ယခင်အပါတ်က SkyBet ရုပ်/သံဌာနမှ တင်ဆက်ခဲ့သော The Overlap စကားဝိုင်း အစီအစဉ် ဆွေးနွေးခန်းတွင် ချယ်လ်ဆီးအသင်း အားပေးသူ ရိုရီ ဂျင်နင်းစ် က လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ နှင့် မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ် ကစားသမားဟောင်း ပေါလ် စခိုးလ် တို့နှင့်အတူ အမေရိကန် ပြည်ထောင်စုတွင် ကျင်းပခဲ့သည့် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ချယ်လ်ဆီးအသင်း၏ အောင်မြင်မှု၊ လာမည့်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း၏ အလားအလားများအပေါ် အောက်ပါအတိုင်း အငြင်းအခုန် ဆွေးနွေးခဲ့ကြပါသည်..။
ဂျေမီ ကာရေဂါ - ရိုရီ ရေ… ပထမဆုံး မေးချင်တာက ခင်ဗျားတို့ချယ်လ်ဆီးအသင်းဟာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်နဲ့ ထိုက်တန်ခဲ့ရဲ့လား..? နောက်ပြီးအဲဒီပြိုင်ပွဲကို ခင်ဗျားတို့ဘယ်လိုမြင်မိလဲ..?
ရိုရီ ဂျင်နင်းစ် - Haa..! ထိုက်တန်လို့ ဝင်ခွင့်ရခဲ့တာပေါ့..။ အဲဒီပြိုင်ပွဲဝင်ခွင့်ရဖို့ လိုအပ်တယ်.. လို့ သတ်မှတ်ထားတဲ့ အချက်တွေအကုန်လုံး ပြည့်စုံခဲ့တာကြောင့် ကျွန်တော်တို့ ဝင်ပြိုင်ခွင့်ရခဲ့တယ်..၊ နယူး ယောက်ခ် မြို့တော်ကြီးမှာ ထိုက်ထိုက်တန်တန် အနိုင်ရ၊ ဗိုလ်စွဲခဲ့ပါတယ်..။ ခင်ဗျားတို့ သဘောကျကြမှာ မဟုတ်ပေမယ့် ကျွန်တော်တို့အသင်းဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က သတ်မှတ်ထားတဲ့အတိုင်း နောက်ဆုံး (၄) နှစ်အတွင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ အဲဒီအချက်နဲ့ ဝင်ခွင့်ရခဲ့တာပါ..။
နောက်ပြီးကျွန်တော်ဟာ အဲဒီပြိုင်ပွဲကို တန်ဖိုးထားပါတယ်..။ ဒါ့ကြောင့် ၂၀၁၂ ခုနှစ်တုန်းက ဂျပန်နိုင်ငံအထိ လိုက်ပါပြီး ချယ်လ်ဆီးအသင်းကို အားပေးခဲ့ပါတယ်..။ အခုရရှိခဲ့တဲ့ အောင်မြင်မှုကို ခင်ဗျားတို့ တန်ဖိုးထားချင်မှာ မဟုတ်ပေမယ့် ပြိုင်ပွဲတစ်လျှောက်မှာ ချယ်လ်ဆီးအသင်းရဲ့ စွမ်းဆောင်ခဲ့မှုဟာ ချီးကျူးဖို့ကောင်းပါတယ်..။ အထူးသဖြင့် ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းကို တစစီ ချေမှုန်းခဲ့တဲ့ ခြေစွမ်းနဲ့ ကိုးလ် ပါးမား ရဲ့ ခြေစွမ်းဟာ တကယ့်ကို အားရဖို့ကောင်းပါတယ်..။
နောက်တစ်ချက်က အခုတစ်ကြိမ်ပြိုင်ပွဲရဲ့ အရှိန်အဝါပေါ့ဗျာ…။ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတကြီးရဲ့ ရှေ့မှောက်မှာ နည်းပြလူးဝစ်စ် အင်းနရစ်ခ် ရဲ့ ဥရောပချန်ပီယံအသင်းကို အနိုင်ရခဲ့တဲ့ အောင်မြင်မှုကို မထိုက်တန်ပါဘူး..၊ အဖိုးမတန်ပါဘူး.. လို့ ဘယ်လိုမှ ပြောလို့မရပါဘူး..။ အသင်းရဲ့သမိုင်းဝင် အောင်ပွဲတစ်ပွဲအဖြစ် သတ်မှတ်ရမှာပါ..။
