ချယ်လ်ဆီးအသင်းမှာ ၂၀၂၅/၂၆ ဘောလုံးရာသီ၏ ပထမဆုံး ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် ဘေယာ လေဗာကူဆင်အသင်းနှင့် Visit Malta Weekender အထိမ်းအမှတ် ဖလားပွဲစဉ်ကို စတန်းဖို့ဒ် ဘရစ်ချ် ကစားကွင်း၌ သောကြာနေ့၊ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြသည်..။ အဆိုပါပွဲစဉ်မှ ယခုနှစ်ဘောလုံးရာသီတွင် အသစ်ခေါ်ယူထားခဲ့သည့် ကစားသမားများ၏ ခြေစွမ်း၊ အလားအလားများနှင့် အသင်း၏ ရာသီကြိုပြင်ဆင်မှုများအပေါ် ချယ်လ်ဆီးအသင်း နည်းပြအင်ဇို မာရက်စ်ကာ၊ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဂျေမီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် နှင့် တော့တင်ဟမ် အသင်းနှင့် ဂျာမနီလက်ရွေးစင် နောက်ခံလူဟောင်း စတက်ဖန် ဖရောင်းဒ် တို့က Channel 5 သတင်းဌာန၏ ပွဲပြီးစကားဝိုင်းအစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေးသွားခဲ့ပါသည်..။
အဲလက်စ် အယ်လ်ဂျိုး - အင်ဇို ရေ… ကျွန်မတို့နဲ့အတူ အချိန်ပေးပြီး ဆွေးနွေးပေးတဲ့အပေါ် အထူးကျေးဇူးတင်တဲ့အကြောင်း အရင်ဆုံးပြောကြားချင်ပါတယ်ရှင့်..။ ဒီနေ့မှာ ပြန်လည်စတင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကထမဆုံးရာသီကြို ခြေစမ်းပွဲစဉ်မှာ ရှင်တို့အသင်းဟာ ဘေယာ လေဗာကူဆင်အသင်းကို ၂ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်..။ ထူးခြားတာက အခုဆိုရင် Visit Malta အထိမ်းအမှတ် ဆုဖလားကို ကိုင်မြှောက်နေကြတာဆိုတော့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပြန်ပြီးအမှတ်ရစရာပါပဲ..။ အခုလိုကြည်နူးဖွယ် ညချမ်းတစ်ခုမှာ ရှင်တို့အသင်းရဲ့ ခြေစွမ်းအပေါ် ဘယ်လိုထင်မြင်မိလဲ..? ပြောပြနိုင်မလားရှင့်…
အင်ဇို မာရက်စ်ကာ - Yes.. အသင်းရဲ့ ဒီနေ့ပွဲစွမ်းဆောင်ရည်အပေါ် အထူးကျေနပ်မိပါတယ်..။ အထူးသဖြင့် ကျွန်တော်တို့ဟာ ရက်သတ္တပါတ်သုံးပါတ် အနားယူပြီး လေ့ကျင့်ခန်းတွေ ပြန်လည်စတင်ခဲ့တာ (၃) ရက်၊ (၄) ရက်ပဲ ရှိပါသေးတယ်..။ အချိန်တိုအတွင်းမှာ အစုအဖွဲ့ကောင်းကောင်းနဲ့ တုံ့ပြန်နိုင်ခဲ့တာ ကျေနပ်စရာပါ..။ လာမယ့်တနင်္ဂနွေနေ့မှာ အေစီ မီလန်အသင်းနဲ့ နောက်ထပ်တစ်ပွဲ ယှဉ်ပြိုင်ပါဦးမယ်..။ အဲဒါပြီးရင် တကယ့်ပွဲ အစစ်အမှန် လာပြီပေါ့ဗျာ..။
အဲလက်စ် အယ်လ်ဂျိုး - မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ‘အက်စ်တီဗာအို ရဲ့ ခြေစွမ်းအပေါ် ဖျော်ဖြေမှုအပြည့်နဲ့ ခံစားကြစမ်းပါ..’ လို့ ရှင်ပြောခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကို ချယ်လ်ဆီးပရိသတ်တွေ အင်မတန်မှ နှစ်သက်၊ သဘောကျကြမှာ အသေအချာပဲရှင့်..။ သူဟာအသက် (၁၈) နှစ်ပဲ ရှိသေးပေမယ့် တကယ့်ကို ခြေစွမ်းထက်မြက်လှတဲ့ ပင်ကိုယ်ပါရမီရှင် ကစားသမားတစ်ယောက် ဖြစ်နေပါပြီ..။ သူ့ကိုဘယ်လိုပုံစံ ကိုင်တွယ်,၊ စီစဉ်သွားဖို့ စဉ်းစားထားပါလဲ..?
