feature-image

‘နိုင်ပွဲတွေ ရယူပေးဖို့ ရောက်ရှိလာတာပါ..’ ဆိုတဲ့ လီယန် ရိုဆီနာ နှင့် တွေ့ဆုံခြင်း

အသက် (၄၁) နှစ်အရွယ်ရှိ အင်္ဂလိပ်လူငယ်နည်းပြ လီယန် ရိုဆီနာ မှာ အင်ဇို မာရက်စ်ကာ ၏ နေရာကို အစားထိုးဆက်ခံရန်အတွက် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည်..။ ချယ်လ်ဆီးအသင်း၏ မိတ်ဖက်အသင်းဖြစ်သော ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် စထရာ့ဘာ့ဂ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာချိန် သူ၏မျှော်မှန်းချက်များ၊ ကစားသမားများနှင့် နီးစပ်သည့် ဆက်ဆံရေးများ၏ အရေးပါပုံနှင့် ချယ်လ်ဆီးအသင်း၏ အစဉ်အလာနှင့် သမိုင်းကြောင်းတန်ဖိုးတို့ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အရေးကြီးပုံများကို ချယ်လ်ဆီးအသင်း Official Website နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်း၌ အောက်ပါအတိုင်း ပြောပြခဲ့ပါသည်..။ 

လီယန် ရေ.. ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းကနေ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်..။ အခုလို ချယ်လ်ဆီးအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူခွင့်ရလိုက်တဲ့အပေါ် ခင်ဗျားရဲ့ရင်ထဲက ခံစားချက်တွေကို ပြောပြပေးပါလား..?

အထူးကိုဝမ်းမြောက် ဂုဏ်ယူမိပါတယ်..။ နောက်ပြီးစိတ်လှုပ်ရှားရတာပေါ့ဗျာ..။ အသင်းနဲ့အတူ စတင်မယ့်အချိန်ကို မစောင့်နိုင်အောင်ပါပဲ..။ အခုလိုအနေအထား ရောက်ရှိလာဖို့ ဘဝတလျှောက်လုံး ကြိုးစားလာခဲ့ရတာပါ..။ ဒါပေမယ့် အသင်းတသင်းကို ရောက်ရှိလာတယ်.. ဆိုတာ ပထမတဆင့်ပဲ ရှိပါသေးတယ်..။ ဒီအသင်းမှာ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ အောင်မြင်မှုတွေ ရရှိချင်ပါသေးတယ်..။ ကျွန်တော့်ရဲ့အဓိက ရည်မှန်းချက်က အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ ဖြစ်ပါတယ်..။

ချယ်လ်ဆီးအသင်းရဲ့ နည်းပြအဖြစ် ဆက်ခံခွင့်ရဖို့ ကျွန်တော့်ကို စိတ်ဝင်စားတယ်.. ဆိုတဲ့သတင်း ကြားလိုက်ရတဲ့အချိန်ဟာ သိပ်ကိုဂုဏ်ယူစရာကောင်းတဲ့နေ့ရက် ဖြစ်လာခဲ့ပါတယ်..။ အခုဆိုရင် ကျွန်တော်ဟာ နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေနဲ့လည်း တွေ့ဆုံခဲ့ပြီးပါပြီ..။ ခင်ဗျားတို့နဲ့အတူ ရှိနေခွင့်ရတဲ့ ဒီလိုနေ့ရက်ကို ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ မိသားစုဝင်တွေ ဘယ်တော့မှ မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး..။



ခင်ဗျားဟာ ဘောလုံးမိသားစုကနေ ဆင်းသက်၊ ပေါက်ဖွားလာခဲ့သူ တစ်ယောက် ဖြစ်ပါတယ်..။ ဒါ့ကြောင့်ခင်ဗျားရဲ့ မိဘတွေ၊ မောင်နှမသားချင်းတွေလည်း ဝမ်းသာ၊ ဂုဏ်ယူနေကြမှာပဲ…

မှန်ပါတယ်..။ ကျွန်တော်ဟာ ဂုဏ်ယူဖို့ကောင်းတဲ့ ဘောလုံးမိသားစုဝင် တယောက် ဖြစ်ပါတယ်..။ ဒါ့ကြောင့်လန်ဒန်မြို့မှာ ဒီအသင်းရဲ့ ဂုဏ်ကျက်သရေ၊ အစဉ်အလားနဲ့ တန်ဖိုးထားခံရမှုကို ကောင်းကောင်း နားလည်ပါတယ်..။ ဒါ့အပြင် ဒီအသင်းဟာ ကမ္ဘာတဝန်းမှာ လန်ဒန်မြို့အတွက် ဘယ်လိုကိုယ်စားပြုနေတယ်..၊ ဒီအသင်းမှာ ဆွတ်ခူးခဲ့တဲ့ ဆုဖလားတွေနဲ့အတူ ဂုဏ်ကျက်သရေ ထွန်းပြောင်ခဲ့တဲ့ ထိပ်တန်းမန်နေဂျာကြီးတွေရဲ့ နေရာကို ဆက်ခံ၊ ရပ်တည်ခွင့်ရခဲ့တာကို အထူးကျေနပ်၊ ပီတိဖြစ်လို့ မဆုံးနိုင်ပါဘူး..။ ဒီအသင်းမှာ ကစားခဲ့ကြတဲ့ ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမားကြီးတွေလည်း ပါဝင်တာပေါ့ဗျာ..။