ဂျေမီ ကာရေဂါ - ဖလားပြိုင်ပွဲတစ်ခုဟာ ဘယ်လောက်အထိ ကြီးကျယ်တယ်..၊ အောင်မြင်မှုဟာ ဘယ်လောက် တန်ဖိုးမြင့်မားတယ်.. ဆိုတာ ပညတ်ချက်တွေပါပဲ..။ ကလပ်အသင်းများ ကမ္ဘာ့ဖလား ပြိုင်ပွဲအပေါ် ပြောရမယ်ဆိုရင် ကိုယ်တိုင်မပါဝင်ရဘူး ဆိုတာနဲ့ ‘ဒီဖလားဟာ အရေးမကြီးပါဘူးကွာ..’ ဆိုပြီး တန်ဖိုးမထားခဲ့ကြပါဘူး..။ ဒါပေမယ့် ကိုယ်တိုင်ဝင်ပြိုင်ရပြီဆိုရင် အရေးပါတဲ့ ဖလားတစ်လုံး ဖြစ်လာခဲ့တာပဲ..။ အခုဆိုရင် လေးနှစ်တစ်ကြိမ် ကျင်းပမယ့် ဒီပြိုင်ပွဲကြီးဟာ အနာဂတ်မှာ ဘယ်လောက်တောင် ကြီးကျယ်၊ ခမ်းနားတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာမလဲ..? ဘယ်သူကမှ မပြောနိုင်ပါဘူး..။
၂၀၀၅ ခုနှစ်တုန်းက ကျွန်တော်တို့လည်း အဲဒီကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်..။ အဲဒီပွဲအပြီး အကြီးအကျယ် စိတ်ပျက်ခဲ့ရတယ်ဆိုတာ ဝန်ခံပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချိန်တုန်းက လီဗာပူးလ်အသင်းဟာ ဒီဖလားကို တစ်ခါမှ မရခဲ့ဖူးသေးပါဘူး..။ ဒါ့ကြောင့်ကလပ်အသင်းများ ကမ္ဘာ့ဖလားအပေါ် ခင်ဗျားတို့ချယ်လ်ဆီးဘက်က ရှုမြင်တဲ့ သဘောထားကို ကျွန်တော်နားလည်ပါတယ်..။ ဒါ့ကြောင့်လေးနှစ်တစ်ကြိမ် ကျင်းပမယ့် ဒီဖလားပြိုင်ပွဲဟာ အနာဂတ်မှာ တကယ့်ကို တန်ဖိုးမြင့်မားတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်..။
ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီလိုအရှိန်အဝါ ကြီးမားတဲ့ ပြိုင်ပွဲကြီးတစ်ခုရဲ့ အဆင့်အတန်းမျိုး မရရှိသေးဘူးလို့ မြင်မိပါတယ်..။ ပြိုင်ပွဲစည်းမျဉ်းအချို့ကို ပြင်ဆင်ရဦးမယ်..။ ဥပမာပြောရမယ်ဆိုရင် ကလပ်အသင်းများ ကမ္ဘာ့ချန်ပီယံ ဖလား လို့သာ ပြောပေမယ့် ‘ကြီးငါးကြီးချန်ပီယံ’ တွေထဲက အင်္ဂလိပ် ပရီးမီးယားလိဂ် ချန်ပီယံ၊ စပိန်ချန်ပီယံ၊ အီတလီ ချန်ပီယံတွေ မပါဝင်နိုင်တာဟာ တစ်မျိုးကြီးလို ဖြစ်နေသလားလို့ပါ..။
ရိုရီ ဂျင်နင်းစ် - မဟုတ်ဘူးလေဗျာ..။ တစ်နိုင်ငံချင်း ချန်ပီယံတွေထက်စာရင် ‘ဥရောပတိုက်’ အနေနဲ့ စဉ်းစားတာကိုး..။ ဒါ့ကြောင့်ဥရောပ ချန်ပီယံဟောင်းတွေကို ကာလအပိုင်းအခြား တစ်ခုအထိ ထည့်သွင်းခဲ့ပါတယ်..။ တကယ်လို့ နောက်လေးနှစ်တာ ကာလထဲမှာ အီတလီချန်ပီယံ တစ်သင်းသင်းက ဗိုလ်စွဲသွားခဲ့ရင် ခင်ဗျားပြောတဲ့ အီတလီချန်ပီယံ ပါလာမှာပေါ့..။
ဂျေမီ ကာရေဂါ - အဲဒီအချက်ကိုပဲ ကျွန်တော်ပြောနေတာ..။ အဲဒီစည်းမျဉ်းကို ပြင်ဆင်ရပါမယ်..။ ကျွန်တော်ကတော့ ပြီးခဲ့တဲ့လေးနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အသင်းအထိ ထည့်ပြီးစဉ်းစားတာကို မှန်ကန်တယ်လို့ မထင်မိဘူး..။ ဥပမာ ခင်ဗျားတို့အသင်းဆိုရင် လွန်ခဲ့တဲ့လေးနှစ်က မန်နေဂျာလည်း မရှိတော့ဘူး..။ အသင်းကလည်း လုံးဝကို တခြားစီ ဖြစ်သွားပါပြီ..။
