feature-image

အပြာရောင်လူကြမ်း တိုက်စစ်မှူးကြီးရဲ့ ဖွင့်ဟချက်များ (၂)

ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား နှစ်ကြိမ် ဆွတ်ခူးခဲ့သော ဘရာဇီးလ်လူမျိုး စပိန်လက်ရွေးစင် တိုက်စစ်မှူး ဒီယေဂို ကော်စတာ မှာ သူ၏ထီမထင်သည့်ပုံစံနှင့် ခပ်ကြမ်းကြမ်း ကစားပုံတို့ဖြင့် စပိန်မြေနှင့် အင်္ဂလန်မြေမှ ခံစစ်မှူးများကို အိပ်ရေးပျက်ညများ ဖန်တီးပေးခဲ့သူဖြစ်သည်..။ ပရီးမီးယားလိဂ်နှင့် ကမ္ဘာ့ဘောလုံးရပ်ဝန်းမှ ပျောက်ကွယ်နေသော တိုက်စစ်မှူးကြီးမှာ အပြာရောင်အသင်းဖော် နိုက်ဂျီးရီးယား ကွင်းလယ် ကစားသမား ဂျွန် အိုဘီ မီခေးလ် ၏ The ObiOne Podcast အစီအစဉ်မှတဆင့် ချယ်လ်ဆီးအသင်းတွင် တွဲဖက်တိုက်စစ်မှူးအဖြစ် လက်တွဲခဲ့ဖူးသူ ဒီဒီယာ ဒရော့ဘာ အပါအဝင် တိုက်စစ်မှူးများအပေါ် သူ၏ထင်မြင်ချက်များ၊ ပရီးမီးယားလိဂ်သို့ ခြေချမည့် ဘရာဇီးလ် လူငယ် ကစားသမားများအတွက် အကြံပြုချက်၊ နည်းပြအန်တိုနီယို ကွန်တီ နှင့် ပဋိပက္ခအကြောင်း တို့ကို အပိုင်း (၂) အဖြစ် တင်ဆက်ပေးလိုက်ပါသည်..။

အခန်း (၄) ကျွန်တော်နဲ့ တိုက်စစ်မှူးများ..

ခရစ်စ် မက်ခ် ဟာဒီ - ဒီယေဂို ရေ... ကျွန်တော်တို့ရဲ့ Podcast အစီအစဉ်မှာ အာဖရိကရဲ့ ဘုရင်ကြီး ဒီဒီယာ ဒရော့ဘာ အကြောင်း ခဏခဏ ပြောဖြစ်ပါတယ်။ ခင်ဗျားက ချယ်လ်ဆီးအသင်းမှာ သူ့ရဲ့နေရာကို ဆက်ခံခဲ့တဲ့သူပေါ့။ ဒီယေဂို...  ခင်ဗျားက ဘယ်လို စရိုက်မျိုး ရှိသလဲ..? ဒရော့ဘာ ရဲ့ နောက်မှာ ဆက်ကစားရတဲ့အတွက် ဖိအားတွေ ခံစားရလား? ဒါမှမဟုတ် "ငါဟာ ဒီအသင်းရဲ့ အဓိကလူပဲ၊ ချယ်လ်ဆီးအသင်းက တိုက်စစ်မှူးကောင်းတွေရဲ့ လမ်းစဉ်အတိုင်း ဆက်လျှောက်မယ့်သူပဲ" ဆိုတာကို သက်သေပြဖို့ လိုအပ်ခဲ့တယ်လို့ ခံစားမိခဲ့လား..?

ဒီယေဂို ကော်စတာ - ချယ်လ်ဆီးအသင်းနဲ့ ကျွန်တော်လက်မှတ်ထိုးစဉ်က တိုက်စစ်မှူးနေရာမှာ ကျွန်တော် တစ်ယောက်တည်းပဲ ရှိနေခဲ့တာပါ။ အဲဒီနောက်မှာမှ ဒရော့ဘာ က အသင်းကို ပြန်ရောက်လာခဲ့ပါတယ်။ ဒရော့ဘာ ဆိုတာ ဒီအသင်းမှာ ဘုရားသခင် တစ်ပါးလိုပဲဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်သူ့ကို အမြဲအားကျခဲ့တယ်..၊ သူ့ကစားပုံကို ကျွန်တော်အရမ်းကြိုက်ပါတယ်။ ကျွန်တော်ဟာ တိုက်စစ်မှူးကောင်းတွေရဲ့ ကစားပုံတွေကိုကြည့်ရတာ ဝါသနာပါပါတယ်..။ ဒီဒီယာ ဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်လေ။ သူပြန်ရောက်လာတာ ကောင်းပါတယ်။

ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ "ဒုက္ခပါပဲ၊ အိုင်ဒေါကြီးတော့ ဒီကိုပြန်ရောက်လာပြီ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် တီးတိုး၊ ရေရွတ်မိပါတယ်..။ သူဟာအသင်းရဲ့သမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ယောက်လေ။ ဒါပေမယ့် ပြန်လာတဲ့အချိန်မှာ သူဟာအသက်နည်းနည်း ရနေပါပြီ။ သူဟာဘာကိုမှ ပြောင်းလဲပစ်ဖို့ ပြန်လာခဲ့တာမဟုတ်ဘူး။ မော်ရင်ဟိုကလည်း "မစိုးရိမ်ပါနဲ့..။ သူဟာအသင်းသား တစ်ယောက်အနေနဲ့ လာခဲ့တာပါ..။ မင်းသာ ဂိုးတွေသွင်းနိုင်ရင် မင်းပဲ (၁၀၀ %) ရာခိုင်နှုန်းပြည့် ကစားရမှာ.." လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။



ဒါပေမဲ့ လေ့ကျင့်ကွင်းမှာ သူ့ကိုကြည့်ရတာ သိပ်ကိုသဘောကျဖို့ ကောင်းပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေ၊ ဘောလုံးထိန်းသိမ်းပုံတွေ၊ နောက်ခံလူတွေကို တွန်းတိုက်ပစ်ပုံတွေကို အဝေးကနေ အကဲခတ်ခဲ့ပါတယ်။ ထူးချွန်တဲ့ ကစားသမားတွေဆီကနေ သင်ယူရတာ ကျွန်တော် အမြဲတမ်းနှစ်သက်ပါတယ်။ ကံကောင်းချင်တော့ ချယ်လ်ဆီးအသင်းမှာ ကျွန်တော်ဟာ ဂိုးတွေအများကြီး စပြီးသွင်းနိုင်ခဲ့ပါတယ်။

ဒီဒီယာ ကလည်း အသင်းကိုရောက်လာတဲ့ ပထမဆုံးမိနစ်ကစလို့ ကျွန်တော့်အပေါ် အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ကစားသမားတွေထဲမှာ ကိုယ့်ရဲ့အကောင်းဆုံးအချိန်ကာလ (Moment) ကို နားမလည်တဲ့သူတွေ ရှိပါတယ်..။ ဒါပေမယ့် သူကတော့ သူ့ရဲ့ခြေစွမ်းဘယ်လောက် အဆင့်အတန်းရှိလဲ.. ဆိုတာ အမြဲနားလည်နေတဲ့သူ ဖြစ်ပါတယ်။ သူ့လို ကစားသမားမျိုး ချယ်လ်ဆီးအသင်းမှာ သူ့လိုကစားသမား နောက်ထပ်တစ်ယောက် ပေါ်ပေါက်လာဖို့ မျှော်လင့်ပါတယ်။

ဒါပေမဲ့ ဒီဒီယာ ဟာ သူ့နေရာမှာတော့ သူ့ထက်သာတဲ့သူ မရှိပါဘူး။ သူဟာကျွန်တော့်အပေါ် လေးလေးစားစားနဲ့ နွေးနွေးထွေးထွေး ဆက်ဆံခဲ့ပါတယ်။ သူ့လိုသမိုင်းကြောင်းမျိုးနဲ့ဆိုရင် မနာလိုတာမျိုး ဒါမှမဟုတ် အမြဲတမ်းကစားခွင့် ရချင်တာမျိုးတွေ ရှိနိုင်ပေမယ့် သူ့ဆီမှာ အဲဒါမျိုးတစ်ခါမှ မတွေ့ခဲ့ရဘူး။ အသင်းနဲ့ကံစပ်ပြီး ကျွန်တော် ဂိုးတွေသွင်းနေတော့ သူလည်းစိတ်အေးလက်အေး ဖြစ်သွားပုံရပါတယ်..။ ကျွန်တော့်နေရာကို ပြန်လုဖို့ သူလည်းအပင်ပန်းခံစရာ မလိုတော့ဘူးလေ..။



ဂျွန် အိုဘီ မီခေးလ် -   ခင်ဗျားတို့ နှစ်ယောက်လုံးရဲ့ (ခင်ဗျားနဲ့ ဒရော့ဘာ) ကစားဟန်က တကယ့်ကို ကြမ်းတမ်းပြီး ခွန်အားသုံးရတဲ့ ကစားဟန်မျိုးပါ။ နောက်ခံလူတွေကို အနိုင်ကျင့်ပြီး ကစားတတ်ကြတယ်။ အခုခေတ် ပရီးမီးယားလိဂ်မှာ ခင်ဗျားတို့နှစ်ယောက်နဲ့ အတူဆုံး တိုက်စစ်မှူးက ဘယ်သူလို့ထင်သလဲ?

ဒီယေဂို ကော်စတာ - ပရီးမီးယားလိဂ်မှာလား...? မန်ချက်စတာ ယူနိုက်တက်က ကင်မရွန်းကစားသမား ‘ဘရိုင်ယန် အမ်ဘူမို’ ပေါ့။
ဂျွန် အိုဘီ မီခေးလ် - ဟာလန်း ကော? ခင်ဗျားတို့နဲ့ မတူဘူးလား?

