feature-image

ပွဲပန်းမှု၊ ဒဏ်ရာပြဿနာ နဲ့ ကိုးလ် ပါးမား မပါဝင်ပဲ ရှေ့ဆက်ရဦးမယ့် ချယ်လ်ဆီး

အီတလီနည်းပြကြီး အင်ဇို မာရက်စ်ကာ ဟာ ချယ်လ်ဆီးအသင်းမှာ သူတို့ရဲ့အအဓိက ကစားကွက်ဖန်တီးရှင် ကိုးလ် ပါးမား မပါဝင်ပေမယ့်လည်း နိုင်ပွဲတွေအရယူဖို့ စွမ်းဆောင်နိုင်စွမ်းရှိတယ်.. ဆိုတာ သက်သေပြနိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်..။ အထူးသဖြင့် သူမပါဝင်တဲ့ပွဲတွေမှာ အသင်းရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေဟာ သူပါဝင်ခဲ့တဲ့ပွဲတွေနဲ့ သိသိသာသာ ကွာခြားချက်ရှိနေတာကို မြင်တွေ့နေရပါတယ်..။

အထူးသဖြင့် အရင်အပါတ်က မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ပွဲမှာ ပေါင်ကြွက်သားဒဏ်ရာ အရှင်းမပျောက်သေးပေမယ့် အတင်းကြိုးစားပြီး ဝင်ရောက်ကစားခဲ့တာကြောင့် ပွဲချိန် (၂၁) မိနစ်မှာတင် လူစားလဲခဲ့ရပါတယ်..။ ဒါ့ကြောင့်နည်းပြအင်ဇို အနေနဲ့ ကြံ့ခိုင်မှုအပြည့်မရှိတဲ့ ပါးမား ကို ထည့်သွင်းပြီး စွန့်စားမှုရယူတာဟာ ထိုက်တန်မှုရှိတယ်.. ဆိုတဲ့အချက်ကို လက်ခံနေဆဲ ဖြစ်တယ်ဆိုတာ ပြသနေခြင်းပါ..။ 

အခုဆိုရင် ချယ်လ်ဆီးအသင်းဟာ ကိုးလ် ပါးမား ကို လာမယ့်အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်တွေအပြီး ကာလအထိ ဆုံးရှုံးရတော့မှာပါ..။

 
အင်ဇို မာရက်စ်ကာ မရောက်လာခင် အာဂျင်တီးနားနည်းပြ မော်ရစ္စစီယို ပိုချက်တီနို ဟာလည်း အလားတူ ပြဿနာကို ရင်ဆိုင်ဖြေရှင်းရင်းရခဲ့တာပါပဲ..။ ပိုချက်တီနို ဟာ အာဆင်နယ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ကိုးလ် ပါးမား နာမကျန်းဖြစ်နေလို့ မပါဝင်နိုင်မယ့် အခြေအနေကို အသုံးချပြီး ‘Cole Palmer FC’ မဟုတ်ပါဘူး.. ဆိုတာ သက်သေပြမယ်လို့ ကြုံးဝါးခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့အသင်းဟာ မီခေးလ် အာတီးတာ ရဲ့ အသင်းကို ၅ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်..။

ကိုးလ် ပါးမား ဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ မန်ချက်စတာ စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ အချိန်ကစပြီး ချယ်လ်ဆီးအသင်းရဲ့ ဂိုးရနိုင်မယ့်လမ်းကြောင်း၊ တိုက်စစ်ဖန်တီးမှုတွေကို အဓိကထိန်းကျောင်း၊ ပုံဖော်နေတဲ့သူ ဖြစ်လာခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့အတွက် ပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၂.၅) သန်းဟာ တကယ့်ကို ပြောင်မြောက်လှတဲ့ ဝယ်ယူမှုတစ်ခုအဖြစ် အားလုံးက တညီတညွတ်တည်း လက်ခံခဲ့ကြပါတယ်..။ သူဟာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် (၉၈) ပွဲမှာ သွင်းဂိုး (၃၈) ဂိုး + ဂိုးဖန်တီးမှု (၂၀) ကြိမ်နဲ့ (goal contribution) (၅၈) ကြိမ် ပြုလုပ်ထားပါတယ်..။ သိပ်ကိုထူးချွန်လှတဲ့ စွမ်းဆောင်ရည်လို့ ပြောရမှာပါ..။



