ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ နောက်ဆုံးဗိုလ်လုပွဲအဖြစ် တနင်္ဂနွေနေ့၊ နေ့လည်ပိုင်းက ချယ်လ်ဆီးအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့မှာ နယူး ယောက်ခ်မြို့ရှိ MetLife Stadium ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည်..။ အဆိုပါပွဲစဉ်မှချယ်လ်ဆီးအသင်း၏ သွင်းဂိုးများ၊ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုရ ကိုးလ် ပါးမား၊ ယခုပြိုင်ပွဲ၏ ရွှေလက်အိတ်ဆုရှင် ရောဘတ် ဆန်းချက်ဇ် တို့၏ စွမ်းဆောင်ရည်များကို ချယ်လ်ဆီးအသင်း ကွင်းလယ် ကစားသမားဟောင်း ဂျွန် အိုဘီ မီခေး၊ ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူးဟောင်း ဂါရက် ဘေးလ် နှင့် နယူး ယောက်ခ် Red Bulls အသင်း တိုက်စစ်မှူး မက်ဆင် ချူပို မော့တင်း တို့က DAZN သတင်းဌာန၏ ပွဲပြီးစကားဝိုင်းအစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေးသွားခဲ့ပါသည်..။
အဒီ အိုလာဒီပို - ဒီနေ့ယှဉ်ပြိုင်ခဲ့တဲ့ နယူး ယောက်ခ်မြို့ရဲ့ ရာသီဉတုဟာ နွေရာသီရဲ့ နေ့လည်ခင်းပီပီ အရမ်းကိုပူပြင်းလှပါတယ်..။ ဒါပေမယ့် ကွင်းထဲမှာ အပြာရောင်ဝတ်စုံနဲ့ အရမ်းကိုအေးမြနေတဲ့ ကစားသမား တစ်ယောက်တော့ ရှိတယ်ဗျ..။ ဒီနေ့ပွဲစဉ်မှာလည်း ကိုးလ် ပါးမား’ ဟာ အထူးခြေစွမ်းပြ ကစားသွားခဲ့တဲ့အပြင် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမးဆု (Superior Player of the Match) ကိုပါ ဆွတ်ူး၊ ရရှိခဲ့ပါတယ်..။
အပြာရောင်တွေရဲ့ ကွင်းလယ်ဖန်တီးရှင် ‘No. 10’ ဟာ ဒီနေ့ပွဲမှာ တိကျ၊ သေသပ်တဲ့ သွင်းဂိုးနှစ်ဂိုးအပြင် တိုက်စစ်မှူး ဂျာအို ပီဒရို အတွက် တတိယအနိုင်ဂိုးကိုပါ လှလှပပ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ လာမယ့်ရာသီ စတင်မယ့်အချိန်မှာ သူတို့နှစ်ယောက်ရဲ့ တွဲလုံးတွေနဲ့ လှပတဲ့သွင်းဂိုးတွေကို ကျွန်တော်တို့ စောင့်မျှော်ရဦးမှာပါ..။ အခုဆိုရင် ကျွန်တော်တို့ မျက်စိရှေ့မှောက်က MetLife ကစားကွင်းကြီးရဲ့ မြက်ခင်းစိမ်းပေါ်မှာ ချယ်လ်ဆီးအသင်း ကစားသမားတွေ ပျော်ပျော်ပါးပါး အောင်ပွဲခံနေကြပါတယ်..။
နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ လူငယ်သွေးသစ် ချယ်လ်ဆီးအသင်းဟာ ပူပူနွေးနွေး ဥရောပချန်ပီယံ ပီအက်စ်ဂျီအသင်းကို ပြတ်ပြတ်သားသား အနိုင်ယူလိုက်ပြီး ဥရောပဘောလုံးလောကနဲ့ ကမ္ဘာ့ဘောလုံးလောကကို ကိုင်လှုပ်နိုင်မယ့် အသင်းတစ်သင်း ထွက်ပေါ်လာတော့မယ်.. ဆိုတဲ့ သတင်းစကားနဲ့အတူ သတိပေး ခေါင်းလောင်းထိုးလိုက်ပါပြီ..။ မီခေးလ် ရေ.. အခုဗိုလ်လုပွဲမတိုင်ခင် ခင်ဗျားဟာ ‘တစ်ရွာလုံးနဲ့တစ်ယောက်’ ဆိုသလို အပြာရောင်သွေး၊ အပြာရောင် စိတ်ဓါတ်အပြည့်နဲ့ နံရံကိုခေါင်းနဲ့တိုက်ခဲ့ပေမယ့် နောက်ဆုံးမှာ ခင်ဗျားရဲ့ပြောကြားချက်တွေ မှန်ကန်ခဲ့ပြီး ကျွန်တော်တို့အားလုံး မှားယွင်းခဲ့ပါပြီ..။
