feature-image

ဗုဒ္ဓဟူးနေ့ ဘောလုံးစကားဝိုင်း (ချယ်လ်ဆီး vs Pafos FC)

ချန်ပီယံလိဂ်ပြိုင်ပွဲ League Phase ပွဲစဉ် (၇) အဖြစ် ချယ်လ်ဆီးအသင်းနှင့် ဆိုက်ပရပ်စ်နိုင်ငံမှ Pafos အသင်းတို့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်..။ အဆိုပါပွဲစဉ်မှ တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သော မွိုက်စ် ကိုင်ဆီဒို ၏ခြေစွမ်း၊ နည်းပြသစ် လီယန် ရိုဆီနာ ၏ ပထမဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ် သုံးသပ်ချက်များနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်း၏ ရှေ့အလားအလာများအပေါ် ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျိုး ကိုးလ် နှင့် မန်ချက်စတာ စီးတီးအသင်း နောက်ခံလူဟောင်း ဂျိုလီယန် လက်စ်ကော့ တို့က TNT Sports သတင်းဌာနမှ တင်ဆက်သည့် ပွဲပြီးသုံးသပ်စကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း ဆွေးနွေးခဲ့ကြပါသည်..။

ရက်ရှ်မင် ချောင်ဒရီ - ဒီနေ့ပွဲဟာ ရှင်တို့ချယ်လ်ဆီးအသင်းအတွက် ရှုံးထွက်အဆင့်ကို တက်ရောက်ရာမှာ play-off အဆင့်ကို ရှောင်ရှားနိုင်ဖို့ တကယ့်ကို အရေးပါတဲ့ပွဲ ဖြစ်ခဲ့ပါတယ်…ဂျိုး ရေ..။ လိုချင်တဲ့အနိုင်ရလဒ် ရရှိခဲ့ပါတယ်..။ ဒီပွဲမှာ ရှင်တို့အသင်းဟာ အပြောင်းအလဲတွေ အများကြီးပြုလုပ်ခဲ့ပါတယ်..။ အခုအနိုင်ပွဲမှာ ကံကောင်းတယ်လို့ရော ရှင်တို့မထင်မိဘူးလား..?

ဂျိုး ကိုးလ် - ကံကောင်းလို့ အနိုင်ရလဒ် ရရှိခဲ့တယ်လို့ မပြောနိုင်ပါဘူး..။ ချယ်လ်ဆီးအသင်းဟာ ပွဲအစပွဲအဆုံး စိုးမိုးနိုင်ခဲ့တာပါ..။ အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့တာကြောင့် လိုအပ်တာထက် ပိုပြီးရုန်းကန်ခဲ့ရပါတယ်..။ လီယန် ရိုဆီနာ အနေနဲ့ အခုမှအသင်းကို ရောက်စပဲ ရှိသေးတာကြောင့် အသင်းမှာရှိတဲ့ ကစားသမားအားလုံးကို နားလည်ဖို့အချိန်ယူရပါဦးမယ်..။ ဒါပေမယ့် ပွဲတွေအနိုင်ရနေတာပဲလေ..။ ဘယ်လိုနည်းနဲ့နိုင်နိုင်၊ အနိုင်ရဖို့ အရေးကြီးပါတယ်..။

သူဟာချယ်လ်ဆီးကိုရောက်ခဲ့ပြီး ပထမဆုံးနှစ်ပါတ်တာကာလကို ပြန်လည်သုံးသပ်ဖို့ ရက်အနည်းငယ်..၊ အချိန်အနည်းငယ် လိုအပ်နေပါတယ်..။ ချယ်လ်ဆီးအသင်းကြီး တခုလုံးအနေနဲ့ရော၊ သူ့ရဲ့အသင်းထဲမှာပါ တိုးတက်ဖို့ လိုအပ်နေတဲ့နေရာတွေ အများကြီးရှိနေပါတယ်..။ သူတို့တွေဟာ အဲဒီလိုအပ်ချက်တွေ ဖြည့်ဆည်းပြီး အကောင်းဆုံး ရှေ့ဆက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။ ဒီနေ့ပွဲမှာတော့ သူတို့ရဲ့အကောင်းဆုံး ကွင်းလယ်ကစားသမား မွိုက်စ် ကိုင်ဆီဒို ကပဲ ပွဲရဲ့အဆုံးအဖြတ် အခိုက်အတန့်ကိုဖန်တီးပြီး  သုံးမှတ်အရယူပေးသွားခဲ့ပါတယ်..။


 
ရက်ရှ်မင် ချောင်ဒရီ - ဟုတ်ကဲ့ပါ..။ ဒီနေ့မှာချယ်လ်ဆီးအသင်းဟာ သုံးမှတ်အပြည့်ရခဲ့တာကြောင့် League Phase အမှတ်ပေးဇယား ရပ်တည်မှု ဘယ်လိုပြောင်းလဲသွားလဲ..? ကြည့်ရအောင်ရှင့်..။ ပွဲစဉ် (၇) အပြီးမှာ ချယ်လ်ဆီးအသင်းဟာ အဆင့် (၈) နေရာကို ရောက်ရှိသွားခဲ့ပါပြီ..။ ဒါပေမယ့် စိတ်ပူဖို့ကောင်းတာက သူတို့ဟာ မန်ချက်စတာ စီးတီးအသင်း အပါအဝင် အသင်း (၈) သင်းနဲ့ ရမှတ်ချင်း တူနေတာပါ..။ ပရီးမီးယားလိဂ် အသင်းတွေထဲမှာဆိုရင် အာဆင်နယ်အသင်းက ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါပြီ..။ လီဗာပူးလ်က အဆင့် (၄)၊ တော့တင်ဟမ်က အဆင့် (၅) နေရာမှာ အသီးသီးရပ်တည်နေကြပါတယ်..။ 

