feature-image

အပြာရောင်လူကြမ်း တိုက်စစ်မှူးကြီးရဲ့ ဖွင့်ဟချက်များ (၁)

ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား နှစ်ကြိမ် ဆွတ်ခူးခဲ့သော ဘရာဇီးလ်လူမျိုး စပိန်လက်ရွေးစင် တိုက်စစ်မှူး ဒီယေဂို ကော်စတာ မှာ သူ၏ထီမထင်သည့်ပုံစံနှင့် ခပ်ကြမ်းကြမ်း ကစားပုံတို့ဖြင့် စပိန်မြေနှင့် အင်္ဂလန်မြေမှ ခံစစ်မှူးများကို အိပ်ရေးပျက်ညများ ဖန်တီးပေးခဲ့သူဖြစ်သည်..။ ပရီးမီးယားလိဂ်နှင့် ကမ္ဘာ့ဘောလုံးရပ်ဝန်းမှ ပျောက်ကွယ်နေသော တိုက်စစ်မှူးကြီးမှာ အပြာရောင်အသင်းဖော် နိုက်ဂျီးရီးယား ကွင်းလယ် ကစားသမား ဂျွန် အိုဘီ မီခေးလ် ၏ The ObiOne Podcast အစီအစဉ်မှတဆင့် အပြာရောင်တို့နှင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှ လွမ်းမောဖွယ် နေ့ရက်များ၊ ဟိုဆေး မော်ရင်ဟို နှင့် ဒီယေဂို ဆီမြွန်နီ တို့လို ဒိပ်ဒိပ်ကြဲ နည်းပြများအပေါ် သူ၏ထင်မြင်ချက်များနှင့် ၂၀၁၆ ခုနှစ်က တော့တင်ဟမ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ဂန္ထဝင်ပွဲတပွဲဖြစ်သည့် ‘Battle of Stamford Brige’ ဇာတ်ကြောင်းပြန်.. တို့ကို အပိုင်း (၁) အဖြစ် တင်ဆက်ပေးလိုက်ပါသည်..။

အခန်း (၁) လွမ်းမောဖွယ် အပြာရောင် နေ့ရက်များ…

ခရစ်စ် မက်ခ်ဟာဒီ -
အခုကျွန်တော်တို့ လန်ဒန်ကို ပြန်ရောက်နေပါပြီ။ ဒီမှာတော့ အရင်ကထက် ပိုပြီးကြည့်ကောင်းနေတဲ့ လူတစ်ယောက် ကျွန်တော်တို့နဲ့အတူ ရှိနေပါတယ်။ သူဟ, အသက်ကြီးလာလေ ပိုကြည့်ကောင်းလာလေပါပဲ။ သူကြည့်ရတာ အခုချက်ချင်း လက်သီးနဲ့ထပြီး ထိုးချင်နေသလိုပဲ.. ဟားဟား..။ ကျွန်တော် ကောင်းတာတွေပဲ ပြောနေတာပါ ဒီယေဂို..။ ခင်ဗျားကိုကြည့်ရတာ တကယ် နေကောင်း၊ ကျန်းမာပုံ ရပါတယ်။ ဒါပေမယ့်ကျွန်တော် အခုကြောက်နေပါပြီ။ ခင်ဗျားက ကျွန်တော့်ကို အခုတည်းက ခြောက်လှန့်နေပြီဗျ..။

ဂျွန် အိုဘီ မီခေးလ် - ကြိုဆိုပါတယ် ဒီယေဂို..။ ကျွန်တော်တို့ရဲ့ Podcast ကနေ ကြိုဆိုပါတယ်။ အခုလိုလာရောက်ပေးတာ ကျေးဇူးပါပဲ..။ နေကောင်းရဲ့လား..? အဆင်ပြေရဲ့လား..? အခုလက်ရှိ ဒီယေဂို ကော်စတာ ဘာတွေလုပ်နေလဲ? ပြောပြပေးပါဦး။ ဘာတွေလုပ်ဖြစ်နေလဲ..? ခင်ဗျားအတွက် အခုအချိန်မှာ ဘဝဆိုတာ ဘာလဲဗျ..?

