feature-image

လီယန် ဒီလပ် ရဲ့ ဒဏ်ရာနဲ့ ဂယက်ထခဲ့တဲ့ အပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်များ

ချယ်လ်ဆီးအသင်းနဲ့ ဖူးလ်ဟမ်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စနေနေ့အစောပွဲ၊ လန်ဒန်ဒါဘီ ပွဲစဉ်မှာ တိုက်စစ်မှူး လီယန် ဒီလပ် ဟာ ပွဲချိန် (၁၄) မိနစ်မှာပဲ ပေါင်တွင်းကြောဒဏ်ရာ ရရှိခဲ့တာကြောင့် လူစားလဲခဲ့ရပါတယ်..။ ပွဲပြီးတဲအချိန်မှာ နည်းပြအင်ဇို မာရက်စ်ကာ က အသက် (၂၂) နှစ်အရွယ် တိုက်စစ်မှူးရဲ့ ဒဏ်ရာဟာ ရက်သတ္တပါတ် (၆) ပါတ်ကနေ (၈) ပါတ်အထိ အနားယူနိုင်ရဖွယ်ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်..။ အဲဒီသတင်းရဲ့နောက်ပိုင်း သက်ရောက်မှုတွေဟာ ချယ်လ်ဆီးအသင်းကိုသာမက ဥရောပတစ်ခွင်ရှိ အပြောင်းအရွှေ့ ဈေးကွက်ရဲ့ နောက်ဆုံးရက်ပိုင်း လှုပ်ရှားမှုတွေကိုပါ ရိုက်ခတ်၊ လှုပ်ခတ် သွားစေခဲ့ပါတယ်..။

ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ရဲ့ စနေနေ့ မွန်းလွဲပိုင်းမှာ စီစဉ်ထားတဲ့ ဆေးစစ်မှုကို ခွင့်ပြုချက် ရုပ်သိမ်းလိုက်တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ အခက်အခဲနဲ့ အရင်ဆုံးရင်ဆိုင်ခဲ့ရပါတယ်..။ တစ်ဆက်တည်းမှာ ဖူလ်ဟမ်ကို ၂ဂိုး - ဂိုးမရှိနဲ အနိုင်ရပြီး မကြာခင်မှာပဲ ပေါ်တူဂီလိဂ်ပြိုင်ပွဲဝင် စပိုးတင်း လစ္စဘွန်းအသင်းကိုရော အဲဒီအသင်းက ဒိန်းမတ်လူငယ် တိုက်စစ်မှူး ကွန်ရက်ဒ် ဟာဒါ ရဲ့ ကိုယ်စားလှယ်တွေကိုပါ တစ်ပြိုင်နက်တည်း ဆက်သွယ်ခဲ့ပါတယ်..။

အဲဒီအချိန်ကစပြီး ချယ်လ်ဆီးအသင်းနဲ့ ဘေယန် မြူးနစ်အသင်းရဲ့ ကြားထဲမှာ ကစားပွဲတစ်ခု စတင်လာခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး ဟာဒါ ကို ခေါ်ယူနိုင်ဖို့ လိုအပ်တဲ့ ငွေကြေးအတွက် တိုက်စစ်မှူး ဂျက်ဆင် ကို အပြီးသတ်ခေါ်ယူဖို့ ဘိုင်ယန်ကို တောင်းဆိုခဲ့ပါတယ်..။ ဒါပေမယ့် ဘိုင်ယန်အသင်းဟာ တခြားရွေးချယ်စရာအဖြစ် တိုက်စစ်မှူး အဒါမိုလာ လုခ်မန်း ကို ကမ်းလှမ်းခဲ့ပါတယ်..။ အတ္တလန်တာ အသင်းကတော့ အဲဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ရပါတယ်..။



