feature-image

စနေနေ့ ဘောလုံးစကားဝိုင်း (ချယ်လ်ဆီး vs အာဆင်နယ်)

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၃) အဖြစ် ချယ်လ်ဆီးအသင်းနှင့် အာဆင်နယ်အသင်းတို့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဘက်တစ်ဂိုးစီ သရေပွဲဖြင့် ပြီးဆုံးခဲ့သည်..။ အဆိုပါပွဲစဉ်မှ သွင်းဂိုးများ၊ အရေးပါခဲ့သော ဖြစ်ရပ်များနှင့် မွိုက်စ် ကိုင်ဆီဒို ၏ အနီကတ်ဒ်ပြခံရမှုနှင့် ပွဲအပေါ် သက်ရောက်မှုများကို ချယ်လ်ဆီးအသင်း ဂန္တဝင်တိုက်စစ်မှူးဟောင်း ဂီယန် ဖရန်ကို ဇိုလာ နှင့် အာဆင်နယ်အသင်း ဂန္ထဝင်တိုက်စစ်မှူးဟောင်း အီယန် ရိုက် တို့က Premier League Production မှ တင်ဆက်သည့် ပွဲပြီးသုံးသပ်စကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း ဆွေးနွေးခဲ့ကြပါသည်..။

စတိဗ် ဘိုးဝါး - စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ဒီနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ပွဲချိန်အတော်များများကို တစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရပေမယ့် တစ်မှတ်အရ ယူနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူတို့ဟာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်အသင်းထက် (၆) မှတ်လျော့နေဆဲဖြစ်ပြီး မန်ချက်စတာ စီးတီးအသင်းကတော့ ဒုတီယနေရာကနေ (၅) မှတ်လျော့နဲ့ အသီးသီးရပ်တည်နေပါတယ်..။ ဂီယန် ဖရန်ကို ရေ.. ခင်ဗျားတို့အသင်းဟာ တစ်ယောက်လျော့နဲ့ တကယ့်ကို ရေကုန်ရေခမ်း ကြိုးစား၊ ကစားခဲ့ပြီး ရမှတ်တစ်မှတ်ကို ကျားကုတ်ကျားခဲ ရယူနိုင်ခဲ့တာ ချီးကျူးဖို့ကောင်းတယ်ဗျ..။

ဂီယန် ဖရန်ကို ဇိုလာ - လက်ရှိအာဆင်နယ်အသင်းရဲ့ ခြေစွမ်းနဲ့ဆိုရင် ဒီနေ့ပွဲမှာသူတို့တွေ ကစားသွားခဲ့တာ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ ကျွန်တော်တို့ ကစားသမားတွေဟာ အားသွန်ခွန်စိုက် ရှိသမျှအင်အားကုန်သုံးပြီး ကစားခဲ့သလို နောက်ထပ်ဂိုးရနိုင်မယ့် အခွင့်အရေးတစ်ချို့တောင် ရခဲ့သေးတယ်ဗျ..။ ဒါ့ကြောင့်ကျွန်တော်ဟာ ဒီနေ့ပွဲက အသင်းရဲ့ခြေစွမ်းနဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ် အထူးကျေနပ်၊ ဂုဏ်ယူမိပါတယ်..။


 
စတိဗ် ဘိုးဝါး -အီယန် ရေ.. အာဆင်နယ်အသင်းဘက်က ခင်ဗျားရဲ့အမြင်ကို ပြောပြပေးပါဦးလား..?
အီယန် ရိုက် - ဒီနေ့ပွဲမှာ ရရှိခဲ့တဲ့ ရမှတ်တစ်မှတ်ကို ကျေနပ်ရမှာပါ..။ ချယ်လ်ဆီးအသင်းဟာ ပွဲချိန်အတော်များများကို (၁၀) ယောက်နဲ့ ကစားခဲ့ရပေမယ့် မီခေးလ် အာတီးတာ ဟာ အဲဒီလိုပုံစံမျိုး ယှဉ်ပြိုင်ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့တဲ့အကြောင်း ပြောခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကလည်း တကယ့်ကို ကောင်းမွန်ခဲ့တာပါ..။ အထူးသဖြင့် ဒီနေ့ပွဲရဲ့ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ရရှိသွားခဲ့တဲ့ ‘ရိစ် ဂျိမ်းစ်’ ပေါ့ဗျာ..။ 

