ချယ်လ်ဆီးအသင်း ဂန္တဝင်တိုက်စစ်မှူး ဂီယန်ဖရန်ကို ဇိုလာ မှာ စကော့တလန်အသင်းနှင့် ရိန်းဂျားစ်အသင်း တိုက်စစ်မှူးဟောင်း အယ်လီ မက်ခ်ကွိုက်စ် ၏ ပုံမှန်တင်ဆက်နေကျ Ally’s Social Club တွေ့ဆုံခန်း အစီအစဉ်တွင် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့ရသည့် အကြောင်းအရင်း၊ ချယ်လ်ဆီးအသင်းနှင့် အောင်မြင်မှုများ ရရှိခဲ့သည့် အမှတ်တရ နေ့ရက်များအပါအဝင် လက်ရှိချယ်လ်ဆီးအသင်းအပေါ် သူ၏ထင်မြင်ချက်များကို အောက်ပါအတိုင်း ပြောပြခဲ့ပါသည်..။
အယ်လီ မက်ခ်ကွိုက်စ် - ဂီယန်ဖရန်ကို ရေ.. ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ရတဲ့အကြောင်း သိချင်ပါတယ်..။ ဘယ်လိုလုပ်ပြီး အင်္ဂလန်မြေကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလဲ..? ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့တဲ့အချိန် စိတ်ထဲမှာဒွိဟဖြစ်ခဲ့တာတွေ ရှိခဲ့သေးလား..? နောက်ပြီးအဲဒီ အပြောင်းအရွှေ့ကြောင့် ခင်ဗျားရဲ့ဘဝမှာ ဘယ်လိုတွေ ပြောင်းလဲသွားခဲ့လဲ..? ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားဟာ ရေမြေအသစ်၊ ဘာသာစကားသစ်၊ ပတ်ဝန်းကျင်သစ်ကို ပြောင်းရွှေ့အခြေချခဲ့ရတာကိုးဗျ..။ အဲဒီအပြောင်းအလဲကို အသားကျအောင် ဘယ်လိုကြိုးစားခဲ့ရလဲ..?
ဂီယန်ဖရန်ကို ဇိုလာ - အင်္ဂလန်မြေကို ပြောင်းရွှေ့ခဲ့ရင် ရုန်းကန်ရလိမ့်မယ်ဆိုတာ ကြိုတင်၊ စဉ်းစားမိခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကျွန်တော်ဟာ အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်ဖို့ လိုအပ်နေခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့တာဟာ ယူရို ၉၆ ပြိုင်ပွဲအပြီးမှာ ဖြစ်ပါတယ်..။ အဲဒီပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့ အီတလီအသင်းဟာ အုပ်စုအဆင့်မှာပဲ ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပြီး ဆိုးဆိုးရွားရွား ကျရှုံးခဲ့ပါတယ်...။ ဒါ့ကြောင့်အဲဒီအချိန်တုန်းက ကျွန်တော်ဟာ အရမ်းကို စိတ်ဓါတ်ကျနေခဲ့တာပါ..။
