အီတလီနည်းပြအင်ဇို မာရက်စ်ကာ ဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့မှာပဲ ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲပြီး သူ့ရဲ့ (၁၈) လတာ နည်းပြသက်တမ်းကို အဆုံးသတ်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဘက်ကတော့ အင်ဇို မာရက်စ်ကာ ဟာ စိတ်ဓါတ်ပိုင်း ရင့်ကျက်မှု အားနည်းသလို အသင်းမှဆေးအဖွဲ့ဝင်တွေနဲ့ သဘောထား မတူညီမှုတွေ အများအပြား ရှိခဲ့ပါတယ်..။ ဒါ့အပြင်ချယ်လ်ဆီးအသင်းနည်းပြအဖြစ် တာဝန်ယူနေစဉ်မှာပင် ဂျူဗင်တပ်စ်၊ မန်ချက်စတာ စီးတီးအသင်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့.. Sky Sports သတင်းဌာနကို အသိပေးခဲ့ပါတယ်..။
စထရာ့ဘာ့ဂ် အသင်းနည်းပြအဖြစ် တာဝန်ယူနေတဲ့ လီယန် ရိုဆီနာ ဟာ အင်ဇို မာရက်စ်ကာ ရဲ့ နေရာကို အစားထိုးမယ့်သူအဖြစ် တစ်ပြေးနေပြီး တနင်္ဂနွေနေ့မှာ မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲကိုတော့ လူငယ်အကယ်ဒမီက အရန်အသင်းနည်းပြ ကာလန် မက်ခ်ဖာလိန်း က ယာယီနည်းပြအဖြစ်နဲ့ တာဝန်ယူသွားဖို့ ရှိနေပါတယ်..။
ချယ်လ်ဆီးအသင်းဟာ အင်ဇို မာရက်စ်ကာ နဲ့ လမ်းခွဲခဲ့ပြီ ဖြစ်တဲ့အကြောင်း တရားဝင်အသိပေးပြီး မကြာခင်မှာပဲ အီတလီနည်းပြကြီးနဲ့ လမ်းခွဲခဲ့ရတဲ့အကြောင်းရင်းတွေကို Sky Sports သတင်းဌာနကို ရှင်းပြခဲ့ပါတယ်..။
⚽️ အင်ဇို မာရက်စ်ကာ ဟာ စိတ်ပိုင်းဆိုင်ရာ ဒူပေဒဏ်ပေ ခံနိုင်မှု (mental fortitude) နဲ့ ရင့်ကျက်မှု (mental maturity) အားနည်းပါတယ်..။
⚽️ အသင်းဆေးအဖွဲ့ရဲ့ အကြံပြုချက်တွေကို အကြိမ်ပေါင်းများစွာ ဆန့်ကျင်ခဲ့ပြီး အဲဗာတန်အသင်းနဲ့ ပွဲအပြီး ပြောကြားခဲ့တဲ့ ‘အဆိုးရွားဆုံး (၄၈) နာရီ’ ဆိုတဲ့ မှတ်ချက်ဟာ ဆေးအဖွဲ့ရဲ့ အကြံပြုချက်တွေကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်..။
⚽️ အောက်တိုဘာလမှစတင်ပြီး ဂျူဗင်တပ်စ်၊ မန်ချက်စတာ စီးတီးအသင်းတွေနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်..။ အဆိုပါအသင်းတွေနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းကို ချယ်လ်ဆီးအသင်းကို အသိပေးခဲ့ပေမယ့် အခုလိုအချိန်မှာ အခြားအသင်းတွေနဲ့ ဆွေးနွေးတာဟာ ချယ်လ်ဆီးအသင်းအပေါ် လေးစားမှုမရှိတာပဲလို့ ယူဆခဲ့ပါတယ်..။

‘အဆိုးရွားဆုံး (၄၈) နာရီ’.. ဆိုတဲ့ မာရက်စ်ကာ ရဲ့ ပြောကြားချက်..
