အပြာရောင်တွေရဲ့ အဓိကကစားကွက်ဖန်တီးရှင် ကိုးလ် ပါးမား ဟာ ပေါင်ကြွက်သားဒဏ်ရာနဲ့ ခြေချောင်းဒဏ်ရာ ဆက်တိုက်ရရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် (၁၅) ပွဲမှာ (၁၀) ပွဲ လွဲချော်သွားခဲ့ပါတယ်..။ အခုဆိုရင် ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်တဲ့ အသက် (၂၃) နှစ်အရွယ် ကစားသမားဟာ အဲဗာတန်အသင်းနဲ့ စနေနေ့မှာယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်..။
လိုအပ်နေချိန်မှာ ပြန်လည်ပါဝင်လာရတော့မယ့် ကိုးလ် ပါးမား
ချယ်လ်ဆီးအသင်းဟာ နိုဝင်ဘာလ (၂၆) ရက်နေ့က ဘာစီလိုနာအသင်းကို အနိုင်ရရှိခဲ့ပြီးတဲ့နောက်ပိုင်း ကစားခဲ့တဲ့ (၄) ပွဲစလုံးမှာ နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့ပါတယ်..။ အဲဒီ (၄) ပွဲထဲက အမှတ်ပေးဇယားထိပ်က အာဆင်နယ်အသင်းကို (၁၀) ယောက်နဲ့ မိနစ် (၆၀) လောက် သူတင်ကိုယ်တင် ကစားနိုင်ခဲ့တဲ့ခြေစွမ်းအပေါ် ချီးကျူးမှုတွေ ရရှိခဲ့ပေမယ့် လိဒ် ယူနိုက်တက်၊ ဘုန်းမောက်နဲ့ အတ္တလန်တာ အသင်းတွေနဲ့ပွဲတွေမှာ အားရစရာ မကောင်းခဲ့ပါဘူး..။
အခုလာမယ့်စနေနေ့မှာ ဧည့်ခံရမယ့် အဲဗာတန်အသင်းဟာ ခြေစွမ်းကောင်းတွေ ရရှိနေတဲ့ အသင်းတစ်သင်းဖြစ်နေပြီး မန်ချက်စတာ ယူနိုက်တက်၊ ဘုန်းမောက်အသင်းတွေကို အဝေးကွင်းတွေမှာ အနိုင်ပွဲတွေ ရရှိထားပါတယ်..။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၅) ပွဲမှာ နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ ၄ဂိုး- ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲကလွဲပြီး ကျန်တဲ့ (၄) ပွဲကို ပေးဂိုးမရှိပဲ အနိုင်ရရှိထားတာကြောင့် သတိထား၊ ယှဉ်ပြိုင်ရမယ့် အသင်းဖြစ်နေပါတယ်..။

ချယ်လ်ဆီးအသင်းကတော့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၄) ပွဲမှာ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် ကျဆင်းနေတာကို အထက်ဖော်ပြပါ ပူးတွဲပုံပါ အချက်အလက်တွေက ဖော်ပြနေပါတယ်..။ တစ်ပွဲကိုပျမ်းမျှ အပိုင်အခွင့်အရေး (big chances) ဖန်တီးနိုင်မှု (၁) ကြိမ်လောက်ပဲ ရှိနေပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မပြုလုပ်တော့တာ တွေ့ရမှာပါ..။ တိုက်စစ်မှူး လီယန် ဒီလပ် ဒဏ်ရာကြောင့် အနားယူနေရသလို ဂျာအို ပီဒရို ဟာလည်း ဩဂုတ်လနောက်ပိုင်းမှာ ခြေစွမ်းကျဆင်းနေသလို ဖြစ်နေတဲ့အတွက် ကိုးလ် ပါးမား ရဲ့ အချိန်ကိုက် ပြန်လည်ပါဝင်နိုင်မှုဟာ ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်းကို မြှင့်တင်ပေးနိုင်ရုံသာမက လိုအပ်နေတဲ့ တိုက်စစ်ပိုင်းအားနည်းချက်တွေကိုပါ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်..။
သူဟာအရင်အပါတ်က ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့ပဲ ဂိုးကန်သွင်းချက် တစ်ကြိမ်သာ ရရှိခဲ့ပါတယ်..။ နည်းပြအင်ဇို မာရက်စ်ကာ ဟာ သူ့ကိုအတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနားကောင်းကောင်းပေးပြီး အားမွေးစေခဲ့တာကြောင့် လာမယ့်စနေနေ့ကျရင် လန်းဆန်း၊ တက်ကြွနေတဲ့ ကိုးလ် ပါးမား ကို မြင်တွေ့ရဖို့ ရှိနေပါတယ်..။
ကိုးလ် ပါးမား ဟာ ချယ်လ်ဆီးအသင်းမှာ ဘာကြောင့်အရေးပါနေရတာလဲ..?
အခုဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးတွေကို ကစားသမား (၁၁) က သွင်းယူထားပါတယ်..။ နည်းပြအင်ဇို မာရက်စ်ကာ ကတော့ ကစားသမား တစ်ဦးထဲက ဂိုးပေါင်း (၄၀) သွင်းပေးတာထက်စာရင် ကစားသမားတွေအများကြီး မျှဝေဂိုးသွင်းပေးတာကို ပိုပြီးနှစ်သက်တယ်.. လို့ ပြောခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ကစားသမားတွေထဲမှာ ဂိုးသွင်း၊ ဂိုးဖန်တီးပေးစွမ်း အကောင်းဆုံးက ‘ကိုးလ် ပါးမား’ ဖြစ်တယ်ဆိုတာ လက်ခံထားပါတယ်..။ ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နွေရာသီနောက်ပိုင်း သူ့ထက်ပိုပြီး ‘ဂိုးပါဝင်ပတ်သက်မှု (goal contribution)’ အများဆုံး ပြုလုပ်ပေးထားတဲ့ ကစားသမား (၃) ဦးပဲ ရှိပါတယ်..။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကိုးလ် ပါးမား ဟာ ပရီးမီးယားလိဂ် သွင်းဂိုး (၁၅) ဂိုး ရရှိခဲ့ပြီး အပြာရောင်တွေရဲ့ ဂိုးအများဆုံးသွင်းယူ ပေးနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သလို ဂိုးဖန်တီးမှု (၈) ကြိမ်၊ အသင်းဖော်တွေအတွက် အပိုင်အခွင့်အရေး (big chances) (၂၄) ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်သူဟာ အဆုံးသတ်တိုက်စစ်ဇုန် final third ကို ရောက်တဲ့အချိန်မှာ အလွန်သွေးအေးပြီး ဂိုးကန်သွင်းဖို့နဲ့ အသင်းဖော်တွေအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို တိတိကျကျ ပြုလုပ်ပေးနိုင်စွမ်းတွေနဲ့ အသင်းကို အကောင်းဆုံး ပံ့ပိုးပေးနေပါတယ်..။
ချယ်လ်ဆီးအသင်းမှာ ကိုးလ် ပါးမား ရဲ့ အရေးပါမှုကို အာဆင်နယ်အသင်း ဂန္ထဝင်တိုက်စစ်မှူး သီယာရီ အွန်နရီ ကလည်း CBS Sports သတင်းဌာနရဲ့ သုံးသပ်စကားဝိုင်း အစီအစဉ်မှာ အခုလိုပြောကြားခဲ့ပါတယ်..။
“ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာ၊ အာဆင်နယ်၊ ပီအက်စ်ဂျီ တို့လို အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ပွဲကိုစိုးမိုးနိုင်ခဲ့ပေမယ့် အသင်းလေးတွေနဲ့ ယှဉ်ပြိုင်ရရင် ရုန်းကန်နေရပါတယ်..။ ဘာကြောင့်လဲ..? သူတို့ဆီမှာ ပိတ်ဆို့ကစားတဲ့ အသင်းတွေကို ထိုးဖောက်နိုင်ဖို့ ကိုးလ် ပါးမား လို ထိရောက်တဲ့ လက်နက်ကောင်း ရှိမနေလို့ပါပဲ..။ အသင်းမှာရှိနေတဲ့ တခြားတိုက်စစ်မှူးတွေဟာ ကိုးလ် ပါးမား လို အဆင့်အတန်း ရှိမနေပါဘူး..။ ဒါ့အပြင်တချို့ ကစားသမားတွေဟာ ခြေကုန်လက်ပန်းကျနေသလို ဖြစ်နေပြီး အနားယူဖို့ လိုအပ်နေပါတယ်..။”

ကိုးလ် ပါးမား ကို ဘယ်နေရာမှာ ကစားခိုင်းမှာလဲ..?