ကျွန်တော်ဟာ ယူရိုပြိုင်ပွဲအပေါ် အရမ်းကိုမျှော်လင့်ချက် ကြီးမားခဲ့ပြီး အီတလီအသင်းနဲ့ သေသေချာချာ ပြင်ဆင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ပြိုင်ပွဲပြီးတဲ့အချိန် ပါးမားအသင်းနဲ့ ရာသီပြန်စတော့ ကျွန်တော့်အတွက် အဆင်မပြေတဲ့ ကာလတစ်ခု ဖြစ်ခဲ့ပါတယ်..။ ဒီလိုအချိန်မှာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ အခွင့်အရေး ရလာခဲ့ပါတယ်..။ ကျွန်တော့်အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ခဲ့ပေမယ့် ခင်ဗျားပြောခဲ့သလို အစောပိုင်းကာလတွေမှာ နိုင်ငံအသစ်၊ ဘာသာစကားအသစ်၊ ကွဲပြားခြားနားတဲ့ ကစားဟန် တို့ကြောင့် ရုန်းကန်ခဲ့ရတယ်..၊ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်..။
ဒါပေမယ့် နာပိုလီအသင်းကို ရောက်လာခါစ အချိန်တုန်းကလိုပဲ ကျွန်တော့်ရဲ့စိတ်ထဲမှာ အောင်မြင်ချင်တဲ့စိတ်ဆန္ဒ အရမ်းကိုပြင်းပြနေခဲ့ပါတယ်..။ အရာရာတိုင်းကို အစကနေ ပြန်လည်စတင်ချင်နေတယ်..၊ ကျွန်တော့်ရဲ့ အစွမ်းအစကို ပြသနိုင်ဖို့ ကြိုးစားချင်တဲ့စိတ် အထူးပြင်းပြနေခဲ့ပါတယ်..။ အင်္ဂလန်မြေနဲ့ ချယ်လ်ဆီးအသင်းမှာ အဆင်ပြေခဲ့တာဟာ အဲဒီလိုပြင်းပြတဲ့ စိတ်အားထက်သန်မှုကြောင့် ဖြစ်ပါလိမ့်မယ်..။

အယ်လီ မက်ခ်ကွိုက်စ် - အဲဒီအချိန်တုန်းက ချယ်လ်ဆီးအသင်းမှာ အီတလီကလာတဲ့ ကစားသမားတွေ ရှိနေတာကြောင့် ခင်ဗျားအတွက် ပိုပြီးအဆင်ပြေစေတာပေါ့ဗျာ..။ မတူညီတဲ့ ကစားဟန်.. ဆိုတာနဲ့ ပတ်သက်ရင် အဲဒီအချိန်တုန်းက အီတလီက ထိပ်တန်းပြိုင်ပွဲတွေနဲ့ အင်္ဂလန်က ထိပ်တန်းပြိုင်ပွဲတွေကြားမှာ ကွဲပြားခြားနားမှုတွေ ဘယ်လိုရှိခဲ့လဲ..?
ဂီယန်ဖရန်ကို ဇိုလာ - အဲဒီအချိန်တုန်းက အီတလီဘောလုံးလောကဟာ အင်္ဂလန်ထက် ပိုပြီးအဆင့်မြင့်ပါတယ်..။ အဲဒီအချိန်တုန်းက ဂျူဗင်တပ်စ်၊ အေစီ မီလန်၊ အင်တာ မီလန်အသင်းတွေဟာ ဥရောပဘောလုံးလောကကို စိုးမိုးထားသလို အသင်းတိုင်းလိုလိုမှာ ထိပ်တန်းအဆင့် ကစားသမားကောင်းတွေ ရှိနေခဲ့ပါတယ်..။ ဒါ့ကြောင့်ကစားသမားတိုင်းဟာ အကောင်းဆုံးအဆင့်အတန်းမှာ ရှိနေရပြီး အဲဒီအချိန်တုန်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားတိုင်းလိုလို အီတလီမှာ ကစားနေကြတာဗျ..။
အင်္ဂလန်ကို ရောက်လာတဲ့အချိန်မှာ ဘောလုံးအသင်းတွေရဲ့ နည်းစနစ်ပိုင်း အဆင့်အတန်းဟာ အီတလီနဲ့ မတူဘူး.. ဆိုတာ တွေ့လိုက်ပါတယ်..။ အထူးသဖြင့် အင်္ဂလန်ကိုရောက်လာခါစ.. အစောပိုင်းကာလတွေမှာ နည်းစနစ်ပိုင်း၊ လေ့ကျင့်ရေးပိုင်း.. တွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့က နည်းနည်းလေးပိုပြီး အဆင့်မြင့်မားနေပါတယ်..။
အယ်လီ မက်ခ်ကွိုက်စ် - ခင်ဗျားရဲ့စိတ်ထဲမှာ အဲဒီလိုခံစားနေခဲ့ပေမယ့် တခါမှ ထုတ်မပြောခဲ့ဘူးမလား..?
