ချယ်လ်ဆီးအသင်း၏ လူငယ်အကယ်ဒမီထွက် ကစားသမားဟောင်း တယောက်ဖြစ်သည့် နောက်ခံလူ မာ့စ် ဂီဟူ မှာ ခရစ္စတယ် ပဲလေ့စ်အသင်းမှ မန်ချက်စတာ စီးတီးအသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၂၀) ဖြင့် အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့သည်..။ အဆိုပါအပြောင်းအရွှေ့မှာ ကော့ဘ်ဟမ် အကယ်ဒမီထွက် ကစားသမားများ ပြိုင်ဘက်အသင်းများတွင် အဓိက ကစားသမားများအဖြစ် နေရာရနေခြင်းကို ပြသခဲ့သည့် ဥပမာတခုလည်း ဖြစ်ခဲ့သည်..။
ထို့အပြင်အထက်ပါအပြောင်းအရွှေ့ကြောင့် ပရီးမီးယားလိဂ်အသင်းများနှင့် ဥရောပအသင်းများသို့ ရောက်ရှိနေကြသည့် ချယ်လ်ဆီးအသင်း၏ လူငယ်အကယ်ဒမီထွက် ကစားသမားများ၏ ပြောင်းရွှေ့ကြေး စုစုပေါင်းမှာ စတာလင်ပေါင် (၁) ဘီလီယံ နီးပါး ရောက်ရှိလာခဲ့ပြီဖြစ်သည်..။
အသက် (၂၅) နှစ်အရွယ် ဗဟိုနောက်ခံလူမှာ ချယ်လ်ဆီးအသင်းမှ ထွက်ခွာလာခဲ့ပြီးနောက်ပိုင် အသင်းများက သူ့အတွက် ပေးချေခဲ့ရသည့် ပြောင်းရွှေ့ကြေးစုစုပေါင်းမှာ စတာလင်ပေါင်သန်း (၄၀) ရောက်ရှိသွားပါသည်..။ အဆိုပါပမာဏမှာ အခြားလူငယ် အကယ်ဒမီထွက် ကစားသမားများ၏ ပြောင်းရွှေ့ကြေးပမာဏများနှင့် နှိုင်းယှဉ်ပါက နည်းပါးသည်ဟု ပြောနိုင်ပါသည်..။
Transfermarkt အပြောင်းအရွှေ့ သတင်း website တွင် ဖော်ပြထားသည့် ကိန်းဂဏန်းများအရ ပရီးမီးယားလိဂ် အသင်းများနှင့် ဥရောပထိပ်တန်းအသင်းများတွင် ရောက်ရှိနေသည့် ချယ်လ်ဆီးအကယ်ဒမီထွက် ကစားသမားများ၏ ပြောင်းရွှေ့ကြေးပမာဏမှာ စတာလင်ပေါင် (၉၃၁.၅) သန်းအထိ ရောက်ရှိသွားပြီဖြစ်သည်..။ ထို့အပြင် ချယ်လ်ဆီးလူငယ် အကယ်ဒမီထွက် တိုက်စစ်မှူး တန်မီ အေဘရာဟမ် မှာ ယခုဇန်နဝါရီ အပြောင်းအရွှေ့ရာသီအတွင်း အက်စ်တွန် ဗီလာအသင်းသို့ ပြန်လည်ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်နေပြီး တိုင်ရစ်ခ် ဂျော့ချ် အသင်းမှ ထွက်ခွာဖြစ်ပါက ပြောင်းရွှေ့ကြေးပမာဏမှာ (၁) ဘီလီယံသို့ နီးစပ်သွားနိုင်ပါမည်..။

