မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည့်အခါတိုင်း စိတ်ထဲရှိသမျှကို ပွင့်ပွင့်လင်းလင်း ဖြေကြားလေ့ရှိသည့် စပိန်ဘယ်နောက်ခံလူ မာ့စ် ကူကူရယ်လာ မှာ ချယ်လ်ဆီးအသင်း official website က ပြုလုပ်ခဲ့သော ‘Lifting the Lid’ အစီအစဉ် တွေ့ဆုံခန်းတွင် ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှ အသင်းဖော်များ၏အကြောင်း ယခုလိုဖြေကြားခဲ့ပါသည်..။
မေး - လေ့ကျင့်ရေးဆင်းဖို့ ကွင်းထဲကို ပထမဆုံးဝင်လာတဲ့ ကစားသမားက ဘယ်သူလဲ။
“ရိစ် ဂျိမ်းစ် ဖြစ်ဖို့များပါတယ်..။ သူက အသင်းခေါင်းဆောင်ကိုးဗျ..။”
မေး - ကော့ဘ်ဟမ် မှာ နေ့လယ်စာကို ဘယ်သူနဲ့အတူ စားသလဲ။
“များသောအားဖြင့် စပိန်စကားပြောတတ်တဲ့ ပီဒရို နက်တို၊ ဖိလစ် ဂျော်ဂျင်ဆင်၊ တခါတလေ ရောဘတ် ဆန်းချက်ဇ်၊ အန်ဒရေ ဆန်းတို့စ် တို့နဲ့အတူ စားပါတယ်။”
မေး - လေ့ကျင့်ခန်းတွေပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ ပထမဆုံး ပြုလုပ်တတ်တဲ့အရာက ဘာလဲ။
“အချိန်မှီအိမ်ပြန်ရောက်မယ်ဆိုရင် ကလေးတွေကို ကျောင်းကနေ သွားကြိုပြီး နေ့လယ်ခင်းကို သူတို့နဲ့အတူ ကုန်ဆုံးကြပါတယ်..။”
မေး - အဝေးကွင်းပွဲတွေ ယှဉ်ပြိုင်ဖို့ ခရီးသွားတဲ့အခါ ဘယ်သူနဲ့အတူ ထိုင်သွားလေ့ရှိလဲ။
“အင်ဇို ဖာနန်ဒက်စ် နဲ့အတူ ထိုင်လေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရ အခိုက်အတန့်တွေ တူညီကြတယ်..၊ ဆက်ဆံရေးကောင်းလည်း ရှိတဲ့အတွက် သူနဲ့အတူ အချိန်ကုန်ဆုံးရတာကို နှစ်သက်လို့ပါပဲ..။”
မေး - အသင်းမှာ ဟာသအလုပ်တတ်ဆုံးက ဘယ်သူလဲ။
“အတော်လေး ဖြေရခက်ခဲတဲ့ မေးခွန်းပဲဗျ..။ ‘ကျွန်တော်’.. ဖြစ်နိုင်ပါတယ်..။ ဘာဖြစ်လို့လဲ? လို့ လာပြီးမေးရင်တော့ ‘မသိဘူး’ ဆိုတဲ့ အဖြေပဲ ပြန်ရပါမယ်..။ ကျွန်တော်ဟာ နောက်ပြောင်ရတာကို နှစ်သက်ပြီး အသင်းအတွက် ကောင်းမွန်တဲ့ ခံစားမှုတွေ ပေးစွမ်းနိုင်တယ်လို့ ခံစားမိလို့ ဖြစ်ပါတယ်..။”
မေး - အဝတ်လဲခန်းထဲမှာ အသံအကျယ်ဆုံးသူက ဘယ်သူလဲ။
“တိုဆင် အဒါယာဘိုင်ယိုရို ဖြစ်နိုင်ပါမယ်..။ နှစ်သင်းခွဲကန်တဲ့ လေ့ကျင့်ခန်းတွေမှာ သူဟာအမြဲတမ်း ဒိုင်လူကြီး လုပ်လေ့ရှိပါတယ်..။ ငြင်းရ၊ ခုန်ရတာကိုလည်း အင်မတန်နှစ်သက်တဲ့သူဗျ..။ စကားအတော်ပြောနိုင်ပြီး အမြဲတမ်း သူ့ဆီမှာ တစ်ခုခုတော့ ပြောစရာရှိနေတဲ့သူပါ။ ဒိုင်လူကြီး လုပ်ပြီဆိုရင် သူ့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေ သူ့ဟာသူချမှတ်ပြီး အရာအားလုံးကို ဇွတ်ဝင်ပြီး ဆုံးဖြတ်လေ့ရှိပါတယ်..။”
မေး - ဆိုရှယ်မီဒီယာမှာ အတက်ကြွဆုံးက ဘယ်သူလဲ။ ချယ်လ်ဆီးကစားသမားတွေထဲမှာ ဘယ်သူ့ကို follow လုပ်ထားသင့်လဲ။
“ရိုမီယို လားဗီးယား ဖြစ်နိုင်တယ် လို့ ကျွန်တော် ပြောချင်ပါတယ်။ သူဟာ တခြားကစားသမားတွေနဲ့ အပြန်အလှန် ဆက်ဆံရေးကောင်းတွေ ရှိနေတယ်လို့ ခံစားမိပါတယ်။ ဥပမာပေးရမယ်ဆိုရင် သူက ကစားသမားတစ်ယောက်ရဲ့ post မှာ ကောင်းရင်ကောင်းသလို မှတ်ချက်ပေးရတာ၊ ပြန် share ပေးရတာကို နှစ်သက်ပါတယ်။ ဒါ့အပြင်သူ့ရဲ့ wall ပေါ်မှာ ပို့စ်ကောင်းကောင်းတွေ၊ ဓာတ်ပုံကောင်းကောင်းတွေ ရှိတယ်ဗျ..။”