ဂီယန်ဖရန်ကို ဇိုလာ - No.. No.. ဟားဟား.. ဒါပေမယ့် ပရီးမီးယားလိဂ်က နောက်ခံလူတွေကို ရင်ဆိုင်ရတဲ့အချိန်မှာ ကျွန်တော့်အတွက် အားသာချက်ရှိနေတယ်.. ဆိုတာ သိနေခဲ့တာပေါ့ဗျာ..။ ဒါပေမယ့် အချိန်ကြာလာတော့လည်း သူတို့တွေဟာ ကျွန်တော့်အကြောင်း သိလာကြာတာကြောင့် အဲဒီအားသာချက် မရှိတော့ပါဘူး..။ အဲဒီအချိန်ကျ ကိုယ့်ကိုယ်ကို ပြန်လည်ပြောင်းလဲရတာပေါ့ဗျာ..။ အင်္ဂလန်ကိုရောက်လာခါက အချိန်တုန်းက ကျွန်တော်ဟာ သူတို့တွေထက် ပွဲမတိုင်ခင် ပြင်ဆင်မှုတွေ ပိုကောင်းခဲ့ပါတယ်..။ အဲဒီအားသာချက်ကြောင့် အင်္ဂလန်မှာ အထိုင်ကျတာ ပိုပြီးမြန်ဆန်ခဲ့တာပေါ့ဗျာ..။

အယ်လီ မက်ခ်ကွိုက်စ် - ခင်ဗျားဟာ ပြစ်ဒဏ်ဘောတွေ ကန်သွင်းတဲ့နေရာမှာ အရမ်းထူးချွန်တယ်လို့ လူသိများပါတယ်..။ မှတ်မိဦးမယ်ဆိုရင် ဖူးလ်ဟမ်းကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ချစ်ကြည်ရေးပွဲစဉ်တစ်ပွဲမှာ ခင်ဗျားနဲ့ကျွန်တော် ရင်ဆိုင်ခဲ့ဖူးပါတယ်..။ အဲဒီပွဲမစခင်မှာ ကျွန်တော်တို့ စကော့တလန်အသင်း ဂိုးသမား အင်ဒီ ဂိုရန် နဲ့ ခင်ဗျားရဲ့ ပြစ်ဒဏ်ဘောကနေ ဂိုးဝင်၊ မဝင် လောင်းကြေးထပ်ခဲ့ကြပါသေးတယ်.. ဟားဟား..။ အဲဒီပွဲမှာ ပြစ်ဒဏ်ဘောရတော့ ခင်ဗျားဟာ ဂိုးတိုင်ရဲ့ညာဘက်အပေါ် ထောင့်ထဲကို အတိအကျ ကန်သွင်းနိုင်ခဲ့ပါတယ်..။ အင်ဒီ ဂိုရန် က ဘယ်လိုလုပ်ပြီး လက်ဖျားလေးနဲ့ ပုတ်ထုတ်နိုင်ခဲ့လဲ မသိဘူးဗျာ.. ဟားဟား..။
ကျွန်တော်တို့တွေက ရယ်မောရင်း ခင်ဗျားရဲ့ပြစ်ဒဏ်ဘောကန်တဲ့ နည်းစနစ်အပေါ် ချီးမွမ်းကြပါသေးတယ်..။ ဆိုလိုချင်တာက ခင်ဗျားရဲ့ပြစ်ဒဏ်ဘောတွေ ကန်တင်၊ ကန်သွင်းတဲ့ အရည်အသွေးအပေါ် အမှတ်တရ ရှိနေဆဲ ဖြစ်တယ်ဆိုတာ ပြောပြတာပါ..။ အဲဒီလိုအရည်အသွေးကောင်းတဲ့ ကန်ချက်တွေ ပေါ်ထွက်လာအောင် သီးသန့်လေ့ကျင့်ခဲ့တယ်မလား..?