ရိုရီ ဂျင်နင်းစ် - မဟုတ်ဘူးလေ…၊ ကမ္ဘာ့အဆင့်ကို စဉ်းစားတဲ့အခါ ‘အင်္ဂလန်’ အသင်းဖြစ်နေလို့ တစ်နေရာပေးရမယ်.. ဆိုတာကျ သီးသန့်ကြီး ဦးစားပေး (meritocracy) နေရသလို ဖြစ်နေတာပေါ့..။ ကလပ်အသင်းတွေရဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲကို စဉ်းစားတဲ့အခါ တစ်နိုင်ငံချင်းကို ဦးတည်စဉ်းစားရင် ရှုပ်ထွေးကုန်ပါမယ်..။ မှန်ကန်တဲ့ စဉ်းစားပုံလို့လည်း မထင်ပါဘူး..။ သူတို့သတ်မှတ်ထားတဲ့ လေးနှစ်တာကာလ အပိုင်းအခြားအတွင်းမှာ အင်္ဂလန် ပရီးမီးယားလိဂ်က ဥရောပမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ အသင်းတစ်သင်း ပါဝင်ခဲ့တယ်.. ဆိုရင် အဆင်မပြေဘူးလား..?
ပေါလ် စခိုးလ် - ‘ကလပ်အသင်းများ ကမ္ဘာ့ဖလား..’ ဆိုတော့ အကောင်းဆုံး အသင်းတွေပဲ ပါသင့်တာပေါ့..။ အဲဒီလိုရော မထင်မိဘူးလား..?
ရိုရီ ဂျင်နင်းစ် - အခုလည်း ‘အကောင်းဆုံး’ လို့ ပြောနိုင်တဲ့ အသင်းတွေပဲ ယှဉ်ပြိုင်ခွင့်ရသွားတာပဲလေ..။
ဂျေမီ ကာရေဂါ - ခင်ဗျားတို့အသင်းဟာ အခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) နေရာပဲ ရခဲ့တာ… ‘အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်း’ လို့ ပြောနိုင်ပါ့မလား..? ပြီးတော့ ချန်ပီယံလိဓ် ဗိုလ်စွဲခဲ့တဲ့အသင်းဟာ အခုလက်ရှိအသင်း မဟုတ်ပါဘူး..။ မန်နေဂျာလည်း မရှိတော့ဘူး..၊ ကစားသမားတွေလည်း ပြောင်းကုန်ပါပြီ..။
ကျွန်တော်က ခင်ဗျားတို့ ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှုကို မထိုက်တန်ဘူး..၊ တန်ဖိုးမရှိပါဘူး.. လို့ ရှုံ့ချနေတာ မဟုတ်ပါဘူး..။ ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးတယ်.. ဆိုတာဟာ အသင်းတစ်သင်းအတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်..။ တခြားအသင်းတွေကတော့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲကို ‘ရာသီကြိုခြေစမ်းပွဲသာသာ..’ အဖိုးမတန်တဲ့ပြိုင်ပွဲအဖြစ် ပြောကြပါလိမ့်မယ်..။ ဒါပေမယ့် ဒီဖလားကို ပထမဆုံး ဗိုလ်စွဲခဲ့တယ်.. ဆိုတဲ့ သမိုင်းကြောင်းဟာ သိပ်ကိုခမ်းနားပါတယ်..။
အခုကျွန်တော်တို့ ပြောနေတာဟာ ချယ်လ်ဆီးနဲ့ မဆိုင်ဘူးဗျ..။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဌ အင်ဖန်တီနို နဲ့ ပြိုင်ပွဲကျင်းပပုံ၊ ပြိုင်ပွဲစည်းမျဉ်းတွေအကြောင်း ဝေဖန်နေကြတာပါ..။ လေးနှစ်တစ်ခါ ကျင်းပမယ့်ပြိုင်ပွဲကြီးတစ်ခုမှာ အကြီးမားဆုံး လိဂ်ပြိုင်ပွဲသုံးခုက ချန်ပီယံတွေ မပါဝင်နိုင်ဘူး ဆိုတာဟာ တကယ့်ကို အံ့အားသင့်စရာပါပဲ..။ ဒါဟာမှန်ကန်တဲ့ ပြိုင်ပွဲစည်းမျဉ်းလို့ မထင်ပါဘူး..။
