ခရစ်စ် မက်ခ်ဟာဒီ - အင်ဒရေ… ကျနော်တစ်ခု မေးပါရစေ… ခင်ဗျား ၂၀၁၂ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကြည့်ဖြစ်ခဲ့သေးလား?
အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ် - ကြည့်ဖြစ်ခဲ့ပါတယ်။ ပေါ်တိုက သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ ကြည့်ခဲ့တာပါ။
ခရစ်စ် မက်ခ်ဟာဒီ - ခံစားချက်တွေ ဘယ်လိုရှိခဲ့လဲ?
အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ် - ကျနော် ကစားသမားတချို့ကို ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။ ကစားသမား အချို့က ကျနော့်ဆီ မက်ဆေ့ချ် ပို့ခဲ့ကြပါသေးတယ်။ ဗိုလ်လုပွဲမှာ ချယ်လ်ဆီးကို အားပေးခဲ့ပါတယ်လို့ ကျနော်မပြောနိုင်ပါဘူး။ အဲ့ဒီဗိုလ်လုပွဲမှာ ချယ်လ်ဆီးကို အားပေးဖို့အတွက် နာကျင်မှုတွေ အလွန်များပြား လွန်းခဲ့ပါတယ်။ ကစားသမား အချို့နဲ့တော့ စကားပြောဖြစ်ခဲ့ပါတယ်။
ပွဲပြီးတဲ့အချိန်မှာ ဒေးဗစ် လူးဝစ်ဇ်၊ အသင်းက နာမည်ကြီး ဆရာဝန်တွေဖြစ်ကြတဲ့ အီဗာ ကာနီယာရို၊ ပါကို ဘီယော့စ်ကာ တို့လည်း ကျနော့်ဆီ မက်ဆေ့ချ် ပို့ခဲ့ပါတယ်..။ ဝန်ထမ်းတစ်ချို့လည်း ပါသေးတယ်ဗျ..။ အဲဒီအနိုင်ပွဲ.. အဲဒီအောင်ပွဲဟာ ကစားသမားတွေကြောင့်ပါ..။ သူတို့ရဲ့ပြောင်းလဲမှု၊ ဒီ မက်တီယို ရဲ့ ပြောင်းလဲမှုတွေကြောင့်ပေါ့ဗျာ..။ ကျနော်နဲ့ဘာမှ ပတ်သက်မှုမရှိပါဘူး..။ ဒါပေမယ့် အဲဒီအသင်းကို ကျနော်တည်ဆောက်ခဲ့တာပါ..။ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လူသစ်ထပ်မခေါ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ကျနော်ပါပဲ..။ ခင်ဗျားတို့ကို ယုံကြည်ခဲ့လို့ပါ..။ ဒါပေမယ့် ရာသီပြီးဆုံးချိန်မှာ မျှော်လင့်မထားခဲ့တဲ့ အောင်မြင်မှုတွေ ရရှိသွားခဲ့တာက ကစားသမားတွေကြောင့် ဖြစ်ပါတယ်..။
အဲဒီချယ်လ်ဆီးအသင်းက အတော်လေးကို ရယ်စရာကောင်းတဲ့ အသင်းတစ်သင်းဗျ..။ ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့တဲ့အချိန်က သူတို့အောင်ပွဲခံတဲ့ပုံစံဟာ အဝတ်လဲခန်းထဲက အနေအထားကို ရောင်ပြန်ဟပ်နေတယ်လို့ ကျနော်ထင်ပါတယ်။ ဂျွန် က တခြားတမျိုး ပြောချင်ပြောပါလိမ့်မယ်..။ ဒရော့ဘာ ရဲ့ နောက်ဆုံးပင်နယ်တီ ဂိုးဝင်အပြီးမှာ ကစားသမား တစ်ယောက်က ဒီဘက်ကိုပြေးပြီး အောင်ပွဲခံတယ်၊ တခြားကစားသမား တစ်ယောက်က ဟိုဘက်ကို ပြေးသွားတယ်။ နောက်တစ်ယောက်က ဂိုးသမားဆီသွားတယ်၊ အခြား တစ်ယောက်ကတော့ ကွင်းပြင်ထဲမှာပဲ ကျန်နေရစ်ပါတယ်။ သူတို့ အားလုံးဟာ မတူညီတဲ့လမ်းကြောင်း အသီးသီး သွားရောက်ခဲ့ကြတာဖြစ်ပြီး ဒါဟာ သူတို့အချင်းချင်းကြားမှာ လေးစားမှုရှိနေကြတဲ့ အဝတ်လဲခန်း အနေအထားကို အနှစ်ချုပ်ပြသနေတာပဲလို့ ကျနော်ထင်ပါတယ်။