ဂီယန်ဖရန်ကို ဇိုလာ - မှန်ပါတယ်..။ ကျွန်တော်ဟာ ပြစ်ဒဏ်ဘောတွေ ကန်သွင်းတဲ့နေရာမှာ ထူးချွန်ပါတယ်..။ ဒါပေမယ့် ထူးဆန်းတဲ့အရာတော့ မဟုတ်ဘူးဗျ..။ အကြိမ်ကြိမ်အခါခါ ကြိုးစား၊ လေ့ကျင့်ခဲ့မှုကြောင့် ရရှိခဲ့တဲ့အရာပဲ ဖြစ်ပါတယ်..။ တစ်ပါတ်မှာ နှစ်နာရီ၊ သုံးနာရီလောက် ပြစ်ဒဏ်ဘောအတွက် သီးသန့်အချိန်ပေးပြီး ကန်ချက်အမျိုးမျိုးနဲ့ နည်းစနစ်ပိုင်း လေ့ကျင့်မှုတွေ အမြဲတမ်းပြုလုပ်ပါတယ်..။ ကန်ချက်ရဲ့အရည်အသွေး၊ ထိချက်တွေ ကောင်းမွန်ဖို့လည်း အာရုံစိုက် လေ့ကျင့်ပါတယ်..။ ပြစ်ဒဏ်ဘော ကန်သွင်းနည်းတစ်ချို့ကို ဒီယေဂို မာရာဒိုနာ ဆီက သင်ယူခဲ့ရတာဗျ..။
အယ်လီ မက်ခ်ကွိုက်စ် - အခုခေတ်မှာ ပြစ်ဒဏ်ဘောတွေကို ခြေဖမိုးနဲ့ အပြင်းကန်သွင်းလေ့ ရှိကြပါတယ်..။ ဥပမာပေးရမယ်ဆိုရင် မော်ဂန် ရော်ဂျားစ်၊ ခရစ်စ်တီယာနို ရိုနယ်လ်ဒို တို့ပေါ့ဗျာ..။ ခင်ဗျားတို့ကန်သွင်းတဲ့ပုံစံနဲ့ အတော်လေး ကွဲပြားသွားတယ်လို့ ပြောရမှာပဲ..။
ဂီယန်ဖရန်ကို ဇိုလာ - သူတို့တွေက ခြေချောင်းတွေရဲ့အားနဲ့ အပြင်းကန်သွင်းကြပါတယ်..။ ကျွန်တော်တို့ကျတော့ ဘောလုံးကို ဝှေ့ဝိုက်သွားအောင် ခြေခွင်နဲ့ဆိုက်ထည့်ပြီး ကန်သွင်းကြပါတယ်..။ ကန်သွင်းတဲ့နည်းစနစ် မတူဘူးလို့ ပြောရမှာပဲ..။ နောက်ပိုင်းမှာ ပီယာလို၊ ဂျူနင်ဟို တို့ကျတော့ တည်ထားတဲ့ဘောလုံးဆီကို တည့်တည့်ပြေးလာပြီး ကန်သွင်းကြတာဗျ..။ ဒါ့ကြောင့်ဘောလုံးဟာ ဘယ်ဘက်၊ ညာဘက် ဝှေ့သွားတာ မရှိတော့ပဲ တည့်တည့်သွားပြီး ဂိုးပေါက်ကိုရောက်လာမှ အပေါ်ကနေ ပြုတ်ကျလာတာ..။ မတူညီတဲ့ ကန်ချက်နည်းစနစ်တွေပေါ့ဗျာ..။ ကျွန်တော်တို့ အီတာလျံ ပါစ်တာ ခေါက်ဆွဲကို နည်းအမျိုးမျိုးနဲ့ ချက်ပြုတ်၊ စားသောက်သလိုပေါ့… စားလို့ကောင်းဖို့ အဓိကပါပဲ.. ဟားဟား..။

အယ်လီ မက်ခ်ကွိုက်စ် - ခင်ဗျားပေးတဲ့ ဥပမာ သဘောကျတယ်ဗျာ.. ဟားဟား..။ ဂီယန်ဖရန်ကို ရေ.. ခင်ဗျားဟာ ၁၉၉၇ ခုနှစ်မှာ ချယ်လ်ဆီးအသင်းနဲ့ FA ဖလား ဆွတ်ခူးနိုင်ခဲ့သလို နောက်ထပ်တစ်နှစ်မှာ ယှဉ်ပြိုင်ရတဲ့ ဥရောပရှုံးထွက်ဗိုလ်များဖလား (Cup Winners’ Cup) ဗိုလ်လုပွဲမှာ ခင်ဗျားဟာ အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်..။ အဲဒီအခိုက်အတန့်တွေဟာ ခင်ဗျားရဲ့အပျော်ရွှင်ဆုံး အခိုက်အတန့်တွေ ဖြစ်လိမ့်မယ်လို့ ထင်မိတာပဲ..။ ဟုတ်တယ်မလား..?
