ချန်ပီယံလိဂ်ပြိုင်ပွဲ၊ League Phase အဆင့် ပွဲစဉ် (၈).. နောက်ဆုံးပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းမှာ နာပိုလီအသင်းအား Stadio Diego Armando Maradona ကစားကွင်း၌ ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိပြီး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို တိုက်ရိုက်တက်ရောက်နိုင်ခဲ့သည်..။ အဆိုပါပွဲစဉ်မှ ကိုးလ် ပါးမား နှင့် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုရ ဂျာအို ပီဒရို တို့၏ ခြေစွမ်းများနှင့် နည်းပြလီယမ် ရိုဆီးနား ၏ နည်းစနစ် အပြောင်းအလဲများအပေါ် ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျိုး ကိုးလ်၊ လီဗာပူးလ်အသင်း ဂန္ထဝင် ကွင်းလယ် ကစားသမားဟောင်း စတီဗင် ဂျရတ်၊ စကော့တလန်အသင်း ဂန္ထဝင်တိုက်စစ်မှူးဟောင်း အယ်လီ မက်ကွိုက်စ်၊ ချယ်လ်ဆီးအသင်းနည်းပြ လီယန် ရိုဆီးနား နှင့် ချယ်လ်ဆီး အမျိုးသမီးအသင်း ကွင်းလယ်ကစားသမားဟောင်း ကယ်ရင် ကာနေး တို့က TNT Sports သတင်းဌာန၏ ‘MatchDay 8 Live’ စကားဝိုင်း အစီအစဉ်တွင် ယခုလို သုံးသပ်ပြောကြားခဲ့ပါသည်..။
မတ်တ် စမစ် - ဂျိူး ရေ.. ခင်ဗျားတို့ရဲ့ ချယ်လ်ဆီးအသင်းကတော့ နေပယ်လ်မြေကို သွားပြီး သူတို့အလုပ်ကိုသူတို့ တာဝန်ကျေအောင် လုပ်နိုင်ခဲ့ပါပြီ။ နောက်ဆုံးမှာတော့ တကယ့်ကို စတိုင်ကျကျနဲ့ အနိုင်ရခဲ့တာပါ။ ဒီနေ့ပွဲမှာတော့ ဂျာအို ပီဒရို ဟာ ခင်ဗျားတို့အသင်းရဲ့ အနိုင်ပွဲအတွက် အဓိကလူ ဖြစ်ခဲ့ပြန်ပါပြီ။
ဂျိုး ကိုးလ် - တကယ့်ကို ပြောင်မြောက်လှတဲ့ စွမ်းဆောင်ရည်ပါ။ ဒါပေမယ့် ဒီနေ့ညမှာ ပွဲထွက်လာခဲ့တဲ့ နာပိုလီအသင်းဟာ လွန်ခဲ့တဲ့ နှစ်နှစ်က စီးရီးအေပြိုင်ပွဲကိုစိုးမိုးခဲ့တဲ့အသင်းမျိုး မဟုတ်တော့ပါဘူး။ ဒါပေမယ့် အန်တိုနီယို ကွန်တီ ရဲ့ အသင်းတော့ ဖြစ်နေတုန်းပဲဗျ..။ အရည်အသွေး ကောင်းမွန်တဲ့ ထိပ်တန်းကစားသမားတွေ ရှိနေဆဲပါပဲ..။
လီယမ် ကတော့ သူ့ရဲ့ ကိုယ်ပိုင်ကစားဟန်တခု ပေါ်ထွက်လာဖို့ အသင်းနဲ့အသားကျအောင် ကြိုးစားနေဆဲပါပဲ။ ဒါပေမယ့် တစ်ခုသတိထားမိတာက အသင်းရဲ့ စိတ်ဓာတ်ပိုင်း မာကျောလာမှု (Character) ပါပဲ။ လွန်ခဲ့တဲ့ လအနည်းငယ်ကဆိုရင် ဂိုးစပေးလိုက်ရတဲ့ ချယ်လ်ဆီးအသင်းဟာ ပြိုလဲသွားပါလိမ့်မယ်..။ ဒါပေမယ့် အခုအချိန်မှာတော့ လီယမ်က သူတို့ထဲကို စိတ်ဓါတ်ပိုင်းဆိုင်ရာ အားတက်စရာတစ်ခုခု ရိုက်သွင်းပေးလိုက်နိုင်ပြီလို့ ထင်ပါတယ်။

စတီဗင် ဂျရတ် - သူ (လီယမ်) ပွဲမတိုင်ခင်က ပြောခဲ့တဲ့အတိုင်း ဖြစ်လာတာပဲ မဟုတ်လားဗျ..။ ပွဲမပြီးသေးသရွှေ့ နောက်ဆုံးအချိန်အထိ စောင့်ရလိမ့်မယ်လို့ သူ ပြောခဲ့ပါတယ်။ သူဟာပွဲပြီးခါနီးမှာ စွန့်စားမှုတွေ ပိုလုပ်လာပြီး အဲဒီစွန့်စားမှုတွေကပဲ အနိုင်ရဖို့ အခွင့်အရေး ဖြစ်လာခဲ့တာပါ။ ဒါကြောင့် ဒီနေ့ပွဲမှာ လီယမ် ရဲ့ နည်းဗျူဟာ အခင်းအကျင်းတွေဟာ ပွဲရဲ့လိုအပ်ချက်နဲ့ ကွက်တိကျပါတယ်..။
