ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား နှစ်ကြိမ် ဆွတ်ခူးခဲ့သော ဘရာဇီးလ်လူမျိုး စပိန်လက်ရွေးစင် တိုက်စစ်မှူး ဒီယေဂို ကော်စတာ မှာ သူ၏ထီမထင်သည့်ပုံစံနှင့် ခပ်ကြမ်းကြမ်း ကစားပုံတို့ဖြင့် စပိန်မြေနှင့် အင်္ဂလန်မြေမှ ခံစစ်မှူးများကို အိပ်ရေးပျက်ညများ ဖန်တီးပေးခဲ့သူဖြစ်သည်..။ ပရီးမီးယားလိဂ်နှင့် ကမ္ဘာ့ဘောလုံးရပ်ဝန်းမှ ပျောက်ကွယ်နေသော တိုက်စစ်မှူးကြီးမှာ အပြာရောင်အသင်းဖော် နိုက်ဂျီးရီးယား ကွင်းလယ် ကစားသမား ဂျွန် အိုဘီ မီခေးလ် ၏ The ObiOne Podcast အစီအစဉ်မှတဆင့် စပိန်လက်ရွေးစင်အသင်းအား ရွေးချယ်ခဲ့ရသည့် အကြောင်းရင်း၊ ပရီးမီးယားလိဂ်မှ တိုက်စစ်မှူးများအကြောင်း သူ၏ထင်မြင်ချက် အမေးအဖြေများနှင့် ကစားသမားဘဝ အမှတ်တရဖြစ်ရပ်တစ်ချို့အကြောင်းတို့ကို အပိုင်း (၃) အဖြစ် တင်ဆက်ပေးလိုက်ပါသည်..။
အခန်း (၅) စပိန်ကို ရွေးမလား..? ဘရာဇီးလ်ကို ရွေးမလား..?
ခရစ်စ် မက်ခ်ဟာဒီ - ဒီယေဂို... ချယ်လ်ဆီးကနေ ထွက်ခွာပြီး စပိန်ကို ပြန်ဖို့ဆိုတာ ခင်ဗျားအတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ခင်ဗျားရဲ့ ကစားသမားဘဝမှာ နောက်ထပ် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကတော့ ဘရာဇီးလ်သား ဖြစ်ပေမယ့် စပိန်နိုင်ငံကို ကိုယ်စားပြု၊ ကစားပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ? ဘာကြောင့်စပိန်အတွက် ကစားဖို့ ဆုံးဖြတ်ခဲ့တာလဲခင်ဗျာ။
ဒီယေဂို ကော်စတာ - အဲဒီအချိန်တုန်းက ကျွန်တော် စပိန်မှာ ခြေစွမ်းပြနေတဲ့အချိန်ပါ။ ဘရာဇီးလ်မှာက အသင်းကြီးတစ်သင်းမှာ ကစားနေတာမဟုတ်ရင် လူတွေသိပ်မသိကြဘူး။ အဲဒီအချိန်က ဘရာဇီးလ်မှာ ကျွန်တော့်ကို သိပ်မသိကြသေးဘူးဗျ။ လက်ရွေးစင်အသင်းကို တစ်ခါပဲခေါ်ဖူးပြီး နောက်ပိုင်း ထပ်မခေါ်တော့ပါဘူး။
