feature-image

အင်္ဂါနေ့ ဘောလုံးစကားဝိုင်း (ချယ်လ်ဆီး vs ဘင်ဖီကာ)

ချန်ပီယံလိဂ်ပြိုင်ပွဲ၊ League Phase ပွဲစဉ် (၂) အဖြစ် ချယ်လ်ဆီးအသင်းနှင့် ဘင်ဖီကာအသင်းတို့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ  ချယ်လ်ဆီးအသင်းက ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည် ..။ အဆိုပါပွဲစဉ်မှ အရေးပါသော ဖြစ်ရပ်များ၊ ချယ်လ်ဆီးအသင်း၏ အနိုင်ဂိုးနှင့် ပီဒရို နက်တို၊ မွိုက်စ် ကိုင်ဆီဒို တို့၏ခြေစွမ်းအပေါ် ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျိုး ကိုးလ် နှင့် မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ် ကစားသမားဟောင်း အိုဝင် ဟားဂရိဗ် တို့က TNT Sports သတင်းဌာန၏ ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ပြောကြားခဲ့ပါသည်..။

လော်ရာ ဝုဒ် - ဂျိုး ရေ… ရှင်တို့အသင်းရဲ့ ဒီနေ့ပွဲရလဒ်ဟာ အရင်အပါတ်တုန်းက အရှုံးရလဒ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တယ်လို့ ပြောရမှာပါပဲ..။ မထူးသဖြင့် အနိုင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ပီဒရို နက်တို ရဲ့ခြေစွမ်းဟာ ကျေနပ်အားရဖို့ကောင်းတယ်.. လို့ မထင်မိဘူးလားရှင့်..? 

ဂျိုး ကိုးလ် - သေချာတာပေါ့..။ သူဟာ ဒီနေ့ပွဲမှာအရမ်းကို တောက်ပခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်…။ ပြောရမယ်ဆိုရင် လက်ရှီအသင်းမှာ ခြေစွမ်းကို တည်တည်ငြိမ်ငြိမ်နဲ့ တသမတ်တည်း ထိန်းထားနိုင်တဲ့ (consistent) ရှားရှားပါးပါး ကစားသမားတွေထဲမှာ ပါဝင်ပါတယ်..။ လျှင်မြန်မှုနဲ့ လုပ်အားနှုန်း ကောင်းမွန်ပြီး ဘယ်၊ ညာတောင်ပံတစ်လျှောက် အတက်အဆင်းလုပ်ပြီး ထိုးဖောက်နိုင်စွမ်းရှိသူ ဖြစ်ပါတယ်..။ ဒါ့ကြောင့်လည်း အပြာရောင်ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဘဝကို မြန်မြန်ဆန်ဆန် ရောက်ရှိလာခဲ့တာပါ..။

ဒါ့အပြင် ဒီနေ့ပွဲရဲ့ အဆုံးအဖြတ်ပေးပို့မှုလို့ ပြောရမယ့် ဘယ်တောင်ပံကနေ ပြေးဝင်လာတဲ့ ဂါနာချို ရဲ့ ပြေးလမ်းကြောင်းထဲကို အတိအကျ ရောက်ရှိသွားအောင် သူ့ရဲ့ပေးပို့မှုဟာ တကယ့်ကို သပ်ရပ်၊ လှပပါတယ်..။ ဒါတောင်ဒီနေ့ပွဲခြေစွမ်းဟာ သူ့ရဲ့အကောင်းဆုံးခြေစွမ်း မဟုတ်ပါဘူး..။ ဒီထက်ပိုပြီးကောင်းတဲ့ ခြေစွမ်းတွေကို ကျွန်တော်တို့ မကြာခဏ မြင်တွေ့ခဲ့ဖူးပါတယ်..။



အရေးအကြီးဆုံးကတော့ ‘ရလဒ်’ ပေါ့ဗျာ..။ ကျွန်တော်တို့အသင်းဟာ လိုချင်တဲ့ရလဒ်နဲ့ သုံးမှတ်အပြည့်ရဖို့ ဖြစ်ပါတယ်..။ ဒါ့အပြင်လာမယ့်စနေနေ့မှာ အမှတ်ပေးဇယား ထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲရှိနေတဲ့အတွက် ဒီနေ့ပွဲရလဒ်ဟာ အသင်းအတွက် ယုံကြည်မှုကို ပိုပြီးတိုးပွားလာစေမှာ အမှန်ပဲဗျ..။

လော်ရာ ဝုဒ် - ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့ပွဲမှာ ပွဲထွက်လာခဲ့တဲ့ ကစားသမားတွေရဲ့ ပျမ်းမျှအသက်ဟာ အသင်းရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲထွက်ခဲ့တဲ့မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်ရှင့်..။ အခုလိုလူငယ်တွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် အတွေ့အကြုံတွေ၊ သင်ယူစရာတွေ ရရှိခဲ့ကြပါလိမ့်မယ်..