အခုနောက်ပိုင်းမှာ သူ့ရဲ့ခြေစွမ်းကျဆင်းနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေခဲ့သော်ငြား မနှစ်ကဘောလုံးရာသီ အစပိုင်းကနေ အခုအချိန်ထိ သူ့ရဲ့ goal contribution (၂၄) ကြိမ်ကနေ ချယ်လ်ဆီးအသင်း ရမှတ် (၁၈) မှတ် ရရှိခဲ့တယ်လို့ တွက်ချက်ထားပါတယ်..။ အဲဒီရမှတ်ဟာ မန်ချက်စတာ စီးတီးအသင်းအတွက် အားလင်း ဟာလန်း ရယူပေးခဲ့တဲ့ ရမှတ်တွေနဲ့ တူညီနေသလို နယူးကာဆယ်အသင်းအတွက် ရမှတ် (၂၁) မှတ်ယူပေးခဲ့တဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး အိုင်ဆက် ထက် (၃) မှတ်ပဲ လျော့နည်းပါတယ်…။

ရိုးရိုးရှင်းရှင်းပဲ ပြောရမယ်ဆိုရင် ကိုးလ် ပါးမား မပါဝင်တာနဲ့ ချယ်လ်ဆီးအသင်းဟာ သွင်းဂိုးနည်းတယ်..၊ ဂိုးဖန်တီးမှုလည်း နည်းပါးသွားပါတယ်..။ ဒါပေမယ့် အီတလီနည်းပြကြီးကတော့ ကိုးလ် ပါးမား နဲ့ ပတ်သက်ပြိး Sky Sports သတင်းဌာနကို အရင်အပါတ်က အခုလိုတုံ့ပြန်ခဲ့ပါတယ်..။

“ကျွန်တော်တို့ သူ့ကိုလိုအပ်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး..။ ကိုးလ် ပါးမား ပါဝင်လာရင် အသင်းဟာ ပိုပြီးကောင်းမွန်လာပါတယ်..။ ဒါပေမယ့် သူမပါဝင်နိုင်ရင်လည်း ကျွန်တော်တို့ဆီမှာ အဖြေရှိနေရပါမယ်..။ နိုင်ပွဲတွေရရှိအောင် စွမ်းဆောင်နိုင်စွမ်း ရှိရပါမယ်..။ ကျွန်တော်တို့ဟာ ဝက်စ်ဟမ်း၊ ဖူးလ်ဟမ်းနဲ့ပွဲတွေ အနိုင်ရခဲ့သလို ဘရန့်တ်ဖို့ဒ်အသင်းကိုလည်း အနိုင်ရဖို့ နီးစပ်ခဲ့ပါတယ်..။”

သူ့ရဲ့ပြောကြားချက်ဟာ တစိတ်တပိုင်းတော့ မှန်ကန်ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်၊ တော့တင်ဟမ် တို့နဲ့ သွင်းဂိုးအရေအတွက် တူညီနေသလို လက်ရှိပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ လီဗာပူးလ်အသင်းထက် တစ်ဂိုးပဲ လျော့နည်းပါတယ်..။ ဒါပေမယ့် ကိုးလ် ပါးမား မပါဝင်နိုင်တဲ့အချိန်တွေမှာ open play ကနေ ခြိမ်းခြောက်နိုင်စွမ်း မရှိသလောက်ပါပဲ..။

အခုနှစ်ဘောလုံးရာသီ ချယ်လ်ဆီးအသင်းရဲ့ သွင်းဂိုးတွေထဲမှာ တည်ကန်ဘောတွေကနေ ရရှိတဲ့သွင်းဂိုးတွေကို (set-piece goals) ဖယ်ထုတ်လိုက်မယ်ဆိုရင် အသင်းရဲ့ဂိုးဖန်တီးမှုပိုင်းမှာ ပြဿနာ ကြီးကြီးမားမားရှိနေတာ သတိပြုမိကြမှာပါ..။ ချယ်လ်ဆီးအသင်းဟာ တီထွင်၊ ဖန်တီးနိုင်စွမ်း၊ ထိုးထွင်း စွမ်းဆောင်နိုင်စွမ်း (imaginatiom) နည်းပါးနေပါတယ်..။



ဒါ့အပြင် အင်ဇို မာရက်စ်ကာ ဟာ အခုအချိန်မှာ ပြည်တွင်းပြိုင်ပွဲတွေသာမက ဥရောပရဲ့ အဆင့်အမြင့်ဆုံး ချန်ပီယံလိဂ် ပြိုင်ပွဲကိုပါ စစ်မျက်နှာ နှစ်ဘက်ဖွင့်ပြီး တပြိုင်နက် တိုက်ပွဲဝင်နေရပါတယ်..။ ဒါဟာသူ့ရဲ့မန်နေဂျာ သက်တမ်းတစ်လျှောက် အကြီးမားဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်သလို ပွဲတွေဆက်တိုက် ယှဉ်ပြိုင်နေရတာကြောင့် လေ့ကျင့်ကွင်းမှာ နည်းဗျူဟာသစ်တွေ ချမှတ်နိုင်ဖို့ အချိန်အခက်အခဲ ရှိနေပါတယ်.။ 

