feature-image

လီယန် ဒီလပ် ဒဏ်ရာရချိန်မှာ ခြေစွမ်းပြဖို့ လိုအပ်လာနေတဲ့ ‘ဂျာအို ပီဒရို’

တိုက်စစ်မှူး လီယန် ဒီလပ် ဟာ ပြီးခဲ့တဲ့စနေနေ့က ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တိုက်စစ်မှူး ‘No.9’ အဖြစ်နဲ့ ပွဲထွက်ခဲ့ရပေမယ့် ပွဲချိန် (၃၂) မိနစ်မှာ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို မားကို့စ် ဆီနက်ဆီ နဲ့ ယှဉ်လုရင်း အကျမတော်ခဲ့တာကြောင့် ပခုံးအဆစ်လွဲဒဏ်ရာ ရရှိခဲ့ပါတယ်..။ အသက် (၂၂) နှစ်အရွယ် တိုက်စစ်မှူးဟာ ဒဏ်ရာရရှိခဲ့တဲ့ ပခုံးကိုကိုင်ပြီး ကွင်းထဲက ထွက်ခွာသွားချိန် အသက် (၁၉) နှစ်အရွယ် တိုက်စစ်မှူး မာ့စ် ဂီယူ က သူ့နေရာကို အစားထိုး၊ ဝင်ရောက်လာပါတယ်..။ စပိန်လူငယ်တိုက်စစ်မှူးလေး ဝင်ရောက်လာချိန်မှာ ရုပ်သံကင်မရာတွေဟာ ချယ်လ်ဆီးအသင်းရဲ့ အရန်ခုံတန်းထက်က ဂျာအို ပီဒရို ဘက်ကို အာရုံစိုက်၊ ပြသခဲ့ကြပါတယ်..။

ဒုတိယပိုင်း (၅၈) မိနစ်အထိ တစ်ဘက်နဲ့တစ်ဘက် ဂိုးမသွင်းနိုင်ပဲ ရှိနေချိန်မှာ နည်းပြအင်ဇို မာရက်စ်ကာ ဟာ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဂျာအို ပီဒရို ကို ကိုးလ် ပါးမား ရဲ့ နေရာ လူစားလဲ၊ ကစားခဲ့ပါတယ်..။ သူ့ရဲ့တာဝန်က လက်ကျန်နာရီဝက်ကျော်အတွင်း အိမ်ရှင်အသင်းရဲ့ မာကျောနေတဲ့ ခံစစ်ကြောင်းကို ထိုးဖောက်၊ ဂိုးသွင်းနိုင်ဖို့ ဖြစ်ပါတယ်..။ ဒါပေမယ့် အီတလီနည်းပြကြီးနဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ဟာ ‘သဲထဲရေသွန်’ ဖြစ်ခဲ့ရသလို ချယ်လ်ဆီးပရိသတ်တွေဟာလည်း ဘရာဇီးလ် တိုက်စစ်မှူးရဲ့ အကျိုးသက်ရောက်မှုမရှိတဲ့ ကစားပုံ၊ စွမ်းဆောင်ရည်ကို ဆက်လက်မြင်တွေ့ခဲ့ရပါတယ်..။

သူဟာကွင်းထဲမှာ အန္တရာယ်မရှိတဲ့နေရာတွေမှာပဲ အချိန်ကုန်နေပြီး ပွဲများအပေါ်သက်ရောက်မှု အနည်းငယ်မျှသာ ရှိနေပါတယ်..။ လီယန် ဒီလပ် ရဲ့ အစား လူစားဝင်ခဲ့ရတဲ့ အသက် (၁၉) နှစ်အရွယ် တိုက်စစ်မှူးလေး မာ့စ် ဂီယူ ကမှ ဘုန်းမောက်အသင်းနဲ့ နောက်ခံလူတွေနဲ့ တွန်းတွန်းတိုက်တိုက် ကစားနိုင်ခဲ့ပြီး ဘောလုံးထိန်းထားနိုင်၊ ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပိုမိုပြုလုပ်နိုင်ခဲ့ပါတယ်..။ အဲဒီပွဲမှာ တိုက်စစ်မှူးနှစ်ဦးစလုံး ဂိုးမရခဲ့ပေမယ့် ဂျာအို ပီဒရို ဟာ ဘုန်းမောက်အသင်း ခံစစ်မှူးတွေကို အခက်တွေ့အောင် မလုပ်နိုင်ခဲ့ပါဘူး..။