ဒီယေဂို ကော်စတာ - အော်... ဟုတ်သားပဲ၊ ဟာလန်း။ ဟာလန်း က ပိုမြန်တယ်။ သူဟာနောက်ခံလူတွေကို ရင်ဆိုင်ရာမှာ အမြန်နှုန်းနဲ့ လှုပ်ရှားမှုတွေက ပိုပြီးအားကိုးတယ်ဗျ..။ သူကအရမ်းသန်မာတယ်။ နောက်ပြီးသူ့အသင်းရဲ့ ကစားပုံအရ သူဟာပြေးထွက်ဖို့ နေရာလွတ်တွေ (spaces) အများကြီးရပါတယ်။ ကျွန်တော်တို့တုန်းကတော့ နောက်ခံလူတွေကို တစ်ဦးချင်းရင်ဆိုင်ပြီး ဘောလုံးကို ပိုထိန်းထားရတာမျိုးပါ။ လက်ရှိအချိန်မှာတော့ သူကကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါပဲ။

ဂျွန် အိုဘီ မီခေးလ် - ကမ္ဘာမှာလား? ပရီးမီးယားလိဂ် တစ်ခုတည်း မဟုတ်ဘူးလား?
ဒီယေဂို ကော်စတာ - ကျွန်တော့်အတွက် လူတွေအသိအမှတ်ပြုမှု နည်းနေသေးတဲ့ နောက်ထပ်သားရဲတစ်ကောင်လို တိုက်စစ်မှူးက ‘ဟာရီ ကိန်း’ ပါ။ နှစ်စဉ်နှစ်တိုင်း ဂိုးတွေအများကြီး သွင်းနိုင်သလို တိုက်စစ်မှူးတစ်ယောက်အနေနဲ့ သူ့ရဲ့ကစားပုံဟာ အရမ်းကိုပီပြင်၊ ပြည့်စုံပါတယ်။ အခုမှ ဆုဖလားတွေ စပြီးရလာတာ ဆိုပေမယ့် ခြေနှစ်ဖက်လုံး၊ ခေါင်းနဲ့ရော၊ ဖရီးကစ်တွေနဲ့ပါ ဂိုးသွင်းနိုင်တဲ့ တကယ့်တိုက်စစ်မှူးကောင်း တစ်ယောက်ပါ။ သတင်းစာတွေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ သူ့ရဲ့အရည်အချင်းအပေါ် ထိုက်တန်တဲ့အသိအမှတ်ပြုမှု မပေးကြဘူးလို့ ထင်ပါတယ်။



ခရစ်စ် မက်ခ် ဟာဒီ - အဲဒီတော့ ဟာလန်း ထက် ကိန်း ကို ပိုကြိုက်တာလား?
ဒီယေဂို ကော်စတာ - မဟုတ်ပါဘူး။ ဟာလန်း က ပွဲတိုင်းဂိုးသွင်းသလို ဆုဖလားတွေလည်း ရနေပါတယ်။ အဲဒါကကွာခြားချက်ပဲဗျ..။ ဟာလန်း က ဂိုးသွင်းပြီး ဆုဖလားတွေ ရနေသရွေ့ သူကပိုသာနေမှာပဲ။ တကယ်လို့ ဟာရီ ကိန်း သာ အခုလိုဆုဖလားတွေ ဆက်တိုက်ရလာမယ်ဆိုရင် သူတို့နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှု တိုက်ပွဲဟာ ပိုပြီးဘက်ညီသွားပါလိမ့်မယ်။ ဆုဖလားမပါဘဲ ဂိုးသွင်းနေတာနဲ့ မတူဘူးလေ။

ခရစ်စ် မက်ခ် ဟာဒီ - ဟုတ်ကဲ့ပါ..။ ချယ်လ်ဆီးအသင်းကို ရောက်လာတဲ့ ဘရာဇီးလ်သား တိုက်စစ်မှူးသစ် ‘ဂျာအို ပီဒရို’ အကြောင်း ပြောရအောင်ဗျာ..။ ဂျွန်... ကျွန်တော်တို့ကတော့ သူရဲ့စွမ်းဆောင်မှုတွေကို သဘောကျပါတယ်။ ဒီယေဂို... သူဟာချယ်လ်ဆီးအသင်းမှာ အသားကျနေပြီလို့ ထင်မိတာပဲဗျ..။ သူက ချယ်လ်ဆီးရဲ့ ‘No. 9’ နဲ့ လာမယ့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းရဲ့ ‘No. 9’ ဖြစ်လာဖို့ အရည်အချင်း ပြည့်မီရဲ့လား?