ပေါလ် စခိုးလ် - ‘လေးနှစ်’ ဆိုတဲ့ ကာလဟာ ကျွန်တော်တို့ ဘောလုံးလောကမှာ တကယ့်ကို ကာလအရှည်ကြီးပဲဗျ..။ အဲဒီအချိန်အတွင်းမှာ အပြောင်းအလဲတွေအများကြီး ဖြစ်သွားနိုင်ပါတယ်..။
မာတင် ဇီဂလာ - FIFA ဟာ ပြိုင်ပွဲစည်းမျဉ်းတွေကို ပြောင်းလဲဖို့ ကြိုးစားနေပါတယ်..။ အခုဒီလိုဖြစ်နေတဲ့ အဓိကအကြောင်းအရင်းကို ပြောရမယ်ဆိုရင် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က တစ်နိုင်ငံကို အများဆုံး (၂) သင်းပဲ ခွင့်ပြုပေးမယ်လို့ သတ်မှတ်ပေးလိုက်တာကြောင့် ဖြစ်ပါတယ်..။ FIFA က ပြိုင်ပွဲဝင် အသင်းတွေထဲမှာ ဘာစီလိုနာ၊ လီဗာပူးလ် တို့ ပါဝင်စေချင်တယ်.. ဆိုပေမယ့် အင်္ဂလန်နဲ့ စပိန်တွေရဲ့ သတ်မှတ်အရေအတွက် (quota) ပြည့်သွားရင် မရတော့ဘူး..။
ဂျေမီ ကာရေဂါ - ဒါဆိုရင် UEFA ကြောင့်ပေါ့..။ အပြောင်းအလဲတွေရော ရှိနိုင်သေးလား..?
မာတင် ဇီဂလာ - FIFA နဲ့ အင်ဖန်တီနို တို့ကတော့ တတ်နိုင်သမျှ အကောင်းဆုံးအသင်းတွေ ပါဝင်စေချင်ပါတယ်..။ နောက်လာမယ့် လေးနှစ်မှာ ကြီးမားတဲ့ အပြောင်းအလဲ မရှိနိုင်သေးပါဘူး..။ နောက်လာမယ့် (၈) နှစ်လောက်ဆိုရင် ဖြစ်လာနိုင်ပါလိမ့်မယ်..။
ဂျေမီ ကာရေဂါ - မာတင် ရေ.. ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့အမြင် ဘယ်လိုရှိလဲ..? ပိုပြီးကြီးကျယ်၊ ခမ်းနားလာမယ်..၊ ပရိသတ် စိတ်ဝင်စားမှု ပိုပြီးများပြားလာမယ့် အလားအလာရှိရဲ့လား..? ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်မကြိုက်တဲ့တစ်ချက် ရှိသေးပါတယ်..။ အဲဒါက ပေါလ် စခိုးလ် ပြောခဲ့သလို ‘လေးနှစ်’ ဆိုတဲ့ အချိန်ကာလပဲဗျ..။ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ နှစ်တိုင်းရှိနေပြီး ကလပ်အသင်းများ ကမ္ဘာ့ဖလားက လေးနှစ်တစ်ကြိမ် ဆိုတော့ လူတွေရဲ့စိတ်ထဲမှာ မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ကြမယ်..။ နောက်ပြီးလေးနှစ်.. ဆိုတဲ့ အချိန်အတွင်းမှာ ပထမအကြိမ်က ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေရဲ့ အပြောင်းအလဲတွေ ဘယ်လောက်တောင် ဖြစ်ကုန်မလဲ.. ဘယ်သူကမှ မပြောနိုင်ပါဘူး..။
မာတင် ဇီဂလာ -ခင်ဗျားပြောနေတဲ့ အပြောင်းအလဲတွေဟာ ဒီပြိုင်ပွဲရဲ့ လာမယ့်နှစ်ပေါင်း (၂၀) အတွင်း ဖြစ်လာနိုင်ပါတယ်..။ ရုပ်/ သံလွှင့်တဲ့ ကုမ္ပဏီတွေကလည်း အသင်းကြီးတွေ များများပါလာတာကို ပိုပြီးနှစ်သက်ကြမှာပေါ့..။ FIFA ဟာ အခုပြိုင်ပွဲကို တစ်ကမ္ဘာလုံးက ရုပ်/ သံလွှင့် ကုမ္ပဏီတွေဆီက ကြိုတင်ကမ်းလှမ်းမှုတွေ အများကြီးရရှိလိမ့်မယ်လို့ မျှော်မှန်းခဲ့ပေမယ့် ‘မှန်းချက်နဲ့နှမ်းထွက်’ မကိုက်ခဲ့လို့ အတော်လေး ရုန်းကန်ရဦးမယ့် သဘောပါပဲ..။
