စနေနေ့ညပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ချယ်လ်ဆီးအသင်းက အဲဗာတန်အသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ကိုးလ် ပါးမား နှင့် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုရ မာလို ဂူစ်တို တို့၏ သွင်းဂိုးများနှင့် ခြေစွမ်းများ၊ နည်းပြအင်ဇို မာရက်စ်ကာ ၏ ပွဲအပြီးပြောကြားချက်အပေါ် ထင်မြင်ချက်များကို နယူးကာဆယ်အသင်း တိုက်စစ်မှူးဟောင်း အလန် ရှီးယားရား နှင့် လီဗာပူးလ်အသင်း ကွင်းလယ် ကစားသမားဟောင်း ဒယ်နီ မာဖီ တို့က BBC Sports သတင်းဌာန၏ Match of the Day စကားဝိုင်း အစီအစဉ်တွင် ယခုလို သုံးသပ်ပြောကြားခဲ့ပါသည်..။
မားကပ်စ် ချက်ပ်မန်း - စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးမှာ ဒီနေ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်အပြီး နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောကြားခဲ့တဲ့ မှတ်ချက်တစ်ချို့ဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်..။ အဲဒီအကြောင်းကို မဆွေးနွေးခင် ဒီနေ့အနိုင်ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် အရေးပါခဲ့တဲ့၊ ကြီးမားတဲ့ အနိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့တယ် မဟုတ်လားဗျ..?
ဒယ်နီ မာဖီ - မှန်တာပေါ့ဗျာ..။ သူတို့အသင်း နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၄) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့တာကြောင့် ဒီနေ့ပွဲဟာ တကယ့်ကို အရေးပါခဲ့တဲ့ အနိုင်ပွဲရလဒ်တစ်ခု ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၃) ပွဲဆက် အနိုင်ရလဒ် ပျောက်ဆုံးနေခဲ့တာကြောင့် အသင်းရဲ့အတွင်းမှာ မကျေမနပ်မှုတွေ ရှိခဲ့ပုံရတယ်ဗျ..။ တကယ်တမ်းဆိုရင် ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ရင် အနာဂတ် အလားအလာကောင်းတွေ ရှိနေတဲ့အသင်းတစ်သင်း အဖြစ်နဲ့ပဲ ရှုမြင်ထားကြတာပါ..။ ဘယ်လိုအကြောင်းအရာအပေါ် မူတည်ပြီး အားမလို၊ အားမရ ဖြစ်ရလဲ.. မပြောတတ်ပေမယ့် ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်မကောင်းခဲ့တာဟာ ခဏတဖြုတ် လမ်းချော်သွားခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်..။
ဒီနေ့ပွဲမှာတော့ သူတို့ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်..။ ဒါ့အပြင်မထင်မှတ်ပဲနဲ့ တောက်ပတဲ့ခြေစွမ်းနဲ့ ပွဲရဲ့အဆုံးအဖြတ် အခိုက်အတန့်တွေကို ဖန်တီးပေးခဲ့သူကတော့ ‘မာလို ဂူစ်တို’ ဖြစ်ခဲ့ပါတယ်..။ သူဟာညာနောက်ခံလူ တစ်ယောက်ဖြစ်ပေမယ့် inverted full back တစ်ယောက်အနေနဲ့ ကွင်းလယ်ကိုဝင်ပြီး ကစားလေ့ရှိပါတယ်..။ ဒီနေ့ပွဲမှာတော့ သူဟာအထူးခြေစွမ်းပြနိုင်ခဲ့သလို ပွဲချိန် (၂၁) မိနစ်မှာ ရရှိခဲ့တဲ့ အဖွင့်ဂိုးမှာ ကိုးလ် ပါးမား ရဲ့ ပြေးလမ်းကြောင်းထဲကို အတိအကျဖန်တီးပေးလိုက်တဲ့ သူ့ရဲ့ပေးပို့မှုဟာ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။