ဒီယေဂို ကော်စတာ - အမေရိကမှာ လုပ်ခဲ့တဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာအို ပီဒရို ရဲ့ ပွဲတွေကို ကျွန်တော် ကြည့်ဖြစ်ပါတယ်။ သူက ‘No. 9’ ရော ‘No. 10’ နေရာမှာပါ ကစားနိုင်တဲ့သူပါ။ သူ့ရဲ့ဘေးမှာ တွဲဖက်တိုက်စစ်မှူး တစ်ယောက်ရှိနေရင် ပိုကောင်းတဲ့ပုံစံ ထွက်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာပွဲအပေါ် အများကြီးလွှမ်းမိုးနိုင်တဲ့ တိုက်စစ်မှူး ဖြစ်နေလိုပါပဲ..။ သူဟာနည်းစနစ်ပိုင်း အရမ်းကောင်းပြီး အဆုံးသတ်ပုံလည်း တိကျပါတယ်။ သူ့ရဲ့ရှေ့မှာ ဘောလုံးကို ထိန်းပေးထားနိုင်တဲ့သူ တစ်ယောက်ရှိရင် သူက ပိုပြီးလွတ်လွတ်လပ်လပ် ကစားနိုင်လိမ့်မယ်။ အဲဒါက သူ့အတွက် အကောင်းဆုံးပါ..။ သူဟာခန္ဓာကိုယ် ကြံ့ခိုင်မှုကောင်းမွန်သလို ဘောလုံးအထိန်းအသိမ်း ကောင်းမွန်ပါတယ်။ ဒါပေမယ့်သူဟာ ဂိုးပေါက်ကို မျက်နှာမူပြီး ကစားတတ်တဲ့ တိုက်စစ်မှူးပါ..။ ဂိုးပေါက်ကိုကျောခိုင်းပြီး ကစားတတ်တဲ့သူ မဟုတ်ပါဘူး။ ဒါက ကျွန်တော့်အမြင်ပါ။



ဂျွန် အိုဘီ မီခေးလ် - ပရီးမီးယားလိဂ်ကို ဘရာဇီးလ် ကစားသမားတွေ အများကြီးလာရောက်ခဲ့ကြပေမယ့် အချိန်တိုတိုနဲ့ ပျောက်ကွယ်သွားကြတာ များပါတယ်။ ဘရာဇီးလ် စူပါစတားတွေ ပရီးမီးယားလိဂ်ကို ရောက်လာပြီး (၂) နှစ်၊ (၃) နှစ်လောက်နေရင် ဘာလို့ ပျောက်သွားကြရတာလဲ? ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်မှု၊ ကြံ့ခိုင်မှုအသားပေး ကစားပုံကြောင့်လား? ဒါမှမဟုတ် ဘရာဇီးလ်သားတွေရဲ့ ဘဝနေထိုင်မှုပုံစံကြောင့်လား? ခင်ဗျားတို့က ပျော်ပျော်နေတတ်တာကိုး။

ဒီယေဂို ကော်စတာ - ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်ပုံနဲ့ ကစားဟန်ဟာ ဘရာဇီးလ်လိဂ်နဲ့ အများကြီး ကွာခြားပါတယ်။ နောက်ပြီး သူတို့ကအရမ်းကိုငယ်ရွယ်တဲ့အရွယ်မှာ ရောက်လာခဲ့ကြတာပါ..။ မကြာခင်သေးက ဘရာဇီးလ်ကို ကျွန်တော်ပြန်သွားတဲ့အချိန် တွေ့မိတာက လူငယ်တစ်ယောက် ဘရာဇီးလ်မှာ ကောင်းကောင်းကစားနိုင်ပြီဆိုရင် သူ့ကိုစူပါစတား တစ်ယောက်လို မြှောက်ပေးကြတာပဲဗျ..။ လူတွေက သူ့ကိုကြယ်ပွင့်ကြီးလို ကြည့်နေကြပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ဒါမှမဟုတ် နိုင်ငံခြားလိဂ်တွေကို ရောက်လာတဲ့အခါ ခင်ဗျားဟာ သာမန်ကစားသမား တစ်ယောက်ပဲ ဖြစ်သွားခပါတယ်..။

ဘရာဇီးလ်မှာ ဘယ်လောက်ပဲ နာမည်ကြီးနေပါစေ၊ ကလပ်အသင်းကြီးတွေက ဝယ်လိုက်တဲ့အခါ တချို့ကစားသမားတွေဟာ ယုံကြည်မှုရဖို့ ရုန်းကန်ရပါတယ်။ နည်းပြနဲ့ အသင်းဖော်တွေရဲ့ ယုံကြည်မှုရခဲ့ရင်တော့ စွမ်းဆောင်ရည် တက်လာမှာပါ။ တကယ်လို့ အဆင်မပြေဘူးလို့ ခံစားရရင်တော့ အရမ်းကိုခက်ခဲ သွားပါလိမ့်မယ်။ ဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာ (Mentality) နဲ့လည်း သက်ဆိုင်ပါတယ်။ ကစားသမားကောင်းတွေ အများကြီးရှိနေတဲ့ အသင်းကြီးမှာ ကစားရတော့မယ်ဆိုရင် ပြိုင်ဆိုင်မှု အမြဲတမ်းရှိနေမှာပဲ။ အဲဒီတော့ ဘယ်အချိန်မှာမှ အရှုံးပေးလို့ မရပါဘူး။