ခင်ဗျာ.ဟာ ပြိုင်ပွဲအစကတည်းက ချယ်လ်ဆီးအသင်း ဗိုလ်စွဲမယ်ဆိုတဲ့ ယုံကြည်ချက်ကို တစိုက်စိုက်မတ်မတ်နဲ့ ခိုင်ခိုင်မာမာ ကိုင်စွဲခဲ့တာပါ..။ ဒီနေ့ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံးဗိုလ်လုပွဲဟာ အများမျှော်လင့်ထားခဲ့သလို အကြိတ်အနယ်မဖြစ်ခဲ့ပဲ ခင်ဗျားတို့ချယ်လ်ဆီးအသင်းကသာ ပွဲစပွဲဆုံး ခြေစွမ်းအသာစီးနဲ့ ထိန်းချုပ်၊ ကစားသွားခဲ့ပါတယ်..။
ဂျွန် အိုဘီ မီခေး - မှန်ပါတယ်..။ ပွဲဟာအကြိတ်အနယ် မဖြစ်ခဲ့သလို ဒီနှစ်သင်းကြားမှာ အခုလိုမျိုး ခြေစွမ်းကွာခြားသွားတဲ့ ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ မထင်မိပါဘူး..။ ကျွန်တော်တို့ရဲ့ ပွဲချဉ်းကပ်ပုံနဲ့ ပွဲအစပိုင်းခြေစွမ်း အရမ်းကိုကောင်းမွန်ခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ နည်းစနစ်အခင်းအကျင်း ပြီးပြည့်စုံခဲ့တယ်လို့ ပြောရမှာပါ..။ သူဟာပီအက်စ်ဂျီအသင်းရဲ့ ကစားပုံကို သေသေချာချာ လေ့လာခဲ့ပြီး တုံ့ပြန်နိုင်မယ့်နည်းလမ်းကို ရှာဖွေနိုင်ခဲ့ပါတယ်..။ ကစားသမားတွေကလည်း သူ့ရဲ့ညွှန်ကြားချက်အတိုင်း တသွေမတိမ်း လိုက်နာခဲ့ကြပါတယ်..။
ဒါ့ကြောင့်ကျွန်တော်တို့ဟာ ပွဲစကတည်းက ပွဲကိုထိန်းချုပ်နိုင်ခဲ့သလို ကစားသမားအားလုံး အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်..။ ကစားသမားတွေရဲ့ ဖိအားပေး ကစားပုံ (aggressive pressing) အထူးကောင်းမွန်ခဲ့သလို ပီအက်စ်ဂျီအသင်းကို ဘောလုံးကိုင်ခွင့် လုံးဝမပေးခဲ့ပါဘူး..။ ကျွန်တော်တို့အသင်းက လူငယ်ကစားသမားလေးတွေဟာ ပီအက်စ်ဂျီအသင်းရဲ့ ဖိအားပေးတဲ့ဒဏ်ကို ခံနိုင်ရည်အား ကောင်းမွန်တယ်..၊ ပြိုင်ဘက်အသင်းရဲ့ ဖိအားပေးမှုအောက်မှာ ဘောလုံးကိုင်ထားနိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်.။
ပီအက်စ်ဂျီအသင်းနဲ့ ပတ်သက်ပြီး ပြောချင်တာက ဒီနေ့ပွဲကစားသွားတဲ့ ပီအက်စ်ဂျီအသင်းဟာ အရင်ပွဲတွေက အသင်းနဲ့မတူညီနေပါဘူး..။ အရင်ပွဲတွေမှာ ပြသခဲ့တဲ့ လျှင်မြန်မှုတွေ၊ အားမာန်တွေ လျော့ကျနေပါတယ်..။ ဒါကလည်း ကျွန်တော်တို့ရဲ့ ပွဲချဉ်းကပ်ပုံ ကောင်းမွန်ခဲ့တာနဲ့ သက်ဆိုင်နိုင်ပါတယ်..။ ဒီနေ့ပွဲမှာ ကျွန်တော်တို့အသင်းဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ခွန်အားသုံး ကစားနိုင်မှု အပိုင်းတွေကအစ သိသိသာသာ သာလွန်ခဲ့ပါတယ်..။ ကျွန်တော်တို့ရဲ့ကစားပုံဟာ ပြီးပြည့်စုံခဲ့တယ်.. လို့ ပြောလို့ရသလို နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ နည်းစနစ်အခင်းအကျင်း၊ ပွဲချဉ်းကပ်ပုံတွေဟာ တကယ့်ကို စစ်တုရင် ဂရင်းမာစတာကြီး တစ်ယောက်အလားပါပဲ..။
အဒီ အိုလာဒီပို - ဟုတ်ကဲ့ပါ..။ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ကွင်းလယ် ဖန်တီးရှင် ကိုးလ် ပါးမား ဟာ တွေ့ဆုံခန်းတွေမှာ စကားများများ ပြောတတ်တဲ့သူ မဟုတ်ပါဘူး..။ သူဟာ ‘အပြောထက် အလုပ်နဲ့ သက်သေပြ’ လေ့ရှိပြီး ကွင်းထဲမှာ ဖျော်ဖြေမှုအပြည့် ကစားနိုင်ဖို့က အရေးအကြီးဆုံး ဖြစ်တယ်.. လို့ ခံယူထားသူ ဖြစ်ပါတယ်..။