အင်ဇို မာရက်စ်ကာ - မှန်ပါတယ်..။ သူဟာအရမ်းကို အသက်ငယ်ပါသေးတယ်..။ ဒါပေမယ့် သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို ကျေနပ်မှုအပြည့်နဲ့ ရရှိနိုင်ဖို့ဆိုရင် လုံလောက်တဲ့ ကစားခွင့် ဖန်တီးပေးရပါမယ်..။ သူဟာကျွန်တော်တို့အတွက် ထိရောက်တဲ့ ကူညီမှုပေးနိုင်ပါလိမ့်မယ်.. ဆိုပြီး မနေ့ကတည်းက ကြိုပြောခဲ့တာ သူ့ရဲ့ခြေစွမ်းကို ကျွန်တော်တို့ သိနေလို့ပေါ့ဗျာ..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အင်ဇို ရေ… ပြီးခဲ့တဲ့ဘောလုံးရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့သလို ကလပ်အသင်းများ ကမ္ဘာ့ဖလား အောင်မြင်မှုနဲ့ အဆုံးသတ်နိုင်ခဲ့တဲ့အပေါ် ခင်ဗျားတို့အားလုံးကို ချယ်လ်ဆီးပရိသတ်တွေကိုယ်စား အရင်ဆုံး ကျေးဇူးတင်၊ ဂုဏ်ပြုလိုက်ပါတယ်..။ တကယ့်ကို ထူးချွန်၊ ပြောင်မြောက်လှတဲ့ စွမ်းဆောင်မှုပဲဗျ..။ အခုပွဲစဉ်ဟာ ရာသီအသစ်အတွက် ပြင်ဆင်ခဲ့တဲ့ပွဲစဉ်.. ဆိုပေမယ့် အရင်ရာသီဟောင်းနဲ့ကြားမှာ ခဏပဲ အနားရခဲ့ပါတယ်..။ ခင်ဗျားတို့အနေနဲ့ အဲဒီသုံးပါတ်အတွင်းမှာ ဘယ်လိုပြင်ဆင်မှုတွေ၊ ဘယ်လိုအပြောင်းအလဲတွေ စီစဉ်ခဲ့ရလဲ..? ပြောပြပေးနိုင်မလား..?
အင်ဇို မာရက်စ်ကာ - ဒီလိုမျိုးကြုံတွေ့ရတာ ကျွန်တော့်အတွက်လည်း ပထမဆုံးပါပဲ..။ ဒါ့ကြောင့်ခင်ဗျားရဲ့မေးခွန်းကို မဖြေတတ်ပါဘူး..။ ဗိုလ်လုပွဲအပြီး သုံးပါတ်နားခဲ့တယ်..၊ ဒီကိုပြန်ရောက်တာလည်း (၄) ရက်ပဲ ရှိပါသေးတယ်..။ ကျွန်တော်တို့အားလုံးရဲ့ စိတ်ထဲမှာ အနားယူလိုက်ရတယ်.. လို့တောင် မထင်လိုက်ရပဲ ဆက်တိုက်ကြီး ကစားနေရသလို ခံစားနေခဲ့ရပါတယ်...။
ဒါ့ကြောင့် ရာသီကြိုပြင်ဆင်မှု (preseason preparation) ပြုလုပ်တယ်လို့ ပြောလို့မရပါဘူး..။ အချိန်လည်းမရှိပါဘူး..။ တနင်္ဂနွေနေ့မှာ နောက်ထပ်တစ်ပွဲရှိတယ်..၊ နောက်တစ်ပါတ်ကျရင် တကယ့်ရာသီစပါပြီဗျာ..။ အတော်လေးကို ရှုပ်ထွေး၊ ခက်ခဲတဲ့ အခြေအနေပါ..။ အသင်းက အားကစားဆိုင်ရာ သိပ္ပံပညာရှင်တွေ (sport scientists)၊ အသင်းဆရာဝန်တွေနဲ့ တိုင်ပင်ကြည့်ပါသေးတယ်..။ ဘာအဖြေမှ မရခဲ့ပါဘူး..။
