feature-image

ကော့ဘ်ဟမ် အကယ်ဒမီ ကစားသမားများအတွက် ဂုဏ်ယူဖွယ်ရာ သက်ရှိမှတ်တမ်း

ချယ်လ်ဆီးအသင်း၏ ကော့ဘ်ဟမ် လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသည့် ငယ်မွေးခြံပေါက် ကစားသမားများအတွက် အသင်းကြီးသို့ ရောက်ရှိပြီး အသင်းနဲ့အတူ ကစားခွင့်ရရှိနိုင်ရန် အိပ်မက်ကိုယ်စီ ရှိကြပါသည်..။ ဘောလုံးရာသီတစ်ခု ပြီးဆုံးချိန်တိုင်း ကော့ဘ်ဟမ် လေ့ကျင့်ကွင်းရှိ Academy debut wall ဆိုသည့် နံရံထက်တွင် အသင်းကြီးနှင့်အတူ ပွဲထွက်ခွင့်ရခဲ့သည့် လူငယ်ကစားသမားလေးများအား မှတ်တမ်းတင်ရေးထိုး၊ ဂုဏ်ပြုပြီး အနာဂတ်၏ လူငယ်သွေးသစ်၊ ညီငယ်လေးများ ဂုဏ်ယူအားကျစေရန် အစဉ်အလာတစ်ခု စိုက်ထူထားခဲ့သည်..။

၂၀၂၄/၂၅ ဘောလုံးရာသီအတွင်း အသင်းကြီးပွဲထွက်ခွင့်ရခဲ့သည့် လူငယ်အကယ်ဒမီ ကစားသမား (၈) ဦးရှိခဲ့ပြီး ယခင်လက ချယ်လ်ဆီးအသင်းနှင့် ပညာသင်ဆုစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ရက်ဂီ ဝပ်ရှ် (Reggie Walsh) မှာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်း၏ နံရံထက်တွင် နောက်ဆုံးမှတ်တမ်းတင်နိုင်ခဲ့သည့် ကစားသမား ဖြစ်ခဲ့သည်..။

ချယ်လ်ဆီးအသင်းကြီးနည်းပြ အင်ဇို မာရက်စ်ကာ ၏ UEFA ကွန်ဖရင့်စ်လိဂ် ချန်ပီယံဆုဖလား၊ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ခရီးစဉ်တစ်လျှောက်တွင် လူငယ်အကယ်ဒမီ ကစားသမားလေးများ၏ အခန်းကဏ္ဍမှာ အရေးပါသောနေရာက ပါဝင်ခဲ့ပါသည်..။



ပြီးခဲ့သည့်ရာသီတွင် အသင်းကြီးနှင့် ပထမဆုံးပွဲထွက်ခွင့်ရခဲ့သည့် လူငယ်အကယ်ဒမီ ကစားသမားမှာ တိုင်ရစ်ခ် ဂျော့ချ် (Tyrique George) ဖြစ်ပြီး ဆာဗက်တီအသင်းနှင့် ကွန်ဖရင့်စ်လိဂ် play-off ပွဲစဉ်တွင် စတင်ပါဝင်ခွင့်ရခဲ့သည်..။ ချယ်လ်ဆီးအသင်း၏ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲတွင် အရေးပါသည့် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည့် ဖူးလ်ဟမ်းအသင်းနှင့်ပွဲ၌ ချေပဂိုးသွင်းယူပေးခဲ့သူ ဂျော့ချ် မှာ နောက်ခံလူ ဂျော့ရှ် အာချီယမ်‌ပေါင်း (Josh Acheampong) နှင့်အတူ အသင်းကြီး ကစားသမားအဖြစ် ရာထူးတိုး၊ အသိအမှတ်ပြုခံခဲ့ရသည်..။

နိုဝင်ဘာလက နိုအာအသင်းအား ၈ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ကွန်ဖရင့်စ်လိဂ်ပွဲစဉ်တွင် ကွင်းလယ် ကစားသမား ဆယ်မြူရယ် ရက်ခ်-ဆက်ကီ (Samuel Rak-Sakyi) ပါဝင်ကစားခွင့်ရခဲ့သည်..။ အက်စ်တာနာ အသင်းနှင့် ကာဇက်စ်တန်နိုင်ငံတွင် ယှဉ်ပြိုင်ခဲ့သောပွဲစဉ်တွင် အကယ်ဒမီ ကစားသမား (၃) ဦးဖြစ်သော အေတို အမ်ပါးရ် (Ato Ampah)၊ ကီယာနို ဒိုင်ယာ (Kiano Dyer) နှင့် ရှူမီးယား မာဟူးကား (Shumaira Mhueka) တို့ ပါဝင်ကစားခဲ့ရပြီး ချလ်လ်ဆီးအသင်းက ၃ဂိုး- ၁ဂိုးဖြင့် အနိုင်ရခဲ့သည်..။

ဒီဇင်ဘာလတွင် ရှမ်းရော့ခ် ရိုဗားစ်အသင်းနှင့် စတန်းဖိုဒ် ဘရစ်ချ်တွင် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် နောက်ခံလူ ဟာရီဆင် မာရေး- ကမ်းဘဲလ် (Harrison Murray- Campbell) မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်..။

