" လို့မေးတဲ့အခါ လက်ရှိခံစားနေတဲ့ စိတ်အခြေအနေကို ထင်ဟပ်စေတဲ့ စကားလုံးနဲ့ အခုလိုပြန်လည် ဖြေကြားခဲ့ပြန်ပါတယ်..။
"I am happy.. ဆိုတဲ့ စကားလုံးပါ။ အခုအချိန်မှာ ကျွန်တော်အရမ်းပျော်ရွှင်နေပါတယ်။"
ဘောလုံးသမား တစ်ယောက်ဖြစ်လာဖို့ ဘယ်အရာတွေက တွန်းအားပေးခဲ့လဲ..? လို့ မေးတဲ့အခါမှာတော့ ပိုပြီးအဓိပ္ပာယ်ပြည့်ဝတဲ့ အဖြေတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီအကြောင်းအရာဟာ သူ့ရဲ့တွေ့ဆုံခန်း တစ်လျှောက်လုံး ထပ်ခါထပ်ခါ အဖန်တလဲလဲ ပေါ်ပေါက်လာနေတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်..။
"ကျွန်တော့်အတွက် အကြီးမားဆုံးတွန်းအားက မိသားစုဝင်တွေ ဂုဏ်ယူရတဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့တာပါ." လို့ သူကပြောပါတယ်။ "ချန်ပီယံဆုတွေ၊ အောင်မြင်မှုတွေမဟုတ်ပါဘူး။ မိသားစုအတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ တခြားသူတွေက ဘယ်လောက်တောင် ခက်ခက်ခဲခဲ ရုန်းကန်၊ ကြိုးစားခဲ့ရတယ်ဆိုတာ ကျွန်တော်ကောင်းကောင်း သိပါတယ်။ ဒါကြောင့် ကလေးဘဝတုန်းကစပြီး အခုထိ ဇွဲမလျှော့ဘဲ ဆက်လက်ကြိုးစားနေရတဲ့ အဓိကအကြောင်းရင်းက သူတို့ကြောင့်ပါပဲ။"
ဒီအဖြေဟာ အသက်အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်နေမှုကို ပြသနေခြင်းဖြစ်ပါတယ်။ အက်စ်တီဗာအို ဟာ အသက် (၁၈) နှစ်ပြည့်ပြီးတာ (၃) လကျော်ပဲ ရှိသေးပေမယ့် ပါးလ်မီးရက်စ် အသင်းအတွက် (၈၃) ပွဲ ကစားပေးခဲ့ပြီး ဘရာဇီးလက်ရွေးစင် အသင်းကြီးအတွက် (၅) ကြိမ် ကိုယ်စားပြုခဲ့ပြီးပါပြီ။ အဲဒီလိုအခြေအနေတွေဟာ သူ့ကို စောစောစီးစီး ရင့်ကျက်လာစေတဲ့ အကြောင်းရင်းတွေ ဖြစ်လာပါလိမ့်မယ်..။
သူ့ရဲ့ပင်ကိုယ်ပါရမီဟာ ငယ်စဉ်ကတည်းက သိသာ၊ ထင်ရှားခဲ့ပါတယ်။ အဲဒီအကြောင်းကို ပြောဆိုရာမှာလည်း မိသားစုရဲ့အရေးပါမှုကို ထပ်မံ ထင်ဟပ်ခဲ့ပြန်ပါတယ်။
"ကျွန်တော့်ကို အဓိကစေ့ဆော်ပေးခဲ့သူက ကျွန်တော့်ရဲ့ဖခင် ဖြစ်ပါတယ်..။ သူဟာကျွန်တော့်နဲ့အတူ အမြဲတမ်းရှိနေခဲ့ပါတယ်..။ အခုလည်းကျွန်တော်နဲ့အတူ အင်္ဂလန်ကို လိုက်ပါလာခဲ့ပါတယ်..။
ကျွန်တော်တို့ အမြဲတမ်းအတူ လေ့ကျင့်ခဲ့ကြတယ်၊ ဥရောပထိပ်တန်း အသင်းကြီးတစ်သင်းမှာ ကစားဖို့.. ဆိုတဲ့ အိပ်မက်တစ်ခုကို အတူတူမျှဝေခဲ့ကြပါတယ်။ ကျွန်တော်ဟာ မိသားစုနဲ့အတူ အင်္ဂလန်ကိုရောက်လာခဲ့တာပါ" လို့ သူကဆက်ပြောခဲ့ပါတယ်။ "သူတို့ဟာ ကျွန်တော့်အတွက် အရာရာအားလုံးပါပဲ။ သူတို့နဲ့အတူ ဒီမှာရှိနေရတာဟာ ကျွန်တော့်အတွက် အဓိပ္ပါယ်အပြည့်ဝဆုံး ဖြစ်ပါတယ်..။"