စတက်ဖန် ဖရောင်းဒ် - ကစားသမားအားလုံးကို ပျော်ရွှင်နေအောင် ဘယ်လိုစီမံ ခန့်ခွဲခဲ့လဲ..? ပြောပြနိုင်မလား..။ ဒီနေ့ပွဲမှာ ခင်ဗျားတို့အသင်းက လူငယ်ကစားသမားတွေရဲ့ တစ်ဦးချင်းခြေစွမ်းဟာ အရမ်းကိုကောင်းမွန်လှပါတယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ တိုက်စစ် (၄) ယောက်ကို ဘယ်လိုရွေးချယ်ခဲ့လဲ..? ဒီနေ့ပွဲခြေစွမ်းအပေါ် မူတည်ပြီး လာမယ့်ပဲလေ့စ်အသင်းနဲ့ပွဲမှာ ဘယ်လိုသက်ရောက်မှု ရှိနိင်မလဲဗျ..? ဘာဖြစ်လို့လည်းဆိုတော့ ဒီနေ့ပွဲမှာ ကစားသွားတဲ့ တိုက်စစ်ကစားသမားအားလုံး ခြေစွမ်းပြသွားတာကြောင့် ခင်ဗျားအနေနဲ့ ဆုံးဖြတ်ရတာ ခက်ခဲပါလိမ့်မယ်..။
အင်ဇို မာရက်စ်ကာ - No.. No.. သူတို့အားလုံး ပျော်ရွှင်နေကြတယ်.. လို့ ကျွန်တော်မထင်ပါဘူး..။ No.. No.. ကစားခွင့်မရရင် အဲဒီကစားသမား ပျော်ရွှင်မှာ မဟုတ်ဘူးလေ.. ခင်ဗျားတို့လည်း သိပါတယ်..။ ဒါပေမယ့် သူတို့အားလုံးဟာ ခြေစွမ်းထက်မြက်ကြတဲ့ ကစားသမားတွေ ဖြစ်ကြတယ်..၊ အသင်းမှာ သူတို့လိုခြေစွမ်းရှိတဲ့ ကစားသမား (၂၃)၊ (၂၄) ယောက် ရှိနေပါတယ်..။ ဒါ့ကြောင့်အလှည့်ကျ ကစားတာကို လက်ခံနိုင်ရမယ်ဆိုတာ နားလည်ထားဖို့ လိုအပ်ပါလိမ့်မယ်..။
အဲလက်စ် အယ်လ်ဂျိုး - အင်ဇို ရေ.. လီဗိုင်း ကိုဝဲလ် ရဲ့ သတင်းကိုကြားရတာ တကယ့်ကို စိတ်ထိခိုက်ရပါတယ်..။ အခုဆိုရင် နောက်တန်းခံစစ်ကြောင်းကို အားဖြည့်ဖို့ ဦးစားပေး စဉ်းစားရပြီလား..? ဒါမှမဟုတ် ဒီနေ့ပွဲမှာ အသင်းက ခံစစ်ကစားသမားတွေရဲ့ ခြေစွမ်းဟာ ရှေ့ဆက်ဖို့ လုံလောက်တယ်လို့ ယူဆနိုင်ပြီလာ..?
အင်ဇို မာရက်စ်ကာ - ခံစစ်ကြောင်း အားဖြည့်ဖို့ဟာ ကျွန်တော့်အတွက် ပထမဦးစားပေး အစီအစဉ် ဖြစ်လာပါပြီ..။ ဘာဖြစ်လို့လည်းဆိုတော့ လီဗိုင်း ဟာ တကယ့်ထိပ်တန်း ကစားသမားကောင်း တစ်ယောက် ဖြစ်သလို မနှစ်ကရာသီမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေမှာ သူ့ရဲ့အခန်းကဏ္ဍဟာ အရေးပါခဲ့ပါတယ်..။ ကျွန်တော်လည်း သူ့ကိုအရမ်းနှစ်သက်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ အားလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ပြောလို့ရပါတယ်..။ အသင်းသားတွေကလည်း အဲဒီကို အသိအမှတ် ပြုကြပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ အဲဒီအခက်အခဲကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေသွားရမှာပါ..။
အဲလက်စ် အယ်လ်ဂျိုး - အပြောင်းအရွှေ့ရာသီ မပိတ်သိမ်းခင် နောက်ခံလူတစ်ယောက် အားဖြည့်ဖို့ရှိလား..?