ဂီယန်ဖရန်ကို ဇိုလာ - Yes.. မှန်ပါတယ်..။ ဒါပေမယ့် ကျွန်တော့်ရဲ့စိတ်ထဲမှာ အမှတ်အရဆုံးနဲ့ အပျော်ရွှင်ဆုံး အခိုက်အတန့်က FA ဖလားကို ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်..။ အထူးသဖြင့် ရှုံးထွက်ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ FA ဖလားအပေါ် အင်္ဂလန်ဘောလုံးပရိသတ်တွေ အဲဒီလောက် တန်ဖိုးထားလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူးဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ အီတလီနိုင်ငံမှာ Italian Cup ဖလားကို အရေးကြီးတဲ့ ဖလားတစ်လုံးအဖြစ် သတ်မှတ်၊ အောင်ပွဲခံလေ့ မရှိတာကြောင့်ပါ..။
ဖလားရပြီး နောက်တစ်ရက်ကျ King’s Road အတိုင်း အမိုးဖွင့်ဘတ်စ်ကားကြီးနဲ့ အောင်ပွဲခံတဲ့အချိန် လမ်းပေါ်မှာ လူပင်လယ်ကြီး မြင်လိုက်ရတော့ တကယ့်ကိုမယုံနိုင်အောင် ဖြစ်ရပါတယ်..။ ရိုးရိုးသားသား ဝန်ခံရရင် အရမ်းအံ့အားသင့်မိသလို အထူးဂုဏ်ယူမိခဲ့ပါတယ်..။ ကျွန်တော့်ရဲ့အဖေကလည်း ကျွန်တော်တို့ရဲ့ အောင်ပွဲခံ ဘတ်စ်ကားကြီးကို မြင်တွေ့ချင်ခဲ့ပါတယ်..။ ရှေ့မှာလူတွေအများကြီး ပိတ်နေတော့ ဘာမှလုပ်လို့မရဘူး..။ အဲဒါနဲ့အနီးနားက လမ်းမီးတိုင်ပေါ်တက်ပြီး ကြည့်ခဲ့ရပါတယ်..။ ဟားဟား..။ အဲဒီအချိန်က အဖေဟာ အသက် (၆၀) လောက် ရှိနေပြီဗျ..။ ဓါတ်မီးတိုင်ပေါ်က အဖိုးကြီးတစ်ယောက်ရဲ့ ပီတိတွေပေါ့ဗျာ.. ဟားဟား..။

အဲဒီ FA ဖလား၊ ဗိုလ်လုပွဲမှာ ရော်ဘတ်တို ဒီမက်တီယို က ပွဲအစမှာပဲ အဝေးကန်ချက်နဲ့ လှလှပပ အဖွင့်ဂိုး သွင်းပေးခဲ့ပါတယ်..။ အဲဒါနဲ့ကျွန်တော်တို့ စိတ်အားတွေတက်ပြီး အရှိန်ရသွားပုံ ရပါတယ်..။ တစ်သင်းလုံးရဲ့ ကစားပုံ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ ပရိသတ်တွေရဲ့ အားပေးမှုကြောင့်လည်း ပါတာပေါ့..။ နောက်ပြီးအဲဒီအချိန်က ကျွန်တော်တို့အသင်းထဲမှာ စုစည်းမှုနဲ့ နားလည်မှု အရမ်းကောင်းမွန်နေပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ကျွန်တော်အပါအဝင် နိုင်ငံခြားသား ကစားသမား အများအပြား ခေါ်ယူခဲ့တာကြောင့် ‘ကြေးစားစစ်သားတွေ (mercenaries)’ ဆိုပြီး စွပ်စွဲကြတာ မှတ်မိသေးတယ်ဗျ..။
ပိုက်ဆံအတွက်နဲ့ အင်္ဂလန်မြေကို ရောက်လာတဲ့ ကစားသမားတွေ.. ဆိုပြီး တံဆိပ်ကပ်ကြတာပေါ့..။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံခြားသား ကစားသမားတွေနဲ့ အသင်းက အင်္ဂလိပ် ကစားသမားတွေရဲ့ကြားမှာ နားလည်မှု သိပ်ကိုကောင်းမွန်ခဲ့ကြပါတယ်..။ အသင်းတစ်သင်းအနေနဲ့ စုစည်းမှု၊ ညီညွတ်မှု အထူးကောင်းမွန်ခဲ့သလို တစ်ယောက်ကိုတစ်ယောက် လိုအပ်တဲ့ အကူအညီတွေ ပေးစွမ်းကြခဲ့ပါတယ်..။ အင်္ဂလိပ် ကစားသမားတွေကို ကျွန်တော်တို့ရဲ့ နည်းစနစ်တွေ၊ လေ့ကျင့်ပုံတွေ၊ ပွဲချဉ်းကပ်ပုံ၊ တွေးခေါ်ပုံတွေ သင်ကြားပေးခဲ့ကြသလို သူတို့ဆီက အင်္ဂလိပ် ဘာသာစကားနဲ့ ဓလေ့ထုံးစံတွေ သင်ယူခဲ့ရတာပေါ့..။