အသင်းသစ်ကိုရောက်လာစမှာ အဆင်မပြေတဲ့အခါ ဘရာဇီးလ်သားတွေအတွက် ခက်ခဲသွားတတ်ပါတယ်။ သူတို့ဟာ ဘရာဇီးလ်မှာတုန်းက စူပါစတား ဖြစ်ခဲ့ပြီး ဒီမှာတော့ သာမန်လူပဲဆိုတာကို သတိရလာပြီး စိတ်ဓာတ်ကျလာတတ်ပါတယ်။ တကယ်တော့ စိတ်ရှည်ဖို့လိုပါတယ်။ အရာအားလုံးဟာ အချိန်တန်ရင် ဖြစ်လာမှာပါ။ ဒါကြောင့် ‘စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာ’ လို့ပဲ ကျွန်တော် ထင်ပါတယ်။



အခန်း (၅) အန်တိုနီယို ကွန်တီ နှင့် မုန်တိုင်းထန်ခဲ့သည့် နေ့ရက်များ..

ခရစ်စ် မက်ခ် ဟာဒီ - ဒီယေဂို ရေ.... ခင်ဗျားနဲ့ပြောရတာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်ဗျ..။ ဂျွန် ရေ.. ဘရာဇီးလ် ကစားသမားတွေဟာ ပရီးမီးယားလိဂ်မှာ အချိန်တိုတိုပဲ နေခဲ့ကြတာ များတယ်လို့ ပြောခဲ့ပေမယ့် ခင်ဗျားကတော့ ဒီမှာသုံးနှစ်ကြာခဲ့ပြီး တကယ်လည်း အောင်မြင်အောင် စွမ်းဆောင်ပြနိုင်ခဲ့တယ်။ အင်္ဂလန်ရဲ့ယဉ်ကျေးမှုနဲ့ရော၊ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ကစားပုံနဲ့ပါ အသားကျခဲ့ပါတယ်။ ဂိုးတွေအများကြီး သွင်းတယ်၊ ဆုဖလားတွေလည်း ရရှိခဲ့ပါတယ်..။ ပြီးတော့မှ ထွက်သွားခဲ့ရပါတယ်။

ခင်ဗျားနဲ့ အန်တိုနီယို ကွန်တီ အကြောင်း ကျွန်တော်တို့ ဖတ်ခဲ့ဖူးပါတယ်။ ခင်ဗျားကို အသင်းကနေ ထွက်သွားဖို့ ဖုန်းစာတို မက်ဆေ့ချ် နဲ့ အကြောင်းကြားခဲ့တယ်လို့ ဖတ်ခဲ့ဖူးတယ်ဗျ..။ အမှန်တရားကဘာလဲ? ဆိုတာ ချယ်လ်ဆီးပရိသတ်တွေကို ပြောပြပေးပါဦး။ ခင်ဗျား တကယ်ပဲ ထွက်ချင်ခဲ့တာလား? ကွန်တီက ခင်ဗျားကို အတင်းနှင်ထုတ်ခဲ့တာလား? ခင်ဗျားရဲ့ ချယ်လ်ဆီးအသင်းကနေ ထွက်ခဲ့ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ပြောပြပေးပါ။

ဒီယေဂို ကော်စတာ - အမှန်တရားကတော့ ကျွန်တော့်ရဲ့ တတိယမြောက်ရာသီအစမှာ နည်းပြအန်တိုနီယို ကွန်တီ ရောက်လာတဲ့အချိန်ကနေ စတင်ခဲ့တာပါ။ အဲဒီအချိန်မှာ ကျွန်တော့်ဆီကို စပိန်ကိုပြန်ဖို့ ကမ်းလှမ်းချက်တစ်ခု ရောက်လာပါတယ်။ ကျွန်တော်က ‘စပိန်ကိုပြန်ချင်တယ်’ လို့ သူ့ကို ပြောတဲ့အခါ သူက ‘တခြားတိုက်စစ်မှူး မရှိဘဲနဲ့ မင်းကို ဘယ်လို လွှတ်ပေးနိုင်မှာလဲ?’ လို့ ပြန်ပြောခဲ့တယ်။

ကျွန်တော်ကတော့ ကျွန်တော်ဟာ အသင်းရဲ့ အားကစားဒါရိုက်တာ မဟုတ်တဲ့အတွက် အသင်းနဲ့ပဲ စကားပြောရမယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ ဆန္ဒက စပိန်ကိုပြန်ရဖို့ပဲ.. လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်နည်းနည်း အဆင်မပြေ ဖြစ်နေပါတယ်..။ ဒါ့ကြောင့်စပိန်ကိုပြန်ဖို့ အခွင့်အရေး ရလာတဲ့အခါ အသင်းကနေထွက်ဖို့ စဉ်းစားခဲ့မိတာပေါ့။ ဒါပေမယ့် အဆုံးမှာတော့ အပြောင်းအရွှေ့ ဖြစ်မလာခဲ့ပါဘူး။