ချယ်လ်ဆီးအသင်းဟာ ဆုဖလားတွေကို ဆွတ်ခူးလေ့ရှိတဲ့ အစဉ်အလာနဲ့ သမိုင်းကြောင်းကောင်းတဲ့အသင်း ဖြစ်ပါတယ်..။ အဲဒီသမိုင်းအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းသွားချင်ပါတယ်..။ အသင်းနဲ့ စတင်မယ့်အချိန်ကို မစောင့်နိုင်အောင် စိတ်စောနေမိပါတယ်..။

ခင်ဗျားကိုယ်တိုင်ကလည်း လန်ဒန်မြို့သားတယောက် ဖြစ်နေပါတယ်..။ ဒါ့ကြောင့်အခုလို လန်ဒန်မြိုခံ့အသင်းကို ကိုင်တွယ်ခွင့်ရခဲ့တာဟာ ပိုပြီးဂုဏ်ယူဖို့ကောင်းတာပေါ့..။ ဟုတ်တယ်မလား..?

ကျွန်တော်တို့ရဲ့ ဇာတိမြို့တော်ကြီးမှာ ဒီအသင်းကို ဘယ်လောက်တောင် တန်ဖိုးထားကြတယ်.. ဆိုတာ ကောင်းကောင်းသိပါတယ်..။ ဒါ့ကြောင့်စတန်းဖို့ဒ် ဘရစ်ချ်ကွင်းရဲ့ မြက်ခင်းစိမ်းပေါ် ခြေချခွင့်ရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။ ကျွန်တော်တယောက်တည်း မဟုတ်ပါဘူး..။ ကျွန်တော့်ရဲ့ မိသားစုဝင်တွေ၊ ကလေးတွေ..၊ ကျွန်တော့်ရဲ့သားလေးဖြစ်တဲ့ AJ အပါအဝင် တခြားဆွေမျိုးမိတ်သင်္ဂဟတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေအားလုံး ကျွန်တော်နဲ့အတွက် ဝမ်းသာ၊ ဂုဏ်ယူနေကြပါတယ်..။ သူတို့တွေ ဆက်လက် ပျော်ရွှင်ခွင့်ရအောင် လုပ်ဆောင်ပေးနိုင်ဖို့ တခုတည်းသောနည်းလမ်းက ‘နိုင်ပွဲရလဒ်တွေ’ ပဲ ဖြစ်ပါတယ်..။

ဒီနေရာမှာ ကျွန်တော်ဘာကြောင့်ရှိနေရလဲ..? ကောင်းကောင်းသိထားပါတယ်..။ ဒါ့အပြင်ကျွန်တော်နဲ့အတူ လက်တွဲရမယ့် ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေရဲ့ အရည်အသွေးတွေကြောင့် အနိုင်ပွဲတွေရရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်မယ်ဆိုတာ အပြည့်အဝ ယုံကြည်ထားပါတယ်..။



ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေနဲ့ တွေ့ပြီးပြီမလား..။ သူတို့တွေအပေါ် ခင်ဗျားရဲ့အမြင် ပြောပြပေးပါဦးလား..

ကိုယ့်ရဲ့ဇာတိမြေက အိမ်လေးကို ပြန်လာရသလိုပါပဲ..။ ပထမဆုံးနေ့ဆိုတော့ ရူးသွပ်နေသလို ခံစားရပါတယ်..။ ယာယီနည်းပြ ကာလန် မက်ခ်ဖာလိန်း ဟာ လက်ထောက်နည်းပြ ဟယ်ရီ ဟတ်ဒ်ဆန် နဲ့အတူ အသင်းကိုအကောင်းဆုံး ထိန်းကျောင်းနေပါတယ်..။ အသင်းသားတွေကြားမှာ ကောင်းမွန်တဲ့ ခွန်အားတွေ ရှိနေတယ်လို့ ခံစားမိနေပါတယ်..။