အယ်လီ မက်ခ်ကွိုက်စ် - ခင်ဗျားပြောတဲ့အချက်က အရေးကြီးတယ်ဗျ..။ ကျွန်တော်တို့ ရိန်းဂျားစ်အသင်း ခေတ်ကောင်းတုန်းက အင်္ဂလန်အသင်းရဲ့ ထိပ်တန်းကစားသမားကြီးတွေဖြစ်တဲ့ တယ်ရီ ဘွတ်ချာ၊ ခရစ်စ် ဝုဒ်၊ ပေါလ် ဂတ်စ်ကွိုင်း တို့အပြင် အီတလီအသင်းက ဂတ်ဆို၊ အမိုရူဆို တို့တွေ ရောက်လာခဲ့ပါတယ်..။ အဲဒီလိုမတူညီတဲ့ ကစားဟန်၊ ယဉ်ကျေးမှုတွေ ပေါင်းစုံခဲ့ကြပေမယ့် ကျွန်တော်တို့ရဲ့ အဝတ်လဲခန်းထဲက စုစည်းမှု အရမ်းကိုကောင်းမွန်ခဲ့ကြတာပဲ..။
ဂီယန်ဖရန်ကို ဇိုလာ - အရေးကြီးတဲ့အချက်က တစ်ယောက်ကိုတစ်ယောက် ဝေမျှပေးစရာတွေရှိတယ်..၊ တစ်ယောက်နဲ့တစ်ယောက်ဆီမှာ သင်ယူစရာတွေရှိတယ်.. ဆိုတာ နားလည်နေဖို့ပဲဗျ..။ တစ်ဦးကိုတစ်ဦး ဖေးမရင်းနဲ့ စုစည်းမှု၊ ကျစ်လျစ်သိပ်သည်းမှု ပြည့်ဝတဲ့ အသင်းတစ်သင်း ဖြစ်တည်လာပါတယ်..။ အဲဒီကနေတဆင့် အောင်မြင်မှုတွေ ရရှိနိုင်အောင် တည်ဆောက်နိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းကို ရောက်လာတဲ့အချိန်တုန်းက ကျွန်တော့်ဆီမှာ လေ့ကျင့်ကွင်းမသွားခင် တစ်နာရီကြိုတင်ပြီး Gym သွားတယ်..၊ လေ့ကျင့်ခန်းအတွက် ပြင်ဆင်မှုတွေ အရင်ပြုလုပ်ပါတယ်..။
သူတို့အင်္ဂလိပ် ကစားသမားတွေဆီမှာ အဲဒီအလေ့အထမရှိခဲ့ပါဘူး..။ တစ်ရက်မှာ ဂျွန် တယ်ရီ က ‘ခင်ဗျားဘာဖြစ်လို့ လေ့ကျင့်ခန်းအတွက် ကြိုတင်ပြင်ဆင်ရတာလဲ..?’ လို့ လာမေးပါတယ်..။ အသင်းခေါင်းဆောင် ဒင်းနစ် ဝိုက်စ် ကိုယ်တိုင်တောင်မှ ကျွန်တော်ဘာတွေ လုပ်နေတာလဲ..? လို့ စူးစမ်းခဲ့တာတွေ ရှိခဲ့ပါတယ်..။ သိပ်မကြာပါဘူး.. သူတို့တွေလည်း ကျွန်တော့်လုပ်တဲ့အတိုင်း Gym ကို အရင်ကြိုတင်သွားပြီး လေ့ကျင့်ခန်းအတွက် ပြင်ဆင်တာတွေ ပြုလုပ်လာကြပါတယ်..။

အယ်လီ မက်ခ်ကွိုက်စ် - အခုနောက်ဆုံးမေးချင်တာက ချယ်လ်ဆီးအသင်းဟာ အခုအချိန်မှာ ကျေနပ်ဖို့ကောင်းလောက်တဲ့ စွမ်းဆောင်ရည် ပြသနေပါတယ်..။ လက်ရှိအသင်းကို ခင်ဗျားအနေနဲ့ ဘယ်လိုမြင်မိလဲ..? သူတို့တွေရဲ့ အခုဘောလုံးရာသီ စွမ်းဆောင်ရည်အပေါ် အံ့အားသင့်မိသေးလား..? အထူးသဖြင့် နွေရာသီတုန်းက ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာဟာ အရမ်းကိုပြောင်မြောက်လှတဲ့ စွမ်းဆောင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူတို့တွေဟာ မျှော်မှန်းထားတာထက် ပိုပြီးကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနေတယ်လို့ ပြောနိုင်မလား..?