ကိုးလ် ပါးမား အသင်းရဲ့တိုက်စစ်ကို လိုအပ်သလို ထိန်းကျောင်းသွားနိုင်ခဲ့သလို သွင်းဂိုးနဲ့အတူ ပြန်လာနိုင်ခဲ့တဲ့အပေါ် အပြာရောင်ပရိသတ်တွေတင်မကပဲ ဘောလုံးချစ်ပရိသတ်တိုင်းဟာ ကျေနပ်ခဲ့ကြပါလိမ့်မယ်..။ အဲဒီဂိုးမှာဆိုရင် သူ့ရဲ့ကစားကွက်အမြင်၊ အဲဗာတန်အသင်း ခံစစ်ကစားသမားတွေ ကြားထဲကနေ ချိန်သားကိုက် ပြေးထွက်သွားခဲ့တဲ့ အမြန်နှုန်းနဲ့ လှုပ်ရှားမှုဟာ တကယ့်ကိုအတိအကျနဲ့ ပြီးပြည့်စုံခဲ့ပါတယ်..။
နောက်တစ်ယောက်က ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကို ထိန်းကျောင်းသွားခဲ့တဲ့ အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ်.. ပေါ့ဗျာ..။ သူ့ရဲ့နည်းစနစ်ပိုင်းအမြင် ထူးချွန်မှု၊ အနီးအဝေး ပေးပို့နိုင်မှုစွမ်းရည် (passing range) တွေအကြောင်း ကျွန်တော်တို့ မကြာခဏ ချီးကျူးခဲ့ကြ၊ ဆွေးနွေးခဲ့ကြပါတယ်..။ အခုဆိုရင် မာလို ဂူစ်တို ဟာ သူ့ရဲ့ခြေရာကိုနင်းဖို့ အသင့်ဖြစ်နေပြီ.. လို့ ပြောရမှာပဲဗျ..။ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းမှာ သူတို့လို ညာနောက်ခံလူ နှစ်ယောက်ရှိနေတာဟာ ဘုရားပေးတဲ့ ဆုလာဘ်ပါ..။ သူတို့နှစ်ယောက်စလုံးဟာ ကွင်းလယ် ကစားတွေအဖြစ်လည်း ကစားပေးနိုင်ကြပါတယ်..။

မာလို ဂူစ်တို ဟာ ဘယ်ခြေ၊ ညာခြေတွေနဲ့ အနီးအဝေး ပေးပို့မှုတွေ၊ ထောင့်ဖြတ်ပေးပို့မှုတွေ ကောင်းမွန်ပါတယ်..။ အခုအပေါ်ကပုံမှာ ဆိုရင် ညာဘက်အစွန်မှာ အသင့်နေရာယူထားတဲ့ ပီဒရို နက်တို ရဲ့ ပြေးလမ်းထဲကို ဘယ်ခြေနဲ့ထောင့်ဖြတ် အဝေးဘော ပေးပို့ရာမှာ သူ့ရဲ့အားသန်တဲ့ ညာခြေမဟုတ်ပဲ ဘယ်ခြေနဲ့တိကျတဲ့ပေးပို့မှု ပြုလုပ်နိုင်စွမ်းကို ပြသခဲ့ပါတယ်..။ သူဟာသမာရိုးကျ နောက်ခံအစွန်လူအဖြစ် (orthordox full back) ကစားရတဲ့ အချိန်တွေဆိုရင်လည်း တောင်ပံတစ်လျှောက် ဘောလုံးနဲ့အတူ ဆွဲပြေး၊ သယ်ယူနိုင်စွမ်းရှိပါတယ်..။ ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာအတွင်းကို အန္တရာယ်ပေးနိုင်တဲ့ ဖြတ်တင်ဘောတွေ ပေးပို့နိုင်စွမ်း ရှိတဲ့သူဖြစ်ပါတယ်..။ လိုအပ်ရင် တိုက်စစ်ကို ကူညီပေးနိုင်စွမ်းရှိပြီး ဂိုးဧရိယာထဲမှာ နေရာယူမှု ကောင်းမွန်တယ်..၊ အန္တရာယ်ပေးနိုင်မယ့်နေရာ၊ အဆုံးသတ် ဂိုးသွင်းပေးနိုင်မယ့် နေရာလွတ်တွေကို ရှာဖွေနိုင်စွမ်း ရှိပါတယ်..။
