feature-image

တနင်္လာနေ့ ဘောလုံးစကားဝိုင်း (အင်ဇို မာရက်စ်ကာ ရဲ့ ချယ်လ်ဆီးနဲ့အနာဂတ်)

Sky Sports သတင်းဌာနမှ ယခုအပါတ် တင်ဆက်ခဲ့သော Monday Night Football အစီအစဉ် စကားဝိုင်းတွင် အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း အိုလီဗီယာ ဂျီရူးဒ် နှင့် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ တို့က နည်းပြအင်ဇို မာရက်စ်ကာ နှင့် ချယ်လ်ဆီးအသင်းတို့၏ လက်ရှိဘောလုံးရာသီ စွမ်းဆောင်ရည်အပေါ် ထင်မြင်ချက်၊ အီတလီနည်းပြကြီး၏ အဲဗာတန်အသင်းနှင့်ပွဲအပြီး ပြောကြားချက်အပေါ် မူတည်၍ ချယ်လ်ဆီးအသင်းမှ သူ၏အနာဂတ် အလားအလာတို့အပေါ် အောက်ပါအတိုင်း ဆွေးနွေးခဲ့ကြပါသည်..။

ဒေးဗစ် ဂျုံးစ် - အိုလီဗီယာ ရေ.. ခင်ဗျားဟာ အင်္ဂလန်မြေကို ရောက်ရှိလာခဲ့ပြီးနောက် အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတွေမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါတယ်..။ ပထမဆုံးအနေနဲ့ ခင်ဗျားရဲ့ အသင်းဟောင်းတွေထဲက ချယ်လ်ဆီးအသင်းရဲ့အကြောင်း အရင်ဆွေးနွေးကြရအောင်ဗျာ..။ အခုဘောလုံးရာသီမှာ သူတို့အသင်းရဲ့ တိုးတက်မှုအနေအထားအပေါ် ခင်ဗျားရဲ့အမြင်ကို ပြောပြပါလား..? အင်ဇို မာရက်စ်ကာ ရဲ့အသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ကလပ်အသင်းများ ကမ္ဘာ့ဖလားကို ဗိုလ်စွဲခဲ့ပါတယ်..။ ဒါ့ကြောင့်အခုဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံဆုဖလားတွေကို စိန်ခေါ်နိုင်မယ့်အသင်းအဖြစ် ရှုမြင်နိုင်ပြီလား..?

အိုလီဗီယာ ဂျီရူးဒ် - လော့စ် အိန်းဂျယ်လိစ် FC အသင်းမှာ ကျွန်တော်ရှိနေစဉ်က ချယ်လ်ဆီးအသင်းနဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရင်ဆိုင်ခဲ့ဖူးပါတယ်..။ လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းရဲ့စွမ်းဆောင်ရည်ဟာ တကယ့်ကို အထင်ကြီးစရာပါပဲ..။ ဒါပေမယ့် အသင်းမှာ လူငယ် ကစားသမားတွေ များပြားလွန်းနေတော့ ကျွန်တော်ရှိနေစဉ်က နေ့ရက်တွေနဲ့ လုံးဝခြားနားသွားပါပြီ..။ အခုလက်ရှိမှာလည်း သူတို့ဟာ အကောင်းဆုံး စွမ်းဆောင်ပြနေပါတယ်..။ ဒါပေမယ့် ချန်ပီယံဆုဖလားကြီးတွေ စိန်ခေါ်နိုင်မယ့် အချိန်မရောက်သေးဘူးလို့ ခံစားမိနေပါတယ်..။

လက်ရှိအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးအဆင့် (၄)၊ အဆင့် (၅) သေချာပေါက် ဝင်နိုင်မယ့်အသင်း ဖြစ်ပါတယ်..။ အထူးသဖြင့် ကိုးလ် ပါးမား ပြန်လည်ပါဝင်နိုင်လာတာဟာ အားတက်စရာပါ..။ ဒါပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အဆင့်ကိုရောက်ရှိဖို့ အချိန်တစ်ခုပေးဖို့အပြင် တည်ငြိမ်တဲ့ ခြေစွမ်းပြသနိုင်ဖို့ လိုအပ်နေပါသေးတယ်..။ နောက်ပြီးဆုဖလားတွေ ဆွတ်ခူးပေးနိုင်ဖို့ လက်ရှိအသင်းကို အထောင်တိုက်စစ်မှူး ‘No. 9’ တစ်ယောက် အားဖြည့်ပေးရပါဦးမယ်..။ 

