feature-image

‘AVB’ (သို့မဟုတ်) အပြာရောင်လှိုင်းတပိုးအောက် နှစ်မြုပ်သွားသူရဲ့ ဖွင့်ဟချက်များ (၁)

ချယ်လ်ဆီးနှင့် နိုက်ဂျီးရီးယားအသင်း ကွင်းလယ် ကစားသမားဟောင်း ဂျွန် အိုဘီ မီခေးလ် မှာ သူ၏ပုံမှန်တင်ဆက်နေကျ ‘The Obi One Podcast’ အစီအစဉ်တွင် ချယ်လ်ဆီးအသင်းနည်းပြဟောင်းနှင့် ပေါ်တိုအသင်း လက်ရှိဥက္ကဌ အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ် နှင့် တွေ့ဆုံခဲ့ရာတွင် ပေါ်တူဂီနည်းပြဟောင်းက အပြာရောင်တို့နှင့် ကျရှုံးခဲ့သည့် (၈) လတာ ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ဖွင့်ဟခဲ့သည်..။ သူ၏ပြောကြားချက်များတွင် ချယ်လ်ဆီးအသင်း အပြောင်းအလဲ ပြုလုပ်ရန် ရိုမန် အေဘရာမိုဗစ်ချ် ၏ တာဝန်ပေးချက်၊ အသင်း၏ ရွှေရောင်မျိုးဆက် old guards များနှင့် အကွဲအပြဲ၊ နာကျင်မှုအပြည့်နှင့် ကြည့်ရှုခဲ့ရသည့် ၂၀၁၂ ခုနှစ်၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲအကြောင်းများကို အောက်ပါအတိုင်း ပြောပြခဲ့သည်.။

ခရစ်စ် မက်ခ်ဟာဒီ - ချယ်လ်ဆီးအသင်းက ခင်ဗျားကိုဖုန်းဆက်ပြီး 'အင်ဒရေ... မင်းဟာ ငါတို့လိုချင်တဲ့သူပဲ' လို့ ပြောတဲ့အချိန် ခင်ဗျားဟာ (၃၃) နှစ်ပဲ ရှိပါသေးတယ်…။ ခင်ဗျားဟာ 'မြို့စားကြီး' လို့ ဘောလုံးလောက တစ်ခုလုံးက တလေးတစား ခေါ်ဝေါ်ထားတဲ့ ကာလို အန်ဆယ်လော့တီ ရဲ့ နေရာကို အစားထိုးရတာပါ။ အဲ့ဒီနေ့၊ အဲ့ဒီအခိုက်အတန့်ဆီ ပြန်သွားရအောင်ဗျာ..။ ပုံမှန်လိုပဲ ခံစားခဲ့ရသလား? တကယ်တော့ ခင်ဗျားဟာ ဟိုဆေး နဲ့အတူတူ ကုန်လွန်ခဲ့ဖူးတဲ့ နေရာတစ်ခုဆီ ပြန်သွားခဲ့တာပါ။ အဲ့ဒီနေ့ဆီ၊ ဖုန်းကောလ် ရရှိခဲ့ပုံနဲ့ ခင်ဗျားရဲ့ တွေးခေါ်၊ စဉ်းစားပုံတွေဆီ ပြန်ပြီးခေါ်ဆောင်သွားပါဦး...? 'ငါဟာအဲဒီတာဝန်အတွက် နည်းနည်းငယ်သေးတယ်၊ ခဏလောက် စောင့်ဆိုင်းဖို့ လိုကောင်းလိုလိမ့်မယ်' လို့ တွေးမိခဲ့ဖူးသလား? ဒါမှမဟုတ် 'ငါအဆင်သင့် ဖြစ်နေပြီ' လို့ပဲ တွေးခဲ့တာလား?

အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ် - အဲ့ဒီလိုတော့ မဟုတ်ပါဘူး။ အဲ့ဒီအချိန်တုန်းက ကျွန်တော်ဟာ ယူရိုပါလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စိတ်ဝင်စားမှုကို အများကြီး ရရှိနေတဲ့အချိန် ဖြစ်ပါတယ်..။ မတူညီတဲ့ ခံစားချက်မျိုးစုံ ရှိခဲ့တာပေါ့။ မျှော်လင့်ချက်တွေ အလွန်အမင်း ကြီးမားနေတဲ့ လူငယ်နည်းပြ တစ်ယောက် ဖြစ်ခဲ့ပါတယ်..။ မှန်မှန်ကန်ကန် မရွေးချယ်နိုင်ခဲ့ဘူးပေါ့ဗျာ..။ အဲ့ဒီအချိန်တုန်းက 'ဒီထက်မက ပိုပြီးစိတ်ရှည်သင့်တယ်' လို့ တွေးချင်တွေးမိပါလိမ့်မယ်။ အရာရာတိုင်းမှာ အကြောင်းပြချက်ရှိစမြဲပါ။

ကျနော်က ပရီးမီးယားလိဂ်လို ထိပ်တန်းအဆင့် ရောက်ရှိဖို့ ခြေလှမ်းလှမ်းချင်ခဲ့တာပါ။ ချယ်လ်ဆီးမှာက ဟိုဆေး နဲ့အတူရှိခဲ့စဉ်ကတည်းက ကျနော်နဲ့ သိကျွမ်းခဲ့တဲ့သူတွေ အများကြီးရှိခဲ့ပါတယ်။ ဒါဟာကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့သလို တကယ်လည်း စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဂျွန် (အိုဘီ မီခေးလ်) လည်း ဒီမှာရှိနေတာပဲလေ။ ရလဒ်တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ကျနော့်ရဲ့ ချယ်လ်ဆီးအသင်း တာဝန်ယူစဉ်ကာလ အတက်၊ အကျ အတွေ့အကြုံတွေကို သူလည်းကျနော်တို့နဲ့အတူ ရင်ဆိုင် ဖြတ်သန်းခဲ့ရတာပါပဲ။ ဂျွန် ဟာ အစပိုင်းမှာ ခဏတော့ စိတ်ဆင်းရဲခဲ့ရပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်က သူ့ထက် အိုရီယိုလ် ရိုမီယူ ကို ပိုပြီး ရွေးချယ်မိသွားခဲ့လို့ပါပဲ.. ဟားဟား..။