အက်စ်တီဗာအို ဟာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းကို ရောက်ရှိလာတဲ့ သူ့ရဲ့ပထမဆုံးနေ့တုန်းက ပေါ်တူဂီစကားနဲ့ပဲ ကျွန်တော်တို့ကို ပြောဆိုခဲ့ပါတယ်..။ ဒါပေမယ့် ဘရာဇီးကို ပြန်သွားပြီးတဲ့နောက်ပိုင်း အင်္ဂလိပ်စာ သင်ခန်းစာတွေ သင်ယူ၊ လေ့လာခဲ့ပြီး အခု ချယ်လ်ဆီးအသင်း တည်ရှိရာ SW 6 လမ်းမကြီးရဲ့ဘေးကို ရောက်ပြီးတဲ့နောက်ပိုင်းမှာလည်း ဆက်လက်သင်ယူသွားဖို့ ရှိနေပါတယ်။
အခုဆိုရင် အသက် (၁၈) နှစ်အရွယ် ဘရာဇီးလ် လူငယ် ကစားသမားလေးဟာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အနားယူချိန် အပြည့်အဝ ရယူခဲ့ပြီးနောက် ပြီးခဲ့တဲ့စနေနေ့က အင်္ဂလန်မြေကို နောက်ထပ်တစ်ကြိမ် ရောက်ရှိလာခဲ့ပါပြီ။
ဒါ့ကြောင့် လန်ဒန်မြို့နဲ့ ရင်းနှီးပြီးသား သူတစ်ယောက်အနေနဲ့ ပတ်ဝန်းကျင်အသစ်ကို အထူးကျေနပ် နေမိတဲ့အကြောင်း အခုလိုပြောပြပါတယ်။"
"လန်ုဒန်မြို့တော်ကြီးဟာ တကယ့်ကို အံ့ဩစရာကောင်းလှပြီး သိပ်ကိုလှပပါတယ်။ နောက်ထပ် လေ့လာစရာတွေ၊ လည်ပတ်စရာ နေရာတွေလည်း အများကြီးရှိနေဦးမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာကို ကျွန်တော်အရမ်းနှစ်ခြိုက်နေပါပြီ။"
အက်စ်တီဗာအို ဟာ ချယ်လ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းကိုတော့ "အံ့ဩဖို့ကောင်းလှပါတယ် (spectacular)" ဆိုတဲ့ စကားလုံးကို သုံးစွဲခဲ့ပြီး အပြာရောင်တွေရဲ့အိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးကို ပထမဆုံးအကြိမ် မြင်ရတော့မယ့် အချိန်အတွက် "မစောင့်နိုင်အောင် ဖြစ်နေရပါတယ်.." လို့ပြောခဲ့ပါတယ်။
"ဥရောပရဲ့ထိပ်တန်း အသင်းကြီးတစ်သင်းမှာ ကစားခွင့်ရဖို့ဆိုတာ ကျွန်တော့်နဲ့ ကျွန်တော့်ရဲ့မိသားစုအတွက် အိပ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်..။ အခုဆို အဲဒီအိပ်မက်ကို အကောင်အထည် ဖော်နိုင်ပါတော့မယ်" လို့ စိတ်လှုပ်ရှားစွာနဲ့ ပြောခဲ့ပါတယ်။
သူ့လိုပင်ကိုယ်ပါရမီ ထူးခွျှန်လှတဲ့ လူငယ်ကစားသမား တစ်ဦးအတွက် ပါးလ်မီးရက်စ်အသင်းမှာ ရှိနေစဉ်ကတည်းက စိတ်ဝင်စားခဲ့တဲ့ အသင်းတွေအများကြီးရှိခဲ့ပါတယ်..။ ဒါပေမယ့်၊ သူ့ရဲ့ကျွမ်းကျင်မှုတွေကို ပြသခွင့်ရဖို့၊ သူ့ရဲ့တိုးတက်မှုတွေကို ရှာဖွေနိုင်ဖို့ ချယ်လ်ဆီးအသင်းကသာ အကောင်းဆုံး ရွေးချယ်မှုဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီရွေးချယ်မှုအပေါ် သံသယလုံးဝ မရှိခဲ့တဲ့အကြောင်း အခုလိုရှင်းပြခဲ့ပါတယ်..။
—