နယူးကာဆယ်အသင်းကတော့ အဆင့် (၇) နေရာ တက်ရောက်သွားနိုင်သလို ဂျိုလီယန် ရေ.. ရှင့်ရဲ့အသင်းဟောင်း မန်ချက်စတာ စီးတီးအသင်းကတော့ အဆင့် (၁၁) နေရာမှာ ရှိနေပါတယ်..။ ဒါ့ကြောင့်လာမယ့်အပါတ်မှာ ယှဉ်ပြိုင်ရမယ့် နောက်ဆုံးပွဲစဉ်တွေဟာ သိပ်ကိုအရေးကြီးနေပါတယ်..။ ကောင်းတဲ့အချက်က ရှင်တို့မန်ချက်စတာ စီးတီးအသင်းဟာ ဂါလာတာစာရေး အသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်တာကြောင့် အိမ်ကွင်းအားသာချက် ရှိနေပါတယ်..။ 

ဂျိုလီယန် လက်စ်ကော့ - Yeah,,! မှန်ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့အသင်းဟာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေတာ အမှန်ပါပဲ..။ နောက်လာမယ့်ပွဲစဉ် (၈) ထဲမှာ စိတ်ဝင်စားဖို့ ကောင်းတာက အဆင့် (၆) နေရာမှာရှိနေတဲ့ ပီအက်စ်ဂျီနဲ့ အဆင့် (၇) နေရာက နယူးကာဆယ်တို့ ထိပ်တိုက်တွေ့ကြတဲ့ပွဲ ဖြစ်ပါတယ်..။ အဲဒီပွဲပြီးရင် ထိပ်ဆုံး (၈) သင်း ထဲကတသင်း ထွက်ပေးရမှာဆိုတော့ ကျွန်တော်တို့ မန် စီးတီးအသင်းအတွက် အခွင့်အရေးကောင်းပေါ့ဗျာ..။ ဒါပေမယ့် မနေ့က နော်ဝေးနိုင်ငံမှာ ကန်သွားတဲ့ခြေစွမ်းထက် ပိုပြီးကောင်းမှ ဖြစ်ပါလိမ့်မယ်..။



ရက်ရှ်မင် ချောင်ဒရီ - တကယ့်ကို ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ ပြိုင်ပွဲပါပဲ..။ မနှစ်ကဘောလုံးရာသီမှာလည်း အခုအတိုင်း နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် ဖြစ်ခဲ့တာပဲ မဟုတ်လားရှင့်..
ဂျိုး ကိုးလ် - အံ့ဩစရာ မရှိပါဘူး..။ မနှစ်တုန်းကလည်း နောက်ဆုံးပွဲစဉ်တွေ ရောက်တဲ့အချိန် ဘယ်ပွဲကို အာရုံစိုက်ရမှန်း မသိရအောင် ဖြစ်ခဲ့ရပါတယ်..။ ဒါ့ကြောင့်နောက်တပါတ်မှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ် (၈) ဟာ ဘယ်အသင်းက တက်သွားမယ်..၊ ဘယ်အသင်းက ထွက်ရပြီ.. စသဖြင့် အင်မတန်မှ စိတ်လှုပ်ရှားဖို့ကောင်းမှာ အသေအချာပါပဲ..။ 

ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ တကယ့်ပွဲကြီးပွဲကောင်းတွေ မြင်တွေ့ခဲ့ကြရပေမယ့် ရှုံးတာနဲ့ ထွက်ရတော့မလား..? သရေကျတာနဲ့ ပြိုင်ပွဲကနေ ထွက်ရတော့မလား.? ဆိုတဲ့ စိုးရိမ်စိတ်တွေ၊ စိတ်လှုပ်ရှားမှုတွေ မခံစားခဲ့ရပါဘူး..။ အခုလာမယ့်ပွဲစဉ် (၈) မှာ အဲဒီလိုရသစုံ ခံစားရမယ့်အပြင် ပရီးမီးယားလိဂ်အသင်းတွေအကုန်လုံး ထိပ်ဆုံး (၈) သင်းထဲမှာ ပါဝင်နိုင်မယ့် အလားအလာ ရှိနေပါတယ်..။ ဒါဟာပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ တိုးတက်မှု၊ အင်အားကြီးမှုကို ပြသနေတာပါ..။ 

ရက်ရှ်မင် ချောင်ဒရီ - ဟုတ်ကဲ့ပါရှင့်..။ အစောကပြောခဲ့သလိုပါပဲ.. ချယ်လ်ဆီးအသင်းဟာ အမှန်တကယ် လိုအပ်နေတဲ့ အနိုင်ရလဒ်ကို မွိုက်စ် ကိုင်ဆီဒို ရဲ့ သွင်းဂိုးနဲ့အတူ အရယူနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် အီကွေဒေါ ကွင်းလယ် ကစားသမားဟာ ဒီနေ့ပွဲရဲ့ ‘အကောင်းဆုံး ကစားသမားဆု’ ကိုပါ ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်..။ တကယ်တော့ ဒီနေ့ပွဲမှာ သူရရှိခဲ့တဲ့ ဂိုးသွင်းခွင့်တွေနဲ့ဆိုရင် တဂိုးကတော့ ရသင့်တယ်.. မဟုတ်လားရှင့်..