ကျနော်ဟာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြအစပိုင်းကို ကိုယ်ပိုင်နည်းစနစ် အယူအဆတွေနဲ့ စတင်ခဲ့ပေမယ့် ရလဒ်တွေကြောင့် နောက်ပိုင်းမှာ တွေဝေမှုတော့ နည်းနည်းရှိခဲ့ပါတယ်။ ဒါ့အပြင်ချယ်လ်ဆီးရဲ့ သီးခြားယဉ်ကျေးမှု၊ ဘောလုံးကစားဟန်တွေနဲ့ ကျနော် အကောင်အထည်ဖော်နိုင်မယ်လို့ ထင်မှတ်ထားတဲ့ အရာတွေကြားမှာ ပွတ်တိုက်မှု၊ ပဋိပက္ခတွေ ရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှာ ရလဒ်တွေဆိုးရွားခဲ့တဲ့ ကာလတစ်ခုနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ကျနော်တို့အသင်းဟာ အမြဲတမ်း တက်လိုက်၊ ကျလိုက် ဖြစ်နေခဲ့ပြီး ရလဒ်ကောင်းတွေ သယ်ဆောင်ပေးနိုင်မယ့် တည်ငြိမ်မှုမျိုးကို ဘယ်တုန်းကမှ မရှာဖွေနိုင်ခဲ့ပါဘူး။

ကျနော်တို့ ရှာဖွေတွေ့ရှိခဲ့တဲ့ အကြီးမားဆုံး တည်ငြိမ်မှုကတော့ မာယော့ကာမှာပြုလုပ်ခဲ့တဲ့ နွေရာသီ စခန်းသွင်းလေ့ကျင့်ရေး အစီအစဉ်အပြီးမှာပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီကပြန်လာခဲ့ကြပြီး ရလဒ်ကောင်းအချို့ စတင်ရရှိခဲ့ပါတယ်။ နာပိုလီ မသွားရောက်မီ ဖေဖော်ဝါရီလတုန်းက ယှဉ်ပြိုင်ခဲ့ရတဲ့ပွဲစဉ်ဟာ ကျနော်တို့ရဲ့ ရာသီတစ်ခုလုံးကို ပေါ်လွင်စေဆုံး အနှစ်ချုပ်ပဲ ဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ဟာ ပထမပိုင်းမှာ မန် ယူနိုက်တက် ကို ၃ဂိုး - ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ ၃ - ၃ ဆိုတဲ့ ရလဒ်နဲ့သရေကျခဲ့လို့ပါ။ ဒါဟာချယ်လ်ဆီးအသင်းက ကျနော့်ရဲ့ရာသီတစ်ခုလုံးကို အနှစ်ချုပ်၊ ပြသလိုက်တာပါပဲ။ နောက်ဆုံးမှာတော့ ခမ်းနားကြီးကျယ်လှတဲ့ ရာသီတစ်ခုအဖြစ် အဆုံးသတ်သွားခဲ့ပါတယ်..။

ကောင်းတဲ့ဘက်က ပြန်ပြီးကြည့်မယ်ဆိုရင် ကျနော်ဟာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့တဲ့ အသင်းတစ်သင်းကို အပြောင်းအရွှေ့ရာသီမှာ ငွေကြေးသုံးစွဲမှု အနည်းဆုံးနဲ့ တည်ဆောက်ပေးနိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအတွက်ကတော့ အပြောင်းအရွှေ့ကာလမှာ ငွေကြေးအနည်းဆုံး သုံးစွဲခဲ့တဲ့ ရာသီမှာမှ ပထမဆုံး ချန်ပီယံလိဂ်ဖလား ရရှိခဲ့တယ်.. လို့ ပြောလို့ရတာပေါ့..။ ထူးခြားတာက နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့တဲ့ ရာသီတွေမှာ ချန်ပီယံလိဂ် ဖလားနှစ်ကြိမ် ရရှိခဲ့ပါတယ်..။ ကျနော်နဲ့ ဖရန့် လမ်းပတ် ပေါ့ဗျာ..။ ခြုံပြီးတော့ ပြောရမယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ သူတို့အတွက် ပထမဆုံးနဲ့ ဥရောပဘောလုံးလောကရဲ့ အရေးအပါဆုံး ဆုဖလားကို တကယ့်ကို ရုပ်ရှင်ဆန်ဆန် ရရှိခဲ့ပါတယ်..။ ချယ်လ်ဆီးဆိုတာ တည်ငြိမ်မှု၊ ကစဉ့်ကလျားဖြစ်မှု၊ အောင်မြင်မှု၊ ကျရှုံးမှု၊ အသင်းတွေကို အဖန်တလဲလဲ ပြန်လည်တည်ဆောက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အသင်းတစ်သင်းလို့ ပြောရမလိုပါပဲ..။  

ဂျွန် အိုဘီ မီးခေးလ် - မာရီနာ ဒါမှမဟုတ် ရိုမန် တို့ဆီကနေ အပြောင်းအလဲ ပြုလုပ်ချင်တယ်ဆိုတဲ့ ဖုန်းကောလ် ရရှိခဲ့တဲ့အချိန် ခင်ဗျားဘက်က ‘အချိန်ပိုပေးဖို့’ တောင်းဆိုခဲ့သေးသလား? ခင်ဗျားဟာ ဒီအသင်းမှာ တစ်ခုခုကို တည်ဆောက်နေခဲ့တယ် ဆိုတဲ့အကြောင်း အခုလေးတင်ပဲ ပြောပြခဲ့တာလေ…။ ကျနော်တို့ ချန်ပီယံလိဂ် ဆုဖလား ရယူနိုင်ခဲ့တဲ့ အကြောင်းရင်း ဖြစ်တည်လာမှုတစ်ခုခုကို ခင်ဗျားမြင်တွေ့နိုင်ခဲ့တယ်မလား? ရိုမန် ဆီကနေ အချိန်ပိုပေးဖို့ တောင်းဆိုခဲ့သေးလား?

အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ် - အဲ့ဒီလို မဟုတ်ဘူး.. ဂျွန်။ ကျနော် ထင်တာကတော့ ဘာမင်ဂမ်အသင်းနဲ့ FA ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မတိုင်ပေါ့ဗျာ..။ ကျနော်တို့အဝေးကွင်းမှာ သွားရောက်၊ ယှဉ်ပြိုင်ခဲ့ရတာပါ။ ရုံးခန်းထဲ ရောက်သွားတဲ့အချိန် ရိုမန် က မာရီးနား၊ ရွန် ဂေါလေး တို့နဲ့အတူ ရှိနေခဲ့ပါတယ်..။ နောက်ဆုံးမှာတော့ ဘာမင်ဂမ်နဲ့ ပွဲအတွက် ကျနော်ကပြင်ဆင်ခဲ့ရပြီး ဒီ မက်တီယို အဲဒီပွဲကို ကိုင်တွယ်ခဲ့ရပါတယ်။ ခင်ဗျားတို့ မှတ်မိဦးမယ်ဆိုရင် ရာအူး မီရားလက်စ် ရဲ့ သွင်းဂိုးနဲ့ နောက်တစ်ဆင့် တက်ရောက်ခဲ့ပါတယ်..။ 

အချိန်ပိုပေးဖို့ ကျနော်မတောင်းဆို ခဲ့ပါဘူး။ ခင်ဗျားခံစားကြည့်လို့ ရပါတယ်။ အင်္ဂလန်မှာရှိတဲ့ သတင်းစာအားလုံးက ကျနော့်ကို 'သေမိန့်ကျထားသူ (dead man walking)' တစ်ယောက်လို ဖော်ပြနေကြတာပါ..ဟားဟား။ အချိန်ရောက်သွားတာပေါ့..။ ဒါပေမယ့် ကျနော့်အနေနဲ့ အဲဒီရလဒ်တွေကို ပြန်ပြီးအဖတ်ဆယ်နိုင်မယ်လို့ အမြဲတမ်းယုံကြည်နေခဲ့ပါတယ်..။ နာပိုလီနဲ့အိမ်ကွင်းမှာ ကျနော်တို့ အနိုင်ရရှိလိမ့်မယ်ဆိုတာ သံသယလုံးဝမရှိခဲ့ပါဘူး။



ခင်ဗျားတို့ကစားသမားတွေရဲ့ အရည်အချင်းနဲ့ ခက်ခဲတဲ့ အခိုက်အတန့်တွေကို အမြဲတမ်းရုန်းထွက်နိုင်ခဲ့ကြပါတယ်..။ ဗလင်စီယာနဲ့ အုပ်စုအဆင့်မှာတုန်းကလည်း ဗလင်စီယာ နဲ့ ပွဲမှာ အလားတူ ခက်ခဲတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရပေမယ့် ကျနော်တို့အနိုင်ရ၊ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျနော့်ရဲ့ စိတ်ထဲမှာတော့ နာပိုလီကို အနိုင်ရရှိမယ်ဆိုတာ သံသယ လုံးဝမရှိခဲ့ပါဘူး။ ခင်ဗျားတို့ ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ဒါပေမယ့် ဒါဟာနည်းပြတွေရဲ့ ဘဝပါပဲ။

ခရစ်စ် မက်ခ်ဟာဒီ - ဒါတွေအားလုံးမှာ ကျနော်ကတော့ အပြင်လူပေါ့..။ အင်ဒရေ… ကျနော်တို့ရဲ့ podcast အစီအစဉ်မှာ ချယ်လ်ဆီးကစားသမားဟောင်းတွေနဲ့ ခင်ဗျားတို့လို နည်းပြအဖွဲ့ဝင်အများကြီးကို ဖိတ်ခေါ်ခွင့်ရလို့ ကံကောင်းခဲ့ပါတယ်။ ဂျွန် နဲ့ အခြားသူတွေပြောတဲ့ အဲ့ဒီအဝတ်လဲခန်းအကြောင်း နားထောင်ရတိုင်း အဝတ်လဲခန်းထဲက ဩဇာအာဏာနဲ့ ကိုယ့်ဟာကိုယ် ထိန်းကျောင်းနိုင်တဲ့ အနေအထားအပေါ် အမြဲတမ်း အံ့ဩရပါတယ်။ JT က စံချိန်စံညွှန်းတွေကို သတ်မှတ်ပေးသူပေါ့..။ သူဟာ စံပြခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့ပြီး ဘယ်သူမှ သူ့ရဲ့စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွန်လို့မရပါဘူး။