ဒါ့အပြင်အခုဘောလုံးရာသီမှာ အီတလီနည်းပြကြီးရဲ့ ပွဲချိန်အတွင်း စီမံခန့်ခွဲမှု၊ အပြောင်းအလဲတွေ (game management) အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်..။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ပွဲစဉ်မှာ ဂိုးသမား ရောဘတ် ဆန်းချက်ဇ် အနီကတ်ဒ် ပြခံရတဲ့အချိန်မှာ ပီဒရို နက်တို ကို လူစားလဲခဲ့တဲ့အပေါ် ဝေဖန်မှုတွေ များပြားခဲ့ပြီး Sky Sports သတင်းဌာနရဲ့ pundit တစ်ယောက်ဖြစ်သူ ပေါလ် မာဆင် က အခုလိုသုံးသပ်သွားခဲ့ပါတယ်..။

“အဲဒီအချိန်မှာ သူ့ရဲ့စိတ်ထဲ ဘယ်လိုစဉ်းစားနေလဲ..? မပြောတတ်ပါဘူး.။ ပီဒရို နက်တို ဟာ ကွင်းထဲမှာ မဖြစ်မနေ ရှိကိုရှိနေရမယ့် ကစားသမား ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာလျှင်မြန်မှု ကောင်းမွန်တဲ့ တိုက်စစ်မှူး ဖြစ်တာကြောင့် နောက်ခံလူနှစ်ယောက်လောက်ကို ထိန်းထားနိုင်စွမ်း ရှိပါတယ်..။ သူ့ကိုထုတ်လိုက်တာနဲ့ မန်ချက်စတာ ယူနိုက်တက်က တစ်ဖက်သတ် ဖိကစားခဲ့ပြီး အသက်တောင် မရှူနိုင်ခဲ့ပါဘူး..။”

ဆန်းချက်ဇ် ရဲ့ အနီကတ်ဒ် ပြစ်ဒဏ်ဟာ ရှားပါးဖြစ်ရပ်တစ်ခုလို့ ပြောရမှာဖြစ်ပေမယ့် မန်နေဂျာရဲ့ ဖိအးတွေအောက်က ဆုံးဖြတ်ချက်တွေဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်..။ ဒါ့အပြင် နောက်ထပ် (၁၅) မိနစ်အကြာ ကိုးလ် ပါးမား ကို လူစားလဲလိုက်ချိန်မှာတော့ တိုက်စစ်လုံးဝမရှိသလောက် ဖြစ်သွားပါတယ်..။



အခုအချိန်မှာ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး အဓိကအငြင်းပွားနေတဲ့ အကြောင်းအရာက ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှု၊ ကျရှုံးမှုဟာ ကိုးလ် ပါးမား အပေါ် ဗဟိုပြုနေသလား..(Palmer’s Centrality)? ဆိုတဲ့ အချက်ဖြစ်ပါတယ်..။ ကိုးလ် ပါးမား ကို လှုပ်မရအောင် ထိန်းချုပ်လိုက်တာနဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်တွေ အသက်မဲ့သွားတော့မှာလား..? 

ဒါမှမဟုတ် အင်ဇို မာရက်စ်ကာ ဟာ ပိုချက်တီနို လက်ထက်ကတည်းက ဖြစ်တည်နေခဲ့တဲ့ အသင်းရဲ့အခက်အခဲကို ဆက်လက်သယ်ဆောင်လာတာလား..? ကိုးလ်း ပါးမား ရဲ့ ပေးဆပ်မှုကို မှီခိုလွန်းနေတာကြောင့် ချယ်လ်ဆီးအသင်းဟာ ဒုတိယအစီအမံ (Plan B) မရှိပဲ ဖြစ်နေတာလား..? အီတလီ နည်းပြကြီးကတော့ အခုအချိန်မှာ တည်ကန်ဘော (set pieces) တွေကနေ သွင်းဂိုးတွေ ရနေတာဟာ အသင်းအတွက် နောက်ထပ်ဖြေရှင်းချက်တစ်ခု ဖြစ်တယ်.. ပြောလေဦးမလား..?