အိုဝင် ဟားဂရိဗ် - Yeah..! မှန်ပါတယ်..။ တကယ်တမ်းဆိုရင် ဒုတိယပိုင်းမှာ ကစားသွားခဲ့တဲ့ ကစားသမားတွေရဲ့ ပျမ်းမျှအသက်ဟာ ပိုပြီးတော့ ငယ်ပါလိမ့်မယ်..။ ဒါ့ကြောင့်အခုလိုလူငယ်လေးတွေနဲ့ အနိုင်ရလဒ်ကို ထိန်းသိမ်းထားနိုင်ခဲ့တာဟာ ကျေနပ်စရာကောင်းတယ်လို့ ယူဆမိပါတယ်..။ ဟိုဆေး မော်ရင်ဟို ရဲ့ ဘင်ဖီကာအသင်းကလည်း ချယ်လ်ဆီးအသင်းကို သူတင်၊ ကိုယ်တင် ကစားနိုင်ခဲ့သလို ဂိုးရနိုင်မယ့် အခွင့်အရေးတစ်ချို့ ရရှိခဲ့ပါသေးတယ်..။

ပီဒရို နက်တို ကတော့ ဒီနေ့ပွဲမှာ ခြေစွမ်းအပြနိုင်ဆုံး ကစားသမားပါ..။ ဘယ်သူတွေက မာ့စ် ကူကူရယ်လာ ကို ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ပေးခဲ့လဲ.. မပြောတတ်ဘူးဗျ..။ ကျွန်တော်တို့ရဲ့အမြင်မှာ ဒီနေ့ပွဲရဲ့ အတောက်ပဆုံး ကြယ်ပွင့်ကစားသမားဟာ ‘ပီဒရို နက်တို’ ပါ..။ သူ့ကိုသဘောကျမိတဲ့အချက်က ဘောလုံးတွေ အလဟသ ဖြစ်မသွားတာပဲဗျ..။

ဂျိုး ရေ.. ခင်ဗျားတို့ တောင်ပံ ကစားသမားတွေဟာ စွန့်စားမှုတွေ ရယူလေ့ရှိပါတယ်..။ ဒါပေမယ့် သူကတော့ အဲဒီလိုမဟုတ်ဘူးဗျ..။ ဘောလုံးတိုင်းကို တန်ဖိုးထားတယ်..၊ ထိချက်တိုင်း၊ ပေးပို့မှုတိုင်း၊ ဂိုးကန်သွင်းမှုတိုင်းကို အရည်အသွေးကောင်းတဲ့ လုပ်ဆောင်မှုတွေ ဖြစ်လာအောင် ဂရုတစိုက် အမြဲတမ်းကြိုးစားတတ်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်..။ သူဟာခင်ဗျားတို့အသင်းမှာ ခြေစွမ်းကောင်းသလောက် အသိအမှတ်ပြု မခံရတဲ့ (unsung hero) ကစားသမား တစ်ယောက် ဖြစ်နေပါတယ်..။



ဂျိုး ကိုးလ် - နက်တို ဟာ ကိုးလ် ပါးမား ရဲ့ လောင်းရိပ်မိသွားခဲ့တာပါ..။ ဒါ့ကြောင့်သူ့ရဲ့ခြေစွမ်းကို လူတွေကအရမ်းကြီး သတိမမူ မိခဲ့ကြပါဘူး.။ အခုဒီနှစ်ကျတော့လည်း အားလုံးက ‘အက်စ်တီဗာအို’ ဆိုပြီး ဖြစ်နေကြပါတယ်..။ တကယ်တမ်းချယ်လ်ဆီးအသင်းမှာ သူတစ်ယောက်ပဲ ခြေစွမ်းအတည်ငြိမ်ဆုံး ‘Mr. Consistent’ ကစားသမား ဖြစ်ပါတယ်..။ 

လော်ရာ ဝုဒ် - ဂျိုး ရေ.. ရှင်တို့အသင်းဟာ (၃) ပွဲမှာ တတိယမြောက် အနီကတ်ဒ်ပြခံရခြင်း ဖြစ်ခဲ့တာကြောင့် စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာ (disciplinary issue) ရှိနေတယ်လို့ မတင်မိဘူးလား..? 