သူတို့တွေဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ အဝေးကွင်းပွဲမှာ သိပ်ကိုကောင်းမွန်ခဲ့တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ်..။ အသင်းတသင်းအနေနဲ့ ကျွန်တော်လိုချင်တဲ့ အမြန်နှုန်း၊ ခွန်အားစိုက်ထုတ်မှုတွေ၊ စုစည်းညီညွတ်မှု၊ အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှု၊ တဦးချင်းစီရဲ့ အရည်အသွေးကောင်းတွေကို တွေ့မြင်ခဲ့ရပါတယ်..။ ဒါ့ကြောင့်အရမ်း.. အရမ်းကို ကျေနပ်မိသလို အသင်းသားတွေကြားမှာလည်း ကောင်းမွန်တဲ့ ခံစားချက်တွေ ပျံ့နှံ့နေတယ်လို့ ခံစားမိနေပါတယ်..။ ကျွန်တော်ဟာ ပိုပြီးကောင်းမွန်တဲ့ အနေအထားတခု ရောက်ရှိလာအောင် ဆောင်ယူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်..။

နည်းပြတယောက်အနေနဲ့ ခင်ဗျားရဲ့ပုံစံ၊ ခံယူချက်တွေကို ရှင်းပြပေးပါလား..

ကျွန်တော်ဟာ တောင်းဆိုမှု များပြားပါတယ်..။ ဒါ့အပြင်အားလုံးကို ရိုးရိုးသားသား ပြောဆို၊ ဆက်ဆံလေ့ရှိပါတယ်..။ ဂရုစိုက်မှု… ကိုယ့်အသင်းသားတွေအပေါ် အမြဲတမ်းဂရုစိုက်တယ်..၊ ကိုယ့်ရဲ့နည်းပြအဖွဲ့တွေ၊ ဝန်ထမ်းတွေနဲ့ ကိုယ့်ရဲ့အသင်းအပေါ် အမြဲတမ်း ဂရုစိုက်လေ့ ရှိပါတယ်..။ အသေးစိတ် စီမံ၊ ခန့်ခွဲလေ့ ရှိတဲ့အပြင် ကျွန်တော်လိုချင်တဲ့ ကစားဟန်၊ ပွဲအစီအမံတွေဟာ ရှင်းရှင်းလင်းလင်း ရှိပါတယ်..။

အခုဆိုရင် ကျွန်တော်ဟာ အောင်ပွဲတွေကို ဆောင်ယူပေးနိုင်မယ့် နည်းပြတယောက်အဖြစ် သတ်မှတ်ခံနိုင်ရမယ့် နေရာတခုကို ရောက်နေပါပြီ..။ ဒီလိုအသိအမှတ်ပြုခံရဖို့ ကျွန်တော်တယောက်တည်းတင်မကပဲ ချယ်လ်ဆီးအသင်း၊ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ ဝန်ထမ်းတွေအားလုံး မျှဝေစံစားရမှာပါ..။



သူတို့အားလုံး ကိုယ့်ရဲ့တာဝန်တွေကို ကျေကျေနပ်နပ်၊ ပျော်ပျော်ရွှင်ရွှင် ထမ်းဆောင်နေနိုင်တဲ့ ပတ်ဝန်းကျင်ကောင်း တခုဖြစ်လာအောင် ဖန်တီးပေးရမှာပါ..။ လူတွေဟာ ကိုယ့်ရဲ့အလုပ်ပေါ်မှာ ကျေနပ်နေရင် စွမ်းဆောင်ရည်ကောင်းတွေ ပေါ်ထွက်လာတာပါပဲ..။ ဘောလုံးပွဲတပွဲမှာ စွမ်းဆောင်ရည် ပိုပြီးကောင်းတဲ့အသင်းက အနိုင်ရလေ့ ရှိပါတယ်..။

ဒါ့ကြောင့်အောင်မြင်မှုတွေ ဆွတ်ခူးနိုင်တဲ့ အသင်းဖြစ်လာဖို့ ကျွန်တော်တယောက်တည်းရဲ့အားနဲ့ မရပါဘူး..။ အသင်းတသင်းအနေနဲ့ စုစည်း၊ ညီညွတ်မှု အပြည့်ရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့က ကျွန်တော့်ရဲ့ တာဝန်ဖြစ်ပါတယ်..။ ကျွန်တော့်ရဲ့ ကစားသမားတွေဟာ ခံယူချက်၊ စိတ်ဓါတ်တွေ ကောင်းမွန်နေပြီး ဒီအသင်းရဲ့ အပြာရောင်အင်္ကျီကို ဂုဏ်ယူစွာ ဆင်မြန်းထားတဲ့သူတွေ ဖြစ်ရပါမယ်..။ အဲဒီအချက်တွေ ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ရင် နိုင်ပွဲတွေ မလွဲမသွေ ရရှိပါလိမ့်မယ်..။ 