မက်ဆင် ချူပို မော့တင်း - မှန်ပါတယ်..။ ပါးမား ဟာကွင်းထဲက စွမ်းဆောင်ရည်တွေနဲ့ပဲ သူ့ရဲ့အစွမ်းအစကို သက်သေပြလေ့ ရှိပါတယ်..။ ကစားသမား တစ်ယောက်အတွက် အဲဒီခံယူချက်ဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်..။ ဒီနေ့ပွဲမှာတော့ သူအပါအဝင် ချယ်လ်ဆီးတစ်သင်းလုံးက ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေဟာ သိပ်ကိုအံ့အားသင့်စရာပါပဲ..။ ဒါ့ကြောင့်နည်းပြအင်ဇို မာရက်စ်ကာ နဲ့ ချယ်လ်ဆီးအသင်းသားအားလုံးကို ချီးကျူး၊ ဂုဏ်ပြုလိုက်ပါတယ်..။ သူတို့အသင်းဟာ လူငယ်ကစားသမားလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်တာကြောင့် မကြာတော့မယ့် အနာဂတ်မှာ သူတို့အသင်းရဲ့ အကောင်းဆုံးခြေစွမ်း၊ မြင့်မားတဲ့အောင်မြင်မှုတွေ မြင်တွေ့ခွင့်ရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေပါပြီ..။
အဒီ အိုလာဒီပို - မီခေး ရေ… နည်းပြအင်ဇို မာရက်စ်ကာ ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့သလို ကွန်ဖရင့်စ်လိဂ် ဖလားပြိုင်ပွဲမှာပါ ဗိုလ်စွဲခဲ့ပေမယ့် ဒီပြိုင်ပွဲမစခင်မှာရော..၊ ပြိုင်ပွဲတစ်လျှောက်လုံး ဗိုလ်လုပွဲအထိ ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းအပေါ် ခင်ဗျားတို့ချယ်လ်ဆီးပရိသတ်တွေကိုယ်တိုင်က အပြည့်အဝ ယုံကြည်ခဲ့ကြတာ မဟုတ်ပါဘူး..။ အခုဆိုရင်တော့ နည်းပြအင်ဇို မာရက်စ်ကာ ဟာ ချယ်လ်ဆီးအသင်းအတွက် ကြီးမားတဲ့ အောင်မြင်မှုတွေ ယူဆောင်နိုင်စွမ်းရှိမယ့် နည်းပြတစ်ယောက်ဆိုတာ လက်ခံသွားကြမှာ အသေအချာပါပဲ ..။ မဟုတ်ဘူးလားဗျ..?
ဂျွန် အိုဘီ မီခေး - ဒါပေါ့..။ လက်ခံရမှာပေါ့..။ အင်ဇို မာရက်စ်ကာ ဟာ ထူးချွန်တဲ့နည်းပြတစ်ယောက်၊ မန်နေဂျာ တစ်ယောက် ဖြစ်တယ်ဆိုတာ အသင်းကိုသူရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက ကျွန်တော်ပြောခဲ့ပါတယ်..။ သူဟာအရည်အသွေးမြင့် လူငယ်သွေးသစ် ကစားသမားလေးတွေနဲ့အတူ အနာဂတ်မှာ ကြီးမားတဲ့အောင်မြင်မှုတွေ ဆွတ်ခူးနိုင်မယ့် အသင်းသစ်တစ်သင်းကို တည်ဆောက်နေတာ ဖြစ်ပါတယ်..။ အခုအသင်းအတွက် သူဟာ အသင့်တော်ဆုံး မန်နေဂျာ ဖြစ်ပါတယ်..။
ဘာဖြစ်လို့လည်းဆိုတော့ သူဟာလူငယ်ကစားသမားလေးတွေရဲ့ အကောင်းဆုံး ခြေစွမ်းရရှိလာအောင် ထုတ်ယူပေးနိုင်စွမ်းရှိသလို အဲဒီကစားသမားလေးတွေကို စုစည်း၊ ကျစ်လျစ်တဲ့ အသင်းကောင်းတစ်သင်းအဖြစ် ပေါ်ထွက်လာအောင် တည်ဆောက်ပေးနိုင်စွမ်း ရှိတဲ့သူလည်း ဖြစ်တာကြောင့်ပါ..။ ဒီနေ့ပွဲမှာဆိုရင် အသင်းရဲ့ကစားပုံဟာ ပွဲစပွဲဆုံး လိုလေသေးမရှိခဲ့ပါဘူး..။ pressing ကစားဖို့ လိုအပ်လာရင် aggressive pressing ကစားပေးနိုင်တယ်..၊ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်တွေကို အလဟသ ဖြစ်သွားအောင် ခံစစ်ဆင်းထိုင်ပြီး အဆင့်ဆင့် ပိတ်ဆို့သွားနိုင်ခဲ့တဲ့ အချိန်တွေလည်း ရှိပါတယ်..။