ဂျိုလီယန် လက်စ်ကော့ - မှန်တာပေါ့ဗျာ..။ ဂိုးမြူးတဲ့ည ဖြစ်ခဲ့မယ်ဆိုရင် သူဟာ hattrick တောင် ရသွားမလား.. ပဲဗျ..။ အဲဒီဂိုးမတိုင်ခင် သူ့ရဲ့ကန်ချက်နှစ်ကြိမ်ကလည်း အတော်လေးကို ကောင်းမွန်၊ သပ်ရပ်ခဲ့ပါတယ်..။ သူဟာတဘက်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို တားဆီးဖို့ အဓိကတာဝန်ယူထားရပေမယ့် တိုက်စစ်ကို လိုက်ပါခွင့်ရခဲ့ပြီး ဂိုးဧရိယာထိပ်မှာ ကန်သွင်းဖို့ နေရာလွတ်တွေ ရရှိခဲ့ပါတယ်..။ ဒုတိယပိုင်းမှာတော့ ခံစစ်ပိုင်းမှာ ပိုမိုအားပြု ကစားခဲ့ပါတယ်..။ အသင်းရဲ့ build up play တွေနဲ့ တိုက်စစ်ကိုစတင်နိုင်မယ့် ပေးပို့မှုတွေ ပြုလုပ်နိုင်ဖို့ တာဝန်ပိုပြီး ယူခဲ့ရပါတယ်..။ ဒါပေမယ့် ပွဲချိန် (၇၇) မိနစ်မှာတော့ ထောင့်ကန်ဘောကနေ လျှံထွက်လာတဲ့ ဘောလုံးကို အနီးကပ်ခေါင်းတိုက်ပြီး အသင်းရဲ့အနိုင်ဂိုးကို ဆောင်ယူပေးခဲ့ပါတယ်..။



ဂျိုး ကိုးလ် - မွိုက်စ် ကိုင်ဆီဒို ဟာ တပွဲထက်တပွဲ အမြဲတမ်းဆက်လက် တိုးတက်နေတာပဲဗျ..။ သူ့ရဲ့တိုးတက်မှုနှုန်းဟာ အဆုံးမရှိတော့ဘူး.. လို့တောင် ထင်ပါတယ်..။ ချယ်လ်ဆီးအသင်းမှာ အထိုင်ကျဖို့ အချိန်တခု ယူခဲ့ရပေမယ့် (၁၈) လလောက်ကြာပြီးတဲ့အချိန်မှာ အသင်းရဲ့အရေးပါတဲ့ ကစားသမား ဖြစ်လာတော့တာပါပဲ..။ သူဟာကွင်းလယ်အဖျက် ကစားသမား (destroyer) အနေနဲ့ ပြိုင်ဘက်အသင်းရဲ့ ကစားကွက်ကို ဖျက်တောက်ရတယ်..၊ ရရှိလာတဲ့ ဘောလုံးတွေကို ကစားကွက် ပြန်လည်တည်ဆောက်ရအောင် ဆက်သွယ်ပေးရပြီး အသင်းရဲ့ကွင်းလယ်အထိုင်.. အရေးပါတဲ့ နေရာကနေ ခေါင်းဆောင်မှုပိုင်းအပြင် သွင်းဂိုးတွေနဲ့ပါ အသင်းကိုပံ့ပိုးပေးနိုင်ခဲ့ပါတယ်..။ 

ဒါ့အပြင်ဒီနေ့ပွဲမှာဆိုရင် ပွဲချိန် (၇၅) မိနစ်လောက် ရောက်လာတဲ့အခါ ‘ဂိုးမှသွင်းနိုင်ပါတော့မလား..?’ ပရိသတ်က စိတ်တွေစော၊ စိတ်တွေပူလာခဲ့ပါတယ်..။ ဂျိုလီယန် ရေ.. ခင်ဗျားလည်း ကစားသမားဘဝတုန်းက အနိုင်ရသင့်တဲ့ပွဲမှာ ရသင့်တဲ့အချိန် ဂိုးတွေမရလာရင် စိတ်လှုပ်ရှားမှုတွေ ဖြစ်လာခဲ့တာပဲ မဟုတ်လားဗျ..။ အဲဒီအချိန်ဆိုရင် စိတ်တွေလောပြီး ‘ဇော’ တွေ ကပ်လာတတ်ပါတယ်..။ အဲဒီလိုအခိုက်အတန့်တွေမှာ အသင်းကိုမောင်းနှင်နေတဲ့ ကစားသမားကြီးတွေကို အားကိုးမိတာပါပဲ..။ အခုဆိုရင် ကိုင်ဆီဒို ဟာ အသင်းရဲ့ အရေးအကြီးဆုံး ကစားသမားအဖြစ် ရောက်ရှိလာပြီဖြစ်သလို သူ့အတွက် ပေးလိုက်ရတဲ့ စတာလင်ပေါင်သန်း (၁၀၀) ကျော် ပြောင်းရွှေ့ကြေးဟာ မုန့်ဖိုးတခေါက်စာလောက်ပဲ သဘောထားရမလို ဖြစ်နေပါပြီ..။