အသင်းမှာရှိနေတဲ့ လူငယ်ကစားသမားလေးတွေဟာ အသက်အရွယ်နဲ့မမျှအောင် ခြေစွမ်းထက်မြက်တဲ့သူတွေ ဖြစ်ကြပါတယ်..။ ဒါပေမယ့်အသင်းရဲ့ ရွှေရောင်နေ့ရက်တွေတုန်းက ဒီဒီယာ ဒရော့ဘာ လို ထိပ်တန်းအဆင့် တိုက်စစ်မှူးကောင်း တစ်ယောက်ရှိနေဖို့ လိုအပ်နေပါသေးတယ်…။ အသင်းရဲ့တိုက်စစ်ပိုင်းမှာ အခုထက်ပိုပြီး သွင်းဂိုးတွေရရှိဖို့ လိုအပ်နေသေးတယ်လို့ ယူဆမိတာပဲ..။



ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ အိုလီဗီယာ ရေ.. တိုက်စစ်မှူး ‘No. 9’ တစ်ယောက် လိုအပ်နေသေးတယ်.. လို့ ခင်ဗျားပြောလိုက်တော့ ကိုယ်တိုင်ဝင်ကစားချင်လို့ အားမလို၊ အားမရ ပြောလိုက်တာလား..? လို့တောင် တွေးမိလိုက်ပါသေးတယ်.. ဟားဟား…။ ခင်ဗျားပြောခဲ့တဲ့အချက်ကို အခုအပေါ်မှာ ပြသထားတဲ့ အသင်းရဲ့ နေရာအလိုက် သွင်းဂိုးတွေ ရယူပေးထားတဲ့ ဇယားကလည်း ထောက်ခံပေးနေပါတယ်..။

အခုအပါတ်ပွဲစဉ် (၁၆) ပြီးတဲ့အချိန်ထိ အထောင်တိုက်စစ်မှူးအဖြစ် ဘယ်သူပဲ ကစားခဲ့သည်ဖြစ်ပါစေ.. အဲဒီတိုက်စစ်မှူးဆီကနေ ရရှိလာတဲ့ ပရီးမီးယားလိဂ်သွင်းဂိုး (၁) ဂိုးပဲ ရှိနေပါသေးတယ်..။ Yes.. ဂျာအို ပီဒရို ဟာ ပရီးမီးယားလိဂ်သွင်းဂိုး (၄) ဂိုး ရရှိထားတယ်.. လို့ စောဒကတက်ကြမှာ ဖြစ်ပေမယ့် ကွင်းလယ်ဖန်တီးရှင် ‘No. 10’ နေရာကနေ ရရှိခဲ့တဲ့ဂိုးတွေ ပိုများပါတယ်..။ ဒါပေမယ့် ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ကွင်းလယ် ကစားသမားတွေ ဂိုးအများဆုံး သွင်းယူပေးထားတဲ့ အသင်းအဖြစ် သွင်းဂိုး (၁၆) ဂိုး ရရှိထားပြီး နောက်တန်းလူတွေဟာလည်း သွင်းဂိုး (၇) ဂိုးနဲ့ အများဆုံးဂိုးရရှိထားပါတယ်..။

ချယ်လ်ဆီးအသင်းဟာ ဒီဇင်ဘာလဆန်းမှာ ခြေစွမ်းမတည်ငြိမ်ခဲ့တဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရတာကြောင့် အဲဗာတန်အသင်းနဲ့ပွဲမှာ အရေးပါခဲ့တဲ့ အနိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီပွဲအပြီး နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တွေဟာ လူတွေစိတ်ဝင်စားခဲ့တဲ့ ခေါင်းကြီးသတင်း ဖြစ်ခဲ့ရပါတယ်..။ မနေ့ကပြုလုပ်ခဲ့တဲ့ Carabao ဖလား၊ ကွာတားဖိုင်နယ်ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ အဲဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး သေသေချာချာ ပြန်လည်မေးမြန်းရာမှာ‌တော့ အီတလီနည်းပြကြီးဟာ လိုချင်တဲ့အဖြေကို ရှောင်လွှဲ၊ ဖြေကြားသွားခဲ့ပါတယ်..။ 