တကယ်လို့ လာမယ့်အဲဗာတန်နဲ့ပွဲမှာ သူပါဝင်လာမယ်ဆိုရင် ‘No. 10’ နေရာမှာပဲ ကစားရဖို့ များပါတယ်..။ ဘရန့်တ်ဖို့ဒ် အသင်းနဲ့ပွဲမှာ သွင်းယူပေးခဲ့တဲ့ သူ့ရဲ့အခုဘောလုံးရာသီရဲ့ တစ်လုံးတည်းသော ပရီးမီးယားလိဂ် သွင်းဂိုးကို ကွင်းလယ်ဖန်တီးရှင်နေရာမှာ လူစားဝင်ရောက်ပြီး ကန်သွင်းရယူပေးခဲ့တာပါ..။ နည်းပြအင်ဇို မာရက်စ်ကာ ဟာ ပါးမား ကို တိုက်စစ်မှူးရဲ့နောက်မှာ ကစားခိုင်းလေ့ ရှိပါတယ်..။
မော်ရစ္စစီယို ပိုချက်တီနို နဲ့ ခြေစွမ်းပြခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီမှာတော့ ညာတောင်ပံကနေ အတွင်းဘက်ကို ချိုးဝင်ခဲ့တဲ့ တောင်ပံတိုက်စစ်မှူး (right winger) အဖြစ် ကစားခဲ့ပါတယ်..။ ဒါပေမယ့် လက်ရှိအသင်းမှာ တောင်ပံ ကစားသမားကောင်းတွေ အများကြီးရှိနေတာကြောင့် ကွင်းလယ်ဖန်တီးရှင်အဖြစ် လွတ်လွတ်လပ်လပ် ကစားခိုင်းတာ ဖြစ်နိုင်ပါတယ်..။ ချယ်လ်ဆီးအသင်းကို အင်ဇို မာရက်စ်ကာ ရောက်ရှိပြီးနောက်ပိုင်း ကိုးလ် ပါးမား ရဲ့ ကစားပုံကို အောက်ကပူးတွဲပုံမှာ တွေ့ရမှာပါ..။

စိတ်ဝင်စားဖို့ကောင်းတာက အခုဘောလုံးရာသီမှာ ကိုးလ် ပါးမား ဟာ ပရီးမီးယားလိဂ် (၅) ပွဲ (ပွဲထွက် ၃..၊ လူစားဝင် ၂..) ကစားခဲ့ပါတယ်..။ အခုအောက်ကပူးတွဲပုံမှာ မြင်တွေ့ရတဲ့ သူ့ရဲ့လှုပ်ရှားမှုကို ပြသတဲ့ heat map မှာဆိုရင် ဘယ်ဘက်ကွင်းလယ်ခြမ်း (left center) မှာပဲ အများဆုံးနေရာယူ ကစားထားပါတယ်..။ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ အခုဘောလုံးရာသီ အခင်းအကျင်းမှာ အင်ဇို ဖာနန်ဒက်စ် ဟာ ညာဘက်ခြမ်းကနေ ဂိုးဧရိယာထဲကို ပြေးဝင်မှုတွေ ပြုလုပ်ပြီး ကိုးလ် ပါးမား နဲ့အတူ အတက်၊ အဆင်း ဟန်ချက်ညီညီ ကစားနိုင်ဖို့ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကိုယ့်အသင်းက တိုက်စစ်ဆင်ချိန်မှာ ၄- ၁- ၄- ၁ အခင်းအကျင်း ဖြစ်သွားပါတယ်..။

နည်းပြအင်ဇို မာရက်စ်ကာ ၏ Plan B