မှန်ပါတယ်..။ အာဆင်နယ်ပရိသတ် တစ်ယောက်အနေနဲ့ တစ်ယောက်လျော့နဲ့ ချယ်လ်ဆီးအသင်းအပေါ် အနိုင်မရခဲ့တဲ့အပေါ် မချင့်မရဲ ဖြစ်ခဲ့ရပေမယ့် ရရှိခဲ့တဲ့ တစ်မှတ်နဲ့ ကျေနပ်ရမှာပါ..။ ကျွန်တော်တို့အသင်းဟာ အခုတစ်ပါတ်လုံးမှာ တော့တင်ဟမ်၊ ဘိုင်ယန် မြူးနစ် စတဲ့ ထိပ်တန်းအသင်းကြီးတွေနဲ့ ပွဲကြီးတွေ တောက်လျှောက် လှဉ်ပြိုင်လာခဲ့တာ ဖြစ်တာကြောင့် အခုနောက်ဆုံးပိတ်.. ချယ်လ်ဆီးနဲ့ပွဲကို အနိုင်မရခဲ့တာ စိတ်ပျက်စရာမလိုဘူးလို့ မြင်ပါတယ်..။ အရေးအကြီးဆုံးက မရှုံးဖို့ပါပဲ..။ 

စတိဗ် ဘိုးဝါး - ချယ်လ်ဆီးအသင်းဟာ အောက်တိုဘာ (၂၄) ရက်နေ့နောက်ပိုင်း အာဆင်နယ်အသင်းရဲ့ ပြိုင်ပွဲစုံမှာ နိုင်ပွဲဆက်နေတာကို ရပ်တန့်နိုင်ခဲ့တဲ့ ပထမဆုံးအသင်း ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင်ဒီနေ့ပွဲမှာ ပွဲချိန် (၃၈) မိနစ်နောက်ပိုင်း တစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်နိုင်ခဲ့တာဟာ သူတို့အသင်းရဲ့ အရည်အချင်းနဲ့ လာမယ့်အနာဂတ်မှာ စွမ်းဆောင်နိုင်မယ့် အလားအလာကို ပြသလိုက်တယ်လို့ ပြောနိုင်မလားဗျ..?

ဂီယန် ဖရန်ကို ဇိုလာ - ဒါပေါ့ဗျ..။ ပြိုင်ဘက်အသင်းရဲ့ အရည်အသွေး၊ ဒီနေ့ပွဲမှာ အသင်းလိုက် ပြသခဲ့တဲ့ ခြေစွမ်းအရ အနာဂတ်အတွက် အလားအလာကောင်းတွေ ရှိနေတယ်ဆိုတာ ပြသလိုက်တာ အသေအချာပါပဲ..။ အထူးသဖြင့် အစောက အီယန် ပြောခဲ့သလို ‘ရိစ် ဂျိမ်းစ်’ ပေါ့ဗျာ..။ သူဟာကွင်းလယ်အဖျက် ကစားသမားနေရာမှာ တစ်ပွဲထက်တစ်ပွဲ ပိုပြီးအံဝင်လာပါပြီ..။ ဒီနေ့ပွဲမှာဆိုရင် သူ့ရဲ့ရုန်းအားနဲ့ ကြိုးစားအားထုတ်မှု၊ လုပ်အားနှုန်းဟာ တကယ့်ကို အားရစရာပါပဲ..။ အရင်ပွဲတွေမှာ အခုလိုကစားအားမျိုး မမြင်ခဲ့ရဖူးပါဘူး..။ လုပ်အားနှုန်းအပြင်၊ အရည်အသွေးပိုင်းမှာပါ အပြစ်ပြောစရာ မရှိခဲ့ဘူးဗျ..။ သူဟာအသင်းက ကစားသမားတိုင်းအတွက် အတုယူရမယ့် စံပြကစားသမား ဖြစ်ပါတယ်..။



စတိဗ် ဘိုးဝါး - Yes.. ရိစ် ဂျိမ်းစ် ရဲ့ ခြေစွမ်းနဲ့ အရည်အသွေးကို ဘယ်သူကမှ သံသယမရှိပါဘူး..။ အရေးကြီးတာက သူ့ရဲ့ကြံ့ခိုင်မှု အခြေအနေပဲ ဖြစ်ပါတယ်..။ အခုဆိုရင် သုံးရက်တစ်ပွဲနှုန်းနဲ့ အကောင်းဆုံး ခြေစွမ်းပြနိုင်တာဟာ ကျေနပ်စရာ မဟုတ်လားဗျ..

ဂီယန် ဖရန်ကို ဇီုလာ - ဒါပေါ့..။ အရေးအကြီးဆုံးက ဒဏ်ရာအနာတရကင်းကင်းနဲ့ အချိန်ကြာကြာ ကစားပေးနိုင်ဖို့ ဖြစ်ပါတယ်..။ အခုဒီနေ့ပွဲမှာ သူ့ကိုကွင်းလယ်အဖျက် ကစားသမား တစ်ယောက်အနေနဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်..။ တကယ်တမ်း ကျွန်တော်ဟာ သူ့ကိုညာနောက်ခံလူ အနေနဲ့ ပိုပြီးသဘောကျခဲ့ပါတယ်.။ ဒါပေမယ့် အခုတော့ သူဟာဘယ်နေရာမှာ ကစားရင် ပိုပြီးကောင်းမွန်လဲ..? ပြန်စဉ်းစားရတော့မယ် ထင်ပါတယ်..။ 