ဒီယေဂို ကော်စတာ - အခုလက်ရှိမှာ ကျွန်တော့်သားလေးရဲ့ ဒိုင်ဘာ (diaper) လဲပေးနေရတာပေါ့။ ကျွန်တော့်မှာ (၇) လသားအရွယ် သားလေးတစ်ယောက် ရှိပါတယ်။ ကျွန်တော်ဟာ အဝေးမှာအကြာကြီး နေခဲ့ရလို့ အခုတော့ မက်ဒရစ်မှာ မိသားစုနဲ့အတူ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်မှာ ကျွန်တော်ဟာ ဘရာဇီးလိဂ်မှာ သွားကစားနေခဲ့တာပါ..။ မိသားစုက မက်ဒရစ်မှာ ကျန်ခဲ့တယ်။ ကျွန်တော့်မှာ ကျောင်းတက်နေတဲ့ သမီးနှစ်ယောက်ရှိပါတယ်..။ အဲ့ဒီတုန်းက သူတို့နားမှာ မရှိပေးနိုင်ခဲ့ဘူး။ ကျွန်တော်က ဘရာဇီးမှာ တစ်ယောက်တည်း၊ သူတို့က မက်ဒရစ်မှာ..။ ဒါကြောင့်မက်ဒရစ်ကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့ပြီး အခုတော့ မိသားစုနဲ့အတူ အချိန်ပေးတာကို ပျော်ရွှင်နေပါတယ်။



ဂျွန် အိုဘီ မီခေးလ် - တစ်နေ့ကို ဒိုင်ဘာ ဘယ်နှစ်ခုလောက် လဲပေးရလဲ?

ဒီယေဂို ကော်စတာ - ပုံမှန်ဆို နှစ်ခုပေါ့။ အီအီးတွေ အများကြီးပါတဲ့အခါမျိုးဆိုရင် သူ့အမေ ပြန်လာတဲ့အထိ စောင့်ပြီးမှ လဲခိုင်းတတ်တယ်။ ဒါပေမယ့် ကျွန်တော် အဆင်ပြေပြေ လုပ်နိုင်ပါတယ်။ အဆုံးမှာတော့ တစ်ခုခု လုပ်နေရတာပေါ့ဗျ..။ ဘာလို့လဲဆိုတော့ ကစားသမားဘဝတုန်းက အရမ်းတက်ကြွပြီး အလုပ်များတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာလေ။ အခုအနားယူနေတဲ့အချိန်မှာ ဘာမှမလုပ်ဘဲနေရင် ခက်ခဲသွားလိမ့်မယ်။ ကလေးငယ်လေးတွေနဲ့ ကျွန်တော့်အလုပ်က တကယ်ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒါကို သဘောကျမိပါတယ်။

ဂျွန် အိုဘီ မီခေးလ် -
တရားဝင်ပေါ့... ကျွန်တော်တို့ မကြားရသေးလို့ပါ။ ခင်ဗျား တရားဝင် အနားယူလိုက်ပြီလား?

ဒီယေဂို ကော်စတာ - ဖြစ်နိုင်ပါတယ်။ အများကြီး ဖြစ်နိုင်ပါတယ်။ ကစားဖို့ အသင်းအသစ် အခုထိ မရှာဖြစ်တော့ဘူး။ ဘရာဇီးမှာဆက်နေဖို့ ဒါမှမဟုတ် တခြားနေရာသွားဖို့ ရွေးချယ်စရာတွေ ရှိခဲ့ပေမယ့် ဘယ်အရာကမှ ဆက်ကစားချင်စိတ် မဖြစ်စေခဲ့ပါဘူး။ အမှန်အတိုင်းပြောရရင် အခုအချိန်မှာ ကျွန်တော် နေလို့ကောင်းပါတယ်..။ ဒါပေမယ့် ကစားဖို့အတွက် စိတ်အားထက်သန်မှု (motivation) ရှိဖို့ လိုအပ်တယ်လေ။ ကစားချင်ရုံသက်သက်နဲ့ ကစားနေလို့ မရဘူး၊ နောက်ဆုံးမှာတော့ မိသားစုနဲ့ပဲ အတူရှိရမှာပါ။ ဒါကြောင့် ကစားသမားဘဝ ပြီးဆုံးပြီလို့ ထင်ပါတယ်။ နှစ်ကုန်ပိုင်းကျရင် နောက်ဆုံးဆုံးဖြတ်ချက် တစ်ခုခုချမှာပါ။