သူပြောချင်တဲ့စကားအားလုံးကို စနေနေ့က ပြောကြားခဲ့ပြီးပြီ..။ ဒါ့ကြောင့်နောက်ထပ်ဖြည့်စွက်ဖို့ မရှိတော့ဘူး.. လို့ ရေငုံနှုတ်ပိတ် ပြောကြားခဲ့ပါတယ်..။ ဂျေမီ ရေ.. သူ့ဘက်က ထပ်ပြောစရာ မရှိတော့ဘူး.. ဆိုပေမယ့် ဘာကိုဆိုလိုချင်တာလဲ..? ဆိုပြီး မသေချာ၊ မရေရာမှုတွေ ရှိနေဆဲပါပဲ..။ ဘယ်သူတွေကို ရည်ရွယ်ပြီး ပြောခဲ့တာ.. လို့ ခင်ဗျားထင်မိလဲဗျ..?



ဂျေမီ ကာရေဂါ - ဘယ်သူ့ကို ရည်ရွယ်တာလဲ..? ဆိုတာ သေသေချာချာ မပြောနိုင်ပေမယ့် အသင်းပိုင်ရှင်တွေနဲ့ အားကစား ဒါရိုက်တာတွေကို ဦးတည်တာ... လို့ပဲ ထင်ပါတယ်..။ အင်ဇို မာရက်စ်ကာ အခုကြုံတွေ့နေရတဲ့ ပြဿနာဟာ လက်ရှိအသင်းအများစုမှာ ကြုံတွေ့နေရတဲ့ ပြဿနာ (classic case) ဖြစ်နေပါတယ်..။ အခုလက်ရှိအသင်းတွေမှာ မန်နေဂျာ.. ရယ်လို့ မရှိတော့ပဲ ‘နည်းပြချုပ် (head coach)’ အဖြစ်နဲ့ပဲ တာဝန်ပေးထားကြပါတယ်..။ သူနဲ့အတူ လက်တွဲရမယ့် အားကစား ဒါရိုက်တာတွေ (sporting directors) ရှိကြပါတယ်..။

အစောပိုင်းမှာ နည်းပြတွေဟာ အသင်းကပြဌာန်းတဲ့အတိုင်း သဘောတူပြီး စာချုပ်တွေ လက်မှတ်ထိုးခဲ့တာပဲ..။ ဒါပေမယ့် တဖြည်းဖြည်းနဲ့အောင်မြင်မှုတွေ ရလာတဲ့အခါ အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ ပိုပြီးရရှိလာသင့်တယ်.. လို့ ထင်မြင်လာကြပါတယ်..။ မာရက်စ်ကာ ဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ဥရောပပြိုင်ပွဲ ဖလားတစ်လုံးနဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားကို ရရှိခဲ့တာကြောင့် အလားတူ ခံစားလာခဲ့ရပါလိမ့်မယ်..။ 

ရာသီအစတုန်းက လီဗိုင်း ကိုဝဲလ် ရဲ့ နေရာကို အစားထိုးနိုင်ဖို့ ဗဟိုခံစစ်မှူးတစ်ယောက် ထပ်ပြီးမဖြည့်တင်း ပေးခဲ့တဲ့အပေါ် အကြီးအကျယ် စိတ်ပျက်ခဲ့ရပြီးပါပြီ..။ လွန်ခဲ့တဲ့ဒီဇင်ဘာလဆန်းမှာ ရလဒ်တွေ မကောင်းတော့တဲ့အချိန် သူ့ရဲ့မကျေနပ်မှုတွေကို ကိုယ်စားပြုနိုင်မယ့် တောင်းဆိုမှုတစ်ခုခု ပြုလုပ်တဲ့ သဘော ဖြစ်ပါလိမ့်မယ်..။ ကျွန်တော်ကတော့ အသင်းရဲ့အတွင်းမှာ ဖြစ်နေတဲ့ကိစ္စတွေကို သတင်းစာရှင်းလင်းပွဲကနေ လူသိရှင်ကြား ထုတ်ပြောတာကို သဘောမတူပါဘူး..။

