ချယ်လ်ဆီးအသင်းနည်းပြ အင်ဇို မာရက်စ်ကာ မှာ ယခုအပါတ်အတွင်း ပြုလုပ်ခဲ့သော Men in Blazers တွေ့ဆုံခန်း အစီအစဉ်တွင် လာမယ့်ဘောလုံးရာသီအတွက် ပြင်ဆင်မှုများ၊ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရာသီကြို ပြင်ဆင်မှုများအပေါ် သက်ရောက်မှု၊ ကိုးလ် ပါးမား ၏ ပြောင်းလဲလာသော ကစားပုံ၊ အသင်းနှင့်ချက်ချင်း အံဝင်ခဲ့သော ဂျာအို ပီဒရို၊ အက်စ်တီဗာအို တို့၏အပေါ် သူ၏သုံးသပ်ချက်များကို ဆွေးနွေး၊ ပြောကြားခဲ့ပါသည်...။
မေး - အင်ဇို ရေ.. လွန်ခဲ့တဲ့တစ်နှစ်က အခုလိုအချိန်မှာ ကျွန်တော်တို့နဲ့ တွေ့ဆုံခန်းအစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပါသေးတယ်..။ အဲဒီအချိန်တုန်းက ခင်ဗျားဟာ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခါစ.. ပူပူနွေးနွေးကာလပဲ ရှိပါသေးတယ်..။ အခု (၁၂) လအကြာမှာတော့ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ် အဆင့် (၄) နေရာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ရွှေရောင်တဝင်းဝင်းနဲ့ ကလပ်အသင်းများ ကမ္ဘာ့ချန်ပီယံ ဆုဖလားကြီး အပါအဝင် ဆုဖလားနှစ်လုံးကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်..။
တကယ်လို့ ကာလယန္တရားကြီးကိုစီးနင်းပြီး မနှစ်က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကို ပြန်သွားခွင့်ရမယ်ဆိုရင် အခုလိုအချိန်.. မနှစ်တုန်းက အင်ဇို မာရက်စ်ကာ ကို ဘယ်လိုအကြံဉာဏ်ကောင်းတွေ ပေးမိမလဲ..?
အများကြီးရှိတာပေါ့ဗျာ..။ ခင်ဗျားပြောခဲ့သလိုပါပဲ..။ ကျွန်တော်တို့ရဲ့ ၂၀၂၄/၂၅ ဘောလုံးရာသီဟာ ကျေနပ်စရာကောင်းတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် ကြားထဲမှာ အင်မတန်မှ ခက်ခဲခဲ့တဲ့ ကာလတွေကိုလည်း ဖြတ်ကျော်ခဲ့ရပါတယ်..။ မျှော်လင့်မထားတဲ့ အခြေအနေတွေကို ကိုင်တွယ်ခဲ့ရတယ်..၊ မထင်မှတ်ထားတဲ့ ပြဿနာတွေကို ရင်ဆိုင်၊ ဖြေရှင်းခဲ့ရပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရာသီအဆုံးသတ်ဟာ ကျေနပ်စရာ ကောင်းခဲ့တာ အသေအချာပါပဲ..။
မေး - မနှစ်ကဆွေးနွေးခန်းမှာလည်း အခုခေတ်သစ် ဘောလုံးလောကရဲ့ တောင်းဆိုချက် ကြီးမားပုံတွေ၊ ကစားသမားတွေအတွက် အနားပေးတဲ့ကာလ မရှိသလောက် ရှားပါးသွားပုံတွေဟာ တကယ့်ကိုကြီးမားလှတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာတယ်.. လို့ ခင်ဗျားပြောခဲ့ပါတယ်..။ အခုဆိုရင် ခင်ဗျားတို့အသင်းက ကလပ်အသင်းများ ကမ္ဘာ့ဖလား ချန်ပီယံဆု ဆွတ်ခူးနိုင်ချိန်မှာ လီဗာပူးလ်၊ အာဆင်နယ်နဲ့ ကျန်တဲ့အသင်းတွေက ရာသီကြိုပြင်ဆင်မှုတွေကို ပုံမှန်အတိုင်း အပြည့်အဝ ပြုလုပ်နိုင်ခဲ့ပါတယ်..။
ခင်ဗျားတို့အသင်းဟာ သုံးပါတ်ပဲ အနားရခဲ့ပြီး လေ့ကျင့်ခန်းပြန်ဆင်းခဲ့ရပါတယ်..။ ဒါ့ကြောင့်အခုလို ထူးဆန်းတဲ့ နွေရာသီကာလ ဖြတ်သန်းမှုဟာ ခင်ဗျားတို့အသင်းရဲ့ လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်မလဲ..?