နည်းစနစ်ပိုင်း ထူးချွန်လှတဲ့ အီတလီနည်းပြကြီးဟာ ကိုးလ် ပါးမား ကို ကွင်းလယ်ဖန်တီးရှင်အဖြစ်နဲ့ ဂိုးဧရိယာတစ်ဝိုက်မှာပဲ အသေလှုပ်ရှားခိုင်းထားတာ မဟုတ်ပါဘူး..။ ပီအက်စ်ဂျီ၊ ဘိုင်ယန် မြူးနစ် တို့လို အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ မော်ရစ္စစီယို ပိုချက်တီနို လက်ထက်က ကစားခဲ့တဲ့ ပုံစံအတိုင်း ညာဘက်ကနေ အတွင်းဘက်ကိုချိုးဝင်ပြီး ရွှေ့လျားစေခဲ့ပါတယ်..။ ပီအက်စ်ဂျီအသင်းကို ၃ - ၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲ၊ ဘိုင်ယန် မြူးနစ်အသင်းကို ၃ - ၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲတွေမှာ နည်းပြမာရက်စ်ကာ ဟာ ကွင်းလယ်အဖျက် နေရာမှာ မွိုက်စ် ကိုင်ဆီဒို၊ ရိစ် ဂျိမ်းစ် တို့ကို အထိုင်ချပြီး အင်ဇို ဖာနန်ဒက်စ် က ‘No. 10’ အဖြစ်နဲ့ ကစားခဲ့ပါတယ်..။
ကိုးလ် ပါးမား ဟာ ဂျာအို ပီဒရို ရဲ့ ညာဘက်ကို အယောင်ပြ ပြေးထွက်မှုအပေါ် အပြည့်အဝ အသုံးချပြီး ချယ်လ်ဆီးအသင်းရဲ့ ဒုတိယဂိုးကို လှလှပပ သွင်းယူပေးနိုင်ခဲ့ပါတယ်..။


သူဟာညာတောင်ပံ ကစားသမားအဖြစ်နဲ့ တာဝန်ယူရချိန်မှာ ညာနောက်ခံလူဖြစ်တဲ့ မာလို ဂူစ်တို နဲ့လည်း နားလည်မှု၊ တွဲလုံးတွေ ကောင်းမွန်ခဲ့ပါတယ်..။ ပြင်သစ် ညာနောက်ခံလူဟာ တောင်ပံတစ်လျှောက် အတက်အဆင်း ပြုလုပ်၊ ပံ့ပိုးပေးနိုင်တာကြောင့် ပါးမား ဟာ အတွင်းဘက်ကို အများဆုံးဝင်ပြီး အဆုံးအဖြတ် အခိုက်အတန့်တွေကို ဖန်တီးနိုင်ခွင့်ရခဲ့ပါတယ်..။


နည်းပြအင်ဇို မာရက်စ်ကာ ဟာ အင်အားတောင့်တင်းတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ကိုးလ် ပါးမား ကို ညာတောင်ပံ တိုက်စစ်မှူးအဖြစ် ပွဲထွက်စေတဲ့ နည်းဗျူဟာ အခင်းအကျင်းကို အသုံးပြုတတ်ပါတယ်..။ ဒါ့ကြောင့် အဲဗာတန်အသင်းနဲ့ပွဲမှာ အဲဒီလိုပွဲထွက်လူစာရင်းမျိုး ခင်းကျင်းလာဖို့ အလားအလာ နည်းပါးပါတယ်..။
ပါးမား ဟာ ညာတောင်ပံနဲ့ ကွင်းလယ်ဖန်တီးရှင်အဖြစ် ရောသမ တာဝန်ယူတတ်တာကြောင့် တိုက်စစ်အားသန်တဲ့ ‘No. 10’ ကစားသမား တစ်ယောက်ရဲ့နေရာမှာ ခံစစ်ပိုမို လိုက်ပါနိုင်မယ့် ကစားသမား တစ်ယောက် အစားထိုးပြီး အသင်းရဲ့ခံစစ်ပိုင်းကို ပိုမိုအားဖြည့်နိုင်ပါတယ်..။
အဲဗာတန်နဲ့ပွဲမှာ အက်စ်တီဗာအို + ပါးမား အတွဲကို မြင်ရဖို့ ရှိနိုင်လား..?
