အာဂျင်တီးနား ကွင်းလယ် ကစားသမား အင်ဇို ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်တွေဖြစ်တဲ့ ဗင်နီဇွဲလား၊ အီကွေဒေါအသင်းတွေနဲ့ပွဲစဉ်တွေကို ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့တာကလွဲရင် နိုင်ငံအသင်းနဲ့ ချယ်လ်ဆီးအသင်းအတွက် ပါဝင်ခွင့်မရခဲ့တဲ့ပွဲ မရှိသလောက်ပါပဲ…။ ဒါ့ကြောင့် သူ့ရဲ့အခန်းကဏ္ဍဟာ နည်းပြ အင်ဇို မာရက်စ်ကာ ရဲ့အသင်းမှာ တန်ဖိုးမှုရှိတယ်ဆိုတာ ထင်ရှားနေခဲ့သလို တခြားတစ်ဘက်မှာလည်း ပွဲတွေဆက်တိုက် ကစားခဲ့ရတာကြောင့် ပွဲပန်းနေတဲ့ လက္ခဏာတွေကို ဖူးလ်ဟမ်းအသင်းနဲ့ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်..။
ဒါပေမယ့် အသက် (၂၄) နှစ်သား ကွင်းလယ် ကစားသမားဟာ လုပ်အားနှုန်း အင်မတန်ကောင်းမွန်တဲ့ ကစားသမား ဖြစ်တယ်.. ဆိုတာ အခုပူးတွဲပုံ (ပုံ- ၁) မှာ ပြသထားတဲ့ အချက်အလက်တွေက ပြသနေပါတယ်..။ မနှစ်ကဘောလုံးရာသီ အစပိုင်းကနေ အခုနောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေအထိ ချယ်လ်ဆီးအသင်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အချက်အလက် မှတ်တမ်းတွေအရ သူဟာ ပြေးလွှား၊ လှုပ်ရှားမှု (distance covered) အများဆုံး ပြုလုပ်ခဲ့တဲ့သူ ဖြစ်နေတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်…။
အဲဒီလိုလုပ်အားနှုန်း ပိုပြီးကောင်းမွန်လာခြင်းဟာ ကစားရတဲ့ တာဝန်၊ နေရာယူမှု အပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်ပါတယ်..။ နည်းပြအင်ဇို မာရက်စ်ကာ ဟာ အာဂျင်တီးနား ကွင်းလယ် ကစားသမားကို တိုက်စစ်ပိုင်း ပိုမိုလိုက်ပါခိုင်းပြီး တိုက်စစ်ဇုန်၊ ခံစစ်ဇုန် နှစ်ခုစလုံးမှာ ပိုပြီးပံ့ပိုးစေဖို့ တာဝန်ပေး၊ နေရာချထားခဲ့ပါတယ်..။ တစ်ကွင်းလုံးအနှံ့ မနားတမ်း လှုပ်ရှားနိုင်စွမ်းရှိတဲ့ သူ့ရဲ့ လုပ်အားနှုန်း (box to box industry) ဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ဟန်ချက် (midfield balance) ကို ထိန်းကျောင်းနိုင်ဖို့ အရေးပါခဲ့တဲ့အပြင် တိုက်စစ်လမ်းကြောင်း ဖန်တီးရာမှာ၊ အဆုံးသတ် ဂိုးသွင်းရာမှာလည်း အဓိကကျခဲ့ပါတယ်..။
ပြီးခဲ့တဲ့ဇန်နဝါရီလကနေ လက်ရှိအချိန်ထိ ချယ်လ်ဆီးအသင်း ကစားသမားတွေရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ စွမ်းဆောင်ရည် အချက်အလက်များအရ ဖာနန်ဒက်စ် ဟာ ဂိုးသွင်း+ ဂိုးဖန်တီးမှု (goal involvement) (၁၈) ကြိမ် ပြုလုပ်ထားခဲ့ပြီး ချယ်လ်ဆီးအသင်း ကစားသမားတွေထဲမှာ ဂိုးအများဆုံး သွင်းယူပေးတဲ့သူ ဖြစ်နေတဲ့အပြင် ဂိုးဖန်တီးပေးမှုပါ အများဆုံး ပြုလုပ်ထားနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် နေရာသစ်မှာ ပိုမိုတိုးတက်လာတဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကို ဝက်စ်ဟမ်းအသင်းကို ၅ဂိုး- ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မြင်တွေ့ခွင့်ရခဲ့ပါတယ်..။