ယာယီနည်းပြ ကာလန် မက်ခ်ဖာလိန်း ဟာ ကစားသမားတွေရဲ့ အသင်းအပေါ် ချစ်မြတ်နိုးစိတ်နဲ့ ခံယူချက်၊ စိတ်ဓါတ်တွေ ကောင်းမွန်တဲ့အကြောင်း ချီးမွမ်းသွားခဲ့ပါသေးတယ်..။ နည်းပြတယောက်အနေနဲ့ အဲဒီအချက်တွေဟာ ဘယ်လောက်အထိ အရေးပါတယ်လို့ ခံယူထားသလဲဗျ..?

ခင်ဗျားပြောတဲ့အရာတွေဟာ အသင်းတင်းရဲ့ အဓိကအကျဆုံး အခြေခံအချက်တွေပေါ့ဗျာ..။ ကာလန် ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ မစတင်ခင် ကစားသမားတွေနဲ့ ခဏတဖြုတ် တွေ့ခဲ့ရပါသေးတယ်..။ အဲဒီအချိန်ကတည်းက သူတို့တွေရဲ့ ခံယူချက်၊ စိတ်ဓါတ်တွေ ကောင်းမွန်ပုံကို ခံစားမိနေခဲ့ပါတယ်..။ ဒါ့အပြင် ကစားသမားတွေအချင်းချင်း နားလည်မှု၊ ဆက်သွယ်မှု ကောင်းမွန်နေတာ တွေ့မိပါတယ်..။ ဒီအသင်းဟာ အသက်ငယ်ရွယ်လွန်းတယ်.. လို့ ဝေဖန်မှုတွေ ရှိနေပေမယ့် ‘ငယ်ရွယ်မှု’ ဟာ ခွန်အားတခု ဖြစ်လာနိုင်ပါတယ်..။

ကျွန်တော်ဟာ ပျမ်းမျှအသက် (၂၀.၈) နှစ်ပဲရှိတဲ့ အသင်းတသင်းမှာ ကစားခဲ့ဖူးပါတယ်..။ ဥရောပဘောလုံးလောက တခုလုံးမှာပါ ပျမ်းမျှအသက်အငယ်ဆုံးအသင်း ဖြစ်ခဲ့ပါတယ်..။ အခုအသင်းကတော့ ကျွန်တော်ကစားခဲ့ဖူးတဲ့အသင်းထက် ပိုပြီးအသက်ကြီးတယ်..၊ ပိုပြီးရင့်ကျက်မှု ရှိပါတယ်..။ ဒါပေမယ့် ‘ငယ်ရွယ်နုပျိုမှု’ ဟာ ခွန်အားဖြစ်ပါတယ်..။ အဲဒီခွန်အားကို အကျိုးရှိရှီ အသုံးပြုနိုင်ရပါမယ်..။ 

ငယ်ရွယ်မှုနဲ့အတူ ခွန်အားသုံးစွဲနိုင်မှု၊ ကြံ့ခိုင်မှုကောင်းမွန်မှုတွေ လိုက်ပါနိုင်ရပါမယ်..။ အဲဒီအရာတွေကို ပရိသတ်ကြီးက မျက်ဝါးထင်ထင် မြင်ခွင့်ရအောင် စွမ်းဆောင်ပြချင်ပါတယ်..။ ကျွန်တော့်ရဲ့အသင်းဟာ အရှိန်အဟုန်မြင့်၊ တွန်းတွန်းတိုက်တိုက် ကစားဟန်နဲ့အတူ တိုက်စစ်ကိုပဲ ဦးစားပေးတဲ့အသင်း ဖြစ်ချင်ပါတယ်..။



ပွဲအစ (၁၀) မိနစ်လောက်ကတည်းက ပရိသတ်တွေ လက်ခုပ်လက်ဝါးတီး အားပေးရတဲ့အသင်း၊ တိုက်စစ်လှိုင်းတွေ တလှိုင်းပြီးတလှိုင်း မနားတမ်း ထိုးစစ်ဆင်မယ့် အသင်းတသင်းအဖြစ် ခံစားခွင့်ပေးချင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ မိုက်ကယ် အက်ဆီယန်၊ ဖရန့် လမ်းပတ်၊ ဒီဒီယာ ဒရော့ဘာ၊ အာဂျင် ရော်ဘင်၊ ဂျိုး ကိုးလ် တို့နဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်..။ သူတို့တွေနဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ နေ့ရက်တွေဟာ အင်မတန်မှ ခက်ခဲတဲ့ နေ့ရက်တွေ၊ ပွဲစဉ်တွေ ဖြစ်ခဲ့ပါတယ်..။

စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ အဲဒီလိုခံစားချက်မျိုး ပြန်လည်ရရှိအောင် စွမ်းဆောင်ချင်ပါတယ်..။ ကျွန်တော်တို့ရဲ့အသင်းဟာ အကြောက်အရွံ့ကင်းကင်း၊ ရဲရဲရင့်ရင့်နဲ့ ခွန်အားရှိသမျှ အစွမ်းကုန် ပေးဆပ်ကစားတဲ့ အသင်းတသင်းအဖြစ် အားလုံးကရှုမြင်စေချင်ပါတယ်..။ အဲဒီအရာတွေကို ပြည့်စုံလာအောင် စွမ်းဆောင်နိုင်ခဲ့ရင် ကြည်နူးဖို့ကောင်းတဲ့အချိန်တွေ ရောက်ရှိလာမှာပါ..။

ခင်ဗျားဟာ ဒီအသင်းက ကစားသမားတချို့နဲ့ ရင်းနှီးပြီးသား ဖြစ်ပါတယ်..။ နည်းပြတယောက်အနေနဲ့ ကစားသမားတွေကို မြေတောင်မြှောက်ပေးရတဲ့ ခံစားချက်နဲ့ သူတို့မျှော်မှန်းထားတဲ့ အလားအလာတွေကို ပြည့်မှီသွားတဲ့အခါ ဘယ်လိုကျေနပ်ရလဲ.. ပြောပြနိုင်မလား..?

နည်းပြတယောက်ရဲ့ အနှစ်သာရ..၊ နည်းပြတယောက်ရဲ့ ပျော်ရွှင်မှုတွေဟာ အဲဒီအရာတွေပါပဲ..။ အနိုင်ရဖို့အတွက် အမြဲတမ်းတိုးတက်နေဖို့ လိုအပ်ပါတယ်..။ အသင်းရဲ့ တိုးတက်မှုတွေကို မြင်တွေ့ရဖို့ ကစားသမား တဦးတယောက်ချင်းစီက တိုးတက်နေမှ ရပါမယ်..။ ကျွန်တော်ဟာ လီယန် ဒီလပ် နဲ့ ဟူးလ် စီးတီးအသင်းမှာ အတူတူလက်တွဲခဲ့ဖူးပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ သူနဲ့ပြန်လည်ဆုံစည်းရတာ သိပ်ကိုကျေနပ်ဖို့ ကောင်းပါတယ်..။ ရောဘတ် ဆန်းချက်ဇ် နဲ့ ဘရိုက်တန်အသင်းမှာ ရင်းနှီးခဲ့ပါတယ်..။ အဲဒီအချိန်တုန်းက သူဟာ (၁၆) နှစ်သား လူငယ်ကစားသမားအဖြစ်နဲ့ပဲ ရှိနေပါသေးတယ်..။ ဒါ့ကြောင့်သူ့ရဲ့အကြောင်း ကောင်းကောင်းသိထားပါတယ်..။



အင်ဒရေ ဆန်းတို့စ် နဲ့ကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက စထရာ့ဘာ့ဂ်အသင်းမှာ လက်တွဲခဲ့ပါတယ်..။ သူဟာဒီကမ္ဘာမြေအတွက် အင်မတန်မှ ချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက် ဆောင်ယူပေးခဲ့ပြီး ဖြစ်သလို မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲမှာ ကျေနပ်ဖို့ကောင်းတဲ့ခြေစွမ်း ပြသနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ အသင်းက ကစားသမားတိုင်းရဲ့အကြောင်း အမြန်ဆုံးသိရှိနိုင်ဖို့ လိုအပ်နေပါတယ်..။ သူတို့ကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်ဖို့ဆိုရင် သူတို့ရဲ့အကြောင်းကို သိထားမှ ဖြစ်နိုင်မှာပါ..။ တဦးတယောက်ချင်းစီရဲ့ တိုးတက်မှုတွေ မြင်တွေ့ရမှ အဲဒီတိုးတက်မှုတွေ ပေါင်းစပ်ပြီး အနိုင်ပွဲတွေ ရရှိနိုင်ပါလိမ့်မယ်..။ 

ကျွန်တော်နဲ့နည်းပြအဖွဲ့ဝင်တွေဟာ ကစားသမားတွေရဲ့ တိုးတက်မှုတွေကို အမြန်ဆုံးမြင်တွေ့ခွင့်ရရှိအောင် ကြိုးစား၊ ဆောင်ရွက်သွားကြမှာပါ..။

ခင်ဗျားဟာ ပွဲကျပ်ကာလမှာ အသင်းကိုရောက်ရှိလာခဲ့တာပေါ့..။ ဒါ့ကြောင့်မကြာခင်မှာပဲ ခင်ဗျားရဲ့ပထမဆုံး အိမ်ကွင်းပွဲစဉ် ရောက်ရှိလာမှာပါ..။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းထဲကို ပထမဆုံးခြေချမယ့်အချိန်မှာ ဘယ်လိုတွေခံစားရမယ်.. အဲဒါအပြင် အာဆင်နယ်အသင်းနဲ့ Carabao ဖလားပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲစဉ်အပေါ် ဘယ်လိုပြင်ဆင်မလဲ.. ပြောပြပေးနိုင်မလား..

