feature-image

စနေနေ့ ဘောလုံးစကားဝိုင်း (ချယ်လ်ဆီး vs လီဗာပူးလ်)

ပရီးမီးယားလိဂ်ပွဲစဉ် (၇) အဖြစ် ချယ်လ်ဆီးအသင်းက လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းအား ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ခြေစွမ်း၊ မွိုက်စ် ကိုင်ဆီဒို နှင့် အက်စ်တီဗာအို တို့၏ သွင်းဂိုးများ၊ နည်းပြအင်ဇို မာရက်စ်ကာ ၏ နည်းစနစ်ပိုင်း အပြောင်းအလဲများနှင့်ရင်ဆိုင်နေရသည့် ဒဏ်ရာပြဿနာအပေါ် လီဗာပူးလ် ကွင်းလယ် ကစားသမား ဂျေမီ ရက်ဒ်နပ် နှင့် လီဗာပူးလ်အသင်းနှင့် ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဒယ်နီရယ် စတားရစ်ချ် တို့က Sky Sports သတင်းဌာန၏ Saturday Night Football စကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ပြောကြားခဲ့ပါသည်..။

ကယ်လီ ကိတ် - ဒီနေ့မှာတော့ ချယ်လ်ဆီးအသင်းဟာ ဘရာဇီးလ် လူငယ်တောင်ပံ ကစားသမား အက်စ်တီဗာအို ရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့အတူ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းလှတဲ့ အနိုင်ပွဲတစ်ပွဲ ဆောင်ယူနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် နည်းပြအင်ဇို မာရက်စ်ကာ အနေနဲ့ အရင်အပါတ်တွေမှာ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့တာကြောင့် နိုင်ပွဲရရှိဖို့ အရမ်းလိုအပ်နေတဲ့အချိန်လည်း ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူတို့ဟာ ဘယ်လိုနည်းနဲ့ အနိုင်ပွဲရရှိအောင် ကျားကုတ်ကျားခဲ ကြိုးစားသွားခဲ့ကြလဲ… သုံးသပ်ပေးပါဦးလား..?

ဒယ်နီရယ် စတားရစ်ချ် - Ohh..! ချယ်လ်ဆီးအသင်း ပရိသတ်တွေအတွက် တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းလှသလို အံ့ဩဖို့ကောင်းတဲ့ နိုင်ပွဲတစ်ပွဲလို့ ပြောရမှာပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ ပွဲစခင်မှာ အသင်းရဲ့ခံစစ်ကြောင်းအပေါ် အနည်းနဲ့အများ စိုးရိမ်စိတ်တွေ ရှိခဲ့ကြတာကိုး..။ ဒါပေမယ့် ပွဲစတာနဲ့ သူတို့ရဲ့ကစားပုံ သိပ်ကိုကောင်းမွန်ခဲ့ပြီး လီဗာပူးလ်အသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန်တစ်လျှောက်လုံး အခွင့်အရေးတွေ အများကြီးရရှိခဲ့ပါတယ်..။ တကယ့်ကိုကျေနပ်၊ ဂုဏ်ယူဖို့ကောင်းတဲ့ စွမ်းဆောင်ရည်လို့ ပြောရမှာပဲ..။

 
ဂျေမီ ရက်ဒ်နပ် - ဟေး… ဒယ်နီရယ် ရေ.. ခင်ဗျားတို့ရဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းထဲမှာ ပရိသတ်တွေဟာ အခုအချိန်ထိ အောင်ပွဲခံနေဆဲ ဖြစ်တာကြောင့် အရမ်းကိုဆူညံ၊ ပွက်လောကို ရိုက်နေတာပဲ.. ဟားဟား..။ ကျွန်တော်ကတော့ သူတို့ရဲ့ဒုတိယပိုင်း ကစားပုံကို ချီးကျူးမိပါတယ်..။ ဒုတိယပိုင်းမှာ ဗဟိုခံစစ်မှူး နှစ်ယောက်စလုံး ဒဏ်ရာရသွားခဲ့ပေမယ့် အနိုင်ရလဒ်ကို ကျားကုတ်ကျားခဲ ရယူသွားခဲ့တဲ့ စိတ်ဓါတ်နဲ့ ကြိုးစားအားထုတ်မှုဟာ သိပ်ကိုလေးစားဖို့ကောင်းပါတယ်..။ နောက်ပြီးသူတို့ရဲ့ အကောင်းဆုံး ကစားသမား ကိုးလ် ပါးမား မပါဝင်ပဲနဲ့ ဒီလိုအနိုင်ပွဲကို ရယူသွားခဲ့တာဗျ..။ 

အနိုင်ဂိုးသွင်းသွားတဲ့ အက်စ်တီဗာအို၊ မွိုက်စ် ကိုင်ဆီဒို၊ အသင်းကိုထိန်းကျောင်း မောင်းနှင်သွားခဲ့တဲ့ အင်ဇို ဖာနန်ဒက်စ် တို့လို ကစားသမားတွေဆိုတော့ ဒီအသင်းဟာ ဆက်လက်ပြီး တိုးတက်မှုတွေ မြင်တွေ့ရဖို့ပဲ ရှိပါတယ်..။ ကျွန်တော်တို့လီဗာပူးလ်အသင်းဟာ ချေပဂိုးရရှိခဲ့ပြီး သရေရလဒ်ကို ထိန်းထားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒီနေ့အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်..။ ပြီးခဲ့တဲ့ပွဲတွေမှာ သူတို့ရဲ့ကစားပုံအပေါ် မေးခွန်းထုတ်စရာ ရှိခဲ့ပေမယ့် ဒီနေ့ပွဲမှာ ကစားသွားခဲ့တဲ့ခြေစွမ်း၊ ကြိုးစားအားထုတ်မှု၊ ခံယူချက်၊ စိတ်ဓါတ်တွေအပေါ် ဘာမှအပြစ်ပြောစရာ မရှိပါဘူး..။

ကယ်လီ ကိတ် - ရှင်တို့လီဗာပူးလ်အသင်း ဘယ်နေရာမှာ မှားယွင်းသွားခဲ့လဲ..?
ဂျေမီ ရက်ဒ်နပ် - အသင်းရဲ့ pressing ကစားပုံဟာ ဟန်ချက်မညီခဲ့ပါဘူးဗျ..။ အထူးသဖြင့် ပထမပိုင်းမှာ ပိုပြီးဆိုးပါတယ်..။ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ pressing ကစားတာကို အလွယ်တကူနဲ့ပဲ ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်..။ ဒုတိယပိုင်းမှာ အသင်းရဲ့ကစားပုံ ပိုပြီးကောင်းမွန်လာသလို တိုက်စစ်ထိုးဖောက်မှုတွေလည်း ထိရောက်လာခဲ့ပါတယ်..။ ဒါပေမယ့် တကယ့်အဆုံးသတ်.. အသေးစိတ်တွေမှာ လိုအပ်ချက်လေးတွေ ရှိနေခဲ့တာက အနိုင်အရှုံးကို အဆုံးအဖြတ်ပေးသွားခဲ့တာပါပဲ..။