မာရက်စ်ကာ ရဲ့ ပြဿနာဟာ အရင်အပါတ်တုန်းက မိုဟာမက် ဆာလာ လောက် မဆိုးရွားပေမယ့် သဘောတရားချင်း အတူတူပါပဲ..။ မန်နေဂျာပဲဖြစ်ဖြစ်၊ ကစားသမားပဲဖြစ်ဖြစ် တစ်ခုခုအလိုမကျတိုင်း လူသိရှင်ကြား ထုတ်ပြောတာကို မကြိုက်ပါဘူး..။ အသင်းရဲ့အတွင်းမှာပဲ ပြေလည်အောင် ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်..။ ဒါပေမယ့် အခုအင်ဇို မာရက်စ်ကာ ဟာ သူ့ရဲ့မကျေနပ်ချက်တွေကို အခုပုံစံအတိုင်း ဆက်ပြီးတိုက်ပွဲဝင်သွားမယ်.. ဆိုရင် နောက်ဆုံးအဆုံးသတ်ချိန်မှာ အနိုင်ရမယ့်သူက တစ်ယောက်ပဲ ကျန်ပါမယ်..။ အဲဒီသူက သူမဟုတ်ပါဘူး..။



ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ အင်ဇို မာရက်စ်ကာ ရဲ့ ချယ်လ်ဆီးအသင်းကို ရောက်ရှိပြီးနောက်ပိုင်း စွမ်းဆောင်ရည်.. ရမှတ်တွေကို ကြည့်မယ်ဆိုရင် ရမှတ်ပေါင်း (၉၇) မှတ်နဲ့ အဆင့် (၅) နေရာမှာ ရှိနေပါတယ်..။ ထိပ်ဆုံးက လီဗာပူးလ်၊ အာဆင်နယ်အသင်းတွေနဲ့ (၁၃) မှတ်ပဲ ကွာခြားတယ်ဗျ..။ နောက်ပြီး အင်ဇို မာရက်စ်ကာ ဟာ ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲနဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွေလည်း အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်..။ အင်္ဂါနေ့ညမှာ ယှဉ်ပြိုင်ရမယ့် ကာဒစ်ဖ်အသင်းကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းကို ရောက်ရှိပြီးနောက်ပိုင်း အကြိုဗိုလ်လုပွဲအဆင့်ကို တတိယအကြိမ် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်..။ 

အခုလိုအစစအရာရာ  အဆင်ပြေချောမွေ့နေတဲ့ အချိန်မျိုးမှာ အသင်းနဲ့အဆင်မပြေဘူး..၊ အဖုအထစ်တွေ ဖြစ်ခဲ့တယ်ဆိုရင် အဲဒီအကွဲအပြဲမှာ ဘယ်သူကပိုပြီး နစ်နာမယ်.. လို့ ခင်ဗျားယူဆလဲ..? ချယ်လ်ဆီးအသင်းလား…? အင်ဇို မာရက်စ်ကာ လား..?

ဂျေမီ ကာရေဂါ - အင်ဇို မာရက်စ်ကာ ပဲ အရင်ဆုံးနစ်နာမှာပေါ့..။ ချယ်လ်ဆီးအသင်း နည်းပြရာထူးဟာ လက်ရှိဥရောပ ဘောလုံးလောကရဲ့ တောင်းဆိုမှုအများဆုံး အလုပ်ထဲမှာ ပါဝင်ပါတယ်..။ ဒါပေမယ့်သူဟာ အဲဒီရာထူးနဲ့ ထိုက်တန်တဲ့သူ မဟုတ်ဘူး.. လို့ ပြောလို့မရပါဘူး..။ မန်ချက်စတာ ယူနိုက်တက်အသင်းက ရူဘင် အမိုရင် ဆိုရင် ရာထူးနဲ့ထိုက်တန်တဲ့သူ ဟုတ်ရဲ့လား..? ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းမန်နေဂျာ တစ်ယောက်.. အနေနဲ့ သက်သေပြနိုင်ပါ့မလား.? ဆိုတဲ့ သံသယမေးခွန်းတွေ အခုအချိန်ထိ ရှိနေဆဲဖြစ်ပါတယ်..။ ဒါပေမယ့် မာရက်စ်ကာ ကတော့ အဲဒီလိုမဟုတ်ဘူးဗျ..။

