feature-image

ချယ်လ်ဆီးနှင့် လီဗာပူးလ်ပွဲစဉ်၏ နည်းစနစ်ပိုင်း သုံးသပ်ချက် စကားဝိုင်း..

အရင်အပါတ်စနေနေ့က စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ ချယ်လ်ဆီးအသင်းက လီဗာပူးလ်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ မွိုက်စ် ကိုင်ဆီဒို ၏ သွင်းဂိုးနှင့်ခြေစွမ်း၊ နှစ်သင်းစလုံး၏ ကစားကွက်အခင်းအကျင်း၊ ပွဲအဖြေကို အဆုံးအဖြတ်ဖြစ်စေခဲ့သည့် ချယ်လ်ဆီးအသင်း၏ ဘယ်တောင်ပံ တိုက်စစ်ထိုးဖောက်မှုများ စသည့် နည်းစနစ်ပိုင်းဆိုင်ရာ သုံးသပ်ချက်များကို မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း အိုဝင် ဟားဂရိဗ် နှင့် ချာလ်တန်အသင်း ကွင်းလယ် ကစားသမားဟောင်း မတ် ဟော်လန် တို့က Generation XG အစီအစဉ်မှတဆင့် အောက်ပါအတိုင်း ဆွေးနွေးခဲ့ကြသည်..။

မတ် ဟော်လန် - အခုအပါတ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၇) ရဲ့ ပွဲကြီးပွဲကောင်းက စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်..။ လက်ရှိချန်ပီယံနည်းပြ အာနီ ဆလော့တ် ဟာ အခုရက်သတ္တပါတ်အတွင်း ယှဉ်ပြိုင်ခဲ့တဲ့ (၃) ပွဲစလုံးကို အရေးနိမ့်ခဲ့ရတာကြောင့် ခက်ခဲတဲ့ကာလတစ်ခုကို ဖြတ်သန်းနေခဲ့ရတယ်လို့ ပြောရမှာပါပဲ..။ အထူးသဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာ ပထမဆုံးအကြိမ် ဖြစ်လိမ့်မယ်နော..

အိုဝင် ဟားဂရိဗ် - မှန်ပါတယ်..။ အထူးသဖြင့် ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ရာသီမှာ ကမ္ဘာ့အဆင့် ကစားသမားကောင်းတွေ အားဖြည့်ထားခဲ့ပြီးတဲ့နောက်မှာ အခုလိုရလဒ်ဆိုးတွေ ဆက်တိုက်ကြုံလာရမယ်လို့ ဘယ်သူကမှ မှန်းဆခဲ့မှာ မဟုတ်ပါဘူး..။ နောက်ပြီးအရင်အပါတ်က ခရစ္စတယ် ပဲလေ့စ်၊ ဂါလာတာစာရေး တို့ကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံအသင်းပီပီ အခုပွဲကို ရလဒ်ကောင်းနဲ့ ပြန်လည်ရုန်းထွက် လာလိမ့်မယ်လို့ပဲ တွက်ဆခဲ့ကြပါတယ်..။ ‘မှန်းချက်နဲ့ နှမ်းထွက်’ လွဲခဲ့တယ်လို့ ပြောရမှာပဲဗျ..။



မတ် ဟော်လန် - ဒါပေါ့..။ လီဗာပူးလ်အသင်းရဲ့ လက်ရှိခြေစွမ်းကြောင့် သူတို့အပေါ် သံသယရှိနေကြတယ်.. ဆိုရင်တောင်မှ ပွဲထွက်လူစာရင်း (ပူးတွဲပုံ- ၁) ထွက်ပေါ်လာတဲ့အချိန် ဧည့်သည်အသင်းဘက်ကို အနိုင်ရဖို့ ပိုပြီးအလေးပေးခဲ့ကြပါလိမ့်မယ်..။ အထူးသဖြင့် ချယ်လ်ဆီးအသင်းမှာ ဗဟိုခံစစ်မှူးတွေ အကြောင်းအမျိုးမျိးနဲ့ မပါဝင်နိုင်ခဲ့တာကြောင့် ဘင်နွိုက် ဘာဒီယာရှီးလ် နဲ့ ဂျော့ရှ် အာချီယမ်ပေါင်း တို့နဲ့ ပွဲထွက်လာခဲ့ရပါတယ်..။ ရိစ် ဂျိမ်းစ် ဟာ ကွင်းလယ်အဖျက်မှာ ကစားမယ်လို့ မျှော်လင့်ထားပေမယ့် မာလို ဂတ်စ်တို နဲ့ မွိုက်စ် ကိုင်ဆီဒို တွဲဖက်ခဲ့ပါတယ်..။ ဒါ့ကြောင့်လူအင်အားချင်း ယှဉ်ကြည့်မယ်ဆိုရင် လီဗာပူးလ်ဘက်က သာတာပေါ့ဗျ..။ မဟုတ်ဘူးလား..?