ရာသီအသစ် မစခင်မှာ ကျွန်တော်တို့ နောက်တစ်ခါ စကားထပ်ပြောကြပါတယ်။ ကျွန်တော့်ကို ဆက်ထားချင်သေးရဲ့လား? လို့ သူ့ကိုမေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ဆီမှာ တခြားပရီးမီးယားလိဂ် အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေ ရှိနေလို့ပါ။ တကယ်လို့နည်းပြက ကျွန်တော့်ကို မလိုချင်တော့ဘူးဆိုရင် တခြားနေရာ ရှာရမှာပေါ့။ အဆုံးမှာတော့ သူက "မစိုးရိမ်ပါနဲ့၊ အားလုံးအဆင်ပြေပါတယ်။ ငါတို့အတူတူ ဆက်ကစားကြတာပေါ့.." လို့ ကျွန်တော့်ကို ပြောခဲ့တယ်။



အိုကေ... လိဂ်ပွဲတွေ စတယ်။ ကျွန်တော်လည်း ဂိုးတွေသွင်းနိုင်ခဲ့ပါတယ်။ အဲဒီရာသီမှာ ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းရဲ့ ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမား ဖြစ်ခဲ့သလို လိဂ်ဖလားလည်း ရခဲ့ပါတယ်..။ အရာရာအားလုံး ပြီးပြည့်စုံနေခဲ့ပါတယ်။ ဒါပေမယ့် တစ်ခုခုမှားနေပြီလို့ ခံစားမိတဲ့အချက်ကတော့... ရာသီကြို ကာလကတည်းက သူဟာကျွန်တော့်အပေါ် တစ်ခုခုဒေါသထွက်နေတယ်လို့ ခံစားမိနေတာပါပဲ။

အဲဒီနောက် ရာသီကုန်ချိန်မှာ အားလပ်ရက် အပန်းဖြေခရီး ထွက်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ကျွန်တော်က ကွန်တီ ဆီကို စာတစ်စောင် ပို့လိုက်တယ်။ "ဘော့စ်... နောက်ရာသီမှာ ကျွန်တော့်ကို ဆက်သုံးမှာလာ? အခြေအနေ ဘယ်လိုရှိမလဲ သိချင်ပါတယ်" ဆိုပြီးတော့ပေါ့။ သူကလည်း ကျွန်တော့်ဆီကို ဖုန်းစာတိုနဲ့ပဲ ပြန်ဖြေခဲ့တယ်။ "ဒီယေဂို... မင်းလုပ်ပေးခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ ဒါပေမယ့် နောက်ရာသီအတွက် ငါ့ရဲ့ အစီအစဉ်မှာ မင်းမပါတော့ဘူး.." တဲ့။ အဲဒီတော့မှ ကျွန်တော် သဘောပေါက်သွားတော့တယ်။ သူကကျွန်တော့်အပေါ် အငြိုးရှိနေခဲ့တာပါ။

အသင်းရဲ့ ဂိုးအများဆုံး သွင်းပေးခဲ့တဲ့ ကစားသမား၊ အသင်းဖော်တွေနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရအောင် ကူညီပေးခဲ့တဲ့ ကစားသမားတစ်ယောက်ကို နည်းပြတစ်ယောက်က ဒီလိုပုံစံမျိုးနဲ့ အသိအမှတ်မပြုဘဲ တုံ့ပြန်ခဲ့ဟာ သဘာဝမကျပါဘူး။ သူက အခုလိုအချိန်မျိုး ရောက်လာအောင် စောင့်နေခဲ့တာပါ။

ကျွန်တော်က အဲဒီစာကို မာရီနာ ဆီ ပိုပြီးပြလိုက်တဲ့အခါ သူမက ချက်ချင်းပဲ "သူ ဒီလိုမျိုး မလုပ်သင့်ဘူး၊ သူဟာ အသင်းပိုင်ရှင် မဟုတ်ဘူး" လို့ ပြန်ပြောပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ဘရာဇီးလ်မှာပဲ မိသားစုနဲ့အတူ ရှိနေတာပါ။ ကျွန်တော် အသင်းအတွက် လုပ်ပေးခဲ့သမျှ အရာအားလုံးအတွက် အခုလိုပုံစံ ဆက်ဆံခံရဖို့ မထိုက်တန်ဘူးလို့ မာရီနာကို ပြောခဲ့ပါတယ်။ ဒါကြောင့် ‘ချယ်လ်ဆီးအသင်းကို ကျွန်တော်ပြန်မလာတော့ဘူး၊ အကောင်းဆုံးက အက်သလက်တီကို အသင်းကိုပဲ ကျွန်တော့်ကို ပြန်ရောင်းပေးပါ..’ လို့ ပြောခဲ့ပါတယ်။ အက်သလက်တီကို ကစားသမားတွေကလည်း ကျွန်တော့်ကို FaceTime ခေါ်ပြီး ပြန်လာခဲ့ဖို့ အမြဲတမ်း ပြောနေကြတာလေ။