ပြီးတော့ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်မှူးတွေကို တစ်ဦးချင်း 1 vs 1 ကာကွယ်တဲ့နေရာမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်..။ အထူးသဖြင့် အက်စ်တီဗာအို ဝင်လာပြီးနောက်ပိုင်း ဘယ်လိုမှကို ထိန်းလို့မရတော့ဘူး..။ အဲဒီ (၁၈) နှစ်သား လူငယ် ကစားသမားလေးရဲ့ ခြေစွမ်းဟာ တကယ့်ကိုထိပ်တန်းအဆင့်ပဲဗျာ..။ ဘရာဇီးလ်ကနေလာခဲ့တဲ့ မျိုးဆက်သစ် ကစားသမားလို့ မပြောရဘူး.. သူ့ရဲ့ဘောလုံးအထိန်းအသိမ်း၊ အတို့အဆိပ်လေးတွေဟာ အရမ်းကိုသပ်ရပ်ပြီး လှပညက်ညောလှတယ်ဗျာ..။ သူ့ရဲ့ခြေစွမ်းကြောင့် အနိုင်ဂိုးကို ထိုက်ထိုက်တန်တန်နဲ့ ရရှိသွားခဲ့တာပါ..။ နောက်ပြီးလီဗာပူးလ်အသင်းကို တိုက်စစ်နဲ့တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မန်နေဂျာရဲ့ လူစားလဲတွေကိုလည်း ချီးမွမ်းရမှာပါ..။



ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..။ ဒီပွဲမတိုင်ခင်ကဆိုရင် မန်နေဂျာ အင်ဇို မာရက်စ်ကာ အပေါ် ဝေဖန်မှုတွေ ရှိနေခဲ့ပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရတယ်လို့တောင် ပြောလို့ရပါတယ်..။ ဒါပေမယ့် ဘောလုံးလောကမှာ အဖြစ်အပျက်တွေဟာ အရမ်းကိုမြန်ဆန်လှသလို တဒင်္ဂအတွင်းမှာ အခြေအနေတွေ ပြောင်းလဲကုန်တာပါပဲ..။ ဒယ်နီရယ် ရေ… ချယ်လ်ဆီးအသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ် အနိုင်ပွဲရရှိခဲ့သလို ဒီနေ့မှာလည်း တကယ့်ကို နောက်ဆုံးမိနစ် အနိုင်ဂိုးနဲ့အတူ လက်ရှိချန်ပီယံအသင်းကို အနိုင်ရခဲ့ပါတယ်..။ တကယ်တမ်းကျ ဘယ်လိုအချိန်မှာ ဂိုးရသွားခဲ့တယ်.. ဆိုတဲ့အချက်ထက်စာရင် ချယ်လ်ဆီးပရိသတ်တွေရဲ့ နည်းပြအပေါ် သဘောထားအမြင် ပြောင်းလဲသွားမှာ အသေအချာပဲ.. မဟုတ်လားရှင့်..

ဒယ်နီရယ် စတားရစ်ချ် - Yeah..! သေချာတာပေါ့..။ သူတို့ရဲ့ခံစားချက်တွေ ပြောင်းလဲသွားတာကို ဒီနေ့ပွဲအပြီး အောင်ပွဲခံတဲ့ပုံစံကိုကြည့်လိုက်ရင် တွေ့ရမှာပါ..။ ပွဲအပြီးမှာ ကစားသမားတွေတင်မဟုတ်ပါပဲ နည်းပြအဖွဲ့တွေရော၊ အသင်းအုပ်ချုပ်သူတွေပါ ဝိုင်းဝန်းအောင်ပွဲခံခဲ့ကြတာပါ..။ ဒါ့ကြောင့်ခံစားချက်တွေ မြင့်တက်နေခဲ့ကြတာ အသေအချာပဲ..။ ပြီးခဲ့တဲ့အပါတ်တွေမှာ ရှုံးပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် သူတို့ဆီမှာ ဖိအားတွေ ရှိနေပါတယ်..။ ပရိသတ်တွေက မန်နေဂျာရဲ့ ပွဲတွင်းဆုံးဖြတ်ချက်တွေ၊ လူစားလဲမှုတွေအပေါ် မေးခွန်းထုတ်နေကြသလို အသင်းရဲ့အဓိက ကစားသမား အများအပြား ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်..။ 

ဒါ့အပြင်နွေရာသီမှာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ချယ်လ်ဆီးအသင်းရဲ့ ရာသီကြိုပြင်ဆင်မှုနဲ့ ရာသီအသစ်ကို စတင်ပုံဟာ အကောင်းဆုံး အခြေအနေ မဟုတ်ခဲ့ပါဘူး..။ ဒါပေမယ့် အခုဒီနေ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းနဲ့ အနိုင်ရလဒ်ဟာ လာမယ့်ရာသီနောက်ပိုင်း ခရီးလမ်းကြောင်းအတွက် ကြီးမားတဲ့ယုံကြည်မှု ရရှိစေမှာ အသေအချာပဲဗျ..။ အခုဆိုရင် သူတို့ဟာ တကယ့်ထိပ်တန်းအသင်းကြီးတွေကို အကောင်းဆုံးရင်ဆိုင်၊ အနိုင်ယူနိုင်စွမ်းရှိတယ်.. ဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ..။ အရေးကြီးတာက အခုလိုခြေစွမ်းကို တစ်ရာသီလုံး ထိန်းသိမ်းထားပြီး ဆက်လက် သယ်ဆောင်ထားနိုင်ဖို့ပဲ လိုအပ်ပါတယ်..။

 
ကယ်လီ ကိတ် - မှန်ပါတယ်..။ ပြီးခဲ့တဲ့ရာသီတွေမှာ ချယ်လ်ဆီးအသင်းဟာ ခြေစွမ်းအတက်အကျ များပြားလွန်းခဲ့တာကြောင့် သူတို့အသင်းရဲ့ ခြေစွမ်းကို တသမှတ်တည်းဖြစ်အောင် ဘယ်လိုထိန်းသိမ်း (consistency) မလဲ.? ဆိုတဲ့ မေးခွန်းတွေ ရှိခဲ့ပါတယ်..။ ဂျေမီ ရေ… ဒီနေ့လိုတကယ့်ပွဲကြီးပွဲကောင်းမှာ ပြသနိုင်ခဲ့တဲ့ ခြေစွမ်းမျိုးဟာ ထိပ်တန်းအသင်းကြီးတွေကို စိန်ခေါ်နိုင်မယ့် ခြေစွမ်းမျိုးဖြစ်တယ်လို့ အသိအမှတ်ပြုနိင်ပြီလား..? ဒါမှမဟုတ် အနာဂတ်မှာ ထိပ်တန်းအသင်းကြီးတစ်သင်း စတင်ပေါ်ထွက်လာမယ့် အစပျိုးလက္ခဏာတွေ (signs of coming) လို့ သတ်မှတ်ရမှာလား?