ကျွန်တော့်ရဲ့ပထမဆုံး အိမ်ကွင်းပွဲစဉ်ဟာ အာဆင်နယ်အသင်းနဲ့ Carabao ဖလားပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲစဉ် ဖြစ်နေပါတယ်..။ ကျွန်တော်တို့ဟာ အဲဒီလိုပွဲကြီးပွဲကောင်းတွေမှာ ပါဝင်ခွင့်ရဖို့ အသက်ရှင်၊ နေထိုင်နေခဲ့တာ၊ ဘဝတလျှောက်လုံး အစွမ်းကုန် ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်..။ ကျွန်တော့်ကို လူငယ်နည်းပြ တယောက်အဖြစ်နဲ့ ရှုမြင်ထားကြလိမ့်မယ်.. ဆိုတာ လက်ခံထားပါတယ်..။ အခုအချိန်မှာ ကျွန်တော့်ရဲ့ နည်းပြဘဝထဲကို အများကြီး မစဉ်းစားချင်ပါဘူး..။ ဒါပေမယ့် အခုလိုထိပ်တန်းအဆင့် အသင်းကြီးတသင်းကို ရောက်ရှိနိုင်ဖို့ အမြဲတမ်းအိပ်မက်မက်ခဲ့ပါတယ်..။

ဒါ့ကြောင့်စတန်းဖို့ဒ် ဘရစ်ချ်ကွင်းက ညချမ်းဟာ သိပ်ကိုကြီးကျယ်ခမ်းနားတဲ့ ညတညဖြစ်လာပါလိမ့်မယ်..။ ဒါပေမယ့် ကျွန်တော်တို့နည်းပြတွေဆိုတာ တဦးတယောက်တည်းအပေါ် မူတည်မနေပါဘူး..။ နည်းပြတွေဆိုတာ တခြားသူတွေအတွက် ပေးဆပ်၊ ကြိုးစားပေးရတဲ့သူတွေ ဖြစ်ကြပါတယ်..။ ကျွန်တော်ဟာ အဲဒီပွဲတပွဲထဲအတွက် ရင်ခုန်မနေပါဘူး..။ နောက်လာမယ့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းက သာယာ၊ ကြည်နူးဖို့ကောင်းတဲ့ နေ့ရက်များစွာကို မျှော်လင့်စောင့်စားနေပါတယ်..။



ခင်ဗျားဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲအဆင့်မှာ အောင်မြင်ခဲ့တဲ့ ကစားသမားတယောက် ဖြစ်ခဲ့ပါတယ်..။ အဲဒီအချိန်ကတည်းက နောက်တချိန်မှာ နည်းပြတယောက် ဖြစ်လာလိမ့်မယ်ဆိုပြီး စဉ်းစားခဲ့ဖူးလား..?

ကျွန်တော်ဟာ အသက် (၁၆) နှစ်အရွယ်မှာ ဖခင်ဖြစ်သူနဲ့အတူ ဘောလုံးသင်တန်းကျောင်းတွေမှာ တက်ရောက်ခွင့်ရခဲ့ပါတယ်..။ အဲဒီအချိန်ကစပြီး ကစားသမားဘဝတလျှောက်လုံး နည်းပြအလုပ်နဲ့ မစိမ်းခဲ့ပါဘူး..။ ဥပမာအနေနဲ့ ဟူးလ် စီးတီးအသင်းမှာ ကစားနေစဉ်က ဂျက်ကော့ဘ် ဂရိဗ် ကို နည်းပြခဲ့ဖူးပါတယ်..။ အဲဒီအချိန်က သူဟာအသက် (၁၃) နှစ်သားအရွယ်ပဲ ရှိနေပါသေးတယ်..။ သူ့ကိုဟူးလ် စီးတီးအသင်းရဲ့ ပထမအသင်းကြီး ကစားသမားဖြစ်လာအောင် ကူညီ၊ လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်..။