ဂီယန်ဖရန်ကို ဇိုလာ - လက်ရှိအချိန်မှာသူတို့ဟာ နည်းပြကောင်းတစ်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ တောင့်တင်းတဲ့ အသင်းကောင်းတစ်သင်း ဖြစ်နေပါတယ်..။ စုစည်းမှုကောင်းမွန်ပြီး ပင်ကိုယ်အရည်အသွေး အရမ်းကောင်းမွန်တဲ့ လူငယ်ကစားသမားလေးတွေနဲ့ ဖွဲ့စည်းထားပါတယ်..။ နေရာစုံမှာ အရည်အသွေးမြင့် လူငယ် ကစားလေးတွေနဲ့ အင်ပြည့်အားပြည့် ရှိနေတာဟာ အားသာချက်ပေါ့ဗျာ..။ လက်ရှိဥရောပ ဘောလုံးလောကမှာပါ ပျမ်းမျှအသက်အငယ်ဆုံး အသင်းတစ်သင်း ဖြစ်နိုင်တဲ့အပြင် လူငယ်အသင်းပီပီ လုပ်အားနှုန်း၊ ကစားအား အထူးကောင်းမွန်ပါတယ်..။
ဒါပေမယ့် အသင်းမှာ အတွေ့အကြုံ အားနည်းနေသေးတယ်လို့ မြင်မိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကစားသမားအချင်းချင်း ဦးဆောင်မှု၊ လမ်းညွှန်မှုတွေ ပေးနိုင်ဖို့ လိုသေးတာကိုးဗျ..။ ဒါပေမယ့် အသင်းရဲ့သွားနေတဲ့ပုံစံ..၊ အသင်းပိုင်ရှင် ချမှတ်ထားတဲ့ လမ်းကြောင်းဟာ အလုပ်ဖြစ်နေတယ်လို့ ယူဆရပါတယ်..။ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ စွမ်းဆောင်ရည်ကတော့ သိပ်ကိုကောင်းမွန်တာပေါ့ဗျာ..။ အခုဆိုရင် အသင်းရဲ့အကောင်းဆုံး ကစားသမားဖြစ်တဲ့ ကိုးလ် ပါးမား မပါဝင်ပဲနဲ့ ကျေနပ်ဖို့ကောင်းလောက်တဲ့ ရလဒ်တွေ စွမ်းဆောင်ပြနေခဲ့ပါတယ်..။
သူတို့အသင်း ဘယ်လောက်အထိ အောင်မြင်မှု ရရှိနိုင်မလဲ..? အဲဒါတော့ ကျွန်တော်မခန့်မှန်းတတ်ဘူး..။ အသင်းမှာရှိနေတဲ့ လူငယ်ကစားသမားလေးတွေရဲ့ ပင်ကိုယ်ပါရမီ ခြေစွမ်းနဲ့ အနာဂတ်အလားအလာတွေက သိပ်ကိုကောင်းပါတယ်..။ ဘောလုံးလောကဆိုတာ ခင်ဗျားလည်းသိတဲ့အတိုင်း အတက်အကျ သိပ်ကိုများပါတယ်..။ ဒါပေမယ့်အင်ဇို မာရက်စ်ကာ ဟာ အသင်းကို အကောင်းဆုံး ထိန်းကျောင်းပေးနေနိုင်တယ်လို့ မြင်မိတာပဲ..။

အယ်လီ မက်ခ်ကွိုက်စ် - ‘ကိုးလ် ပါးမား’ ဆိုပြီး ခင်ဗျားက အစဖော်လာလို့ပါ..။ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေတင် မဟုတ်ပဲ အခုလက်ရှိ ဘောလုံးလောကမှာ ခင်ဗျားနှစ်ခြိုက်၊ သဘောကျတဲ့ ကစားသမားတွေရှိခဲ့ရင် ပြောပြပေးပါလား..?