အိုဝင် ဟားဂရိဗ် - ဒီနေ့ပွဲမှာ အာနီ ဆလော့တ် ဟာ ဖလော်ရီယန် ဗာ့ဇ် ကို ချန်လှပ်ထားခဲ့ပြီး မနှစ်ကချန်ပီယံဆု ဆွတ်ခူးပေးခဲ့တဲ့ ဂရာဗင်ဘာ့ဂျ်၊ ဆာဘိုဇလိုင်း နဲ့ မက်ခ် အယ်လစ္စတာ တို့ရဲ့ ကွင်းလယ်အတွဲအဖက်ကို ပြန်လည်ပွဲထုတ်ခဲ့ပါတယ်..။ တိုက်စစ်မှာပိုင်းမှာ ကိုဒီ ဂတ်ခ်ပို၊ မိုဟာမက် ဆာလာ နဲ့ အီဆက် ဆိုတော့ အရမ်းကို တောင့်တင်းပါတယ်..။ ဒါ့ကြောင့်တကယ်ပွဲကစားရော သူတို့တွေအခက်အခဲ ကြုံရလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်ခဲ့ကြမှာ မဟုတ်ပါဘူး..။



မတ် ဟော်လန် - ချယ်လ်ဆီးအသင်း ကွင်းလယ် မွိုက်စ် ကိုင်ဆီဒို ရဲ့ ခြေစွမ်းကလည်း အရေးပါခဲ့တဲ့ အဆုံးအဖြတ်တစ်ခု ဖြစ်ခဲ့တယ် မဟုတ်ဘူးလားဗျ..?

အိုဝင် ဟားဂရိဗ် - မှန်တာပေါ့…။ ကိုင်ဆီဒို ဟာ ကွင်းလယ်အဖျက်.. ‘No. 6’ နေရာမှာ ဘယ်သူနဲ့မှ မတူညီတဲ့ ကစားသမား (unique player) တစ်ယောက်ပါ..။ ‘ကလော့ဒ် မက်ခလီလီ’ နဲ့ နှိုင်းယှဉ်နေကြပေမယ့် ကိုယ်ပိုင်ကစားဟန်နဲ့ Makelele role နေရာကို တည်ဆောက်နေတဲ့သူလည်း ဖြစ်ပါတယ်..။ 

မတ် ဟော်လန် - စနေနေ့ပွဲရဲ့ ကွင်းလယ်စီးချင်းထိုးပွဲမှာ အိမ်ရှင်ဘက်က မွိုက်စ် ကိုင်ဆီဒို၊ မာလို ဂတ်စ်တို တို့နဲ့ လီဗာပူးလ်အသင်းရဲ့ ချန်ပီယံကွင်းလယ် သုံးယောက် ရင်ဆိုင်ခဲ့ကြပါတယ်..။ ကဲ.. ပွဲချိန် (၁၄) မိနစ်မှာ ချယ်လ်ဆီးအသင်း ရရှိသွားခဲ့တဲ့ အဖွင့်ဂိုးမှာ နှစ်ဘက်ကစားသမားတွေရဲ့ နေရာယူထားပုံကို အခုပူးတွဲပုံ (ပုံ- ၂) မှာ တွေ့နိုင်ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ဗဟိုနောက်ခံလူ ဘာဒီယာရှီးလ် ရဲ့ ခြေထဲ ဘောလုံးရှိနေချိန်မှာ လီဗာပူးလ်အသင်း နေရာယူထားပုံဟာ မဆိုးပါဘူးဗျ..။ ဟုတ်တယ်မလား..?



အိုဝင် ဟားဂရိဗ် - ဒါပေါ့..။ အဲဒီပုံထဲမှာ ကွင်းလယ်က ဂရာဗင်ဘာ့ဂျ်၊ မက်ခ် အယ်လစ္စတာ၊ ဆဘိုဇလိုင်း တို့ရဲ့ နေရာယူထားပုံတွေကို တွေ့ရမှာပါ..။
မတ် ဟော်လန် - နေဦးဗျ..။ အခုဘောလုံးရာသီမှာ သူတို့ဟာ without the ball မှာလည်း ၄- ၃- ၃ ပုံစံအတိုင်းပဲ ထိုင်ထားလေ့ ရှိပါတယ်..။ ဒါပေမယ့် ဘယ်တောင်ပံက ဂတ်ခ်ပို က ကွင်းလယ်မှာ ဝင်ထိုင်ထားတာဆိုတော့ ကွင်းလယ် (၃) ယောက်က ဂရာဗင်ဘာ့ဂျ်၊ မက်ခ် အယ်လစ္စတာ နဲ့ ဂတ်ခ်ပို ဖြစ်သွားပါတယ်..။ ကွင်းလယ် ကစားသမား တစ်ယောက်ဖြစ်တဲ့ ဆဘိုဇလိုင်း က ရှေ့ကိုတက်ပြီး နောက်တန်းလူတွေဆီ ဖိအားပေးမယ်..၊ ဒါ့ကြောင့် ရှေ့တန်း (၃) ယောက်က ဆာလာ၊ ဆဘိုဇလိုင်း နဲ့ အီဆက် တို့ ဖြစ်သွားတာပေါ့..။