စတိဗ် ဘိုးဝါး - အင်းဗျ..။ ပွဲချိန် (၄၈) မိနစ်မှာ ရရှိခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ အဖွင့်ဂိုးဟာ သူ့ရဲ့ထောင့်ကန်ဘော ပေးပို့မှုတဆင့် ရရှိခဲ့တာပါ..။ ဒါပေမယ့် အဲဒီဂိုးရသွားတဲ့ ထောင့်ကန်ဘောဟာ ဂျာအို ပီဒရို ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား ဒေးဗစ် ရာယာ ပုတ်ထုတ်ကာကွယ်ခဲ့တဲ့ ဘောလုံးကနေ ရရှိခဲ့တာပါ..။ ကျွန်တော်ထင်တာက အဲဒီခေါင်းတိုက်ချက်ဟာ ဂိုးလွန်ဘော ဖြစ်သွားမယ့်ပုံပါပဲ..။ ဒါပေမယ့် အဲဒီအခိုက်အတန့်မှာ ဒေးဗစ် ရာယာ လည်း သတိထားမိမယ့်ပုံ မရှိခဲ့ပါဘူး..။

အီယန် ရိုက် - ဟုတ်ပါတယ်..။ ဒေးဗစ် ရာယာ ဟာ ဂိုးလွန်ဘောဖြစ်သွားတာကို စောင့်ကြည့်မယ့် အနေအထားကနေ စိတ်ပြောင်းသွားခဲ့ပုံပါပဲ..။ ကြည့်ရတာ ဂိုးပေါက်ကို သူ့ရဲ့စိတ်ထဲကမှန်းဆချက် လွဲသွားပုံရပါတယ်..။ ကာကွယ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အမိမဖမ်းနိုင်ခဲ့ပါဘူး..။ အဲဒီထောင့်ကန်ဘောကနေ ဂိုးပေးလိုက်ရတာပါ..။ အဲဒီဂိုးမှာ ထရေဗာ ချာလိုဘာ ဟာ ပင်နယ်တီကန်သွင်းမယ့်နေရာနား ရပ်နေရာကနေ ဒက်ကလန် ရိုက်စ် ရဲ့ရှေ့ကို အချိန်ကိုက် ပြေးတက်သွားခဲ့တဲ့ လှုပ်ရှားမှု အရမ်းကိုကောင်းမွန်ခဲ့ပါတယ်..။ ဒါပေမယ့် ဂီယန် ဖရန်ကို ရေ.. ရိစ် ဂျိမ်းစ် ရဲ့ ပေးပို့မှုကလည်း သိပ်ကောင်းခဲ့ပါတယ်..။

  
ဂီယန် ဖရန်ကို ဇိုလာ - မှန်ပါတယ်..။ သူဟာတကယ့်ကို အန္တရာယ်အပေးနိုင်ဆုံး အနီးဂိုးတိုင်ဘက်ကို အတိအကျ ခုတ်တင်ပေးနိုင်ခဲ့တာဗျ..။ ထောင့်ကန်ဘောတွေမှာ အခုလိုအနီးဂိုးတိုင်နဲ့ အနီးအနားကနေ သွင်းယူနိုင်ခဲ့တဲ့ ဂိုးအရေအတွက်က ရာခိုင်နှုန်းအများဆုံး ဖြစ်ပါလိမ့်မယ်..။ 
စတိဗ် ဘိုးဝါး - အဲဒီပွဲမှာ ချယ်လ်ဆီးအသင်း ပထမဆုံး ရရှိခဲ့တဲ့ ထောင့်ကန်ဘော ဖြစ်သလို အခုဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် တည်ကန်ဘောကနေ ပေးလိုက်ရတဲ့ ဒုတိယမြောက်ဂိုး ဖြစ်ခဲ့ပါတယ်..။

အီယန် ရိုက် - အာဆင်နယ်အသင်း ကစားသမားတွေဟာ တစ်ယောက်လျော့နဲ့ ချယ်လ်ဆီးအသင်းကို အနိုင်ဂိုးသွင်းပြီး ပွဲကိုအဆုံးသတ်နိုင်ဖို့ စဉ်းစားနေတဲ့အချိန် မမျှော်လင့်ပဲ ဦးဆောင်ဂိုး အရင်ပေးလိုက်ရတာကြောင့် စိတ်ပျက်ခဲ့ကြပါလိမ့်မယ်..။ ဒါပေမယ့် အခုပွဲမှာ ကစားခဲ့တဲ့ ဗဟိုခံစစ်မှူး မော့စ်ကွဲရား နဲ့ ဟင်ကာပီ တို့နှစ်ယောက်ဟာ ပထမဦးစားပေး ခံစစ်မှူးတွေ မပါဝင်နိုင်ခဲ့တာကြောင့် အစားထိုး ကစားပေးခဲ့ရတဲ့ ခံစစ်မှူးတွေ ဖြစ်ကြပါတယ်..။