ကျွန်တော့်ရဲ့ အသွေးထဲ၊ အသားထဲမှာ နည်းပြတယောက်ရဲ့ ပင်ကိုယ်ဗီဇတွေ လှည့်လည်၊ စီးဆင်းနေပါတယ်..။ ဒါ့ကြောင့်လည်း အခုလိုနေရာကို ရောက်ရှိလာခဲ့တာပါ..။ ကျွန်တော့်ရဲ့အလုပ်ကို ချစ်မြတ်နိုးသလို အဲဒီခံယူချက်နဲ့ စိတ်ပိုင်းဖြတ်မှုတွေကို ကစားသမားတွေဆီ မျှဝေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။ သူတို့တွေဟာလည်း ကိုယ်လုပ်နေတဲ့ အလုပ်တွေအပေါ်မှာ ချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားစိတ် ရှိနေရပါမယ်..။ ကျွန်တော်တို့ အနိုင်ရချင်ပါတယ်..။ အဲဒီလိုအနိုင်မခံ၊ အရှုံးမပေးတဲ့စိတ်ဓါတ်၊ အောင်ပွဲဆာလောင်စိတ်တွေကို ကစားသမားတွေဆီ ပျံ့နှံ့စေဖို့၊ သူတို့တွေကတဆင့် အသင်းရဲ့စိတ်ဓါတ်ပိုင်း ခိုင်မာမှုတွေကို ပရိသတ်တွေ ခံစားနိုင်ဖို့ လိုအပ်ပါတယ်..။

အတုယူ၊ အားကျခဲ့တဲ့ နည်းပြတွေအကြောင်း ပြောပြပေးပါဦး..

Well… အဲဒီထဲမှာ ကျွန်တော့်အဖေ မပါဘူးလို့ ပြောခဲ့လို့က အိမ်ကျရင် အသတ်ခံရဖို့ နီးစပ်နေပြီ.. ဟားဟား..။ အဖေက ကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်..။ ကျွန်တော် (၁၅) နှစ်၊ (၁၆) နှစ်သားအရွယ်တုန်းက အဖေဟာ တော်ကေး ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့ပါတယ်..။ သူဟာအဲဒီအသင်းကို League Two ပြိုင်ပွဲကနေ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ကျွန်တော်တို့လိုချင်ခဲ့တဲ့ ကစားနည်း၊ ကစားဟန်ကိုပါ သွတ်သွင်းနိုင်ခဲ့ပါတယ်..။

ရက်ဒင်းအသင်း ကစားသမားဘဝတုန်းက ဆုံခဲ့ဖူးတဲ့ နည်းပြဘရန်ဒန် ရော်ဂျားစ် ဟာ ကျွန်တော့်ရဲ့ တွေးခေါ်ပုံတွေကို ပြောင်းလဲစေခဲ့ပါတယ်..။ သူဟာချယ်လ်ဆီးအသင်းမှာ လူငယ်အကယ်ဒမီ နည်းပြအဖြစ်နဲ့ တာဝန်ယူခဲ့ဖူးပါတယ်..။ ဒါ့အပြင် တခြားထိပ်တန်းနည်းပြ အများအပြားနဲ့ ဆုံစည်းခဲ့ပါတယ်..။ ခရစ်စ် ဟော်တန် ဆိုရင် ဟာသဉာဏ်ထက်မြက်ပြီး သူ့ရဲ့ကိုင်တွယ်ပုံဟာ တခြားနည်းပြတွေနဲ့ ခြားနားပါတယ်…။

နည်းပြတယောက်ဟာ ဘောလုံးကစားနည်းအပြင် လူပုဂ္ဂိုလ်တွေနဲ့ပါ ပတ်သက်နေတာကြောင့် လူတွေရဲ့ သဘော၊ သဘာဝတွေကို နားလည်ပေးဖို့၊ သူတို့တွေရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ပေါ်ထွက်လာအောင် လမ်းညွှန်ပေးနိုင်ဖို့ လိုအပ်ပါတယ်..။ ချယ်လ်ဆီးအသင်းမှာ အဲဒီအရာတွေကို စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။



ဟုတ်ကဲ့ပါ..။ ချယ်လ်ဆီးအသင်းမှာ တကယ့်ကို ပင်ကိုယ်အရည်အသွေး၊ ပင်ကိုယ်ခြေစွမ်း မြင့်မားတဲ့ ကစားသမားတွေ ရှိနေသလို အသင်းရဲ့ရည်မှန်းချက်ဟာ သိပ်ကိုကြီးမားပါတယ်..။ ဒီအသင်းနဲ့အတူ ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင်၊ ကျော်ဖြတ်ဖို့ စိတ်အားထက်သန်နေပြီလဲဗျ..