ရက်ရှ်မင် ချောင်ဒရီ - ဒီနေ့ပွဲမှာ ပွဲထွက်လာခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ နောက်တန်းကနေ ရှေ့တန်းအထိ ကစားသမားတွေအများကြီး အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်..။ ဒါပေမယ့် မွိုက်စ် ကိုင်ဆီဒို နဲ့ အင်ဇို ဖာနန်ဒက်စ် တို့နှစ်ယောက်ကတော့ ကြံ့ခိုင်မှုပြည့်ဝနေတဲ့အချိန်တိုင်း ပွဲထွက်လူစာရင်းမှာ အမြဲတမ်းလိုလို ပါဝင်လေ့ရှိပါတယ်..။ သူတို့နှစ်ယောက်ရဲ့ နားလည်မှု၊ အတွဲအစပ်ဟာ ချယ်လ်ဆီးအသင်း ကစားကွက်ရဲ့ အဓိကကျောရိုး.. အထိုင် ဖြစ်လာပြီလား..? အထူးသဖြင့် ကစားသမားတွေ အပြောင်းအလဲများလွန်းတဲ့အခါ သူတို့နှစ်ယောက်က အသင်းအတွက် လိုအပ်နေတဲ့ တည်ငြိမ်မှု (stability) ယူဆောင်ပေးနိုင်မယ်.. လို့ ယူဆနိုင်ပြီလား..?

ဂျိုလီယန် လက်စ်ကော့ - Yeah..! သူတို့နှစ်ယောက် ချယ်လ်ဆီးအသင်းကို ရောက်ရှိလာတဲ့အချိန်ကလည်း အတူတူလောက်ပဲဗျ..။ ဒါ့ကြောင့်ကွင်းတွင်းမှာရော၊ ကွင်းပြင်ပမှာပါ နားလည်မှုတွေ၊ ရင်းနှီးမှုတွေ၊ တွဲဖက်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်..။ သူတို့နှစ်ယောက်ဟာ တယောက်နဲ့တယောက် နားလည်မှုကောင်းနေတာ အသေအချာပဲဗျ..။ အင်ဇို ဖာနန်ဒက်စ် ဟာ ဒီနေ့ပွဲမှာ တိုက်စစ်ပိုမို လိုက်ပါခဲ့ရပါတယ်..။ ဒုတိယပိုင်း ဂိုးလိုလာတဲ့အခါ မွိုက်စ် ကိုင်ဆီဒို ဟာ ခံစစ်ကိုအားပြုရတဲ့ တာဝန်ယူရပေမယ့် တိုက်စစ်မှာ ရနိုင်သလောက် လိုက်ပါခဲ့ပြီး သူ့ရဲ့ကြိုးစားမှုဟာ ဆုလာဘ်ကောင်း ပြန်လည်ရရှိခဲ့ပါတယ်..။

 
 ရက်ရှ်မင် ချောင်ဒရီ - ဒီနေ့ပွဲမှာ man of the match ရသင့်တဲ့ နောက်ထပ် ကစားသမားတယောက်က Pafos အသင်းရဲ့ဂိုးသမား ဂျေး ဂေါ့တား ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ကန်ချက်တွေကို ကာကွယ်ရင်း သူလည်းအင်မတန်မှ အင်မတန်အလုပ်များခဲ့တယ်.. မဟုတ်လားရှင့်..?

ဂျိုး ကိုးလ် - မှန်တာပေါ့..။ သိပ်ကိုအလုပ်များခဲ့သလို သူ့ရဲ့ကာကွယ်မှုတွေ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ ပထမပိုင်းမှာ မွိုက်စ် ကိုင်ဆီဒို ရဲ့ ကန်ချက်ကို ကာကွယ်ခဲ့တာရယ်..၊ အက်စ်တီဗာအို ရဲ့ မြေမကျကန်ချက်တွေကို ကာကွယ်ခဲ့မှုတွေဟာ မယုံနိုင်စရာပါပဲ..။ အဲဒီဒတ်ချ် ဂိုးသမားဟာ အခုလိုချန်ပီယံလိဂ်ပြိုင်ပွဲအဆင့် အတွေ့အကြုံ အများကြီးမရှိခဲ့ပါဘူး..။ ဒါပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်တွေ အမှားအယွင်းမရှိခဲ့သလို မွိုက်စ် ကိုင်ဆီဒို ရဲ့ ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ ကန်သွင်းချက်တကြိမ်ကို ကာကွယ်ခဲ့တာဟာ လူထိပြီး လမ်းကြောင်းပြောင်းသွားတဲ့ ဘောလုံးကို ကာကွယ်ခဲ့ရတာ ဖြစ်တဲ့အတွက် အနှေးပြကွက်တွေ ပြန်ကြည့်တဲ့အခါ ပိုပြီးကောင်းမွန်ခဲ့တာ တွေ့ခဲ့ရပါတယ်..။