ဂျေမီ ရက်ဒ်နပ် - အစပျိုးလက္ခဏာတွေထက် ပိုတာပေါ့.. ကယ်လီ ရဲ့..။ အထူးသဖြင့် ဒီနေ့ပွဲမှာ သူတို့ဟာ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ နိုင်ပွဲကိုဆာလောင်စိတ်၊ အောင်ပွဲရရှိနိုင်ဖို့ ပြင်းပြတဲ့စိတ်ဓါတ် (character) ရှိနေတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဒုတိယပိုင်းမှာ လီဗာပူးလ်အသင်း ပြန်လည်တိုက်စစ်ဆင်လာခဲ့ပြီး တစ်ဘက်တစ်ဂိုးစီ သရေကျချိန်မှာ အရင်ပွဲတွေကို လီဗာပူးလ်အသင်းကပဲ နောက်ကျဂိုးတွေနဲ့ အနိုင်ရသွားတော့မလား..? ထင်မှတ်ခဲ့ကြပါတယ်..။ ဒါ့အပြင်ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဘာဒီယာရှီးလ်၊ တွဲဖက်နောက်ခံလူ အာချီယမ်ပေါင်း တို့ကို ဆက်တိုက်ဆုံးရှုံးသွားခဲ့ပါတယ်..။ ကဲ… လက်ကျန်မိနစ်တွေမှာ back four ကို ဘယ်လိုဖွဲ့စည်းမလဲ..? လက်ရှိရလဒ်ကို ပွဲပြီးတဲ့အထိရော ဆက်ထိန်းနိုင်ပါ့မလား..? ဆိုတဲ့ မေးခွန်းတွေ၊ စိုးရိမ်စိတ်တွေ ရှိလာပါတယ်..။

ဒါပေမယ့် (၁၅) မိနစ်လောက်ပဲ ကျန်တော့တဲ့အချိန်မှာ မျှော်လင့်မထားတဲ့ အလှည့်အပြောင်း ဖြစ်လာခဲ့ပါတယ်..။ အဲဒီအချိန်မှာ နောက်ထပ်တောက်ပမယ့် မီးစအတွက် အစပျိုး. အသင်းကို မောင်းနှင်ပေးမယ့်သူ ပေါ်ထွက်လာခဲ့တယ်ဗျ..။ သူကတော့ ‘အင်ဇို ဖာနန်ဒက်စ်’ ပဲ..။ တကယ်တမ်းဆိုရင် ချယ်လ်ဆီးအသင်း ကစားသမားတွေထဲမှာ သူဟာ ကျွန်တော်အရမ်းနှစ်သက်တဲ့ ကစားသမားထဲ မပါဝင်ပါဘူး..။ ဒါပေမယ့် အခုလိုပွဲမျိုးမှာ ကိုးလ် ပါးမား မပါဝင်နိုင်တဲ့အချိန် တစ်ယောက်ယောက်ကတော့ လိုအပ်နေတဲ့အချိန် အသင်းကို ဦးဆောင်၊ မောင်းနှင်ပေးနိုင်စွမ်း ရှိရပါမယ်..။ ဖိအားတွေအောက်မှာ ဘောလုံးကို ကိုင်ထားပေးတဲ့သူ၊ ဖိအားတွေအောက်မှာ ဘောလုံးကို ဖြန့်နိုင်၊ ပေးနိုင်တဲ့သူ၊ အခွင့်အရေးတွေ ဖန်တီးပေးနိုင်တဲ့သူ ပေါ်ထွက်လာရပါမယ်..။

အက်စ်တီဗာအို ရဲ့ အနိုင်ဂိုးမှာ ဖြတ်တင်ဘောကို ဖန်တီးပေးလိုက်တဲ့ မာ့စ် ကူကူရယ်လာ ရဲ့ ပြေးလမ်းထဲကို ပါးပါးနပ်နပ်နဲ့ ထိုးပေးလိုက်တဲ့ အင်ဇို ရဲ့ ပေးပို့မှုကိုလည်း ဂိုးဖန်တီးပေးမှု (assist) နည်းတူ ချီးကျူးရမှာပဲဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ ဂိုးဖန်တီးမှုကို ဖြစ်လာစေတဲ့ ပေးပို့မှုဟာ အဲဒီဖန်တီးမှုအတိုင်း အရေးပါပါတယ်..။ အင်ဇို ဖာနန်ဒက်စ် ရဲ့ အဲဒီပေးပို့မှုအပြင် သူ့ရဲ့ဒီနေ့ပွဲမှာ ကစားသွားတဲ့ခြေစွမ်း၊ ကြိုးစားအားထုတ်မှုကို ကျွန်တော်အရမ်း သဘောကျမိပါတယ်..။ သူဟာအသင်းကို ဦးဆောင်နိုင်စွမ်းရှိတယ်.. ဆိုတာကိုပါ ပြသနိုင်ခဲ့တာဟာ ကျေနပ်စရာပါပဲ..။

ဒီနေ့ပွဲမှာ လီဗာပူးလ်နဲ့ ခြားနားချက်က အဲဒါပဲဗျ…။ ချယ်လ်ဆီးဘက်က လက်ကျန်မိနစ်ကို တိုက်စစ်မြှင့်ပြီး ကြိုးစား၊ ရုန်းထွက်.. နိုးထာလာချိန်မှာ ကျွန်တော်တို့အသင်းက ရထားတဲ့ရလဒ်ကို ဆက်ထိန်းထားနိုင်ဖို့ စဉ်းစားခဲ့ပုံ ရပါတယ်..။ အာနီ စလော့တ် ဟာ ခံစစ်ကိုအားဖြည့်ဖို့ အင်ဒို ကို လူစားထည့်ခဲ့ပေမယ့် အင်ဒို ဟာ သူ့ရဲ့ဘေးက ဖြတ်ပြေးသွားတဲ့ မာ့စ် ကူကူရယ်လာ နောက်ကိုဆက်မလိုက်သွားပဲ လွှတ်ထားလိုက်တယ်ဗျာ..။ အဲဒီကနေ အနိုင်ဂိုးပေးလိုက်ရတာပဲ..။