အခုမေးလိုက်တဲ့ မေးခွန်းဟာ တကယ့်လက်တွေ့မှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲ ဖြစ်ပါတယ်..။ ကျွန်တော်တို့လည်း မဖြေတတ်ပါဘူး..၊ ဘာဖြစ်လို့လည်းဆိုတော့ အခုမှဒါမျိုး ပထမဆုံးကြုံရတာပါ..။ အရမ်းကိုခက်ခဲပါတယ်..။ အကြောင်းရင်းကတော့ ပြင်ဆင်မှုတွေ ကြိုတင်ပြုလုပ်ဖို့ ဆိုရင်လည်း ဘယ်လိုအရာတွေနဲ့ ကြုံတွေ့ရနိုင်မလဲ..? မှန်းဆလို့မရဘူး ဖြစ်နေပါတယ်..။
ကျွန်တော်တို့လည်း အခုမှပထမဆုံးအကြိမ် ကြုံဖူးတာပါ..။ တစ်နှစ်လုံးဆက်တိုက် ကစားခဲ့ရတာကြောင့် ပင်ပန်း၊ မောပန်းမှုတွေ (tiredness) ရှိနေမလား..? ဒဏ်ရာပြဿနာနဲ့ ပိုပြီးကြုံတွေ့နိုင်မလား..? စဉ်းစားထားတွေ ရှိနေပေမယ့် ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ရမယ်.. ဆိုတာ စောင့်ကြည့်ရမှာပါပဲ..။
မေး - အခုလာမယ့်ရာသီဟာ ခင်ဗျားအတွက် အပြောင်းအလဲတွေနဲ့ ကြုံတွေ့ရမယ့် ရာသီတစ်ခုလို့ ပြောနိုင်မှာပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားရောက်ပြီးကတည်းက ကစားသမား အဝင်အထွက် အယောက် (၂၀) ကျော် ရှိသွားခဲ့ပါပြီ..။ အခုဆိုရင် အိုင်းယက်စ်အသင်းက အသက် (၁၉) နှစ်အရွယ် နောက်ခံလူ ဂျိုရယ်လ် ဟာတို ဟာ ခင်ဗျားတို့အသင်းရဲ့ အခုနှစ်နွေရာသီမှာ (၉) ယောက် ခေါ်ယူခဲ့တဲ့ ကစားသမား၊ ပြီးခဲ့တဲ့ (၄) နှစ်အတွင်း ချယ်လ်ဆီးအသင်းက ခေါ်ယူခဲ့တဲ့ (၄၉) ဦးမြောက် ကစားသမား ဖြစ်ပါတယ်..။
နည်းပြတစ်ယောက်အနေနဲ့ နှစ်စဉ်နှစ်တိုင်း ကစားသမားတွေ အများကြီးရောက်လာတာဟာ အကျိုးရှိတယ်လို့ ပြောနိုင်သလား..? ဒါမှမဟုတ် အသင်းရဲ့ပုံစံတစ်ခု၊ ယဉ်ကျေးမှုတစ်ခုကို တည်ဆောက်နိုင်ဖို့ကျတော့ အခက်အခဲရှိနိုင်လား..?
