feature-image

ကိုးလ် ပါးမား ရဲ့ ခြေစွမ်းကျဆင်းနေမှုဟာ စိုးရိမ်ရပြီလား..?

စနေနေ့၊ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စု ( D ) ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းမှာ ဘရာဇီးလ်လိဂ်ပြိုင်ပွဲဝင် ဖလာမင်ဂိုအသင်းအား ၃ဂိုး- ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်..။ အဆိုပါပွဲစဉ်တွင် နိုနီ မာဒူအီကေး နှင့် လူစားမလဲခင် ပွဲချိန်မိနစ် (၈၀) အတွင်း ဘောလုံးထိချက် (၃၂) ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည့် ကိုးလ် ပါးမား ၏ ခြေစွမ်းအပေါ် DAZN Football ရုပ်သံဌာနမှ တင်ဆက်သည့် The Press အစီအစဉ်တွင် Football YouTuber ဂျိမ်းစ် အယ်လ်ကော့တ်၊ အားကစား ကလောင်ရှင် ဂျူလီယန် လော်ရင်စ် နှင့် လီယက်စ် ဘူဇီဒီ တိုက အောက်ပါအတိုင်း သုံးသပ်ခဲ့ကြပါသည်..။

ဂျိမ်းစ် အယ်လ်ကော့တ် - လက်ရှိချယ်လ်ဆီးအသင်းရဲ့ နောက်ထပ်အရေးကြီးတဲ့ ပြဿနာတစ်ခုက ကိုးလ် ပါးမား ရဲ့ ခြေစွမ်းဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ ဒုတိယပိုင်းကနေစပြီး ခြေစွမ်းကျဆင်းတဲ့ ကာလရှည်ကြီးတစ်ခုကို ဖြတ်သန်းနေရသလို ဖြစ်နေလို့ပါပဲ..။ အခုပူးတွဲပုံ (ပုံ- ၁) မှာ ပြထားတဲ့ အချက်အလက်တွေအရဆိုရင် သူဟာရာသီပထမပိုင်း ယှဉ်ပြိုင်ခဲ့တဲ့ (၂၁) ပွဲမှာ သွင်းဂိုး (goals) (၁၄) ဂိုး၊ ဂိုးဖန်တီးမှု (assists) (၆) ကြိမ် ရရှိခဲ့ပြိး ဂိုးကန်သွင်းချက်တွေရဲ့ (၁၈.၉ %) ရာခိုင်နှုန်းကို ဂိုးအဖြစ် (shots conversion rate) ပြောင်းလဲပေးနိုင်ခဲ့ပါတယ်..။ အသင်းဖော်တွေအတွက် အခွင့်အရေး ဖန်တီးပေးမှု (chances created) ကတော့ အကြိမ်ရေ (၆၀) ဖြစ်ပါတယ်..။

ဒါပေမယ့် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၁၈) ပွဲမှာ သွင်းဂိုး (၁) ဂိုး၊ ဂိုးဖန်တီးမှု (၂) ကြိမ်နဲ့.. လီယက်စ် ရေ.. ဂိုးကန်သွင်းချက်တွေရဲ့ (၁.၉ %) ရာခိုင်နှုန်းကိုပဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်နော..။ ကျွန်တော်တို့.. ခင်ဗျားတို့ အဓိကစိုးရိမ်နေတဲ့ စွမ်းဆောင်ရည်အချက်အလက်က သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေထက်စာရင် chances created အပိုင်းမှာ ဖြစ်ပါတယ်..။ စုစုပေါင်း (၂၉) ကြိမ်ပဲ ရှိနေတော့.. သိပ်ပြီးမစွံလှပါဘူး..။



လီယက်စ် ဘူဇီဒီ - သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ shots conversion rate တွေကလည်း အရေးကြီးပါတယ်..။ ကိုးလ် ပါးမား နဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့အမြင်က ခင်ဗျားတို့နဲ့ မတူပါဘူး..။ ပြီးခဲ့တဲ့ရာသီ ပထမပိုင်းမှာ သူ့ရဲ့ခြေစွမ်းဟာ တကယ့်ကို အံ့အားသင့်စရာ ကောင်းလှပါတယ်..။ ‘ထိချက်တိုင်း ရွှေဖြစ်တယ်..’ လို့တောင် ပြောလို့ရလောက်အောင် ကန်သွင်းလိုက်တိုင်း ဂိုးတွေဝင်ကုန်တာပါပဲ..။ အဲဒီအချိန်ကတည်းက သူ့ရဲ့စွမ်းဆောင်ရည်ဟာ အမြဲတမ်း အဲဒီအတိုင်း တသမှတ်တည်း (sustainable) ရှိနေပါ့မလား..? လို့ သံသယရှိခဲ့ပါတယ်..။