ခံယူချက်၊ စိတ်ဓါတ်ပိုင်းနဲ့ နိုင်ပွဲဆာလောင်စိတ်တွေဟာ အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်..။ တကယ်တမ်းဆိုရင် အင်ဇို မာရက်စ်ကာ ဟာ သရေရလဒ်နဲ့ တစ်မှတ်နဲ့ ကျေနပ်မယ်ဆိုလည်း လက်ခံကြမှာဖြစ်ပေမယ့် သုံးမှတ်မရရအောင်ယူမယ်.. ဆိုတဲ့ ခိုင်မာတဲ့စိတ်ဓါတ်နဲ့ ကျားကုတ်ကျားခဲ ကြိုးစားခဲ့တာကြောင့် ထိုက်တန်တဲ့ ရလဒ်ကို ရရှိခဲ့တာပါ..။ သူ့ရဲ့ဆုံးဖြတ်ချက် ပြတ်သားမှုနဲ့ ပိုပြီးကောင်းမွန်တဲ့ရလဒ်အတွက် နောက်ဆုံးအချိန်ထိ ကြိုးပမ်းခဲ့မှုကို ချီးကျူးရမှာပဲ..။  

ဒယ်နီရယ် စတားရစ်ချ် - မှန်ပါတယ်..။ ဒီနေ့ပွဲမှာ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ပွဲချိန်အတွင်း လူအပြောင်းအလဲတွေဟာ ပွဲရဲ့အဖြေကို ပြောင်းလဲစေခဲ့ပါတယ်..။ အက်စ်တီဗာအို နဲ့ ဂစ်တင်စ် တို့ဟာ တောင်ပံနှစ်ဘက်ကနေ လျှပ်စီးလက်တဲ့အလား လီဗာပူးလ် နောက်တန်းကို တရစပ်ထိုးဖောက်နိုင်ခဲ့ပါတယ်..။ အထူးသဖြင့် သူတို့နှစ်ယောက်ရဲ့ 1 vs 1 ထိုးဖောက်မှုတွေဟာ လီဗာပူးလ်အသင်း ခံစစ်ကြောင်းကို အခက်တွေ့စေခဲ့တာ အမှန်ပဲဗျ..။ ခင်ဗျားကတော့ သူတို့တွေရဲ့ ကျားကုတ်ကျားခဲ ကြိုးစားစိတ်၊ အောင်ပွဲဆာလောင်စိတ်တွေကို ချီးကျူးသွားပါတယ်..။ ကျွန်တော်ဟာ တိုက်စစ်မှူးဆိုတော့ တိုက်စစ်မှူးတစ်ယောက်ဟာ လူစားဝင်လာရင် ပွဲရဲ့အဖြေကို ပြောင်းလဲနိုင်စွမ်း ရှိရပါမယ်..။ 

ဥပမာ လီဗာပူးလ်အသင်းက လူစားဝင်လာတဲ့ ဖလောရီယန် ဗာ့ဇ် ဆိုလည်း မိုဟာမက် ဆာလာ အတွက် နောက်ပေါက်လေးနဲ့ ဖန်တီးပေးခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး..။ တကယ်လို့ အဲဒီဖန်တီးမှုသာ ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့မယ်ဆိုရင် စိတ်အားတက်ကြွလာမယ့် အရှိန်အဟုန် (momentum) နဲ့ ပွဲရဲ့အဖြေ ပြောင်းလဲသွားနိုင်ပါတယ်..။ အလားတူပါပဲ.. အခုဆိုရင် အက်စ်တီဗာအို ကလည်း ‘အပြာရောင်တွေနဲ့ ငါ့ရဲ့ရွှေရောင် နေ့ရက်တွေ စတင်လာပြီ..’ လို့ တွေးနေတော့မှာပါ..။ တိုက်စစ်မှူး တစ်ယောက်အတွက် အခုလိုပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ အခိုက်အတန့်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပိုပြီးတိုးပွားစေတာ အမှန်ပါပဲ..။

အထူးသဖြင့် သူတို့လိုအသင်းသစ်ကို ရောက်လာတဲ့ ကစားသမားတွေအတွက် ထိပ်တန်းအသင်းကြီးချင်း ရင်ဆိုင်ရတဲ့ပွဲတွေမှာ ဒီလိုအဆုံးအဖြတ် အနိုင်ဂိုးတွေဟာ ပိုပြီးလိုအပ်ပါတယ်.။ ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ အက်စ်တီဗာအို အတွက် အထူးကျေနပ်၊ အားရမိပါတယ်..။

 
ဂျေမီ ရက်ဒ်နပ် - အက်စ်တီဗာအို က အသက် (၁၈) နှစ်ပဲ ရှိသေးတာနော…။ ဒယ်နီရယ် ရေ.. သူလည်း မင်းတို့လို ဘုရားပေးတဲ့ ဘယ်ခြေထောက်ပိုင်ရှင်ပဲကွ..။ သူ့ရဲ့ထိချက်၊ ကန်သွင်းချက်တွေက တစ်ချက်ဆို တစ်ချက်ပဲဗျ..။ ဂိုးသွင်းနှုန်းမှာတော့ ခင်ဗျားတို့ကိုမှီဖို့ အများကြီးကြိုးစားရဦးမှာပါ.. ဟားဟား…။ သူဟာဘေးတိုက်ပေး၊ နောက်ပြန်ပေး သိပ်မရှိပဲ တိုက်စစ်ကိုအားသန်တဲ့ ပေးပို့မှုတွေ (progressive passes) ပြုလုပ်ဖို့ စိတ်အားထက်သန်တဲ့သူ ဖြစ်နေတာ သဘောကျမိပါတယ်..။ 

ဒယ်နီရယ် စတားရစ်ချ် - သူသွင်းယူသွားခဲ့တဲ့ အနိုင်ဂိုးက အဝေးဂိုးတိုင်မှာ အနီးကပ်ပိတ်သွင်းယူခဲ့တဲ့ဂိုး (back post tap in goal) အမျိုးအစားပေါ့ဗျာ..။ တိုက်စစ်ကစားသမား တစ်ယောက်ဆိုတာ အဲဒီလိုသွင်းဂိုးတွေနဲ့ ဖြည်းဖြည်းချင်း တည်ဆောက်ယူရတာပါပဲ..။ ဂိုးတွေအများကြီးသွင်းယူနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာဖို့ဆိုရင် ပါးစပ်အဟောင်းသား.. အံ့အားသင့်ရတဲ့ လှလှပပဂိုးတွေ သွင်းပေးစရာ မလိုပါဘူး..။ ဒီလိုအနီးကပ် ပိတ်သွင်းယူတဲ့ဂိုးတွေကို အပါတ်စဉ် ပုံမှန်သွင်းပေးနိုင်ဖို့၊ ဂိုးရနိုင်မယ့်နေရာကို အချိန်ကိုက်၊ နေရာကိုက် ရောက်ရှိနိုင်ဖို့ အဓိကပါပဲ..။ 