အင်ဇို မာရက်စ်ကာ ဟာ ဒီဇင်ဘာလ (၁၃) ရက်နေ့မှာ အဲဗာတန်အသင်းကို ၂ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံခန်းမှာ ‘အသင်းကိုရောက်ပြီး အဆိုးရွားဆုံး (၄၈) နာရီကာလကို ဖြတ်သန်းခဲ့ရတယ်..၊ လူအတော်များများက သူ့ကိုမကူညီကြဘူး..’ လို့ ပြောခဲ့ပါတယ်..။ သူရဲ့ပြောကြားချက်ဟာ ဘယ်သူတွေကို ဦးတည်ပါတယ်.. လို့ ရှင်းပြနိုင်ဖို့ အခွင့်အရေးတွေ အကြိမ်ကြိမ်ရခဲ့ပေမယ့် နည်းပြကြီးက ဖြေရှင်းဖို့ ငြင်းဆန်ခဲ့ပါတယ်..။
ဒါပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ဦးတည်ချက်ဟာ ဘယ်သူတွေဖြစ်တယ်.. ဆိုတာ ရှင်းလင်းသွားပါပြီ..။ အီတလီနည်းပြကြီးဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ကာလအတွင်း ကစားသမားတွေရဲ့ ကြံ့ခိုင်ရေး အခြေအနေ၊ ကစားသမားတွေကို ပွဲကစားခွင်းပေးမယ့် အနေအထားတွေနဲ့ ပတ်သက်ပြီး အသင်းရဲ့ဆေးအဖွဲ့နဲ့ အကြိမ်ကြိမ်အခါခါ သဘေားထား ကွဲလွဲခဲ့ကြပါတယ်..။ အဲဒီထဲမှာ ပေါင်ကြွက်သားဒဏ်ရာ အကြိမ်ကြိမ်ရခဲ့ဖူးတဲ့ အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် ကို ပွဲကစားခွင့် ပြန်လည်ပေးတဲ့ အစီအမံလည်း ပါဝင်ခဲ့တယ်.. လို့ သိရပါတယ်..။
နည်းပြနဲ့ ဆေးအဖွဲ့ကြားက သဘောထား ကွဲလွဲချက်များ..
အင်ဇို မာရက်စ်ကာ ဟာ အသင်းက ဆေးအဖွဲ့ရဲ့ အကြံပြုချက်တွေကို အကြိမ်ပေါင်းများစွာ ဆန့်ကျင်ခဲ့တယ်.. လို့ ချယ်လ်ဆီးအသင်းက သိထားခဲ့ပါတယ်..။ သူဟာဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ ကစားသမားတွေကို အကြံပြုထားတဲ့ ကစားခွင့်မိနစ် အရေအတွက်ထက် ပိုပြီးခွင့်ပြုလေ့ရှိပါတယ်..။ အဲဒါကြောင့်လည်း ဒဏ်ရာဟောင်းတွေ အရှင်းမပျောက်ပဲ ကစားသမားတွေဟာ ဒဏ်ရာတွေ ထပ်တလဲလဲ ရရှိခဲ့ကြပါတယ်..။ အဲဒီကစားသမားတွေထဲမှာ ရိစ် ဂျိမ်းစ် နဲ့ ကိုးလ် ပါးမား တို့လည်း ပါဝင်တယ်လို့ Sky Sports သတင်းဌာနကို အသိပေးခဲ့ပါတယ်..။

အီတလီနည်းပြကြီးဟာ ဆေးအဖွဲ့ရဲ့ ဒဏ်ရာအခြေအနေအပေါ် အသေးစိတ် အကြံပြုချက်တွေနဲ့ အသင်းရဲ့ စွမ်းဆောင်ရည် ထိန်းညှိမှုဌာန (performance department) ကနေ ပေးပို့တဲ့ ကစားသမားတွေရဲ့ လုပ်အားခံနိုင်ရည် (workload) အပေါ် သုံးသပ်ချက်တွေကို တစ်ဖက်သတ် သဘောမတူခဲ့တာဖြစ်ပြီး နည်းပြကြီးရဲ့ နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်းဆိုင်ရာ စီမံချက်တွေကို အသင်းဘက်က တစ်ဦးတစ်ယောက်ကမှ ဝင်ရောက်စွက်ဖက်၊ ချယ်လှယ်ခဲ့ခြင်းမရှိဘူး.. လို့ ချယ်လ်ဆီးအသင်းက ယုံကြည်ထားခဲ့ပါတယ်..။
ဒါ့အပြင် ပက်ပ် ဂွာဒီယိုလာ အသင်းကနေ ထွက်ခွာဖြစ်ပါက မန်ချက်စတာ စီးတီးအသင်း နည်းပြရာထူးကို ဆက်ခံနိုင်ခွင့် အလားအလာအတွက် မန်ချက်စတာ စီးတီးအသင်းနဲ့ ဆွေးနွေးခဲ့မှုတွေ၊ သူ့ရဲ့အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးခဲ့မှုတွေဟာ လက်ရှိအသင်းအပေါ် လေးစားမှုမရှိခြင်းဖြစ်တယ်လို့ မှတ်ယူခဲ့ပါတယ်..။