"ချယ်လ်ဆီးအသင်းရဲ့ အစီအစဉ်တွေ၊ ဖွဲ့စည်းပုံနဲ့ အသင်းကြီးတစ်ခုလုံး.. စတဲ့ အသင်းနဲ့ပတ်သက်တဲ့ အရာအားလုံးက ကျွန်တော့်ကို အပြည့်အဝ ဆွဲဆောင်နိုင်ခဲ့ပါတယ်..။ အထူးသဖြင့် အသင်းရဲ့ရည်မှန်းချက်နဲ့ ရေရှည်စီမံချက်တွေက ကျွန်တော်တို့မိသားစုကို ဆွဲဆောင်နိုင်ခဲ့ပါတယ်..။ ဒီအသင်းကို ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ကျွန်တော်တို့ ရွေးချယ်ခဲ့တဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့တယ်ပဲလို့ ယုံကြည်မိပါတယ်။"
ဘရာဇီးလ်နိုင်ငံ၊ ဖရန်ကာမြို့မှာ ကြီးပြင်းလာခဲ့တဲ့ အက်စ်တီဗာအို ဟာ ဘောလုံးသမားဟောင်း တစ်ဦးဖြစ်တဲ့ ဓမ္မတရားဟောဆရာ ဖခင်နဲ့အတူ ဘောလုံးပညာ အခြေခံကျွမ်းကျင်မှုတွေကို လေ့ကျင့်ခဲ့ပါတယ်။ အသက် (၈) နှစ်သားအရွယ် ရောက်လာချိန်မှာ သူ့ရဲ့ပင်ကိုယ်ပါရမီ ခြေစွမ်းကောင်းမွန်မှုကြောင့် ခရူဇီယို အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်..။ ဒါ့ကြောင့်မိသားစုဝင်တွေဟာ ဘီလို ဟိုရီဇွန်တေးမြို့ဆီကို နာရီအတော်ကြာ ခရီးနှင်ပြီး ပြောင်းရွှေ့ခဲ့ကြပါတယ်။ အသက် (၁၄) နှစ်အရွယ် ရောက်လာချိန်မှာ ပါးလ်မီးရက်စ်အသင်းက သူ့ကိုခေါ်ယူခဲ့ပြီး (၁၆) နှစ်အရွယ်မှာပဲ အသင်းကြီးနဲ့ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
အသက် (၁၇) နှစ်ပြည့်ပြီး သိပ်မကြာခင်မှာပဲ ဘရာဇီးလက်ရွေးစင် အသင်းကြီးအတွက် ပထမဆုံးအကြိမ် ကစားခွင့်ရခဲ့ပါတယ်..။ အက်စ်တီဗာအို ဟာ ပါးလ်မီးရက်စ် အသင်းအတွက် (၈၃) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၂၇) ဂိုး၊ ဂိုးဖန်တီးမှု (၁၅) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒီဂိုးတွေထဲက ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းကို သွင်းယူပေးခဲ့တဲ့ သွင်းဂိုးတစ်ဂိုးလည်း ပါဝင်ခဲ့ပါတယ်..။
သူဟာဘယ်၊ ညာအစွန် တိုက်စစ်မှူး ဒါမှမဟုတ် အထောင်တိုက်စစ်မှူး နေရာမှာပါ ကစားပေးနိုင်တဲ့ စွယ်စုံရ တိုက်စစ်မှူး တစ်ယောက်ဖြစ်ပြီး ဘောလုံးသယ်ယူနိင်မှု (dribbling)၊ ဘောလုံးပေးပို့မှု (passing) နဲ့ ဂိုးသွင်းအဆုံးသတ် ကောင်းမွန်မှု (finishing) စွမ်းရည်တွေကို သူ့ရဲ့အားသာချက်တွေအဖြစ် သတ်မှတ်နိုင်ပါတယ်..။ သူအားကျခဲ့ရတဲ့ စံပြပုဂ္ဂိုလ်နှစ်ဦးကတော့ လီယွန်နယ် မက်ဆီ နဲ့ နေမာ တို ဖြစ်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။
အက်စ်တီဗာအို ဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပုံမှန်ကြည့်ရှုလေ့ရှိပြီး ဘရာဇီးကြယ်ပွင့် တောင်ပံ ကစားသမား ဝီလီယံ နဲ့ ချယ်လ်ဆီးအသင်းရဲံ ဂန္ဌဝင်တိုက်စစ်မှူး တစ်ယောက် ဖြစ်ခဲ့တဲ့ အီဒင် ဟာဇက် တို့ကိုလည်း အာရုံစိုက်၊ လေ့လာခဲ့ပါတယ်။