ချယ်လ်ဆီးအသင်းမှာ ဂျာအို ပီဒရို ဟာ လာခြင်းကောင်းတဲ့ ကစားသမား တစ်ယောက်အနေနဲ့ တာထွက်အလွန်ကောင်းခဲ့ပါတယ်..။ ဘရိုက်တန်အသင်းကတည်းက သူနဲ့ရင်းနှီးခဲ့တဲ့ ဆမ် ဂျူးရယ်လ် ဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားသစ် ခေါ်ယူရေးဌာနကို ရောက်ရှိနေပြီး နွေရာသီအားလပ်ရက် ရယူနေတဲ့ ဂျာအို ပီဒရို ကို ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့မှာ တွေ့ဆုံခဲ့ပါတယ်..။ အဲဒီနောက်ပိုင်း အဖြစ်အပျက်တွေဟာ အရမ်းကိုမြန်ဆန်ခဲ့ပြီး အသက် (၂၄) နှစ်အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့နွေရာသီအပန်းဖြေခရီးကို ဖျက်သိမ်းလို့ အမေရိကန် ပြည်ထောင်စုမှာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲနေတဲ့ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၆၀) နဲ့ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပါတယ်..။

သူဟာပြိုင်ပွဲရဲ့ အလယ်ကျမှ အသင်းသစ်ကို ရောက်လာခဲ့ပေမယ့် အကြိုဗိုလ်လုပွဲစဉ်မှာ အသင်းဟောင်း ဖလူမင်နက်စီ ကို အနိုင်ဂိုးနှစ်ဂိုးစလုံး သွင်းယူပေးခဲ့ပါတယ်..။ ဗိုလ်လုပွဲမှာလည်း နောက်ထပ်တစ်ဂိုး ထပ်မံသွင်းယူခဲ့ပြီး ချယ်လ်ဆီးအသင်းက ပီအက်စ်ဂျီ အသင်းကို အနိုင်ရကာ ကမ္ဘာ့ချန်ပီယံအဖြစ် သရဖူဆောင်းနိုင်ခဲ့ပါတယ်..။ အပြာရောင်တိုက်စစ်မှူးဘဝကို အရှိန်အဟုန်နဲ့ အကောင်းဆုံး စတင်နိုင်ခဲ့တဲ့ ဂျာအို ပီဒရို ဟာ ပထမဆုံး ပရီးမီးယားလိဂ် (၃) ပွဲမှာ (၂) ဂိုးသွင်း၊ (၂) ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်အပြာရောင်ပရိသတ်တွေက အခုနွေရာသီမှာ အသင်းရဲ့တန်ဖိုးကြီး ကစားသမားခေါ်ယူမှုဟာ အပြည့်အဝမှန်ကန်တယ်လို့ လက်ခံ၊ ယုံကြည်လာခဲ့ကြပါတယ်..။

ဒါပေမယ့် အဲဒီနောက်ပိုင်း သူ့ရဲ့ခြေစွမ်း သိသိသာသာ ကျဆင်းလာပြီး ရုန်းကန်နေရတဲ့ပွဲတွေ များပြားလာတာကြောင့် အစောပိုင်းက အကောင်းမြင်ခဲ့တဲ့ ရှုထောင့်တွေကို ပြန်လည်သုံးသပ်ရတော့မလား..? ဒွိဟစိတ်တွေ ဖြစ်လာခဲ့ရပါတယ်..။ ဂျာအို ပီဒရို ဟာ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် (၃) ပွဲမြောက် ဖြစ်တဲ့ ဖူးလ်ဟမ်းအသင်းနှင့်ပွဲမှာ ဂိုးသွင်းယူပြီးနောက်ပိုင်း နောက်ထပ် (၁၅) ပွဲအတွင်း (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁) ကြိမ်ပဲ ရရှိခဲ့ပါသေးတယ်..။ ဒါ့အပြင်ဘရာဇီးလ်အသင်းနဲ့ ပါဝင်ခဲ့တဲ့ နောက်ဆုံး (၃) ပွဲမှာလည်း သွင်းဂိုးတွေ မရခဲ့ပါဘူး..။