တကယ်လို့ ချယ်လ်ဆီးဘက်က လူအထုတ်မခံရပဲ 11 vs 11 ဆိုရင် ကျွန်တော်တို့အတွက် အတော့်ကိုခက်ခဲမယ့်ပွဲ ဖြစ်ပါလိမ့်မယ်..။ ချယ်လ်ဆီးဘက်က အခုထက်ပိုပြီး ဘောလုံးကိုင်ထားနိုင်မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ခံစစ်ကြောင်းကို အခုထက်ပို ဒုက္ခပေးနိုင်ဖို့ ရှိပါတယ်..။  

စတိဗ် ဘိုးဝါး - ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ဦးဆောင်ဂိုးဟာ (၁၁) မိနစ်ပဲ ကြာခဲ့ပါတယ်..။ မီခေးလ် မာရီနို ဟာ ခင်ဗျားတို့အသင်းရဲ့ အရေးပါတဲ့ဂိုးတွေ အတော်များများကို သွင်းပေးနေခဲ့တာနော..?

အီယန် ရိုက် - သူဟာထင်မှတ်ထားတာထက်ပိုပြီး အထူးခြေစွမ်းပြနေခဲ့ပါတယ်..။ အထူးသဖြင့် ပင်နယ်တီဧရိယာထဲကို ချိန်သားကိုက် ရောက်ရှိပြီး ဂိုးသွင်းအဆုံးသတ်နိုင်မယ့်နေရာမှာ အမြဲတမ်းအသင့်ရှိနေပါတယ်..။ဒါ့အပြင်သူ့ရဲ့ဂိုးသွင်း အဆုံးသတ်စွမ်းရည်၊ ခေါင်းတိုက်စွမ်းရည်တွေလည်း သိပ်ကိုကောင်းတယ်ဗျ..။ ပထမအချက်က မာ့စ် ကူကူရယ်လာ ဟာ ဘူကာရို ဆာကာ ဘယ်ခြေနဲ့ ကန်တင်တတ်တယ်ဆိုတာ သိထားသင့်ပါတယ်..။

ဒုတိယအချက်က နောက်ခံလူ ဝက်စ်လေ ဖိုဖားနား ဟာ မာရီနို နဲ့အတူ ရှိနေခဲ့ပေမယ့် တကယ့်အရေးကြီးတဲ့ အချိန်ကျမှ သူ့ကိုလွှတ်ထားခဲ့တာဗျ..။ ဖိုဖားနား ဟာ ဘောလုံးကိုပဲ အာရုံစိုက်နေပြီး (ball watching) ဆာကာ ဘက်ကနေ ဖြတ်တင်ဘောကောင်းကောင်း ထွက်လာမယ်.. လို့ မျှော်လင့်ထားပုံ မရပါဘူး..။ တကယ်လို့ သူဟာ နေရာထက် အခုနှစ်ပေ၊ သုံးပေလောက် နောက်ရောက်နေရင် အဲဒီဖြတ်တင်ဘောကို ရှင်းထုတ်နိုင်ပါလိမ့်မယ်..။ မာရီနို ရဲ့ နေရာယူပုံ၊ ရွှေ့လျားမှု တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်..။

 
ဂီယန် ဖရန်ကို ဇိုလာ - ဘူကာရို ဆာကာ ပေးပို့လိုက်တဲ့ ဘောလုံးကလည်း သိပ်ကိုကောင်းပါတယ်..။ ဖိုဖားနား နဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့သုံးသပ်ချက်ကို သဘောတူပါတယ်..။ နောက်ခံလူတွေမှားနေကြ အမှားပဲဗျ..။ သူတို့တွေဟာ အရေးအကြောင်းဆိုရင် ဘောလုံးနောက်ကို ပါသွားတတ်ပါတယ်..။ ဘောလုံးအပေါ်ပဲ အာရုံစိုက်မိပြီး ကိုယ့်ရဲ့နောက်မှာရှိနေတဲ့ တစ်ဘက်အသင်း ကစားသမားကို တစ်ချက်လေး လွတ်သွားတာနဲ့ ဂိုးတွေ ပေးရတာပဲ..။ တကယ်လို့ မာရက်စ်ကာ ရဲ့နေရာမှာ ကျွန်တော်တို့ခေတ်က စီးရီးအေပြိုင်ပွဲ နည်းပြတစ်ယောက်ယောက်သာဆိုရင် အခုလိုပေးလိုက်ရတဲ့ဂိုးအပေါ် အရမ်းကို စိတ်ဆိုး၊ ဒေါသထွက်နေပါလိမ့်မယ်..။ ကျွန်တော်တို့ခေတ်က စီးရီးအေပြိုင်ပွဲမှာ ပင်နယ်တီဧရိယာထဲမှာ ကိုယ်ကပ်ထားရမယ့်သူ လွတ်ထွက်သွားရင် တကယ့်ကို ကြီးမားတဲ့ ရာဇဝတ်မှုကြီးပါပဲ..။  