သူတို့အချင်းချင်းကြားက လေးစားမှုကြောင့် တစ်ယောက်နဲ့တစ်ယောက် သည်းခံ၊ ပေါင်းသင်းနေကြတာပါ။ သူတို့ဟာ တကယ့်သူငယ်ချင်းကောင်းတွေ မဟုတ်ကြပါဘူး။ ဒါဟာ အဲဒီပွဲစဉ်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ အဲ့ဒီအသင်းအပေါ် ကျနော် နားလည်၊ သဘောပေါက်တဲ့ ပုံစံပါပဲ။ တခြားအသင်း တစ်သင်းသာ ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးလိုက်တဲ့အချိန်ဆိုရင် ဦးတည်ချက်တစ်ခုတည်းဆီ အတူတူသွားပြီး တစည်းတလုံးတည်း အောင်ပွဲကြလိမ့်မယ်လို့ ထင်မိတာပဲဗျ..။
ဂျွန် အိုဘီ မီးခေးလ် - မီဒီယာတွေရှေ့မှာ ကျွန်တော်တို့ ဘာပဲပြောပြော၊ ကျနော်တို့အသင်းဟာ တစ်သင်းအနေနဲ့ ဘယ်လောက်အထိ စည်းလုံးညီညွတ်ပါတယ်လို့ပဲ ပြောပြော… အသင်းတစ်သင်းအနေနဲ့ ကစားသမားတွေ အချင်းချင်း သဘောကျတာ၊ ချစ်ခင်ရင်းနှီးကြတာ မဟုတ်ပဲ တကယ့်ကို စစ်မှန်တဲ့ စည်းလုံးညီညွတ်မှု မရှိဘူးလို့ ခင်ဗျားခံစားရတာပေါ့။
အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ် - အဲ့ဒီမှာ သီးသန့်အုပ်စုတွေအလိုက် လှုပ်ရှားမှု၊ ရင်းနှီးမှုတွေ ရှိကြပါတယ်။ ဘရာဇီးလ် ကစားသမားတွေက မာတာ နဲ့ တစ်စု၊ ပြင်သစ်စကားပြောတဲ့ ကစားသမားတွေဖြစ်တဲ့ ကာလူး၊ မာလူဒါ တို့က အတူတူနေတတ်ကြတယ်။ ကစားဟန်၊ ပုဂ္ဂိုလ်ရေးစရိုက် မတူညီကြတဲ့ ကစားသမားတွေ အများကြီးပေါင်းစပ်ထားတာဖြစ်ပြီး အသင်းတစ်သင်းတည်းမှာအတူ ကစားနေကြပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ အသင်းတစ်သင်းလို မတောင့်တင်းခဲ့ကြပါဘူး။ ခင်ဗျားတို့ အောင်ပွဲခံတာကို မြင်ခဲ့ရတဲ့အချိန် ကျနော့်ရဲ့ခံစားချက်က အဲ့ဒီအတိုင်းပဲဗျ..။ ခင်ဗျားတို့အချင်းချင်း ဘယ်လောက်အထိ အဆက်အသွယ် ရှိကြလဲ? ကျနော်မသိပေမယ့် ခင်ဗျားတို့တွေရဲ့ အုပ်စုငယ်၊ အုပ်စုကွဲတွေအလိုက် လှုပ်ရှားမှုတွေအပေါ် ကျနော့်ရဲ့ နားလည်၊ သဘောပေါက်မှုကတော့ အဲ့ဒီအတိုင်းပါပဲ။
ဂျွန် အိုဘီ မီးခေးလ် - ရိုမန် နဲ့ မာရီးနား တို့နဲ့ ခင်ဗျားရဲ့ ဆက်ဆံရေးကရော…? ဘာဖြစ်လို့လည်းဆိုတော့ မပြီးပြတ်သေးတဲ့အရာ တစ်ခုခုကျန်ရှိနေသေးတယ်လို့ ခံစားရလို့ပါ။ အသင်းကနေ ခင်ဗျားအထုတ်ခံခဲ့ရတဲ့ပုံစံ၊ ကိစ္စရပ်တွေ ဖြစ်ပျက်ခဲ့တဲ့ပုံစံတွေမှာ အချိတ်အဆက်မမိတဲ့အရာ တချို့နဲ့ ခင်ဗျား ချန်ထားခဲ့ရတဲ့ မပြီးပြတ်သေးတဲ့ ဆွေးနွေးမှုတွေ ကျန်နေခဲ့သေးလား..? လို့ပါ.။ ခင်ဗျားအပေါ်မှာ သူတို့တွေရဲ့ ဆက်ဆံပုံဟာ တရားမျှတမှု မရှိခဲ့ဘူး.. လို့ ခံစားမိခဲ့သေးလား..?
အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ် - No.. ဘာဖြစ်လို့လည်းဆိုတော့ ရလဒ်တွေ ဆိုးရွားနေခဲ့လို့ပါ။ ရာထူးက ထုတ်ပယ်ခံရဖို့ ဦးတည်သွားစေခဲ့တဲ့ ကာလအတွင်းက ရလဒ်တွေကို စဉ်းစားမိပါတယ်။ အဲဗာတန်ကို ရှုံးခဲ့တယ်၊ ဝက်စ်ဘရုန်း ကို ရှုံးခဲ့တယ်၊ နာပိုလီ ကို ရှုံးခဲ့တယ်။ Okay… ကျနော်တို့ ဘာမင်ဂမ်နဲ့ ကစားခဲ့ရတယ်။ ကျနော်ဆက်ပြီး ရှိနေခဲ့ရင်လည်း အဲ့ဒီပွဲစဉ်ကို အနိုင်ရရှိခဲ့မှာပါ။ နာပိုလီနဲ့ပွဲမှာလည်း ကျနော်တို့ အနိုင်ရရှိခဲ့လိမ့်မယ်လို့ ထင်ပါတယ်..။ ဒါပေမယ့် ခင်ဗျားသိတဲ့အတိုင်း ရလဒ်တွေက ထိုးဆင်းနေခဲ့တာပါ။ ဒါကြောင့်ရလဒ်တွေ မကောင်းမွန်တဲ့အခါ အရာရာအားလုံး ပြောင်းလဲသွားတတ်တယ်ဆိုတာ လက်ခံလို့ ရပါတယ်။ အဲ့ဒီနှစ်မှာ ရိုမန် တစ်ခါမှ ရောက်မလာခဲ့တာ ခင်ဗျားမှတ်မိမှာပါ..။ သူဟာကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ချယ်လ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းနဲ့ အချိန်အကြာကြီး အဆက်ပြတ်သွားခဲ့ပါတယ်..။

ရွန် ဂေါလေး၊ မာရီးနား နဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ တွေ့တဲ့အခါတိုင်း ရိုမန် ရဲ့ လာရောက်မှုတွေဟာ အရေးပါတဲ့အကြောင်း မကြာခဏ တင်ပြပေးပါတယ်..။ သူကအပြောင်းအရွှေ့ ရာသီတွေမှာတောင် မပါဝင်နိုင်တော့ပါဘူး..။ ကျနော်တို့ဟာ မာရီးနား၊ မိုက်ကယ် အီမန်နာလို နဲ့ ရွန် တို့နဲ့ တိုင်ပင်၊ ဆောင်ရွက် ဆုံးဖြတ်ရပါတယ်..။ ဒါပေမယ့် ကျနော့်ဘက်က ဘာမှနာကျင်စရာ၊ မကျေနပ်စရာ မရှိပါဘူး..။ ရလဒ်တွေက တကယ်ပဲ ဆိုးရွားခဲ့ပါတယ်..။ အဲဒီတော့ နည်းပြလဲမှာပေါ့..။
ခရစ်စ် မက်ခ်ဟာဒီ - ခင်ဗျား တကယ်ကို ပွင့်ပွင့်လင်းလင်း ပြောသွားတာပါ။ ရိုမန် က အသင်းကို နောက်ထပ်လမ်းကြောင်းတစ်ခုဆီ ခေါ်ဆောင်သွားမယ့် အပြောင်းအလဲ စီမံကိန်း (blueprint) အတွက် ခင်ဗျားကို တာဝန်ပေးခဲ့တယ်.. လို့ ပြောခဲ့တယ်နော်..။ ကစားသမားဟောင်းကြီးတွေ (old guard) ဟာ ခင်ဗျားရဲ့နည်းစနစ်တွေကို လက်ခံပြီး စီမံကိန်းသစ်မှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေကြပြီလို့ ယုံကြည်မိခဲ့တယ်လို့လည်း ခင်ဗျားဝန်ခံခဲ့ပါတယ်။ အခုအချိန်မှာ အဲဒါကိုပြန်ပြီး သုံးသပ်ကြည့်တဲ့အခါ ခင်ဗျားရဲ့ အကြီးမားဆုံး နောင်တတွေထဲက တစ်ခုဟာ 'ငါ့ရဲ့ ပင်ကိုယ်အသိစိတ်အတိုင်း ယုံယုံကြည်ကြည် သွားခဲ့သင့်တယ်..၊ ကစားသမားဟောင်းကြီးတွေကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့သင့်တယ်..' စသဖြင့် တွေးမိခဲ့လား? ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း 'ဒါဟာ အမှားကြီးတစ်ပဲ?’ လို့ ခင်ဗျားရဲ့စိတ်ထဲ တွေးမိခဲ့တဲ့အရာတွေ ရှိခဲ့သေးလား..?
အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ် - No.. မတွေးမိပါဘူး။ ကျနော်တို့ အပြောင်းအလဲတချို့ ပြုလုပ်ဖို့ ရှိပါတယ်..။ ရိုမန် က ဘာဘတ်ဂျက်မှ ချမပေးခဲ့ဘူး။ ဒရော့ဘာ က ရှန်ဟိုင်း ကို သွားချင်ခဲ့တာပါ။ သူဟာ ရှန်ဟိုင်း ရှန်ဟွာ အသင်းနဲ့ ကြိုတင်ပူးပေါင်းနိုင်ဖို့ ကျနော့်ရဲ့ရုံးခန်း တံခါးကို လာခေါက်ခဲ့ပါတယ်..။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာမှ အသင်းမပြောင်းဖြစ်ပဲ ဆက်ပြီးကျန်နေခဲ့တာပါ။ ဇာတ်လမ်းတိုင်းမှာ အခြားတစ်ဘက်ခြမ်းဆိုတာ အမြဲတမ်းရှိနေတယ်လို့ ကျနော်ထင်ပါတယ်။
ကျနော့်ရဲ့နောင်တတွေကတော့ သူတို့ထဲကတချိုတွေရဲ့ ပါရမီအရည်အချင်းကောင်းတွေကို အပြည့်အဝ ထုတ်ဖော်၊ သုံးစွဲနိုင်ခြင်း မပြုနိုင်ခဲ့တာပါပဲ။ အသင်းရဲ့ ကစားနည်းစနစ်ကြောင့်၊ ကျနော်တို့ရဲ့ ဘောလုံး ပိုင်ဆိုင်မှုအခြေပြု ကစားဟန် (possession based game) ကြောင့် တိုက်စစ်ဆင်ဖို့ နေရာလွတ်တွေ မရှိခဲ့တာကြောင့် စတဲ့ အကြောင်းရင်းတွေ ပါဝင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှုတွေ တည်ဆောက်ခဲ့တဲ့ သမိုင်းကြောင်းတစ်လျှောက် အစိတ်အပိုင်းတစ်ခုလို ပါဝင်ခဲ့တဲ့ transitional game ထက် ကျနော့်ရဲ့ ဘောလုံးပိုင်ဆိုင်မှုအခြေပြု ကစားဟန်မှာ အံဝင်ခဲ့တဲ့ ကစားသမားအနည်းငယ်ပဲ ရှိခဲ့ပါတယ်။

ဒါ့ကြောင့် ကျနော်မရှိတော့တဲ့နောက် အပြောင်းအရွှေ့ရာသီမှာ ရော်ဘတ်တို ဒီ မက်တီယို ဟာ စတာလင်ပေါင်သန်း (၃၀၀) လောက် သုံးစွဲခွင့်ရခဲ့တာ ဖြစ်နိုင်ပါတယ်..။ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှု.. လို့ ပြောရမှာပဲ..။ ကျနော်ကတော့ မာတာ၊ စတားရစ်ချ်၊ အိုရီယို ရိုမီးယူ၊ ကီဗင် ဒီ ဘရိုင်း နဲ့ လူကာကူ တို့နဲ့ အပြောင်းအရွှေ့ရာသီမှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့ တန်ဖိုးနည်း အသင်းတစ်သင်း တည်ဆောက်ပေးနိုင်ခဲ့တဲ့အပေါ် အထူးဂုဏ်ယူမိပါတယ်..။ ဪ.. ကော့တွားစ်၊ ကာဟေးလ် တို့လည်း ပါသေးတယ်..။ တကယ့်ကို ကြည်နူးစရာပါ..။ ဒါပေမယ့် ခင်ဗျားတို့ကစားသမားတွေဟာ ကျနော့်ကို အတော်လေး ဒုက္ခပေးခဲ့ပါတယ်..။ ရယ်စရာ ဇာတ်လမ်းတွေလည်း အများကြီးပဲဗျ..။
ဂျွန် အိုဘီ မီးခေးလ် - အဲ့ဒီထဲက အရယ်ရဆုံးတစ်ခုကို ပြောပြပါလား?
အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ် - အက်ရှ်လေ ကိုးလ် နဲ့ ပတ်သက်တဲ့အကြောင်းက အရယ်ရဆုံး ဖြစ်မယ်ထင်ပါတယ်။ နာပိုလီနဲ့ပွဲမတိုင်ခင် အစည်းအဝေးတွေထဲက တစ်ခုမှာပေါ့။ ကစားသမားတွေကို ရလဒ်ပိုင်းနဲ့ပတ်သက်ပြီး ကျနော်တို့ ကြုံတွေ့နေရတဲ့ ဆိုးရွားတဲ့ အခိုက်အတန့်အပေါ် ကိုယ်ပိုင်သုံးသပ်ချက်တွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ထင်မြင်ချက်တွေ တောင်းတာပါ..။ လူတိုင်းမှာ ထုတ်ဖော်၊ ပြောဆိုခွင့် ရှိတာကြောင့် တစ်ယောက်ပြီးတစ်ယောက် ပြောခိုင်းခဲ့ပါတယ်။ ကျနော်နဲ့သက်ဆိုင်တဲ့ အရာတွေကို ကျောက်သင်ပုန်းပေါ်မှာ ရေးမှတ်ထားတာပေါ့..။ ဥပမာ- 'နည်းပြ… ကျနော်တို့ ပွဲစဉ်မကစားခင် တစ်ရက်အလိုမှာ လေ့ကျင့်ခန်းတွေ များလွန်းတယ်..' ဒါမှမဟုတ် 'ပွဲစဉ်မကစားခင် တစ်ရက်အလိုမှာ ပြုလုပ်လေ့ရှိတဲ့ လေ့ကျင့်ရေး အစီအစဉ်တွေဟာ လုံလောက်မှုမရှိဘူး..' စသဖြင့်ပေါ့..။
တစ်ချို့တွေကတော့ တကယ့်ကို ကောင်းမွန်တဲ့ ထောက်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်..။ ဖရန့်ခ် ပြောတာဆို သိပ်ကောင်းပါတယ်..။ 'သူတို့တွေရဲ့ စွမ်းဆောင်ရည်အပေါ် သူတို့ကိုယ်တိုင် ကျေနပ်မှုမရှိကြပါဘူး။ နည်းပြ… ကျနော် ဒီထက်မက စွမ်းဆောင်နိုင်မယ်လို့ ထင်ပါတယ်၊ ကျနော့်အနေနဲ့ နည်းပြရဲ့ နည်းစနစ်တွေအတိုင်း အလိုက်သင့် ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်' လို့ ပြောခဲ့တာပါ။ အဲဒါတွေကျတော့ သူတို့တွေနဲ့ သက်ဆိုင်တဲ့ အကြောင်းတွေပေါ့ဗျာ..။ အဲဒီအရာတွေကိုလည်း ရေးမှတ်ထားခဲ့တာပါပဲ..။
အက်ရှ်လေ ကိုးလ် ဆီ ရောက်သွားတဲ့အခါ သူက 'နည်းပြ… ခင်ဗျားက အသင်းရဲ့ကစားကွက် ပုံဖော်တဲ့အခါ ကျနော့်ရဲ့နေရာမှာ မျှားလေး ထည့်ဆွဲပေးတိုင်း ကွင်းလယ်စည်းကို ကျော်မသွားပါဘူး။ အဲဒါကို ကျနော်နားမလည်ပါဘူး..။ ကျနော်က အမြဲတမ်းတိုက်စစ်ကိုလိုက်ပါ၊ ကစားလေ့ရှိတဲ့ နောက်ခံလူ တစ်ယောက် ဖြစ်ပါတယ်..၊ ဒါကြောင့်နည်းပြရဲ့ မျှားက ဘာဖြစ်လို့ ကွင်းတစ်ဝက်မှာတင် ရပ်တန့်နေရတာလဲ.. ကျနော် မသိပါဘူး' လို့ ပြောပါတယ်..။