 
လူငယ်အကယ်ဒမီ တိုက်စစ်မှူး ရှူမီးကား မာအူးကား မှာ ဆောက်ပ်သမ်တန်အသင်းနှင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲထွက်ခွင့်ရခဲ့ပြီး ချယ်လ်ဆီးအသင်းက ၄ဂိုး- ဂိုးမရှီဖြင့် အနိုင်ရခဲ့သည်..။ ကိုပင်ဟေဂင်အသင်းအား အိမ်ကွင်းတွင် ကွန်ဖရင့်စ်လိဂ်ပွဲစဉ်တွင် လူငယ်နောက်ခံလူ ဂျီနက်ဆစ်စ် အန့်တ်ဝီ (Genesis Antwi) မှာ လူစားဝင် ကစားခွင့်ရရှိခဲ့ပါသည်..။

ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတွင် ကျောင်းအိပ်ကျောင်းစား တက်ရောက်နေသည့် ရက်ဂီ ဝပ်ရှ် မှာ Djurgarden အသင်းနှင့် ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲ၊ ဒုတိယအကျော့ ပွဲစဉ်တွင် ကစားခွင့်ရရှိခဲ့ပြီး အသင်း၏ သမိုင်းတစ်လျှောက် တတိယမြောက် အသက်အငယ်ဆုံး အသင်းကြီးကစားခွင့် ရရှိခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်း ပရိသတ်ရှေ့မှောက်တွင် ကစားခွင့်ရစဉ်က ရက်ဂီ ဝပ်ရှ် မှာ အသက် (၁၆) နှစ်အရွယ်သာ ရှိသေးသည်..။

ကော့ဘ်ဟမ်လေ့ကျင့်ကွင်းရှိ Academy debut wall ပေါ်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်မွေးဖွားခဲ့သည့် ၁၉၉၂ ခုနှစ်နောက်ပိုင်း အသင်းကြီးပွဲထွက်ခွင့်ရခဲ့သည့် လူငယ်ကစားသမားလေးများ၏ နာမည်ကို ရေးထိုး၊ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်..။ လူငယ်ကစားသမားလေးများကို အသင်းကြီးသို့ ပေါင်းကူးပေးထားသည့် သက်သေ၊ သာဓကအဖြစ် တည်ရှိနေသည့် သက်ရှိမှတ်တမ်း.. debut wall နံရံထက်တွင် မှတ်တမ်းရေးထိုးနိုင်ခဲ့ပြီး သူ၏အသင်းကြီး ပွဲထွက်ခွင့်ရရှိခဲ့ခြင်းအပေါ် လူငယ် ကစားသမားလေး ရက်ဂီ ဝပ်ရှ် က အောက်ပါအတိုင်း အမှတ်တရစကား ပြောကြားခဲ့ပါသည်..။



“ကျွန်တော့်အတွက် တကယ့်ကို ကြီးကျယ်၊ ခမ်းနားခဲ့တဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်..။ ကျွန်တော်ဟာ ဘောလုံးကစားနည်းကို အထူးချစ်မြတ်နိုးရသလို ချယ်လ်ဆီးအသင်းဆိုတာ ကျွန်တော့်ရဲ့ဘဝ.. အရာအားလုံးကို ကိုယ်စားပြုနေပါတယ်..။ ဒါ့ကြောင့်အသင်းကြီးနဲ့အတူ စတင်ကစားခွင့်ရတဲ့အချိန်ဟာ အိပ်မက်မက်နေသလား.. ထင်ယောင်မှားမိပါတယ်..။ အဲဒီအချိန်က ရရှိခဲ့တဲ့ ခံစားချက်ကို ပြောပြဖို့ရာ မစွမ်းနိုင်ပါဘူး..။

အခုလာမယ့်ရာသီမှာ ပိုပြီးတိုးတက်မှုတွေ ရရှိလာအောင် အာရုံစိုက်၊ အစွမ်းကုန်ကြိုးစားသွားပါမယ်..။ အဲဒီလိုကြိုးစားမှုကြောင့် ကျွန်တော့်အတွက် ခြေစွမ်းပြနိုင်မယ့် အခွင့်အရေးတွေ ထပ်မံရရှိလာဦးမယ်လို့လည်း မျှော်လင့်ထားပါတယ်..။”

ယခုအချိန်တွင် (၉၄) ဦးသော လူငယ်ကစားလေးများ၏ နာမည်များကို ရေးထိုးထားခဲ့သည့် ကော့ဘ်ဟမ် လေ့ကျင့်ကွင်း၊ အဓိကလျှောက်လှမ်းဘေးမှ Academy debut wall နံရံကြီးမှာ လူငယ်ကစားသမားလေးများ၏ အိပ်မက်တွေကို လက်တွေ့ဖြစ်လာစေမည့် သက်သေ၊ သာဓကတစ်ခု ဖြစ်နေခဲ့သလို လာမည့် ၂၀၂၅/၂၆ ဘောလုံးရာသီတွင်လည်း ကော့ဘ်ဟမ် လူငယ်အကယ်ဒမီထွက် ငယ်မွေးခြံပေါက် ကစားသမားလေးများ၏ အောင်မြင်မှု မှတ်တမ်းသစ်များကိုလည်း ဂုဏ်ယူဝံ့ကြွားစွာ စောင့်မျှော်၊ ကြည့်ရှုရပါဦးမည်..။