တကယ်တမ်းမှာ ဂိုးသမား ဂေါ့တား အပြင် Pafos အသင်း ကစားသမားတိုင်းကို ချီးကျူးဖို့ကောင်းတယ်ဗျ..။ သူတို့တွေဟာ အသေးစိတ်လေးတွေကအစ သေသေချာချာ ပြင်ဆင်လာခဲ့ပြီး အမှားအယွင်းမရှိခဲ့ကြသလို စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကနေ ဂုဏ်ယူလောက်တဲ့ စွမ်းဆောင်ရည်နဲ့အတူ ခေါင်းမော့၊ ရင်ကော့ပြီး ဆိုက်ပရပ်စ် ကို ပြန်နိုင်မှာပါ…။ အဝေးကွင်းကို လိုက်ပါအားပေးကြတဲ့ သူတို့ပရိသတ်တွေကလည်း အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရခဲ့ကြပါလိမ့်မယ်..။

ရက်ရှ်မင် ချောင်ဒရီ - ဂျိုလီယန် ရေ.. ဒီနေ့ပွဲမှာ Pafos အသင်းကစားသလို ကိုယ့်ရဲ့ခြေထဲ ဘောလုံးမရှိပဲ off the ball အချိန်အများစုနဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရတာ ဘယ်လောက်အထိ ခက်ခဲလဲရှင့်..? 
ဂျိူလီယန် လက်စ်ကော့ - အထူးသဖြင့် off the ball မှာ ပြိုင်ဘက်ကို ဘောလုံးပေးပြီး ကစားလေ့ မရှိတဲ့အသင်းဆိုရင် ပိုပြီးတော့ ခက်ခဲနိုင်ပါတယ်..။ သူတို့ဟာ ဇာတိမြေ ဆိုက်ပ်ရပ်စ် မှာတော့ ပြိုင်ဘက်အသင်းတွေကို လွှမ်းမိုးပြီး ကစားကြမှာကိုးဗျ..။ ဒါ့ကြောင့်ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ အခွင့်အရေးတွေ ဖန်တီးပြီး ကစားတတ်တဲ့အသင်း ဖြစ်ပုံရပါတယ်..။

ခံစစ်ကစားသမားတွေဆိုရင် ဖိအားပိုပြီးများမှာပေါ့..။ ဒါ့အပြင်အဲဒီလို ပြိုင်ဘက်အသင်းကို ဘောလုံးပေးပြီး ကစားမယ့် ချဉ်းကပ်ပုံကို လေ့ကျင့်ကွင်းမှာ ပြင်ဆင်ရတာ အင်မတန်ခက်ခဲပါတယ်..။ သူတို့ရဲ့ကစားနေကျပုံစံ မဟုတ်ဘူးလေဗျာ..။ တခါတလေကျတော့ ကြိုတင်ပြင်ဆင်ထားတာ မဟုတ်ပဲနဲ့ ပွဲရဲ့အနေအထားအရ အောက်စီးကို လုံးဝရောက်သွားတတ်တာတွေ ရှိတတ်ပါတယ်..။ ဒါပေမယ့် Pafos အသင်းဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ချယ်လ်ဆီးအသင်းကို ဘောလုံးပေးကိုင်ပြီး သူတို့ရဲ့ဂိုးဧရိယာထိပ်ကပဲ ပိတ်ဆို့ကစားဖို့ ပြင်ဆင်လာခဲ့မှာပါ..။ ဒါ့အပြင် သူတို့ဘက်က တန်ပြန်တိုက်စစ်တွေကနေ အခွင့်အရေးတချို့ ရခဲ့ပါသေးတယ်..။ ချယ်လ်ဆီးအသင်းအနေနဲ့ ပြိုင်ဘက်တွေက fast break တွေနဲ့ ထိုးဖောက်လာရင် အခွင့်အရေးတွေ မပေးရအောင် ဘယ်လိုပိတ်ဆို့ရမယ်.. ဆိုတာ ထပ်ပြီးလေ့ကျင့်ရဦးမယ်.. ထင်ပါတယ်..။



ရက်ရှ်မင် ချောင်ဒရီ - ဟုတ်ကဲ့ပါရှင့်..။ စတန်းဖို့ဒ် ဘရစ်ချ်ပရိသတ်တွေရဲ့ မျှော်လင့်ချက်၊ စိတ်လှုပ်ရှားရတဲ့ နောက်ထပ် ကစားသမား တယောက်က အက်စ်တီဗာအို ဝီလီယံ ဖြစ်ပါတယ်..။ ဒုတိယပိုင်းအစမှာ ရိစ် ဂျိမ်းစ် ရဲ့ အစား လူစားဝင်လာခဲ့ပြီး သူ့ရဲ့ဆွဲထွက်မှုတွေ၊ အတိုးအလှုပ်တွေဟာ Pafos အသင်း နောက်ခံလူတွေ ခန့်မှန်းရ ခက်ခဲခဲ့သလို တကယ့်ကို တောက်ပဦးမယ့် ကြယ်ပွင့်ကစားသမား.. ဆိုတာ သိသာ၊ ထင်ရှားလှပါတယ်..။ အနာဂတ်မှာ အခုထက်ပိုပြီး ကောင်းမွန်၊ တိုးတက်လာဦးမှာ သေချာနေပေမယ့် အခုအချိန်မှာကို သူ့ရဲ့ပင်ကိုယ်ပါရမီ ခြေစွမ်းဟာ သိပ်ကိုထူးချွန်လွန်းနေပါပြီရှင့်..။ သူ့ရဲ့ထိချက်တိုင်း၊ လှုပ်ရှားမှုတိုင်းဟာ တကယ့်ကို ရင်ခုန်၊ စိတ်လှုပ်ရှားစရာ.. မဟုတ်လားရှင့်…