တိုက်စစ်မှူးတွေ ဒဏ်ရာရနေရင်တောင်မှ နည်းပြကကျွန်တော့်ကို မခေါ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်က စပိန်မှာဂိုးတွေ ဆက်တိုက်သွင်းနေတော့ စပိန်လက်ရွေးစင်အသင်းက ကျွန်တော့်ကို စိတ်ဝင်စားလာပါတယ်။ အဲဒီလိုနဲ့ စပိန်အသင်းရဲ့ ဒါရိုက်တာတစ်ယောက်က ကျွန်တော့်ကိုဖုန်းဆက်ပြီး သူတို့အတွက် ကစားပေးချင်စိတ် ရှိ၊ မရှိ မေးလာပါတယ်။

စပိန်အသင်းအတွက် ကစားပေးချင်တာပေါ့ဗျာ။ ဒါပေမယ့် စပိန်အသင်းက ဝါရင့်ကစားသမားတွေ၊ အသင်းခေါင်းဆောင်တွေ လက်မခံပဲနဲ့တော့ အဲဒီအသင်းမှာ မပါဝင်ချင်ပါဘူး။ ဒါရိုက်တာတွေ၊ နည်းပြတွေဆိုတာက တစ်ပိုင်း၊ ကစားသမားတွေက တစ်ပိုင်းလေ။ နောက်ဆုံးမှာတော့ ကျွန်တော်ဟာ ကစားသမားတွေနဲ့အတူ ရှိနေရမှာပါ..။ ကျွန်တော်က သူတို့တွေနဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ကြတုန်းက အမြဲတမ်းထိပ်တိုက်တွေ့၊ ခိုက်ရန်တွေဖြစ်ခဲ့ကြတာလေ။ ဒါကြောင့် အသင်းခေါင်းဆောင်တွေက ကျွန်တော့်ကို လက်ခံနိုင်၊ မခံနိုင် အရင်ပြောရမယ်။ သူတို့လက်ခံရင်ကျွန်တော် ဝမ်းသာအားရ ကစားမှာပေါ့..။ အဲဒီအချိန်တုန်းက ဘရာဇီးလ်အသင်းက ကျွန်တော့်ကို အဖက်မလုပ်ခဲ့ပါဘူး..။ "အိုကေ... ရပါတယ်၊ ဘရာဇီးလ်မှာ အမြဲတမ်း တိုက်စစ်မှူးကောင်းတွေ ရှိနေတာပဲ" လို့ပဲ ကျွန်တော် တွေးမိပါတယ်..။ နည်းပြမှာလည်း သူ့အမြင်နဲ့သူ ရှိမှာပါ။
ကျွန်တော်ဟာ သာမန်မဟုတ်တဲ့ အသင်းကြီးတစ်သင်းမှာ ကစားချင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက စပိန်အသင်းဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်နေသလို သူတို့ဆီမှာရှိတဲ့ ကစားသမားတွေကလည်း အကောင်းဆုံးတွေ ဖြစ်ကြပါတယ်..။ ဒါကြောင့် သူတို့နဲ့အတူ ရှိချင်တဲ့ဆန္ဒ ပြင်းပြခဲ့ပါတယ်။ စပိန်အသင်းမှာ ရှိခဲ့တဲ့အချိန်တွေအတွက် သက်ဆိုင်တဲ့သူအားလုံးကိုကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်။ အားလုံးက ကျွန်တော့်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်။ ကစားသမားတွေကြားမှာ ဘယ်တုန်းကမှ သူစိမ်းတစ်ယောက်လို မခံစားခဲ့ရပါဘူး။ မီဒီယာတွေကသာ တချို့အချိန်တွေမှာ လက်ခံဖို့ နည်းနည်း ခက်ခဲနေခဲ့တာပါ။ ဒါကလည်း သဘာဝပါပဲ။ မီဒီယာဆိုတာ အမြဲတမ်း ဆူညံအောင် လုပ်နေကြရတာဆိုတော့... ဒါဟာ ကျွန်တော့်အတွက် ဆုံးဖြတ်ရ ခက်ခဲခဲ့တဲ့ ကိစ္စတစ်ခု မဟုတ်ခဲ့ပါဘူး..။
အခန်း (၆) ပေါ့ပေါ့ပါးပါး အမေး၊ အဖြေကဏ္ဍ
ဂျွန် အိုဘီ မီခေးလ် - ကဲ... ကျွန်တော်တို့ရဲ့ စကားဝိုင်းကို နည်းနည်း ပေါ့ပေါ့ပါးပါး ဖြစ်သွားအောင် လုပ်ကြရအောင်ဗျာ..။ ခင်ဗျားငယ်ငယ်တုန်းက အသင်းတစ်သင်းမှာ အသင်းဘတ်စ်ကားပေါ် တစ်ယောက်တည်း တက်သွားတော့ လူနှစ်ယောက်က ကားပေါ်ကပစ္စည်းတွေကို ခိုးနေတာတွေ့ခဲ့တယ်..၊ အဲဒါနဲ့သူတို့ကို ထိုးကြိတ်ပြီး ကားပေါ်က တွန်းချပစ်ခဲ့တယ်.. ဆိုတဲ့ သတင်းတစ်ခု ကျွန်တော် ဖတ်ဖူးခဲ့ပါတယ်။ အဲဒါတကယ်ပဲလား? ဘာဖြစ်ခဲ့တာလဲ? ပြောပြပါဦး။
ဒီယေဂို ကော်စတာ - မဟုတ်ပါဘူးဗျ..။ အဲဒီအဖြစ်အပျက်ကို ကျွန်တော်မမှတ်မိဘူး..။ ကျွန်တော်မှတ်မိတဲ့ တစ်ခုတည်းသော အဖြစ်အပျက်က ပွဲတစ်ပွဲမှာ ကစားသမားတစ်ယောက်က ကျွန်တော့်မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တာပါ။ အဲဒါနဲ့ ကျွန်တော်ကသူ့နောက်ကိုလိုက်တော့ သူက ပရိသတ်တွေကြားထဲ ဝင်ပြေးသွားပါတယ်။ ကျွန်တော်လည်း သူ့ကိုမိအောင် ပရိသတ်တွေထဲအထိ လိုက်သွားခဲ့တယ်..။ ဒါပေမယ့် အဆုံးမှာတော့ ဘာမှကြီးကြီးမားမား ဖြစ်မသွားခဲ့ပါဘူး။ အဲဒီဓားပြကိစ္စကို ကျွန်တော် တကယ်မမှတ်မိပါဘူး။

ခရစ်စ် မက်ခ်ဟာဒီ - ဒီယေဂို ကို ဘယ်သူမှလာမရှုပ်ရဲဘူးပေါ့.. ဟားဟား..။ ခင်ဗျားက အခုလက်ရှိ ချယ်လ်ဆီးအသင်းမှာ ကစားချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အရင်တုန်းက ခင်ဗျားတို့အသင်း.. ဂျွန် တယ်ရီ၊ ခင်ဗျား၊ အိုဘီ မီးခေလ် တို့ပါဝင်ခဲ့တဲ့ အသင်းကရော ဘယ်လောက်တောင် ကောင်းမွန်ခဲ့လဲ..?