တိုက်စ်စမှူး ဟာဒါ ကတော့ RB လိုက်ပ်ဇစ်အသင်းမှာ နေရာပိုပြီး ရရှိနိုင်မယ့် အလားအလာ ကောင်းနေတာကြောင့် ချယ်လ်ဆီးကို ငြင်းဆန်ခဲ့ပါတယ်..။ အဲဒါနဲ့ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ဒုတိယအစီအစဉ် (Plan B) ကို ပြောင်းလဲခဲ့ပါတယ်..။ ဆီနီဂေါတိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ဟာ မြူးနစ်မြို့မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ ညအိပ်တည်းခိုနေရင်း ဘိုင်ယန်အသင်းကို ပြောင်းရွှေ့နိုင်ဖို့ ကြိုးစားနေဆဲ အချိန်မှာပဲ ဆန်းဒါးလန်းအသင်းကို အငှားချထားတဲ့ စပိန်လူငယ် တိုက်စစ်မှူး မာ့စ် ဂီယူ ကို ပြန်လည်ခေါ်ယူနိုင်ဖို့ စတင်ကြိုးစားခဲ့ပါတယ်..။

ဆန်းဒါးလန်းအသင်းဟာ မတတ်သာတဲ့အဆုံးမှာ အသက် (၁၉) နှစ်အရွယ် စပိန်တိုက်စစ်မှူးကို ပြန်လည်စေလွှတ်ဖို့ သဘောတူခဲ့ရပြီးနောက် အိုင်းယက်စ်အသင်းက ဘရိုင်ယန် ဘရော့ဘ်ဘီ ကို ခေါ်ယူနိုင်ဖို့ ဈေးကွက်ထဲကို နောက်တစ်ကြိမ် ဝင်ရောက်ခဲ့ရပါတယ်..။ နောက်ဆက်တွဲ ရိုက်ခတ်မှုအနေနဲ့ အိုင်းယက်စ်အသင်းဟာ ဘရော့ဘ်ဘီ ရဲ့နေရာကို အစားထိုးမယ့် ကစားသမား လိုအပ်လာခဲ့ပြီး ဆဲလ်တစ်အသင်းရဲ့ ပစ်မှတ်ဖြစ်နေတဲ့ အန်ဒါလက်အသင်းက ကက်စ်ပါ ဒိုးလ်ဘတ် ကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်..။

ဆဲလ်တစ်အသင်းဟာ ဒိုးလ်ဘတ် ကို လက်လွတ်ခဲ့ရပြီးနောက်ပိုင်း အပြောင်းအရွှေ့ နောက်ဆုံးရက် ညနေခင်းမှာ တိုက်စစ်မှူး ရှာပုံတော်ဖွင့်ခဲ့ရာကနေ ချယ်လ်ဆီးအသင်းက အပယ်ခံတိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖားနား ကို ခေါ်ယူနိုင်ဖို့ အပြောင်းအရွှေ့ရာသီ နောက်ဆုံးမိနစ် ရောက်လာချိန်မှာ ပြန်လည်ကြိုးပမ်းခဲ့တာကြောင့် အခြေအနေတစ်ခုလုံး စက်ဝိုင်းတစ်ပါတ် ပြန်လည်သွားခဲ့တယ်,, လို့ ပြောရမှာပါ..။

ဖိုဖားနား ဟာ ချာလ်တန်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး..။ နောက်ဆုံးသတင်းအနေနဲ့ ဆဲလ်တစ်အသင်းဟာ ဆီဗီးလားအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ တိုက်စစ်မှူး ကယ်လီချီ အီဟန်နာချို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်..။



အစီအစဉ်တွေ လွဲချော်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ရာသီ အဆုံးသတ်ကာလ...

ချယ်လ်ဆီးအသင်းဟာ ကစားသမား အဝင်ထက်စာရင် ပိုလျှံနေတဲ့ ကစားသမားတွေကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ရောင်းနေရင်း တည်ငြိမ်၊ အေးဆေးတဲ့ အပြောင်းအရွှေ့ဈေးကွက်ရဲ့ အဆုံးသတ်ကာလကို ဖြတ်သန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပါတယ်..။ ဒါပေမယ့် ဒေသစံတော်ချိန် စနေနေ့၊ နေ့လည် (၁၂း၄၄) နာရီမှာ လီယန် ဒီလပ် ဒဏ်ရာရရှိခဲ့တဲ့အချိန်မှာ အပြာရောင်တို့ရဲ့ မူလအစီအမံတွေ ကပြောင်းကပြန် ဖြစ်ကုန်ရပါတယ်..။