မှန်ပါတယ်..။ သူတို့လေးတွေရဲ့ အနားဂတ်အလားအလာ (potential) ဟာ သိပ်ကိုကြောက်ခမန်းလိလိပါပဲ..။ အခုလိုအကောင်းစား အကြမ်းထည်တွေကို အကောင်းဆုံး အထောက်အကူ ပစ္စည်းတွေနဲ့ ရောစပ်ပေးနိုင်မယ့်အပြင် ကစားသမားတွေရဲ့ အရည်အသွေး၊ အသက်အရွယ်၊ နည်းပြတွေရဲ့ အရည်အချင်း.. အားလုံးဟာ ထိပ်တန်းအဆင့်မှာ ရှိနေပါတယ်..။

ပရိသတ်တွေရဲ့ အားပေးမှုအပိုင်းမှာဆိုရင် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းဟာ ပရိသတ်တွေရဲ့အားပေးသံတွေနဲ့ အင်မတန်မှ ဆူညံနေတဲ့ ကွင်းကြီးတကွင်းဖြစ်သလို ချယ်လ်ဆီးအသင်းရဲ့ အဝေးကွင်းပရိသတ်တွေဟာ ထိပ်ဆုံးက အကောင်းဆုံး ပရိသတ်တွေထဲမှာ ပါဝင်ပါတယ်..။

ကျွန်တော့်ရဲ့တာဝန်က ဒီလိုသိပ်ကိုကောင်းမွန်လှတဲ့ ပရိသတ်ကြီးအတွက် အမြဲတမ်း စဉ်ဆက်မပြတ်၊ နိုင်ပွဲဆက်နေတဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးပေးနိုင်ဖို့ ဖြစ်ပါတယ်..။ ဒီအသင်းမှာ အချိန်အကြာကြီး ရှိနေချင်ပါတယ်..။ ရေတိုမှာ နိုင်ပွဲတွေရမှဖြစ်မယ်.. ဆိုတာ သိထားပါတယ်..။ ဒါပေမယ့် ဒီအသင်းနဲ့ ရေရှည်အနာဂတ်တခု တည်ဆောက်ချင်ပါတယ်..။

ဒါ့အပြင် ဘယ်ကစားသမားကို ချန်မထားချင်ပါဘူး..။ ကျွန်တော့်ရဲ့မျက်စိထဲမှာ ဒီအသင်းက ကစားသမားတိုင်းဟာ ကမ္ဘာ့အဆင့် ကစားသမားတွေ ဖြစ်ကြပါတယ်..။ သူတို့ကို ဆက်လက်တိုးတက်အောင် ကူညီပေးချင်တဲ့ဆန္ဒ အထူးပြင်းပြနေသလို လာမယ့်ရက်တွေမှာ သူတို့တွေနဲ့ ဆုံတွေ့ရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။



နောက်ဆုံးအနေနဲ့ ချယ်လ်ဆီးအသင်း ပရိသတ်တွေအတွက် ခင်ဗျားရဲ့မိတ်ဆက် သတင်းစကားလေး ပြောကြားပေးခဲ့ပါလား..

ကျွန်တော့်ကို ယုံကြည်ပေးပါ..။ ကြီးကျယ်ခမ်းနားတဲ့ အစဉ်အလာကောင်းတွေနဲ့ ဒီအသင်းအပေါ် ယုံကြည်ပေးကြပါ..။ ကျွန်တော့်ရဲ ကစားသမားတွေအပေါ်မှာလည်း ယုံကြည်ပေးကြပါ..။ ခင်ဗျားတို့တွေ ပေးအပ်မယ့် စိတ်အားထက်သန်မှု၊ ခွန်အားတွေဟာ နိုင်ပွဲတွေအတွက် တွန်းအားတွေ ဖြစ်ပါတယ်..။
ခင်ဗျားတို့ကို ယုံကြည်ခဲ့လို့ ဒီကိုရောက်လာခဲ့တာပါ..။ ခင်ဗျားတို့အတွက် ကျွန်တော့်ရဲ့ နည်းပြအဖွဲ့တွေ၊ ကစားသမားတွေ ဒီနေရာမှာ ရှိနေကြတာပါ..။ ကျွန်တော်တို့အားလုံး နိုင်ပွဲတွေ ဆောင်ယူပေးဖို့ ဒီမှာရှိနေကြတာပါ..။ အဲဒီလိုနိုင်ပွဲတွေ ရရှိဖို့အတွက် ခင်ဗျားတို့တွေရဲ့ ထောက်ခံ၊ အားပေးမှုဟာ သိပ်ကိုလိုအပ်ပါတယ်..။ ခင်ဗျားတို့တွေနဲ့ ဆုံတွေ့ရမယ့်အချိန်အတွက် အရမ်းကိုစိတ်လှုပ်ရှား နေရပါတယ်..။