အင်ဇို မာရက်စ်ကာ - စောင့်ကြည့်ကြတာပေါ့ဗျာ…။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - နောက်ထပ်တစ်ခု ထပ်မေးချင်လို့ပါ..။ ဒီနေ့ပွဲမှာ အားလုံးက ကိုးလ်ပါးမား၊ အက်စ်တီဗာအို၊ ကိုင်ဆီဒို တို့အကြောင်းကိုပဲ ပြောနေကြပါတယ်…။ ဒါပေမယ့် ကျွန်တော်ကတော့ ‘ဒါရီယို အက်ဆူဂို’ ကို အတော်လေး မျက်စိကျမိနေပါတယ်..။ ခင်ဗျားလည်း ကွင်းလယ် ကစားသမား.. ဆိုတော့ သူ့ရဲ့ခြေစွမ်းအပေါ် ခင်ဗျားရဲ့အမြင်ကို ပြောပြပါဦး..
အင်ဇို မာရက်စ်ကာ - ဂျင်မီ… သူတို့တွေဟာ ငါ့ထက်ပို ပြေးလွှားနိုင်ပြီး လုပ်အားနှုန်း ပိုကောင်းတာ အမှန်ပဲဗျ.. ဟားဟား..။ ဒါရီယို က အခုမှ အသက် (၁၉) နှစ်၊ (၂၀) နှစ်ပဲ ရှိပါသေးတယ်..။ သူ့ကိုခေါ်ယူခဲ့တဲ့ ရည်ရွယ်ချက်က မွိုက်စ် ကိုင်ဆီဒို၊ ရိုမီယို လာဗီးယား တို့ကို တစ်ချို့ပွဲတွေမှာ အနားပေးနိုင်ဖို့ ဖြစ်ပါတယ်..။ ဒီနေ့ပွဲမှာ သူ့ရဲ့ခြေစွမ်း သိပ်ကိုကောင်းပါတယ်..။ ဒါပေမယ့် အသင်းရဲ့ကစားပုံကို အခုထက်ပိုပြီး နားလည်ဖို့ လိုအပ်နေပါသေးတယ်..။ သူ့ရဲ့ off the ball ကစားပုံနဲ့ လုပ်အားနှုန်းက အဆင်ပြေပါတယ်..။ on the ball မှာ အခုထက်ပိုပြီး နားလည်မှု ကောင်းဖို့ လိုပါသေးတယ်..။
အဲလက်စ် အယ်လ်ဂျိုး - ဂျင်မီ ရေ… ဂျေမီ ဂိုင်တန်စ် ကိုလည်း သဘောကျတဲ့အကြောင်း ရှင်ပြောခဲ့သေးတယ်နော်..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - သူဟာပရိသတ်တွေ သဘောကျတဲ့ ကစားသမား ဖြစ်လာဦးမှာပဲဗျ..။ သူ့ရဲ့ပြေးနှုန်း၊ လျှင်မြန်မှုနဲ့ တောင်ပံကနေ တစ်ဦးချင်းကျော်ဖြတ် (1 vs 1) ထိုးဖောက်မှုတွေ ကောင်းမွန်သလို တစ်ဦးချင်း ကျွမ်းကျင်မှုကလည်း စိတ်လှုပ်ရှားစရာပဲ..။ တောင်ပံကနေ ဆွဲဝင်တယ်..၊ ဂိုးကန်သွင်းဖို့ ကြိုးစားခဲ့ပါတယ်..။ ကျွန်တော်တို့ပရိသတ်တွေဟာ အဲဒီလိုတောင်ပံ ကစားသမားတွေကို သဘောကျပါတယ်..။ ဒါပေမယ့် သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေ ပိုကောင်းဖို့ လိုအပ်ဦးမယ်ဗျ..။ ကြည့်ရတာ ခဏလေးနဲ့ ကျသွားသလိုပဲ..