ဘာဖြစ်လို့လည်းဆိုတော့ ဖူးလ်ဟမ်းနဲ့ ပွဲမစမှီ နာရီပိုင်းအလိုမှာပဲ အေစီမီလန်အသင်းက ပြင်သစ်တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်းကူ ကို ခေါ်ယူနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းဟာ ဆီနီဂေါတိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ကို ဘိုင်ယန် မြူးနစ်အသင်းမှာ ဆေးစစ်မှုခံယူဖို့ ခွင့်ပြုထားခဲ့ပြီး ဖြစ်နေပါပြီ..။ ဒီလပ် ရဲ့ ဒဏ်ရာအခြေအနေ ပြင်းထန်တယ်လို့ သိရှိလာရတဲ့အခါမှာ ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်နှင့် သဘောတူညီမှုကို ဖျက်သိမ်းခဲ့တာကြောင့် အဲဒီအခြေအနေဟာ ဂျက်ဆင် နဲ့ သူ့ရဲ့ကိုယ်စားလှယ်တွေကို ဒေါသထွက်စေခဲ့ပါတယ်..။

ပြောင်းလဲသွားတဲ့ အခြေအနေတေအရ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ရွေးချယ်စရာတွေကို ပြန်လည်သုံးသပ်ခဲ့ရပါတယ်..။ အစီအစဉ် (၁) (Plan A) အနေနဲ့ တိုက်စစ်မှူး ဟာဒါ ကို ခေါ်ယူမယ်..၊ ဒီလိုမှမဟုတ်ရင် အစီအစဉ် (၂) (Plan B) အဖြစ် ဆန်းဒါးလန်းအသင်းကို အဌားချလိုက်တဲ့ မာ့စ် ဂီယူ ကို ပြန်လည်ခေါ်ဖို့နဲ့ မဖြစ်မနေ နောက်ဆုံးနည်းလမ်းအနေဖြင့် ဂျက်ဆင် ကို အသင်းမှာပဲ ဆက်ထားဖို့တို့ ဖြစ်လာပါတယ်။ နောက်ဆုံးမှာတော့ ဖြစ်နိုင်ခြေ အများဆုံးနည်းလမ်း ဖြစ်တဲ့ မာ့စ် ဂီယူ ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး အခက်အခဲဆုံးနည်းလမ်း ဖြစ်လာနိုင်မယ့် နီကိုလပ်စ် ဂျက်ဆင် ကို သူ့ရဲ့ဆန္ဒမပါဝင်ပဲ အတင်းအကျပ် ပြန်လည်ခေါ်ယူဖို့ကို ရှောင်ရှားနိုင်ခဲ့ပါတယ်..။



အဲဒီအပြောင်းအရွှေ့နဲ့ နီးစပ်တဲ့သူတွေရဲ့ ပြောကြားချက်အရ ချယ်လ်ဆီးအသင်းဟာ ဂျက်ဆင် အတွက် ပိုပြီးကောင်းမွန်တဲ့ ညှိနှိုင်းမှုတွေကိုပါ ဆောင်ရွက်နိုင်ခဲ့ပါတယ်..။ ဘိုင်ယန်အသင်းဟာ စံချိန်တင်အဌားချကြေး စတာလင်ပေါင် (၁၄.၃) သန်း ပေးချေရမှာဖြစ်သလို ဂျက်ဆင် ရဲ့ ပွဲထွက်ခွင့်အရေအတွက်ပေါ် မူတည်ပြီး ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၅၆) သန်းနဲ့ အပြီးသတ်ဝယ်ယူပါမယ် ဆိုတဲ့ ကတိကဝတ် (obligation to buy) နဲ့ သဘောတူညီနိုင်ခဲ့ပါတယ်..။ ၂၀၂၃ ခုနှစ်တုန်းက ဗီလာရီးရဲလ်အသင်းကနေ စတာလင်ပေါင် (၃၂) သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားတစ်ဦးကို အဌားချကြေး + ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၇၀) ကျော်နဲ့  ပြန်လည်ရောင်းချနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းအတွက် အမြတ်အစွန်း ကြီးမားခဲ့တယ်လို့ ပြောနိုင်ပါတယ်..။