"ချယ်လ်ဆီးအသင်းမှာ ကျွန်တော်အများဆုံး ကြည့်ဖြစ်ခဲ့တဲ့သူက ‘အီဒင် ဟာဇက်’ ဖြစ်ပါတယ်..။ သူဟာ ကစားပုံ အဆင့်အတန်း အလွန်မြင့်မားတဲ့ ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်ပါတယ်.." လို့ အက်စ်တီဗာအို က မှတ်ချက်ပေးခဲ့ပါတယ်။
စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးရဲ့ မြက်ခင်းစိမ်းထက်မှာ ဘရာဇီးလ်ကစားသမားတွေရဲ့ ဂုဏ်ယူစရာ သမိုင်းကြောင်းတွေ အများကြီးရှိပါတယ်။ သီယာဂို ဆေးလ်ဗား၊ ဒေးဗစ် လူးဝစ်ဇ်၊ ရာမီးရက်စ်၊ အော်စကာ နဲ့ ဝီလီယံ တို့ဟာ အပြာရောင်အင်္ကျီကို ဆင်မြန်းရင်း အောင်ပွဲအလီလီ ဆွတ်ခူးနိုင်ခဲ့ကြတဲ့ ကစားသမားကြီးတွေထဲမှာ ပါဝင်နေပါတယ်..။
"ဘရာဇီးဂန္ထဝင် ကစားသမားကြီးတွေနဲ့အတူ သမိုင်းကြောင်း အစဉ်အလာကောင်းတွေ ရေးထိုးနိုင်ခဲ့တဲ့ ဒီအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တာ ကျေနပ်စရာပါ..။ ကျွန်တော်လည်း သူတို့တွေရဲ့ခြေရာကိုနင်းနိုင်ပြီး ချယ်လ်ဆီးအသင်းမှာ လှပတဲ့သမိုင်းကြောင်း ကောင်းတွေနဲ့အတူ အလားတူ အောင်မြင်မှုတွေရဖို့ မျှော်လင့်မိပါတယ်" လို့ အက်စ်တီဗာအို ကဆိုပါတယ်။
အက်စ်တီဗာအို ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့မလာခင်မှာ အသင်းသစ်က အသင်းဖော်တွေနဲ့ ပုဂ္ဂိုလ်ရေးအရ သိကျွမ်းခဲ့တာ မရှိခဲ့ပါဘူး..။ ဒါပေမယ့် ဂန္ထဝင်နောက်ခံလူကြီး သီယာဂို ဆေးလ်ဗား ဆီကနေ အပြာရောင်တွေနဲ့ ပတ်သက်တဲ့ ကောင်းတဲ့သတင်းတွေ ကြားသိခွင့်ခဲ့ရပါတယ်။
"ချယ်လ်ဆီးအသင်းနဲ့ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး မကြာခင်မှာပဲ ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ရပါတယ်..။ အဲဒီပွဲစဉ်မှာ သီယာဂို ဆေးလ်ဗား နဲ့ ရင်ဆိုင်ခဲ့ရပါတယ်..။ 'အဲဒီအသင်းဟာ တကယ့်ကိုထူးခြား ကောင်းမွန်လှတဲ့ ဖွဲစည်းပုံနဲ့ တည်ဆောက်ထားတဲ့ အသင်းဖြစ်တာကြောင့် အရမ်းကိုချစ်မြတ်နိုးသွားလိမ့်မယ်..' ဆိုပြီး ချယ်လ်ဆီးအသင်းရဲ့အကြောင်း ကျွန်တော့်ကို ပြောပြခဲ့ပါတယ်..။
အခုဆိုရင် ကျွန်တော်ဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ခြေချခွင့်ရနေချိန်မှာ ဒီအသင်းဟာ ဘယ်လောက်တောင် အံ့အားသင့်၊ ကျေနပ်ဖို့ ကောင်းခဲ့လဲ.. မျက်မြင်တွေ့ရှိနေရပါပြီ..။"