ပီဒရို ဟာ နိုင်ငံအသင်းမှာရော၊ ကလပ်အသင်းမှာပါ ဂိုးပေါက်ပျောက်ဆုံးနေပေမယ့် နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ပထမဦးစားပေး အထောင်တိုက်စစ်မှူး လီယန် ဒီလပ် ရဲ့ ပခုံးဒဏ်ရာကြောင့် ဂျာအို ပီဒရို ကို ဆက်လက်ယုံကြည်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိသလို ဖြစ်နေခဲ့ပါတယ်..။

အီတလီနည်းပြကြီး ကတော့ သူ့ရဲ့အသင်းမှာ လီယန် ဒီလပ် လိုမျိုး အထောင်တိုက်စစ်မှူးစစ်စစ် ‘No.9’ လိုအပ်နေတဲ့အတွက် အခုဘောလုံးရာသီမှာ ဒုတိယအကြိမ် ဒဏ်ရာရရှိသွားတဲ့ တိုက်စစ်မှူးကို လွမ်းဆွတ်နေရမှာ ဖြစ်တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်၊ ပြောကြားခဲ့ပါတယ်..။ "ကျွန်တော်တို့ဟာ သူ့လို ‘No.9’ စစ်စစ် အထောင်တိုက်စစ်မှူးကို လိုအပ်နေတာကြောင့် ကံဆိုးတယ်လို့ ပြောရမှာပါ။ ဒါပေမယ့်ဒီနေ့ပွဲမှာတော့ မာ့စ် ဂီယူ နဲ့ ကြိုးစား၊ စမ်းသပ်ခဲ့ပါတယ်" ဆိုပြီး ပြောကြားခဲ့ပါတယ်..။

မာရက်စ်ကာ ဟာ ဂျာအို ပီဒရို ကို ကွဲပြားခြားနားတဲ့ တိုက်စစ်တစ်ဦး အဖြစ်နဲ့ရှုမြင်ထားပြီး ဒီလပ်၊ ဂီယူ တို့လို ခံစစ်ကြောင်းကို တိုက်ရိုက်၊ ထိုးဖောက်နိုင်တဲ့ အထောင်တိုက်စစ်မှူးအဖြစ် သဘောမထားဘူးမှန်း သိသာစေပါတယ်..။ တစ်ဆက်တည်းမှာပဲ ဘရာဇီးလ် တိုက်စစ်မှူးရဲ့ ကိုယ်ပိုင်.. ထူးခြားတဲ့ အားသာချက်တွေကို မြင်တွေ့ရဖို့ ပိုမိုခက်ခဲလာနိုင်မလား..? ဆိုပြီး ထင်မြင်ရဖို့ ရှိလာနိုင်ပါတယ်..။

ဂျာအို ပီဒရို ဟာ အမှတ်ပေးဇယားအောက်ဆုံးက မန်နေဂျာမရှိတဲ့ ဝုလ်ဖ်အသင်း (ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်စဉ်က ဝုလ်ဖ်အသင်းကို ယာယီနည်းပြ ဂျိမ်းစ် ကောလင်း ကိုင်တွယ်နေပါတယ်..။) နဲ့ပွဲမှာ အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးပြီးတဲ့နောက်ပိုင်း ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ခြေစွမ်း၊ သွင်းဂိုးတွေကို ပြသနိုင်ခဲ့ခြင်း မရှိပါဘူး..။ ဘုန်းမောက်အသင်းနဲ့ပွဲမှာ မိနစ် (၃၀) လောက်ပဲ ကစားခဲ့ရပေမယ့် ခြေစွမ်း ကျဆင်းနေတဲ့ပုံစံဟာ သိသာထင်ရှားခဲ့ပါတယ်..။ သူဟာနောက်ဆုံးအဆုံးသတ်ရမယ့် final third တိုက်စစ်ဇုန်ကို ရောက်လာချိန်မှာ အသင်းဖော်တွေနဲ့ ချိတ်ဆက်၊ ကစားနိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်..။ ဒါ့အပြင်ကွင်းလယ်နဲ့ ကိုယ့်အသင်းရဲ့ ခံစစ်ဇုန်အထိဆင်းပြီး ဘောလုံး လက်ခံရယူခဲ့ပေမယ့် ဘောလုံးကို ထိန်းထားနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ဘုန်းမောက်အသင်းရဲ့ ဂိုးပေါက်ထဲကိုတစ်ကြိမ်မှ ကန်သွင်းနိုင်ခြင်း မရှိခဲ့ပါဘူး..။