ဖာနန်ဒက်စ် ဟာ ပွဲချိန် (၃၄) မိနစ်မှာ ဘရာဇီးလ်လူငယ် တောင်ပံ တိုက်စစ်မှူး အက်စ်တီဗာအို ရဲ့ ညာတောင်ပံ ဖြတ်တင်ဘောကနေ အနီးကပ် ပိတ်သွင်းယူပေးခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ တတိယဂိုး အပါအဝင် အဲဒီလိုဖြတ်တင်ဘောတွေကို အသုံးချနိုင်မယ့် ပြေးထွက်မှု (cross option runs) (၂၂) ကြိမ်နဲ့ အခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ cross option runs အများဆုံး ပြုလုပ်ထားတဲ့ ကစားသမား ဖြစ်နေပါတယ်..(ပုံ- ၂)။
အခုအောက်မှာ ပြထားပူးတွဲပုံ (၃) မှာဆိုရင် အက်စ်တီဗာအို ဟာ ညာတောင်ပံကနေ ဆွဲထွက်လာချိန်မှာ အင်ဇို ဖာနန်ဒက်စ် ဟာ ဂိုးဧရိယာထဲမှာ အသင့်ရောက်ရှိဖို့ ပြေးထွက်မှုကို စတင်ခဲ့ပါတယ်..။
ဝက်စ်ဟမ်းအသင်းရဲ့ ဂိုးဧရိယာထဲကို အက်စ်တီဗာအို ရောက်ရှိလာချိန်မှာ အင်ဇို ဖာနန်ဒက်စ် ဟာ နောက်တန်းလူတွေကြားက နေရာလွတ်ထဲကို ပြေးဝင်နိုင်ခဲ့ပါတယ်..(ပုံ- ၄)။
အဲဒီနောက်မှာ သူဟာ ဘရာဇီးလ်လူငယ် တောင်ပံ ကစားသမားရဲ့ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို အနီးကပ် အဆုံးသတ်ပေးခဲ့ပါတယ်..။
အခုထိ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပြီးတဲ့အချိန်ထိ တခြားပရီးမီးယားလိဂ် အသင်းတွေထဲမှာ cross option runs (၁၅) ကြိမ်ထက် ပိုပြီးပြုလုပ်ထားတဲ့ ကစားသမား မရှိသလို ဒုတိယနေရာက ဘရာဇီးလ် တိုက်စစ်မှူး ဂျာအို ပီဒရို ဟာလည်း ချယ်လ်ဆီးအသင်းကပဲ ဖြစ်ပါတယ်..(ပုံ- ၂)။ အခုလိုတောင်ပံကနေ ပေးပို့လိုက်တဲ့ ဖြတ်တင်ဘောတွေကို ဂိုးဧရိယာထဲမှာ အချိန်ကိုက်၊ နေရာကိုက် ရောက်ရှိ၊ အသုံးချနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ဟာ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ရဲ့ ‘No. 8’ ဂန္ထဝင်ကစားသမားကြီး ဖရန့် လမ်းပတ် ရဲ့ အကောင်းဆုံး၊ အထင်ရှားဆုံး စွမ်းဆောင်ရည်တစ်ခု ဖြစ်ပါတယ်..။
ဖာနန်ဒက်စ် ဟာ ပွဲချိန် (၄၉) မိနစ်မှာလည်း ပီဒရို နက်တို ရဲ့ ဘယ်တောင်ပံက ချိုးပေးလိုက်တဲ့ ဘောလုံးကို ဝက်စ်ဟမ်းအသင်းက ဂျိမ်းစ် ဝဒ်- ပရောက်စ် ထက် ဦးဆောင်ပြေးထွက်ပြီး (၁၂) ကိုက်ထိပ်ကနေ မနားတမ်းပိတ်သွင်းနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဂိုးဘားတန်းကျော်သွားခဲ့တာကြောင့် ဒုတိယဂိုး ထပ်မရခဲ့တာပါ..(ပုံ- ၅)။