ကျွန်တော်တို့ အီတလီနည်းပြတွေဟာ ဖြတ်တင်ဘောတွေကို ကာကွယ်တာနဲ့ ပတ်သက်ရင် အရမ်းကိုတင်းကျပ်ပါတယ်..။ ဥပမာဘောလုံးဟာ ဘယ်တောင်ပံမှာ ရှိနေတယ်ဆိုရင် မျက်စိတစ်ဖက်က ဘောလုံးကို မျက်ခြေမပြတ်စေနဲ့..၊ ဒါပေမယ့် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဘောလုံးဘက် တစ်ကိုယ်လုံး မျက်နှာမူလိုက်လို့ မရဘူးဗျ..။ ခန္ဓာကိုယ်ကို ဘောလုံးလာမယ့် လမ်းကြောင်းအတိုင်း အလျားလိုက်နေရာယူထားရပါတယ်.။ ဖြတ်တင်ဘောထက်စာရင် ကိုယ့်ရဲ့အနားမှာရှိနေတဲ့ ပိတ်သွင်းမယ့် ကစားသမားက ပိုပြီးအရေးကြီးပါတယ်..။ 

ဘောလုံးဟာ သူ့ဟာသူ ဂိုးထဲဝင်သွားမှာ မဟုတ်ပါဘူး.။ ပိတ်သွင်းတဲ့သူရှိနေမှ ဂိုးဝင်မှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့အနားက ပြိုင်ဘက်ကစားသမား ဘောလုံးမရနိုင်အောင် ဖြစ်တဲ့နည်းနဲ့ ဖြတ်တောက်၊ တားဆီးနိုင်ရပါမယ်..။ ဖြတ်တင်လိုက်တဲ့ ဘောလုံးဟာ အနီးတိုင်ပဲဖြစ်ဖြစ်၊ အဝေးတိုင်ပဲဖြစ်ဖြစ်၊ အလယ်တည့်တည့်ကိုပဲလာလာ ကိုယ့်ရဲ့အနားမှာ အနီးဆုံးရှိနေမယ့် တိုက်စစ်မှူးဆီ ဘောလုံးမရောက်အောင် ဖြတ်တောက်နိုင်ဖို့က အဓိက ဖြစ်ပါတယ်..။



စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ..။ အဲဒီဂိုးဟာ မီခေးလ် မာရီနို ရဲ့ နိုင်ငံလက်ရွေးစင်နဲ့ ကလပ်အသင်းအတွက် အခုဘောလုံးရာသီမှာ (၁၀) ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပါတယ်..။ ပွဲပြီးခါနီးမှာ ဘယ်ခြမ်းကနေ ဟင်ကာပီ ကန်တင်ပေးလိုက်တဲ့ဘောလုံးကို ဂျူရီယန် တင်ဘာ အဆုံးသတ်ရမှာ မဟုတ်ပဲ ဗစ်တာ ယော်ကာရပ်ဖ် အဆုံးသတ်ပေးသင့်တာ မဟုတ်လားဗျ..?

အီယန် ရိုက် - တကယ်တော့ ယော်ကာရပ်ဖ် ဟာ ‘ငါ့ကိုခေါင်းပေးတိုက်..’ ဆိုပြီး အသံကုန်အော်ဟစ်.. ပြေးဝင်လာခဲ့ရမှာပါ..။ ကျွန်တော်သာ သူ့ရဲ့နေရာမှာဆိုရင် ကိုယ့်ရဲ့ရှေ့မှာ ရှိနေတဲ့သူတွေအကုန်လုံး လန့်ဖျန့်ကုန်အောင် အသံကုန်ဟစ်ပြီး အော်မိမှာ..။ ဒါ့ကြောင့် ကစားသမားတွေဟာ ကွင်းထဲမှာ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ပြီး ဆက်သွယ်မှုရှိနေဖို့ လိုအပ်တယ်လို့ ပြောတာပါ..။ တကယ်လို့ ယော်ကာရပ်ဖ် သာ သူ့ရဲ့နောက်မှာ ရှိနေမှန်းသိနေရင် တင်ဘာ ဟာ ခေါင်းတိုက်ဟန်ပြပြီး ရှောင်ပေးလိုက်တာနဲ့ ဆွီဒင်တိုက်စစ်မှူးအတွက် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရမယ့် အခွင့်အရေး ဖြစ်ပါတယ်..။ 