ချယ်လ်ဆီးအသင်း ပရိသတ်တွေဟာ အနာဂတ်ရဲ့ ပါရမီရှင် လူငယ်သွေးသစ် တိုက်စစ်မှူး အက်စ်တီဗာအို နဲ့ ကိုးလ် ပါးမား တို့ အတူတကွ ပွဲထွက်လာမယ့် နေ့ရက်တွေကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အိုးလ် ထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်တုန်းက သူတို့နှစ်ယောက်ကို တပြိုင်နက်တည်း ပွဲထွက်ခဲ့ပေမယ့် ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ရဲ့ အနီကတ်ဒ်ကြောင့် အက်စ်တီဗာအို ဟာ (၆) မိနစ်ပဲ ကစားခဲ့ရပါတယ်..။
နည်းပြအင်ဇို မာရက်စ်ကာ ဟာ ဘရာဇီးလ်လူငယ်ကြယ်ပွင့်လေးကို ရေရှည်မှာ ‘No. 10’ ကစားသမားအဖြစ် ရှုမြင်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲတွေမှာ မကြာခဏ ပြောကြားလေ့ရှိပါတယ်..။ ဒါ့ကြောင့်ကိုးလ် ပါးမား ကို ဘယ်ဘက်ခြမ်း ကွင်းလယ်က ‘No. 10’ နဲ့ အက်စ်တီဗာအို က ညာဘက်ခြမ်းကို တာဝန်ရမယ့် နေ့ရက်တွေ မြင်တွေ့လာရဖို့ ရှိလာမလား..? ဆိုတာ စိတ်ဝင်စားစရာပါပဲ..။
“သူတို့နှစ်ယောက်ကို အတူတွဲဖက် ကစားလို့ရပါတယ်..။ ဒါပေမယ့် ပြိုင်ဘက်အသင်းရဲ့ အနေအထား အခင်းအကျင်း၊ ကိုယ့်အသင်းရဲ့ ပွဲချဉ်းကပ်ပုံ အစီအမံ (game plan် အပေါ် မူတည်ပါလိမ့်မယ်..။ ပရိသတ်တွေကတော့ သူတို့နှစ်ယောက် အတူတွဲပြီး ကစားတာကို မြင်ချင်ကြတာပေါ့ဗျာ..။ ကျွန်တော်တို့လည်း အဲဒီနေ့ရက်တွေ ရောက်လာမယ့်အချိန်ကို မစောင့်နိုင်အောင်ပါပဲ..။ အဓိကအနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်း ဟန်ချက်ညီနေဖို့ အရင်ဆုံးဦးတည်၊ စဉ်းစားပါတယ်..။” ဆိုပြီး နည်းပြအင်ဇို မာရက်စ်ကာ က အာဆင်နယ်အသင်းနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်..။
အခုဆိုရင် သူတို့နှစ်ယောက်စလုံးဟာ အီတလီနိုင်ငံမှာ အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ မပါဝင်ခဲ့ရပဲ ကောင်းကောင်းအနားရခဲ့ပါတယ်..။ ဒါ့ကြောင့်စနေနေ့ပွဲစဉ်မှာ ‘No. 10’ နေရာက ကိုးလ် ပါးမား နဲ့ ညာတောင်ပံက အက်စ်တီဗာအို တို့ ဦးဆောင်လာမယ့် ချယ်လ်ဆီးအသင်းရဲ့ အသွင်သစ်တိုက်စစ်ကို မြင်တွေ့ခွင့်ရမယ့် အလားအလာ ရှိနေပါတယ်..။
ဒါ့ကြောင့်ပရိသတ်တွေရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်နဲ့အတူ ပင်ကိုယ်ပါရမီ ထူးချွန်လှတဲ့ ကစားသမား နှစ်ယောက်တို့ဟာ အဲဗာတန်အသင်းနဲ့ပွဲက စတင်လို့ အပြာရောင်ချယ်လ်ဆီးအသင်းကို ရလဒ်ကောင်းတွေ ပြန်လည်ရရှိလာအောင် ဦးဆောင်၊ စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်..။
(Premier League official website မှ ဆောင်းပါးရှင် Adrian Clarke ၏ ‘Analysis: How Palmer can reignite Chelsea's misfiring attack’ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်..။)