ဆိုလိုချင်တာ ကိုးလ် ပါးမား ကို အဲဒီလောက် ခြေစွမ်းမကောင်းပါဘူးလို့.. ပြောတာမဟုတ်ပါဘူး..။ သူဟာဂိုးသွင်းကောင်းတဲ့ ကစားသမား အမျိုးအစားထဲက မဟုတ်ဘူးဗျ..။ တစ်ချို့ရာသီတွေမှာ ထင်မှတ်မထားတဲ့ စွမ်းဆောင်ရည်တွေ ပြသတတ်တာ ရှိတတ်ပါတယ်..။ ဂျုဒ် ဘယ်လင်ဂမ် ရဲ့ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ပထမဆုံးရာသီမှာလည်း အဲဒီအတိုင်းပါပဲ..။ သူတို့လို ကစားသမားတွေကို ဘောလုံးရာသီတိုင်းမှာ ဂိုး (၂၀) လောက် သွင်းပေးရမယ်လို့ မမျှော်မှန်းထားပါဘူး..။

ဒါပေမယ့် အသင်းဖော်တွေအတွက် ဂိုးဖန်တီးပေးနိုင်စွမ်း၊ အခွင့်အရေး ဖန်တီးပေးနိုင်စွမ်းတွေက အပြောင်းအလဲ သိပ်ရှိလို့မရဘူး.. လို့ ယူဆပါတယ်..။ အသင်းဖော်တွေအတွက် သူ့ရဲ့အခွင့်အရေးတွေ ဖန်တီးပေးနိုင်စွမ်း ကျဆင်းလာတာဟာ စိုးရိမ်ဖို့ကောင်းပါတယ်..။

 
ဂျိမ်းစ် အယ်လ်ကော့တ် - ဖလာမင်ဂို နဲ့ပွဲက စွမ်းဆောင်ရည် အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ဂိုးကန်သွင်းချက် (shots) - 0..၊ ဘောလုံးနဲ့အတူ ဆွဲပြေးမှု (dribbles) (၃) ကြိမ် ပြုလုပ်ခဲ့ရာမှာ (၁) ကြိမ် အောင်မြင်ခဲ့ပါတယ်..(successful dribble)။ ဒါ့အပြင် တစ်ပွဲလုံးမှာ ဘောလုံးထိချက် (touches) (၃၂) ကြိမ်ပဲ ရှိခဲ့တာဆိုတော့ စွမ်းဆောင်ရည် မကောင်းတဲ့ထဲ ပါသွားတာပေါ့..။ အခုလိုဖြစ်နေတာတွေဟာ ပါးမား ကြောင့်လား..? မာရက်စ်ကာ ရဲ့ နည်းစနစ်ပိုင်းကြောင့်လား..?
 
ဂျူလီယန် လော်ရင်စ် - နှစ်ခုစလုံး ပါတာပါ့ဗျာ..။ သူ့ကိုကြည့်ရတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု (confidence) ကျဆင်းနေသလိုပါပဲ..။ နောက်ပြီး နည်းပြမာရက်စ်ကာ ရဲ့ နည်းစနစ်ပိုင်း အားနည်းချက်ရဲ့ သားကောင်လည်း ဖြစ်ရပါတယ်..။ ပြီးခဲ့တဲ့ဘောလုံးရာသီ ဒုတိယပိုင်းမှာ မာရက်စ်ကာ ရဲ့ နည်းဗျူဟာ အခင်းအကျင်းဟာ အရမ်းကိုခန့်မှန်းရ (too predictable) လွယ်ကူခဲ့ပြီး အသင်းရဲ့ တိုက်စစ်လမ်းကြောင်း ရှာဖွေပုံတွေက တစ်ပုံစံတည်းလို (stale) ဖြစ်နေခဲ့ပါတယ်..။