ကျွန်တော်ကတော့ အတော်လေးကို စိတ်ပျက်သွားခဲ့ပါတယ်..။ ယောက်ကာရပ်ဖ် အနေနဲ့ ဂျူလီယန် တင်ဘာ ကို သူ့ရဲ့နောက်မှာ အသင့်ရှိနေမှန်း သိသွားအောင် မဖြစ်မနေ အသိပေးရမှာပါ..။ အာဆင်နယ်အသင်းအတွက် အခွင့်အရေးကောင်းတစ်ခု ဆုံးရှုံးသွားရတယ်လို့ ပြောရမှာပါပဲ..။

စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ..။ ပွဲအဖြေကို ပြောင်းလဲပေးနိုင်မယ့် အခွင့်အရေးတွေအကြောင်း ဆွေးနွေးပြီးတဲ့အခါ နောက်ထပ်အရေးပါတဲ့ အခိုက်အတန့်တစ်ခုဖြစ်တဲ့ မွိုက်စ် ကိုင်ဆီဒို ရဲ့ အနီကတ်ဒ် ပြစ်ဒဏ်ပေါ့ဗျာ..။ တကယ်တော့ ပွဲအစမှာတင် ဇူဘာမန်ဒီ၊ မာ့စ် ကူကူရယ်လာ တို့ရဲ့ အဝါကတ်ဒ်တွေဟာ ဒီနေ့ပွဲရဲ့ မာမာထန်ထန် ယှဉ်ပြိုင်ကြမယ့် အရိပ်အယောင်တွေရဲ့ ပြယုတ်ဒ်တွေ ဖြစ်ခဲ့ပါတယ်..။ 

အီယန် ရိုက် - မှန်ပါတယ်..။ လန်ဒန်ဒါဘီ မြို့ခံပြိုင်ဘက်ချင်း အကြိတ်အနယ် ယှဉ်ပြိုင်ကြတဲ့ပွဲစဉ် ဖြစ်တဲ့အပြင် နှစ်သင်းစလုံးရဲ့ အမှတ်ပေးဇယား ရပ်တည်မှုကြောင့် အခုလိုမာမာထန်ထန် ရင်ဆိုင်မှုတွေ ရှိလာမယ်လို့ ကြိုတင်၊ ခန့်မှန်းခဲ့ကြပါတယ်..။ နှစ်သင်းစလုံးဟာ ပြန်ကျလာတဲ့ second balls တွေ..၊ 50 – 50 ဘောလုံးတွေကို အပြိုင်အဆိုင် ယှဉ်လုခဲ့ကြရင်း ပွဲချိန် (၃၈) မိနစ်မှာ မီခေးလ် မာရီနို ဟာ ဂျူလီယန် တင်ဘာ ပေးတဲ့ဘောလုံးကို တစ်ချက်ထိန်းပြီး ကွင်းလယ်စက်ဝိုင်းနားမှာ ရှိနေတဲ့ အက်ဇေး ဆီ ချက်ချင်းပြန်ချပေးပါတယ်..။

အမှန်တော့ အဲဒီဘောလုံးဟာ ဘာမှအန္တရာယ်မရှိသလို ချယ်လ်ဆီးအသင်းရဲ့ pressing ကစားပုံ ကောင်းမွန်တာကြောင့် အာဆင်နယ်ဘက်က ကစားရတာ ခက်ခဲနေတဲ့အချိန် ဖြစ်ပါတယ်..။ ဒါပေမယ့် မွိုက်စ် ကိုင်ဆီဒို ဟာ မထင်ထားပဲ အတင်းဝင် ဖျက်ထုတ်ခဲ့တာဗျ..။ မီခေးလ် မာရီနို ရဲ့ ဘောလုံးအထိန်းအသိမ်း၊ ခြေနှုတ်ခြေသိမ်း မြန်ဆန်ခဲ့တာကြောင့်လည်း ပါဝင်ပါလိမ့်မယ်..။ မာရီနို ဟာ ဘောလုံးကိုခပ်မြန်မြန်ပဲ ချက်ချင်းပေးလိုက်တာ ဖြစ်တဲ့အတွက် ကိုင်ဆီဒို အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဖျက်ထုတ်သင့်ပါတယ်..။ အခုကျတော့ ဘောလုံးဟာ သူ့ရဲ့ခြေထောက်တွေကြားကနေ ဖြတ်သွားခဲ့တာဆိုတော့ ဘောလုံးမရှိပဲ အလွတ်ကန်လိုက်သလို ဖြစ်သွားပါတယ်..။ အဲ့ဒါကြောင့်အနီကတ်ဒ် အပြခံခဲ့ရတာပါ..။