ချယ်လ်ဆီးအသင်းမှာ သူ့ရဲ့စွမ်းဆောင်ရည် မှတ်တမ်းဟာ သိပ်ကိုကောင်းမွန်ပါတယ်..။ တကယ်တမ်းမှာ သူတို့အသင်းရဲ့ ကစားသမားအင်အားဟာ ပရီးမီးယားလိဂ်ရဲ့ထိပ်တန်း အသင်းကြီးသုံးသင်းနဲ့ ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ပါဘူး..။ ဒါ့ကြောင့်သူ့ရဲ့လက်ရှိ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုတွေ မြင့်မားလာပြီး ‘ငါ့အနေနဲ့ လက်ရှိအနေအထားနဲ့ ဒီလောက်ပဲ လုပ်နိုင်မယ်..၊ ဒီထက်ပိုပြီး အောင်မြင်ဖို့ မဖြစ်နိုင်တော့ဘူး..’ ဆိုတဲ့ သတင်းစကားကို အသင်းပိုင်ရှင်တွေ၊ ဒါမှမဟုတ် အားကစား ဒါရိုက်တာတွေ ကြားသိရအောင် တိုင်တည်လိုက်တာ ဖြစ်နိုင်ပါတယ်..။



လက်ရှိအသင်းရဲ့ လူအင်အားနဲ့ဆိုရင် အခုထက်ပို မြင့်မားတဲ့အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့၊ အခုလက်ရှိ ချယ်လ်ဆီးအသင်းကို မာရက်စ်ကာ ထက်ပိုပြီး ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ဖို့.. ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ..။ ချယ်လ်ဆီးလို အသင်းအနေနဲ့ နောက်ထပ်မန်နေဂျာတစ်ယောက်ကို အလွယ်တကူ အစားထိုးလို့ရတယ်.. ဆိုပြီး တွေးကောင်းတွေးနေမှာပါ..။ အဲဒီလူသစ်ဟာ မာရက်စ်ကာ ထက် သာလွန်အောင် စွမ်းဆောင်နိုင်ပါ့မလား..? May be..? ဖြစ်ချင်ဖြစ်လာနိုင်ပါမယ်..။

ဒါပေမယ့်လက်ရှိ စပါးအသင်း ဘာတွေဖြစ်နေလဲ..? မန်ချက်စတာ ယူနိုက်တက်အသင်း ဘာတွေဖြစ်နေလဲ..? နမူနာတွေ ရှိနေပါတယ်..။ ချယ်လ်ဆီးအသင်းဟာ မန်နေဂျာတစ်ယောက် အလွယ်တကူ အစားထိုးလို့ ရနိုင်ပါတယ်..။ အဲ.. မာရက်စ်ကာ ရဲ့ အဆင့်အတန်းမျိုးနဲ့ အဲဒီလိုတန်းတူ စွမ်းဆောင်ပေးနိုင်တဲ့သူ ရရှိနိုင်ဖို့.. ထင်သလောက် မလွယ်ပါဘူး..။ အင်ဇို မာရက်စ်ကာ ဟာ ပက်ပ် ဂွာဒီယိုလာ၊ အာနီ စလော့တ် တို့လို ထိပ်တန်းအဆင့် မန်နေဂျာတွေနဲ့ ယှဉ်ပြိုင်နိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းကို နည်းစနစ်ပိုင်း အသာစီးရယူ ကစားပြနိုင်ခဲ့ပြီး ထိပ်တန်းအဆင့် မန်နေဂျာတစ်ယောက် ဖြစ်တယ်.. ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်..။

ဒေးဗစ် ဂျုံးစ် - အိုလီဗီယာ ရေ.. အင်ဇို မာရက်စ်ကာ ဟာ လက်ရှိလူစာရင်း အခုထက်ပိုပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ကြီးမားတဲ့ အောင်မြင်တွေရရှိဖို့ ဖြစ်နိုင်မယ်.. လို့ ထင်မြင်မိပါလား..? ဒါမှမဟုတ် အတွေ့အကြုံရင့်၊ ဝါရင့်ကစားသမားတွေ မပါဝင်ပဲနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုလို ထိပ်တန်းအဆင့် အောင်မြင်မှုတွေ ရရှိနိုင်ဖို့ ဖြစ်နိုင်ပါ့မလား..?