မာရက်စ်ကာ ရဲ့ ကစားသမားတွေ နေရာချထားပုံ (positional play) ဟာ အလုပ်ဖြစ်ချင်ဖြစ်ပါမယ်..။ ဒါပေမယ့် အသင်းရဲ့တိုက်စစ်လမ်းကြောင်း ဖန်တီးပုံကို ကြည့်မယ်ဆိုရင် မာဒူအီကေး၊ ဒါမှမဟုတ် နက်တို ဆီ ပေးမယ်..၊ တောင်ပံကနေ တစ်ဦးချင်းကျော်ဖြတ်ပြိး ထိုးဖောက်ဖို့ ကြိုးစားမယ်..၊ အဲဒီလိုပုံစံနဲ့ပဲ ထပ်တလဲလဲ တိုက်စစ်ဆင်နေခဲ့ပါတယ်..။ ပါးမား ကို ပိုပြီးကောင်းမွန်စေချင်တယ်ဆိုရင် ကစားသမားတွေရဲ့ လှုပ်ရှားမှု၊ ပေးပို့မှုတွေဟာ သူ့ကိုပဲဦးတည်ရမယ်..၊ သူ့ကိုဝန်းရံပြီး ကစားကွက် တည်ဆောက်ရပါမယ်..၊ သူနဲ့အတူ တိုက်စစ်ကို လိုက်ပါနိုင်တဲ့ ကစားသမားတွေ ရှိနေရပါမယ်..။ ဥပမာ လော့စ် အိန်းဂျယ်လိစ် အသင်းနဲ့ ပထမပွဲတုန်းက အင်ဇို ဖာနန်ဒက်စ် သွင်းယူသွားခဲ့တဲ့ဂိုး ပုံစံမျိုးပေါ့ဗျာ..။ အခုနောက်ပိုင်းပွဲတွေမှာ အဲဒီလိုပုံစံ တိုက်စစ်ဆင်မှုတွေ၊ သွင်းဂိုးတွေ သိပ်မတွေ့ရတော့ပါဘူး..။



ဂျိမ်းစ် အယ်လ်ကော့တ် - သူကိုယ်တိုင် ခြေစွမ်းကျဆင်းလာတာလည်း ဖြစ်ပါလိမ့်မယ်..။ ကစားသမားတွေဆိုတာ ခြေစွမ်းအတက်အကျ ရှိတတ်တာပဲလေဗျာ..။ ဒါပေမယ့် ကိုးလ် ပါးမား ဟာ တကယ့်ကို ပင်ကိုယ်ပါရမီ ထူးချွန်တဲ့ ကစားသမားကောင်း တစ်ယောက်ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး..။ ဒါ့ကြောင့်သူ့လို ကစားသမားတစ်ယောက် ခြေစွမ်းကျဆင်းနေတဲ့ကာလ ရှည်လျားလာပြီဆိုရင် မန်နေဂျာရဲ့တာဝန် ဖြစ်လာပါပြီ..။

အိုကေ.. ချယ်လ်ဆီးအသင်းနဲ့ သူ့ရဲ့ပထမဆုံးရာသီက သွင်းဂိုးအရေအတွက်ဟာ ရသင့်တဲ့ အရေအတွက်ထက် ကျော်လွန်နေခဲ့တယ်.. လို့ပဲ ထားလိုက်ပါတော့..၊ ထိချက်တိုင်း ဂိုးတွေဖြစ်တယ်ပေါ့ဗျာ..။ ဒါပေမယ့် ခြေစွမ်းပျောက်ဆုံးနေတဲ့ကာလ (drop off) ဟာ ဖြစ်သင့်တာထက် ရှည်လျားတယ်..၊ ကစားသမား တစ်ယောက်ရဲ့ ကြုံတွေ့နေကျ ခြေစွမ်းပျောက်ဆုံးနေတာမျိုးပါ.. လို့ စဉ်းစားလို့ မရတော့ပါဘူး..။ ပါးမား ဟာ ညာတောင်ပံနဲ့ ကွင်းလယ်မှာ အများဆုံးနေရာယူ ကစားလေ့ရှိပါတယ်..။ မာရက်စ်ကာ ကလည်း သူ့ကိုပူးတွဲပုံ (ပုံ- ၂) မှာ ပြထားတဲ့ ညာဘက် half space နေရာထဲမှာ ဘောလုံးများများ လက်ခံယူစေချင်ပါတယ်..။

အဲဒီမှာ ကြုံလာရတဲ့ ပြဿနာက ပြိုင်ဘက်အသင်းတွေကလည်း သူ့ရဲ့အကြိုက်ဆုံးနေရာကို သိလာကြပါပြီ..။ ဒီထက်ကြီးမားတဲ့ ပြဿနာက သူကိုယ်တိုင်က အဲဒီနေရာတစ်ဝိုက်မှာပဲ အများဆုံးလှုပ်ရှား၊ ကစားချင်နေတာ ဖြစ်နေတယ်.. လို့ရော မထင်မိဘူးလား..?