လူငယ်နည်းပြ တစ်ယောက်အနေနဲ့ ခင်ဗျားဟာ ဟိုဆေး နဲ့ ရှိခဲ့စဉ်ကတည်းက ဒါတွေကိုသိရှိခဲ့ပေမယ့် အသင်းကို ရောက်လာချိန်မှာ နည်းပြတစ်ယောက်ရဲ့ အမြင်ကနေ ပြောပြပေးပါဦး.. JT ၊ ပီတာ ချက်၊ ဖရန့်ခ် လမ်းပတ်၊ ဂျွန် အိုဘီ မီးခဲလ်၊ ဒီဒီယာ ဒရော့ဘာ တို့ ရှိနေတဲ့ အဝတ်လဲခန်းထဲ ရောက်သွားရတာနဲ့ ခင်ဗျားပြောခဲ့သလို အရာရာကို ပြောင်းလဲဖို့ ကြိုးစားရတာ ဘယ်လောက်ထိ လန့်စရာ ကောင်းခဲ့လဲ? ဒါကြောင့် အခုအချိန်မှာ ဒါကိုပြန်ပြီး သုံးသပ်ကြည့်တဲ့အခါ ခင်ဗျားအနေနဲ့ ဘယ်လိုအရာတွေကို နည်းနည်းပြောင်းလဲခဲ့ရင် ကောင်းမယ်.. ဆိုပြီး စဉ်းစားမိလဲ?

အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ် - ကျနော်ဟာ ကိုယ်လက်ခံထားတဲ့ ‘မူဝါဒ (principle)‘ တွေကို တရားသေ စွဲကိုင်ထားတဲ့သူ တစ်ယောက်ပါ။ ကျနော့်ကိုယ်ကျနော် သတ်မှတ်ထားတဲ့ ထိပါးလို့မရတဲ့အရာတွေ ရှိပါတယ်။ အလွန်ခေါင်းမာခဲ့တာပေါ့ဗျာ..။ ကျနော့်ဘဝမှာ၊ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အမြဲတမ်း အလွန်ခေါင်းမာခဲ့ပါတယ်။ ဟုတ်ပါတယ်.. နောက်ဆုံးမှာ အဲ့ဒီအတွက် တန်ကြေးပြန်ပေးခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။ ကျနော့်အတွက်တော့ ကျနော်တို့ရဲ့ ကျရှုံးမှုဟာ ကစားသမား စီမံခန့်ခွဲမှု (man management) ထက်စာရင် တခြားအရာတွေက ‘အဆင်းကို ဘီးတပ်ပေးသလို’ ဖြစ်ခဲ့တယ်.. လို့ ပြောရမှာပဲ..။

အဲ့ဒါကတော့ JT  ဂိုးတိုင်နဲ့ထိခိုက်မိသွားပြီး ဒူးမှာရှိတဲ့ အရိုးအသေးလေး ထိခိုက်သွားခဲ့တာကြောင့် ပါဝင်မကစားနိုင်တော့တဲ့ အချိန်ပေါ့ဗျာ..။ သူဟာ ကွင်းအတွင်းမှာရော အသင်းခေါင်းဆောင်..၊ ခံစစ်ပိုင်းမှာပါ တကယ့်ခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့ပြီး သူမပါဝင်နိုင်မှုဟာ ကျနော်တို့ကို ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပါတယ်။ ဒါကြောင့်ကျနော်ကတော့ ကစားသမား စီမံခန့်ခွဲမှုထက်စာရင် တခြားအရာတွေက ပိုပြီးအကျိုးသက်ရောက်မှု များခဲ့တယ်လို့ပဲ ရှုမြင်မိပါတယ်။



ကစားသမားတွေကလည်း ပြောင်းလဲမှု ဖြစ်စဉ်ထဲမှာ အစိတ်အပိုင်းအဖြစ် ခံစားရနေဖို့ လိုအပ်ပြီး သူတို့တွေရဲ့ စိတ်ဓာတ်တက်ကြွမှု (motivation) ဟာ ထိပ်ဆုံးမှာ ရှိနေရမှာပါ..။ ဒါပေမယ့်အဲ့ဒီအချိန်တုန်းက မတူညီတဲ့ ပြဿနာအသီးသီး ဖြစ်ပေါ်နေခဲ့ပါတယ်..။ ဖရန့်ခ် ကလည်း ကျနော့်လက်အောက်မှာ ပွဲထွက်ခွင့် ပုံမှန်မရရှိခဲ့ပါဘူး။ ဒါကြောင့် ကျနော်နဲ့သူ့နဲ့ကြားမှာလည်း ပြဿနာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် အလွန်ခေါင်းမာတဲ့ လူငယ်နည်းပြတစ်ယောက်နဲ့ အလွန်ခေါင်းမာပြီး သြဇာကြီးမားတဲ့ အဝတ်လဲခန်းတို့ နှစ်ခုအကြား အပြန်အလှန် ဘုံသဘောတူညီချက်တစ်ခု ရရှိအောင် ကြိုးစားခဲ့ကြတာပေါ့။ အဲဒီအားပြိုင်မှုမှာ နောက်ဆုံးခင်ဗျားတို့ သိတဲ့အတိုင်း အလွယ်တကူ အပြစ်ပုံချ အစားထိုးခံရတာက ‘နည်းပြ’ ပါပဲ။

ချယ်လ်ဆီးအသင်း အတွေ့အကြုံကြောင့် တော့တင်ဟမ်အသင်းကို ကိုင်တွယ်ချိန်မှာ ပိုပြီးအလိုက်သင့် ပြောင်းလွယ်၊ ပြင်လွယ်တဲ့သူ (flexible) တစ်ယောက် ဖြစ်လာခဲ့ပါတယ်..။ အခုအချိန်မှာတော့ တကယ့်ကို  စိတ်လှုပ်ရှားမှုကောင်းလှတဲ့ နည်းပြတစ်ယောက်ရဲ့ အလွန်ရှည်လျားလှတဲ့ ဇာတ်လမ်းတွဲပေါ့ဗျာ..။ အားလုံးက အဲ့ဒီချယ်လ်ဆီးအသင်းနဲ့ကာလကို ခက်ခဲတဲ့အချိန်တစ်ခုအဖြစ် အားလုံးကရှုမြင်ကြပေမယ့် ကျနော့်အတွက်တော့ သင်ခန်းစာယူစရာ သင်ယူမှုလုပ်ငန်းစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်..။