ဂီယန်ဖရန်ကို ဇိုလာ - ကိုးလ် ပါးမား ကို ကျွန်တော်သဘောကျပါတယ်..။ သူ့ရဲ့ငယ်ဘဝအကြောင်းတွေ လေ့လာကြည့်တဲ့အခါ သူဟာလမ်းပေါ်မှာ ကစားရင်းနဲ့ တဖြည်းဖြည်းတိုးတက်လာခဲ့တာ တွေ့မိပါတယ်..။ သူ့ရဲ့အဖေ၊ သူငယ်ချင်းတွေနဲ့ ပန်းခြံထဲမှာ အမြဲတမ်းဘောလုံး ကစားလေ့ရှိတဲ့အကြောင်း သူပြောပြခဲ့ပါတယ်..။ သူ့ရဲ့ကစားဟန်ကို ကြည့်မယ်ဆိုရင် ပါးနပ်မှုရှိတယ်..၊ နည်းစနစ်ပိုင်းနဲ့ ကစားကွက်အမြင် ထူးချွန်တယ်ဆိုတာ တွေ့နိုင်ပါတယ်..။ အထူးသဖြင့် ငယ်စဉ်ကတည်းက ကိုယ့်ထက်အသက်ကြီးတဲ့သူတွေနဲ့ ကစားလာရတဲ့ သူတွေရဲ့ ထုံးစံအတိုင်း ကိုယ့်ထက်ခန္ဓာကိုယ် ကြီးမား၊ တောင့်တင်းတဲ့သူတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ သူများတွေထက် ဘောလုံးကျွမ်းကျင်မှု၊ ကစားကွက်အမြင် ပိုပြီးကောင်းမွန်ဖို့.. ခေါင်းတစ်လုံးသာနေဖို့ လိုအပ်တဲ့ သဘောမျိုးပေါ့ဗျာ..။ ဒါ့ကြောင့်ကျွန်တော်က သူ့ရဲ့ကစားဟန်ကို နှစ်ခြိုက်တာပါ..။
နောက်ထပ်တစ်ယောက်က ‘အက်စ်တီဗာအို ဝီလီယံ’ ဖြစ်ပါတယ်..။ အရင်တုန်းက သူ့ကိုမသိဘူးဗျ…။ သူဟာ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တကယ့်ကို လှပတဲ့ သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်..။ သူဟာရဲရဲရင့်ရင့် ကစားတတ်တယ်..၊ တာဝန်ယူရမှာ မကြောက်ဘူး..၊ အမှားအယွင်းတွေ ပြုလုပ်မိမှာလည်း မစိုးရွံ့ဘူးဗျ..။ အခုခေတ် ဘောလုံးလောကမှာ သူတို့လို ကစားသမားတွေ ပေါ်ထွက်လာဖို့ အထူးလိုအပ်နေပါတယ်..။
အခုခေတ်မှာ နည်းပြတွေဟာ ကစားသမားတွေကို ဘောလုံးရတာနဲ့ ချက်ချင်းပေး.. ဖို့ပဲ တွန်းအားပေး၊ တိုက်တွန်းနေကြတာဗျ..။ ဘယ်ဘက်ပေး၊ ညာဘက်ပေး.. ဒါတွေပဲ များနေပါတယ်..။ တခါတလေကျရင် ကစားသမားတွေဟာ ရဲရဲရင့်ရင့် ကစားရဲရမယ်..၊ စွန့်စားမှုတွေ ယူရဲရပါမယ်..။ ဘောလုံးဆုံးရှုံးနိုင်တာ သိပေမယ့် ပွဲတစ်ပွဲရဲ့ အဆုံးအဖြတ် အခိုက်အတန့်တွေ ဖန်တီးနိုင်ဖို့ စွန့်စားမှုတွေ ပြုလုပ်ရဲရပါမယ်..။ ပရိသတ်တွေဟာ ဘောလုံးပွဲတွေကို လာကြည့်တာဟာ အဲဒီလိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ အခိုက်အတန့်တွေ မြင်တွေ့ချင်လို့ မဟုတ်လားဗျ..။ ကျွန်တော်ကတော့ ကစားသမားတွေဟာ ရဲရဲရင့်ရင့်နဲ့ ခက်ခဲတဲ့အရာတွေကို စွမ်းဆောင်ရဲတဲ့ သတ္တိရှိတာကို သဘောကျပါတယ်..။