ဒါ့ကြောင့်အခုဆိုရင် နည်းပြဟာ သူနဲ့ရိစ် ဂျိမ်းစ် နှစ်ယောက်စလုံးကို တပြိုင်နက်တည်းထည့်ပြီး ကစားရမလား..? အလှည့်ကျပွဲထွက်စေရမလား..? ခေါင်းစားနေရပါပြီ..။ မာလို ဂူစ်တို ဟာ ဒုတိယပိုင်းမှာ ဂျာအို ပီဒရို အတွက် လှလှပပတစ်ကြိမ် ဖန်တီးပေးခဲ့ပေမယ့် ထပ်ပြီးဂိုးမရခဲ့ပါဘူး..။ ခံစစ်ပိုင်းမှာဆိုရင် သူတို့နှစ်ယောက်စလုံးဟာ တစ်ဦးချင်း 1 vs 1 ဖျက်ထုတ်မှုတွေ သေသပ်သလို ကိုယ့်အသင်းရဲ့ ဂိုးဧရိယာအတွင်း နေရာယူမှုတွေလည်း ကောင်းမွန်ပါတယ်..။

မားကပ်စ် ချက်ပ်မန်း - ဟုတ်ကဲ့ပါ..။ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ပွဲအပြီးသတင်းစာ ရှင်းလင်းပွဲအကြောင်း ဆွေးနွေးရအောင်ဗျာ..။ ‘ပြီးခဲ့တဲ့ (၄၈) နာရီဟာ ချယ်လ်ဆီးအသင်းကို ရောက်ခဲ့ပြီးနောက်ပိုင်း သူ့အတွက် အခက်ခဲဆုံးကာလ ဖြစ်ခဲ့ပါတယ်..။ လူတွေရဲ့ထောက်ခံမှု၊ အားပေးမှုကို မရရှိခဲ့ဘူး..’ လို့ ပြောခဲ့ပါတယ်..။ အဲဒါနဲ့ ‘ဘယ်သူတွေလဲ..? ပရိသတ်တွေကို ဆိုလိုချင်တာလား..?’ ဆိုပြီး သတင်းထောက်တွေက သူ့ကိုပြန်မေးပါတယ်..။
အင်ဇို မာရက်စ်ကာ က ‘No.. No.. သူဟာပရိသတ်တွေနဲ့ ပြဿနာမရှိပါဘူး..။’ လို့ ဖြေသွားပါတယ်..။ တချို့ကတော့ သူ့အပေါ်အမြဲတမ်း ဝေဖန်နေကြတဲ့ မီဒီယာတွေကို ဆိုလိုချင်တာ.. လို့ အဓိပ္ပါယ် ဖွင့်ကြပါတယ်..။ တကယ်တမ်းသာ မီဒီယာတွေက သူ့အပေါ် ထိုက်သင့်တဲ့ ချီးကျူးမှုတွေ မပြုလုပ်ခဲ့ဘူး..၊ လိုအပ်တာထက်ပိုပြီး ဝေဖန်မှုတွေ များပြားခဲ့တယ်..လို့ ထင်မှတ်နေခဲ့တာဆိုရင် ‘မယုံနိုင်စရာပဲ..’ လို့ ပြောရမှာပါ…။ ဒါဆိုရင်အသင်းရဲ့ အတွင်းက တာဝန်ရှိပုဂ္ဂိုလ်တွေကို ရည်ညွှန်း၊ ပြောဆိုတာရော မဖြစ်နိုင်ဘူးလား..?
အလန် ရှီးယားရား - ဖြစ်နိုင်ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေ ဆွေးနွေးခဲ့ကြတာ မရှိခဲ့ပါဘူး..။ အဲဒီအကြောင်းတွေကို ဆွေးနွေးစေချင်တာလည်း ဖြစ်နိုင်ပါတယ်..။ ကျွန်တော်ကတော့ အသင်းပိုင်ရှင်တွေ၊ ဘုတ်အဖွဲ့ဝင်တွေကို ဦးတည်၊ ပြောကြားတဲ့ စကားတွေပဲ လို့ ယုံကြည်ပါတယ်..။ လွန်ခဲ့တဲ့ကြားရက်က ရှုံးပွဲလိုမျိုး အသင်းရဲ့ရှုံးပွဲရလဒ်တွေအပေါ် သူ့အတွက် လုံလောက်တဲ့ ကာကွယ်နိုင်မှု မရရှိခဲ့ဘူး.. လို့ ခံစားနေခဲ့ပုံ ရပါတယ်..။ အဲဒီအပေါ်မှာ နာကျင်စိတ် ရှိနေပုံပါပဲ..။
အခုလက်ရှိ ချယ်လ်ဆီးအသင်း ခေါ်ယူခဲ့တဲ့ ကစားသမားတွေ၊ သူတို့မွေးထုတ်.. မြေတောင်မြှောက်ပေးနေတဲ့ လူငယ်ကစားသမားတွေကို ကြည့်မယ်ဆိုရင် မျက်မှောက်ခေတ် ချယ်လ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ (၁၅) နှစ်က အသင်းနဲ့လုံးဝ ခြားနားသွားပါပြီ..။ သူတို့ဆီမှာရှိနေတဲ့ လူငယ်ကစားသမားတွေရဲ့ အရည်အသွေး၊ အင်အားနဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေကို ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲနေဦးမှာပဲဗျ..။ အဲဒီလူငယ် ကစားသမားလေးတွေကို အသင်းနဲ့အထိုင်ကျဖို့၊ ပြိုင်ပွဲတွေနဲ့ ပတ်ဝန်းကျင်အသစ်တွေနဲ့ အသားကျဖို့ အချိန်ပေးရပါလိမ့်မယ်..။ သူတို့တွေရဲ့ တိုးတက်မှုအတွက် အချိန်တစ်ခု ပေးရပါမယ်..။ ယေဘူယျအားဖြင့် ချယ်လ်ဆီးအသင်းမှာ အင်ဇို မာရက်စ်ကာ ရဲ့ စွမ်းဆောင်ရည်ဟာ ကျေနပ်ဖို့ကောင်းပါတယ်..။