ဂျွန် အိုဘီ မီးခေးလ် - စီနီယာ ကစားသမားတွေရဲ့ အင်တာဗျူးတွေ အများကြီး ရှိခဲ့ပါတယ်။ ခင်ဗျားနဲ့ သူတို့ အဆင်မပြေခဲ့ကြရတဲ့ အကြောင်းအရင်းဟာ ခင်ဗျားက သူတို့ကိုလက်တွဲ ခေါ်ဆောင် မသွားခဲ့လို့ပါ ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။ အဲ့ဒီအစည်းအဝေးထဲမှာ ကျနော်မရှိခဲ့တာကြောင့် ဘာတွေဖြစ်ပျက်ခဲ့လဲ? မသိခဲ့ပါဘူး။ သူတို့တွေကတော့ ‘ခင်ဗျားက သူတို့ကိုအဝတ်လဲခန်းထဲက ခေါင်းဆောင်တွေအဖြစ် လက်မခံခဲ့လို့ပဲ' လို့ ပြောခဲ့ကြပါတယ်။ အခုအချိန်မှာ ခင်ဗျားအနေနဲ့ အဲဒါကို ပြောင်းလဲခဲ့ဖို့ စဉ်းစားမိမလား? ခင်ဗျားပြုလုပ်ခဲ့သလို အလျင်စလို ပြောင်းလဲတာမဟုတ်ဘဲ သူတို့ကို အံဝင်ခွင်ကျဖြစ်အောင် ထည့်သွင်းပြီး ခင်ဗျားရဲ့စနစ်ကို အနည်းငယ် အပြောင်းအလဲပြုလိုက်ရင်ရော ရနိုင်မလား?

အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ် - အတော်လေး ထူးဆန်းတဲ့ကိစ္စပဲ.. ဂျွန်။ ကျနော်တို့လုပ်နိုင်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ချယ်လ်ဆီးကို ကျနော်ရောက်ရှိလာခဲ့တဲ့ အဓိကရည်ရွယ်ချက်က အဲဒါမဟုတ်ခဲ့ပါဘူး။ ကျနော် ချယ်လ်ဆီး ကို ရောက်ရှိလာခဲ့တဲ့ ရည်ရွယ်ချက်က ခင်ဗျားတို့အားလုံးကို အသင်းကနေ မောင်းထုတ်ပစ်ဖို့ပါပဲ… ဟားဟား။ ဒါဟာ ရိုမန် ကျနော့်ဆီရောက်လာပြီး တောင်းဆိုခဲ့တဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ရှည်လျားလှတဲ့ ဇာတ်လမ်းကြီးပေါ့ဗျာ.. ။ အသင်းကိုရောက်လာပြီး ရာသီကြိုလေ့ကျင့်ရေး ကာလအတွင်းမှာ အားလုံးအဆင်ပြေခဲ့တယ်..၊ ကျနော်လည်း တကယ်သဘောကျခဲ့ကြပါတယ်..။ ခင်ဗျား မှတ်မိလား? မမှတ်မိတော့ဘူးလား.? မပြောတတ်ဘူး..။ ရာသီကြို ပွဲစဉ်အားလုံးကို ကျနော်တို့အနိုင်ရရှိခဲ့တာပါ။



လူတိုင်းက ကျနော်တို့ကျင့်သုံးခဲ့တဲ့ နည်းစနစ်တွေအပေါ် တကယ်ကို လှိုက်လှိုက်လှဲလှဲ ကျေနပ်ခဲ့ကြပါတယ်..။ အခုပြန်စဉ်းစားကြည့်ရင် အတော်လေးကို ရယ်စရာကောင်းတယ်ဗျ..။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့လည်း အတူတူပါပဲ…။ အောက်တိုဘာလောက်မှာ Chelsea TV နဲ့ တွေ့ဆုံခန်းတစ်ခု ပြုလုပ်ခဲ့တဲ့အချိန်မှာ ဖရန့်ခ် က ကျနော့်အကြောင်း၊ နည်းပြက ဘယ်လောက်ထိ ကောင်းမွန်ကြောင်း၊ သူ့ရဲ့ကစားသမား စီမံခန့်ခွဲမှု၊ အသင်းလိုက် လှုပ်ရှားမှုတွေ၊ သူ့ရဲ့လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ အသေးစိတ်လေးတွေ စီမံရာမှာ သိပ်ကိုကောင်းမွန်တဲ့အကြောင်း စသဖြင့် အများကြီးပြောသွားပါတယ်..။

Okay…! အဲ့ဒီနောက်ပိုင်း ရလဒ်တွေပြောင်းလဲသွားပြီး အရာရာအားလုံး ပြောင်းပြန်တွေဖြစ်သွားခဲ့ပါတယ်။ ရိုမန် က ကျနော့်ကို အလုံးစုံ ပြောင်းလဲပစ်ဖို့ တောင်းဆိုခဲ့တာပါ။ မျိုးဆက်တစ်ခု အပြောင်းအလဲ (generational change) ပြုလုပ်ဖို့ပေါ့ဗျာ..။ ဒါဟာစီမံကိန်းရဲ့ ရည်မှန်းချက် ဖြစ်ခဲ့ပါတယ်..။ နောက်ဆုံးမှာတော့ ကျနော့်ရဲ့အမှား ဖြစ်ခဲ့ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့တွေဟာ ရာသီကြိုကာလအတွင်းမှာ တကယ်ကိုအကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြသလို လူတိုင်းအပေါ် သက်ရောက်မှုကလည်း ကောင်းမွန်ခဲ့ပါတယ်..။ 