ဒီယေဂို ကော်စတာ - ချယ်လ်ဆီးအတွက်ဆို အချိန်မရွေးပဲဗျ..။ ဘယ်အချိန်မဆို ကစားပေးချင်ပါတယ်။ ကျွန်တော်တို့အသင်းက တကယ့်ကို ကောင်းမွန်ခဲ့တာလေ။ ကျွန်တော်တို့အားလုံးဟာ တစ်ခုခုဆိုရင် ချမယ်။ နှက်မယ်.. ဆိုတဲ့ "သားရဲဆိုးကြီးတွေ" လိုပဲဗျ။ အသင်းသားအားလုံးဆီမှာ ခိုင်မာတဲ့ ကိုယ်ပိုင်စရိုက်တွေ ရှိကြပါတယ်..။ အဲဒါက ကွာခြားချက်ပေါ့။ အဲဒီလိုအသင်းမျိုးကို ကိုင်တွယ်တဲ့နည်းပြဆီမှာ ခိုင်မာပြတ်သားတဲ့ စရိုက်လက္ခဏာ ရှိနေဖို့လိုအပ်ပါတယ်။ တကယ်လို့ နည်းပြက ပျော့ညံ့နေရင် ကစားသမားတွေက အဝတ်လဲခန်းကို လွှမ်းမိုးသွားပါလိမ့်မယ်။
လူငယ်အသင်းဆိုရင် ပိုပြီးပျော့ပျောင်း၊ ပိုပြီးခင်မင်စရာကောင်းတဲ့ နည်းပြမျိုး လိုကောင်း၊ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားရဲ့အသင်းမှာ စရိုက်ပြင်းထန်တဲ့ ဝါရင့်ကစားသမားတွေ အများကြီးရှိနေရင် ကွန်တီ၊ မော်ရင်ဟို တို့လို ကျွန်တော်တို့နဲ့ အပြိုင်ချဲနိုင်မယ့်၊ ခိုင်မာတဲ့ စရိုက်လက္ခဏာရှိတဲ့ နည်းပြမျိုးရှိဖို့ လိုအပ်နိုင်ပါတယ်။
ဂျွန် အိုဘီ မီခေးလ် - ဒီရာသီမှာ ဘယ်တိုက်စစ်မှူးက ရွှေဖိနပ်ဆု (Golden Boot) ရမယ်လို့ ထင်လဲ? ဘယ်သူ ဂိုးအများဆုံး သွင်းနိုင်မလဲ?
ဒီယေဂို ကော်စတာ - ဟာလန်း ပေါ့။ ဒီရာသီမှာ သူ ဂိုးတွေအများကြီး သွင်းဦးမှာပါ။

ဂျွန် အိုဘီ မီခေးလ် - ခင်ဗျား သူ့ကို သဘောကျလား? ဟာလန်း ရဲ့ ဘယ်အချက်ကို သဘောကျတာလဲ? လူတွေကတော့ အမျိုးမျိုး ပြောကြတယ်။ ကျွန်တော်ကတော့ သူဟာတကယ့်ကို ထူးချွန်တဲ့ တိုက်စစ်မှူးတစ်ယောက်လို့ ထင်ပေမယ့် တကယ့်ပွဲကြီးပွဲကောင်းတွေမှာ ဂိုးသွင်းတာ မြင်ချင်ပါသေးတယ်။
ပွဲကြီးတွေမှာ သူဂိုးမသွင်းနိုင်သေးဘူး။ အသင်းငယ်လေးတွေနဲ့ဆို ဂိုးတွေအများကြီးသွင်းပေမယ့် မန် စီးတီးအသင်းကို ဖလားရစေမယ့် ပွဲကြီးပွဲကောင်းမျိုးတွေမှာ သူဂိုးမသွင်းနိုင်သေးပါဘူး။ အကောင်းဆုံး တိုက်စစ်မှူးဖြစ်လာဖို့ အဲဒါမျိုးတွေလုပ်ပြနိုင်ဖို့ လိုအပ်တယ်လို့ ထင်လား?