ဂျိုး ကိုးလ် - ဂျာအို ပီဒရို ဟာ ‘စကတည်းက၊ ယဉ်သကို..’ ဆိုသလို ဝင်ဝင်လာချင်း မကြာခင်မှာ တံတောင်စွမ်းပြခဲ့တာကြောင့် အဝါကတ်ဒ် အပြခံခဲ့ရပါတယ်..။ အနှေးပြကွက်နဲ့ အသေအချာ ပြန်ကြည့်တဲ့အခါ သူ့ရဲ့တံတောင်တွက်ချက်ဟာ နီကိုလပ်စ် အော့တာမန်ဒီ ရဲ့ ပခုံးကိုပဲ ထိခဲ့တာကြောင့် အဲဒီအဝါကတ်ဒ်ဟာ နည်းနည်းတော့ ပြင်းထန်တယ်လို့ ထင်ရပါတယ်..။

ဒါပေမယ့် ဒိုင်လူကြီးရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဘင်ဖီကာ ကစားသမားနဲ့ လေထဲကို ပြိုင်တူခုန်ပြီး တံတောင်နဲ့ တွက်တာလို့ပဲ မြင်မိမှာပဲ..။ အဲဒါပြီးတော့ နောက်ထပ်တစ်ကြိမ် ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့သေးပေမယ့် ကံကောင်းသွားခဲ့ပါတယ်..။ ဂျာအို ပီဒရို ဟာ ပါးနပ်မှုမရှိဘူးလို့ပဲ ကျွန်တော်မြင်မိပါတယ်..။

 
ဒုတိယအဝါကတ်ဒ် ပြခံလိုက်ရတဲ့ ဖျက်ထုတ်မှုဟာ လီယန်ဒရို ဘာရီရို ရဲ့ မျက်နှာကို မကန်မိခဲ့ပေမယ့် ပွဲရဲ့အနေအထားအရ အခုလိုခြေထောက် အမြင့်ကြီးမြှောက်ပြီး ဖျက်ထုတ်လိုက်ရရင် အဝါကတ်ဒ် အပြခံရဖို့ ရာခိုင်နှုန်းများပါတယ်..။ သူတို့လို လူငယ်ကစားသမားတွေအနေနဲ့ ဒီလိုအခိုက်အတန့်တွေကို သင်ခန်းစာယူနိုင်ဖို့ လိုပါတယ်..။ ‘မီး ဆိုတာ ပူတယ်..’ လို့ ပြောကြပေမယ့် ယုံချင်မှယုံကြတာဗျ..။ ကိုယ်တိုင်ကိုင်ကြည့်တော့မှ ပူမှန်းသိတဲ့ အဖြစ်လိုပါပဲ..။ ဒုတိယအဝါကတ်ဒ်အပေါ် ဘာမှပြောစရာမရှိပေမယ့် ပထမအဝါကတ်ဒ်ကတော့ ပြင်းထန်တယ်လို့ မြင်မိတာပဲ..။

ဒါပေမယ့် အခုလိုချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘင်ဖီကာအသင်းက လူအင်အားအသာစီးနဲ့ တိုက်စစ်မြှင့် ကစားလာတာကို တားဆီးနိုင်ခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့တာဟာ ကစားသမားတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပိုမိုမြင့်မားစေမှာ အမှန်ပါပဲ..။ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာရှိနေတာကို လက်ခံပါတယ်..။ ယေဘူယျအားဖြင့် လက်ရှိအသင်းက လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်ပါတယ်..။

လော်ရာ ဝုဒ် - ဟုတ်ကဲ့ပါ.. ပွဲချိန် (၁၈) မိနစ်မှာ ဂါနာချို ရဲ့ ဖြတ်တင်ဘောကနေတဆင့် ရစ်ချက် ရီရော့စ် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ဒီနေ့ပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးအပေါ် ကျွန်မတို့ဆက်ပြီး ဆွေးနွေးကြရအောင်ရှင့်..။