ဂတ်ခ်ပို က ခံစစ်ကိုပိုမို လိုက်ပါခြင်းအားဖြင့် မိုဟာမက် ဆာလာ က တိုက်စစ်မှာပဲ အာရုံစိုက်နိုင်ပါမယ်..။ ဒါပေမယ့် သတိထားရမှာက သူတို့ဟာ အဲဒီအထိုင်အတိုင်းပဲ ရွှေ့လျားရမှာပါ..။ တစ်ယောက်ယောက်က ရှေ့ကိုတက်လိုက်တာနဲ့ အထိုင်ပျက်သွားပြီး နေရာလွတ်တွေ ပေါ်လာမှာပဲ..။

အိုဝင် ဟားဂရိဗ် - ကျွန်တော်လည်း အဲဒီအချက်ကို ပြောချင်နေတာ… အပေါ်ကပုံအတိုင်းဆိုရင် ဆဘိုဇလိုင်း ဟာ ကိုင်ဆီဒို ကို လူကပ်ထားပြီး သူ့ရဲ့နေရာယူထားပုံဟာ အဆင်ပြေနေပါတယ်..။ ဒါပေမယ့် သူဟာဘယ်လိုအကြောင်းနဲ့ ဘောလုံးကိုင်ထားတဲ့ ဘာဒီယာရှီးလ် ကို တက်ပြီး ဖိအားပေးဖို့ ဆုံးဖြတ်လိုက်သလဲ..? မပြောတတ်ဘူးဗျ..။

မတ် ဟော်လန် - ‘ကစားသမားတွေဆိုတာ ပြိုင်ဘက်အသင်းရဲ့ခြေထဲ ဘောလုံးရှိတဲ့အချိန် ဘယ်လိုနေရာတွေမှာ အန္တရာယ်ရှိတတ်တယ်ဆိုတာ သိထားရမယ်..’ လို့ နည်းပြတွေ အမြဲတမ်းပြောလေ့ရှိပါတယ်..။ အထူးသဖြင့် ပြိုင်ဘက်အသင်း တိုက်စစ်ကစားသမားတွေဆီ ဘောလုံးရှိနေရင် အန္တရာယ်ရှိတာပေါ့..။ ဘာဒီယာရှီးလ် တို့လို နောက်ခံလူတွေ၊ နောက်ခံအစွန်လူတွေ ခြေထဲမှာ ဘောလုံးကိုင်ထားရင် မလိုအပ်ပဲ အတင်းလိုက် ဖိအားပေးနေစရာ မလိုပါဘူး..။ ဒါ့ကြောင့်ဆဘိုဇလိုင်း ရှေ့ကိုတက်သွားတာ မှားပါတယ်..။



အခုအပေါ်ကပုံ (၃) မှာဆိုရင် ဆဘိုဇလိုင်း ဟာ သူ့အတွက် အကျိုးမရှိနိုင်တဲ့ ဘောလုံးနောက်ကို အတင်းလိုက်ဖို့ ရှေ့ကိုတက်သွားပါတယ်..။ အဲဒီအချိန်မှာ မာလို ဂတ်စ်တို ဟာ ဘောလုံးကိုလက်ခံယူဖို့ အသင့်ရှိနေပါပြီ..။

အိုဝင် ဟားဂရိဗ် - အဲဒီအခိုက်အတန့်မှာ မွိုက်စ် ကိုင်ဆီဒို ရဲ့ ပါးနပ်မှုကိုလည်း အသိအမှတ်ပြုရပါမယ်..။ သူဟာဘာဒီယာရှီးလ် ရဲ့ ဘောလုံးပေးပို့နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိမနေဖို့အတွက် ဆဘိုဇလိုင်း ရဲ့နောက်ကို အသာလေး ကပ်နေလိုက်ပါတယ်..။ ဘာဒီယာရှီးလ် က ဂတ်စ်တို ဆီကို ဘောလုံးပေးတယ်..၊ ဂတ်စ်တို က ကိုင်ဆီဒို နဲ့ ချက်ချင်းပြန်တွဲပါတယ်..။ ကိုင်ဆီဒို ဟာ ပွဲရဲ့အခြေအနေကို ဖတ်နိုင်စွမ်း (game intelligence) အရမ်ကောင်းတယ်ဗျ..။ 