ဒီယေဂို ကော်စတာ - ဟုတ်ပါတယ်၊ သေချာတာပေါ့။ သူသာအရေးကြီးတဲ့ပွဲတွေမှာ ဂိုးသွင်းနိုင်ပြီဆိုရင် 'ဘလွန်း ဒီအော' (Ballon d’Or) ဆုအတွက် ထိပ်ဆုံးကပါဝင်လာပါလိမ့်မယ်။ သူဂိုးသွင်းဖို့ လိုအပ်တဲ့ ပွဲတွေဆိုတာ ချန်ပီယံဆုကို ဆုံးဖြတ်ပေးမယ့်ပွဲတွေ၊ ဆီမီးဖိုင်နယ်တွေ၊ ဗိုလ်လုပွဲတွေပေါ့ဗျာ..။ အဲဒီပွဲမျိုးမှာ တိုက်စစ်မှူးရဲ့သွင်းဂိုးနဲ့ အနိုင်ရပြီး ဖလားရသွားရင် ဒါဟာအောင်မြင်မှုပါပဲ။ သူကအသင်းအားလုံးကို ဂိုးတွေအများကြီး သွင်းနိုင်သူပါ။ ဒါပေမယ့် အဆုံးအဖြတ်ပေးနိုင်တဲ့ ဂိုးတွေသွင်းပြီး ဖလားတွေ ရယူပေးနိုင်ပြီ ဆိုရင်တော့ ဘလွန်း ဒီအော ဆုရဖို့ တိုက်ပွဲဝင်နိုင်ပါလိမ့်မယ်။
သူဟာဂိုးတွေအများကြီးသွင်းဖို့ ဆာလောင်စိတ် အရမ်းပြင်းထန်နေတဲ့သူ ဖြစ်ပါတယ်..။ ဂိုးသွင်းရမှာကို ဘယ်တော့မှ မရိုးသွားပါဘူး။ ကျွန်တော်ကတော့ ကိုယ်တိုင်တစ်ဂိုးသွင်းပြီးရင် နောက်တစ်ဂိုးကို တခြားအသင်းဖော် တစ်ယောက်ယောက် သွင်းစေချင်တာ။ သူကတော့ တစ်ဂိုး၊ နှစ်ဂိုး၊ သုံးဂိုး၊ လေးဂိုး၊ ငါးဂိုး... ဂိုးတွေ များများသွင်းနိုင်လေ သူ့အတွက် ပိုကောင်းလေပဲ။ အဲဒီအချက်ကို ကျွန်တော်သဘောကျပါတယ်။

ဂျွန် အိုဘီ မီခေးလ် - ကဲ ဒီယေဂို... ခင်ဗျားအတွက် မေးခွန်းတိုလေးတွေ မေးပါရစေ။ ကျွန်တော်ကနာမည်တွေ ရွတ်သွားမယ်၊ ခင်ဗျားထက်ပိုတော်တဲ့၊ ပိုကောင်းတဲ့ တိုက်စစ်မှူးရဲ့ နာမည် ကြားရတဲ့အထိ ခင်ဗျားငြိမ်နေပေးရမယ်..။
ဟုတ်ပြီလား... ကဲ စမယ်.. 'ဂျာမိန်း ဒီဖိုး'
ဒီယေဂို ကော်စတာ - ဒီဖိုး? ဘယ်သူလဲ 'ဂျာမိန်း ဒီဖိုး' ဆိုတာ?
ခရစ်စ် မက်ခ်ဟာဒီ - တော့တင်ဟမ်မှာ ကစားခဲ့တဲ့ လူပုလေးလေ။
ဂျွန် အိုဘီ မီခေးလ် - ပီတာ ခရော့ချ်၊ အိုလီဗီယာ ဂျရူး၊ အန်ဒီ ကိုးလ်၊ နီကိုးလပ်စ် အနယ်လ်ကာ..
ဒီယေဂို ကော်စတာ - အနယ်လ်ကာ… Yes (သူကကျွန်တော့်ထက် ပိုတော်တယ်)။
ဂျွန် အိုဘီ မီခေးလ် - ရိုမယ်လို လူကာကူ၊ ဝိန်း ရွန်နီ။
ဒီယေဂို ကော်စတာ - ဝိန်း ရွန်နီ.. Yes (ပိုတော်တယ်)။
ဂျွန် အိုဘီ မီခေးလ် - ဒီဒီယာ ဒရော့ဘာ။
ဒီယေဂို ကော်စတာ - Yes Yes Yes….။ ဒရော့ဘာက အများကြီးပိုတော်တာပေါ့..။
ဂျွန် အိုဘီ မီခေးလ် - ကဲ နောက်တစ်ခု... ဒါက 'နောက်ခံလူ' အကြောင်း။ ခင်ဗျား ရင်ဆိုင်ခဲ့ရသမျှထဲမှာ ဘယ်သူက အခက်ခဲဆုံးလဲ?