အင်ဇို ဖာနန်ဒက်စ် ကို ဖရန့် လမ်းပတ် နဲ့ အခုလိုခိုင်းနှိုင်း၊ နှိုင်းယှဉ်မှု ပြုလုပ်နေပေမယ့် ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ရရှိထားတဲ့ ဂန္ထဝင်ကစားသမားကြီးရဲ့ စွမ်းဆောင်ရည်ကို လိုက်မှီဖို့ အများကြီးလိုအပ်နေပါသေးတယ်…။ တကယ်တော့ ခံစစ်မှူးတွေအတွက် ဂိုးသွင်းခါနီးမှာ အချိန်ကိုက်၊ နေရာကိုက် အတိအကျ ရောက်ရှိ အသုံးချတတ်တဲ့ ဂန္ထဝင်ဖရန့် လမ်းပတ် ရဲ့ လှုပ်ရှားမှုမျိုးဟာ တားဆီးနိုင်ဖို့ အင်မတန်ခက်ခဲပါတယ်..။
အလားတူပါပဲ.. အောက်မှာပြထားတဲ့ ပူးတွဲပုံ (၆) မှာ ပြထားတဲ့ အင်ဇို ဖာနန်ဒက်စ် ရဲ့ cross option runs ပြေးလွှားပုံတွေကို ကြည့်မယ်ဆိုရင် တစ်ချို့ပြေးလွှားမှုတွေကို ကွင်းလယ်စက်ဝိုင်းမှာကတည်းက စတင်ခဲ့တာ ဖြစ်တဲ့အတွက် နောက်ခံလူတွေအနေနဲ့ ကာကွယ်နိုင်ဖို့ ခက်ခဲပါတယ်..။ ကွင်းလယ် ကစားသမား တစ်ယောက်အနေနဲ့ အသင်းဖော်တွေရဲ့ ဖန်တီး၊ ပေးပို့မှုတွေကို ပြိုင်ဘက်အသင်း ဂိုးဧရိယာထဲမှာ အချိန်ကိုက်၊ နေရာကိုက် ရောက်ရှိ၊ အသုံးချနိုင်ဖို့ဆိုရင် လုပ်အားနှုန်းနဲ့ ကစားအား (athleticism) ကောင်းရုံသာမက ကစားကွက် ထိုးထွင်းသိရှိတဲ့ဉာဏ် (intelligence) နဲ့ နည်းစနစ်ပိုင်း မြင့်မားမှုပါ ရှိနေဖို့ လိုအပ်ပါတယ်..။
ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ဂိုးမှာဆိုရင် အက်စ်တီဗာအို က ညာတောင်ပံမှာ နေရာယူထားတဲ့ ဂျာအို ပီဒရို ဆီကို နောက်ပေါက်နဲ့ ချပေးလိုက်တဲ့ အချိန်ကတည်းက အင်ဇို ဟာ သူ့ရဲ့ပြေးလွှားမှုကို စတင်ခဲ့တာပါ..(ပုံ- ၇)။ ဒါ့ကြောင့် ဖူးလ်ဟမ်းအသင်း ကွင်းလယ် ကစားသမားတွေဟာ သူ့ရဲ့နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါပြီး ဖြတ်တင်ဘောတွေကို တားဆီးနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ..။
ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ပွဲမှာ ဆိုရင်လည်း တောင်ပံ ကစားသမား တစ်ယောက် ဘောလုံးရယူ၊ ထိုးဖောက်လာတာနဲ့ တပြိုင်နက် ဖာနန်ဒက်စ် ဟာ ဂိုးဧရိယာထဲမှာ အသင့်ရောက်ရှိနေဖို့ ပြေးထွက်သွားခဲ့တာကို သတိပြုမိမှာပါ..(ပုံ- ၈)။ အက်စ်တီဗာအို ကတော့ ဘယ်ဘက်အစွန်ကနေ ပြေးထွက်၊ နေရာယူဖို့ အသင့်ရှိနေပါတယ်..။
အဲဒီအခိုက်အတန့်မှာတော့ သူမျှော်လင့်နေတဲ့ ဖြတ်တင်ဘောဟာ ရောက်ရှိမလာပဲ ဘယ်အစွန်မှာ နေရာယူဖို့ အသင့်ပြင်ထားတဲ့ အက်စ်တီဗာအို ဆီကို ဘောလုံးခင်းပေးပြီး တွဲဖက်ကစားခဲ့ပါတယ်..။ အင်ဇို ဖာနန်ဒက်စ် ဟာ အဲဒီလိုပြေးထွက်မှုတွေ ပြုလုပ်နေပေမယ့် ဖြတ်တင်ဘောတိုင်းဟာ သူ့ဆီကို ရောက်ရှိလာမှာမဟုတ်မှန်း သိရှိထားပြီး ဖြစ်ပါတယ်..။ သူဟာတိုက်စစ်ပိုင်းကို ပိုမိုအားပြုရတဲ့ ကွင်းလယ် ကစားသမားအဖြစ် တာဝန်ယူရပြီးနောက်ပိုင်း cross option runs တွေ ကြိုးစား၊ ပြုလုပ်လေ့ရှိသလို မနှစ်ကဘောလုံးရာသီမှာဆိုရင် သူ့ထက်ပိုပြီး ပြေးထွက်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားတွေဆိုလို့ ရာအူး ဟင်းမီးနက်ဇ် (ဖူးလ်ဟမ်း) နဲ့ ဒေါမနစ်ခ် ဆိုလန်ကီ (တော့တင်ဟမ်) တို့ နှစ်ဦးပဲ ရှိခဲ့ပါတယ်..။