ဂျိုး ကိုးလ် - ပီဒရို နက်တို ဟာ ညာတောင်ပံကနေ ဆွဲတက်လာပြီး အတွင်းဘက်ကို တစ်ချက်ချိုးတယ်..၊ ဘယ်တောင်ပံကနေ ချိန်သားကိုက် ပြေးတက်လာတဲ့ ဂါနာချို ရဲ့ ပြေးလမ်းထဲကို အတိအကျ ခုတ်တင်နိုင်ခဲ့ပါတယ်..။ အခုလိုအဝေးကနေ ပေးပို့မှုတွေမှာ တိကျမှုရှိဖို့နဲ့ ကိုယ်မှန်းထားတဲ့ ဂိုးတိုင်ရဲ့ အနီးဆုံးနေရာကို ပေးပို့နိုင်ဖို့ အရေးကြီးပါတယ်..။ ဂါနာချို ရဲ့ ပြေးထွက်မှုကလည်း အတိအကျ ဖြစ်ခဲ့သလို သူတို့နှစ်ယောက်ကြားမှာ နားလည်မှုကောင်းမွန်ခဲ့တာကြောင့် အခုလိုဂိုးရလာခဲ့တာပါ…။ ရီရော့စ် ကတော့ ကံဆိုးသွားခဲ့တာပေါ့ဗျာ..။ သူလည်းဘာမှမတတ်နိုင်ပါဘူး..။

အိုဝင် ဟားဂရိဗ် - ဂျိုး‌ ရေ.. ခင်ဗျားတို့လို တောင်ပံ ကစားသမားတွေအနေနဲ့ ကိုယ်ကစားနေတဲ့ တောင်ပံရဲ့ ဆန့်ကျင်ဘက်မှာ ပီဒရို နက်တို တို့လို တောင်ပံကစားသမားနဲ့ တွဲကစားချင်မှာပဲဗျ..။ အဲဒီလိုဘောလုံးမျိုးဆိုရင် ကိုယ့်ခြေထောက်နဲ့ ထိမိအောင်သာ အသည်းအသန် ကြိုးစားပြီး အရယူပေး..၊ ကိုယ့်အတွက် အကျိုးရှိမယ်ဆိုတာ  သိပ်ကိုသေချာတာပေါ့..။ ဂါနာချို ကလည်း ထောင့်ကျဉ်းနေတာကြောင့် ဂိုးရှေ့ကိုပြန်ပြီး ချိုးပေးလိုက်တာပါ..။ သူ့ရဲ့ဖြတ်တင်ဘောဟာ အရှိန်ပါတဲ့အတွက် ဘောလုံးလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ရီရော့စ် ဒုက္ခရောက်သွားတာပေါ့ဗျာ..။



လော်ရာ ဝုဒ် - ပီဒရို နက်တို ရဲ့ ခြေစွမ်းအပေါ် ရှင်တို့နှစ်ယောက် တခုတ်တရ ချီးမွမ်းပြီးသွားပြီဆိုတော့ ‘မွိုက်စ် ကိုင်ဆီဒို’ ကိုရော..? ဘယ်လိုမြင်မိလဲရှင့်..?

ဂျိုး ကိုးလ် - ကျွန်တော်နဲ့ အိုဝင် ဟားဂရိဗ် တို့ သုံးသပ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်တိုင်းမှာ ကိုင်ဆီဒို ခြေစွမ်းမပြနိုင်တဲ့ပွဲ တစ်ပွဲမှမရှိပါဘူး..။ သူ့ကိုကြည့်ရတာ ပြိုင်ဘက် ကစားသမားတွေအတွက် ‘ဘောလုံး ခါးပိုက်နှိုက် (pickpocketing the ball)’ တစ်ယောက်လိုပဲ..။ ဘယ်နားကနေ ဘယ်လိုရောက်လာမှန်း မသိပဲ ဘောလုံးတွေ အရယူသွားခဲ့တာပါ..။ အင်္ဂလန်ရဲ့လက်သံအပြောင်ဆုံး ဘောလုံးခါးပိုက်နှိုက် တစ်ယောက်က လန်ဒန်မြို့မှာရှိနေပါတယ်… မြို့တော်ဝန်ကြီး မစ္စတာ ဆာဒစ်ဖ် ခန် ရေ.. ဟားဟား..။ သူဟာဘောလုံး အရယူတဲ့နေရာမှာ သူမတူအောင် ထူးချွန်တဲ့အပြင် ဘောလုံးပေးပို့မှုတွေ (passes) ကလည်း ကောင်းမှကောင်း.. ဗျာ..။