အဲဒီအဖြစ်အပျက်တွေမတိုင်ခင် ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းက စပိန်လူငယ် ကစားသမား ဖာမင် လိုပက်ဇ် ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၄.၇) သန်းနဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်..။ အပြောင်းအရွှေ့ ညှိနှိုင်းလိုတဲ့အဆင့်အထိ ရောက်ရှိခဲ့ပေမယ့် သဘောတူညီမှု မရရှိခဲ့ပါဘူး..။ ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်မှာ အချိန်တိုအတွင်း အပြောင်းအရွှေ့ (၁၀) ခုလောက်ကို အပြီးသတ်ရဖို့ ဖြစ်လာခဲ့တာကြောင့် အင်မတန်မှအလုပ်များခဲ့တယ်လို့ ဆိုရမှာပါပဲ..။

အာဂျင်တီးနား တိုက်စစ်အားသန် ကွင်းလယ်ကစားသမား ဖာကန်ဒို ဘူနိုနော့တေး ဟာ ဘရိုက်တန်အသင်းကနေ အဌားချကြေး စတာလင်ပေါင် (၂) သန်းနဲ့ အငှားရောက်ရှိလာခဲ့ပါတယ်..။ ဘယ်နောက်ခံလူ ဘင် ချီးဝဲလ် ဟာ မိတ်ဖက်အသင်း စထရာ့ဘာ့ဂ်ကို ပြောင်းရွှေ့နိုင်ခဲ့ပြီး လူငယ်အကယ်ဒမီ ကွင်းလယ်ကစားသမား အဲလက်စ် မားတို့စ် ကတော့ စတာလင်ပေါင် (၂) သန်းနဲ့ ရှက်ဖီးလ် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်..။ ဒါ့အပြင် လူငယ်အကယ်ဒမီ တိုက်စစ်မှူး ဒေါ်နယ်လ် မက်ခ်နယ်လေး ဟာ နော့တင်ဟမ် ဖောရက်စ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်..။ အခြားအကယ်ဒမီ ကစားသမားတွေ ဖြစ်ကြတဲ့ အွန်မ်ရီ ကယ်လီမန်း၊ ဂျင်မီ- ဂျေး မော်ဂန်၊ ရော်နီ စတတ်တာ တို့ကိုလည်း အငှားချနိုင်ခဲ့ပါတယ်..။ အီရှေးလ် ဆယ်မြူရယ်လ်- စမစ် ကတော့ စထရာ့ဘော့ဂ် အသင်းကို အပြီးသတ် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ပြီး ဆွမ်ဆီး စီးတီးအသင်းကို အငှားပို့ခဲ့ပါတယ်..။



အခုအပြောင်းအရွှေ့ရာသီမှာ ချယ်လ်ဆီးအသင်းဟာ ကစားသမား ရောင်းချမှုကနေ စတာလင်ပေါင် (၂၈၈) သန်းကျော်နဲ့ ပရီးမီးယားလိဂ်ရဲ့ သမိုင်းတစ်လျှောက် အပြောင်းအရွှေ့ရာသီ တစ်ရာသီအတွင်း ကစားသမား ရောင်းချရာကနေ ဝင်ငွေအများဆုံး ရရှိခဲ့တဲ့ စံချိန်တင်ခဲ့ပါတယ်..။ ဒါတောင်မှလူငယ် တိုက်စစ်မှူး တိုင်ရစ်ခ် ဂျော့ချ် ကို စတာလင်ပေါင် (၂၂) သန်းနဲ့ ဖူးလ်ဟမ်းအသင်းဆီ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့မယ်ဆိုရင် စုစုပေါင်း စတာလင်ပေါင်သန်း (၃၀၀) ကျော်အထိ ရရှိသွားမှာ ဖြစ်ပါတယ်..။

အပြာရောင်တွေရဲ့ အပယ်ခံများကို ရှင်းထုတ်ဖို့...