    
ဂီယန် ဖရန်ကို ဇိုလာ - No..။ မွိုက်စ် ကိုင်ဆီဒို ဟာ ဘောလုံးကိုပဲ ဖျက်ထုတ်နိုင်ဖို့ ကြိုးစားခဲ့တာပါ..။ သူ့ရဲ့ဖျက်ထုတ်မှုဟာ လိုအပ်တာထက်အားပါ.. ကြမ်းတမ်းခဲ့တာ မှန်ပေမယ့် သူဟာဘောလုံးရဖို့ကိုပဲ ရည်ရွယ်ခဲ့ပါတယ်..။ ဖျက်ထုတ်လိုက်တဲ့ ခြေထောက်ကို ကြည့်မယ်ဆိုရင် ဘောလုံးရှိနေမယ့် မြေကြီးကိုပဲ ဦးတည်နေတာ တွေ့ရမှာပါ..။ မာရီနို ဟာ ပါးပါးနပ်နပ်နဲ့ ဘောလုံးကိုချက်ချင်း ထုတ်လိုက်တာကြောင့် ကျန်နေတဲ့ ခြေထောက်ကို ထိမိသွားခဲ့တာ ဖြစ်ပါတယ်..။

စတိဗ် ဘိုးဝါး - ချယ်လ်ဆီးအသင်းဟာ (၁၀) ယောက်ပဲ ကျန်တော့ပေမယ့် အောက်တိုဘာ (၂၄) ရက်နောက်ပိုင်း အာဆင်နယ်အသင်းရဲ့ ဂိုးကန်သွင်းခွင့်အနည်းဆုံး ရရှိခဲ့တဲ့ပွဲဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်..။ 

ဂီယန် ဖရန်ကို ဇိုလာ - Yeah..! ပွဲအပြီးမှာ မီခေးလ် မော်ရီနို က အရေးကြီးတဲ့ အချက်တစ်ချက် ပြောသွားပါတယ်..။ ပြိုင်ဘက်အသင်းက တစ်ယောက်ထုတ်ခံလိုက်ရတဲ့အချိန် အာဆင်နယ်အသင်းဘက်ကပဲ ဘောလုံးပိုင်ဆိုင်မှု ပိုရမယ်..၊ ပွဲကိုထိန်းချုပ်နိုင်မယ်..၊ ဂိုးတွေဖန်တီးနိုင်မယ်လို့ ထင်မှတ်ခဲ့ကြပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းက သူတို့ကိုစိတ်ကြိုက် ကစားဖို့ ခွင့်မပြုခဲ့ပါဘူး..။ ဒါ့အပြင်တန်ပြန်တိုက်စစ်တွေကနေ အန္တရာယ် ပေးနိုင်ခဲ့ပါတယ်..။ ကျွန်တော်ကတော့ အဲဒီအချက်က ဒီနေ့ပွဲမှာ အရေးပါခဲ့တဲ့ အဓိကအချက်ဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့ ရင့်ကျက်လာတဲ့၊ တိုးတက်လာတဲ့ ကစားပုံကို ပြသနိုင်ခဲ့တယ်လို့ ယူဆမိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိမှာ အကောင်းဆုံးပုံစံ ရရှိနေတဲ့ အာဆင်နယ်အသင်းကို တစ်ယောက်လျော့နဲ့ အခုလိုမျိုး သူတင်ကိုယ်တင် ကစားနိုင်မယ့်အသင်း များများစားစား မရှိပါဘူး..။   

အီယန် ရိုက် - အာဆင်နယ်အသင်းဟာ နှစ်ပွဲဆက်တိုက် ပွဲကြီးတွေကန်လာခဲ့ရတာကြောင့် ပွဲပန်းတဲ့ဒဏ် အနည်းနဲ့အများခံရပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အဲဒီအခွင့်အရေးကို အမိအရ အသုံးချခဲ့တယ်ဗျ..။ ဒါ့ကြောင့်တကယ်တမ်း 11 vs 11 ယောက်ချင်းသာ ယှဉ်ပြိုင်ရမယ်ဆိုရင် အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းမှာပါ..။ အခုလိုအခြေအနေတွေကြောင့် အာဆင်နယ်အသင်းဟာ ရမှတ်တစ်မှတ်အပေါ် ကျေနပ်ပါလိမ့်မယ်..။

 
စတိဗ် ဘိုးဝါး - မွိုက်စ် ကိုင်ဆီဒို ဟာ တိုက်ရိုက်အနီကတ်ဒ်ပြစ်ဒဏ် ဖြစ်တာကြောင့် နောက်လာမယ့် (၃) ပွဲဖြစ်တဲ့ လိဒ် ယူနိုက်တက်၊ ဘုန်းမောက်နဲ့ အဲဗာတန်အသင်းနဲ့ပွဲတွေကို လွဲချော်ရတော့မှာပါ..။ ခင်ဗျားတို့အသင်းမှာ သူဟာဘယ်လောက်အထိ အရေးပါနေလဲ..?