အခုဘောလုံးရာသီမှာ သူဟာတစ်ပွဲကို ပျမ်းမျှ (၁.၇၅) ကြိမ်သာ ဂိုးသွင်းမှု (average shots per game) ပြုလုပ်နိုင်ခဲ့ပါတယ်..။ အဲဒီစွမ်းဆောင်ရည်ဟာ အခုဘောလုံးရာသီ ပရီးမီးယားလိဂ် အသင်းတွေမှာ ပုံမှန်ပွဲထွက်နေတဲ့ တိုက်စစ်မှူးများထဲမှာ အနိမ့်ဆုံးဖြစ်ပါတယ်..။ ပြီးခဲ့သည့်ရာသီမှာ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ဟာ တစ်ပွဲကို ပျမ်းမျှ (၃.၀၈) ကြိမ် ဂိုးသွင်းမှု ပြုလုပ်နိုင်ခဲ့တာကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်..။

ဂျာအို ပီဒရို ရဲ့ ကစားဟန်ကို ကြည့်မယ်ဆိုရင် သူဟာနောက်ကိုဆင်းပြီး ဘောလုံးကိုလက်ခံရယူမယ်..၊ ကွင်းလယ်မှာပဲ တွဲလုံးတွေနဲ့ ကစားကွက် တည်ဆောက်မယ်..၊ ပြိုင်ဘက်ကစားသမားတွေကို ကျော်ဖြတ်၊ လှည့်ထွက်ဆွဲပြေးမှုတွေ ပြုလုပ်လေ့ရှိပါတယ်..။ အခုလက်ရှိ ခြေစွမ်းကျဆင်းနေတဲ့ အချိန်မှာတောင် အကျဉ်းအကျပ်ထဲမှာ ဘောလုံး အထိန်းအသိမ်း (close control) ကောင်းမွန်နေသလို နေရာကျဉ်းကျဉ်း၊ ထောင့်ကျဉ်းကျဉ်းထဲမှာ နောက်ခံလူတွေကို လှည့်ထွက်၊ ဆွဲပြေးနိုင်စွမ်း ရှိနေဆဲဖြစ်ပါတယ်..။ ဒါပေမယ့် နေရာစုံကစားနိုင်မှု (versatility) ဟာ တစ်ခါတစ်လေမှာ သူ့ကိုအကျိုးမဖြစ်စေသလိုပါပဲ..။ သူဟာအခုဆိုရင် တိုက်စစ်ကစားသမားလည်းမဟုတ်၊ ကွင်းလယ် ကစားသမားလည်း မဟုတ်တဲ့ပုံစံ မြင်တွေ့နေရပါတယ်..။