ဒါပေမယ့် အခုနောက်ပိုင်းပွဲစဉ်တွေမှာ ကိုးလ် ပါးမား ဟာ အာရုံစိုက်ပြီး လူကပ်ခံနေရသလို ပြစ်ဒဏ်ဘောလည်း မကြာခဏ ကျူးလွန်ခံနေရပါတယ်..။ ဒါ့ကြောင့်သူဟာ တိုက်စစ်ဇုန်ထဲမှာ နေရာအသေထား မကစားတော့ပဲ တစ်ကွင်းလုံးရွှေ့လျားနေရင်း တိုက်စစ်ဆင်နိုင်မယ့် နေရာလွတ်ကို ရှာဖွေလာတဲ့ ကစားဟန်ကို ပြောင်းလဲ၊ ကျင့်သုံးလာခဲ့ပါတယ်..။ ဒါ့အပြင် ချယ်လ်ဆီးအသင်းရဲ့ ပြောင်းလဲလာတဲ့ အရွေ့တစ်ခုအနေနဲ့ ပါးမား ဟာ အခုနောက်ပိုင်း ကွင်းရဲ့ဘယ်ဘက်အခြမ်းမှာ ပိုပြီးနေရာယူ ကစားလာတာကို တွေ့လာရပါတယ်..။



အဲဒီအရွှေ့ဟာ အသင်းရဲ့ကစားသမား အပြောင်းအလဲနဲ့လည်း သက်ဆိုင်နိုင်ပါတယ်..။ ပါးမား ဟာ နီကိုလပ်စ် ဂျက်ဆင်၊ နိုနီ မာဒူအီကေး တို့နဲ့ တွဲဖက်ညီခဲ့ပါတယ်..။ ဒါပေမယ့် အခုရာသီမှာ သူတို့နှစ်ဦးစလုံးဟာ ဘေယန် မြူးနစ်၊ အာဆင်နယ်အသင်းတွေဆီ ပြောင်းရွှေ့သွားခဲ့ပါပြီ..။ ဒါ့ကြောင့်ကိုးလ် ပါးမား ဟာ ဇာတ်ဆောင် အသစ်တွေနဲ့ ကပြ၊ အသုံးတော်ခံဖို့ ကြိုးစားလာရပြီး အသင်းဖော်သစ်တွေနဲ့ နားလည်မှုတွေ ပြန်လည်တည်ဆောက်ရပါတော့တယ်..။ ကစားသမားသစ်က တစ်ယောက်ထဲ မဟုတ်ပါဘူး..။ (၆) ယောက်ဖြစ်ပါတယ်..။ 

အဲဒီလိုအသင်းအတွင်း မတည်ငြိမ်မှုတွေကြောင့်လည်း သူ့ရဲ့ခြေစွမ်း ကျဆင်းသွားတာ ဖြစ်နိုင်ပါတယ်..။ ဒါဟာနည်းပြမာရက်စ်ကာ ဖြေရှင်းရမယ့် တာဝန်တစ်ရပ် ဖြစ်နေပါတယ်..။ တစ်ဆက်တည်းဆိုသလို ချယ်လ်ဆီးအသင်းဟာ အခုနှစ်နွေရာသီကာလမှာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် အနားကောင်းကောင်း မရခဲ့ပါဘူး..။

ကိုးလ် ပါးမား ဟာ မနှစ်ကဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းနဲ့ အင်္ဂလန်အသင်းအတွက် ပွဲပေါင်း (၅၅) ပွဲ ကစားခဲ့ရတာကြောင့် အသင်းရဲ့တိုက်စစ်ဖန်တီးမှု တာဝန်တစ်ခုလုံးကို ကာလရှည် ထမ်းပိုးခဲ့ရတဲ့ ပင်ပန်း၊ နွမ်းနယ်မှုကိုလည်း ထည့်တွက်ဖို့လိုပါတယ်..။ 

တကယ်တော့ အခုလိုတိုက်စစ်ပိုင်း ဖန်တီးမှုအားနည်းတဲ့ ပြဿနာဟာ ချယ်လ်ဆီးအသင်းရဲ့ ပြဿနာ ဖြစ်သင့်ပြီး ကိုးလ် ပါးမား ရဲ့ ခြေစွမ်းကျဆင်းမှုထက် ပိုပြီးအရေးကြီးပါတယ်..။ အသက် (၂၃) နှစ်အရွယ် အပြာရောင်တွေရဲ့ Golden Boy ဟာ ချယ်လ်ဆီးအသင်းကို ဘောလုံးရာသီ နှစ်ရာသီဆက်တိုက် ထမ်းပိုးလာခဲ့ပါပြီ..။ အခုအချိန် မဖြစ်မနေ အနားယူရတော့မယ့်အချိန်မှာ သူ့ရဲ့ကိုယ်စား အသင်းကို ထမ်းပိုး၊ ပခုံးထမ်း လက်လွှဲယူနိုင်မယ့်သူ ပေါ်ထွက်လာဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(Sky Sports သတင်းဌာနမှ ဆောင်းပါးရှင် Lauara Hunter ၏ ‘Cole Palmer and Chelsea: Injuries, fatigue and form - what are the big issues and how are they best solved?’ ဆောင်းပါးကို ဆီလျှော်အောင် ပြန်ဆိုပါသည်..။)