တကယ်တမ်းမှာ ချယ်လ်ဆီးအသင်းကို ကျွန်တော်ကိုင်တွယ်ပြီးနောက်ပိုင်း ပထမအသင်းကြီးထဲကို ရောက်ရှိလာတဲ့ ကစားသမား အများကြီးမရှိပါဘူး..။ အပြောင်းအလဲ ပြုလုပ်ဖို့ လိုအပ်တဲ့ နေရာတွေကိုတော့ မဖြစ်မနေ ပြောင်းလဲရပါလိမ့်မယ်..။ အရင်တုန်းကတော့ အခုလက်ရှိ အခြေအနေတွေနဲ့ မတူညီတာတွေ ရှိခဲ့ပါတယ်..။
ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ်ရောက်လာပြီးတဲ့နောက်ပိုင်း အခြေအနေတွေအပေါ်မှာပဲ မူတည်ပြီး သုံးသပ်ခြင်း ဖြစ်ပါတယ်..။ အခုနောက်ပိုင်း ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲတွေဟာ အမှန်တကယ် လိုအပ်နေလို့ ပြုလုပ်ခဲ့တဲ့အရာတွေ ဖြစ်ကြပါတယ်..။
မေး - ခင်ဗျားဟာ အသင်းကို ကိုယ်ကြိုက်တဲ့ပုံစံ ပုံဖော်နိုင်ဖို့ တစ်နှစ်အချိန်ရခဲ့ပါပြီ..။ အခုအချိန်မှာ ချယ်လ်ဆီးအသင်းကို ကိုယ်စားပြုနေတဲ့ ကစားဟန် ခင်ဗျားရဲ့ ချယ်လ်ဆီးအသင်းမှာ သိသာထင်ရှားတဲ့ အမှတ်အသား (identity)..၊ အဲဒါက ဘာဖြစ်မလဲ..?
ကျွန်တော်လိုချင်တဲ့ အသင်းရဲ့ကစားကွက်ပုံစံဟာ ကိုယ့်အသင်းကပဲ ပွဲကိုထိန်းချုပ် ကစားနိုင်ဖို့ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကိုယ့်ရဲ့ခြေထဲမှာ ဘောလုံးကို ထိန်းထားနိုင်အောင် ကြိုးစားရပါမယ်..။ ကိုယ့်ရဲ့ခြေထဲ ဘောလုံးမရှိတော့တဲ့ off the ball အခိုက်အတန့်တွေမှာ အတင်းလိုက်ပြီး မရမကဖိအားပေး၊ အရယူပါမယ်..။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်တို့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်၊ ကွန်ဖရင့်စ်လိဂ်နဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ခိုင်မာတဲ့ ကစားပုံ၊ သိသာထင်ရှားတဲ့ ကစားဟန် (identity) ပြနိုင်ခဲ့ပါတယ်..။ အဲဒီအတိုင်း ရှေ့ဆက်ပြီး ဆက်လက်တိုးတက်အောင် ကြိုးစားသွားပါမယ်..။
မေး - မနှစ်က ဘောလုံးရာသီမှာ ခင်ဗျားရဲ့ပွဲထွက်လူစာရင်းဟာ ပျမ်းမျှအသက် (၂၄) နှစ် (၃၆) ရက်နဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးအသင်း ဖြစ်ခဲ့ပါတယ်..။ အသင်းမှာ အသက် (၂၆) နှစ်အရွယ် တိုဆင် အဒါယာဘိုင်ယိုရို ကို ‘ဦးလေးကြီး (uncle)’ လို့ ခေါ်နေကြတယ်လို့ သိရပါတယ်..။ ဒါ့ကြောင့် ခင်ဗျားဟာ အသက် (၁၈) နှစ်၊ (၁၉) နှစ်အရွယ် လူငယ်လေးတွေနဲ့ ဘယ်လိုပုံစံ ပြောဆို၊ ဆက်ဆံလေ့ရှိလဲ..? နောက်ပြီးသူတို့တွေဟာ ကမ္ဘာအရပ်ရပ်က လာခဲ့တာဖြစ်ပြီး ခင်ဗျားတို့ကြီးပြင်းလာခဲ့တဲ့ ဘောလုံးကမ္ဘာနဲ့ ဘာမှမတူတော့ပါဘူး.။