အခုလိုဖြတ်တင်ဘောတွေကို ထိထိရောက်ရောက် အသုံးချနိုင်မယ့် လုပ်အားနှုန်း၊ ထိုးထွင်းအသိဉာဏ်နဲ့ နည်းစနစ်ပိုင်းအမြင် စူးရှကောင်းမွန်မှုတွေကြောင့် နည်းပြအင်ဇို မာရက်စ်ကာ ဟာ သူ့ကိုတိုက်စစ်ပိုင်း ပိုမိုလိုက်ပါဖို့ တာဝန်ပေးခဲ့တာ ဖြစ်သလို အာဂျင်တီးနား ကွင်းလယ် ကစားသမားဟာ မနှစ်ကဘောလုံးရာသီက စတင်ပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာခဲ့ပါတယ်..။ ဒါ့ကြောင့်အီတလီနည်းပြကြီးရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ သတ်မှတ်ရမှာပါ..။
အင်ဇို ဖာနန်ဒက်စ် ရဲ့ ပြောင်းလဲလာတဲ့ ကစာပုံနဲ့ တိုးတက်လာခဲ့တဲ့ ခြေစွမ်းအပေါ် နည်းပြကြီးက အခုလိုမှတ်ချက်ပေးခဲ့ပါတယ်..။
“အင်ဇို ဟာ မနှစ်ကနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် အများကြီးတိုးတက်လာပါတယ်..။ တိုက်စစ်ပိုင်း ပံ့ပိုးမှုရော၊ ခံစစ်ပိုင်း ကူညီမှု အပါအဝင် ကဏ္ဍစုံမှာ တိုးတက်လာတာ သံသယရှိဖို့ မလိုပါဘူး..။ ကိန်းဂဏန်းနဲ့ ပြလို့မရတဲ့ ခေါင်းဆောင်မှုပိုင်းလို အရာတွေအပါအဝင် ကိန်းဂဏန်းနဲ့ပြလို့ရတဲ့ စွမ်းဆောင်မှုပိုင်းမှာပါ မြင်သာ၊ ထင်သာ တိုးတက်လာပါတယ်..။
သူ့ရဲ့သွင်းဂိုးနဲ့ ဂိုးဖန်တီးပေးနိုင်မှု အရေအတွက်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးတွေထဲမှာ ပါဝင်ပါတယ်..။ အဲဒီစွမ်းဆောင်မှုပိုင်းကို ကြည့်မယ်ဆိုရင် သူဟာသွင်းဂိုးတွေနဲ့ အသင်းကိုအများကြီး ကူညီပေးနိုင်တယ်ဆိုတာ တွေ့မြင်ရပါလိမ့်မယ်..။ သူဟာဆက်လက်တိုးတက်ပြီး ကျွန်တော်တို့ကို အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ကူညီပေးနိုင်မယ်ဆိုတာ သံသယမရှိပါဘူး..။”
အခုလိုနည်းပြကြီးက မျှော်လင့်ချက်အပြည့် ထားရှိနေတဲ့ အာဂျင်တီးနား ကွင်းလယ် ကစားသမားဟာ ပြီးခဲ့တဲ့ international break ကာလမှာတော့ အာဂျင်တီးနားအသင်းအတွက် ပါဝင်ခွင့်မရခဲ့တာကြောင့် ရှားရှားပါးပါး အနားကောင်းကောင်း ရခဲ့တယ်လို့ ပြောရမှာပါပဲ..။ ဒါ့ကြောင့်လန်းဆန်းတက်ကြွမှုအပြည့်နဲ့ အသစ်တစ်ဖန် ပြန်လည်ထွန်းတောက်လာမယ့် အင်ဇို ဖာနန်ဒက်စ် ဟာ အခုလာမယ့်စနေနေ့ည ဘရန့်တ်ဖို့ဒ် အသင်းနဲ့ပွဲကနေစတင်လို့ ထိရောက်တဲ့ စွမ်းဆောင်မှုတွေနဲ့အတူ အသင်းအတွက် အကောင်းဆုံး ကူညီ၊ ပံ့ပိုးပေးနိုင်မှုတွေ မြင်တွေ့နိုင်ဖို့ မျှော်လင့်ထားပါကြောင်း တင်ဆက်လိုက်ပါတယ်…။
(Sky Sports သတင်းဌာနမှ ဆောင်းပါးရှင် Nick Wright ၏ ‘Enzo Fernandez making runs like Chelsea legend Frank Lampard’ ဆောင်းပါးကို ဆီလျှော်အောင် ပြန်ဆိုပါသည်..။)