အဲဒါနဲ့ကျနော်ဟာ လက်ရှိအသင်းမှာ မြင်နေရတဲ့အပေါ် အပြည့်အဝ ကျေနပ်ခဲ့ပြီး ဈေးကွက်ထဲကနေ ကစားသမားသစ်တွေ ထပ်မံအားဖြည့်ပေးဖို့ မတောင်းဆိုတော့ပါဘူး..။ ရှိတာလေးတွေနဲ့ပဲ ဆက်သွားမယ်.. ပေါ့ဗျာ..။ အသင်းရဲ့ခြေစွမ်း၊ ကစားသမားတွေရဲ့ တစ်ဦးချင်းခြေစွမ်းတွေကလည်း ကျေနပ်စရာပါပဲ..။ အိုးလ် ထရက်ဖို့ဒ် မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ကျနော်တို့ရဲ့ကစားပုံ အရမ်းကောင်းမွန်ခဲ့ပါတယ်..။ နိုဝင်ဘာလအထိ ကစားပုံကောင်း၊ ရလဒ်တွေ ကောင်းမွန်ခဲ့တဲ့ပွဲတွေ အများကြီးပါပဲ..။

အိမ်ကွင်းမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲဟာ ခံစစ်ကြောင်းကို ကွင်းလယ်တင်ကစားတဲ့ 'high-line' စနစ်ကြောင့် ဟာကွက်တွေပေါ်သွားပြီး ရှုံးနိမ့်ခဲ့ရတာ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ ၃ - ၂ ဒါမှမဟုတ် ၄ - ၃ ဆိုတဲ့ ရလဒ်မျိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။ မာတာ က နောက်ဆုံးမိနစ်တွေမှာ ဂိုးသွင်းယူခဲ့ပြီးမှ သူတို့က နောက်ထပ်တစ်ဂိုး သွင်းသွားခဲ့တာလို့ ထင်ပါတယ်။ ဒါကြောင့်ဒီစီမံကိန်းဟာ ပြန်လည်ပြုပြင်မွမ်းမံမှု (renovation) တစ်ခု ဖြစ်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်..။ ပရိဘောဂအဟောင်းတွေကို ပြန်လည်မွမ်းမံမှုမျိုးပေါ့ဗျာ..။ ဒါပေမယ့် နောက်ဆုံးမှာတော့ အဲ့ဒီပရိဘောဂ အဟောင်းတွေကပဲ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်..။ ခင်ဗျားတို့တွေ ချန်ပီယံလိဂ် ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ကြတာပဲလေ။

ရော်ဘတ်တို ဒီ မက်တီယို တာဝန် လွှဲပြောင်း၊ ယူလိုက်တာကို မြင်တွေ့ရတာ ကျနော့်အတွက် အလွန်ခက်ခဲခဲ့ပြီး အပြင်းအထန် နာကျင်၊ ခံစားခဲ့ရတဲ့ အရာတစ်ခု ဖြစ်ခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ကိုရွေးချယ်ခဲ့သူဟာ ကျနော်ဖြစ်နေခဲ့လို့ပါ။ ချယ်လ်ဆီးအသင်းဘက်က.. အထူးသဖြင့် မာရီနာ နဲ့ ရိုမန် တို့က အခြားတစ်ယောက်ကိုပဲ လိုချင်ခဲ့ကြတာပါ။ ဝက်စ်ဘရုန်း မှာ သူ့ရဲ့ကစားနည်းစနစ်ကြောင့် ရော်ဘတ်တို ကို ကျနော်ကိုယ်တိုင် ရွေးချယ်ခဲ့တာပါ..။ သူ့ကိုနည်းပြရာထူး ပေးအပ်လိုက်တာကို ကျနော်မသိရှိခဲ့ရတာဟာ သူ့ဆီကနေ ကျနော် လုံးဝမျှော်လင့်မထားခဲ့တဲ့ အရာတစ်ခု ဖြစ်ခဲ့ပါတယ်။


  
ဂျွန် အိုဘီ မီးခေးလ် - သူ ခင်ဗျားကို မပြောခဲ့ဘူးပေါ့။
အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ် - No.. ကျနော် မသိခဲ့ပါဘူး။ သူလည်း မသိခဲ့ပါဘူး။ ပြီးတော့ ချယ်လ်ဆီးဘက်က တခြားတစ်ယောက်ယောက်ကို စီစဉ်ထားပြီး အစောပိုင်းတွေမှာ သူရရှိခဲ့တဲ့ ရလဒ်တွေကြောင့် တခြားနည်းလမ်း တစ်ခုကို ပြောင်းလဲလိုက်တာလား? ကျနော် မသိပါဘူး။ ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ။ ဘောလုံးလောကဆိုတာ အမြဲတမ်း ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ပြီး ပွဲစဉ်တစ်ပွဲနဲ့တစ်ပွဲ ကြားမှာတောင် မထင်မှတ်လောက်အောင် ပြောင်းလဲနိုင်ပါတယ်..။

ချယ်လ်ဆီးအသင်းမှာ ကျနော်တာဝန်ယူခဲ့တဲ့ကာလအတွင်းမှာ အဲဒီကိစ္စဟာ အကြီးမားဆုံး စိတ်ပျက်စရာ ဖြစ်နိုင်ပါတယ်။ ခင်ဗျားတို့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားတို့အားလုံးဟာ  တကယ့်ထိပ်တန်း အဆင့်မြင့် ကစားသမားတွေ ဖြစ်ကြပြီး အဲဒီကစားသမားတွေရဲ့ စရိုက်လက္ခဏာတွေအပေါ် အလိုက်သင့် ပြောင်းလဲပေးရမှာက နည်းပြရဲ့တာဝန် ဖြစ်နေလို့ပါ။