စတက်ဖန် ဖရောင်းဒ် - Good point..! ပွဲပြီးခါနီးမှာ သူ့ကိုကြည့်ရတာ မောပန်းနေသလိုပဲ..။ သူ့ရဲ့ကြံ့ခိုင်မှု အခြေအနေကြောင့် ပွဲအစမှာ ပါဝင်ခွင့်မရတာလည်း ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် လူစားဝင်လာပြီး (၁၀) မိနစ်အတွင်း သူ့ရဲ့ထိုးဖောက်မှုတွေဟာ တိုင်ရစ်ခ် ဂျော့ချ် ထက်ပိုပြီး လေဗာကူဆင် အသင်းရဲ့ ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူဟာ နည်းပြအားကိုးရမယ့် တိုက်စစ်လမ်းကြောင်းတစ်ခု ဖြစ်လာမှာပါ..။
နောက်ပြီးဒေါ့မွန်မှာတုန်းက သူဟာတစ်ဦးချင်းကျော်ဖြတ်ပြေးမယ်..၊ ဂိုးကန်သွင်းမယ်.. အဲဒီအတိုင်း တသတ်မှတ်တည်း ကစားလာခဲ့တာပါ..။ အခုဒီနေ့ပွဲမှာတော့ လိုအပ်တဲ့အချိန်မှာ အသင်းဖော်တွေနဲ့ တွဲဖက်ကစားတာ..၊ အချိန်ကိုက် ဘောလုံးပေးပို့နိုင်တာတွေ တွေ့လာရပါတယ်..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - သူ့ရဲ့ဘောလုံးကျွမ်းကျင်မှုနဲ့ တစ်ဦးချင်း ကျော်ဖြတ်နိုင်မှုတွေဟာ ပရီးမီးယားလိဂ်မှာ ပြဿနာမရှိနိုင်ပါဘူး..။ ဘယ်အချိန် ဆွဲပြေးရမယ်..၊ ဘယ်အချိန် ဘောလုံးပေးပို့ရမယ်..၊ ကန်သွင်းရမယ်.. စတဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့ပဲ လိုအပ်တာပါ..။ ကိုယ့်ရဲ့ရှေ့မှာ (၃) ယောက်လောက် ပိတ်ဆို့တားပြီဆိုရင် ခေါင်းကြီးငုံ့ပြီး ဇွတ်အတင်း ဆွဲပြေးနေမယ့်အစား ဘောလုံးပေးလိုက်ပေါ့ဗျာ..။ အထူးသဖြင့် တိုက်စစ်ဇုန်… ပင်နယ်တီဧရိယာထဲမှာ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့ လိုပါတယ်…။
အရေးအကြီးဆုံးက without the ball လှုပ်ရှားမှုတွေ ပိုပြီးကောင်းလာဖို့၊ ကိုယ့်အသင်း ခံစစ်ကစားရချိန်မှာ နေရာယူ မှန်ကန်နေဖို့ ဖြစ်ပါတယ်..။ pressing လုပ်တဲ့အခါမှာ အသင်းဖော်တွေနဲ့ စည်းချက်ညီနေဖို့.. ခံစစ်ပိုင်းကို ဆင်းပြီးကူညီဖို့… လိုအပ်နေပါသေးတယ်…။ သူ့ရဲ့ကြံ့ခိုင်မှုပိုပြီး တိုးတက်လာမယ်ဆိုရင် အသင်းအတွက် တကယ့်အားကိုးရတဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာပါ..။
အဲလက်စ် အယ်လ်ဂျိုး - ဟုတ်ကဲ့ပါရှင့်..။ ဒီနေ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်း ပရိသတ်တွေကို စိတ်လှုပ်ရှားမှု အပေးနိုင်ခဲ့ဆုံး ကစားသမားကတော့ အသင်းနဲ့စတင် ပွဲထွက်ခွင့်ရခဲ့တဲ့ ဘရာဇီးလ် တောင်ပံ ကစားသမား အက်စ်တီဗာအို ပဲ ဖြစ်ခဲ့ပါတယ်..။ သူဟာအခုပွဲထွက်မှာပဲ အသင်းရဲ့အဖွင့်ဂိုး..၊ သူ့အတွက် ချယ်လ်ဆီးအသင်းနဲ့ ပထမဦးဆုံးဂိုးကို ပွဲချိန် (၁၇) မိနစ်မှာပဲ သွင်းယူပေးနိုင်ခဲ့ပါတယ်..။ ကိုးလ် ပါးမား ရဲ့ ကန်သွင်းချက် ဂိုးဘားတန်းထိပြီး ပြန်ကျလာတာကို မနားတမ်း ပိတ်သွင်းခဲ့တာဖြစ်ပြီး အရမ်းတော့ လွယ်ကူလှတဲ့ဂိုး မဟုတ်ခဲ့ဘူးမလား..? ဂျင်မီ ရေ…