ကွန်တီ ဟာ ပရော်ဖက်ရှင်နယ် နည်းပြတစ်ယောက်အနေနဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် လူတစ်ယောက်အနေနဲ့ နေ့စဉ်ဘဝမှာ သူနဲ့အတူရှိနေဖို့ တကယ့်ကို ဆိုးရွားတဲ့သူပဲဗျ..။ ဘယ်သူ့ကိုမှ မယုံကြည်တဲ့အပြင် အရာအားလုံးကို သူပဲသိတယ်လို့ ထင်နေတဲ့သူမျိုးပါ။ သူနဲ့အတူ လေ့ကျင့်ခန်း လုပ်ရတာ မပျော်ရပါဘူး။ သူက အမြဲတမ်း ဒေါသထွက်နေတတ်တယ်၊ မျက်နှာကြီးကလည်း အမြဲတမ်း စူပုပ်နေတာပဲ။ သူဟာအရမ်းကို ခါးသီးတဲ့သူမျိုးမို့ အိမ်မှာလည်း မိန်းမက ဟိုဟာ၊ ဒီဟာလုပ်ဖို့ အကပ်ခံမှာမဟုတ်ဘူး။ တကယ်တော့ ချယ်လ်ဆီးအသင်းမှာ ကျွန်တော် အရမ်းပျော်ခဲ့တာမို့ အခုလိုဖြစ်လာရတာ နှမြောစရာပါပဲဗျ..။

ဒါပေမယ့် အသင်းကို ကျွန်တော်ပြဿနာ မပေးချင်ခဲ့ပါဘူး။ ကျွန်တော်ပြန်လာရင် ကစားသမားတွေက ကျွန်တော့်ကို ကြိုဆိုကြမှာ မှန်ပေမယ့် သူ့ကိုတော့ဘယ်သူမှ မကြိုက်ကြပါဘူး။ အဲဒါကြောင့်လည်း သူလည်းဒီမှာ ကြာကြာမခံခဲ့တာပေါ့။ အတိတ်က အတိတ်ပါပဲ။ သူဟာကံဆိုးမိုးမှောင်ကျလို့ ချယ်လ်ဆီးအသင်းမှာ ကျွန်တော်နဲ့အတူ ဆုဖလားတွေ ရခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် သူ့ဘဝမှာ အကောင်းဆုံး ဖြစ်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်။

ဂျွန် အိုဘီ မီခေးလ် -   အခုချိန်မှာ အန်တိုနီယို ကွန်တီ နဲ့ တစ်နေရာရာမှာ တည့်တည့်တိုးရင် ခင်ဗျား ဘာပြောမလဲ?

ဒီယေဂို ကော်စတာ - ဘာမှ မပြောပါဘူး။ သူကစပြီး နှုတ်ဆက်ရင်တော့ ပြန်နှုတ်ဆက်မှာပေါ့။ မနှုတ်ဆက်ရင်လည်း ရပါတယ်..။ သူက တစ်ခုခု မကောင်းပြောရင် ကျွန်တော်တို့ ငြင်းခုန်ကြရမှာပေါ့။ ကျွန်တော့်ဘက်မှာ ပြဿနာမရှိပါဘူး။ ကျွန်တော့်နှလုံးသားထဲမှာ သူ့အတွက် နေရာမရှိတော့ပါဘူး။ အတိတ်ကတော့ အတိတ်ပါပဲ။ သူကစပြီး နှုတ်ဆက်ရင် အဆင်ပြေပါတယ်..။ သူမနှုတ်ဆက်ရင်လည်း ကျွန်တော်က အရင်သွားနှုတ်ဆက်မှာ မဟုတ်ပါဘူး။ သူက တစ်ခုခု ထပ်ဖြစ်ချင်သေးတယ်ဆိုရင်လည်း အချိန်မရွေး.. ဖြစ်လို့ရပါတယ်။

ခရစ်စ် မက်ခ် ဟာဒီ - ခင်ဗျား အဲဒီလိုစဉ်းစားတာ ချယ်လ်ဆီးပရိသတ်တွေအတွက်  ကောင်းပါတယ်။ ဒီယေဂို... ခင်ဗျားက အသင်းကနေ မထွက်ချင်ခဲ့ဘူးပေါ့။ ဒါဆိုခင်ဗျားဟာ ချယ်လ်ဆီးမှာ နောက်ထပ် နှစ်အတော်ကြာ ဆက်ပြီးရှိနေခဲ့မှာပေါ့။

ဒီယေဂို ကော်စတာ - သေချာတာပေါ့။ ကျွန်တော် ဒီမှာအကြာကြီး နေချင်ခဲ့တာပါ။ ကျွန်တော့်ကို စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းချက်လည်း ရှိခဲ့ပါတယ်။ ပထမနှစ်တွေမှာ လန်ဒန်ရဲ့ ရာသီဥတုက အရမ်းကွာခြားတော့ ခက်ခဲခဲ့တာ မှန်ပါတယ်။ ကျွန်တော်ကမိသားစုနဲ့ပဲ အေးအေးဆေးဆေး နေတတ်တာပါ။ အခုထိလည်း အင်္ဂလိပ်စာ သင်ခန်းစာတွေ သေချာမသင်ယူခဲ့မိလို့ လန်ဒန်မြို့နဲ့ပိုပြီး အသားမကျခဲ့တာ ကျွန်တော့်အမှားလို့ ထင်ပါတယ်။ ကိုယ်နဲ့ မဆိုင်တဲ့ နေရာတစ်ခုမှာ ရောက်နေသလို အမြဲခံစားခဲ့ရပါတယ်။



