feature-image

ချယ်လ်ဆီးအသင်းမှ အဌားချ ကစားသမားများ၏ လက်ရှိခြေစွမ်းများ

၂၀၂၅/၂၆ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းမှ အဌားစေလွှတ်ထားသည့် ကစားသမားများနှင့် လာမယ့်ဘောလုံးရာသီတွင် အသင်းသို့ ရောက်ရှိလာမည့် ကစားသမားများ၏ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအကုန်  စွမ်းဆောင်ရည်များကို စုစည်း၊ တင်ဆက်လိုက်ပါသည်..။

ဂျာမနီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲဝင် ဘိုရုရှား ဒေါ့မွန်အသင်းသို့ အဌားသွားရောက်နေသည့် အာဂျင်တီးနား လူငယ်နောက်ခံလူ အေရွန် အန်ဆယ်လ်မီနို မှာ ဘေယာ လေဗာကူဆင်အသင်းအား ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပြစ်ဒဏ်ဘောမှတဆင့် ခေါင်းတိုက်ပြီး ဒေါ့မွန်အသင်းအတွက် သူ၏ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့သည်..။

ထို့အပြင် သူ၏ပထမဂိုး ဂိုးဖန်တီးမှုကို ဗီလာရီးရဲလ်အသင်းအား ၄ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပြုလုပ်ပေးနိုင်ခဲ့သည်..။ အသက် (၂၀) နှစ်အရွယ်ရှိ လူငယ်နောက်ခံလူမှာ ဒေါ့မွန်အသင်းသို့ ရောက်ရှိပြီးနောက် ကြွက်သားဒဏ်ရာဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များကို လွဲချော်ခဲ့ပြီး အောက်တိုဘာလ (၃၁) ရက်နေ့တွင် FC ကိုလုံးအသင်းအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ပြန်လည်ပါဝင်နိုင်ခဲ့သည်..။ ဒေါ့မွန်အသင်းနှင့် ခြေစွမ်းပြနေသည့် အန်ဆယ်လ်မီနို မှာ ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ (၇) ပွဲကစား၊ (၁) ဂိုး၊ (၁) ဂိုး ဖန်တီးထားနိုင်ခဲ့သည်..။



အသက် (၁၈) နှစ်အရွယ် အီကွေဒေါလူငယ် တောင်ပံကစားသမားနှင့် တိုက်စစ်အားသန် ကွင်းလယ် ကစားသမား ကင်ဒရေ ပါရက်ဇ် မှာ စထရာ့ဘာ့ဂ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၆) ပွဲကစားခွင့် ရထားခဲ့သော်လည်း လူစားဝင် ကစားသမားအဖြစ် အများဆုံးပါဝင်ခွင့်ရခဲ့ပြီး ပွဲထွက်ကစားသမားအဖြစ် (၄) ပွဲသာ ကစားခွင့်ရရှိထားသေးသည်..။ ထို့အပြင် ပဲရစ်စ် FC အသင်းအား ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်တွင် (၁) ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု (၁) ကြိမ်သာ ပြုလုပ်ထားနိုင်သေးသည်..။

လူငယ်နောက်ခံလူ မာမာဒူး ဆားရ် မှာ စထရာ့ဘာ့ဂ်အသင်းတွင် ဒဏ်ရာကြောင့် အနားယူနေရသည့် အချိန်မှလွဲ၍ အဓိကနောက်ခံလူတစ်ဦးအဖြစ် ပြိုင်ပွဲစုံ (၁၄) ပွဲထွက် ကစားခွင့်ရရှိထားသည်..။ ဂိုးသမား မိုက်ခ် ပန်ဒါးစ် မှာလည်း နွန့်စ်အသင်းနှင့်ပွဲစဉ်တစ်ပွဲမှလွဲ၍ စထရာ့ဘာ့ဂ်အသင်းအတွက် ပွဲစဉ်တိုင်း ပါဝင်ကစားခွင့် ရရှိထားသည်..။ အသက် (၂၀) နှစ်အရွယ် ဘယ်လ်ဂျီယမ် လူငယ်လက်ရွေးစင် ဂိုးသမားမှာ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲတွင် အဆင့် (၆) နေရာ ရောက်ရှိနေသည့် စထရာ့ဘာ့ဂ်အသင်းအတွက် (၁၉) ပွဲ ကစားခွင့် ရရှိထားပြီး clean sheet (၆) ပွဲ ရရှိထားပါသည်..။



ဆီနီဂေါတိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် မှာ ယခုဘောလုံးရာသီတွင် ဂျာမနီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲဝင် ဘိုင်ယန် မြူးနစ်အသင်းအတွက် (၁၅) ပွဲကစား၊ (၅) ဂိုးသွင်း၊ (၁) ဂိုးဖန်တီးထားနိုင်ခဲ့ပြီး ယခုနောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့သော ဖရိုင်းဘတ်၊ စိန့် ပေါ်လီ အသင်းများနှင့် ပွဲစဉ်များတွင် နှစ်ဂိုးဆက်တိုက် သွင်းယူပေးထားနိုင်ခဲ့သည်..။ သို့သော် အသက် (၂၄) နှစ်အရွယ် တိုက်စစ်မှူးမှာ လူစားဝင်ကစားသမားအဖြစ်သာ အများဆုံး ပါဝင်ခွင့်ရထားပြီး ပွဲထွက်ခွင့် (၅) ပွဲသာ ရရှိထားသေးသည်..။ 

အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖားနား မှာ တူရကီလိဂ်ပြိုင်ပွဲဝင် အမှတ်ပေးဇယား အောက်ဆုံးမှ Fatih Karagümrük အသင်းတွင် ပုံမှန်ကစားခွင့် ရရှိနေပြီး (၉) ပွဲကစား၊ (၄) ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်..။

ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဆွမ်ဆီး စီးတီးအသင်းသို့ အဌားသွားရောက်နေသည့် လူငယ်နောက်ခံလူ အီရှေးလ် ဆမ်မြူရယ်- စမစ် မှာ ယခုဘောလုံးရာသီတွင် (၅) ပွဲသာ ပါဝင်ကစားခွင့် ရရှိပြီး ပရက်စ်တန် နော့တ်အင့် အသင်းအား ၂ဂိုး- ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲစဉ်တွင် ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ထားနိုင်ခဲ့သည်..။ ဆွမ်ဆီး စီးတီးအသင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အမှတ်ပေးဇယားတွင် အဆင့် (၂၁) နေရာ ရောက်ရှိနေပြီး ရုန်းကန်နေရသည်..။


  
လိဂ်ဝမ်းပြိုင်ပွဲဝင် ဟာဒက်စ်ဖီးလ် တောင်း အသင်းသို့ အဌားရောက်ရှိနေသည့် လူငယ်ကွင်းလယ် ကစားသမား လီယို ကာဆယ်ဒိုင်း မှာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ပလိုင်းမောက် အာဂိုင်းလ်၊ မန်စ် ဖီးလ် တောင်း အသင်းများနှင့်ပွဲများတွင် လူစားဝင် ကစားသမားအဖြစ် ပြန်လည်ပါဝင်ခဲ့သည်..။

နိုဝင်ဘာ (၂၆) ရက်နေ့က လူတန် တောင်းအသင်းအား ၂ဂိုး- ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ဟာဒက်စ်ဖီးလ် တောင်းအသင်းအတွက် ချေပဂိုးကို (၂၅) ကိုက်အကွာမှ ပြစ်ဒဏ်ဘောကို လှလှပပကန်သွင်း၊ ရယူပေးခဲ့သည်..။ ထို့နောက်နောက် (၃) ရက်အကြာ ဝင်ဘယ်လ်ဒန်အသင်းနှင့် သုံးဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင်လည်း အသင်း၏ပထမချေပဂိုးကို သွင်းယူပေးနိုင်ခဲ့သည်..။

အသက် (၂၀) နှစ်အရွယ် လူငယ်အကယ်ဒမီ ကွင်းလယ် ကစားသမားမှာ ဟာဒက်စ်ဖီးလ် တောင်းအသင်းအတွက် ပြိုင်ပွဲစုံ (၁၉)ပွဲကစား၊ (၆) ဂိုးသွင်း၊ (၄) ဂိုး ဖန်တီးပေးနိုင်ထားသည်..။ ဟာဒက်စ်ဖီးလ် တောင်းအသင်းမှာ လိဂ်ဝမ်းပြိုင်ပွဲတွင် အဆင့် (၈) နေရာသို့ ရောက်ရှိနေပါသည်..။



လိဂ်ဝမ်းပြိုင်ပွဲ၊ အမှတ်ပေးဇယား ထိပ်ဆုံးမှ ကာဒစ်ဖ် စီးတီးအသင်းသို့ အဌားသွားရောက်နေသည့် လူငယ်ကွင်းလယ် ကစားသမား အွမ်မ်ရီ ကယ်လီမန် မှာ ယခုနှစ်ဘောလုံးရာသီတွင် ကာဒစ်ဖ် အသင်းအတွက် (၁၄) ပွဲကစား၊ (၁) ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်..။

လူငယ် အကယ်ဒမီ ဂိုးသမား တက်ဒ် ရှားမန်း-လိုဝယ်လ် မှာ လိဂ်ဝမ်းပြိုင်ပွဲတွင် အဆင့် (၆) နေရာ ရောက်ရှိနေသည့် ဘိုလ်တန် ဝမ်းဒါးရားအသင်းအတွက် (၁၇) ပွဲကစားခွင့် ရရှိထားပြီး ပေးဂိုးမရှိ (clean sheet) (၅) ကြိမ် ရရှိထားပါသည်..။