ဒါ့အပြင်ကျွန်တော်တို့ဟာ ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ် ကစားသမား သုံးယောက်စလုံးကို ဘောလုံးကိုင်ခွင့် လုံးဝမပေးခဲ့ပါဘူး..။ ဖာဘီယန် ရုဇ်၊ ဗီတင်ဟာ နဲ့ ဂျာအို နီးဗက်စ် တို့ကို ဘောလုံးကိုင်ခွင့် ပေးလိုက်ရင် သူတို့ဟာ ပွဲကိုစိတ်ကြိုက် ထိန်းချုပ် ကစားသွားကြမှာပါ..။ အဲဒီအခွင့်အရေးကို ကျွန်တော်တို့ ခွင့်မပြုခဲ့ပါဘူး..။ ကစားသမားတွေရဲ့ ဘောလုံးဖျက်ထုတ် ရယူမှုတွေ ကောင်းမွန်ခဲ့သလို ဘောလုံးရတာနဲ့ တိုက်စစ်လမ်းကြောင်း ရှာဖွေ၊ ပေးပို့မှုတွေဟာ အပြစ်ပြောစရာ မရှိခဲ့ပါဘူး..။ ကိုးလ် ပါးမား ကတော့ ခင်ဗျားပြောသလို အပြင်မှာ ရာသီဥတု ပူပြင်းနေပေမယ့် ကျွန်တော်တို့ရဲ့ရင်ကို အေးမြစေခဲ့တဲ့ ကစားသမားလေး ဖြစ်ပါတယ်ဗျာ.. ဟားဟား..။
အဒီ အိုလာဒီပို - ဟုတ်ကဲ့ပါ..။ ချယ်လ်ဆီအသင်းသားတွေနဲ့ အောင်ပွဲခံနေတဲ့ သမ္မတကြီး ဒေါ်နယ် ထရမ့်ပ် နဲ့ ရိစ် ဂျိမ်းစ် တို့ရဲ့ အောင်ပွဲခံအခမ်းအနားမြင်ကွင်းဟာ စိတ်ဝင်စားဖို့ကောင်းသဗျ..။ ကဲ.. ခုနကပြီးသွားတဲ့ ပွဲစဉ်အကြောင်း ပြန်ပြီးသုံးသပ်ရမယ်ဆိုရင် ဒီနေ့ပွဲမှာ ကစားသွားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းဟာ ပီအက်စ်ဂျီအသင်းအတွက် ကောင်းလွန်းပြီး ဘယ်လိုမှကို လိုက်လို့မမှီအောင် ဖြစ်ခဲ့ရပါတယ်..။ တခါတလေကျရင် တစ်ချို့ပွဲတွေမှာ ပွဲစဉ်ရဲ့အနိုင်အရှုံး ရလဒ်ဟာ အသင်းတွေရဲ့ ခြေစွမ်းအပေါ် မူတည်ပြီး ပြတ်ပြတ်သားသား ဖြစ်သွားရတာပါပဲ..။
ဂါရတ် ဘေးလ် - ပွဲမစခင်အချိန်ထိ ပီအက်စ်ဂျီအသင်းကို ဗိုလ်စွဲဖို့ရေပန်းစားတဲ့ အသင်းအဖြစ် ကျွန်တော်တို့အားလုံး ‘တစ်ပေး’၊ သတ်မှတ်ခဲ့ကြပါတယ်..။ ဒါပေမယ့် ဗိုလ်လုပွဲတွေမှာ ဘာမဆိုဖြစ်လာနိုင်တယ်.., ဆိုတာ လူတိုင်းသိထားကြပါတယ်..။ ခင်ဗျားတို့ပြောသွားသလိုပါပဲ.. ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့ပွဲခြေစွမ်းဟာ အချိန်ကိုက်၊ နေရာကိုက် ပြီးပြည့်စုံအောင် ကောင်းမွန်ခဲ့ပါတယ်..။ အပြာရောင်လွှမ်းသွားတဲ့ နေ့တစ်နေ့လို့ ပြောရမှာပါပဲ…။
အဒီ အိုလာဒီပို - ဟုတ်ကဲ့ပါ..။ ဒီနေ့ပွဲက သွင်းဂိုးတွေအပေါ် သုံးသပ်ကြရအောင်ဗျာ..။ ဒီနေ့ပွဲက ချယ်လ်ဆီးအသင်းရဲ့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ တိုက်စစ်လမ်းကြောင်း ရှာဖွေ၊ ရွှေ့လျားမှုတွေအားလုံးမှာ ‘ကိုးလ် ပါးမား’ ပေါ်မှာ အခြေခံနေတယ်လို့ ယေဘူယျပြောရမှာပါ…
ဂျွန် အိုဘီ မီခေး - ပွဲချိန် (၂၂) မိနစ်မှာ ရရှိခဲ့တဲ့ အဖွင့်ဂိုးမှာ ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ရဲ့ တိုက်ရိုက်ပေးပို့မှုကို ညာနောက်ခံလူ မာလို ဂတ်စ်တို က နောက်ခံလူတွေ လိုက်မမှီအောင် ဆွဲထုတ်၊ ပြေးသွားနိုင်ခဲ့ပါတယ်…။ ပင်နယ်တီဧရိယာထဲ ရောက်လာချိန်မှာ ကိုယ်တိုင်ကန်သွင်းခဲ့ပေမယ့် နောက်ခံလူ လူးကပ်စ် ဘာရယ်လ်ဒို ပိတ်ဆို့နိုင်ခဲ့ပါတယ်..။ အဲဒီဘောလုံးကိုပဲ တစ်ချက်ပြန်ခေါက်ပြီး အသင့်နေရာယူထားတဲ့ ကိုးလ် ပါးမား ရဲ့ ပြေးလမ်းထဲကို လှိမ့်ပေးလိုက်ရမှာ အင်္ဂလန်ကွင်းလယ်ဖန်တီးရှင်လေးက ဂိုးသမား ဒွန်နာရူးမား ရဲ့ ညာဘက်ထောင့်ထဲကို သွေးအေးအေးနဲ အတိအကျ ကန်သွင်း၊ ရယူသွားခဲ့ပါတယ်..။
အဲဒီဂိုးမှာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဒမ်ဘယ်လေ ရဲ့ ဖိအားပေးမှုအောက်ကနေ မာလို ဂတ်စ်တို ရဲ့ ပြေးလမ်းထဲကို အတိအကျကန်တင်ပေးနိုင်ခဲ့တဲ့ ဂိုးသမားဆန်းချက်ဇ် ရဲ့ ပေးပို့မှုဟာ အဓိကကျခဲ့ပါတယ်..။ ကိုးလ် ပါးမား ရဲ့ကန်ချက်ဟာ ပြင်းအားသိပ်မပါဘူး.. ဆိုပေမယ့် ဂိုးသမားကာကွယ်နိုင်ဖို့ အခွင့်အရေး လုံးဝမရှိခဲ့ပါဘူး..။ ပွဲချိန်မိနစ် (၃၀) မှာ ရရှိသွားတဲ့ ဒုတိယဂိုးကလည်း အဖွင့်ဂိုးနဲ့ ပုံစံတူလို့ ပြောလို့ရပါတယ်..။ ကိုးလ် ပါးမား ရဲ့ ဒီနေ့ခြေစွမ်းဟာ တကယ့်ကို စင်းလုံးချောနီးပါး.. အမှားအယွင်းမရှိခဲ့သလို ထိချက်တိုင်း၊ ပေးပို့မှုတိုင်းနဲ့ ကန်သွင်းချက်တိုင်းဟာ အသက်ရှူမှားရလောက်အောင် အံ့အားသင့်စေခဲ့ပါတယ်..။
ဂါးရတ် ဘေးလ် - ကိုးလ် ပါးမား ရဲ့ ဒီနေ့ပွဲက ကစားပုံဟာ အာဂျင် ရော်ဘင် ကို ပြန်ပြီးသတိရစေပါတယ်..။ သူတို့အားသန်တဲ့ အတွင်းဘက်ကိုထုတ်ပြီး ဘယ်ခြေနဲ့ကန်သွင်းမယ်.. ဆိုတာ အားလုံးသိနေကြပေမယ့် ဘယ်လိုမှ တားဆီးလို့ မရပါဘူး..။ ဒါ့အပြင်ကိုးလ် ပါးမား အတွင်းကိုချိုးဝင်နေချိန် သူ့ရဲ့ ညာဘက်ကနေ အယောင်ပြ ဖြတ်ပြေးသွားတဲ့ ဂျာအို ပီဒရို ရဲ့ လှုပ်ရှားမှုကလည်း အရမ်းကိုပါးနပ်လွန်းလှပါတယ်…။ အဲဒီအယောင်ပြ လှုပ်ရှားမှုကြောင့် အနားမှာရှိနေတဲ့ ပီအက်စ်ဂျီအသင်း နောက်ခံလူတွေဟာ ညာဘက်ကို ပါသွားခဲ့ပြီး ပါးမား အတွက် ကန်သွင်းနိုင်ဖို့ နေရာလွတ် ရရှိခဲ့ပါတယ်…။
ဂျွန် အိုဘီ မီခေး - အဲဒီသွင်းဂိုးမှာ ကိုးလ် ပါးမား ကို တစ်ဦးချင်း (1 VS 1) တားဆီနိုင်ဖို့ နောက်ဆုံးကျန်နေခဲ့တဲ့ နောက်ခံလူနေရာမှာ ဗီတင်ဟာ ဖြစ်နေပါတယ်..။ သူ့ရဲ့တားဆီးဖို့ ကြိုးစားတဲ့ပုံစံကို ကျွန်တော်တော့ နားမလည်မိပါဘူး..။ သူ့ရဲ့နေရာမှာ ဗဟိုနောက်ခံလူစစ်စစ်.. ဒါမှမဟုတ် ဘယ်နောက်ခံလူ ဆိုရင် ပါးမား ကို ကန်သွင်းခွင့် မရအောင် တားဆီးနိုင်ပါလိမ့်မယ်..။ ဒါပေမယ့် ဗီတင်ဟာ က ကိုးလ် ပါးမား ကို ကန်သွင်းမယ်လို့ မထင်မိပဲ ညာဘက်က ပြေးထွက်သွားတဲ့ ပီဒရို ကို ပေးလိုက်မယ်.. လို့ တွက်ဆလိုက်ပုံရပါတယ်..။ ဒုတိယဂိုးမှာ ပါးမား ရဲ့ကန်ချက်ဟာ ပထမဂိုးနဲ့ ဆင်တူပါပဲ..။ ဂိုးသမား ဒွန်နာရူးမား ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ပါဘူး..။
အဒီ အိုလာဒီပို - ပွဲချိန် (၄၃) မိနစ်မှာ တိုက်စစ်မှူး ဂျာအို ပီဒရို သွင်းယူခဲ့တဲ့ တတိယဂိုးဟာ ပွဲကိုအဆုံးသတ်လိုက်တဲ့ (kill the game) ဂိုး ဖြစ်ခဲ့ပါတယ်..။ ဘရာဇီးလ် တိုက်စစ်မှူးလေးရဲ့ အဆုံးသတ်ကန်ချက်ကို ကြည့်မယ်ဆိုရင် တကယ့်ကို ယုံကြည်မှုအပြည့်နဲ့ သပ်ရပ်လှပါတယ်..။ သူဟာဘရိုက်တန်အသင်းကနေ ရောက်လာချင်းမှာပဲ အသင်းနဲ့အမြန်ဆုံးအထိုင်ကျခဲ့သလို တခြားတိုက်စစ် ကစားသမားတွေနဲ့လည်း တွဲဖက်ညီခဲ့ပါတယ်..။
မက်ဆင် ချူပို မော့တင်း - မှန်ပါတယ်..။ တကယ့်ကို လှပ၊ သပ်ရပ်တဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်ပါတယ်…။ ပထမဆုံးအနေနဲ့ ကိုးလ် ပါးမား ရဲ့ ပေးပို့မှုကို ပီအက်စ်ဂျီ နောက်ခံလူတွေကြားက အချိန်ကိုက်၊ အတိအကျ ပြေးထွက်နိုင်ဖို့ အသင့်ပြင်နိုင်ခဲ့တဲ့ နေရာယူမှာ တိုက်စစ်မှူးကောင်းတစ်ယောက်ရဲ့ ‘ပါးနပ်မှု’ သတိပြုမိကြမှာပါ..။ ပါးမား ခင်းပေးလိုက်တဲ့ ဘောလုံးကို ပြေးဝင်ပိတ်ဆို့ဖို့ ကြိုးစားခဲ့တဲ့ ဂိုးသမားပေါ်ကို အသာလေး ‘မ’ ပြီး လှလှပပ ကန်သွင်းချက်ဟာ သူ့ရဲ့အဆုံးသတ်အရည်အသွေးကောင်းကို သက်သေပြနေတဲ့ကန်ချက် ဖြစ်ပါတယ်..။