ကျွန်တော်ရဲ့အတွင်းစိတ်ကလည်း သူတို့တွေနဲ့အတူတူ လူငယ်လေးပါပဲဗျာ..။ ဒါ့ကြောင့်သူတို့တွေနဲ့ တသွေးတည်း၊ တသားတည်း ကိုင်တွယ်လို့ ရတာပေါ့.. ဟားဟား..။ အဲ့လိုမဟုတ်ဘူးနော်..။ တကယ်တော့ ကျွန်တော်ဟာ သူတို့ရဲ့အမြင်မှာ ‘ဘိုးတော်’ တစ်ယောက် ဖြစ်နေပါပြီ.. ဟားဟား..။ အသင်းမှာ အသက် (၁၈)၊ (၁၉)၊ (၂၀) ဝန်းကျင် ကစားသမားလေးတွေရှိနေပြီး သူတို့အများစု… အများစုလို့ပဲ ကျွန်တော်ပြောတာပါ..၊ အကုန်လုံးတော့ မဟုတ်ဘူး..။
အခုခေတ်လူငယ်လေးတွေဟာ social network တွေပေါ်မှာပဲ အချိန်ကုန်နေကြပါတယ်..။ ကျွန်တော်လည်း သူတို့တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပါတယ်..။ သူတို့တွေနဲ့ လိုက်လျောညီထွေဖြစ်ပြီး သူတို့တွေကို ကူညီပေးနိုင်ရပါတယ်..။ ဒါမှလည်း သူတို့နဲ့ နီးစပ်မှုရှိမှာပေါ့..။
မေး - ကိုးလ် ပါးမား အကြောင်း နည်းနည်းပြောချင်ပါတယ်..။ သူဟာတခြား ကစားသမားတွေထက် ခြေအိတ်ကို မြင့်မြင့်ဝတ်ဆင်လေ့ ရှိသလို ခြေစွမ်းကလည်း မျက်လှည့်ပြသလိုပါပဲ..။ ခင်ဗျားဟာ မန်ချက်စတာ စီးတီးအသင်း အကယ်ဒမီကတည်းက သူ့ကိုသိလာခဲ့တာပါ..။ မနှစ်ကဘောလုံးရာသီမှာ သူဟာ ရာသီအစ (၆) ပွဲမှာ (၄) ဂိုး သွင်းယူပေးနိင်ခဲ့ပြီး ရာသီအဖွင့်ခြေစွမ်းဟာ တကယ့်ကို ကြောက်ခမန်းလိလိပါပဲ..။
ဒါပေမယ့် ရာသီတစ်ဝက်အလွန်မှာ ရုန်းကန်ခဲ့ရတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရပြီး (၁၂) ပွဲဆက်တိုက် ဂိုးမိုးခေါင်ခဲ့ပါတယ်..။ ဘာကြောင့်မလို့ အဲဒီလိုဖြစ်သွားခဲ့တာလဲဗျ..? ပွဲဆက်တွေများပြီး ပင်ပန်းသွားတာလား.? ခန္ဓာကိုယ် ကြံ့ခိုင်မှုအပိုင်း ကျဆင်းသွားတာလား..? စိတ်ဓါတ်ပိုင်း အားနည်းသွားတာလား..? အခုရာသီမှာ အဲဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်သွားဖို့ စဉ်းစားထားလဲ..?
ဒါဟာပုံမှန်ဖြစ်စဉ်ပဲလို့ ကျွန်တော်ကတော့ မြင်မိပါတယ်..။ ကိုးလ် ပါးမား ဟာ သာမာန်လူသား တစ်ယောက် ဖြစ်ပါတယ်..။ ဒါ့ကြောင့် ‘အကောင်းဆုံး’ ဆိုတဲ့ ခြေစွမ်းကို (၁၂) လ ဆက်တိုက် ပြသနိုင်ဖို့ မဖြစ်နိုင်ပါဘူး..။ ချယ်လ်ဆီးကို ရောက်လာခဲ့တဲ့ ပထမဆုံးရာသီမှာလည်း သူ့ရဲ့ခြေစွမ်း အထူးကောင်းမွန်ခဲ့ပါတယ်..။ ကျွန်တော်ကိုင်တွယ်ပြီး ပထမ (၁၄) ပွဲမှာ (၁၀) ဂိုး သွင်းပေးခဲ့ပါတယ်..။ ဒါ့ကြောင့်ပထမ (၆) လမှာ အရင်နှစ်က ခြေစွမ်းအတိုင်း ဆက်လက်သယ်ဆောင်နိုင်ခဲ့တယ်လို့ သုံးသပ်ရမှာပါ..။ ကိုးလ် ပါးမား ဟာ စုစုပေါင်း (၁၈) လလောက် တကယ့်အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်..။