ခရစ်စ် မက်ခ်ဟာဒီ - ခင်ဗျား ၂၀၁၄ ကနေ ၂၀၁၇ အထိ ချယ်လ်ဆီးအသင်းမှာ (၃) နှစ် ကြာခဲ့ပါတယ်။ ချယ်လ်ဆီးမှာ ကုန်ဆုံးခဲ့တဲ့အချိန်တွေကို ဘယ်လို ပြန်ပြောင်းသတိရမိလဲ? စတမ်းဖို့ဒ်ဘရစ်ချ်က (၃) နှစ်တာ ကာလဟာ ခင်ဗျားရဲ့ ကစားသမားဘဝမှာ အပျော်ဆုံးအချိန်တွေ ဖြစ်ခဲ့လား?

ဒီယေဂို ကော်စတာ - ဟုတ်ပါတယ်၊ အမှန်အတိုင်းပြောရရင် အဲ့ဒီအချိန်တွေကို တကယ်သဘောကျခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ ရှိနေရတာ၊ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးရှိတဲ့ ချဲလ်ဆီးလို အသင်းမျိုးမှာ ရှိနေရတာတွေပေါ့ဗျာ..။ ဒီမှာကုန်ဆုံးခဲ့တဲ့ (၃) နှစ်တာကို ကျွန်တော် တကယ်ပျော်ခဲ့ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်ရခဲ့တယ်။ ကျွန်တော်လည်း ဂိုးတွေအများကြီး သွင်းနိုင်ခဲ့ပါတယ်..။ ပရိသတ်တွေနဲ့ အထူးအမှတ်ရနေမယ့် အခိုက်အတန့်တွေရှိခဲ့ပြီး ကြည်နူးဖို့ကောင်းတဲ့အချိန်တွေ ရခဲ့ပါတယ်။

အပြာရောင်တွေနဲ့ နေ့ရက်တွေဟာ ကျွန်တော့်ဘဝရဲ့ တကယ့်ကိုပျော်စရာကောင်းတဲ့ အချိန်တစ်ခုပါ။ ဒီမှာကောင်းမွန်တဲ့ အမှတ်တရတွေ အများကြီး ရှိခဲ့လို့လည်း စတန်းဖို့ဒ် ဘရစ်ချ်က ဂန္ထဝင်ကစားသမားတွေရဲ့ Legends Match မှာ ပါဝင်ပေးဖို့ ဖိတ်ခေါ်ခံရတာပါ။ ကျွန်တော် လာခဲ့ပါတယ်…။ ပုံမှန်အားဖြင့် အဲဒီလိုရန်ပုံငွေပွဲတွေ ကျွန်တော် သိပ်မကစားချင်ပါဘူး။ ဒါပေမယ့် လန်ဒန်ကို ရောက်မယ်၊ ပရိသတ်တွေနဲ့ တွေ့မယ်၊ ချဲလ်ဆီးအသင်းရဲ့ အပြာရောင်အင်္ကျီကို ပြန်လည်ဆင်မြန်းရမယ် (Legends Match ဆိုရင်တောင်မှပေါ့)၊ အသင်းဖော်ဟောင်းတွေနဲ့ ပြန်ဆုံရမယ်ဆိုတာ တွေးရင်းနဲ့ကို ရင်တွေခုန်လာပါတယ်။ သူတို့တွေက ကျွန်တော်ပြောတာ အမြဲတမ်း နားမလည်ကြပေမယ့် လက်ဟန်ခြေဟန် ဒါမှမဟုတ် ကျွန်တော့်ရဲ့ ပြောစကားတွေ အရိပ်အကဲဖမ်းနဲ့ နားလည်သွားကြတဲ့အခါ ကျွန်တော့်ကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်။ စတန်းဖို့ဒ် ဘရစ်ချ်မှာ ကျွန်တော့်ကို နွေးနွေးထွေးထွေး ကြိုဆိုကြတယ်လို့ ခံစားရပါတယ်။



အခန်း (၂) ဟိုဆေး မော်ရင်ဟို နှင့် ဒီယေဂို ဆီမြွန်နီ..