အဒီ အိုလာဒီပို - မီခေး ရေ.. ချယ်လ်ဆီးအသင်းမှာ ခင်ဗျားအစဉ်တစိုက် ဝေဖန်နေတဲ့ ကစားသမား တစ်ယောက်က ဂိုးသမား ‘ရောဘတ် ဆန်းချက်ဇ်’ ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ဘောလုံးရာသီ တစ်လျှောက်လုံးမှာ သူဟာအမှားအယွင်းတွေ အများကြီးကျူးလွန်ခဲ့တာဆိုတော့ ခင်ဗျားတို့ဝေဖန်တာဟာ ‘လွန်တယ်’ လို့ ပြောမရပါဘူး..။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ ဘာအမှားအယွင်းမှ မလုပ်ခဲ့ဘူးနော်..၊ ဟုတ်တယ်မလား..? ဒီနေ့ပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည် အရမ်း.. အရမ်းကို ကောင်းမွန်ခဲ့ပါတယ်..။
ဂျွန် အိုဘီ မီခေး - ဟုတ်တယ်ဗျ..။ ဒီနေ့ပွဲက သူ့ရဲ့လက်စွမ်းကို ကျွန်တော်တကယ် အံ့ဩမိပါတယ်…။ အဲ.. အံ့အားသင့်စရာ လက်စွမ်းမဟုတ်ရင်တောင်မှ တကယ့်ကို သိပ်ကိုကောင်းမွန်တဲ့ လက်စွမ်းပြခဲ့တာ အသေအချာပါပဲ..။
အဒီ အိုလာဒီပို - No.. ‘အံ့ဩ’ မိတယ်.. လို့ မင်းပြောပြီးပြီလေ.. စကားကိုပြန်ပြီး ရုတ်လို့မရတော့ဘူး.. ဟားဟား..
ဂျွန် အိုဘီ မီခေး - မှန်ပါတယ်..။ ချီးကျူးသင့်တဲ့အချိန်ကျရင် ချီးကျူးရမှာပဲဗျ..။ ဒီနေ့ပွဲက သူ့ရဲ့ဆုံးဖြတ်ချက်တွေ၊ ကာကွယ်မှုတွေနဲ့ ဘောလုံးဖြန့်ဝေမှုတွေအားလုံး သိပ်ကိုကောင်းပါတယ်…။ ဒုတိယပိုင်းအစမှာ ဒမ်ဘယ်လေး ရဲ့ အနီးကပ် ကန်သွင်းချက်ကို ကာကွယ်သွားခဲ့တာ တကယ့်ကို မယုံနိုင်စရာပါပဲ.။ တုံ့ပြန်မှုမြန်ဆန်ပြီး လျှင်မြန်၊ အားပါလှတဲ့ ကာကွယ်မှုပါ..။ ဂိုးသမားတွေဆိုတာ အလုပ်သိပ်မများရင်တောင် ကိုယ့်ဆီကို ရောက်ရှိလာတဲ့ ကန်သွင်းချက်တွေကို အမှားအယွင်းမရှိ ကာကွယ်ပေးနိုင်ဖို့ လိုအပ်ပါတယ်..။
ရောဘတ် ဆန်းချက်ဇ် ဟာ ပီအက်စ်ဂျီအသင်းရဲ့ ဂိုးရနိုင်လောက်တဲ့ ကန်ချက်တစ်ချို့ကို အကောင်းဆုံး ကာကွယ်ပေးနိုင်ခဲ့တာကြောင့် ဒီနေ့ပွဲက သူ့ရဲ့လက်စွမ်းဟာ ပွဲရဲ့အရေးပါတဲ့ အဆုံးအဖြတ် အခိုက်အတန့်တွေမှာ ပါဝင်ခဲ့ပါတယ်..။ ဒီနေ့ပွဲက သူ့ရဲ့လက်စွမ်းအပေါ် သိပ်ကိုကျေနပ်မိသလို လာမယ့်ရာသီမှာ ယုံကြည်မှုတွေ ပိုပြီးကောင်းမွန်စေဖို့ အထောက်အကူ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်..။ လာမယ့်ရာသီကျရင် အခုထက်အများကြီး တိုးတက်၊ ကောင်းမွန်တဲ့ ရောဘတ် ဆန်းချက်ဇ် ကို ကျွန်တော်တို့ မြင်တွေ့ရမှာပါ..။
အဒီ အိုလာဒီပို - လာမယ့်ရာသီကျရင် အင်ဇို မာရက်စ်ကာ ဟာ ပွဲထွက်ဂိုးသမား နေရာအတွက် ခေါင်းကိုက်ရဦးမယ် ထင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ ထိပ်တန်းအဆင့်ဂိုးသမား နောက်ထပ်တစ်ယောက် ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်.. ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်..။ အသင်းက နံပါတ်တစ် ဂိုးသမားဟာ အခုပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမား… ရွှေလက်အိပ်ဆု (golden glove) ကို ရရှိခဲ့ပါတယ်..။ ကဲ.. ဘာဆက်လုပ်ကြမှာလဲ..?