တောင်ပံ ကစားသမား တစ်ယောက်အနေနဲ့ဆိုရင် ကိုယ်တာဝန်ယူတဲ့ တောင်ပံဘက်မှာရှိတဲ့ အဝေးဂိုးတိုင်ဆီ ရောက်လာခဲ့တဲ့ ဘောလုံးတွေကို မလွတ်တမ်း အသုံးချနိုင်ဖို့ အရေးကြီးပါတယ်..။ ကျွန်တော်လည်း ညာတောင်ပံကနေ အခုလိုအနီးကပ်ပိတ်သွင်းရတဲ့ သွင်းဂိုးတွေကို သဘောကျပါတယ်..။ ကိုယ့်ရဲ့ဆန့်ကျင်ဘက် တောင်ပံကနေ ဖြတ်ပေးလိုက်တဲ့ ဘောလုံးတွေကို အရယူဖို့ ပြေးထွက်ရာမှာ အနီးဆုံးမှာရှိနေတဲ့ နောက်ခံလူထက် အရင်ဦးအောင် ပြေးထွက်နိုင်ဖို့ timing အရေးကြီးပါတယ်..။ 

အခုရသွားတဲ့သွင်းဂိုးမှာ သူ့ရဲ့ချိန်သားကိုက် ပြေးထွက်သွားခဲ့တာ သိပ်ကိုကောင်းမွန်သလို ပိတ်သွင်းတဲ့နေရာမှာလည်း ထိချက်ကောင်းဖို့ လိုပါတယ်..။ သူ့ရဲ့အသက်အရွယ်နဲ့ အဲဒီလိုအသေးစိတ်လေးကို နားလည်ပြီးဖြစ်နေတာဟာ အံ့အားသင့်စရာပဲ..။ ကျွန်တော်တို့၊ ခင်ဗျားတို့ ဂရုစိုက် စောင့်ကြည့်ရမယ့် ကစားသမား တစ်ယောက် ပေါ်ထွက်လာပြီလို့ ပြောရမှာပါ..။



ဂျေမီ ရက်ဒ်နပ် - အက်စ်တီဗာအို နဲ့ အနီးဆုံးမှာရှိနေတဲ့ အင်ဒီ ရော်ဘတ်ဆင် ဟာ ဒဏ်ရာများရနေတာလား.. မသိဘူးဗျ..။ ကူကူရယ်လာ ဖြတ်တင်လိုက်တဲ့အချိန်မှာရော၊ ဂိုးဝင်ပြီးတဲ့အချိန်မှာရော သူ့ရဲ့ခြေထောက်ကို လက်နဲ့ဆုတ်ပြီး သက်တောင့်သက်သာ ရှိမနေတာ တွေ့မိပါတယ်..။ အက်စ်တီဗာအို ကလည်း ရော်ဘတ်ဆင် တစ်ယောက် အာရုံပျံ့လွင့်နေတဲ့ အခိုက်အတန့်ကို အမိအရ အသုံးချနိုင်ခဲ့ပါတယ်..။

ကယ်လီ ကိတ် - ပွဲအပြီးမှာ မာ့စ် ကူကူရယ်လာ က ဟာ သူတို့အသင်းဟာ မိုဟာမက် ဆာလာ ရဲ့နောက်က နေရာလွတ်ကို အဓိကထားပြီး ထိုးဖောက်ခဲ့တယ်လို့ ချယ်လ်ဆီးအသင်းရဲ့ ပွဲချဉ်းကပ်ပုံအကြောင်း တစွန်းတစ ပြောပြသွားခဲ့တာ စိတ်ဝင်စားဖို့ ကောင်းတယ်ရှင့်..။ ဘာဖြစ်လို့လည်းဆိုတော့ မိုဟာမက် ဆာလာ ဟာ ခံစစ်ပိုင်းကူညီမှု အားနည်းပြီး တိုက်စစ်ဆင်ဖို့ ရှေ့မှာပဲ ရှိနေတာကို သတိပြုမိခဲ့ပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ဘယ်တောင်ပံ၊ လီဗာပူးလ်အသင်းရဲ့ ညာဘက်ခြမ်းကိုပဲ ဦးစားပေး ထိုးဖောက်ခဲ့ပါတယ်..။

ဒယ်နီရယ် စတားရစ်ချ် - ဒါကတော့ မို ဆာလာ မှ မဟုတ်ပါဘူး..။ တိုက်စစ်ကစားသမား အများစုဟာ ကိုယ့်အသင်းဘောလုံးဆုံးသွားတိုင်း ခံစစ်ဇုန်ထဲထိ လိုက်ပါလေ့မရှိပါဘူး..။ ကျွန်တော်လည်းအဲဒီနေရာမှာ ကစားခဲ့တာဆိုတော့ တစ်ချို့ပွဲမှာ ခံစစ်ကိုမလိုက်နိုင်ခဲ့လို့ ဆုံးရှုံးခဲ့တာရှိမယ်..၊ တခါတလေကျတော့ ခံစစ်ကိုမဆင်းပဲ ပြန်ပြီးကျွံလာတဲ့ ဘောလုံးတွေကို အသုံးချနိုင်ခဲ့တာကြောင့် အကျိုးရှိခဲ့တာတွေလည်း ရှိပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ပွဲချဉ်းကပ်ပုံ၊ ပြင်ဆင်လာမှုကို ချီးကျူးရမှာပေါ့..။

ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ ဒီနေ့ပွဲမှာ မိုဟာမက် ဆာလာ ကို လူကပ်ကစားမယ်..၊ အလက်ဇန်းဒါး အီဆက် ကို လူကပ်မယ်.. စသဖြင့် တစ်ဦးတစ်ယောက်အတွက် ရည်ရွယ်၊ ပြင်ဆင်လာတာမဟုတ်ပဲ အသင်းလိုက် စုစည်းမှုနဲ့ ကိုယ်ထိုးဖောက်ချင်တဲ့ နေရာလွတ်တွေဆီကနေ တစ်ဘက်အသင်းကို ဒုက္ခပေးနိုင်ဖို့ စီမံသွားခဲ့ပါတယ်..။ အထူးသဖြင့် ဘောလုံးဆုံးရှုံးသွားတာနဲ့ ပြိုင်ဘက်အသင်း ကွင်းဘက်ခြမ်းမှာတင် အမြန်ဆုံး ပြန်လည်အရယူပြီး ခံစစ်ကနေ တိုက်စစ်ကို အမြန်ဆုံးပြောင်းလဲနိုင်ဖို့ ကြိုးစားသွားကြပါတယ်..။