ရေကြည်ရာ၊ မြက်နုရာ ထွက်ခွာလာကြသည့် ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီထွက် ကစားသမားများ၏ အောင်မြင်မှုများမှာ ယခင်လူငယ်အကယ်ဒမီ ဒါရိုက်တာ နီးလ် ဘတ် ၏ တကိုယ်ရည် စွမ်းဆောင်ချက်ဟု ပြောနိုင်ပါသည်..။ နီးလ် ဘတ် မှာ ချယ်လ်ဆီးအသင်းတွင် (၃၁) နှစ်တာ ဖြတ်သန်းခဲ့ပြီး အသင်း၏ လူငယ်ကစားသမား ဖွံ့ဖြိုးရေးဌာနကို (၁၈) နှစ် တာဝန်ယူ ကြီးကြပ်ခဲ့သည်..။
နီးလ် ဘတ် မှာ ၂၀၂၄ ခုနှစ်၊ နွေရာသီတွင် ချယ်လ်ဆီးအသင်းမှ ထွက်ခွာလာခဲ့ပြီး စီမံခန့်ခွဲမှုပိုင်းဆိုင်ရာနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အတိုင်ပင်ခံ ကုမ္ပဏီတခု တည်ထောင်ထားသည်..။ သူ၏စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး နာမည်ကျော် ဘောလုံးအေးဂျင့်တယောက်က ‘ချယ်လ်ဆီးအသင်းဟာ နီးလ် ဘတ် ကို ရုပ်တုတခုထောင်ပြီး ဂုဏ်ပြုထားသင့်ပါတယ်..။ တကယ်တော့ သူ့ရဲ့ပြောင်မြောက်လှတဲ့ စွမ်းဆောင်ရည်ဟာ ချယ်လ်ဆီးတသင်းတည်းအတွက် မကပါဘူး..။ သူဟာထူးချွန်တဲ့ ကစားသမားတွေ အများကြီးရဲ့ ဘဝလမ်းကြောင်းတွေကိုပါ မြှင့်တင်ပေးနိုင်ခဲ့ပါတယ်..။’ ဟု မှတ်ချက်ပေးခဲ့ပါသည်..။

အကယ်၍ တန်မီ အေဘရာဟမ် သာ ပရီးမီးယားလိဂ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါက လက်ရှိအင်္ဂလိပ် ဘောလုံးလောက၏ ထိပ်ဆုံးအဆင့်ပြိုင်ပွဲတွင် ပါဝင်နေသည့် ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီ ကစားသမားဟောင်း (၁၈) ဦး ရှိသွားပါမည်..။ အီတလီစီးရီးအေ၊ ဘွန်ဒက်စ်လီံဂါ နှင့် ပြင်သစ်လီဂူး (၁) ပြိုင်ပွဲများတွင် ပါဝင်နေသည့် အကယ်ဒမီ ကစားသမားဟောင်း (၆) ဦး ရှိနေပါသည်..။
ကော်နာ ဂါလက်ချာ မှာ ယခုဇန်နဝါရီ အပြောင်းအရွှေ့တွင် တော့တင်ဟမ်အသင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ၏ပြောင်းရွှေ့ကြေး စုစုပေါင်းမှာ စတာလင်ပေါင် (၇၁) သန်း ရှိသွားခဲ့ပါသည်..။ သူ၏အသင်းဖော် တိုက်စစ်မှူး ဒေါမနစ် ဆိုလန်ကီ ၏ အသင်းပြောင်းရွှေ့ကြေး စုစုပေါင်းမှာ စတာလင်ပေါင် (၇၄) သန်း ဖြစ်ပါသည်..။


ချယ်လ်ဆီးအသင်း အကယ်ဒမီ ကစားသမားများ၏ ပြောင်းရွှေ့ကြေးစုစုပေါင်း စတာလင်ပေါင် (၉၃၁.၅) သန်းတွင် ဆောက်ပ်သမ်တန်အသင်းမှ အဲဗာတန်အသင်းသို့ စတာလင်ပေါင် (၃၅) သန်းဖြင့် ပြောင်းရွှေ့ခဲ့သည့် တိုင်လာ ဒစ်ဘလင်း ကို ထည့်မတွက်ထားခဲ့ပေ..။ အဆိုပါအသက် (၁၉) နှစ်အရွယ် လူငယ်တောင်ပံ ကစားသမားမှာ ချယ်လ်ဆီးလူငယ် အကယ်ဒမီတွင် လအနည်းငယ်သာ ကြာမြင့်ခဲ့ပြီး ဆောက်ပ်သမ်တန်အသင်းသို့ ပြန်လည် ပြောင်းရွှေ့သွားခဲ့သောကြောင့် ဖြစ်ပါသည်..။
(The Telegraph သတင်းဌာနမှ ဆောင်းပါးရှင် Matt Law ၏ ‘Chelsea’s £1bn talent factory now playing for their rivals’ သတင်းဆောင်းပါးကို ပြန်ဆိုပါသည်.။)