ချယ်လ်ဆီးအသင်းမှာ ‘Bomb Squad’ လို့ နာမည်ပေးထားကြတဲ့ အပယ်ခံ ကစားသမားအုပ်စုထဲက ရာဟင်း စတာလင်း၊ အက်ဆယ်လ် ဒီဆာဆီ နဲ့ ဒေးဗစ် ဒါထရို ဖိုဖားနား တို့ဟာ အသင်းပြောင်းရွှေ့နိုင်ဖို့ အဆင်မပြေဘဲ ဆက်လက်ကျန်ရစ်နေခဲ့ပါတယ်။ ဖိုဖားနား ဟာ ချာလ်တန်အသင်း ကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့နိုင်ဖို့ သဘောတူနိုင်ခဲ့ပေမယ့် အပြောင်းအရွှေ့ အထမမြောက်ခဲ့ပါဘူး။

အဲဒီကစားသမားတွေမှာ ဘယ်သူကမှ အင်ဇို မာရက်စ်ကာ ရဲ့ အသင်းမှာ နေရာရလာဖို့ မရှိသလို သူတို့ကို အသင်းထဲမှာ ပြန်လည်ပေါင်းစည်းခွင့်ပေးမလာ်? လက်ရှိအတိုင်း သီးခြားအဝတ်လဲခန်း၊ သီးခြားလေ့ကျင့်ကွင်းနဲ့ အသင်းသားတွေနဲ့ မတူတဲ့ သီးသန့် gym မှာပဲ ဆက်လက်လေ့ကျင့် နေရမလား? ဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ သူတို့တည်ဆောက်ထားတဲ့ အသင်းအပေါ် ကျေနပ်အားရမှုတွေ ရရှိနေပါတယ်။ နည်းပြ အင်ဇို မာရက်စ်ကာ ဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ကစားသမားသစ် (၉) ယောက်၊ အထူးသဖြင့် တိုက်စစ်ကစားသမားသစ် (၆) ယောက်နဲ့ လက်တွဲရမှာပါ..။ သူ့ရဲ့ဒုတိယမြောက် နွေရာသီအပြောင်းအရွှေ့ ကာလအပြီး လိုအပ်ချက်တွေအတိုင်း ပိုမိုပြည့်စုံအောင် အသင်းကို တည်ဆောက်နိုင်ခဲ့ပါတယ်။



UEFA ရဲ့ တားဆီး၊ ပိတ်ပင်မှုတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ချယ်လ်ဆီး...

အပြာရောင်တွေဟာ ပြီးခဲ့တဲ့ရာသီတွေက ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ထိန်းချုပ်မှုတွေကို လိုက်နာခြင်းမရှိခဲ့တာကြောင့် လွန်ခဲ့တဲ့ ဇူလိုင်လတုန်းက UEFA ရဲ့ ဖိအားပေးမှုကို ခံခဲ့ရပြီး ဒဏ်ကြေးငွေ စတာလင်ပေါင် (၂၆.၇) သန်း ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ဒါပေမယ့် အဲဒီဒဏ်ငွေပြစ်ဒဏ်နဲ့ ဆက်စပ်နေတဲ့ အားကစားဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေက အသင်းအတွက် ပိုပြီးအရေးကြီးတဲ့ ပြဿနာတစ်ခု ဖြစ်လာခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အခုအပြောင်းအရွှေ့ ရာသီအတွင်းမှာ "ကစားသမား အပြောင်းအရွှေ့က ရရှိလာမယ့် ဝင်ငွေ/ ထွက်ငွေ.. ခြားနားချက်မှာ အမြတ်ငွေထွက်လာအောင် မထိန်းသိမ်းနိုင်ခဲ့ရင် (a positive transfer balance)" အခုရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မှတ်ပုံတင်ခွင့်ပြုမှာ မဟုတ်ပါဘူး။