ဒါနဲ့ ကျနော်က 'Okay… အက်ရှ်လေ..၊ မင်းရဲ့ သဘောထား၊ အမြင်အတွက် အများကြီး ကျေးဇူးတင်ပါတယ်' လို့ ပြောခဲ့ပါတယ်။ အဲဒါတွေကို ချရေးခဲ့ပြီး နာပိုလီနဲ့ပွဲဆီ ရောက်သွားခဲ့ပါတယ်..။ ဖရန့်ခ် ကလည်း ပွဲထွက်ကစားရမှာ မဟုတ်တာကြောင့် သူ့ကိုခေါ်ပြောခဲ့သလို အက်ရှ်လေ ကိုလည်း ခေါ်တွေ့ပါတယ်။ ‘ဖရန့်ခ်.. အစည်းအဝေးမှာ မင်းပြောခဲ့တဲ့အရာတွေကို တန်ဖိုးထားပါတယ်။ တကယ်ကို ပြည့်စုံလှတယ်။ အဲဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ ကျနော့်ကို အချိန်နည်းနည်းပေးပါ။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ အသင်းမှာ မင်းပါရမှာ မဟုတ်ဘူး…၊ ဒီပွဲအတွက် ကျနော် ရာအူးလ် (မီရားလက်စ်) ကိုပဲ ရွေးချယ်သွားမှာပါ။ ' လို့ ပြောခဲ့ပါတယ်..။
အဲ့ဒီနောက် အက်ရှ်လေ ကို ခေါ်ပြီး ‘မင်းကအားလုံးရဲ့ရှေ့မှာ ငါ့ကို လူပြက်ဖြစ်အောင် လုပ်ဖို့ကြိုးစားခဲ့တယ်..။ ဒါကိုလက်မခံနိုင်ဘူး။ ဒါကြောင့်အသင်းမှာ ပါဝင်ရမှာ မဟုတ်ဘူး..။ မင်း အရန်ခုံမှာပဲ သွားထိုင်လိုက်ပါ၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုအရေးပေါ် အစည်းအဝေးနဲ့ အသင်းလိုက် အစည်းအဝေးတွေမှာ နည်းပြကို စလို့၊ နောက်လို့ ရတဲ့အရာ.. ရယ်စရာကောင်းတဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့လို့ပဲ။ ဒါကြောင့် မင်းဟာအသင်းမှာ ပါဝင်ခွင့် မရှိတော့ဘူး။'
ဘယ်နောက်ခံလူနေရာမှာ ဘော့ဆင်ဝါ ကစားပေးခဲ့ပြီး ပွဲစလို့ (၂) မိနစ်မှာတင် သူဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ တကယ့်ကို (၂) မိနစ်ပါ။ အဲ့ဒါနဲ့ ကျနော် အက်ရှ်လေ ဘက်ကိုလှည့်ကြည့်လိုက်တော့ သူကလည်း ကျနော့်ကို ပြန်ပြီး ဘုကြည့် ကြည့်နေခဲ့ပါတယ်.. ဟားဟား..။ ဆိုလိုချင်တာက ကစားသမားလေးတွေမှာ သူတို့ကိုယ်ပိုင် ဗားရှင်းတွေ ရှိကြသလို ကျနော့်မှာလည်း ကျနော့်ရဲ့ဗားရှင်း ရှိတာပေါ့။ ဒါတွေအားလုံးဟာ ရယ်စရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ အခုချိန်မှာတော့ လုံးဝမအောင်မြင်မယ့် ရာသီတစ်ခု ဒါမှမဟုတ် စိတ်ပျက်စရာ ဘောလုံးရာသီ တစ်ခုကို အရေးပါဆုံး ဆုဖလားကြီး ဆွတ်ခူးနိုင်ခဲ့တဲ့ ရာသီတစ်ခုအဖြစ် ပြောင်းလဲခဲ့ကြတဲ့ ကစားသမား အုပ်စုတစ်စုနဲ့ ကြုံဆုံခဲ့ရတဲ့ ဘောလုံးနည်းပြတစ်ယောက်ရဲ့ဘဝ..၊ ဇာတ်လမ်းလေးပါပဲ.။

ဂျွန် အိုဘီ မီးခေးလ် - အခုလက်ရှိ ချယ်လ်ဆီးအသင်းအပေါ် ခင်ဗျားဘယ်လို သုံးသပ်မိလဲ။? လက်ရှိအသင်းရဲ့ အခြေအနေပေါ့ဗျာ..။ ရိုမန် က အသင်းကို ရောင်းချခဲ့ပြီး ပိုင်ရှင်သစ်တွေ ရောက်ရှိလာခဲ့ပါတယ်။ ဘောလုံးအသင်းကို သူတို့စီမံ၊ ခန့်ခွဲနေတဲ့ ပုံစံနဲ့ ပတ်သက်လို့ ခင်ဗျားရဲ့အမြင်ကို ပြောပြပေးနိုင်မလား..?