ခရစ်စ် မက်ခ်ဟာဒီ - ဒီယေဂို... ကျွန်တော်တို့ ဟိုဆေးမော်ရင်ဟိုအကြောင်း အများကြီး ပြောခဲ့ကြဖူးပါတယ်။ သူဟာထူးခြားတဲ့ ပင်ကိုယ်စရိုက် ရှိတဲ့သူပါ။ ဂျွန်... မင်းလည်း ပြောဖူးတယ်နော်၊ ဟိုဆေး က လူထက် နာမည်က ပိုကြီးတာ။ ကြည့်ရတာ ဒီယေဂို မှာလည်း ထူးခြားတဲ့ ပင်ကိုယ်စရိုက် ရှိပုံရတယ်။ ဟိုဆေး နဲ့ ခင်ဗျားတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ..?  သူနဲ့အတူ အလုပ်လုပ်ရတာ အဆင်ပြေကြရဲ့လား?

ဒီယေဂို ကော်စတာ - မော်ရင်ဟိုဟာ ကျွန်တော် အနှစ်သက်ဆုံး နည်းပြပါ။ အသင်းနိုင်နေတဲ့အချိန်ဆိုရင် သူဟာကစားသမား တစ်ယောက်အတွက် ရှိနိုင်သမျှ အကောင်းဆုံးနည်းပြပဲဗျ…။ ဘာဖြစ်လို့လဲဆိုတော့ သူဟာခင်ဗျားကို ခွန်အားတွေပေးနိုင်လို့ပါ။ လေ့ကျင့်ရေးဆင်းရတာ ပျော်စရာကောင်းတယ်..၊ အသင်းနိုင်ရင် ခင်ဗျားဟာ ပျော်ပျော်ပါးပါး နေလို့ရပါတယ်။ တကယ်လို့ အသင်းရှုံးပြီဆိုရင်တော့ မော်ရင်ဟို ဟာ ဘယ်လိုဖြစ်သွားမလဲ မသိဘူးဗျ..။ သူဟာအောင်မြင်မှုတွေ အများကြီးရခဲ့တော့ ရှုံးနိမ့်မှုကို ဘယ်လိုရင်ဆိုင်ရမလဲ မသိဘူး.. ထင်ပါတယ်။

ဒါပေမယ့် သူနဲ့လက်တွဲခဲ့ဖူးတဲ့သူတိုင်း သူ့နဲ့ ဆက်ဆံရေးကောင်းရှိကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ပွဲရနေရင် လေ့ကျင့်ခန်း အစီအစဉ်တွေဟာ ပျော်စရာကြီးလေ။ အားလပ်ရက်တွေလည်း ပေးတတ်တယ်။ ဒါ့အပြင် ခင်ဗျားရဲ့စကားတွေကို နားထောင်ပေးတဲ့သူ၊ ကြင်နာစိတ်ရှိတဲ့သူလည်း ဖြစ်ပါတယ်..။ မိသားစုကိစ္စဖြစ်ဖြစ်၊ အလုပ်ကိစ္စဖြစ်ဖြစ်၊ နေလို့မကောင်းတာပဲဖြစ်ဖြစ် တစ်ခုခုအကူအညီလိုရင် သူဟာ အမြဲတမ်း ဘေးနားမှာ ရှိနေပေးတတ်ပါတယ်။ သူက စရိုက်ပြင်းပေမယ့် နှလုံးသားနူးညံ့တဲ့သူပါ။



ဂျွန် အိုဘီ မီခေးလ် - ကောင်းလိုက်တာဗျာ..။ မော်ရင်ဟို အကြောင်းတော့ သိပြီ။ ခင်ဗျားဟာ အက်သလက်တီကို မက်ဒရစ် မှာလည်း အချိန်အများကြီး ကုန်ဆုံးခဲ့တာဆိုတော့ ဒီယေဂို ဆီမြွန်နီ အကြောင်းလည်း မေးရဦးမယ်။ သူကအဲ့ဒီမှာ အကြာကြီး ရှိနေခဲ့တာလေ။ သူဟာဝတ်လဲခန်းထဲမှာဆို ခင်ဗျားနဲ့လက်သီးချင်း ထိုးမယ့်ပုံစံမျိုး လို့ ကျွန်တော်ထင်မိတာပဲ။ ဆီမြွန်နီနဲ့ ပတ်သက်ပြီး အမှတ်တရဇာတ်လမ်းလေးတွေ ရှိလား..? သူဟာ ခင်ဗျားအတွက် ဘယ်လိုနည်းပြမျိုးလဲ။