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - မှန်ပါတယ်..။ အရမ်းကြီးလွယ်ကူလှတဲ့သွင်းဂိုး မဟုတ်ခဲ့ပါဘူး..။ သူဟာအချိန်ကိုက်၊ နေရာကိုက် အတိအကျ ရောက်ရှိခဲ့ပြီး ဂိုးဘားတန်းထိပြီး ပြန်ကျလာတဲ့ ဘောလုံးကို နောက်ခံလူတွေနဲ့ ဂိုးသမား ဖျက်ထုတ်လို့မမှီအောင် ကန်သွင်းခဲ့ပါတယ်..။ ဒီကောင်လေးဟာ သူများနဲ့မတူ.. ထူးခြားတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။ နောင်တစ်ချိန်မှာ ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမား တစ်ယောက် ဖြစ်လာမှာပါ..။
စတက်ဖန် ဖရောင်းဒ် - သူတို့လို ပင်ကိုယ်ပါရမီ ထူးခြား၊ ကောင်းမွန်ပြီး ရှိသင့်တဲ့အဆင့်ထက် ပိုပြီးရှေ့ပြေးနေတဲ့ လူငယ်ကစားသမားလေးတွေကို ကိုင်တွယ်ရတာ မလွယ်ကူပါဘူး..။ မနက်ဖြန်မနက်ဆိုရင် အိပ်ယာကနိးတာနဲ့ ‘ငါဟာပဲလေ့စ်နဲ့ပွဲမှာ ပါဝင်ခွင့်ရဖို့ အလားအလာများနေပြီ..။ ငါဟာပွဲထွက် (၁၁) ယောက်မှာ အခိုင်အမာ နေရာရဖို့ အလားအလာများနေပြီ..’ စသဖြင့် တွေးတောရင်း ယုံကြည်ချက်တွေ အရမ်းကိုမြင့်မားနေမှာပါ…။ ကျွန်တော်ဆိုရင် အဲဒီလိုယုံကြည်မှုတွေ အရမ်းမြင့်မားနေတဲ့ သူတို့လို ကစားသမားတွေနဲ့ ရင်မဆိုင်ချင်ပါဘူး.. ဟားဟား..။ ဒီကောင်လေး.. အက်စ်တီဗာအို ဟာ သိပ်ကိုလျှင်မြန်လွန်းတယ်ဗျ..။ ဂျင်မီ ပြောတာ မှန်တယ်.. သူဟာတစ်ချိန်ကျရင် ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာမှာပါ..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - မန်နေဂျာတွေက ကစားသမားတွေရဲ့ အသက်အရွယ်ကို သိပ်မကြည့်ပါဘူး..။ အသက်ဘယ်လောက်ငယ်ငယ်.. သူဟာအသင်းမှာ ပါဝင်ခွင့်ရဖို့ လုံလောက်တဲ့ ခြေစွမ်းရှိရင်၊ အသင်းရဲ့နိုင်ပွဲရဖို့ ကူညီပေးနိုင်မယ်ဆိုရင် ကစားခွင့်ရမှာပါပဲ..။ ဒါပေမယ့် သူ့ရဲ့ခံနိုင်ရည်စွမ်း ပွဲကစားခွင့် အရေအတွက်.. စတာတွေကိုတော့ သုံးသပ်ရမှာပေါ့…။
အဲလက်စ် အယ်လ်ဂျိုး - အက်စ်တီဗာအို နဲ့ ကိုးလ် ပါးမား တို့ဟာ ရှင်တို့ချယ်လ်ဆီးအသင်းရဲ့ ကျောရိုး ကစားသမားတွေအဖြစ် နောက်ထပ်နှစ်ပေါင်းများစွာ တွဲဖက်ကစားသွားဖို့ ရှိနိင်တယ်မလား..? ဂျင်မီ ရေ..။ အခုဆိုရင် ခဏလေးပဲ တွဲကစားခဲ့တာတောင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု အတော်ကောင်းနေပါပြီ..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဒါဟာထိပ်တန်း ကစားသမားတွေရဲ့ အင်္ဂါရပ်တစ်ခုပါပဲ..။ သူတို့ဟာ တစ်ယောက်ရဲ့နေရာလွတ်ကို နောက်တစ်ယောက်က ဘယ်လိုရှာဖွေပေးရမလဲ.. ကောင်းကောင်းနားလည် ကြပါတယ်..။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ယုံကြည်မှုရှိနေပုံရသလို သူတို့နှစ်ဦးကြား အပြန်အလှန် ပေးပို့ပြီး တွဲလုံးတွေ ဖန်တီးရတာကိုလည်း နှစ်သက်ကြပုံရပါတယ်..။ သူတို့နှစ်ယောက်ဟာ တကယ့်ကို ထူးခြားတဲ့ ကစားသမား အတွဲအစပ်တစ်ခု ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်..။