မတ် ဟော်လန် - နေပါဦး..။ ဂတ်စ်တို ကို ဆက်ပြီးချီးကျူးလိုက်ဦးမယ်..။ ကိုင်ဆီဒို က သူ့ဆီကို အတင်းဝင်ဖျက်ဖို့ ကြိုးစားတဲ့ မက်ခ် အယ်လစ္စတာ ကို လှည့်ထွက်လိုက်ချိန်မှာ ဂတ်စ်တို ဟာ ရှေ့ကိုဆက်လိုက်သွားပြီး ဗန်ဒိုက်ခ် နဲ့ ကားကက်ဇ် ရဲ့ ကြားထဲကနေ ပြေးထွက်နိုင်ဖို့ နေရာယူလိုက်ပါတယ်..။ ဒါ့ကြောင့် ဗန်ဒိုက်ခ် အတွက် အခက်အခဲ ဖြစ်သွားရပါတယ်..(ပုံ- ၄)။ ကိုနားတေး က ဂျာအို ပီဒရို ကို ကပ်ထားရပါမယ်..။ ဒါ့ကြောင့် ဗန်ဒိုက်ခ် ဟာ  ဘောလုံးသယ်လာတဲ့ ကိုင်ဆီဒို ကို တားဆီးဖို့ တာဝန်ရှိပေမယ့် ဂတ်စ်တို က ရှေ့ကိုဆက်ပြီး လိုက်ပါလာတဲ့အခါ သူ့ခမျာ ဘာဆက်လုပ်ရမလဲ..? ရွေးရခက်လာပါတယ်..။



အိုဝင် ဟားဂရိဗ် - အဲဒီအခိုက်အတန့်မှာ ဘယ်ဘက်မှာလည်း ဂါနာချို နဲ့ ကူကူရယ်လာ တို့ဟာ ဘရက်ဒ်လေ နဲ့ 2 vs 1 အနေအထား ဖြစ်နေတာ တွေ့ရပါလိမ့်မယ်..။ တကယ်တမ်းဆိုရင် ဘရက်ဒ်လေ က ဂါနာချို ကို ကပ်ထားရမှာဖြစ်ပြီး ကူကူရယ်လာ ကို တာဝန်ယူရမယ့်သူက မိုဟာမက် ဆာလာ ဖြစ်ပါတယ်..။ ဆာလာ က အဝေးကြီးမှာ ကျန်နေရစ်ခဲ့တာပါ..။ မာ့စ် ကူကူရယ်လာ ဟာ ဘယ်နောက်ခံလူနေရာကနေ ‘No. 10’ နေရာ ရောက်လာခဲ့ပါတယ်..။

မတ် ဟော်လန် - ခုနက ဗန်ဒိုက်ခ် ရဲ့ အခက်အခဲကို ဆက်ပြီးပြောပါမယ်..။ အခုပြထားတဲ့ ပူးတွဲပုံ (ပုံ- ၅) မှာ မြင်တွေ့နေရတဲ့ အနေအထားက ပိုပြီးရှင်းလင်းတယ်ဗျ…။ ဗန်ဒိုက်ခ် ဟာ ဘောလုံးသယ်လာတဲ့ ကိုင်ဆီဒို ဆီကို ပြေးပိတ်ရမှာလား..? ဂတ်စ်တို ကိုပဲ အာရုံစိုက်ရမလား..? ဝေခွဲရခက်နေပုံ ရပါတယ်..။ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ် အနေအထားကို ကြည့်မယ်ဆိုရင် သူဟာဂတ်စ်တို ဘက်ကိုလိုက်သွားဖို့ ပိုပြီးအားသာနေပါတယ်..။

 
အိုဝင် ဟားဂရိဗ် - မှန်တယ်ဗျ..။ ဒါ့ကြောင့်ကိုင်ဆီဒို က တစ်ချက်ထိန်းပြီး ခဏဆိုင်းလိုက်တာဟာ သူ့အတွက် ကန်သွင်းဖို့ နေရာလွတ်ဟာ ပိုပြီးကျယ်လာပါတယ်..။ ကန်ချက်ရဲ့ပြင်းအား၊ တိကျမှု ဘာမှအပြစ်ပြောစရာ မရှိပါဘူး..။ ဂိုးသမား မာမာဒတ်ရှ်ဗီလီ ဘယ်လိုမှ ကာကွယ်ဖို့ မတတ်နိုင်ခဲ့ပါဘူး..။ ကျွန်တော်ကတော့ ဆဘိုဇလိုင်း တို့လို ပြိုင်ဘက်အသင်းရဲ့ ကွင်းလယ် ကစားသမား ရှေ့ကိုတက်လာတာနဲ့ ပေါ်ထွက်လာတဲ့ နေရာလွတ်တွေကို အသုံးချနိုင်ဖို့ အသေးစိတ် သေချာပြင်ဆင်လာခဲ့တဲ့ အင်ဇို မာရက်စ်ကာ ရဲ့ ပွဲချဉ်းကပ်ပုံ၊ အစီအမံကို ချီးကျူးပါတယ်..။

မတ် ဟော်လန် - ဒီဂိုးမှာအဓိကကျခဲ့တဲ့ မွိုက်စ် ကိုင်ဆီဒို ဟာ နောက်ဆိုရင် အခုထက်ပိုပြီးတောင် တိုးတက်လာဦးမှာဗျ..။
အိုဝင် ဟားဂရိဗ် - ဟားးး…!! သိပ်သေချာတာပေါ့..။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ပရီးမီးယားလိဂ် ပြိုင်ပွဲက ကွင်းလယ် ကစားသမားတွေထဲမှာ ရိုဒရီ က အကောင်းဆုံးပါ..။ အခုလောလောဆယ်မှာ ‘မွိုက် ကိုင်ဆီဒို’ က အကောင်းဆုံးပါပဲ..။