အင်ဒရေ ဗီလက်ရှ် ဘိုအာ့စ် - အင်း… ကွဲပြားပါတယ်။ အင်္ဂလန်မှာ ဖြစ်ပေါ်နေတဲ့ ရွှေ့လျားမှုဖြစ်စဉ်..၊ အားပြိုင်မှု အခင်းအကျင်းတွေဟာ ကျနော်တို့ရှိနေစဉ်ကနဲ့ မတူညီတော့ပါဘူး။ ပရီးမီးယားလိဂ်ဟာ သီးခြားဖြစ်တည်နေတဲ့ ‘စူပါလိဂ် တစ်ခု’ လို ဖြစ်နေပါပြီ..။ အသင်းဥက္ကဌ တစ်ယောက်ရဲ့ ရှုထောင့်ကနေ ပြောရမယ်ဆိုရင် ကျနော်တို့ဟာ ကလပ်အသင်း အမြောက်အမြားကို ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းတွေ (multi-club ownerships) နဲ့ ပြိုင်ဆိုင်နေရတာ ဖြစ်ပြီး သူတို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့ အလွန်ခက်ခဲပါတယ်။ သူတို့အသင်းစုတွေကြားမှာ ပြုလုပ်ကြတဲ့ အပြောင်းအရွှေ့ နည်းလမ်းတွေ၊ သူတို့ရဲ့ ငွေကြေးစီးဆင်းမှုနဲ့ စာရင်းဇယားတွေ ထိန်းချုပ်ကြတဲ့ပုံစံတွေကို နားလည်ရတာ တကယ်ကို ခက်ခဲလှပါတယ်။
ဒါပေမယ့် တစ်ဖက်ကလည်း သူတို့တွေဟာ အောင်မြင်မှုတွေရရှိအောင် တည်ဆောက်နိုင်တာကို မြင်တွေ့ရပါတယ်..။ အခုထက်ပို ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ ကြိုးစားနေကြတာလည်း အမှန်ပါပဲ..။ မဟာဗျူဟာကျကျ ပြောရမယ်ဆိုရင် ဈေးကွက်ထဲမှာ သူတို့တွေရဲ့ လုပ်ဆောင်မှုတွေကို လိုက်မှီနိုင်ဖို့ မလွယ်ပါဘူး..။ ကစားသမားတွေကို နှစ်ရှည်စာချုပ် ချုပ်ဆိုတာ..၊ ကစားသမားတွေ အများကြီးခေါ်ယူတာ.. စသဖြင့်ပေါ့ဗျာ..။ ဒါ့ကြောင့်လည်း သူတို့တွေရဲ့ ချဉ်းကပ်ပုံနည်းလမ်း အသစ်တွေအပေါ် အသံဗလံ အစုံထွက်နေတာပေါ့..။
သူတို့ရဲ့ပိုင်ရှင်သစ် တော့ဒ် ဘိုလေး နဲ့ ကျနော်စကားမပြောဖူးသေးပါဘူး။ ဒါပေမယ့် ကျနော်တို့တွေကတော့ မတူညီတဲ့ ပိုင်ရှင်တွေရဲ့လက်အောက် ရောက်ရှိမသွားတာကြောင့် အသင်းယဉ်ကျေးမှုဆိုင်ရာနဲ့ ပြိုင်ဆိုင်မှုပိုင်း ဆိုင်ရာတွေမှာ အသာစီးရနေတယ်လို့ ယုံကြည်ပါတယ်။ ချယ်လ်ဆီးကတော့ ရုရှားပိုင်ရှင်ကနေ အမေရိကန် ပိုင်ရှင်တွေထံ၊ အဲ့ဒီကနေ ရန်ပုံငွေအဖွဲ့အစည်းတွေဆီ အဆင့်ဆင့် ပြောင်းလဲသွားခဲ့ပါတယ်..။ အင်္ဂလန်မှာရှိတဲ့ ဘောလုံးအသင်းတစ်သင်းဟာ အာရှပိုင်ရှင်ဆီကနေ အင်္ဂလန်ပိုင်ရှင်၊ အဲ့ဒီကနေ အမေရိကန်ပိုင်ရှင်ဆီ ပြောင်းလဲသွားနိုင်ပါတယ်။
အဲဒီလိုအပြောင်းအလဲတွေက ဈေးကွက်ကို ပုံဖော်တယ်..၊ အသင်းရဲ့ယဉ်ကျေးမှု.. အစဉ်အလာတွေအပေါ်မှာ အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်..။ အဲဒီကနေတဆင့် တက်ရမယ်ဆိုရင် အသင်းနဲ့သူ့ရဲ့ပရိသတ်တွေအပေါ် ဆက်ဆံပုံတွေအထိပေါ့ဗျာ..။ အင်္ဂလန်အသင်းတွေဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးရဲ့ ဘဏ္ဍာရေး တောင့်တင်းမှုကြောင့် အင်မတန်ချမ်းသာတဲ့ အသင်းတွေ ဖြစ်ကြပါတယ်..။ ဒါပေမယ့် အသင်းတွေရဲ့ ယဉ်ကျေးမှု အစဉ်အလာနဲ့ အသင်းတွေအချင်းချင်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့နေရာမှာ ကျနော်တို့က ပိုပြီးသာပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ အစဉ်အလာတွေနဲ့ သီးခြားရပ်တည်နေပြီး အသင်းနဲ့ပတ်သက်တဲ့ အစစအရာရာအားလုံးကို ပရိသတ်တွေကပဲ ပိုင်ဆိုင်ထားပါတယ်..။