ဒီယေဂို ကော်စတာ - နီကိုလပ်စ် ပီပီ..။

ဂျွန် အိုဘီ မီခေးလ် - ဟုတ်ပြီ။ ခင်ဗျား အကြိုက်ဆုံး ဘောလုံးကွင်းကရော?
ဒီယေဂို ကော်စတာ - အကြိုက်ဆုံးကွင်းလား? စတန်းဖို့ဒ် ဘရစ်ချ် သဘောကျသလို ဗင်းဆင့်တေး ကယ်လ်ဒရွန် ကိုလည်း ချစ်ပါတယ်။ ကယ်လ်ဒရွန် က ကွင်းအဟောင်းကြီးပေါ့ဗျာ..။ အဲဒီကနေမှ ချယ်လ်ဆီးအသင်းရဲ့ ပိုပြီးခေတ်မီတဲ့၊ ပရိသတ်နဲ့ ပိုပြီးနီးကပ်တဲ့ ကွင်းလေးကို ရောက်လာတာဆိုတော့ ကျွန်တော့်အတွက် ခေတ်ဟောင်းကွင်းကြီး တစ်ကွင်းကနေ ခေတ်မှီးကွင်းအသစ်ကို ကူးပြောင်းတဲ့ သံယောဇဉ်တစ်ခုလိုပါပဲ။
ဂျွန် အိုဘီ မီခေးလ် - ခင်ဗျား အကြိုက်ဆုံးဂိုး..?
ဒီယေဂို ကော်စတာ - ကျွန်တော်သွင်းခဲ့တဲ့ဂိုး အားလုံးပါပဲ။
ခရစ်စ် မက်ခ်ဟာဒီ - ဂိုးတွေ အများကြီးပဲလေ..
ဒီယေဂို ကော်စတာ - ကျွန်တော် ဂိုးအများကြီး မသွင်းခဲ့ပါဘူး။ အကောင်းဆုံးဂိုးလား? ဒါမှမဟုတ် အရေးအကြီးဆုံးဂိုးလား?
ဂျွန် အိုဘီ မီခေးလ် - အရေးအကြီးဆုံးဂိုးပေါ့။
ဒီယေဂို ကော်စတာ - အရေးအကြီးဆုံးဆိုရင် ကျွန်တော့်ရဲ့ကစားသမားဘဝ အစောပိုင်းတုန်းက ဘာနေဗျူးကွင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ကိုပါဒီရေး (Copa del Rey) ဗိုလ်လုပွဲမှာ သွင်းယူပေးခဲ့တဲ့ဂိုးကို ရွေးပါမယ်။
ဂျွန် အိုဘီ မီခေးလ် - ခင်ဗျား တွဲကစားခဲ့ဖူးသမျှထဲမှာ အထူးချွန်ဆုံး ကစားသမားက ဘယ်သူလဲ?
ဒီယေဂို ကော်စတာ - ကျွန်တော်နဲ့ တွဲဖက်အမိဆုံး၊ အနှစ်သက်ဆုံးက 'အီဒင် ဟာဇက်' ပါ။

ဂျွန် အိုဘီ မီခေးလ် - အကြိုက်ဆုံး နည်းပြ..
ဒီယေဂို ကော်စတာ - ဒီယေဂို ဆီမြွန်နီ..။
ဂျွန် အိုဘီ မီခေးလ် - Wow...!! ဒါဆို ခင်ဗျားအကြိုက်ဆုံး အနီကတ်ကရော ဘယ်တစ်ခုလဲ?
ဒီယေဂို ကော်စတာ - ကျွန်တော့်မှာ အနီကတ်တွေ အများကြီး မရှိပါဘူးဗျ..။ (နားဆင်နေသည့် ပရိသတ်ဘက်လှည့်၍) ဟေး...!! သူတို့ကို ပြောလိုက်ပါဦး..။ ကျွန်တော့်မှာ အနီကတ်ဒ် သိပ်မရှိဘူး.. လို့..။
ဂျွန် အိုဘီ မီခေးလ် - အက်သလက်တီကို မက်ဒရစ် မှာတုန်းကရော?