ဂျွန် အိုဘီ မီးခေးလ် - ဂျွန် တယ်ရီ က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ ကျနော်တို့ လေယာဉ်ခရီးစဉ်နဲ့ သွားရောက်ကြတဲ့အခါ… စီနီယာ ကစားသမားတွေက business class လို ပိုပြီးကောင်းတဲ့ ထိုင်ခုံတွေရှိတဲ့ အရှေ့ပိုင်းမှာ ထိုင်ကြရပြီး ကျနော်တို့နဲ့အတူ လေ့ကျင့်ရေးဆင်းဖို့ ခေါ်လာတဲ့ အကယ်ဒမီ ကစားသမားလေးတွေ ကတော့ economy class… နောက်ဘက်မှာ ထိုင်ကြရပါတယ်..။

JT  ပြောပြတာကတော့ ခင်ဗျားရဲ့ နည်းပြ ကာလတုန်းကပေါ့…လေယာဉ်ပေါ်တက်တဲ့အခါ ကျနော်တို့စီနီယာ ကစားသမားတွေက သူတို့ထိုင်ရမယ့် အရှေ့ဘက်ထိုင်ခုံတွေဆီ သွားခဲ့ကြပါတယ်။ ဒါပေမယ့် ရုတ်တရက် ဆိုသလို အကယ်ဒမီ ကစားသမားလေးတွေ အရှေ့မှာထိုင်နေကြတာကို မြင်တွေ့လိုက်ရတော့ 'မင်းတို့ ကောင်တွေ ဒီမှာ ဘာလုပ်နေကြတာလဲ' လို့ မေးခဲ့ကြပါတယ်။ အဲ့ဒီအခါ ကလေးတွေက 'နည်းပြက ကျနော်တို့ကို ဒီမှာထိုင်ဖို့ ပြောပါတယ်၊ စီနီယာ ကစားသမားတွေလည်း နောက်မှာထိုင်ရမယ် (economy class) လို့ ပြောပါတယ်' လို့ ပြန်ဖြေခဲ့ကြပါတယ်။ JT  က 'ဘာရယ်…? ဘယ်သူပြောတာလဲ' ပေါ့။ သူတို့က 'နည်းပြ ပြောတာပါ' လို့ ပြောခဲ့ပါတယ်။ ပြောချင်တာက အဲဒီဇာတ်လမ်းဟာ အတော်လေး လူပြောသူပြော များခဲ့ပါတယ်..။ ဒါဟာ တကယ်ပဲလား? ဆိုတာ ခင်ဗျားဘက်က ရှင်းလင်းပေးစေချင်ရုံပါ…

အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ် - JT ပြောတာ ကျနော်ကြည့်ဖူးပါတယ်..။ အခုလိုကျနော့်ကို ပြန်ပြီးထောက်ပြ မေးမြန်းပေးတာ ကျေးဇူးပဲဗျ..။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျနော်ကိုင်စွဲတဲ့ မူဝါဒအတိုင်း အတိအကျ လိုက်နာတတ်တဲ့ ကျနော့်ရဲ့ပုံစံ ဖြစ်နေလို့ပါပဲ..။ စည်းမျဉ်းအရကတော့ ကျနော်တို့ဆီမှာ ပထမတန်း (first class) မှာ နေရာလွတ် နည်းနည်းပဲရှိခဲ့ပြီး အဲ့ဒီနေရာတွေဟာ ပထမအသင်း ကစားသမားအားလုံးအတွက် မလုံလောက်ခဲ့ပါဘူး။ ဆိုလိုတာက သာမန် ကစားသမားတွေအတွက် မဆံ့ခဲ့ပါဘူး။ ဒါကြောင့်ခင်ဗျားတို့အနေနဲ့… ဆိုကြပါစို့.. ပီတာ ချက်၊ ဒရော့ဘာ၊ ဂျွန် တယ်ရီ၊ လမ်းပတ် တို့ထဲက တချို့ကိုပဲ ရွေးချယ်ရတော့မှာပါ။ အဲ့ဒီအခါ ဂျွန် အိုဘီ၊ ရာအူးလ် မီရဲလက်စ် နဲ့ ကျန်တဲ့ ကစားသမားတွေ ဖြစ်တဲ့ မာလူဒါ သို့မဟုတ် အခြားသူတွေကို ချန်ထားခဲ့ရတော့မှာပါ။ ဥပမာ- ဖာနန်ဒို တောရက်စ် ဆိုရင်လည်း အချန်ခံရမယ့် အခြားတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မူဝါဒအရ အဲဒီအတိုင်း ဖြစ်ခဲ့ပါတယ်..။



ပြဿနာ ဖန်တီးမိသလို မဖြစ်စေချင်လို့ business class မှာ ကျန်တဲ့ကစားသမား အားလုံးကို ထိုင်ခုံနေရာ ချပေးပြီး အကယ်ဒမီ ကစားသမားလေးတွေကိုတော့ အဲဒီပထမတန်း ထိုင်ခုံတွေမှာ ပေးထိုင်လိုက်တာမျိုး ပြုလုပ်ခဲ့တာပါ။ ဒါဟာ ကျနော့်ဘက်က အကြောင်းပြချက် ဖြစ်ပါတယ်။ ဂျွန် က ကျနော့်ဆီကို လာပြောခဲ့လား.? မမှတ်မိပါဘူး။ ဂယ်ရီ စတက်ကာ ဒါမှမဟုတ် ဒေးဗစ် ဘားနတ်ဒ် တို့က ကျနော့်ဆီရောက်လာပြီး ‘ကစားသမားတွေကြားမှာ ပြဿနာနည်းနည်း ရှိသွားနိုင်တယ်’ လို့ ပြောခဲ့တာ ဖြစ်နိုင်ပါတယ်။ ထိုင်ခုံတွေ ပြန်ပြီးပြောင်းလဲလိုက်လား..? ကျနော် မမှတ်မိပါဘူး။ အကယ်ဒမီ ကစားသမားလေးတွေ အဲ့ဒီထိုင်ခုံတွေနဲ့ပဲ ခရီးဆက်ခဲ့ကြတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ကိုယ့်ရဲ့မူဝါဒအတိုင်းပါပဲ။