ဒီယေဂို ကော်စတာ - ဆီမြွန်နီ က အရမ်း စိတ်အားထက်သန်၊ စိတ်ဓါတ်ပြင်းပြ (intensive) တဲ့သူလို့ ကျွန်တော် မထင်ပါဘူး။ ကွင်းဘေးမှာ သူစကားပြောတဲ့ပုံစံက နိုင်ချင်စိတ်ကို အများကြီး တွန်းအားပေးပါတယ်။ ဒါပေမယ့် သူဟာကစားသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတာကို မကြိုက်ပါဘူး။ ဘယ်တော့မှ ခင်ဗျားကိုတိုက်ရိုက် လာမပြောပါဘူး။ သူဟာအရမ်းကို ပါးနပ်တယ်ဗျ..။

သူက အဲ့ဒီမှာနှစ်အကြာကြီး ရှိနေခဲ့တာလေ။ ကစားသမားတစ်ယောက်နဲ့ ပြဿနာရှိရင်ဖြစ်ဖြစ်၊ ကစားသမားက စိတ်ဆိုးနေရင်ဖြစ်ဖြစ် ဘယ်တော့မှ ထိပ်တိုက်မတွေ့ပါဘူး။ အသင်းရုန်းကန်နေရတဲ့အချိန်မျိုးမှာ အကောင်းဆုံး ကိုင်တွယ်နိုင်တဲ့သူ ဖြစ်ပါတယ်..။ ဘာလို့လဲဆိုတော့ သူဟာအမြဲတမ်း အပြုသဘောဆောင်ပြီး ရှေ့ကိုပဲ တွန်းတင်ပေးတတ်တဲ့သူ ဖြစ်နေလို့ပါ။ ကစားသမားကို ဘယ်တော့မှ အပြစ်မတင်ဘူး၊ တာဝန်ယူစရာရှိရင် သူကပဲ ရှေ့ဆုံးက တာဝန်ယူတတ်ပါတယ်။ လေ့ကျင့်ခန်းတွေမှာတော့ အရမ်းကိုပြင်းထန်ပါတယ်။ ဒါပေမယ့် ကစားသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တာ မရှိပါဘူး။ ခင်ဗျားတို့ထင်တာနဲ့ ဆန့်ကျင်ဘက်ပဲဗျ..။ သူဟာ ကစားသမားတွေနဲ့ အကွာအဝေးတစ်ခုမှာပဲ နေတတ်ပါတယ်။

ဂျွန် အိုဘီ မီခေးလ် - ဟုတ်လား.. ဒါဆို ဒီယေဂို ဆီမြွန်နီ နဲ့ ဟိုဆေး မော်ရင်ဟို၊ ဘယ်သူနဲ့ လက်သီးချင်း ထိုးချင်လဲ..?

ဒီယေဂို ကော်စတာ - နှစ်ယောက်စလုံးကို အသာလေး နောက်ကောက် (knock out) ချလိုက်လို့ ရပါတယ်။ ကြောက်စရာမလိုပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော် မသိဘူး။ မော်ရင်ဟို လား? ကွန်တီ လား..?. ကျွန်တော်မသိပါဘူး။ သူတို့တွေကို ရန်ဘက်တွေအဖြစ် မမြင်မိပါဘူး။ ဒါပေမယ့် မော်ရင်ဟိုက လူမိုက်နဲ့ ပိုပြီးတူပါတယ်။ ဒါ့ကြောင့် ဆီမြွန်နီ ကိုပဲ ရွေးရမလားမသိဘူး.. ‘Cholo’(ဆီမြွန်နီ) နဲ့ လက်သီးထိုးရရင် ပိုကောင်းမှာပါ။ သူက အာဂျင်တီးနားက မဟုတ်လား.. ဟားဟား..။



အခန်း (၃) Battle of Stamford Bridge

ခရစ်စ် မက်ခ်ဟာဒီ - ဟားဟား.. တကယ်သဘောကျတယ်ဗျာ..။ ဒီယေဂို... ခင်ဗျားရဲ့ ကစားဟန်ကို ကျွန်တော်တို့အားလုံး တကယ်သဘောကျခဲ့တာပါ။ ခင်ဗျားဟာ ပရီးမီးယားလိဂ်မှာ နောက်ခံလူ အများကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ်။ အာဆင်နယ်က ကိုစီယယ်လ်နီ၊ စပါးက ဗာတွန်ဂန် တို့ပေါ့။ ခင်ဗျားကို အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့တာ ဘယ်သူလဲ? ပရီးမီးယားလိဂ်မှာ ဘယ်အသင်းနဲ့ ကစားရတာကို အကြိုက်ဆုံးလဲ? ဒီယေဂို ကော်စတာကို အကောင်းဆုံး စိန်ခေါ်နိုင်ခဲ့တဲ့အသင်းက ဘယ်အသင်းလဲ?