ဂါရတ် ဘေးလ် - ဒါကတော့ မန်နေဂျာရဲ့ အဆုံးအဖြတ်အပေါ် မူတည်ပါလိမ့်မယ်..။ အသင်းကြီးတစ်သင်းမှာ ထိပ်တန်းအဆင့် ဂိုးသမား နှစ်ယောက်ရှိနေတာဟာ မဆိုးပါဘူး..။ တစ်ယောက်နဲ့တစ်ယောက်ကြား ပြိုင်ဆိုင်မှု ပြင်းထန်စေပြီး ပွဲထွက်နေရာအတွက် အစွမ်းကုန် အကြိတ်အနယ် ကြိုးစားကြပါလိမ့်မယ်..။ အရင်တုန်းက ရီးရဲလ် မက်ဒရစ်အသင်းမှာ ဒီယေဂို လိုးပက်ဇ် နဲ့ အီကာ ကာဆီးလက်စ် ဆိုတဲ့ ထိပ်တန်းဂိုးသမား နစ်ယောက်ရှိခဲ့ပြီး ချန်ပီယံလိဂ်.. ဆိုရင် တစ်ယောက်၊ ပြည်တွင်းလာလီဂါ ပြိုင်ပွဲတွေမှာ နောက်တစ်ယောက်.. အလှည့်ကျ ပွဲထွက်စေခဲ့ပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းက နောက်ထပ်ထိပ်တန်း ဂိုးသမား တစ်ယောက် ခေါ်ယူတာဟာ ဆိုးရွားတဲ့အကြံအစည်လို့ ကျွန်တော်မယူဆပါဘူး..။
အဒီ အိုလာဒီပို - အခုဆိုရင် အမေရိကန် ပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်း ဗိုလ်စွဲခဲ့ပြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ..။ ဒါပေမယ့် အခြားတစ်ဘက်က ဝေဖန်မှုတွေလည်း မလွတ်ပါဘူး..။ အခုလိုပူပြင်းတဲ့ နွေရာသီမှာ အမေရိကန် ပြည်ထောင်စုမှာ ကျင်းပတာ..၊ ကျင်းပမယ့် ဘောလုံးရာသီဟာ နောက်လာမယ့် ရာသီအသစ်နဲ့ တဆက်စပ်တည်း ဖြစ်သွားတာ..၊ ဒါ့ကြောင့်ကစားသမားတွေ ပင်ပန်းကုန်တဲ့အချက်တွေ.. စသဖြင့် အများကြီးပါပဲ..။ FIFA ကတော့ ပွဲကြည့်ပရိသတ် အရေအတွက်၊ ရုပ်သံကနေ ကြည့်ရှုကြတဲ့ ပရိသတ်အရေအတွက်၊ ကွင်းဝင်ကြေး အပါအဝင် အထွေထွေဝင်ငွေကနေ ရရှိတဲ့ ကိန်းဂဏန်းတွေနဲ့ ကျေနပ်အားရနေတော့တာပဲ..
ဂါးရတ် ဘေးလ် - အခုပြိုင်ပွဲ စတင်ကျင်းပဖို့ ဆုံးဖြတ်တဲ့ အချိန်တုန်းက သဘောမကျကြတဲ့သူတွေ ပိုများခဲ့ပါတယ်..။ ဒါပေမယ့် ပြိုင်ပွဲကျင်းပရင်း အချိန်ကြာလာတာနဲ့အမျှ ပြိုင်ပွဲအပေါ် နှစ်သက်မှုတွေ ပိုပြီးများလာတယ်..၊ ပရိသတ်စိတ်ဝင်စားမှုနဲ့ ကြည့်ရတဲ့ပရိသတ်တွေ များပြားလာခဲ့ပါတယ်..။ ပြိုင်ပွဲအဆင့်မြင့်လာလေလေ၊ အသင်းကောင်းတွေပဲ ကျန်တော့တာဆိုတော့ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ပွဲတွေ များပြားလာပါတယ်..။ ဒါ့ကြောင့်အခုပြိုင်ပွဲဟာ အောင်မြင်တဲ့ပြိုင်ပွဲ ဖြစ်တယ်လို့ ယူဆနိင်ပါတယ်..။
နောက်ပြီးအခုပြိုင်ပွဲကို လာမယ့်နှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုပြင်ဆင်တဲ့အနေနဲ့ ကျင်းပတဲ့ပြိုင်ပွဲလို့ သတ်မှတ်လို့ ရပါတယ်..။ ကိန်းဂဏန်းတွေဆိုတာ သူတို့ကိုယ်စားပြုနေတဲ့ အချက်အလက်တွေရဲ့ နောက်ကွယ်မှာ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုယ်စီ ရှိနေကြပါတယ်..။ ကမ္ဘာ့ဘောလုံးလောကကို ဦးစီး၊ ဦးဆောင်ပြုနေတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီပြိုင်ပွဲကို သဘောကျကြပါလိမ့်မယ်..။ ဒါပေမယ့် ကစားသမားတွေ အတွက်ကျတော့ ပွဲတွေပိုပြီး ကစားရတဲ့အတွက် ပိုပြီးပင်ပန်းတယ်..၊ လာမယ့်ရာသီကျရင် ဝန်ပိပြီး ဒဏ်ရာရတဲ့နှုန်း ပိုပြီးများမလာဖို့ပဲ ဆုတောင်းရမှာပေါ့..။
အဒီ အိုလာဒီပို - ဒီပြိုင်ပွဲဟာ နောက်နှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကြိုစမ်းသပ်တဲ့ပြိုင်ပွဲ ဆိုတဲ့ အဆင့်ထက်ပိုပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ နောက်လာမယ့်လေးနှစ်မှာ ကျင်းပမယ့် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရချင်တဲ့ အသင်းတွေ ပိုပြီးများပြားလာနေတာ မြင်တွေ့နေရပါတယ်..။ လီဗာပူးလ်၊ အာဆင်နယ်၊ ဘာစီလိုနာ၊ အေစီ မီလန် တို့လိုအသင်းတွေကလည်း ဒီပြိုင်ပွဲရဲ့ ပွဲစဉ်တွေကို လက်ခံကျင်းပလိုကြောင်း အသိပေးခဲ့ကြပါတယ်..။ ဒါ့ကြောင့်အသင်းတွေရဲ့ စိတ်ဝင်စားမှု ပိုမိုများပြားလာတယ်လို့ ပြောရမှာပဲ..
