feature-image

ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမား ‘ကိုးလ် ပါးမား’

ကိုးလ် ပါးမား မှာ နောက်ဆုံးဘောလုံးရာသီ နှစ်ရာသီအတွင်း ချယ်လ်ဆီးအသင်း၏ အကောင်းဆုံး စွမ်းဆောင်ရည်မှုတွင် အဓိကအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်..။ ထို့အပြင် ၂၀၂၅/၂၆ ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သည့် အပြာရောင်တို့၏ ရာသီကုန် ပန်းဝင်ခရီးတွင်လည်း အရေးပါသည့်နေရာမှ ပါဝင်ခဲ့ပြန်ပါသည်..။ အင်္ဂလန်လူငယ် ကွင်းလယ်ဖန်တီးရှင်လေးမှာ ရီးရဲလ် ဘက်တစ်အသင်းအား အနိုင်ရခဲ့သည့် ကွန်ဖရင့်စ်လိဂ်ဖလား ဗိုလ်လုပွဲတွင် အသင်း၏သွင်းဂိုးနှစ်ဂိုးကို လှလှပပ ဖန်တီးပေးနိုင်ခဲ့ပါသည်..။ 

ယခုနောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင်လည်း ရေပန်းစားနေသည့် ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိစေခဲ့သည့် သွင်းဂိုးနှစ်ဂိုးကို ပထမပိုင်းတွင် အရယူပြီး အနိုင်ရလဒ်ကို ပြတ်သားစေခဲ့သည်..။ လက်ရှိဥရောပ ဘောလုံးလောကမှ အကောင်းဆုံး တိုက်စစ်ကစားသမား အများအပြား ပါဝင်ခဲ့သည့် နယူး ယောက်ခ်မြို့၊ MetLife Stadium ကစားကွင်းအတွင်း ကြယ်ပေါင်းစုံညီ ဗိုလ်ဝင်ခံပွဲ၌ ပါးမား မှာ ကမ္ဘာ့အဆင့် အကောင်းဆုံး ကစားသမားများနှင့် တန်းတူရင်ဘောင်တန်းနိုင်စွမ်းရှိကြောင်းကို ထပ်မံသက်သေပြခဲ့ပြန်ပါသည်…။

ချယ်လ်ဆီးအသင်းမှာ ကိုးလ် ပါးမား အား ရွှေရောင်မျိုးဆက်သစ်ကို ဦးဆောင်မည့် သရဖူအပ်နှင်းသည့်အနေဖြင့် ပြိုင်ပွဲမစခင်လေးမှာတင် ဂန္တဝင်ကစားသမားကြီးများ ဝတ်ဆင်လေ့ရှိသည့် ကျောနံပါတ် (၁၀) အင်္ကျီကို ပေးအပ်ပြီး အနာဂတ်အတွက် ယုံကြည်မှုအပြည့်ရှိကြောင်း ပြသပေးခဲ့သည်..။ ပါးမား မှာ ယခုကျင်းပခဲ့သည့်ပြိုင်ပွဲကြီးတွင် ပါဝင်ခဲ့သည့် သူ၏ငယ်ဘဝ သူရဲကောင်းများဖြစ်ကြသော လီယွန်နယ် မက်ဆီ၊ ဝိန်း ရူနီ တို့ ဝတ်ဆင်ခဲ့သော ကျောနံပါတ် (၁၀) နှင့် ထိုက်တန်သည့် စွမ်းဆောင်ရည်များကို ပြသ၊ သက်သေထူနိုင်ခဲ့ပြန်ပါသည်…။