အသင်းခေါင်းဆောင်တွေ အတွက်တောင်မှ ထိုင်ခုံမလုံလောက်ခဲ့တာကြောင့် 'ထိပ်သီး ကစားသမားကြီးတွေ (top guns)' လို့ သတ်မှတ်ခံထားရသူ အနည်းငယ်ကိုပဲ သီးသန့် ပေးမထိုင်စေခဲ့တာဟာ ကောင်းမွန်တဲ့ ဆင်ခြေတစ်ခု ဖြစ်ခဲ့ပါတယ်။ အသင်းခေါင်းဆောင်တွေပဲ first class မှာ လာထိုင်နိုင်ပြီး တခြားသူတွေ မလာနိုင်ကြပါဘူး။ ကျနော်တို့ မတူညီတဲ့စံနှုန်း (criteria) အားလုံးနဲ့ စမ်းသပ်ကြည့်ခဲ့ကြပါတယ်။ ပွဲထွက်ခွင့် အကြိမ်အရေအတွက်၊ အသင်းမှာ ပါဝင်ခဲ့တဲ့ နှစ်အရေအတွက် စသဖြင့်ပေါ့။ မူဝါဒကတော့ အတိအကျ အဲ့ဒီအတိုင်းပါပဲ။ ထိပ်သီးကြီးတွေ အတူတူ သွားကြပြီး ကလေးတွေက ပထမတန်းဆီ တက်ထိုင်ကြပေါ့ဗျာ..။ အဲဒီလိုပါ..။

ဒါကြောင့် ကျနော်ကတော့ ဒါကို လုံးဝ မတူညီတဲ့အမြင်နဲ့ ရှုမြင်ပါတယ်။ ဂျွန် ကတော့ အခြားတစ်မျိုး ပြောင်းပြန်ရှုမြင်တာပေါ့။ ကျနော် ထင်တာကတော့ အဲဒီဖြစ်ရပ်ဟာ အသင်းအပေါ်မှာ သက်ရောက်မှု လုံးဝ မရှိခဲ့ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ရာသီကြိုကာလမှာ ကျနော်တို့ တကယ်အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့လို့ပါပဲ..။ ကျနော်တို့ ပွဲတွေမှာ တစ်ပွဲလုံးလွှမ်းမိုး၊ ထိန်းချုပ်နိုင်ခဲ့တယ်။ အကောင်းဆုံးကစားဟန်ကို ခင်းကျင်းနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဒါဟာ တချို့အဆင့်တွေမှာ ကျနော့်ရဲ့ မူဝါဒတွေ၊ ကျနော့်ရဲ့ ဖြစ်တည်မှုပုံစံ၊ ကျနော့်ရဲ့ ခေါင်းမာမှုတွေနဲ့ ဒါမှမဟုတ် အပြင်ကနေခြုံငြုံပြီး ဖြစ်လာနိုင်မယ့်အရာကို ကြိုတင်၊ မမြင်တွေ့နိုင်ခဲ့တာတွေနဲ့ သက်ဆိုင်နိုင်ပါတယ်။ အခုအချိန်မှာတော့ ကျနော်ဒါကို နည်းနည်းပိုပြီး သဘောပေါက်ပါပြီ။ ဒါပေမယ့် အခုအချိန်မှာလည်း ကျနော်ဒါကို အခြားနည်းလမ်းတစ်ခုခုနဲ့ ပြုလုပ်ခဲ့မိမလား? ဆိုတာ မသေချာပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ လက်တွေ့ကျပြီး ထိရောက်တဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့လို့ပါ။

တကယ်လို့ ဂျွန် က အခုချက်ချင်း ကျွန်တော့်ဆီ ဖုန်းဆက်လာပြီး အဲ့ဒီထိုင်ခုံနေရာလုတာတွေဟာ economy class မှာ ဖြစ်ခဲ့တာပါလို့ ပြောလာရင်တော့ ကျနော်တို့ ဒီအကြောင်းကို ဆက်ပြီးငြင်းခုံ၊ စကားပြောရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် ကျနော်မှတ်မိသလောက်ကတော့ ကျနော်တို့ စကားပြောခဲ့ကြတာဟာ ပထမတန်း (first class) နဲ့ ဘိဇနက်စ် ကလပ်စ် (business class) အကြောင်းနော်…? ဒါ့ကြောင့်အချိန်ကုန်ခံပြီး စဉ်းစားစရာ မလိုတဲ့ကိစ္စပါ။ ဒါမှမဟုတ် အခု Podcast မှာ မဲခွဲဆုံးဖြတ်မှု (poll) တစ်ခုလောက် လုပ်လိုက်ရင် ရနိုင်ပါတယ်။ 'JT  ဘက်တော်သား (Pro-JT) ' နဲ့ 'အေဗွီဘီ (AVB) ဘက်တော်သား (Pro-AVB)' ဆိုပြီး ပေါ်ထွက်လာမှာပေါ့.. ဟားဟား။ အတော်လေးကို ရယ်စရာကောင်းပါတယ်။

အပိုင်း (၂) ဆက်လက် တင်ဆက်ပါမည်..။