ပေါလ် စခိုးလ် - ပရိသတ်တွေ စိတ်ဝင်စားဖို့လည်း အရေးကြီးပါတယ်.။ အခုပြိုင်ပွဲရဲ့ ပွဲစဉ်အမျာစုမှာ ပရိသတ်တွေမရှိပဲ ခြောက်ကပ်နေတဲ့ ကစားကွင်းကြီးတွေကိုပဲ တွေ့နေရပါတယ်..။ ဒါပေမယ့် ကျင်းပတဲ့နေရာလည်း ဆိုင်သေးတာကိုးဗျ..။
ရိုရီ ဂျင်နင်းစ် - ဒါပေါ့.. စပိန်နိုင်ငံမှာသာ ကျင်းပခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ဗိုလ်လုပွဲမှာ အားပေးဖို့ ပရိသတ် (၂၀,၀၀၀) လောက် အသာလေး ခေါ်သွားလို့ရပါတယ်..။
ဂျေမီ ကာရေဂါ - ဟေးးး…!! ခင်ဗျားတို့ရဲ့ မန်နေဂျာ အင်ဇို မာရက်စ်ကာ က ဒီပြိုင်ပွဲကို ‘ဟာသပါပဲ.. (joke)’ လို့ ပြောခဲ့ဖူးတယ်နော်.. ဟားဟား..။
ရိုရီ ဂျင်နင်းစ် - သူပြောတာက လျှပ်စီးမုန်တိုင်း၊ မိုးကြိုးမုန်တိုင်းကြားမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဘင်ဖီကာနဲ့ပွဲစဉ် အနေအထားအပေါ် ဝေဖန်ခဲ့တာပါဗျ..။ လျှပ်စီးမုန်တိုင်းနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲစည်းမျဉ်းဟာ ‘ဟာသ’ ပါပဲ..။ မိုးကြိုးမုန်တိုင်း အန္တရာယ်ရှိတဲ့နေရာ..၊ မိုးကြိုးတွေ မကြာခဏ ပစ်လေ့ရှိတဲ့နေရာမှာ ပြိုင်ပွဲကျင်းပတာ..၊ ပြီးတော့လည်း မိုးကြိုးမုန်တိုင်းအန္တရာယ် ရှိနေဆဲ အချိန်မှာပဲ ရပ်ဆိုင်းထားတဲ့ပွဲကို ပြန်ကန်ခိုင်းတဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဝေဖန်ခဲ့တာပါ..။
ဂျေမီ ကာရေဂါ - ဒါနဲ့အခုရော ခင်ဗျားဟာ အင်ဇို မာရက်စ်ကာ ကို အပြည့်အဝ ထောက်ခံပြီးလား..? မနှစ်တုန်းက ရာသီကုန်ရင် ဆက်ရှိဖို့တောင် မသေချာဘူး.. လို့ ခင်ဗျားပြောခဲ့တယ်နော်…
ရိုရီ ဂျင်နင်းစ် - ပိုလန်နိုင်ငံမှာ ကွန်ဖရင့်စ်လိဂ်ဖလား ဗိုလ်စွဲခဲ့တယ်..၊ ထိပ်ဆုံးလေးသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်..၊ အမေရိကန် ပြည်ထောင်စုမှာ လက်ရှိဥရောပ ချန်ပီယံ ပီအက်စ်ဂျီအသင်းကို အနိုင်ရပြီး ကလပ်အသင်းများ ကမ္ဘာ့ဖလားကို ဗိုလ်စွဲခဲ့တဲ့အပြင် ပြတ်ပြတ်သားသား အနိုင်ယူ၊ ဗိုလ်စွဲပြနိုင်ခဲ့တဲ့ ခြေစွမ်းဟာ တကယ့်ကို ချီးကျူးစရာပါ..။ ရာသီကုန်ခါနီးမှာ ကျွန်တော်တို့အသင်းတဲ့ တိုးတက်သွားမှုဟာ စပရိန်ဘုတ်နဲ့ ခုန်တက်သွားတဲ့အတိုင်းပါပဲ..။
ဒါဆိုရင် အခုချယ်လ်ဆီးအသင်း ဘယ်လိုနေရာကို ရောက်နေပြီလဲ..? အခုရာသီကြိုမှာ လီဗာပူးလ်၊ အာဆင်နယ် အသင်းတွေရဲ့ ပြင်ဆင်မှုတွေဟာ အထင်ကြီးစရာပါ..။ ဒါပေမယ့် ကျွန်တော်တို့အသင်းဟာ လူတွေထင်မှတ်မထားတဲ့ အောင်မြင်မှုကြီးတွေကို စွမ်းဆောင်ပေးနိုင်မယ့် အခွင့်အရေး ရှိနေသေးတယ်လို့ ယုံကြည်မိပါတယ်..။
ဂျေမီ ကာရေဂါ - ဘယ်လို ‘အောင်မြင်မှု’ တွေလဲ..? ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့လား..?