ချယ်လ်ဆီးအသင်း၏ ကျောနံပါတ် (၁၀) လက်သစ်မှာ လော့စ် အိန်းဂျယ်လိစ်အသင်းနဲ့ပွဲ၊ ဖလာမင်ဂို အသင်းတို့နှင့် ပွဲစဉ်များတွင် ခြေစွမ်းမပြနိုင်ခဲ့သော်လည်း ရှုံးထွက်အဆင့် ရောက်ရှိလာချိန်တွင် ပုံမှန်ခြေစွမ်း ပြန်လည်ရရှိခဲ့ပါသည်..။ ဘင်ဖီကာအသင်းအား ၄ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် အသက် (၂၃) နှစ်အရွယ် ကွင်းလယ် ဖန်တီးရှင်မှာ ဂိုးကန်ချက် (shots)၊ ဂိုးပေါက်တည့်ကန်ျက် (shots on targets)၊ ဘောလုံးဆွဲယူနိုင်မှု (dribbles) အများဆုံး ပြုလုပ်နိုင်သည့် ကစားသမားအဖြစ် စွမ်းဆောင်နိုင်ခဲ့ပြီး ကီယာနန် ဒူးစ်ဘာရီ-ဟောလ် ၏ သွင်းဂိုးအား ဖန်တီးပေးမှု (assist) အပါအဝင် အရေးပါသည့် ပေးပို့မှု (key passes) (၃) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်..။

ဘရာဇီးလ် ပါရမီရှင် လူငယ်ကစားသမား အက်စ်တီဗာအို ဝီလီယံ ပါဝင်သည့် ပါးလ်မီးရက်စ်အသင်းနှင့် ရင်ဆိုင်ခဲ့ရသည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ထရေဗာ ချာလိုဘာ ပေးပို့သည့်ဘောလုံးကို ဘရာဇီးလ်အသင်း ဂိုးဧရိယာထိပ်တွင် လက်ခံရယူပြီး နောက်ခံလူနှစ်ယောက်ကို ကျော်ဖြတ်ကာ ဂိုးသမား၏ ဘယ်ဘက်ထောင့်ထဲသို့ အတိအကျကန်သွင်း.. ဂိုးရယူပေးခဲ့သည်..။ ကိုးလ် ပါးမား ၏ သွင်းဂိုးများထဲတွင် အဆိုပါသွင်းဂိုးပုံစံ ရယူခဲ့သည့်ဂိုးများကို ပြီးခဲ့သည့် ဘောလုံးရာသီများတွင် ချယ်လ်ဆီးပရိသတ်များ မကြာခဏ မြင်တွေ့ခဲ့ရပြီးဖြစ်သည်..။

ဖလူမင်နက်စီ အသင်းနှင့် အကြိုဗိုလ်လုပွဲစဉ်တွင် ဂျာအို ပီဒရို က အထူးခြေစွမ်းပြပြီး အများအာရုံစိုက်ခံရသူ ဖြစ်ခဲ့ရသော်လည်း လက်ရှိဥရောပချန်ပီယံ ပီအက်စ်ဂျီအသင်းနှင့် ဗိုလ်လုပွဲမှာတော့ လှပ၊ သပ်ရပ်သည့် သွင်းဂိုးနှစ်ဂိုးနှင့်အတူ သူ၏အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့ပါသည်..။ ကိုးလ် ပါးမား မှာ အဆိုပါပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ခံခဲ့ရသလို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ နည်းစနစ်လေ့လာရေးအဖွဲ့ (Technical Study Group) မှ ရွေးချယ်၊ ချီးမြှင့်သော ရွှေဘောလုံးဆု (Golden Ball) ကိုပါ ရရှိခဲ့ပြီး ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်…။



ကိုးလ် ပါးမား မှာ ဗိုလ်လုပွဲကြီးတွင် သွင်းယူခဲ့သည့် နှစ်ဂိုးအပါအဝင် ဂျာအို ပီဒရို အတွက် ဖန်တီးပေးခဲ့သည့် ပေးပို့မှု အပါအဝင် ပြိုင်ပွဲတစ်လျှောက် ဂိုးပါဝင်ပတ်သက်မှု (goal involvement) (၅) ကြိမ် (သွင်းဂိုး - ၃၊ ဂိုးဖန်တီးမှူ ၂) ဖြင့် ရီးရဲလ် မက်ဒရစ်အသင်းမှ ဂွန်ဇာလို ဂါးစီးယား (သွင်းဂိုး- ၄၊ ဂိုးဖန်တီးမှု ၁)၊ ဘေယန် မြူးနစ်အသင်းမှ မိုက်ကယ် အိုလီဆေး (သွင်းဂိုး- ၃၊ ဂိုးဖန်တီးမှု ၂) တို့နှင့် ပူးတွဲပြီး စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်..။