မားကပ်စ် ချက်ပ်မန်း - အခုအပေါ်က ပူးတွဲပုံမှာဆိုရင် ချယ်လ်ဆီးအသင်းကို အင်ဇို မာရက်စ်ကာ ရောက်ရှိပြီးနောက်ပိုင်း အသင်းတွေရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ရမှတ်စုစုပေါင်းကို ပြသထားပါတယ်..။ ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်၊ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးအသင်းတွေပြီးရင် စတုတ္ထမြောက် ရမှတ်အများဆုံးအသင်း ဖြစ်နေပါတယ်..။
ချယ်လ်ဆီးအသင်း လက်ရှိသွားနေတဲ့ပုံစံ (model) ကို ကြည့်မယ်ဆိုရင် လူငယ်ကစားသမားလေးတွေကို နှစ်ရှည်စာချုပ်တွေနဲ့ ချုပ်ဆိုထားပါတယ်..။ သူတို့တွေရဲ့ စာချုပ်သက်တမ်းကြောင့် လခနှုန်းထားဟာ ပုံမှန်ထက်လျော့နည်းနေပါတယ်..။ သူတို့တွေကို တိုးတက်အောင် ပြုလုပ်ရင်း တချို့ကစားသမားတွေကို တအမြတ်တင်ပြီး ရောင်းချပါတယ်..။ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ပြောစကားကို ကြည့်မယ်ဆိုရင် အဲဒီပုံစံအတိုင်းမှာ အသင်းဘက်က ဘယ်လိုအရာတွေကို အခုထက်ပိုပြီး မျှော်လင့်ထားဖို့ ရှိနိုင်လဲဗျ...?
ဒယ်နီ မာဖီ - နည်းပြတွေအနေနဲ့ ကိုယ်တာဝန်ယူနေတဲ့ အသင်းရဲ့ သဘော၊ သဘာဝ၊ အသင်းပိုင်ရှင်တွေရဲ့ စိတ်နေစိတ်ထား၊ မျှော်လင့်ချက်တွေကို သိထားရပါမယ်..။ အင်ဇို မာရက်စ်ကာ ဟာ ချန်ပီယံရှစ်ပြိုင်ပွဲဝင် လက်စ်တာအသင်းကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံလောက်ပဲ ရှိခဲ့ပေမယ့် ချယ်လ်ဆီးအသင်းလို ထိပ်တန်းအသင်းကြီး ကိုင်တွယ်ဖို့ တာဝန်ပေးခံခဲ့ရပါတယ်..။ သူဟာချယ်လ်ဆီးအသင်းမှာ အခုထက်ပိုပြီး လုပ်ပိုင်ခွင့် ရချင်လို့လား..? ဘာဖြစ်လို့လည်းဆိုတော့ သူဟာကွန်ဖရင့်စ်လိဂ်ဖလား ရရှိခဲ့တယ်..၊ ကလပ်အသင်းများ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ အဲဒါကြောင့် လုပ်ပိုင်ခွင့်ရဖို့ ပိုပြီးတောင်းဆိုချင်တာလား..? သူ့ရဲ့အနေအထားကို ချဲ့ထွင်ဖို့ ကြိုးစားတယ်.. ဆိုရင်လည်း ပြောတဲ့၊ ဆိုတဲ့ နေရာမှာ ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်..။

မားကပ်စ် ချက်ပ်မန်း - အင်ဇို မာရက်စ်ကာ ဟာ ကလပ်အသင်းများ ကမ္ဘာ့ဖလားကို ဗိုလ်စွဲခဲ့တာဟာ ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့တာ ဖြစ်တဲ့အတွက် သူ့ရဲ့လုပ်ပိုင်ခွင့်ပိုများလာဖို့ တောင်းဆိုတာဟာ ဖြစ်သင့်ပါတယ်..။ အထူးသဖြင့် ချယ်လ်ဆီးအသင်းပိုင်ရှင်တွေဟာ အဲဒီပြိုင်ပွဲကို တန်ဖိုးထားပြီး ယှဉ်ပြိုင်ခဲ့တာ မဟုတ်ဘူးလားဗျ...?