အသက် (၁၉) နှစ်အရွယ် လူငယ်တိုက်စစ်မှူး ဂျင်မီ-ဂျေး မော်ဂန် မှာ လိဂ်ဝမ်းပြိုင်ပွဲ၏ တန်းဆင်းဇုန်အထက်နားတွင် ရုန်းကန်နေရသည့် ပီတာဘရော့ ယူနိုက်တက်အသင်းတွင် အရေးပါသည့် ကစားသမားအဖြစ် ပြိုင်ပွဲစုံ (၁၅) ပွဲ ကစားခွင့် ရရှိထားပြီး (၅) ဂိုးသွင်း၊ (၂) ဂိုးဖန်တီးပေးထားနိုင်ခဲ့သည်..။ ထို့အပြင် တိုက်စစ်မှူး မော်ဂန် မှာ နိုဝင်ဘာလ (၂၁) ရက်နေ့က စတော့ခ်ပို့ ကောင်တီအသင်းအား ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးရရှိခဲ့သည်..။

လာမည့် ၂၀၂၆/၂၇ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာမည့် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး အီမန်နူရယ် အီမေးဂါး မှာ ပေါင်ကြွက်သား ဒဏ်ရာကြောင့် စထရာ့ဘာ့ဂ်အသင်း၏ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ရသည့် ပွဲစဉ်အများစုကို လွဲချော်ခဲ့သည်..။ အသက် (၂၂) နှစ်အရွယ် တိုက်စစ်မှူးမှာ စထရာ့ဘာ့ဂ်အသင်းနှင့် (၁၁) ပွဲကစား၊ (၇) ဂိုးသွင်း၊ (၂) ဂိုးဖန်တီးထားနိုင်ခဲ့သည်..။ စထရာ့ဘာ့ဂ်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရသူ အီမေးဂါး မှာ ပြီးခဲ့သည့် international break အတွင်း ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းတစ်ခုတွင် ပြောကြားချက်ကြောင့် အသင်းက တစ်ပွဲပယ်သည့်ပြစ်ဒဏ် ချမှတ်ထားပါသည်..။ ထို့ကြောင့်လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်..။



လာမည့်ရာသီတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာမည့် နောက်ထပ် ကစားသမား တစ်ဦးဖြစ်သူ အသက် (၁၈) နှစ်အရွယ် လူငယ်တောင်ပံ ကစားသမား ဂျီအိုဗာနီ ကွီအင်ဒါ မှာ ပေါ်တူဂီလိဂ်ပြိုင်ပွဲမှ စပိုးတင်း လစ္စဘွန်းအသင်း၏ အဓိက ကစားသမား တစ်ယောက်အဖြစ် (၂၁) ပွဲ ကစားခွင့်ရရှိထားပြီး (၅) ဂိုးသွင်း၊ (၈) ဂိုး ဖန်တီးထားနိုင်ခဲ့သည်..။ စပိုးတင်းအသင်းနည်းပြ ရူအီ ဘိုးဂတ်စ်မှာ ကွီအင်ဒါ အား ချန်ပီယံလိဂ်ပြိုင်ပွဲ (၅) ပွဲစလုံးတွင် ပွဲထွက်ကစားခွင့် ပေးထားခဲ့သည်..။ ပေါ်တူဂီလူငယ် လက်ရွေးစင် တောင်ပံ ကစားသမားမှာ ကာရက် အယ်လ်မာတီ၊ Club ဘရူဂေး အသင်းများနှင့် ပွဲစဉ်များတွင် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး နှစ်ပွဲစလုံး၌ (၁) ဂိုးသွင်း၊ (၁) ဂိုး ဖန်တီးပေးနိုင်ခဲ့သည်..။

အသက် (၁၇) နှစ်အရွယ်ရှိ ကာဇက်စ်တန် လူငယ်တိုက်စစ်မှူး ဒါစ်တန် ဆက်ပါယက်ဗ် မှာ ကာရက် အယ်လ်မာတီ အသင်းနှင့် ပြိုင်ပွဲစုံ (၃၃) ပွဲကစား၊ (၁၆) ဂိုးသွင်း၊ (၈) ဂိုး ဖန်တီးထားနိုင်ခဲ့သည်..။ ဆက်ပါယက်ဗ် မှာ နိုဝင်ဘာလအတွင်းက ဘယ်လ်ဂျီယမ်အသင်းနင့် တစ်ဂိုးစီ သရေကျခဲ့သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ကာဇက်စ်တန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး နိုင်ငံအတွက် အသက်အငယ်ဆုံး ဂိုးသွင်းပေနိုင်ခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။