ထို့အပြင် တစ်လတာ ကျင်းပခဲ့သည့် ပြိုင်ပွဲအတွင်း ‘တည်ကန်ဘောမပါသော အခွင့်အရေး ဖန်တီးပေးမှု (open play chances)’ တွင် စုစုပေါင်း (၁၁) ကြိမ်ဖြင့် ပူးတွဲဖန်တီးပေးမှု အများဆုံး ကစားသမား ဖြစ်ခဲ့သလို ဂိုးကန်သွင်းမှု စုစုပေါင်း (၂၁) ကြိမ်ဖြင့် ဒုတိယကန်ချက်အများဆုံး၊ ဂိုးကန်သွင်းနိုင်သည့် ဘောလုံးဆွဲပြေးမှု (ball carries ending in a shot) (၉) ကြိမ်ဖြင့် ဒုတိယအများဆုံး.. စသည့် စွမ်းဆောင်ရည် စံချိန်မှတ်တမ်းကောင်းများကိုလည်း ရရှိခဲ့ပါသည်..။

ပီအက်စ်ဂျီအသင်းနှင့် ပွဲစဉ်တွင် ပါးလ်မား မှာ အတွင်းဘက်ကို ဆွဲဝင်ပြေးသည့် ညာတောင်ပံ ကစားသမားအဖြစ် ပဲရစ်မြို့သားများ၏ ခံစစ်ကြောင်းကို အထူးခြိမ်းခြောက်၊ အန္တရာယ်ပေးနိုင်ခဲ့သည်..။ ကိုးလ် ပါးမား မှာ မာလို ဂတ်စ်တို၊ ဂျာအို ပီဒရို တို့နှင့် တွဲဖက်၍ ညာတောင်ပံမှ အသာစီးရယူ ထိုးဖောက်နိုင်ခဲ့သလို နည်းပြအင်ဇို မာရက်စ်ကာ ၏ ညွှန်ကြားချက်အတိုင်း ညာတောင်ပံ ဂိုးဧရိယာထိပ်မှ ပီအက်စ်ဂျီအသင်းဘက်ကို အကောင်းဆုံး အန္တရာယ်ပေးနိုင်ခဲ့သည်ကို မြင့်တွေ့ရပါသည်..။



“ပီအက်စ်ဂျီအသင်းနဲ့ပွဲမှာ နည်းပြကြီး (the gaffer) ရဲ့  ပွဲအစီအမံ အရမ်းကိုကောင်းမွန်ခဲ့ပါတယ်..။ ဘယ်လိုနေရာမှာ ကျွန်တော့်အတွက် နေရာလွတ်တွေ ပေါ်လာနိုင်မယ်.. ဆိုတာ ကောင်းကောင်းမှန်းဆနိုင်ခဲ့သလို ကျွန်တော့်ရဲ့ ကစားပုံအတိုင်း လွတ်လွတ်လပ်လပ် ကစားနိုင်အောင် စီမံပေးနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ဘက်က သွင်းဂိုးတွေနဲ့အတူ သူ့ကိုပြန်လည်ပေးဆပ်၊ ကျေးဇူးဆပ်ရမှာပါ…။”

ဗိုလ်လုပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် ကိုးလ် ပါးမား က နည်းပြကြီး၏ နည်းစနစ်ပိုင်း အစီအမံ ကောင်းမွန်မှုကို အသိအမှတ်ပြုခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ အပြာရောင်ပရိသတ်ကြီးနှင့် အီတလီနည်းပြကြီးအတွက် သွင်းဂိုးများနှင့် ကျေးဇူးတုံ့ပြန်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်..။ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်တွင် ချယ်လ်ဆီးအသင်း၏ အနာဂတ်အတွက် ရွှေရောင်မျိုးဆက်ကို ဦးဆောင်မည့် ရွှေရောင်ကောင်လေး Golden Boy ကိုးလ် ပါးမား မှာ အကောင်းဆုံး ကစားသမား ရွှေဘောလုံး (Golden Ball) ဆု နှင့်အတူ တစ်ဦးချင်း အောင်မြင်မှုရော၊ အသင်းလိုက် အောင်မြင်မှုကိုပါ စတင်ရရှိနေပြီ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါသည်..။



 (Chelsea FC Official Website မှ တင်ဆက်သော ‘Our golden boy: Why Cole Palmer was named Club World Cup's best player’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)