ဘယ်သူပဲ ဥက္ကဋ္ဌ ဖြစ်လာပါစေ၊ အသင်းရဲ့အတွင်းမှာ ကိန်းဝပ်နေတဲ့ ယဉ်ကျေးမှုကို ဆက်လက်၊ ထိန်းသိမ်း သွားရုံပါပဲ။ ဥပမာ - ပေါ်တိုအသင်းရဲ့ ဈေးကွက်ရှာဖွေရေးဌာန ဒါမှမဟုတ် ဥပဒေရေးရာဌာန စတာတွေကို ကြည့်မယ်ဆိုရင် ဝန်ထမ်းတွေအားလုံးဟာ မွေးကတည်းက ပေါ်တိုပရိသတ်စစ်စစ်တွေ ဖြစ်ကြပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ဥပဒေရေးရာဌာန ဒါမှမဟုတ် ဈေးကွက်ရှာဖွေရေးဌာနကို သွားပြီးကြည့်မယ်ဆိုရင် တစ်ယောက်က အာဆင်နယ် ကလာတယ်၊ အခြားတစ်ယောက်က မန်ချက်စတာ စီးတီး က လာတယ်၊ နောက်တစ်ယောက်က အမေရိကန် ပြည်ထောင်စုက လာတယ်၊ တစ်ယောက်က ဂူဂယ်လ် (Google) ၊ အခြားတစ်ယောက်က အဲပယ်လ် (Apple) က စသဖြင့်ပေါ့ဗျာ..။
အဲဒီအပြောင်းအလဲတွေဟာ ဈေးကွက်အပေါ် ချဉ်းကပ်ပုံမှာ သက်ရောက်မှု ရှိပါတယ်..။ သူတို့တွေကတော့ ပုံမှန်လမ်းကြောင်းကနေ ခွဲထွက်တာ (think out of the box) လို့ ပြောကြမှာပဲ..။ ဒါပေမယ့် အဲဒီလိုအပြင်ကနေ ရောက်လာတဲ့သူတွေဟာ အသင်းတစ်သင်းရဲ့ ယဉ်ကျေးမှု အစဉ်အလာတွေကို နားမလည်ဘူး..၊ အသင်းမှာရှိနေတဲ့ အမာခံပရိသတ်ကို ဘယ်လိုချဉ်းကပ်မယ်.. ဆိုတာ မသိကြပါဘူး..။ ဒါပေမယ့် လုံးဝကို မှားပါတယ်.. လို့လည်း ပြောလို့မရဘူးဗျ..။
ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းရဲ့ ပရိသတ်ထုကြီး (Chelsea fanbase) ကိုယ်တိုင်က ပြောင်းလဲနေတာကိုး..။ အဖိုး၊ အဖေကနေ.. သားတွေ၊ သမီးတွေအထိ အဆင့်ဆင့် မျိုးဆက်ကမ်းလာခဲ့တဲ့ အပြာရောင်သွေးစစ်စစ် အမာခံပရိသတ် (die-hard fans) တွေ ရှိပါတယ်..။ တခြားဘက်ကလည်း ကမ္ဘာတစ်
ဝန်းမှာ ပျံ့နှံ့နေတဲ့ အပြာရောင်ပရိသတ်ထုကြီး ရှိနေပါတယ်..။ သူတို့တွေအတွက် မတူညီတဲ့ချဉ်းကပ်ပုံ စဉ်းစားဖို့ လိုအပ်နိုင်ပါတယ်..။
ကျနော်တို့ ပေါ်တိုအသင်းတွေကတော့ အဲ့ဒီလိုမျိုး မဟုတ်ပါဘူး။ ဒီအသင်းမှာ လုပ်ကိုင်နေတဲ့သူ အားလုံးဟာ ပေါ်တိုပရိသတ်တွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဈေးကွက်ရှာဖွေရေးဌာနမှာ ဘင်ဖီကာပရိသတ် ဖြစ်တဲ့သူ ရောက်လာတာမျိုး ဘယ်တော့မှ မရှိနိုင်ပါဘူး။ ကျနော်တို့လိုအသင်းဟာ အဲ့ဒီလိုအရာမျိုးကို သည်းခံမှာ မဟုတ်ပါဘူး။ ဒါကြောင့်ကျနော်တို့ဟာ ကျနော်တို့ရဲ့ ယဉ်ကျေးမှု၊ ကျနော်တို့ရဲ့ သမိုင်းကြောင်း၊ ကျနော်တို့ ကိုယ်စားပြုတဲ့အရာနဲ့ ဖြစ်တည်မှုတွေကို ကာကွယ် စောင့်ရှောက်လေ့ ရှိပါတယ်။ ဒါဟာ ကျနော်တို့ အသင်းအတွင်းမှာ အလွန် မာကျော တောင့်တင်းတဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ တန်ဖိုးထား မြတ်နိုးရတဲ့ အရာလည်း ဖြစ်ပါတယ်။