ဂျိုး ကိုးလ် - သူဟာမသွေးရသေးတဲ့ ကျောက်ရိုင်းတပွင့်သာ ဖြစ်နေသေးပေမယ့် အဖိုးအနဂ္ဂ ထိုက်တန်လွန်းနေပါပြီ..။ သူ့ရဲ့လှုပ်ရှားမှုတိုင်းဟာ ခွန်အားအပြည့်နဲ့ လျှင်မြန်လှသလို ကြည့်ရတဲ့ ပရိသတ်တွေကိုလည်း ဖမ်းစားနိုင်စွမ်း ရှိပါတယ်..။ ကျွန်တော်တို့ ချယ်လ်ဆီးအသင်းရဲ့ အစဉ်အလာမှာ ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ ခေတ် မတိုင်ခင်ကတည်းက ပရိသတ်တွေ လက်မှတ်ဝယ်ပြီး ပိုက်ဆံပေး.. ကြည့်ချင်စိတ် ဖြစ်ပေါ်လာအောင် ဆွဲဆောင်နိုင်စွမ်းရှိခဲ့တဲ ကစားသမားတွေ ရှိခဲ့ပါတယ်..။ ဂီယန်ဖရန်ကို ဇိုလာ၊ ပီတာ အော့စ်ဂွတ်၊ ချာလီ ကွတ်ခ်.. စတဲ့ ထိပ်တန်းကစားသမားတွေအများကြီးပါ..။

ရိုမန် အေဘရာမိုဗစ်ချ် ဝယ်ယူပြီးနောက်ပိုင်း တကယ့်ဒိပ်ဒိပ်ကြဲ ကစားသမားတွေနဲ့ ဖြည့်ဆည်းခဲ့တာကြောင့် ခြေစွမ်းထက်တဲ့ ကစားသမားတွေဆိုတာ တပုံတပင်ပါပဲ..။ ဒါပေမယ့် ပရိသတ်တွေ သဘောကျတဲ့၊ ပရိသတ်တွေ အမြဲတမ်း မြင်တွေ့ချင်နေတဲ့ ကစားသမား.. ဆိုတာ သီးသန့်ရှိတယ်ဗျ..။ အက်စ်တီဗာအို ဟာ အဲဒီလို ကစားသမား ဖြစ်ပါတယ်..။ အက်စ်တီဗာအို ကွင်းထဲဝင်လာတာနဲ့ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းကိုစိတ်လှုပ်ရှားရပါတယ်..။ ချယ်လ်ဆီးအသင်း ပွဲထွက်လူစာရင်း ထွက်လာပြီ.. ဆိုရင် အက်စ်တီဗာအို ပါလား၊ မပါဘူးလား.. အရင်ဆုံး ရှာဖွေလေ့ရှိပါတယ်..။ 

ရက်ရှ်မင် ချောင်ဒရီ - သူဟာအခုမှ အသက် (၁၈) နှစ်ပဲ ရှိနေပါသေးတယ်..။ ဒါ့ကြောင့်သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို မြင်တွေ့ရမယ့်အချိန်တွေ အများကြီးရှိဦးမှာပါ..။ အက်စ်တီဗာအို ဟာ ဒီနေ့ပွဲမှာ ပွဲထွက်လာတဲ့ အထောင်တိုက်စစ်မှူး လီယန် ဒီလပ် နဲ့ ကစားပုံ လုံးဝခြားနားပါတယ်..။ သူဟာပြိုင်ဘက်အသင်းတွေ မျှော်လင့်မထားတဲ့ ထိုးဖောက်မှု၊ လှုပ်ရှားမှုတွေနဲ့ အသင်းကို ပံ့ပိုးပေးနိုင်မယ့်အပြင် သူ့ရဲ့တကိုယ်ရည် ကျွမ်းကျင်မှု၊ မှော်ဆန်တဲ့ လှုပ်ရှားမှုတွေဟာ ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်ဖို့ အရေးပါတဲ့ အရည်အချင်းတွေ ဖြစ်နိုင်တယ်မလား..?

ဂျိုလီယန် လက်စ်ကော့ - သေချာတာပေါ့..။ သူဟာ လီယန် ဒီလပ် တို့နဲ့ လုံးဝကို ကွဲပြား၊ ခြားနားပါတယ်..။ အက်စ်တီဗာအို ဟာ လွတ်လွတ်လပ်လပ် ကစားတတ်တယ်..၊ သူ့ရဲ့ခြေစွမ်းအပေါ်မှာ ယုံကြည်မှုအပြည့် ရှိနေပါတယ်..။ ဘရာဇီးလ်မှာကတည်းက သူဟာတာဝန်ယူရဲတဲ့ ကစားသမား၊ ရဲရင့်တဲ့သူ ဖြစ်နေပါပြီ..။ အဲဒီလို ကိုယ့်ရဲ့ခြေစွမ်းအပေါ်မှာ ယုံကြည်မှုအပြည့် ရှိနေတဲ့ ကစားသမား.. ဆိုတာ အတော်လေး ရှားပါးတယ်လို့ ပြောရမှာပါ..။ ဒုတိယပိုင်းမှာ သူဟာတကယ့်ကို ထူးခြားတဲ့၊ ဂိုးရနိုင်လောက်တဲ့ အခိုက်အတန့်တွေ ဖန်တီးနိုင်ခဲ့ပါတယ်..။ ဒီနေ့ပွဲမှာတော့ ပွဲချိန်နောက်ပိုင်းမှာ ခြေနည်းနည်းပျောက်သွားသလိုပါပဲ..။