နောက်ပြီးသူတို့နှစ်ယောက်စလုံးဟာ အကြောက်အလန့်မရှိ.. ရဲရဲဝံ့ဝံ့နဲ့ လွတ်လွတ်လပ်လပ် ကစားကြတဲ့သူတွေ ဖြစ်ကြပါတယ်..။ လူငယ်ကစားသမားတွေပီပီ အမှားအယွင်းတွေ ကျူးလွန်မိမှာလည်း မစိုးရိမ်ကြပါဘူး..။ အခုအတိုင်း နောက်ထပ်နှစ်ပေါင်းအကြာကြီး ကစားနိုင်ကြပါစေ.. လို့ မျှော်လင့်မိတာပဲဗျ..။
အဲလက်စ် အယ်လ်ဂျိုး - ဒီနေ့ပွဲကို ဘရာဇီးလ်နိုင်ငံကနေ ပေါက်ဖွားလာတဲ့ ပါရမီရှင် လူငယ် ကစားသမားတွေက အဆုံးအဖြတ်ပေးသွားတာ.. လို့ ပြောရမှာပါ..။ ဒုတိယဂိုးကို တိုက်စစ်မှူး ဂျာအို ပီဒရို က ပွဲပြီးခါနီးမှာ သွင်းယူပေးခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့ သူ့ရဲ့ဂိုးသွင်းမှတ်တမ်းကောင်းတွေ၊ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲက ခြေစွမ်းကောင်းတွေကို ဆက်လက် သယ်ဆောင်နိုင်ခဲ့ပါတယ်..။ ပွဲချိန်မိနစ် (၉၀) မှာ သွင်းယူပေးခဲ့တဲ့ အဲဒီဂိုးဟာ တကယ့်ကိုလှပခဲ့တဲ့ အသင်းလိုက်တွဲလုံး၊ ရွှေ့လျားမှုတွေကနေ ရရှိခဲ့တာ မဟုတ်လားရှင့်..
စတက်ဖန် ဖရောင်းဒ် - မှန်ပါတယ်..။ သူတို့ဟာ လေဗာကူဆင်အသင်းရဲ့ ခြေထဲကနေ ဘောလုံးပြန်ရတာနဲ့ ဂျာမန်အသင်းရဲ့ ဖိအားပေး ကစားမှု (pressing) ကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ လေဗာကူဆင်အသင်းရဲ့ pressing ကစားပုံ မကောင်းခဲ့ဘူးဗျ..။ ဒါမှမဟုတ် ပွဲပြီးခါနီး လူငယ်ကစားသမားတွေ ထည့်ပြီးကစားတာကြောင့် ပိုပြီးအားနည်းသွားရတာလည်း ဖြစ်နိုင်ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့ပွဲခြေစွမ်းဟာ ဒုတိယဂိုးတောင် မကဘူး.. တတိယဂိုး..၊ စတုတ္ထဂိုးတွေနဲ့ပါ ထိုက်တန်ခဲ့ပါတယ်..။ လေဗာကူဆင်အသင်းဟာ ဒီနေ့ပွဲမှာ with the ball မှာရော၊ without the ball မှာပါ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဂျာအို ပီဒရို ဟာ တကယ့်ပင်ကိုယ် အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူး (natural finisher) ဖြစ်ပါတယ်..။ အရမ်းကိုတည်ငြိမ်၊ အေးဆေးတယ်..၊ သူ့ဆီကိုဘောလုံးရတာနဲ့ ကန်သွင်းခွင့်ရအောင် ဖန်တီးယူခဲ့တာဗျ..။ နောက်ပြီးသူ့ရဲ့ကန်ချက်ဟာ အပြင်းစားကန်ချက် မဟုတ်ပေမယ့် ဂိုးထောင့်ထဲကို ဂိုးသမားလက်လှမ်းမမှီနိုင်မယ့် ပြင်းအားနဲ့ အတိအကျ ကန်သွင်း၊ ရယူခဲ့တာပါ..။ အဲဒီလိုကန်ချက်မျိုးကို ဘယ်ဂိုးသမားကမှ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး..။
အဲလက်စ် အယ်လ်ဂျိုး - ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့ပွဲအတွက် ကစားသမားစာရင်းမှာ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ပါဝင်မလာခဲ့ပါဘူး..။ ဒီနေ့ပွဲမှာ ရှင်တို့မြင်ရသလောက်ဆိုရင် အသင်းမှာ သူ့အတွက် အနာဂတ်ရော ရှိနေသေးရဲ့လား..?