မေး - ပွဲကန်တဲ့နေ့တွေမှာ ဘယ်သူနဲ့အတူ ထိုင်လေ့ရှိလဲ။
“ပုံမှန်အားဖြင့် ကျွန်တော်တို့ဟာ တူညီတဲ့စားပွဲတစ်လုံးမှာပဲ အမြဲတမ်းထိုင်လေ့ရှိကြပါတယ်။ ကျွန်တော်က စားပွဲရဲ့အစွန်ဆုံးမှာထိုင်ပြီး ဘေးဖက်မှာ ရောဘတ် ဆန်းချက်ဇ် ထိုင်ပါတယ်။ နောက်တစ်ဖက်မှာတော့ အက်စ်တီဗာအို ထိုင်ပါတယ်..။ ကျွန်တော်တို့ အဲဒီအတိုင်း လိုက်နာကြပါတယ်။ အစည်းအဝေးခန်းထဲမှာတော့ ကျွန်တော့်ရဲ့ဘေးမှာ အန်ဒရေ ဆန်းတို့စ် ရှိနေပါတယ်”
မေး - ကွင်းထဲကိုမဝင်ခင် နောက်ဆုံးလုပ်တဲ့အရာက ဘာလဲ။
“ကျွန်တော်က အမြဲတမ်း ညာဘက်ညှို့သကျည်းကာကို အရင်ဝတ်ပြီးမှ ဘယ်ဘက်ကိုဝတ်ဖို့ ကြိုးစားပါတယ်..။ ပြီးတော့ ကန်ရမယ့်ပွဲအကြောင်း ကြိုတင်တွေးပြီး ဘာတွေမျှော်လင့်နိုင်မလဲ? အာရုံစိုက်ဖို့ အမြဲကြိုးစားပါတယ်..။”
မေး - ပွဲပြီးတဲ့အခါ ဘယ်သူ့ဆီကို ပထမဆုံး message ပို့လေ့ရှိလဲ။
“ကျွန်တော့်ရဲ့ ဇနီးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ သူများအပေါ် ဝေဖန်ရတာကို နှစ်သက်ကြလို့ ဖြစ်ပါတယ်..။ တကယ်လို့သူတို့ပွဲလာကြည့်ကြတယ်ဆိုရင် ‘ပွဲက ဘယ်လိုလဲ၊ ပွဲကန်ချိန်အတွင်း ကလေးတွေ ဘယ်လိုနေလဲ? စသဖြင့် ကျွန်တော်အမြဲတမ်း မေးလေ့ရှိပါတယ်..။”
မေး - ဂိုးသမားမဟုတ်တဲ့ outfield player တွေထဲမှာ ဂိုးဖမ်းအကောင်းဆုံးက ဘယ်သူလဲ။
“ကိုယ့်ကိုယ်ကိုယ်ပဲ ရွေးချယ်မိမှာပါ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် တိုစင် ကို ရွေးပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အရမ်းအရပ်ရှည်ပြီး အသံကျယ်တာကြောင့် ဂိုးဖမ်းကောင်းလိမ့်မယ်လို့ ထင်မိပါတယ်..။”
မေး - ဘယ်နောက်ခံလူ ဒါမှမဟုတ် ကွင်းလယ်လူတွေထဲကနေ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်လာနိုင်မှာ ဘယ်သူဖြစ်နိုင်မလဲ။
“အင်ဇို ဖာနန်ဒက်ဇ် ဖြစ်နိုင်ပါတယ်..။ သူဟာဂိုးတွေ အများကြီးသွင်းပေးနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက်ရဲ့ ပင်ကိုယ်ထိုးထွင်းဉာဏ် (striker’s instinct) ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါ့အပြင်သူ့ဆီမှာ တိုက်စစ်မှူးတစ်ဦးရဲ့ ဗီဇ၊ ကြန်အင်လက္ခဏာ အပြည့်ရှိနေပါတယ်..။”
မေး - ချယ်လ်ဆီးအသင်းနဲ့ ဘယ်အရာက သင့်ကိုအကြီးအကျယ် အံ့အားသင့်စေခဲ့သလဲ။
“ကျွန်တော် ထင်တာက ဒီအသင်းရဲ့ ‘ကြီးကျယ်ခမ်းနားမှု’ ဖြစ်ပါလိမ့်မယ်။ ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအသင်းကြီး တစ်သင်းဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် အသင်းကို ရောက်လာပြီးတာနဲ့ ဒီအသင်းကို အားပေးတဲ့သူတွေဟာ ကမ္ဘာတစ်ဝန်းလုံး နေရာအနှံ့အပြားမှာ ရှိနေတယ်ဆိုတာ သဘောပေါက် လာပါလိမ့်မယ်။ အဲဒီအရာဟာ အကောင်းဆုံးတွေထဲက တစ်ခုလို့ ကျွန်တော်ထင်ပါတယ်..။”
(Chelsea FC official website မှ တင်ဆက်သော ‘Lifting the lid with Marc Cucurella’ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်..။)