 
မတ် ဟော်လန် - အခုအပေါ်ကပုံ (ပုံ- ၆) မှာ မွိုက်စ် ကိုင်ဆီဒို ရဲ့ အခုနှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေက စွမ်းဆောင်ရည် အချက်အလက်တွေကို ပြသထားပါတယ်..။ သူဟာလက်ရှိအချိန်ထိ ကွင်းလယ် ကစားသမားတွေထဲမှာ သွင်းဂိုးအများဆုံး ရရှိထားတဲ့သူအဖြစ် အသင်းဖော် အင်ဇို ဖာနန်ဒက်စ် နဲ့အတူ ပူးတွဲပထမနေရာမှာ ရှိနေပါတယ်..။ ဒါ့အပြင် ဘောလုံးဖျက်ထုတ်မှု (tackles) အများဆုံး ပြုလုပ်ထားတယ်..၊ ဘောလုံးလမ်းကြောင်း ဖြတ်တောက်နိုင်မှု (tackles) မှာလည်း ထိပ်ဆုံးပါပဲ..။

တစ်ဘက်အသင်းရဲ့ ပေးပို့မှု.. ဒါမှမဟုတ် ကန်ချက်တွေကို ပိတ်ဆို့နိုင်မှု (blocks) တွေမှာ ဒုတိယအများဆုံး၊ ဘောလုံးယှဉ်လှတဲ့နေရာမှာ (duels won) စတုတ္ထအများဆုံး၊ ဘောလုံးအရယူနိင်မှု (possession won) မှာာ ပဉ္စမအများဆုံး.. စတဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ပါတယ်..။     

အိုဝင် ဟားဂရိဗ် - ပရီးမီးယားလိဂ်ပွဲတွေဟာ အခုမှ (၇) ပွဲပဲ ရှိသေးပေမယ့် အချက်အလက်တွေအရ သူ့ရဲ့စွမ်းဆောင်ရည်ဟာ တကယ့်ကို ကျေနပ်စရာပဲဗျ..။ မွိုက်စ် ကိုင်ဆီဒို ဟာ ဘောလုံးရယူနိုင်မယ့်‌နေရာကို ‘အချိန်ကိုက်၊ နေရာကိုက် (right place at right time)’ ရောက်ရှိနေတာကြောင့် အခုလိုအံ့မခန်း စွမ်းဆောင်ရည်တွေ ပြသနေနိုင်တာ ဖြစ်ပါတယ်..။

ကစားသမား တစ်ယောက်ဟာ စွမ်းဆောင်မှုတိုင်းမှာ ‘အကောင်းဆုံး ရလဒ်ကို မျှော်မှန်းထားပေမယ့် အဆိုးဆုံးကြုံလာရင်လည်း ပြင်ဆင်ထားနိုင်ရပါမယ်.. (hope for the best, plan for the worst)’ ဆိုတဲ့ ဆိုရိုးစကားအတိုင်း လိုက်နာနိုင်ဖို့ လိုအပ်ပါတယ်..။ ဆိုလိုချင်တာက ကိုယ်ပေးပို့လိုက်တဲ့ ဘောလုံးဟာ ဆိုးရွားတဲ့ ဘောလုံးဖြစ်သွားခဲ့ရင် ချက်ချင်းပြန်ပြီး အရယူနိုင်ဖို့ အမြဲတမ်း အသင့်ရှိနေရမယ့်သဘောပါ..။ ကိုင်ဆီဒို ဟာ ကိုယ့်အသင်းဘက်က ဆုံးရှုံးသွားတဲ့ဘောလုံးကို ပြန်ပြီးအရယူနိုင်တဲ့နေရာမှာ အကောင်းဆုံး ကစားသမားပါပဲ..။ သူဟာကိုယ့်ရဲ့အသင်းဖော်တွေရဲ့ ရှေ့ဆုံးကနေ အကာအကွယ်ပေးနိုင်ဖို့ အမြဲတမ်း အသင့်ရှိနေပါတယ်..။



ချယ်လ်ဆီးအသင်းဟာ အဲဒါကြောင့်လည်း ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဖလားနှစ်လုံး ဆွတ်ခူးနိုင်ခဲ့တာပါ..။ သူတို့ရရှိခဲ့တဲ့ ဖလားတွေဟာ အကြီးမားဆုံး အောင်မြင်မှုတွေ မဟုတ်ခဲ့ပေမယ့် ကိုင်ဆီဒို တို့လို ကစားသမားတွေ ရှိနေတာဟာ အောင်မြင်မှုတွေရဲ့ အခြေခံအုတ်မြစ်တစ်ခုပါပဲ..။

မတ် ဟော်လန် - မန်ချက်စတာ စီးတီးအသင်းက ရိုဒရီ တို့နဲ့ နှိုင်းယှဉ်လို့ရော ရပြီလား..? ဒါမှမဟုတ် ကိုင်ဆီဒို ဟာ အခုလက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားလို့ ပြောလို့ရနိုင်ပြီလား..?