အဲဒီနောက်ပိုင်း ခြေစွမ်းကျဆင်းသွားတယ်.. ဆိုရင် ဒါဟာပုံမှန်ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်..။ ကျွန်တော့်ဘက်က အံ့ဩမိတာ မရှိပါဘူး..။ အရေးကြီးဆုံးအချက်က ကိုးလ် ပါးမား ဟာ ခံယူချက်နဲ့ စိတ်ဓါတ်ပိုင်း အထူးကောင်းမွန်ပြီး အမြဲတမ်း အစွမ်းကုန် ကြိုးစား၊ လေ့ကျင့်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်..။ ဒါ့ကြောင့်ရာသီကုန်တဲ့အချိန်မှာ အားလုံးသိထားကြတဲ့ သူ့ရဲ့ပုံမှန်ခြေစွမ်းနဲ့ပဲ အဆုံးသတ်နိုင်ခဲ့ပါတယ်..။
မေး - မနှစ်ကပြုလုပ်ခဲ့တဲ့ တွေ့ဆုံခန်းမှာ ခင်ဗျားရဲ့သုတေသန စာတမ်းတစ်ခုဖြစ်တဲ့ ‘Football and Chess’ အကြောင်း ဆွေးနွေးခဲ့ကြပါသေးတယ်..။ ခင်ဗျားရဲ့အသင်းမှာ ကိုးလ် ပါးမား ဟာ ‘ဘုရင်မ (Queen)’ တစ်ကောင်လို လှုပ်ရှားနေတယ်လို့ မြင်မိပါတယ်..။ ပါးမား ဟာ ကွင်းထဲမှာ အဲဒီလို လွတ်လွတ်လပ်လပ် ရွှေ့လျားနိုင်ဖို့ နည်းစနစ်ပိုင်း မှာကြားမှုတွေ၊ ညွှန်ကြားမှုတွေ ဘယ်လိုပြုလုပ်ပေးခဲ့လဲ..?
ကိုးလ် ပါးမား အပါအဝင် အသင်းက ကစားသမားတွေကို အသင်းမှာ နေရာချတဲ့အခါမှာ ဘယ်လိုပုံစံနဲ့ သူတို့ရဲ့ အကောင်းဆုံးခြေစွမ်းကို ထုတ်ယူလို့ ရနိုင်မလဲ.. ဆိုတဲ့ အချက်အပေါ် မူတည်၊ စဉ်းစားပါတယ်..။ ပွဲတစ်ပွဲကို ချဉ်းကပ်ရာမှာ ကိုးလ် ပါးမား ဆီကို ဘောလုံးများများရောက်ရှိဖို့၊ သူ့ရဲ့ခြေထဲမှာ ဘောလုံးကိုင်ထားနိုင်အောင် ဘယ်လိုကူညီပေးနိုင်မလဲ..? သူ့အတွက် နေရာလွတ်တွေရအောင် ဘယ်လိုစီမံနိုင်မလဲ.. စတဲ့ အချက်တွေကို မူတည် စဉ်းစားပါတယ်..။
ကိုးလ် ပါးမား အပြင် တခြားကစားသမားတွေပါ ပိုပြီးကောင်းမွန်လာမယ့် ကစားသမားတွေ ဖြစ်လာဖို့ စီစဉ်ရပါတယ်..။ ပွဲတစ်ပွဲအတွက် ပြင်ဆင်ရာမှာ သူဟာအသင်းကို အနိုင်ရဖို့ ဘယ်လိုကူညီနိုင်မလဲ..? သူကိုယ်တိုင်ရော ပိုပြီးတိုးတက်၊ ကောင်းမွန်တဲ့ ကစားသမား ဖြစ်လာအောင် ဘယ်လိုနေရာယူ ရွှေ့လျားမှုတွေ ပြုလုပ်မလဲ..? စတဲ့အချက်တွေကို ထည့်သွင်း စဉ်းစားပါတယ်..။
မေး - ဇူလိုင်လတုန်းက ဘရိုက်တန်အသင်းက ဘရာဇီးလ် တိုက်စစ်မှူး ဂျာအို ပီဒရို ကို ခင်ဗျားတို့ခေါ်ယူခဲ့ပါတယ်..။ သူဟာအသင်းမှာ ချက်ချင်းအထိုင်ကျခဲ့ပြီး အရေးပါတဲ့သွင်းဂိုးတွေ ရယူပေးနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် ဖလူမင်နက်စီ အသင်းနဲ့ပွဲမှာ အနိုင်ဂိုးနှစ်ဂိုးစလုံး သွင်းယူပြီး ခင်ဗျားတို့ကို ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်..။ အခုလိုမြန်မြန်ဆန်ဆန် အထိုင်ကျပြီး အသင်းကိုချက်ချင်း အကျိုးပြုနိုင်ခဲ့တာကို အံ့ဩမိခဲ့လား..? သူဟာခင်ဗျားတို့အသင်းရဲ့ လိုအပ်ချက်ကို ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပေးနိုင်ခဲ့လဲ..?