ဂျူလီယန် လော်ရင်စ် - ဒါ့ကြောင့်မာရက်စ်ကာ ရဲ့ ကစားကွက် အခင်းအကျင်းဟာ မှန်းဆရတာ လွယ်ကူလာတယ်.. (predictable) လို့ ကျွန်တော်ပြောခဲ့တာပါ..။ ပြိုင်ဘက်အသင်းတိုင်းလိုလိုက ကိုးလ် ပါးမား ဘယ်လိုရွှေ့လျား၊ ကစားလိမ့်မယ်ဆိုတာ သေချာပေါက် ပြောနိုင်နေတဲ့အပြင် သူ့ကိုထိန်းချုပ်လိုက်တာနဲ့ ချယ်လ်ဆီးအသင်းဟာ အသက်မဲ့သွားလိမ့်မယ်ဆိုတာ သိလာကြပါပြီ..။ ပါးမား ခြေမပေါ်ဘူးဆိုရင် အသင်းဟာ ဖန်တီးမှုပိုင်း အားနည်းလာသလို အဆုံးအဖြတ် အခိုက်အတန့်တွေ ဖန်တီးပေးနိုင်မယ့် တခြားကစားသမားတွေလည်း ရှိမနေပါဘူး..။ 

လီယက်စ် ဘူဇီဒီ - တခြားအသင်းတွေဟာ သူ့ကိုထိန်းချုပ်နိုင်မယ့် သီးသန့်အစီအစဉ်တွေနဲ့ ပြင်ဆင်လာတာကြောင့်လည်း ပါဝင်ပါတယ်..။ အထူးသဖြင့် ထိပ်တန်းအသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲကြီးတွေမှာပေါ့ဗျာ..။ ဒါ့အပြင်နောက်ပိုင်းမှာ သတိထားမိတဲ့အချက်က ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ကစားပြီး (physical altercation) သူ့ကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားလာကြတာပါပဲ..။ ပါးမား ဟာ ဘူကာယို ဆာကာ တို့လို ခန္ဓာကိုယ်ကြံ့ခိုင်မှု မရှိပါဘူး..။ ဒါ့ကြောင့်ကြံ့ခိုင်မှုအသားပေးပြီး ခပ်ကြမ်းကြမ်း ဖျက်ထုတ်ကစားဖို့ ကြိုးစားလာရင် သူဟာရုန်းကန်ရတတ်ပါတယ်..။

နောက်ပြီး လာမင်း ယာမယ်လ် တို့လို လျှင်မြန်မှုကို အသုံးချပြီး အရှိန်တင်၊ ကျော်ဖြတ် ဆွဲပြေးတာမျိုးလည်း မပြုလုပ်နိုင်ပါဘူး..။ ဒါ့ကြောင့်ကြံ့ခိုင်မှုကို အားပြုတဲ့ပွဲတွေ၊ ကွင်းလယ်မှာပဲ ကစားကွက် ကျပ်နေတဲ့ပွဲတွေမှာဆိုရင် သူ့ကိုပိုပြီး လွတ်လွတ်လပ်လပ် ကစားခွင့်ပေးဖို့၊ တောင်ပံတွေမှာ ပိုပြီးလှုပ်ရှားခွင့်ပေးဖို့ စတဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲတွေ ပြုလုပ်သင့်ပါတယ်..။

ပြီးခဲ့တဲ့ ကွန်ဖရင့်စ်ဖလား ဗိုလ်လုပွဲ.. ဒုတိယပိုင်းမှာဆိုရင် ပါးမား ဟာ သူ့ရဲ့ကစားပုံကို ပြောင်းလဲလိုက်ပြီး တောင်ပံတွေဘက်ကနေပဲ အားပြုထိုးဖောက်ခဲ့တာ သတိပြုမိကြမှာပါ..။ သူ့ကိုစိတ်ထဲမှာ ရှိနေတဲ့အတိုင်း လွတ်လွတ်လပ်လပ် ကစားခွင့်ပေးဖို့ (instinctive)..၊ သူ့ရဲ့အားသာချက်တွေကို အကောင်းဆုံး အသုံးချနိုင်မယ့် အခင်းအကျင်းကို ဖန်တီးပေးနိုင်ဖို့လည်း လိုအပ်ပါတယ်..။