ဂျေမီ ရက်ဒ်နပ် - လီဗာပူးလ်အသင်းဟာ နောက်ခံအစွန်လူနေရာတွေမှာ ပြဿနာရှိပါတယ်..။ အထူးသဖြင့် ညာနောက်ခံလူနေရာမှာ ထရန့် အလက်ဇန်းဒါး ကို အစားမထိုးနိုင်သေးပါဘူး..။ ဘန်လေအသင်းနဲ့ပွဲကတည်းက ညာနောက်ခံလူနေရာမှာ ဆဘိုဇလိုင်း၊ ဖရင်းပေါင်း၊ ကော်နာ ဘရက်ဒ်လေ.. စသဖြင့် တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲ၊ စမ်းသပ်နေခဲ့ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် ဘရက်ဒ်လေ ဟာ ပထမပိုင်းမှာ အတော်လေး ရုန်းကန်ခဲ့ရပါတယ်..။ ဒါ့ကြောင့်ဒုတိယပိုင်းအစမှာတင် လူစားလဲလိုက်ရပါတယ်..။ သူတို့အတွက် တကယ့်ပြဿနာ နေရာတစ်ခု ဖြစ်နေပါတယ်..။ 

ဘယ်နောက်ခံလူနေရာမှာ မီလို့စ် ကာကက်ဇ် လည်း အသင်းသစ်မှာ အသားကျဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်..။ အဲဒါကြောင့် အင်ဒီ ရော်ဘတ်ဆင် ကို လူစားပြန်လဲခဲ့တာ ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် စကော့တလန် နောက်ခံလူကလည်း ဒဏ်ရာရသွားတဲ့ပုံပါပဲ..။ ဒါ့ကြောင့်လီဗာပူးလ်အသင်းအတွက် နောက်ခံအစွန်လူနေရာတွေဟာ စိုးရိမ်ဖို့ကောင်းနေပါတယ်..။ တကယ်တမ်းဆိုရင် အင်ဒီ ရော်ဘတ်ဆင် ရဲ့ အဝေးဂိုးတိုင် ကာကွယ်မှုတွေဟာ အခုပေးလိုက်ရတဲ့ဂိုးကလို မဟုတ်ပဲ အဲဒီထက် အများကြီးကောင်းပါတယ်..။

ကယ်လီ ကိတ် - ဟုတ်ကဲ့ပါ..။ ရှင်တို့လီဗာပူးလ်အသင်းရဲ့ ပြဿနာတွေအကြောင်း သီးခြားဆွေးနွေးသွားပါမယ်..။ အခုလောလောဆယ်မှာ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်တာတွေကို အရင်ဆုံး သုံးသပ်သွားပါမယ်..။ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိသွားတဲ့ ကွင်းလယ် ကစားသမား မွိုက်စ် ကိုင်ဆီဒို ဟာ အဖွင့်ဂိုးကို သွင်းယူသွားခဲ့ရုံသာမက အပြာရောင်တွေရဲ့ ကွင်းလယ်ကိုပါ ထိန်းကျောင်းသွားပါတယ်..။ သူဟာတကယ့်ကို ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမား တစ်ယောက် ဖြစ်လာပြီလား.. ဂျေမီ ရေ..?

ဂျေမီ ရက်ဒ်နပ် - Ahhh..!! တကယ့်ကို ထူးချွန်လှတဲ့ ကွင်းလယ် ကစားသမား တစ်ယောက်ပါပဲ..။ ချယ်လ်ဆီးအသင်းဟာ ‘တစ်ခေတ်တစ်ယောက်’ ဆိုတဲ့ ကွင်းလယ် ကစားသမားတွေ မွေးထုတ်ပေးနိုင်တဲ့ အစဉ်အလာကောင်း ရှိခဲ့သလို မွိုက်စ် ကိုင်ဆီဒို ဟာ မက်ခလီလီ၊ ကန်တေး တို့လို နောင်တော်ကြီးတွေရဲ့ခြေရာ နင်းပေးနိုင်တဲ့သူ ဖြစ်လာပါပြီ..။ သူတို့သုံးယောက်ထဲမှာ ဘယ်သူအကောင်းဆုံးလဲ..? လို့ မေးလာရင်တောင် အတော်ဖြေရခက်ပြီဗျ..။ ကိုင်ဆီဒို ဟာ အသင်းကိုရောက်လာခါစက ရုန်းကန်ခဲ့ရပေမယ့် အခုနောက်ပိုင်းမှာ တည်ငြိမ်တဲ့ခြေစွမ်းနဲ့ အသင်းကို ထိန်းကျောင်းနေတဲ့ပုံစံဟာ တကယ့်ကို ကြောက်ခမန်းလိလိပါပဲ..။

ဒါ့အပြင်ပထမပိုင်း (၁၄) မိနစ်မှာ သွင်းယူပေးခဲ့တဲ့ အဖွင့်ဂိုးဟာလည်း အရမ်းကိုလှပပါတယ်..။ ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားပုံကို သေသေချာချာ လေ့လာထားခဲ့ပါတယ်..။ ဂရာဗင်ဘတ်ချ် ဟာ ‘No. 6’ နေရာမှာ အများဆုံးနေရာယူလေ့ ရှိပေမယ့် အခုဂိုးပေးလိုက်ရတဲ့ အခိုက်အတန့်မှာ အင်ဇို ဖာနန်ဒက်စ် ရဲ့ အနားမှာ ရှိနေပါတယ်..။ မက္ကလစ္စတာ ဟာ တောင်ပံဘက်ကို ရောက်နေတာကြောင့် ကိုင်ဆီဒို ဟာ နေရာလွတ် ရခဲ့ပါတယ်..။ သူ့ဆီကို ဘောလုံးရောက်လာတဲ့အချိန် မက္ကလစ္စတာ ဟာ လုယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အီကွေဒေါ ကွင်းလယ် ကစားသမားဟာ ပါးပါးနပ်နပ်နဲ့ လှည့်ထွက်သွားခဲ့တာကြောင့် နောက်ကျသွားခဲ့ပါတယ်..။