ဒါပေမယ့် ဒီလပ် ရဲ့ဒဏ်ရာနဲ့ ‘No.10’ နေရာမှာ ပထမဦးစားပေး ကစားသမားဖြစ်တဲ့ ကိုးလ် ပါးမား ရဲ့ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာခြင်းတို့ကြောင့် ဂျာအို ပီဒရို ဟာ လာမည့်ရက်သတ္တပတ်တွေမှာ J တိုက်စစ်မှူး အဖြစ် အများဆုံး ကစားပေးရနိုင်ဖွယ် ရှိနေပါတယ်..။သူဟာ နိုဝင်ဘာလ (၁) ရက်နေ့က  တော့တင်ဟမ်အသင်းနဲ့ တစ်ပွဲထဲမှာပဲ ဒီလပ် လောက် ခန္ဓာကိုယ်ကြံ့ခိုင်မှု မကောင်းပေမယ့် ပိုပြီးသွက်လက်တဲ့တိုက်စစ်မှူး တစ်ယောက်အဖြစ် ကစားပြနိုင်ခဲ့ပါတယ်..။ အခြားပွဲတွေမှာတော့ တိုက်စစ်မှူးအဖြစ် တာဝန်ယူရပေမယ့် ‘No.10’ ကစားသမား တစ်ယောက်လိုပဲ ကစားခဲ့ပါတယ်..။ သူ့ကိုကြည့်ရတာ ရှေ့တန်းတိုက်စစ်မှူး တစ်ယောက်အနေနဲ့ ဘယ်လိုအခန်းကဏ္ဍတွေမှာ တာဝန်ယူ၊ လုပ်ဆောင်ရမယ်ဆိုတာ ရှုပ်ထွေးနေပုံ ရပါတယ်..။



မာရက်စ်ကာ ဟာ ‘No.9’ နေရာအတွက် အလားအလာကောင်းတွေ ရှိနေတဲ့ မာ့စ် ဂီယူ ကို ဒီလပ် ရဲ့ တိုက်ရိုက်အစားထိုး တိုက်စစ်မှူးအဖြစ် တစ်ချို့ပွဲတွေမှာ ဆက်လက်အသုံးပြုသွားဦးမှာပါ..။ ဒါပေမယ့် ဂျာအို ပီဒရို ဟာ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၆၀) နဲ့ ခေါ်ယူထားတဲ့ ကစားသမားဖြစ်နေတာကြောင့် ဂိုးသွင်းခွင့်တွေ ပိုမိုရရှိအောင် ဖန်တီးပေးဖို့ ပိုပြီးတာဝန်ရှိတယ်လို့ ယေဘူယျ ကောက်ချက်ဆွဲနိုင်ပါတယ်..။

ဂျာအို ပီဒရို ဟာ ရာသီအစပိုင်း ကာလမှာ ခြေခေါက်ထားတဲ့ အသေးစားဒဏ်ရာကို သယ်ဆောင် ကစားနေရတယ်.. ဆိုပေမယ့် သူ့ရဲ့ခြေစွမ်း အခုထက်ပိုပြီးတိုးတက်ဖို့ လိုအပ်နေသေးတယ်ဆိုတာ သိရှိထားပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ပုံမှန်ဂိုးသွင်းခြေစွမ်းကို ပြန်လည်မရရှိဘူးဆိုရင် လာမယ့်နွေရာသီ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းရဲ့ ‘No.9’ နေရာအတွက် နော့တင်ဟမ် ဖောရက်စ်အသင်းက အီဂေါ် ဂျေဇူး.. ဒါမှမဟုတ် တော့တင်ဟမ်အသင်းက ရစ်ချာလီဆန် တို့ရဲ့ နောက်မှာ ကျန်နေရစ်ခဲ့မယ့် အန္တရာယ်ရှိနေပါတယ်..။ ဒါ့ကြောင့်သူ့အတွက် အခွင့်အရေးကောင်းတွေ ရရှိနိုင်မယ့် အခုအချိန်မှာ ချယ်လ်ဆီးအသင်းမှာရော၊ လက်ရွေးစင်အသင်းမှာပါ အလားအလာကောင်းတွေကို လွတ်ထွက်မသွားစေဖို့ ချယ်လ်ဆီးအသင်းရဲ့  ကျောနံပါတ် (၂၀) ကစားသမားအနေနဲ့ လက်ရှိခြေစွမ်းနဲ့ ကစားဟန်ကို ပြန်လည်သုံးသပ်ပြီး တိုးတက်မှုတွေ ပြသနိုင်ဖို့ ပိုမိုကြိုးစား၊ စွမ်းဆောင်သွားရပါလိမ့်မယ်..။

(Standard Sports မှ ဆောင်းပါးရှင် Dom Smith ၏ ‘Chelsea need Joao Pedro to step up after 'unlucky' Liam Delap injury blow’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)