အိုလီဗီယာ ဂျီရူးဒ် - အစောကပြောခဲ့သလိုပါပဲ..။ သူ့ရဲ့အသင်းမှာ တည်ငြိမ်တဲ့ခြေစွမ်းရှိတဲ့ တိုက်စစ်မှူးကောင်း တစ်ယောက် လိုအပ်နေပါသေးတယ်..။ အရေးကြီးတဲ့အချိန်တွေမှာ အသင်းအတွက် အပါတ်စဉ် ဂိုးတွေပုံမှန် သွင်းပေးနိုင်မယ့် တိုက်စစ်မှူး.. ပေါ့ဗျာ..။ လက်ရှီအသင်းမှာ အရည်အသွေးမြင့် ပါရမီရှင် လူငယ်ကစားသမားတွေ အများကြီးရှိနေပါတယ်..။ ဒါပေမယ့် အတွေ့အကြုံ ရင့်ကျက်မှုရှိဖို့ လိုအပ်နေပါသေးတယ်..။

 
ခုနကခင်ဗျားတို့ပြသခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်း စွမ်းဆောင်ရည် အချက်အလက်တွေအရဆိုရင် သူဟာချယ်လ်ဆီးအသင်းကို အကောင်းဆုံး လမ်းညွှန်၊ ကိုင်တွယ်ပေးနေပါတယ်..။ သူ့ရဲ့အသင်းက လူငယ်လေးတွေနဲ့ တကယ့်ထိပ်တန်းအသင်းကြီးတွေကို သူတင်၊ ကိုယ်တင် တိုက်ပွဲဝင်.. စွမ်းဆောင်ပြနေတာပဲဗျ..။ နောက်ထပ် ကစားသမား တစ်ယောက်၊ နှစ်ယောက် အားဖြည့်လိုတဲ့ဆန္ဒ ရှိနေပုံ ရပါတယ်..။ ဗဟိုခံစစ်မှူးတစ်ယောက်နဲ့ တိုက်စစ်မှူးတစ်ယောက် ‘No. 9’ ဆိုရင် လုံလောက်ပါပြီ..။

ကျွန်တော်ဟာ ‘No. 9’ တစ်ယောက်ကိုပဲ တစ်သွင်သွင် တောင်းဆိုနေသလို ဖြစ်နေပေမယ့် လီယန် ဒီလပ် ရဲ့ ကစားတာ သဘောကျပါတယ်..။ အသင်းသစ်မှာ အထိုင်ကျဖို့ အချိန်တစ်ခု ပေးရပါဦးမယ်..။ သူဟာအသင်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်လာမှာပါ..။ 

ချယ်လ်ဆီးအသင်းဟာ အခုလက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၄) နေရာမှာ ရှိနေတာကြောင့် အင်ဇို မာရက်စ်ကာ ရဲ့ စွမ်းဆောင်ရည်ဟာ ကျေနပ်ဖို့ကောင်းတဲ့အဆင့်၊ ကောင်းမွန်တဲ့အဆင့်ထဲမှာ ပါဝင်ပါတယ်..။ ပြီးခဲ့တဲ့အဲဗာတန်နဲ့ နောက်ဆုံးပွဲစဉ်မှာလည်း အနိုင်ရထားပဲလေ..။ စိုးရိမ်စရာ မရှိပါဘူး..။

ဂျေမီ ကာရေဂါ - ကျွန်တော်ကတော့ မာရက်စ်ကာ ဟာ နောက်လာမယ့်ရာသီကျရင် ချယ်လ်ဆီးအသင်းမှာ မရှိတော့ဘူး.. လို့ ယူဆမိတာပဲ..။ အသင်းပိုင်ရှင်တွေဖြစ်ဖြစ်၊ ဘုတ်အဖွဲ့ကိုဖြစ်ဖြစ် ဦးတည်ပြီး အခုလိုစကားတွေ ပြောကြားပြီ ဆိုကတည်းက ပြဿနာကြီးကြီးမားမား တစ်ခုခုရှိနေပါလိမ့်မယ်..။ ဒါ့ကြောင့်လာမယ့် ရာသီကျရင် ချယ်လ်ဆီးမှာ မရှိလောက်တော့ပါဘူး..။