ဂီယန် ဖရန်ကို ဇိုလာ - တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပေါ့ဗျာ..။ ဘာဖြစ်လို့လည်းဆိုတော့ အခုလက်ရှိ ပုံစံကောင်းတွေ၊ ရလဒ်ကောင်းတွေရဲ့နောက်မှာ သူ့ရဲ့ပံ့ပိုးမှုဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်..။ ဒါ့အပြင်သူ့လို ကစားသမားဟာ ဘယ်အသင်းမှာပဲဖြစ်ဖြစ် အသင်းရဲ့ဟန်ချက် တည်ငြိမ်မှု ပေးစွမ်းနိုင်တဲ့သူ ဖြစ်လာမှာပါ..။ ကျွန်တော်ဆိုရင်လည်း ကိုယ့်ရဲ့အသင်းမှာ သူ့လိုကစားသမားကို ပါဝင်နေချင်ခဲ့မှာပါပဲ..။

စတိဗ် ဘိုးဝါး - ဂီယန် ဖရန်ကို ရေ.. ချယ်လ်ဆီးအသင်းဟာ ပိုမိုရင့်ကျက်လာတဲ့ ကစားပုံကို ပြသသွားတယ်လို့ အစောပိုင်းမှာ ခင်ဗျားပြောခဲ့ပါတယ်…။ ဒီနေ့ပွဲမှာ ကစားသွားခဲ့သလို အာဆင်နယ်အသင်းကို တစ်ယောက်လျော့နဲ့ သူတင်၊ ကိုယ်တင်ယှဉ်ပြိုင်နိုင်ခဲ့တဲ့ စွမ်းဆောင်မှုကနေ နောက်ထပ်ကြီးမားတဲ့ ယုံကြည်ချက်တွေ ထပ်မံပေါက်ဖွားလာလိမ့်မယ်လို့ မျှော်လင့်နိုင်ပါ့မလား..?

ဂီယန် ဖရန်ကို ဇိုလာ - သူတို့တွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုပြီးကြီးမားလာမှာတော့ အသေအချာပဲဗျ..။ ဥပမာအနေနဲ့ဆိုရင် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာကြောင့် ရရှိလာခဲ့တဲ့ ယုံကြည်မှုမျိုးပေါ့ဗျာ..။ အထူးသဖြင့်လက်ရှိအသင်းဟာ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်း ဖြစ်တာကြောင့် ဒီလိုအောင်မြင်မှုမျိုး ရရှိနိုင်ဖို့ ပိုပြီးလိုအပ်၊ ပိုပြီးအရေးကြီးပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဆီမှာ ပင်ကိုယ်အရည်အချင်းကောင်းတွေ ရှိပြီးသားပါ..။ အဲဒီရှိပြီးသားအရည်အချင်းတွေနဲ့ ဘယ်လောက်အထိ စွမ်းဆောင်နိုင်သလဲ..? ဆိုတာ ပြသပေးနိုင်ဖို့ လိုသေးတာကိုးဗျ..။

ဒါ့ကြောင့်ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့တယ်.. ဆိုတာ သူတို့ရဲ့အနာဂတ်အတွက် သိပ်ကိုကြီးမားတဲ့ အထောက်အပံ့ပေါ့ဗျာ..။ ဒါ့အပြင် (၁၀) ယောက်နဲ့ လက်ရှိဥရောပမှာရော၊ ပြည်တွင်းမှာပါ အကောင်းဆုံးခြေစွမ်း ရရှိနေတဲ့ အာဆင်နယ်အသင်းဆီက တစ်မှတ်အရယူနိုင်ခဲ့တာဟာ သိပ်ကိုကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခု ဖြစ်ပါတယ်..။

စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ..။ ခင်ဗျားတို့အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အသက် (၂၆) နှစ်အောက် ကစားသမား (၈) ယောက် ပါဝင်ပါတယ်..။ အခုဒီနေ့ပွဲရလဒ်ကြောင့် ခင်ဗျားတို့အသင်းဟာ အာဆင်နယ်အသင်းနဲ့ (၆) မှတ်အကွာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အခုလိုရလဒ်နဲ့ အမှတ်ပေးဇယား ရပ်တည်မှုကို ဆက်ပြီးထိန်းထားနိုင်မယ်လို့ ခင်ဗျားတို့ယူဆထားလား..?

ဂီယန် ဖရန်ကို ဇိုလာ - တကယ်လို့ တခြားလိဂ်ပြိုင်ပွဲတွေမှာဆိုရင် သိပ်မသေချာဘူး.. လို့ ဖြေမိပါလိမ့်မယ်..။ ဒါပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာကျ ဘာမဆိုဖြစ်နိုင်တဲ့အတွက် ထိပ်ဆုံးကအာဆင်နယ် အသင်းကိုယ်တိုင်က အခုလိုအမှတ်ဖြတ်ပြီး ဆက်လက်ရပ်တည်နိုင်ဖို့ဆိုရင် ပွဲစဉ်တိုင်းကို အကောင်းဆုံး စွမ်းဆောင်ပြနိုင်မှ ရမယ့်သဘော ဖြစ်နေပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ အသင်းတိုင်းကို ဘယ်အရာမှ အတတ်ပြောလို့ မရနိုင်သေးပါဘူး..။