အင်ဇို မာရက်စ်ကာ နဲ့ သူ့ရဲ့အေးဂျင့်ဟာ အဲဒီအသင်းတွေနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း အသိပေးခဲ့သလို ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိကြောင်း ပြောကြားခဲ့ပါတယ်..။ တဆက်တည်းမှာပဲ အသင်းနဲ့စာချုပ်သက်တမ်းသစ် ချုပ်ဆိုဖို့ ဆွေးနွေးချင်တဲ့အကြောင်း အသိပေး၊ ကမ်းလှမ်းခဲ့ပါတယ်..။ သူဟာချယ်လ်ဆီးအသင်းနဲ့ ၂၀၃၀ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး ၂၀၂၄ ခုနှစ်၊ နွေရာသီတုန်းက သဘောတူစာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်..။ လက်ရှိအချိန်မှာ တခြားအသင်းတွေနဲ့ ဆွေးနွေးတာတွေ မပြုလုပ်ဖို့.. ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်ဇို မာရက်စ်ကာ နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ချယ်လ်ဆီးအသင်းက ဆန္ဒမရှိခဲ့ပါဘူး..။
အင်ဇို မာရက်စ်ကာ ဟာ ချယ်လ်ဆီးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းက ပွဲစဉ်အတွင်း ကိုးလ် ပါးမား ကို လူစားလဲချိန်နဲ့ ပွဲအပြီးတွေမှာ ချယ်လ်ဆီးပရိသတ်တွေရဲ့ booo.. လုပ် ရှုံ့ချမှုတွေနဲ့ ဝေဖန်မှုတွေ ပြင်းပြင်းထန်ခံယူခဲ့ရပါတယ်..။ အဲဒီပွဲအပြီးမှာ သူဟာ နေမကောင်းတာကို အကြောင်းပြပြီး ပွဲအပြီးသတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခြင်းမရှိပါဘူး..။
လက်ထောက်နည်းပြ ဝီလီ ကာဘာလာယို ကတော့ နည်းပြမာရက်စ်ကာ ဟာ နေမကောင်း ဖြစ်နေခဲ့တာကြောင့် သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းတွေ ဖြေကြားဖို့ ငြင်းဆိုခဲ့တာ.. ဖြစ်တဲ့အကြောင်း အသိပေးခဲ့ပေမယ့် မာရက်စ်ကာ ဟာ အမှန်တကယ် နေမကောင်းတာ မဟုတ်တဲ့အကြောင်း Sky Sports သတင်းဌာနက သိရှိထားခဲ့ပါတယ်..။

စထရာ့ဘာ့ဂ်အသင်းနည်းပြ လီယန် ရိုဆီနာ ဟာ အင်ဇို မာရက်စ်ကာ ရဲ့ချယ်လ်ဆီးအသင်း နည်းပြနေရာကို အစားထိုးဖို့ ရေပန်းစားနေပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အိုလီဗာ ဂလက်စ်နာ (ခရစ္စတယ် ပဲလေ့စ်)၊ ဆက်စ် ဖာဘရီဂတ်စ် (ကိုမို)၊ အင်ဒိုနီ အီရာယိုလား (ဘုန်းမောက်) နဲ့ ရော်ဘတ်တို ဒီ ဇာဘီ (မာဆေးလ်) တို့ကို ခေါ်ယူဖို့ စဉ်းစားထားတာ မရှိသေးဘူး.. လို့ သိရပါတယ်..။
အင်ဇို မာရက်စ်ကာ ရဲ့ နေရာကို အစားထိုးမယ့် နည်းပြသစ်ဟာ ဒုတိယရာသီဝက်မှာ ပြိုင်ပွဲလေးပွဲမှာ တိုက်ပွဲဝင်ရမှာပါ..။ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ အမှတ်ပေးဇယားမှာ အဆင့် (၅) နေရာ ရောက်ရှိနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးထွက်အဆင့် တက်ရောက်နိုင်ဖို့ အလားအလာ ကောင်းနေပါတယ်..။ ဒါ့အပြင် ချန်ပီယံရှစ်ပြိုင်ပွဲဝင် ချာလ်တန်အသင်းနဲ့ FA ဖလားပြိုင်ပွဲ၊ တတိယအဆင့်ပွဲစဉ်နဲ့ Carabao ဖလား၊ အကြိုဗိုလ်လုပွဲအဖြစ် အာဆင်နယ်အသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်..။