ရိုရီ ဂျင်နင်းစ် - ဆုဖလားကို စိန်ခေါ်နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေခဲ့ရင် ကျေနပ်ဖို့ကောင်းပါပြီ..။ ဗိုလ်စွဲဖို့ဆိုတဲ့ ရည်မှန်းချက်က မြင့်မားလွန်းနေပါသေးတယ်..။
ပေါလ် စခိုးလ် - ဒါဆိုရင် ခင်ဗျားတို့အသင်းမှာ ဘယ်လိုနေရာတွေမှာ လိုအပ်ချက်တွေ ရှိနေသေးလဲ..?
ရိုရီ ဂျင်နင်းစ် - အသင်းရဲ့ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေကို ဖြည့်ဆည်းမပေးနိုင်သေးတာဟာ အတော်လေး စိတ်ပျက်ဖို့ ကောင်းတယ်ဗျ..။ ဗဟိုခံစစ်မှူးနေရာ အားဖြည့်ဖို့ လိုအပ်နေတာ အသေအချာပါပဲ..။ အထူးသဖြင့် ပြိုင်ပွဲအတွေ့အကြုံ ရင့်ကျက်ပြီး အသင်းကိုဦးဆောင်၊ မောင်းနှင်ပေးနိုင်မယ့် အသက် (၃၀) ဝန်းကျင် ထိပ်တန်းအဆင့် ဗဟိုနောက်ခံလူတစ်ဦး လိုချင်မိပါတယ်..။ သီယာဂို ဆေးလ်ဗား လို အရှိန်အဝါနဲ့ ကစားသမားမျိုး… ဒါမှမဟုတ်ရင် လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က အသက် (၃၁) နှစ်အရွယ် မိုက်ကယ် ဘောလက် ကို ခေါ်ယူခဲ့တာမျိုးပေါ့ဗျာ..။
အဲဒီလိုအသင်းတိုင်း၊ ပြိုင်ဘက်တိုင်းက လေးစားရမယ့် ကမ္ဘာ့အဆင့် ကစားသမားကြီးတွေဟာ အသင်းကို နောက်ထပ်တစ်ဆင့်မြင့်ဆီ အမြန်ဆုံးမြှင့်တင်ပေးနိုင်ပါလိမ့်မယ်..။ အသင်းမှာအခုလက်ရှိ ကျင့်သုံးနေတဲ့ လူငယ်လေးတွေကို ခေါ်ယူတဲ့ မဟာဗျူဟာ ကို မှားယွင်းတယ်လို့ ပြောတာ မဟုတ်ပါဘူး..။ အဲဒီလိုလူငယ်လေးတွေကို ခေါ်ယူရင်း အတွေ့အကြုံနဲ့ ယုံကြည်မှုတွေ ကောင်းမွန်ဖို့ ကမ္ဘာ့အဆင့် ကစားသမားတွေလည်း အားဖြည့်ပေးဖို့ပါ..။
ဂျေမီ ကာရေဂါ - ချယ်လ်ဆီးအသင်းရဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စွမ်းဆောင်ခဲ့မှုဟာ သိပ်ကိုကြီးကျယ်၊ ခမ်းနားခဲ့ပါတယ်..။ အမှန်တကယ် ချီးကျူးဖို့ကောင်းတဲ့ အောင်မြင်မှုပါ..။ ဘာဖြစ်လို့လည်းဆိုတော့ ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရတဲ့ အသင်းတိုင်းက ဗိုလ်စွဲချင်ကြတာပဲဗျ..။ ရီးရဲလ် မက်ဒရစ် လည်း ဒီဖလားကြီးကို လိုချင်ခဲ့တယ်..၊ ပီအက်စ်ဂျီ..၊ မန် စီးတီး..၊ ဘေယန် မြူးနစ်.. အသင်းတိုင်းက ဒီပြိုင်ပွဲမှာ ဗိုလ်စွဲချင်ကြတာပါ..။ အဲဒီအသင်းတွေဟာ လက်ရှိအကောင်းဆုံး ထိပ်တန်းအသင်းကြီးတွေပါ..။ ဒါ့ကြောင့်အဲဒီဖလားကြီးကို အနိုင်ယူ၊ ဗိုလ်စွဲနိုင်ခဲ့တာဟာ အသင်းသားတွေအတွက် ကြီးမားတဲ့ ယုံကြည်မှုတွေ ရရှိလာမှာ အသေအချာပဲဗျ..။