ဂျိမ်းစ် အယ်လ်ကော့တ် - သူ့ရဲ့အားသာချက်တွေကို အသုံးချနိုင်ဖို့ဆိုရင် အသင်းရဲ့ကစားကွက် အတင်အချ၊ အရှိန်တွေကို (tempo) တသမှတ်တည်း ထိန်းထားနိုင်ဖို့၊ ပွဲတိုင်းမှာ ကိုယ့်ရဲ့အသင်းက ပွဲကိုထိန်းချုပ်ထားနိုင်ဖို့ လိုအပ်ပါသေးတယ်..။ ဖလာမင်ဂိုအသင်းနည်းပြ ဖိလစ်ပီ လူးဝစ် ဆိုရင် သူ့ရဲ့ကစားသမားတိုင်းကို တိကျတဲ့တာဝန်တွေ အတိအကျပေးထားသလို အသင်းရဲ့ကစားကွက်အရှိန်..၊ အတင်အချတွေဟာ တသမှတ်တည်းလို ဖြစ်နေပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့အသင်းဟာ အောင်မြင်မှုတွေ ရရှိနေတာဗျ..။ 

အခုချယ်လ်ဆီးအသင်းက အဲဒီလိုမဟုတ်ပါဘူး..။ အတက်အကျ အရမ်းမြန်ပြီး တခါတလေ အံ့ဩစရာကောင်းလောက်အောင် ခြေစွမ်းတွေပျောက်သွားတာလည်း ရှိတတ်ပါတယ်..။ ဒါ့ကြောင့်ကိုယ့်ရဲ့ ပွဲချဉ်းကပ်ပုံ အစီအမံအတိုင်း အလုပ်မဖြစ်တော့ဘူးဆိုရင် ကစားကွက်ကို ချက်ချင်းပြောင်းလဲနိုင်ရပါမယ်..။ ကိုးလ် ပါးမား တို့လို အရည်အသွေးမြင့် ကစားသမားတွေ၊ ဘောလုံးဦးနှောက် အရမ်းကောင်းတဲ့ ကစားသမားတွေရဲ့ အရည်အချင်းတွေကို အသုံးချပြီး အခုလက်ငင်း ကြုံတွေ့နေတဲ့ ပြဿနာတွေကို ဖယ်ရှား၊ ရှင်းလင်းနိုင်အောင် ကြိုးစားရမှာပါ..။ အရာရာတိုင်းဟာ ကြံ့ခိုင်မှုကောင်းမှ၊ တွန်းတွန်းတိုက်တိုက် ကစားနိုင်မှ (physicality) ဆိုတဲ့ တစ်ချက်တည်းပေါ် မူတည်မနေပါဘူး..။

ဒါပေမယ့် နည်းပြမာရက်စ်ကာ နဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ အခုလက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ လိုအပ်နေပြီဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ ပြိုင်ဘက်အသင်းတိုင်းလိုလိုဟာ ကိုးလ် ပါးမား ကို ဘယ်လိုနည်းနဲ့ ထိန်းချုပ်ရမလဲ..? သိနေကြပါပြီ..။ တစ်ပွဲလုံးဘောလုံးထိချက် (၃၂) ကြိမ်ပဲရှိတယ်.. ဆိုတာ သူ့ဆီကို ဘောလုံးတွေ မရောက်သလောက် ဖြစ်နေတယ်ဆိုတဲ့ အချက်ကို ညွှန်ပြနေပါတယ်..။

လီယက်စ် ဘူဇီဒီ - ဘောလုံးထိချက် အရေအတွက်အပြင် ဘယ်လိုနေရာတွေမှာ ဘောလုံးတွေ လက်ခံရရှိနေတာလဲ..? ဆိုတဲ့အချက်လည်း အရေးကြီးပါတယ်..။ အခုပွဲမှာ ကိုးလ် ပါးမား ရဲ့ ဘောလုံးလက်ခံရယူခဲ့တဲ့ နေရာ (touch map) တွေကို ကြည့်လိုက်မယ်ဆိုရင် အန္တရာယ်ရှိတဲ့နေရာတွေ မပါဝင်ပါဘူး..။ အဲဒီလိုတစ်ဘက်အသင်းကို အန္တရာယ်ပေးနိုင်တဲ့ နေရာတွေမှာ ဘောလုံးမရသရွှေ့ ပြိုင်ဘက်အသင်းကို ဘယ်လိုနည်းနဲ့မှ ဒုက္ခပေးနိုင်ဖို့ မရှိပါဘူး..။