ဒီယေဂို ကော်စတာ - အားလုံးလို့ပဲ ထင်ပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော်က အဲဒီလိုနောက်ခံလူကောင်းတွေနဲ့ အမြဲတမ်း အကြိတ်အနယ် ကစားခဲ့ရတာပါ။ စပါးနဲ့ပွဲတွေကို သဘောကျတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီပွဲတွေမှာ ကျွန်တော်တစ်ယောက်တည်းတင် မဟုတ်ဘဲ လူတိုင်းနဲ့ ရန်ပွဲလို ဖြစ်နေခဲ့လို့ပါ။ ဘာကြောင့်လဲတော့ မသိဘူး၊ ကွင်းထဲမှာ အမြဲတမ်းရန်ပွဲတွေ ဖြစ်လေ့ရှိပြီး ကျွန်တော်လည်း အဲ့ဒီထဲမှာ အမြဲတမ်းပါနေတတ်တယ်။

ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ ဟာဇက် တောင် အဲ့ဒီထဲမှာ ပါလာတတ်တယ်။ နတ်သားလေးလို အေးအေးဆေးဆေး နေတတ်တဲ့ ဝီလီယံ လည်း ရန်တွေဖြစ်ကုန်တာပဲ..။ ဒါကြောင့် အဲ့ဒီပွဲက တကယ့်ကို အကြိတ်အနယ်ပဲဗျ..။ နောက်ပြီး လီဗာပူးက နောက်ခံလူ ဗန်ဒိုက်ခ် ပေါ့.. ဟုတ်တယ်..။ သူဟာတကယ်ကို ရင်ဆိုင်ရခက်တဲ့ နောက်ခံလူပါ..။ အမှန်အတိုင်းပြောရရင် ဒီမှာရှိတဲ့ နောက်ခံလူတွေဟာ အရမ်းကိုမာကျောကြတယ်။ သူတို့က အမြဲတမ်း ကန်နေ၊ တွန်းနေတာဆိုတော့ အမြဲတမ်း အသင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။



ဂျွန် အိုဘီ မီခေးလ် - ၂၀၁၅ တုန်းက ခင်ဗျားပြောတဲ့ စပါးနဲ့ပွဲပေါ့။ ဟုတ်တယ်.. ၂၀၁၅/၁၆ ဘောလုံးရာသီ၊ စတန်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ "Battle of the Bridge" လေ။ ကျွန်တော်လည်း အဲ့ဒီပွဲမှာ ပါဝင်ခဲ့ရတယ်။ ခင်ဗျားဟာမျက်လုံးတွေ နီရဲပြီး ဒေါသတွေထွက်နေခဲ့တာ..။ ဘယ်အရာတွေက ခင်ဗျားကို အဲ့ဒီလောက် ဒေါသတွေထွက်စေတာလဲ..? စပါးအသင်းမို့လို့ စတန်းဖို့ဒ် ဘရစ်ချ်မှာ သူတို့ကို အနိုင်မရစေချင်တာလား..? ဒါမှမဟုတ် တခြား တစ်ခုခုကြောင့်လား..?