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အသင်းမှာ တိုက်စစ်မှူး (၃) ယောက်လောက်တော့ ရှိသင့်ပါတယ်.။ ဒါပေမယ့် သူတို့တွေရဲ့အနာဂတ်ဟာ အသင်းအပေါ်မှာပဲ မူတည်မှာပါ..။ တကယ်လို့ သူ့အတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး ရရှိခဲ့မယ်ဆိုရင် အသင်းဘက်က ရောင်းချဖို့ ဆုံးဖြတ်သွားပါလိမ့်မယ်..။
စတက်ဖန် ဖရောင်းဒ် - ခရစ္စတိုဖာ အန်ကွန်းကူ ကိုလည်း ထည့်ပြောရပါမယ်..။ ချယ်လ်ဆီးကို မရောက်ခင်တုန်းက သူဟာဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက် ဖြစ်ခဲ့ပေမယ့် ဘယ်လိုအကြောင်းကြောင့် ချယ်လ်ဆီးမှာ အဆင်မပြေခဲ့တာလဲ. ကျွန်တော်မပြောတတ်ဘူးဗျ..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ကိုးလ် ပါးမား ကြောင့် ဖြစ်ပါလိမ့်မယ်..။
စတက်ဖန် ဖရောင်းဒ် - ဒါပေါ့..။ ဒါပေမယ့် ပါးမား နဲ့ အန်ကွန်းကူ ကို တွဲကစားလို့လည်း ဖြစ်နိုင်တာပဲ..။ အန်ကွန်းကူ ကို ဘယ်တောင်ပံကနေ အတွင်းဘက်ကို ချိုးဝင်တဲ့ တိုက်စစ်မှူး (inside forward) အဖြစ်လည်း ကစားလို့ ရတာပဲလေ..။ သူဟာတိုက်စစ်မှူးရော.. နောက်ချန်တိုက်စစ်မှူးအဖြစ်နဲ့ပါ ကစားနိုင်တဲ့သူပါ..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အန်ကွန်းကူ ဟာ ပါးမား နဲ့ တွဲကစားရတဲ့ပွဲတိုင်း ခြေမပေါ်ခဲ့ဘူးဗျ..။ အဓိကအကြောင်းက ယုံကြည်မှု ပျောက်ဆုံးသွားတာ ဖြစ်ပါလိမ့်မယ်..။ အန်ကွန်းကူ က နီကိုလပ်စ် ဂျက်ဆင် နဲ့ မတူဘူးဗျ.။ သူကတော့ ချယ်လ်ဆီးကနေထွက်ပြီး နေရာသစ်မှာ ပြန်ပြီးအသစ်ကနေစတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်..။
အဲလက်စ် အယ်လ်ဂျိုး - ချယ်လ်ဆီးအသင်းဟာ အလီဂျန်ဒရို ဂါနာချို၊ ဇာဗီ ဆီမွန်စ် တို့ကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားနေတယ်.. ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ဗဟိုနောက်ခံလူ တစ်ယောက်ကို ဦးစားပေး ခေါ်ယူသင့်တယ်.. လို့ မထင်မိဘူးလား..? အင်ဇို မာရက်စ်ကာ ကို ကျွန်မတို့ မေးကြည့်ပေမယ့် ‘စောင့်ကြည့်တာပေါ့..’ လို့ပဲ ဖြေသွားခဲ့တယ်နော်..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - သူ့ဘက်ကနေ စကားအများကြီး မကျွံသွားချင်လို့ ဖြစ်မှာပါ..။ ဒါပေမယ့် ဗဟိုခံစစ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ကစားနိုင်မယ့် ဘယ်ခြေအားသန် ဗဟိုခံစစ်မှူးတစ်ယောက်တော့ သူလိုချင်ပါလိမ့်မယ်..။ လီဗိုင်း ကိုဝဲလ် ကာလရှည်ဒဏ်ရာ ရသွားတာဟာ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်..။ သူဟာခံစစ်ပိုင်း ကာကွယ်မှု ကောင်းမွန်ရုံသာမက အသင်းမှာ ခေါင်းဆောင်မှုပေးနိုင်တဲ့ ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်နေပါတယ်..။
ဒီနေ့ပွဲမှာ ကစားသမားသစ် ဂျိုရယ်လ် ဟာတို လူစားဝင်လာပြီး ဘယ်နောက်ခံလူအဖြစ်နဲ့ ကွင်းလယ်မှာပါ ဝင်ကစားပေးခဲ့ပါတယ်..။ သူ့ရဲ့ခြေစွမ်း ကောင်းမွန်ခဲ့ပေမယ့် အင်္ဂလိပ်အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘယ်လိုဖြစ်လာမလဲ.. စောင့်ကြည့်ချင်ပါသေးတယ်..။ သူလည်းပဲ အင်္ဂလန်ကပွဲတွေနဲ့ အသားကျဖို့ အချိန်ယူရဦးမယ်လို့ ထင်မိတာပဲ..။ ကျွန်တော်ကတော့ သူ့အပေါ် အထူးမျှော်လင့်ထားပါတယ်..။