 
Pafos အသင်းဘက်ကလည်း သူဟာဒုက္ခပေးနိုင်မယ့် ကစားသမား.. ဆိုတာ သိလာတာကြောင့် နှစ်ယောက်၊ သုံးယောက်ထပ်ပြီး အဆင့်ဆင့် ဖျက်ထုတ်ခဲ့တာကြောင့်လည်း ပါဝင်ပါတယ်..။ သူဟာအခုထက်ပိုပြီး အတွေ့အကြုံ များလာမယ်..၊ ရင့်ကျက်လာမယ်..၊ ကစားပွဲအပေါ် နားလည်နိုင်စွမ်း၊ ပွဲအပေါ် ဖတ်နိုင်စွမ်း ပိုပြီးကောင်းမွန်လာမယ်ဆိုရင် ပြိုင်ဘက်တွေအတွက် တကယ့်ကို ကြောက်စရာကောင်းတဲ့ တိုက်စစ်မှူးတယောက် ဖြစ်လာမှာပါ..။

ရက်ရှ်မင် ချောင်ဒရီ - ပွဲအပြီးသတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန် နည်းပြလီယန် ရိုဆီနာ ဟာ မေးခွန်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ သတိထားပြီး ဖြေကြားသွားခဲ့ပါတယ်..။ သူဟာနက်နက်နဲနဲ တွေးတောတတ်တဲ့သူ တယောက် ဖြစ်တာကြောင့် ဒီနေ့ပွဲကို အသေအချာ ခွဲခြမ်းစိတ်ဖြာပြီး အသင်းရဲ့ကောင်းတဲ့အချက်၊ လိုအပ်နေတဲ့အချက်၊ ပြုပြင်ဖို့လိုအပ်နေတဲ့ အရာတွေကို မှတ်သားထားခဲ့မှာပါ..။ ရှင်တို့ရဲ့အမြင်နဲ့ဆိုရင် ပြီးခဲ့တဲ့ပွဲကနေ ချယ်လ်ဆီးအသင်းအတွက် တိုးတက်မှုအရှိဆုံး၊ ကျေနပ်ဖို့အကောင်းဆုံးအရာတွေက ဘာတွေဖြစ်မလဲရှင့်..?

ဂျိုး ကိုးလ် - ကစားသမားတွေရဲ့ တုံ့ပြန်မှု၊ ကိုယ်နေကိုယ်ဟန်ထား (body language) ဖြစ်ပါလိမ့်မယ်..။ ပွဲချိန်မိနစ် (၆၀) ကျော်လာတာနဲ့ ကစားသမားတွေဆီမှာ စိတ်လှုပ်ရှားမှုတွေ ပိုပြီးများပြားလာတာ သတိပြုမိပါတယ်..။ ဒါပေမယ့် တချိန်ချိန်မှာ အနိုင်ဂိုးသွင်းနိုင်လိမ့်မယ်.. ဆိုတဲ့ ခံစားချက်တော့ ရရှိပါတယ်..။ ဒါ့ကြောင့်ကစားသမားတွေရဲ့ တုံ့ပြန်မှု၊ တည်တည်ငြိမ်ငြိမ် ရှိနေမှုကိုတော့ ကျေနပ်မိပါတယ်..။ နောက်ပြီးရင် ‘မွိုက်စ် ကိုင်ဆီဒို’ ပေါ့ဗျာ..။ ဒီနေ့ပွဲမှာ သူဟာ Pafos အသင်းရဲ့ ခံစစ်ဇုန်ထဲကလွဲရင် တကွင်းလုံးကို ထိန်းချုပ်၊ စိုးမိုးထားနိုင်ခဲ့ပါတယ်..။ တကယ်တမ်းဆိုရင် သူဟာ နှစ်ဂိုး၊ သုံးဂိုးလောက် ရခဲ့သင့်ပါတယ်..။

အဲဒီအချက်တွေကလွဲရင် စိတ်ကျေနပ်စရာ များများစားစား မရှိခဲ့ပါဘူး..။ အရေးအကြီးဆုံး ကျေနပ်စရာကတော့ ‘အနိုင်ပွဲ’ ပေါ့ဗျာ..။ နိုင်ပွဲရခဲ့ပြီဆိုရင် အနိုင်ရလဒ်နဲ့အတူ တွဲဖက်ပါလာမယ့် တခြားကျေနပ်စရာအားလုံးဟာ အပိုဆုလာဘ် (bonus) ဖြစ်ပါတယ်..။ ဒါပေမယ့် တိုးတက်ဖို့ လိုအပ်နေတဲ့အရာတွေ အများကြီးရှိနေပါတယ်..။ ခရစ္စမတ်ကာလ ပြီးတာနဲ့ မန်နေဂျာပြောင်းလဲသွားတယ်..၊ မန်နေဂျာအသစ် ရောက်လာပါတယ်..။ ချယ်လ်ဆီးလို ထိပ်တန်းအသင်းကြီးမှာ မန်နေဂျာအပြောင်းအလဲဟာ အသင်းသားတွေအပေါ် အနည်းနဲ့အများ ရိုက်ခပ်မှုတွေ ရှိပါတယ်..။ အထူးသဖြင့် တသင်းလုံးဟာ လူငယ် ကစားသမားတွေ ဖြစ်နေပြီး အသင်းကိုတည်ငြိမ်အောင် ထိန်းပေးနိုင်မယ့် ဝါရင့်ကစားသမားကြီးတွေ မရှိဘူး.. ဆိုတော့ ပိုဆိုးတာပေါ့ဗျာ..။