အိုဝင် ဟားဂရိဗ် - မနှစ်ကဘောလုံးရာသီမှာ ဂရာဗင်ဘာ့ဂျ် ဟာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်..။ ကိုင်ဆီဒို ရဲ့ အခုလက်ရှိခြေစွမ်းနဲ့ဆိုရင် သူ့ကိုခုနက ခင်ဗျားပြောတဲ့ ကစားသမားတွေနဲ့ တန်းတူလို့ သတ်မှတ်လို့ရတာပေါ့..။ ‘အကောင်းဆုံး’ လို့ ပြောနိုင်ဖို့က ‘ဒက်ကလန် ရိုက်စ်’ တို့လို ကစားသမားတွေလည်း ရှိနေပါသေးတယ်..။ အများကြီးပါ..။ ဒါပေမယ့် လက်ရှိအချိန်မှာ သူဟာတည်ငြိမ်မှုအရှိဆုံး ခြေစွမ်းပြနေနိုင်တဲ့သူ ဖြစ်ပါတယ်..။ ဒါ့အပြင်ဒဏ်ရာအနာတရ ရရှိမှု နည်းပါးတာကလည်း အားသာချက်တစ်ခုပါပဲ..။ မွိုက်စ် ကိုင်ဆီဒို ဟာ ဒဏ်ရာကြောင့်အနားယူရတယ်.. ဆိုတာ မတွေ့ရသလောက်ပါပဲ..။

မတ် ဟော်လန် -
ဟုတ်ကဲ့ပါ..။ ချယ်လ်ဆီးအသင်းရဲ့ ဒုတိယဂိုးကတော့ မာ့စ် ကူကူရယ်လာ ရဲ့ ဘယ်တောင်ပံ ထိုးဖောက်မှုကနေတဆင့် အသက် (၁၈) နှစ်အရွယ် လူငယ်ကစားသမားလေး အက်စ်တီဗာအို က အဆုံးသတ်ပေးလိုက်ပါတယ်..။ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ မာ့စ် ကူကူရယ်လာ က မိုဟာမက် ဆာလာ ရဲ့ နောက်က နေရာလွတ်တွေဆီကို ဦးတည်ပြီး ထိုးဖောက်ခဲ့တဲ့ သူတို့ရဲ့ပွဲချဉ်းကပ်ပုံ အစီအမံအကြောင်း ပြောပြခဲ့ပါတယ်..။



အခုပူးတွဲပုံ (ပုံ- ၇) မှာ လီဗာပူးလ်အသင်း ကစားသမားတွေရဲ့ ပွဲချိန်အတွင်း နေရာယူမှု အနေအထား (average position) ကို တွေ့ရမှာပါ..။ ညာတောင်ပံ တိုက်စစ်မှူး မိုဟာမက် ဆာလာ ဟာ တိုက်စစ်ကို လိုက်ပါမှုအများဆုံး ဖြစ်နေသလို သူ့ဟာသူ သီးသန့်ကစားနေသလို ဖြစ်နေတာဆိုတော့ ကူကူရယ်လာ ပြောခဲ့တဲ့ အင်ဇို မာရက်စ်ကာ ရဲ့ ပွဲချဉ်းကပ်ပုံ အစီအမံအတိုင်း ကွက်တိ ဖြစ်ခဲ့တယ်လို့ ပြောရမှာပဲဗျ..။ အထောင်တိုက်စစ်မှူးနေရာက အီဆက် ဟာ ဘယ်တောင်ပံဘက်ကို ပိုပြီးအားပြု ကစားသလို ဆဘိုဇလိုင်း နဲ့ ကော်နာ ဘရက်ဒ်လေ တို့က ခံစစ်ဇုန်မှာ ပိုပြီးရှိနေပါတယ်..။ 

အိုဝင် ဟားဂရိဗ် - ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မိုဟာမက် ဆာလာ ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သလို လီဗာပူးလ်အသင်းရဲ့ အဆုံးအဖြတ် အခိုက်အတန့်တွေကို ဖန်တီးပေးခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့ခံစစ်ပိုင်း ကူညီနိုင်မှု အားနည်းချက်ကို တိုက်စစ်ပိုင်းမှာ အဆုံးအဖြတ် အခိုက်အတန့်တွေ ဖန်တီးပေးနိုင်တဲ့ အားသာချက်နဲ့ ချေဖျက်နိုင်ခဲ့လို့ မသိသာခဲ့ဘူးဗျ..။ 