ဂျာအို ပီဒရို ဟာ တိုက်စစ်အဆုံးသတ်ဇုန်.. final third မှာ သိပ်ကိုထူးခြား၊ ကောင်းမွန်တဲ့ အရည်အသွေးရှိတာ သေချာပါတယ်..။ ကျွန်တော်တို့အသင်းဟာ အဲဒီလိုတိုက်စစ်အဆုံးသတ်ပိုင်းမှာ လိုအပ်ချက် ရှိချင်ရှိခဲ့ပါလိမ့်မယ်..။ ပီအက်စ်ဂျီအသင်းနဲ့ ဗိုလ်လုပွဲမှာ သူသွင်းယူပေးခဲ့တဲ့ တတိယဂိုးဟာ အဆင့်မြင့်တဲ့ ဂိုးတစ်ဂိုးပါပဲ..။ ဖလူမင်နက်စီအသင်းနဲ့ပွဲက နှစ်ဂိုးစလုံးဟာလည်း သပ်ရပ်၊ လှပတဲ့ သွင်းဂိုးတွေ ဖြစ်ကြပါတယ်..။
သူဟာပင်နယ်တီဧရိယာထဲမှာ တိကျတဲ့ အဆုံးသတ်ကန်သွင်းချက်တွေနဲ့ အသင်းကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် ပင်နယ်တီဧရိယာထဲမှာ အတင်းပိတ်ဆို့ပြီး low block ကစားမယ့် အသင်းတွေအတွက် သူ့ရဲ့အဆုံးသတ် ကောင်းမွန်တဲ့ အရည်အသွေးဟာ ကျွန်တော်တို့ အထူးလိုအပ်နေတဲ့အရာ ဖြစ်နိုင်ပါတယ်..။ ဒါ့အပြင် ဂျာအို ဟာ နေရာကျဉ်းကျဉ်းလေးထဲမှာ အကောင်းဆုံး ကစားနိုင်တဲ့သူလည်း ဖြစ်ပါတယ်..။
မေး - အသက် (၁၈) နှစ်အရွယ် ဘရာဇီးလ်လူငယ် တိုက်စစ်မှူး အက်စ်တီဗာအို ဝီလီယံ ကို ဗီနီးစီးယပ်စ် ဂျူနီယာ နောက်ပိုင်း ဘရာဇီးလ်နိုင်ငံရဲ့ လူငယ်သွေးသစ်တွေထဲမှာ အထွန်းတောက်ဆုံး ကစားသမား တစ်ယောက်အဖြစ် သတ်မှတ်နေကြပါတယ်..။ သူ့ရဲ့အရည်အသွေးကို ပါးမီးရက်စ်အသင်းနဲ့ ခင်ဗျားတို့အသင်းနဲ့ ကစားတဲ့ပွဲမှာ မြင်တွေ့ခဲ့ရသလို ဂိုးသမားဆန်းချက်ဇ် ဘယ်လိုမှ ကာကွယ်လို့ မရနိုင်တဲ့ သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပါတယ်..။ လာမယ့်ရာသီမှာ သူဟာဘယ်လိုအခန်းကဏ္ဍနဲ့ ခင်ဗျားတို့ကို ပံ့ပိုးပေးနိုင်မလဲ..?