ကျွန်တော်တို့တွေ ခေတ်တုန်းကလည်း မန်နေဂျာအပြောင်းအလဲတွေမှာ မထင်မှတ်ထားတဲ့အရာတွေ ဖြစ်လာတတ်ပါတယ်..။ အဲဒီလိုကမောက်ကမအချိန်မှာ ကစားသမားတွေကို တည်ငြိမ်အောင် ထိန်းသိမ်းပေးနိုင်မယ့်သူ ရှိနေဖို့ လိုအပ်ပါတယ်..။ အခုအချိန်မှာ အပြောင်းအလဲကာလကို သူတို့တွေ ဘယ်လိုနည်းနဲ့ ရင်ဆိုင်ကြလဲ..? ကျွန်တော်မသိပါဘူး..။ လီယန် ရိုဆီနာ လည်း သိမှာမဟုတ်ပါဘူး..။ သူတို့တွေကလည်း လီယန် ရဲ့ အကြောင်းကို သိကြမှာ မဟုတ်ပါဘူး..။ ကစားသမားတွေဘက်ကလည်း နည်းပြသစ်ရဲ့အကြောင်းကို သိရဖို့ အချိန်တခု လိုအပ်ပါဦးမယ်..။ အန်စလော့တီ လို အထင်ကရ နည်းပြကြီးတွေ ရောက်လာတာနဲ့ မတူဘူးဗျ..။

အဲဒီလိုတယောက်အကြောင်းတယောက် သေချာမသိကြတဲ့ အနေအထားမှာ အကြိုဗိုလ်လုပွဲစဉ်တပွဲ အပါအဝင် မတူညီတဲ့ ပြိုင်ပွဲကြီးလေးပွဲ ယှဉ်ပြိုင်ရပါတယ်..။ အဓိကအရေးအကြီးဆုံးက ‘အနိုင်ရဖို့’ ပါပဲ..။ ကစားသမားတွေဟာ လူငယ်လေးတွေ ဖြစ်ကြပေမယ့် နိုင်ပွဲဆာလောင်စိတ် ရှိကြသလို ဆုဖလားတွေ ဆွတ်ခူးဖူးတဲ့ အဓိပ္ပါယ်ကို နားလည်ကြပါတယ်..။ ဒါပေမယ့် အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေတဲ့အရာတွေ အများကြီးရှိနေပါသေးတယ်..။

ဂျိုလီယန် လက်စ်ကော့ - တချို့ကစားသမားတွေရဲ့ တဦးချင်း စွမ်းဆောင်ရည်တွေဟာ ကျေနပ်စရာကောင်းတဲ့ တိုးတက်မှုတွေအဖြစ် မှတ်ယူနိုင်ပါမယ်..။ ဒါပေမယ့် အစောက ဂျိုး ပြောခဲ့သလို အသင်းလိုက် တိုးတက်ဖို့ လိုအပ်နေတဲ့အရာ၊ ပြင်ဆင်ရမယ့်အရာတွေ အများကြီးပါပဲ..။ အထူးသဖြင့် ဂိုးရှေ့မှာ အဆုံးသတ်ကောင်းပြီး အခွင့်အရေး တကြိမ်ဆိုတကြိမ်.. ထိထိမိမိ အသုံးချနိုင်မယ့် အသင်းအဖြစ် မရောက်ရှိသေးပါဘူး..။ လာမယ့်အပါတ် နာပိုလီအသင်းနဲ့ အဝေးကွင်းပွဲမှာ အနိုင်ရဖို့ဆိုရင် ဂိုးသွင်းအဆုံးသတ်ပိုင်းမှာ အခုထက်ပိုပြီး သေချာဖို့ လိုအပ်ပါမယ်..။ 

နောက်ပြီးဂိုးသွင်းခွင့်တွေကို ပုံစံမျိုးစုံနဲ့ ဖန်တီးနိုင်ရပါမယ်..။ ပထမပိုင်းမှာဆိုရင် ဘောလုံးကို တောင်ပံတွေ ထိုးပေးပြီး ဖြတ်တင်ဘောတွေနဲ့ပဲ ထပ်ခါတလဲလဲ ထိုးဖောက်နေပါတယ်..။ အီတလီအသင်းတွေနဲ့ဆိုရင် အဲဒီလိုပုံစံ ထိုးဖောက်နေလို့က မိုးတောင်လင်းသွားပါလိမ့်မယ်..။ သူတို့ဘက်က အခွင့်အရေး ရသွားတာနဲ့ ပိုတောင်ခက်ခဲသွားပါလိမ့်မယ်..။ ဒါ့အပြင် အသင်းရဲ့ခံစစ်ပိုင်းမှာ နောက်ခံလူတွေရဲ့ တဦးချင်းဖျက်ထုတ်မှုတွေ၊ ခံစစ်ကစားပုံတွေ ပိုပြီးကောင်းမွန်ဖို့ လိုအပ်နေပါသေးတယ်..။