လီဗာပူးလ်အသင်းရဲ့ ဂိုးဧရိယာထိပ်မှာ ကိုင်ဆီဒို အတွက် နေရာလွတ် ရသွားခဲ့ပေမယ့် ပုံမှန်အားဖြင့် သူတို့လို ‘No. 6’ ကစားသမားတွေဟာ ဂိုးသွင်းအဆုံးသတ်ကောင်းလေ့ မရှိပါဘူး..။ ဒါပေမယ့် သူကတခြားသူတွေလို မဟုတ်ပါဘူး..။ တစက္ကန့်လောက်စောင့်ပြီး သူလိုချင်တဲ့ ညာဘက်အပေါ်ထောင့်ထဲ အပြင်းကန်သွင်းနိုင်ခဲ့ပါတယ်..။ သိပ်ကိုလှပတဲ့ဂိုးပါ..။ ဂိုးသမား မာမာဒတ်ရှ်ဗီလီယာ ကာကွယ်ဖို့ ဘယ်လိုမှ မတတ်နိုင်တဲ့ကန်ချက် ဖြစ်ပါတယ်..။ တကယ့်ကို ထူးချွန်လှတဲ့ ထိပ်တန်းကစားသမားတစ်ယောက်ဆီက ထိပ်တန်းအဆင့် သွင်းဂိုးတစ်ဂိုးလို့ ပြောရမှာပဲ..။

ကယ်လီ ကိတ် - ဂျေမီ ရေ.. ရှင်ကလည်း ကွင်းလယ် ကစားသမား တစ်ယောက်ဆိုတော့ ချယ်လ်ဆီးအသင်းမှာ သူ့ရဲ့တိုးတက်လာမှု ဖြစ်စဉ်အပေါ် သုံးသပ်ပေးပါဦးလား..?

ဂျေမီ ရက်ဒ်နပ် - သူဟာချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၁၁၅) နဲ့ ရောက်ရှိလာပါတယ်..။ ရောက်လာခါစ အသင်းမှာအထိုင်မကျခဲ့ပါဘူး..။ သူ့ရဲ့စိတ်ကြိုက် မကစားရတာလည်း ပါနိုင်ပါတယ်..။ အသင်းသစ်မှာ အသားကျအောင် ပြင်ဆင်ရင်း ချယ်လ်ဆီးအသင်း လိုအပ်နေတဲ့ပုံစံနဲ့ ကိုက်ညီအောင် ပြင်ဆင်ယူနိုင်ခဲ့ပါတယ်..။ ဘရိုက်တန်အသင်းမှာကတည်းက သူ့ရဲ့ခြေစွမ်း..၊ လုပ်နိုင်စွမ်းကို ကျွန်တော်တို့ တွေ့ခဲ့ကြပြီးသားပါ..။ အခုအချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ယောက်အဖြစ် ကျွန်တော်တို့တွေ မြင်တွေ့နေကြပါပြီ..။

သူရယ်၊ မန်ချက်စတာ စီးတီးက ရိုဒရီ၊ လီဗာပူးလ်အသင်းက ဂရာဗင်ဘာ့ဂျ်.. သူတို့သုံးယောက်ဟာ လက်ရှိကမ္ဘာ့ ဘောလုံးလောကရဲ့ အကောင်းဆုံး ကွင်းလယ်အဖျက် ကစားသမားတွေ ဖြစ်ပါတယ်..။ မွိုက်စ် ကိုင်ဆီဒို ဟာ အရည်အသွေးကောင်းတွေ အများကြီးပိုင်ဆိုင်ထားပြီး အထူးသဖြင့် ဘောလုံးဆုံးရှုံးချိန်.. သူ့ရဲ့ကစားပုံဟာ သိပ်ကိုထူးချွန်လှပါတယ်..။

သူနဲ့ပြိုင်ဘက်အဖြစ် ကစားရတာ မလွယ်ဘူးဗျ..။ ဘောလုံးလုယူတာ၊ ဘောလုံးဖျက်ထုတ်တာ ကောင်းမွန်သလို ဘောလုံးဖြန့်ဝေမှု၊ ဘောလုံးပေးပို့မှုတွေမှာလည်း ထိပ်တန်းပါပဲ..။ ဘယ်တောင်ပံ၊ ညာတောင်ပံ၊ ထောင့်ကန်ဘော ကန်တင်တဲ့နေရာ.. တစ်ကွင်းလုံးအနှံ့ နေရာစုံ ကစားနိုင်တဲ့သူလည်း ဖြစ်နေပါသေးတယ်..။ သူမလုပ်နိုင်တာ မရှိသလို အားနည်းချက်လည်း မရှိသလောက်ပဲဗျ..။ အခုဆိုရင် သွင်းဂိုးတွေပါ ရရှိလာပြီဖြစ်သလို အခုအချိန် ကွင်းလယ်အဖျက် နေရာကနေ (၃) ဂိုးသွင်းယူထားပြီး ဖြစ်ပါတယ်..။

ဒါ့အပြင်သူနဲ့ပတ်သက်တဲ့ ကွင်းတွင်း၊ ကွင်းပြင်ပတွေမှာ ဘာမှအစွန်းအထင်းမရှိ၊ အတုယူလောက်တဲ့ ခံယူချက်၊ အကျင့်စရိုက်တွေ ပိုင်ဆိုင်ထားတဲ့သူ ဖြစ်ပါတယ်..။ ဘောလုံးလောကမှာ သူတို့လို ကစားသမားတွေ အများကြီးပေါ်ထွက်လာဖို့ လိုအပ်ပါတယ်..။ သူဟာအခုအချိန်မှာ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်နေပြီ.. ဆိုပေမယ့် ဆက်လက်တိုးတက်ဖို့ အများကြီးကျန်ရှိနေပါသေးတယ်..။



ဒယ်နီရယ် စတားရစ်ချ် - ဒါဆိုရင်မေးကြည့်ပါဦးမယ်..။ သူ့ရဲ့နောက်ထပ်တစ်ဆင့် တိုးတက်မှုက ဘာဖြစ်လာမလဲ..? ဘာတွေများဆက်ပြီး ဖြည့်ဆည်းဖို့ရှိသေးလဲဗျ..?

ဂျေမီ ရက်ဒ်နပ် - သူလက်ရှိလုပ်နေတဲ့အရာတွေကိုပဲ ဆက်လက်ထိန်းသိမ်းပြီး အကောင်းဆုံး ကြိုးစားသွားဖို့ပဲ လိုအပ်တာပါ..။ အခုအချိန်မှာ သူမလုပ်နိုင်တဲ့အရာလည်း မရှိပါဘူး..။ ဒီထက်ပိုတိုးတက်လာဖို့ဆိုရင် နောင်လာမယ့် နှစ်တွေမှာ ချယ်လ်ဆီးအသင်းကို ဘယ်လိုပုံစံနဲ့ ဦးဆောင်၊ မောင်းနှင်ပေးနိုင်မလဲ။.? ဆိုတာကိုပဲ စောင့်ကြည့်ရပါတော့မယ်..။ သူ့ရဲ့နောက်တဆင့် ရည်မှန်းချက်ကလည်း ‘အသင်းကို ဦးဆောင်နိုင်ဖို့’ ဖြစ်သင့်ပါတယ်..။