အထူးသဖြင့်အခုဆိုရင် အသက် (၃၃) နှစ် ရှိပြီဆိုတော့ အရင်ကလို အတက်၊ အဆင်းသိပ်ပြီး မလုပ်နိုင်တော့ဘူးဆိုတာ ပြိုင်ဘက်တွေက မှန်းဆနိုင်ခဲ့ပြီပေါ့..။ ဒါ့ကြောင့်သူ့ဆီကို ဘောလုံးတွေ မရောက်လာအောင် ညာနောက်ခံလူ ကို ဖိအားပေးမယ်..၊ ဂရာဗင်ဘတ်ဂျ် နဲ့ ဆဘိုဇလိုင်း ကို ဖိအားပေးမယ်..၊ ဗဟိုနောက်ခံလူ တစ်ယောက်ကိုလည်း ဖိအားပေးရင်း လမ်းကြောင်းတွေ ဖြတ်တောက်ခဲ့တဲ့ အစီအမံလို့ ပြောရမှာပါ..။



မတ် ဟော်လန် - ဒါဆိုရင် ချယ်လ်ဆီးအသင်းရဲ့  ပွဲချိန်အတွင်း နေရာယူမှု အနေအထား (average position) ကို တစ်ချက်ကြည့်ရအောင်..(ပုံ- ၈) ။ အလီဂျန်ဒရို ဂါနာချို ဟာ ဘယ်ဘက်ထိပ်ဆုံးမှာရှိနေပြီး ကော်နာ ဘရက်ဒ်လေ ကို ကောင်းကောင်းဖိအားပေးနိုင်ခဲ့ပါတယ်..။ ခင်ဗျားပြောခဲ့တဲ့ အစီအမံအတိုင်းပဲဗျ..။ မာ့စ် ကူကူရယ်လာ ကလည်း သူ့ကိုအကောင်းဆုံး ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်..။ ကူကူရယ်လာ တိုက်စစ်လိုက်ပါသွားရင် ဘာဒီယာရှီးလ် ဒါမှမဟုတ် အင်ဇို ဖာနန်ဒက်စ် တို့က နောက်ကနေဖြည့်ပြီး ကစားပေးခဲ့ကြပါတယ်..။ 

ကဲ.. ချယ်လ်ဆီးအသင်းဘက်က build up play စတင်မယ့်အချိန်ကို အောက်ကပုံ (ပုံ- ၉) မှာ ပြထားပါတယ်..။ ကွင်းလယ်မှာ အင်ဇို ဖာနန်ဒက်စ် ဘောလုံးသယ်လာတဲ့အချိန် မိုဟာမက် ဆာလာ က မာ့စ် ကူကူရယ်လာ ရဲ့နောက် အဝေးကြီးမှာ ကျန်နေခဲ့ပါတယ်..။ 

အိုဝင် ဟားဂရိဗ် - နည်းပြက သူ့ကိုခံစစ်ကို လိုက်ပြီးဆင်းပေးစရာမလိုဘူးလို့ ပြောထားလား? မသိဘူးဗျ..။
မတ် ဟော်လန် - အခုလက်ရှိ သူတို့ကစားနေတဲ့ပုံစံကတော့ အဲဒီအတိုင်းပဲ..။ ဒါပေမယ့် ‘မင်းခံစစ်ကို ဆင်းကူစရာမလိုဘူး..’ လို့ အာနီ ဆလော့တ် က မပြောလောက်ပါဘူး..။



အိုဝင် ဟားဂရိဗ် - မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကျွန်တော်တို့ရှိစဉ်က ခရစ္စတီယာနို ရော်နယ်လ်ဒို နဲ့ အခုလိုပြဿနာမျိုး ကြုံခဲ့ဖူးပါတယ်..။ ဒါပေမယ့် ကျန်တဲ့ကစားသမားတွေက သူ့အတွက် လိုက်ပြီးဖြည့်ကစားပေးခဲ့တာကြောင့် မသိသာခဲ့ပါဘူး..။

မတ် ဟော်လန် - အဲဒီအကြောင်းကို ဝိန်း ရူနီ ပြောခဲ့ဖူးတာ မှတ်မိတယ်..။ CR 7 က တောင်ပံမှာ ကစားနေရင် သူနောက်ပြန်မဆင်းတာဟာ အသင်းရဲ့ နည်းစနစ်ပိုင်း ပြဿနာ ဖြစ်ရပါတယ်..။ ဒါ့ကြောင့်သူ့ကို တိုက်စစ်မှူးအဖြစ် အတွင်းဘက်ကို ဝင်ပြီးကစားခိုင်းလိုက်တယ်..၊ ဝိန်း ရူနီ ဖြစ်ဖြစ်၊ တခြားတစ်ယောက်ယောက် တောင်ပံကို ထွက်ပြီး ကစားခဲ့ပါတယ်..။