ဂျွန် အိုဘီ မီခေး - ဒါပေါ့..။ အခုကျင်းပတဲ့ ပထမအကြိမ်ပြိုင်ပွဲရဲ့ အောင်မြင်မှုကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရလိုက်တာကိုးဗျ..။ ရုပ်သံကနေ ကြည့်ရှုတဲ့ ပရိသတ်ဦးရေ (၃) ဘီလီယံကျော် ဆိုတဲ့ ကိန်းဂဏန်းဟာ ကမ္ဘာအနှံ့ ပျံ့နှံ့မှုအားကောင်းတယ်.၊ စိတ်ဝင်စားမှု များပြားလာတယ်.. ဆိုတဲ့ အချက်ကို သက်သေပြနေပါတယ်..။ ပြိုင်ပွဲမစခင်ဝေဖန်မှုတွေ များပြားခဲ့တာကတော့ တခြားပြိုင်ပွဲတွေနည်းတူ ဘာမှမထူးဆန်းပါဘူး..။
ကစားသမားတွေကို အကာအကွယ် ပိုပေးဖို့လိုအပ်တယ်..၊ အခုထက်ပိုပြီး အနားယူဖို့ လိုအပ်တယ်.. ဆိုတာ မှန်ပါတယ်..။ ဒါပေမယ့် ခင်ဗျားတို့ဟာ ကစားသမား တစ်ယောက်ဖြစ်နေတယ်ဆိုရင် ဘောလုံးကစားဖို့ မြက်ခင်းစိမ်းထဲကို ခြေချလိုက်တာနဲ့ နံပါတ်တစ်- ခြေစွမ်းပြနိုင်ဖို့၊ နံပါတ်နှစ် - ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့.. ဆိုတဲ့ ဦးတည်ချက်ကလွဲရင် တခြားဘာမှမရှိပါဘူး..။ ဒီနေ့မှာတော့ ကျွန်တော်တို့အသင်းဟာ အဲဒီရည်မှန်းချက်ကို ပြည့်မှီအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်..။
ကျွန်တော့်ရဲ့ တစ်ကိုယ်ရည် အမြင်အရဆိုရင် အခုပြိုင်ပွဲဟာ အောင်မြင်တဲ့ ပြိုင်ပွဲတစ်ပွဲ ဖြစ်ပါတယ်..။ အာဖရိက၊ အာရှ၊ အမေရိက အပါအဝင် ကမ္ဘာအနှံ့ကအသင်းတွေ စုံညီခဲ့ကြတဲ့ ပြိုင်ပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်..။ ကျွန်တော်တို့ဟာ ထိပ်တန်းအသင်းကြီးတွေကိုပဲ အာရုံစိုက်နေလို့ မရဘူးဗျ..။ အခြားအသင်းငယ်တွေရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရပါမယ်..။ အဲဒီအသင်းငယ်လေးတွေဟာ အခုပြိုင်ပွဲကြီးကနေ ဒေါ်လာငွေ မီလီယံပေါင်းများစွာ ဝင်ငွေတွေ ရရှိခဲ့ကြပါတယ်..။ အဲဒီငွေကြေးတွေနဲ့ အခြေခံအဆောက်အဦးတွေ၊ လေ့ကျင့်ကွင်းတွေ.. ၊ ပွဲကြည့်စင်တွေ.. စသဖြင့် ကမ္ဘာ့နေရာ အနှံ့အပြားက ဘောလုံးလောက ဖွံ့ဖြိုး၊ တိုးတက်လာဖို့ လုပ်ဆောင်ပေးနိုင်တဲ့အရာတွေ အများကြီးရှိပါတယ်..။ ဒါ့ကြောင့် အခုပြိုင်ပွဲဟာ သိပ်ကိုကောင်းမွန်တဲ့ ပြိုင်ပွဲတစ်ခုလို့ ယူဆမိပါတယ်..။