ဒီယေဂို ကော်စတာ - ပွဲစကတည်းက သူတို့အသင်း နောက်ခံလူတွေက အတင်းလိုက်ကန်ကျောက်၊ လူချနေကြတာ..။ ဒီလိုနဲ့ဘတပြန်၊ ကျားတပြန် အကြိတ်အနယ် ဖြစ်လာပြီး ကိုယ့်အသင်းက ဘောလုံးကိုပဲ အေးအေးဆေးဆေး ကစားချင်တဲ့ လူအေးလေးတွေကိုကြည့်ပြီး စိတ်ပူလာတာပေါ့။ ဟိုဘက်ကစားသမားတွေက တကယ့်ကို ကြမ်းကြမ်းတမ်းတမ်း ကစားနေကြတာလေ..။ ကျွန်တော်လည်း မာမာထန်ထန်၊ ခပ်ကြမ်းကြမ်း ပြန်ကစားမှ ရမယ်လို့ ခံစားခဲ့ရပါတယ်..။ တကယ်တမ်းကျတော့ သူတို့ကရန်လာစပြီး အရှုပ်အထွေးတွေ လာလုပ်တာဗျ..။

စပါးအသင်းကို လေးစားမှုရှိပေမယ့် ကျွန်တော်တို့အသင်းက သူတို့ထက် ပိုပြီးကြီးကျယ်၊ ခမ်းနားတဲ့အသင်းပါ။ စပါးဟာ အသင်းကောင်းတစ်သင်းဆိုပေမယ့် ချယ်လ်ဆီးရဲ့ သမိုင်းကြောင်းနဲ့တော့ လာပြီးနှိုင်းယှဉ်လို့ မရပါဘူး။ အဲဒီပွဲတွေဟာ အရမ်းကို ကောင်းမွန်ပြီး အကြိတ်အနယ်ရှိလှတဲ့ ပွဲတွေပါ။ တကယ့်ကို ပျော်စရာကောင်းပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုကစားရတာ သဘောကျတယ်။ ရန်ပွဲတွေကလည်း ပွဲရဲ့တစိတ်တပိုင်းပေါ့ဗျာ..။



ဂျွန် အိုဘီ မီခေးလ် - အခုခေတ်ကိုလို VAR ရှိရင် အဲဒီပွဲမှာ ခင်ဗျားဟာအနီကတ် (၅) ကတ်လောက် သေချာပေါက်ထိတယ်..ဟားဟား..။ လူတွေကို ကန်တာတို့၊ ဆွဲတာတို့ပေါ့...။ ခင်ဗျားရဲ့အကြောင်း ကျွန်တော် သိနေတာပဲ.. ဒီယေဂို..။ ကျွန်တော်လည်း အဲဒီပွဲမှာ ခင်ဗျားနဲ့အတူ ရှိနေတာလေ။

ဒီယေဂို ကော်စတာ - ရဲဘော်ကြီးရာ... ဒါကတော့ ကျွန်တော်လည်း ကစားတဲ့ပုံစံကို ပြောင်းဖို့ကြိုးစားခဲ့ပါတယ်..။ ဒါပေမယ့် သူတို့က ကျွန်တော့်ရဲ့နောက်ကို တည့်တည့်လိုက်လာကြတာလေ။ ကျွန်တော်က သူတို့ကို အရင်ဆုံး ရန်သွားစလေ့ရှိပါတယ်။ ဒါက ပြိုင်ဘက်ကို လူချကစားရတာ သဘောကျလို့ မဟုတ်ဘူး..။ သူတို့ စိတ်လှုပ်ရှားသွားပြီး ကျွန်တော်ဆင်တဲ့အကွက်ထဲ ရောက်လာအောင်လုပ်တာပါ။ လူတစ်ယောက်က ဒေါသထွက်လာရင် ကစားပွဲမှာ ထိန်းချုပ်မှု လွတ်သွားတတ်တယ်လေ..။

ဒါပေမယ့် အဲဒါဟာမကောင်းတဲ့ ရည်ရွယ်ချက် ဒါမှမဟုတ် အကြမ်းဖက်ချင်တဲ့စိတ်နဲ့ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် ကျွန်တော် ဘယ်သူ့ကိုမှ တံတောင်နဲ့ မတွက်ဘူးဗျ..။ ကျွန်တော်က မာမာထန်ထန် ‘ဆွ’ ပြီး ကစားတာပဲ ရှိပါတယ်။ တစ်ယောက်ယောက်က ကျွန်တော့်ရဲ့နောက်ကို လိုက်လာရင် ပြန်ပြီးတုံ့ပြန်မှာပဲ..။ ဒါပေမယ့် မကောင်းတဲ့စိတ်နဲ့ ဘယ်တော့မှ မလုပ်ခဲ့ပါဘူး။

အပိုင်း (၂) ဆက်လက် တင်ဆက်ပါမည်..။