သူဟာလန်ဒန်မြို့ကို အရင်တုန်းက ရောက်ဖူးခဲ့ပေမယ့် အသင်းရဲ့ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းကိုတော့ အခုမှပဲ ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်..။ ဒါ့အပြင်အခုတစ်ကြိမ် ခရီးစဉ်ဟာ သူ့အတွက် ဘရာဇီးနိုင်ငံပြင်ပမှာ ပထမဆုံးနေထိုင်ရတာ ဖြစ်သလို ရင်ဆိုင်၊ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေအတွက် အသင့်ဖြစ်နေပါတယ်.. လို့ ပြောပြပါတယ်။
"ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်ဘဝရဲ့ အတွေ့အကြုံအသစ်တစ်ခု၊ အဆင့်သစ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်..။ အစစအရာရာ အဆင်ပြေ၊ ချောမွေ့ပြီး အကောင်းဆုံး အနေအထားနဲ့ ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်။"
အက်စ်တီဗာအို ဟာ အခုလာမယ့် ၂၀၂၅/၂၆ ရာသီမှာ ဥရောပရဲ့အကြီးမားဆုံး အသင်းတွေထဲက အသင်းတစ်သင်းကို ကမ္ဘာ့ချန်ပီယံအဖြစ်နဲ့ ပြောင်းရွှေ့ခွင့်ရခဲ့ခြင်းအပေါ် အထူးစိတ်လှုပ်ရှားနေခဲ့ရပါတယ်..။ ဒါ့အပြင် ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြနိုင်ပြီး ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးအသင်းနဲ့ ပါဝင်ခွင့်ရမယ့် အခွင့်အလမ်းအတွက်လည်း စိတ်အားတက်ကြွနေပါတယ်။
ဒါပေမယ့် အဲဒီအိပ်မက်လှမ်းမဆုတ်နိုင်ခင် သူ့ဆီမှာနောက်ထပ်အိပ်မက်နှစ်ခု ရှိနေပါသေးတယ်..။ အဲဒီစိတ်ကူးတွေကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားခွင့်ရဖို့နဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးရဲ့ မြက်ခင်းစိမ်းထက်မှာ ချန်ပီယံလိဂ်တေးသွား သီချင်းသံကို ခံစား၊ နားဆင်ခွင့်ရဖို့ ဖြစ်ပါတယ်..။
သူဟာ ဘရာဇီးနိုင်ငံရဲ့ ချန်ပီယံဆုဖလားတွေကို ရရှိခဲ့ပြီးပါပြီ။ အခုအချိန်မှာတော့ အပြာရောင်တွေနဲ့အတူ ကြီးမားတဲ့အောင်မြင်မှုတွေ ထပ်မံရနိုင်ဖို့ ရည်မှန်းထားပါကြောင်း ထပ်လောင်း ပြောဆိုသွားခဲ့ပါတယ်..။
"ချယ်လ်ဆီးအသင်းနဲ့ ကျွန်တော့်ရဲ့ ရေရှည်ရည်မှန်းချက်က အသင်းနဲ့အတူ ရရှိနိုင်သမျှ ဆုဖလားတွေအကုန်လုံး ဆွတ်ခူးနိုင်ဖို့ ဖြစ်ပါတယ်..။ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ အပါအဝင်ပေါ့ဗျာ..။ ကျွန်တော့်ရဲ့ တစ်ကိုယ်ရည် ရည်မှန်းချက်အနေနဲ့ဆိုရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာဖို့ ရည်စူးထားတာကြောင့် အဲဒီအိပ်မက်တွေ အကောင်အထည်ပေါ်၊ ပြည့်ဝလာဖို့ဆိုရင် အစွမ်းကုန်၊ လေ့ကျင့်သွားဖို့ လိုအပ်ပါလိမ့်မယ်..။”
(Chelsea Official website မှ တင်ဆက်သည့် ‘Estevao: The first interview’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)