ချယ်လ်ဆီးအသင်းကို ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ကို ဂိုးသွင်းခဲ့လို့.. ဆိုပြီး သူ့ကိုအပြစ်ပေးခဲ့ပါသေးတယ်.. ဟားဟား..။ အခုအချိန်မှာ ကျွန်တော်တို့အားလုံး သူ့ကိုကူညီ ပေးရမှာပါ..။ သူ့အပေါ်မှာ ကြီးမားတဲ့ တောင်းဆိုမှုတွေ မရှိဘူး..၊ အလျင်စလို ပြုလုပ်ရမယ့် အရာတွေလည်း မရှိပါဘူး..။ ဖိအားပေးတာ မရှိသလို သူဟာအသင်းမှာ အသားကျဖို့ အချိန်ယူရပါဦးမယ်..။
အခုအချိန်မှာ သူ့အတွက် အရေးအကြီးဆုံးက အသင်းကိုရောက်ရှိလာဖို့၊ သင့်တော်တဲ့ အိမ်တစ်လုံး အမြန်ဆုံး ရှာဖွေ၊ တွေ့ရှိပြီး မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့ပါပဲ..။ သူဟာအသင်းနဲ့ ပတ်ဝန်းကျင်မှာ အဆင်ပြေ၊ ပျော်ရွှင်နေရင် ဖြည်းဖြည်းချင်းနဲ့ အသင်းကိုကူညီပေးနိုင်ပါလိမ့်မယ်..။
မေး - မနှစ်ကဘောလုံးရာသီမှာ ခင်ဗျားတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိသေးဘူး.. လို့ အစဉ်တစိုက် ပြောခဲ့ပါတယ်..။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ခင်ဗျားတို့အသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာ ရောက်ခဲ့ပေမယ့် ခင်ဗျားဟာ ခုနကပြောခဲ့တဲ့ စကားအတိုင်းပဲ ဆက်ပြောခဲ့ပါတယ်..။ အခုဆိုရင် ခင်ဗျားတို့ဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်နေပါပြီ..။ ဒါ့ကြောင့်အခုလာမယ့် ရာသီမှာ ခင်ဗျားတို့ရဲ့ ရည်မှန်းချက်က ဘာဖြစ်လာမလဲ..? မနှစ်ကပြောခဲ့သလို ပရီးမီးယားလိဂ်ထိပ်ဆုံးက အသင်းတွေနဲ့ အလှမ်းဝေးနေဆဲပဲလား..? အခုလာမယ့်ရာသီမှာ ချန်ပီယံဆု စိန်ခေါ်တဲ့အသင်း ဖြစ်လာနိုင်ပြီလား..?
လွန်ခဲ့တဲ့နှစ်တုန်းက ကျွန်တော်တို့အသင်းဟာ အင်္ဂလန်ဘောလုံးလောကကို ကြီးစိုးနေတဲ့ အဲဒီအသင်းတွေနဲ့ အရမ်းကိုကွာခြားလွန်းနေပါတယ်..။ အခုအချိန်မှာ ကျွန်တော်တို့ဟာ သူတို့တွေနဲ့ နီးကပ်လာပြီလို့ ထင်မိပါတယ်..။ ကျွန်တော်တို့ဟာ တိုးတက်မှုတွေ ဆက်လက်ရရှိပြီး သူတို့တွေနဲ့ ပိုပြီးနီးစပ်လာမယ်..၊ ဆုဖလားတွေကို စိန်ခေါ်လာနိုင်လိမ့်မယ်.. လို့ မျှော်လင့်ထားပါတယ်..။
မေး - ခင်ဗျားရဲ့အခုဘောလုံးရာသီ ရည်မှန်းချက်က ဒါပဲလား..?
ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းကို ကိုယ်စားပြုနေပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ကန်သမျှပွဲစဉ်တိုင်းကို အနိုင်ရဖို့နဲ့ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ ဖြစ်ရပါမယ်..။ ဒါဟာကျွန်တော်တို့အတွက် အနိမ့်ဆုံးလိုအပ်ချက် ဖြစ်နေပါတယ်..။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားရမှာပါ..။