နောက်ပြီးအခုရရှိလာခဲ့တဲ့ အောင်မြင်မှုဟာ အသင်းမန်နေဂျာနဲ့ ပရိသတ်တွေကြားက နားလည်မှု၊ ဆက်သွယ်မှုကို ပိုပြီးကောင်းမွန်လာစေပါလိမ့်မယ်..။ ပြီးခဲ့တဲ့ရာသီတုန်းက ခင်ဗျားတို့အသင်း ပရိသတ်တွေဟာ မန်နေဂျာအပေါ် ယုံကြည်မှုမရှိခဲ့ကြပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားတို့အသင်းရဲ့ အလှည့်အပြောင်းကို စတင်စေခဲ့တဲ့ ဖူးလ်ဟမ်းအသင်းနဲ့ပွဲမှာ တိုင်ရစ်ခ် ဂျော့ခ်ျ ကို လူစားလဲခဲ့တဲ့အချိန်.. ခင်ဗျားတို့ပရိသတ်တွေက ‘Boo..’ လုပ်ပြီး ဝိုင်းဆဲခဲ့ကြပါသေတယ်..။ အဲဒီပွဲဟာ ရာသီကုန်ခါနီး (၅) ပွဲလား..၊ (၆) ပွဲလား.. အဲဒီလောက်ပဲ ကျန်ပါတော့တယ်..။ အခုဆိုရင် မန်နေဂျာဟာ ပရိသတ်တွေရဲ့ ယုံကြည်အားကိုးမှု အပြည့်အဝ ရရှိလာပါပြီ..။
ခုနက ခင်ဗျားပြောတဲ့အချက်ကို ကျွန်တော်သဘောတူပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အတွေ့အကြုံရင့် ကမ္ဘာ့အဆင့် ကစားသမားတွေ ခေါ်ယူ၊ အားဖြည့်မှု မလုပ်ပဲနဲ့ ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်မယ့်အသင်း ဖြစ်လာပါ့မလား.? ကျွန်တော်တော့ သိပ်မသေချာပါဘူး…။ ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်အတွင်း ချယ်လ်ဆီးအသင်းရဲ့ ကစားသမား အပြောင်းအရွှေ့တွေကို ကြည့်မယ်ဆိုရင် လူအပြောင်းအလဲ အရမ်းများခဲ့ပါတယ်..။ ဒါပေမယ့် အသင်းရဲ့ အဆင့်အတန်းကို သိသိသာသာ မြှင့်တင်ပေးနိုင်မယ့် ကစားသမားကြီးတွေ ခေါ်ယူ၊ အားဖြည့်ခဲ့တာ မတွေ့ရပါဘူး..။
ကိုးလ် ပါးမား ဟာ တကယ့်ထိပ်တန်းအဆင့် ကစားသမား ဆိုတာ ကျွန်တော်လက်ခံပါတယ်..။ ဒါပေမယ့် တခြားတောင်ပံ ကစားသမားတွေကို ကြည့်လိုက်ရင် အတူတူလိုပဲဗျ..။ ထင်ရှားတဲ့ဥပမာ ပေးရမယ်ဆိုရင် ဂျေမီ ဂစ်တန်စ် ကို ခေါ်ယူခဲ့တယ်..၊ နိုနီ မာဒူအီကေး အသင်းက ထွက်သွားတယ်..၊ ဘာမှထူးခြား မလာပါဘူး..။ အလားတူပဲဗျ.. အသင်းရဲ့တခြားနေရာတွေမှာ အားဖြည့်လိုက်တဲ့သူတွေဟာ အသင်းက ထွက်သွားတဲ့ ကစားသမားတွေထက် သိသိသာသာ အဆင့်မြင့်နေတာ မရှိပါဘူး..။
ရိုရီ ဂျင်နင်းစ် - ခင်ဗျားပြောတဲ့အချက် မှန်နိုင်ပါတယ်..။ အခုအချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်စွမ်း ရှိနေပြီလို့ ကျွန်တော်မပြောသေးပါဘူး..။ ဒါပေမယ့် အခုနှစ်နွေရာသီမှာ အားဖြည့်ခဲ့တဲ့ ကစားသမားတွေရယ်..၊ အမေရိကန် ပြည်ထောင်စုမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အပြာရောင်ပရိသတ်တွေအတွက် ခံစားမှု၊ ယုံကြည်ချက်တွေ ပိုပြီးကောင်းမွန်နေတာ အသေအချာပါပဲ..။