Football Transfers ဆိုတဲ့ ကစားသမား အပြောင်းအရွှေ့တွေကို အာရုံစိုက်၊ ဖော်ပြနေတဲ့ သတင်းဌာနကတော့ ချယ်လ်ဆီးအသင်းဟာ ဒီလပ်၊ ဂျာအို ပီဒရို၊ ဂျေမီ ဂစ်တန်စ် နဲ့ အလီဂျန်ဒရို ဂါနာချို တို့ အပါအဝင် ကစားသမားတွေသစ်တွေအတွက် စုစုပေါင်း စတာလင်ပေါင် (၂၈၅) သန်း သုံးစွဲခဲ့ပြီး အဲဒီငွေပမာဏကို နိုနီ မာဒူအီကေး (စတာလင်ပေါင် (၅၂) သန်း)၊ ဂျာအို ဖဲလစ် (စတာလပေါင် (၄၃.၇) သန်း) နဲ့ အန်ကွန်ကူး (စတာလင်ပေါင် (၃၆) သန်း) တို့အပါအဝင် ကစားသမား ရောင်းချမှုတွေကနေ ရရှိလာတဲ့ ပြောင်းရွှေ့ကြေး စုစုပေါင်း စတာလင်ပေါင် (၂၈၃.၅) နဲ့ ပြန်လည်မျှတအောင် ထိန်းထားနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့်ချယ်လ်ဆီးအသင်းရဲ့ အသားတင်သုံးစွဲငွေ (net spend) ဟာ စတာလင်ပေါင် (၁.၅) သန်း ဖြစ်ပြီး ဒါပေမဲ့ ကစားသမားတွေရဲ့ စာချုပ်ပါ အပိုဆောင်းကြေးတွေ (add- on fees) ကိုပါ ထည့်ပေါင်းကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ ဝင်ငွေ/ ထွက်ငွေ ခြားနားချက်ဟာ အမြတ်ငွေပေါ်တဲ့လက်ကျန် ရရှိမှာဖြစ်ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ရာသီမှာ တခြားအသင်းတွေဆီ အငှားထွက်ကစားခဲ့ပြီး အဲဒီအသင်းတွေက မလိုချင်တော့တဲ့ ဂျာအို ဖဲလစ်၊ ရီနာတို ဗီယေဂါ နဲ့ အာမန်ဒို ဘရိုဂျားစ် တို့လို ကစားသမားတွေထဲက အများစုကို ရောင်းချနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးဘက်က ပျော်ရွှင်၊ ကျေနပ်ခဲ့ရပါတယ်။



ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို ခြုံငြုံကြည့်မယ်ဆိုရင် ပရီးမီးယားလိဂ်နဲ့ UEFA က သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို လိုက်နာဖို့ ခြေလှမ်းတွေ လှမ်းနေတယ်ဆိုတာ သိသာ၊ ထင်ရှားပါတယ်။ အဲဒီအဖွဲ့ချုပ်တွေဟာ အသင်းတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ ထိန်းချုပ်မှုတွေကို လိုက်နာနိုင်မှု ရှိ၊ မရှိ ဆိုတာကို သုံးနှစ်တာကာလ အပိုင်းအခြားတွေနဲ့ ဖြတ်တောက် စစ်ဆေးလေ့ရှိပါတယ်…။ ချယ်လ်ဆီးအသင်းဟာ တော့ဒ် ဘိုလေး နဲ့ Clearlake Captial တို့ဝယ်ယူပြီး ကနဦးနစ်ရာသီမှာ အငမ်းမရ ဝယ်ယူခဲ့ပေမယ့် အဲဒီလိုအဆမတန် သုံးစွဲခဲ့တာတွေကို အဆမတန် ပြန်လည်ရောင်းချခြင်းနဲ့ မျှတအောင် ပြန်လည်လုပ်ဆောင်နိုင်ခဲ့တာ တွေ့မိပါတယ်။

အပြာရောင်တွေဟာ ပြီးခဲ့တဲ့သုံးနှစ်တာကာလအတွင်း ကစားသမား ခေါ်ယူမှုတွေမှာ စတာလင်ပေါင် (၁.၆) ဘီလီယံကျော် သုံးစွဲခဲ့ပြီး အခြားတစ်ဘက်ကလည်း ကစားသမား ရောင်းချမှုတွေကနေ စတာလင်ပေါင်သန်း (၇၅၀) ကျော် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဘဏ္ဍာရေးစည်းမျဉ်း သတ်မှတ်ချက်တွေအတိုင်း တစ်စိတ်တစ်ပိုင်းအထိ လိုက်နာနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း တင်ဆက်လိုက်ပါတယ်။

(BBC Sports မှ ဆောင်းပါးရှင်  Nizaar Kinsella ၏ ‘How Delap's injury caused a ripple effect across Europe’ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်..။)