ဒါ့ကြောင့်အခုဆိုရင် တဖြည်းဖြည်းနဲ့ အသက်အရွယ်ရလာတဲ့ မိုဟာမက် ဆာလာ ကို အတွင်းဘက်ဝင်ပြီး ကစားခိုင်းခဲ့ရင် အသင်းအတွက် ပိုများကောင်းသွားမလား..? ပေါ့ဗျာ..။ ဒါ့အပြင်သူဟာ အတွင်းဘက်မှာဆိုရင် ပြိုင်ဘက်အသင်းကို အန္တရာယ်ပေးနိုင်ဖို့ အခွင့်အရေးလည်း ပိုများလာနိုင်ပါတယ်..။    
အိုဝင် ဟားဂရိဗ် - ဒါပေမယ့် သူတို့ဟာ ပေါင်သန်း (၁၀၀) တန် အထောင်တိုက်စစ်မှူး နှစ်ယောက်တောင် အားဖြည့်ထားတာနော..။
 
မတ် ဟော်လန် - အဲဒီနှစ်ယောက်စလုံးက တောင်ပံမှာလည်း ကစားတတ်ပါတယ်..။ ကဲ.. အခုကပုံ (ပုံ- ၉) ရဲ့ အဆက်.. ချယ်လ်ဆီးဘက်က ထိုးဖောက်လာတာ လီဗာပူးလ် ကွင်းဘက် ရောက်လာပါပြီ..(ပုံ - ၁၀) ။ ဂါနာချို ဆီ ဘောလုံးရောက်လာတဲ့အချိန် ကူကူရယ်လာ ပြေးတက်လာတယ်..။ ဘရက်ဒ်လေ ဟာ 2 vs 1 အခက်အခဲ ကြုံရပါပြီ..။



အခုအောက်ကပုံ (ပုံ- ၁၁) မှာတော့ ကော်နာ ဘရက်ဒ်လေ ဟာ ကူကူရယ်လာ ကို ဆွဲလှဲလိုက်တာကြောင့် အဝါကတ်ဒ် အပြခံလိုက်ရပါတယ်..။ အဲဒီအဝါကတ်ဒ် ရဲ့ အကျိုးဆက်က ဒုတိယပိုင်းမှာ သူ့ကိုလူလဲလိုက်တာပဲဗျ..။ ဆဘိုဇလိုင်း က ညာနောက်ခံလူ နေရာကို ဆင်းပြီး ကစားခဲ့ပါတယ်..။ ဒုတိယပိုင်းမှာလည်း ဂါနာချို၊ ကူကူရယ်လာ တို့နဲ့ လီဗာပူးလ်အသင်း ညာဘက်ခံစစ် ကစားသမားတို့ 2 vs 1 ရင်ဆိုင်ခဲ့ရတာတွေ မကြာခဏ မြင်ခဲ့ရပါတယ်..။



အောက်ကပူးတွဲပုံ (ပုံ - ၁၂) ကတော့ အနိုင်ဂိုးရသွားမယ့် build up play မှာ ကိုင်ဆီဒို ရဲ့ လီဗာပူးလ် ကစားသမား နှစ်ယောက်ကြားက ပြောင်းပြန်ပေးပို့မှု (reverse pass) ကတဆင့် ရိုမီယို လားဗီးယား၊ မာ့စ် ကူကူရယ်လာ ဆီ ဘောလုံးရောက်သွားပါတယ်..။ အဲဒီ transition မှာ ချယ်လ်ဆီးအသင်းဟာ ဘယ်ဘက်ခြမ်းကို ရောက်သွားတာနဲ့ 3 vs 2 လူအင်အား အသာစီး ရခဲ့တာကို သတိပြုမိမှာပါ..။



ဒီတစ်ခါမှာတော့ ပွဲချိန်နောက်ဆုံးမိနစ် ဆိုပေမယ့် မိုဟာမက် ဆာလာ နောက်ကိုဆင်းကူခဲ့ပါတယ်..။ ဒါပေမယ့် ကူကူရယ်လာ ဟာ ဂိုးဧရိယာထဲ ရောက်သွားပြီးတဲ့နောက် အင်ဇို ကနေ ဆီ ထိုးပေးလိုက်တဲ့အချိန်ကျ ပါမလာပြန်တော့ပါဘူး..။

အိုဝင် ဟားဂရိဗ် - အဝေးဂိုးတိုင်မှာ အသင့်ရှိနေတဲ့ အက်စ်တီဗာအို ရဲ့ ပါးနပ်မှုကိုလည်း ချီးကျူးရမှာပါ..။ ဒါပေမယ့် မို ဆာလာ ဟာ မနှစ်ကလို ဂိုးတွေသွင်း၊ ဂိုးတွေဖန်တီးပေးပြီး တိုက်စစ်ပိုင်းမှာ အဆုံးအဖြတ်ပေးနိုင်ရင် ခံစစ်ဆင်းမကူတာ ပြဿနာမရှိပါဘူး..။ နည်းပြအာနီ ဆလော့တ် အနေနဲ့ ကစားသမားတွေရဲ့ နေရာယူမှု၊ တာဝန်ပေးထားပုံတွေကို နည်းနည်းလေး အပြောင်းအလဲ လုပ်လိုက်ရုံနဲ့ မိုဟာမက် ဆာလာ ခံစစ်ပိုင်း ဆင်းမကူနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်..။