ဒါပေမဲ့ ဒုတိယနှစ်၊ တတိယနှစ်တွေ ရောက်တဲ့အခါမှာတော့ ပိုပြီးအဆင်ပြေလာခဲ့ပါတယ်။ မိသားစုရော၊ ကျောင်းတက်နေတဲ့ ကလေးတွေအတွက်ပါ အဆင်ပြေသွားပါပြီ။ အဲဒါနဲ့ကျွန်တော်ဟာ ဒီမှာနောက်ထပ် နှစ်အနည်းငယ်လောက် ဆက်နေဖို့ စိတ်ကူးထားခဲ့တာပါ။ ကျွန်တော်က ချယ်လ်ဆီးအသင်းအတွက် ကစားနေတာလေ၊ တခြားအသင်း မဟုတ်ဘူး။ ဒါပေမဲ့ အဆုံးမှာတော့ ရည်ရွယ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်ဒီမှာ ရှိနေခဲ့တဲ့နှစ်တွေမှာ ပရိသတ်တွေအတွက် အကောင်းဆုံး ပေးဆပ်ခဲ့ပါတယ်.. ဆိုတာက တကယ့် အမှန်တရားပါ..။ ကျွန်တော် လုပ်ခဲ့သမျှ အရာအားလုံးဟာ ကျွန်တော့်ရဲ့ စိတ်ဆန္ဒ၊ ကျွန်တော့်ရဲ့ နှလုံးသားနဲ့ လုပ်ဆောင်ခဲ့တာပါ။ အဲဒါကြောင့်လည်း ပရိသတ်တွေက ကျွန်တော့်ရဲ့ ကွင်းထဲကခြေစွမ်း၊ ပေးဆပ်ခဲ့မှုတွေအတွက် အခုအချိန်ထိ လေးစားနေကြတာပါ။

ဂျွန် အိုဘီ မီခေးလ် -ကွန်တီ ပို့လိုက်တဲ့ အဲဒီဖုန်းစာတိုကို မာရီနာ ဆီ ပြလိုက်တဲ့အချိန်မှာ သူမရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိလဲ? ခင်ဗျားကို ဆက်နေဖို့ တိုက်တွန်းလား? ဒါမှမဟုတ် "အိုကေ... ငါ ဒီပြဿနာကို ရှင်းပေးမယ်" လို့ ပြောလား?

ဒီယေဂို ကော်စတာ - မာရီနာ ကတော့ သူ (ကွန်တီ) ဟာ ဒီလိုမျိုးတွေ မလုပ်သင့်ကြောင်း၊ သူဟာ ကလပ်ရဲ့ ပိုင်ရှင်မဟုတ်ကြောင်း ပြောခဲ့ပါတယ်။ ကျွန်တော် သေချာမမှတ်မိတော့ဘူး။ ကျွန်တော့်အပေါ်မှာ ကွန်တီ ရဲ့ ဆက်ဆံပုံကို သူမ မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ကလပ်အတွက်၊ ပရိသတ်တွေအတွက် ဘယ်လောက် အရေးကြီးသလဲ သိနေလို့ပါ။ တကယ်လို့ သူဟာကစားသမား တစ်ယောက်ကို ရောင်းချင်တယ်.. ဆိုရင်တောင် ဒါဟာ မှားယွင်းတဲ့ နည်းလမ်းပဲလေ။

ဒါကြောင့် ကျွန်တော် ပြန်မလာတော့ဘူး၊ ထွက်သွားချင်တယ်လို့ သူမကို ပြောခဲ့တယ်။  မဖြစ်နိုင်တော့ဘူးလေဗျာ..။ တကယ်လို့ ကျွန်တော် ပြန်လာမယ်ဆိုရင် ကွန်တီ ထွက်သွားရမယ်။ အဲဒီအချိန်မှာ ကွန်တီက ဖလားရထားခါစဆိုတော့ သူဟာနည်းပြကောင်းတစ်ယောက် ဖြစ်နေတာပေါ့။ ဒါကြောင့် ကျွန်တော်ပဲ ထွက်သွားပြီး စပိန်ပြန်တာက ပိုကောင်းမယ်၊ ပြဿနာတွေ အကြီးကြီး မဖြစ်တော့ဘူးပေါ့။ တကယ်လို့ ကျွန်တော်ပြန်လာပြီး သူ့ကိုတွေ့ရင် ကျွန်တော်တို့ကြားမှာ တကယ့်ကိုပြဿနာ အကြီးကြီး ဖြစ်လာမှာ အသေအချာပါပဲ။

အပိုင်း (၃) ဆက်လက် တင်ဆက်ပါမည်..။