ဒယ်နီ မာဖီ - မာရက်စ်ကာ ရဲ့ စွမ်းဆောင်ရည်အပေါ် သံသယရှိစရာ မလိုပါဘူး..။ သူဟာချယ်လ်ဆီးအသင်းမှာ ကျေနပ်ဖို့ကောင်းတဲ့ စွမ်းဆောင်ရည် ပြသနေတာ အသေအချာပါပဲ..။ ဒါပေမယ့် ဘောလုံးလောကဟာ အင်မတန်မှ ရက်စက်သလို အသင်းပိုင်ရှင်တွေဟာ ဘီလျံနာသူဌေးကြီးတွေ ဖြစ်ကြပါတယ်..။ ဒါ့ကြောင့်နည်းပြတစ်ယောက်ဟာ မီဒီယာတွေကို အသုံးချပြီး သူတို့ကို တိုက်ရိုက်စကားပြောလာဖို့ ကြိုးစားလာတယ်.. ဆိုရင် အကျိုးအမြတ်ကောင်းလာဖို့ မရှိပါဘူး..။
အင်ဇို မာရက်စ်ကာ ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုတွေရယူပြီး သူ့ရဲ့ပုံရိပ်ကို ဆက်လက် မြှင့်တင်နိုင်မယ့် အခွင့်အရေးကောင်း ရှိနေပါတယ်..။ ဒါ့ကြောင့်သူ့အတွက် သင့်တော်တဲ့အချိန်၊ သင့်တော်တဲ့ အခွင့်အရေးကောင်းကို စောင့်ဆိုင်းပြီး ငြိမ်ငြိမ်နေတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်..။
မားကပ်စ် ချက်ပ်မန်း - ဒါဆိုရင် အင်ဇို မာရက်စ်ကာ ဟာ ပက်ပ် ဂွာဒီယိုလာ၊ မီခေးလ် အာတီးတာ၊ အာနီ စလော့တ်.. အူနိုင်း အမ်မရီ တို့နဲ့ နှိုင်းယှဉ်လိုက်ရင် ရသင့်တဲ့ အသိအမှတ်ပြုခံရမှု၊ ချီးကျူးဂုဏ်ပြုမှုတွေ မရရှိခဲ့ဘူး.. လို့ ပြောနိုင်လား..?
အလန် ရှီးယားရား - ခုနက ဒယ်နီ ပြောသွားတဲ့ တစ်ချက်ဟာ မှန်ပါတယ်..။ သူဟာလက်စ်တာ စီးတီးအသင်းကနေ ချယ်လ်ဆီးကို လာခဲ့တာဆိုတော့ ဘယ်လောက်အတိုင်းအတာအထိ စွမ်းဆောင်ပေးနိုင်မလဲ..? ဆိုပြီး စောင့်ကြည့်နေကြတာ ဖြစ်နိုင်ပါတယ်..။ ကျွန်တော်ကတော့ သူဟာအခုအချိန်မှာ ရသင့်တဲ့ ထောက်ခံမှု၊ အားပေးမှုတွေ မရသေးဘူး.. ဆိုရင်လည်း ပြဿနာမရှိပါဘူး..။ အဲဒီအရာတွေဟာ အရေးမပါတဲ့ကိစ္စတွေလို့ပဲ မြင်ပါတယ်..။