အိုဝင် ဟားဂရိဗ် - ကိုယ့်ရဲ့ခြေထဲ ဘောလုံးမရှိနေတဲ့အချိန် (out of possession) နေရာယူ လှုပ်ရှားမှု၊ ဘောလုံးအရယူ၊ ဖျက်ထုတ်တဲ့အပိုင်းတွေမှာ ကိုင်ဆီဒို ဟာ ‘ကမ္ဘာ့အကောင်းဆုံး’ ထဲက တစ်ယောက်လို့ ပြောလို့ရပါတယ်..။ ဒါ့အပြင် ကိုယ့်ဆီက ဘောလုံးတွေ (in possession) ကိုလည်း သူဟာအမှားအယွင်းမရှိ ပေးပို့နိုင်တဲ့သူ ဖြစ်ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် သူ့ရဲ့ပေးပို့မှုတွေ တစ်ချက်လေးမှာ အမှားအယွင်းမရှိခဲ့ပါဘူး..။ အဲဒီအချက်ကို ကျွန်တော်သဘောအကျဆုံးပဲဗျ…။

ဂျိုး ကိုးလ် - သူ့ရဲ့ကစားပုံကို ကြည့်နေရတာ ကျွန်တော်တို့ ကစားသမားဘဝက ကလော့ဒ် မက်ခလီလီ နဲ့ တွဲဖက် ကစားခဲ့ရတဲ့နေ့တွေကို ပြန်ပြီးအမှတ်ရမိတယ်ဗျာ..။ မွိုက်စ် ကိုင်ဆီဒို ဟာ ကစားသမား နှစ်ယောက်စာတောင် မကဘူး..၊ လေးယောက်စာအတွက် ကစားပေးနေသလား.. ထင်ရပါတယ်..။ တကယ့်ကို ထူးချွန်လှတဲ့ ကစားသမား တစ်ယောက်ပါပဲ..။



လော်ရာ ဝုဒ် - ပီဒရို နက်တို၊ မွိုက်စ် ကိုင်ဆီဒို တို့လို ကစားသမားတွေရှိမှပဲ အင်ဇို ဖာနန်ဒက်စ် ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို မြင်တွေ့ရနိုင်မှာပေါ့ရှင့်..။ မဟုတ်ဘူးလား..?

အိုဝင် ဟားဂရိဗ် - သိပ်မှန်တာပေါ့..။ အင်ဇို ဖာနန်ဒက်စ် တိုက်စစ်ဇုန်မှာ ဘောလုံးပိုပြီး ရရှိနိုင်ဖို့၊ ဂိုးဖန်တီးမှုတွေ၊ သွင်းဂိုးတွေ ပိုပြီးရရှိနိုင်ဖို့ သူတို့တွေရဲ့ အထောက်အပံ့တွေ အများကြီးလိုအပ်ပါတယ်..။ ကျွန်တော်က‌တော့ ခင်ဗျားတို့ချယ်လ်ဆီးအသင်းရဲ့ ‘အင်ဇို ဖာနန်ဒက်စ်၊ မွိုက်စ် ကိုင်ဆီဒို၊ ကိုးလ် ပါးမား’ တို့ ကွင်းလယ်အထိုင်ကို အရမ်းသဘောကျပါတယ်..။ အဲဒီ ‘ရဲသုံးဖော်’ ဟာ လာမယ့်ဆယ်စုနှစ်တစ်ခုစာ သာသာယာယာပါပဲ..။

ဂျိုး ကိုးလ် - ကျွန်တော်တို့အသင်းကို ကလော့ဒ် မက်ခလီလီ ရောက်လာတော့ ဖရန့် လမ်းပတ် က ‘အခုဆိုရင် နောက်ကျောလုံပြီ ဖြစ်တဲ့အတွက် တိုက်စစ်ကို စိတ်ချလက်ချ လိုက်ကစားလို့ရပြီ..’ ကျွန်တော်တို့ကို ပြောပါတယ်..။ ကျွန်တော်လည်း မက်ခလီလီ ကို အရမ်းနှစ်သက်ပါတယ်..။ သူဟာကျွန်တော့်ဆီကို အချိန်မရွေး ဘောလုံးတွေရောက်လာအောင် ပေးပို့နိုင်စွမ်းရှိတဲ့သူ ဖြစ်တာကိုးဗျ..။ မက်ခလီလီ ဟာ ကျွန်တော်တို့အသင်းကို တစ်ဆင့်မြင့်သွားအောင် ထိန်းညှိပေးခဲ့သူပါ..။ မွိုက်စ် ကိုင်ဆီဒို  လည်း အလားတူ ကစားသမားမျိုး ဖြစ်ပါတယ်..။