ကယ်လီ ကိတ် - အက်စ်တီဗာအို အနိုင်ဂိုးသွင်းပြီးတဲ့အချိန် ချယ်လ်ဆီးအသင်းနည်းပြ အင်ဇို မာရက်စ်ကာ ဟာ ကစားသမားတွေနဲ့အတူ အလံတိုင်ဘက်ကို ပြေးထွက်ပြီး အောင်ပွဲခံခဲ့တာကြောင့် ဒုတိယအကြိမ် အဝါကတ်ဒ် အပြခံခဲ့ရပါတယ်..။ အဲဒီအချိန်မှာ သူတို့ဟာအခက်အခဲတွေကြားကနေ ရေကုန်ရေခမ်း တိုက်ပွဲဝင်ခဲ့ရတာ ဖြစ်တဲ့အတွက် ပရိသတ်တွေ၊ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်အားလုံးဟာ စိတ်ခံစားမှုတွေ အရမ်းမြင့်တက်နေခဲ့ကြတာ နားလည်ပေးနိုင်ပါတယ်..။

အထူးသဖြင့် ဒုတိယပိုင်းမှာ ဗဟိုနောက်ခံလူ နှစ်ယောက်စလုံး ထပ်မံဒဏ်ရာ ရခဲ့တာဆိုတော့ မမျှော်လင့်ပဲ ကြုံခဲ့ရတဲ့ နောက်ထပ်အတားအဆီး တစ်ခုကို ကျော်လွှားနိုင်ခဲ့တဲ့အပေါ် သူတို့တွေရဲ့ ပျော်ရွှင်၊ ကြည်နူးမှုတွေဟာ ပိုပြီးချိုမြိန်ခဲ့ကြပါလိမ့်မယ်..။ အခုဆိုရင် ဘာဒီယာရှီးလ် နဲ့ အာချီယမ်ပေါင်း တို့နှစ်ယောက် ထပ်မံဒဏ်ရာရသွားခဲ့တာကြောင့် ဒဏ်ရာရနေတဲ့ နောက်ခံလူ (၆) ယောက်တောင် ရှိသွားပြီလို့ ပြောရမှာပါ..။ အဲ.. ထရေဗာ ချာလိုဘာ ကတော့ ဒဏ်ရာရတာမဟုတ်ဘူး..၊ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီနေ့ပွဲမှာ မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်..။



ဂျေမီ ရက်ဒ်နပ် - ဂျော့ရှ် အာချီယမ်ပေါင်း ဟာ ကြွက်တက် (muscle cramp) သွားခဲ့တာပါ..။ သူကပွဲမကစားရတာ အချိန်အတော်ကြာခဲ့ပြီလေဗျာ..။ ဒါ့ကြောင့်သူ့ရဲ့ခန္ဓာကိုယ်က အသင့်ဖြစ်မနေတာပါ..။ နောက်လာမယ့်ပွဲတွေကျရင် သူဟာပြန်ပြီး ပါဝင်နိုင်ပါလိမ့်မယ်..။ ဘာဒီယာရှီးလ် ရဲ့ ဒဏ်ရာအခြေအနေ ဘယ်လိုရှိလဲ..? ကျွန်တော်မပြောတတ်ဘူးဗျ..။ သူတို့အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေထဲမှာ နံပါတ်တစ် ဦးစားပေး နောက်ခံလူ လီဗီုင်း ကိုဝဲလ် ကတော့ ကာလရှည်အနားယူရမယ်..။ နောက်ပြီးရင် ကိုးလ် ပါးမား ပေါ့ဗျာ..။ လီယန် ဒီလပ် ကလည်း ပေါင်ကြွက်သားဒဏ်ရာနဲ့ နှစ်လ၊ သုံးလ အနားယူရပါဦးမယ်..။

တခြားကစားသမားတွေဖြစ်တဲ့ ဝက်စ်လေ ဖိုဖားနား၊ အင်ဒရေ ဆန်းတို့စ်၊ ထရေဗာ ချာလိုဘာ တို့တွေကတော့ မကြာခင်မှာ ပြန်လည်ပါဝင်နိုင်ဖို့ ရှိပါတယ်..။ ဒါ့ကြောင့်အခုအချိန်ဟာ သူတို့အတွက် တကယ့်ကိုခက်ခဲတဲ့အချိန်လို့ ပြောရမှာပဲဗျ..။ 

ချယ်လ်ဆီးအသင်းဟာ နွေရာသီမှာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်စွဲခဲ့ပါတယ်..။ သူတို့အသင်းအတွက်၊ ကစားသမားတွေအတွက် တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုကြီး ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အသင်းဟာ ထိပ်တန်းအသင်းကြီးတွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်..၊ အနိုင်ယူနိုင်စွမ်းရှိတယ်… ဆိုတဲ့ ကြီးမားတဲ့ ယုံကြည်မှုကို ရရှိစေခဲ့တာကြောင့်ပါ…။ ဒါပေမယ့် တန်ဖိုးကြီးမားလှတဲ့ အောင်ပွဲအတွက် ပေးဆပ်မှုတော့ ရှိခဲ့တာပါပဲ..။ အခုဆိုရင် ဗိုလ်လုပွဲမှာ သူတို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းလည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်..။

ချယ်လ်ဆီးအသင်းအတွက် အခုရာသီကြို ပြင်ဆင်မှုတွေဟာ တခြားအသင်းတွေနဲ့ မတူညီခဲ့တာကြောင့် အခုလိုရာသီအစမှာ ရုန်းကန်နေရတာ ဖြစ်နိုင်ပါတယ်..။ ရာသီနောက်ပိုင်း ရောက်လာတာနဲ့ အသင်းရဲ့အခြေအနေ ပြန်လည်ကောင်းမွန်လာမှာပါ…။ ကျွန်တော်တို့တွေဟာ အသင်းတစ်သင်းကို လက်ရှိမျက်မှောက် ကြုံနေရတဲ့ အခြေအနေတွေအပေါ်မှာပဲ လွယ်လွယ်ကူကူ အကဲဖြတ်လေ့ ရှိပါတယ်..။ တကယ်တမ်း (၇) ပွဲ၊ (၈) ပွဲ ရလဒ်တွေဟာ ပြဿနာကြီးကြီးမားမား မရှိပါဘူး..။ အရေးအကြီးဆုံးက ရာသီကုန် ပန်းဝင်ကာလမှာ ဘယ်လိုပုံစံနဲ့ စွမ်းဆောင်ပြမလဲ..? ဆိုတာ အရေးကြီးပါတယ်..။ ချယ်လ်ဆီးအသင်းဟာ တဖြည်းဖြည်းနဲ့ ပိုမိုတိုးတက်၊ တောင့်တင်းလာမှာပါ..။