မနှစ်တုန်းက ရာသီအစ… ဆွေးနွေးခန်းတွေမှာ ချယ်လ်ဆီးအသင်းကို တော့တင်ဟမ်၊ အက်စ်တွန် ဗီလာ တို့နဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲဝင်နိုင်မယ့်အသင်းအဖြစ်နဲ့ပဲ ခင်ဗျားတို့ ပြောကြတာပါ..။ အခုလက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ သူတို့တွေထက် သာလွန်နေပါပြီ..။ လာမယ့်ရာသီမှာ ကျွန်တော်တို့ဟာ လီဗာပူးလ်၊ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးအသင်းတွေကို စိန်ခေါ်နိုင်မယ့်အသင်းအဖြစ်နဲ့ ရှုမြင်နေနိုင်ပါပြီ..။
ချန်ပီယံဖလားကို ဆွတ်ခူးနိုင်မလား..? ဆိုတာ လီဗာပူးလ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီတွေမှာ ရရှိလာခဲ့တဲ့ အသင်းရဲ့တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ဆက်လက်ထိန်းထားနိုင်ဦးမလား..? ဆိုတဲ့အချက်ပေါ် မူတည်ပါလိမ့်မယ်..။ လက်ရှိအချိန် ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ဆိုရင် ရမှတ် (၁၀၀) လောက် ရရှိနိုင်ဖို့ လိုအပ်နိုင်ပါမယ်…။ လီဗာပူးလ်အသင်းဟာ အဲဒီရမှတ်.. လိုအပ်ချက်ကို စွမ်းဆောင်နိုင်စွမ်း ရှိနေပါတယ်..။ ကျွန်တော်တို့ရော အဲဒီလို တည်ငြိမ်တဲ့ခြေစွမ်း ရရှိနိုင်မလား..? ပရီးမီးယားလိဂ်မှာ ရမှတ် (၁၀၀) ရရှိနိုင်အောင် စွမ်းဆောင်နိုင်မလား..? အရမ်းကြီးတော့ သေချာပေါက် မပြောရဲပါဘူး..။
ဒါပေမယ့် လီဗာပူးလ်အသင်းဟာ အကြောင်းအမျိုးမျိုးနဲ့ ခြေချော်သွားခဲ့မယ်ဆိုရင်၊ အာဆင်နယ်အသင်းလည်း သူတို့မှန်းဆထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူးဆိုရင် ကျွန်တော်တို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်မယ့် ရမှတ်တစ်ခုခု.. ဥပမာ- (၈၄) မှတ်၊ (၈၅) လောက်တော့ ရရှိအောင် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်..။
ဂျေမီ ကာရေဂါ - No.. ကျွန်တော်ကတော့ ချယ်လ်ဆီးအသင်းကို လီဗာပူးလ်၊ အာဆင်နယ် နဲ့ မန်ချက်စတာ စီးတီး အသင်းတွေကိုကျော်ပြီး ဗိုလ်စွဲနိုင်လိမ့်မယ်လို့ မထင်မိပါဘူး..။
ပေါလ် စခိုးလ် - အဆင့် (၄) တော့ အနည်းဆုံး သေချာပါတယ်..။
ဂျေမီ ကာရေဂါ - ဒါပေါ့..။ ဒါပေါ့..။ မနှစ်တုန်းက ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲရဲ့ အစောပိုင်းပွဲစဉ်တွေမှာ ကိုးလ် ပါးမား တို့လို ကစားသမားတွေ မထည့်ပဲ ထားလို့ရပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲကျတော့ ပွဲစဉ်တိုင်းဟာ အရေးကြီးပါတယ်..။ အင်ဇို မာရက်စ်ကာ တို့ ဘယ်လိုပုံစံ စီစဉ်မလဲ.. စိတ်ဝင်စားစရာပဲဗျ..။