ဒီယေဂို ကော်စတာ - တကယ်ပါ၊ ကျွန်တော် အဲဒီလောက်ကြီး အထုတ်မခံရပါဘူး။ မှတ်မှတ်ရရ တစ်ခုကတော့ ရီးရဲလ် မက်ဒရစ်နဲ့ ခြေစမ်းပွဲမှာ ကျွန်တော် လေးဂိုးသွင်းပြီး ရန်ဖြစ်လို့ အနီကတ်ဒ်ပြခံရတာပဲ ရှိပါတယ်။

ဂျွန် အိုဘီ မီခေးလ် - နောက်ဆုံးမေးခွန်း တစ်ခုပါ။ ကျွန်တော်တို့ရဲ့ Podcast မှာ လူတိုင်းကို မေးနေကျပါ။ ခင်ဗျားရော၊ ကျွန်တော်ရော အဲဒီကစားသမားနဲ့ တွဲကစားခဲ့ဖူးပါတယ်။ အီဒင် ဟာဇက် ဟာ ခင်ဗျား တွဲကစားဖူးသမျှထဲမှာ အထူးချွန်ဆုံးလို့ အခုပဲပြောသွားတယ်နော်..။ တကယ်လို့ ဟာဇက် သာ ရော်နယ်လ်ဒို ဒါမှမဟုတ် မက်ဆီ တို့လိုမျိုး လေ့ကျင့်ခန်းတွေ သေသေချာချာ ဆင်းခဲ့မယ်ဆိုရင် သူတို့တွေလို အဆင့်အထိ ရောက်နိုင်မယ်လို့ ထင်လား? သူသာ အခုထက် ပိုကြိုးစားခဲ့ရင် အခုချိန်မှာ လူတွေ ပြောစမှတ်ပြုရတဲ့ ထိပ်တန်း ကစားသမားကြီး ဖြစ်နေမယ်လို့ ထင်လား?
ဒီယေဂို ကော်စတာ - တကယ်လို့ ဟာဇက်သာ မက်ဆီ ဒါမှမဟုတ် စီ ရော်နယ်လ်ဒို တို့လို လေ့ကျင့်ခန်း ဆင်းခဲ့မယ်ဆိုရင် သူတို့ထက်တောင် ပိုပြီးတော်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာလေ့ကျင့်ခန်း သိပ်မဆင်းဘဲနဲ့တောင် တကယ့်ကိုအံ့ဩစရာကောင်းအောင် ထူးချွန်နေလို့ပါ။ ဘယ်ကစားသမားပဲဖြစ်ဖြစ် လေ့ကျင့်ခန်း ပုံမှန်ဆင်းပြီး ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်မယ်ဆိုရင် ပိုကောင်းလာမှာ အသေအချာပါပဲ။ အီဒင် သာ ပိုပြီး တိုးတက်ချင်တဲ့ စိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် သူဟာအခုထက် အများကြီးပိုတော်တဲ့ ကစားသမား ဖြစ်လာမှာပါ။
ဂျွန် အိုဘီ မီခေးလ် - ကျေးဇူးအများကြီး တင်ပါတယ် ဒီယေဂို။
ဒီယေဂို ကော်စတာ - ရပါတယ်။ ဒါ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ အော်... ဒါနဲ့သူတို့ကို တစ်ခုလောက် ပြောပေးပါဦး၊ ၂၀၁၅ တုန်းက အဝတ်လဲခန်းထဲမှာ ဂျွန် အိုဘီ က ‘ဖင်’ အလှဆုံးဆိုပြီး အသင်းသားအားလုံးက မဲပေးခဲ့ကြတယ် ဆိုတာလေ.. ဟားဟား..
ဂျွန် အိုဘီ မီခေးလ် - ဟာ… ဒီလူက တကယ့်ငပွေးပဲ… ဟားဟား.။