လော်ရာဝုဒ် - ပွဲပြီးတဲ့အချိန်မှာ နည်းပြအင်ဇို မာရက်စ်ကာ သုံးပွဲဆက်တိုက် အနီကတ်ဒ်ပြခံခဲ့ရပေမယ့် အသင်းဟာ တိုးတက်လာပါတယ်.. ဆိုပြီး အကောင်းမြင်ရှုထောင့်ကနေ ဖြေကြားသွားပါတယ်..။ ပြီးခဲ့တဲ့ပွဲ ရလဒ်တွေကြောင့် ရှင်တို့အသင်းဟာ အခုလိုရလဒ်ကောင်းတွေနဲ့ ယုံကြည်မှုတိုးပွားလာဖို့ လိုအပ်နေတဲ့အချိန်လို့ ပြောရမှာပဲ.. ဂျိုး ရေ..

ဂျိူး ကိုးလ် - ဂျာအို ပီဒရို ရဲ့ အဝါကတ်ဒ်တွေဟာ နည်းနည်းတော့ ပြင်းထန်ခဲ့တယ်.. ဆိုတဲ့ သူ့ရဲ့အမြင်ကို ကျွန်တော်လက်ခံပါတယ်..။ ဒါပေမယ့် အခုပွဲကို အနိင်ရခဲ့တာကြောင့် လာမယ့်စနေနေ့၊ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်အတွက် ယုံကြည်မှုပိုပြီး ရရှိသွားစေမှာ အသေအချာပါပဲ..။



အိုဝင် ဟားဂရိဗ် - ဘိုင်ယန် မြူးနစ်အသင်းနဲ့ပွဲနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အသင်းဟာ ပိုပြီးတိုးတက်လာပါတယ်..။ ပြီးရင်လာမယ့်စနေနေ့ကျရင် လီဗာပူးလ်အသင်းနဲ့ ပွဲကြီးပွဲကောင်း ယှဉ်ပြိုင်ဖို့လည်း ရှိနေတာကြောင့် အင်ဇို မာရက်စ်ကာ အနေနဲ့ အခုလိုအနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့တာကို ကျေနပ်သင့်ပါတယ်..။ အထူးသဖြင့် အသင်းရဲ့ဂန္ထဝင်နည်းပြ ဟိုဆေး မော်ရင်ဟို ရဲ့ စတန်းဖို့ဒ် ဘရစ်ချ် အပြန်ခရီးကို လူငယ်လေးတွေနဲ့ အကောင်းဆုံး ဧည့်ခံပေးနိုင်ခဲ့တာ ဂုဏ်ယူစရာပါ..။

လော်ရာ ဝုဒ် - မှန်ပါတယ်..။ အခုအချိန်မှာ နည်းပြကြီးအင်ဇို မာရက်စ်ကာ နဲ့ ချယ်လ်ဆီးအသင်းဟာ ကစားသမား အတော်များများ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေခဲ့ရတာကြောင့် ခက်ခဲတဲ့ကာလကို ရလဒ်ကောင်းတစ်ခုနဲ့ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်တဲ့အပေါ် သူတို့ကိုချီးကျူး၊ ဂုဏ်ပြုသင့်ပါတယ်..။ အထူးသဖြင့်အခုလို စတန်းဖို့ဒ် ဘရစ်ချ်ရဲ့ ချန်ပီယံလိဂ်ညချမ်းတွေမှာ ကိုးလ် ပါးမား ရဲ့ မှော်ဆန်တဲ့ခြေစွမ်းတွေကို ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ လွမ်းဆွတ်နေမှာ ဖြစ်တဲ့အကြောင်း ပြောကြားရင်းနဲ့ ကျွန်မတို့ရဲ့ စကားဝိုင်းကို အဆုံးသတ်လိုက်ရအောင်ရှင့်..