မတ်တ် စမစ် - ချယ်လ်ဆီးအသင်းဘက်က ကြည့်မယ်ဆိုရင် နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ သူတို့ ရင်ဆိုင်ရနိုင်တဲ့ ပြိုင်ဘက်တွေက မိုနာကို၊ ကာရာဘတ်ခ်၊ ပီအက်စ်ဂျီ ဒါမှမဟုတ် နယူးကာဆယ် တို့ထဲကတစ်သင်း ဖြစ်လာနိုင်ပါတယ်။
ရော်ရီ စမစ် - ဟုတ်ပါတယ်။ ပီအက်စ်ဂျီ နဲ့ နယူးကာဆယ် နှစ်သင်းလုံးအတွက် ထိပ်ဆုံး (၈) သင်းစာရင်းထဲ မပါခဲ့တာကြောင့် စိတ်ပျက်စရာညတစ်ည ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်သင်းစလုံးဟာ မိုနာကို ဒါမှမဟုတ် ကာရာဘတ်ခ် နဲ့တွေ့ရင် နောက်တစ်ဆင့်တက်ဖို့ ရေပန်းအစားဆုံး ဖြစ်နေမှာပါ။ ဒါပေမယ့် ချယ်လ်ဆီးအသင်းတော့ ပီအက်စ်ဂျီ နဲ့ တွေ့လည်း မလွယ်သလို နယူးကာဆယ် နဲ့ တွေ့ရင်လည်း ပရီးမီးယားလိဂ် အသင်းအချင်းချင်း ပြန်တွေ့ရမယ့်ပွဲစဉ်မျိုး ဖြစ်လာပါလိမ့်မယ်။ အင်္ဂလန်အသင်းတွေအများကြီး နောက်တစ်ဆင့် တက်သွားတာမို့ အဲဒီလို ပွဲစဉ်မျိုးတွေ အများကြီး ရှိလာနိုင်ပါတယ်။
မတ်တ် စမစ် - ကဲ... အချိန်ကျရောက်လာပြီ ဖြစ်တာကြောင့် နေပယ်လ်မြို့က လီယမ် ရိုဆီးနား ဆီကို သွားလိုက်ကြရအောင်ဗျာ..။ သူက Stadio Diego Armando Maradona ကစားကွင်းကြီးထဲမှာ ရှိနေတဲ့ ဘက်ကီ အိုက်ဗ်စ် နဲ့ ကယ်ရင် ကာနေး တို့နဲ့ စကားပြောဖို့ စောင့်နေပါတယ်။

ဘက်ကီ အိုက်ဗ်စ် - လီယမ် ရေ.. ဂုဏ်ယူပါတယ်ရှင်။ ဒီနေ့ညအနိုင်ပွဲဟာ များစွာလှတဲ့ အကြောင်းအရာတွေကြောင့် ရှင်တို့အသင်းအတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို ခံစားရပါတယ်။ ကွင်းထဲမှာ မြင်တွေ့ခဲ့ရတဲ့ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ရှင့်ရဲ့အမြင်လေး ပြောပြပေးပါဦး..
လီယမ် ရိုဆီးနား - ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း မာကျောလာမှု (Character)၊ ဒုတိယပိုင်းမှာ သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်မှု (resilience) နဲ့ ဂိုးစပေးလိုက်ရပြီးနောက် ပြန်လည်တုံ့ပြန်ပုံ (reaction) တွေက တကယ့်ကို အပြုသဘော ဆောင်ခဲ့ပါတယ်။ ဒါတွေဟာ သူတို့ဆီက ကျွန်တော်တောင်းဆိုထားတဲ့ အရာတွေပါပဲ။ ပထမပိုင်းမှာ ကျွန်တော်က တိုက်စစ်ထိုးဖောက်မှု ပိုပြီးရရှိချင်ခဲ့တာပါ။ သူတို့ဘက်ခြမ်းမှာ ဘောလုံးပြန်လည် အရယူနိုင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ ကစားသမားတွေအချင်းချင်းကြား အကွာအဝေး (distance between the lines) က အရမ်းဝေးနေခဲ့ပါတယ်။
ဒါကြောင့် ပထမပိုင်းအပြီးမှာ အဲဒီအားနည်းချက်ကိုပြင်ဆင်ခဲ့ပြီး လူစားလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျာအို ပီဒရို ဟာ တကယ့်ကို ပြောင်မြောက်တဲ့ ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ သူဟာတကယ့်ကို ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာပါ။ ကျွန်တော် အသင်းကို ရောက်ကတည်းက သူဟာအခုလိုပုံစံမျိုး အမြဲပြသနေတာပါ။ ခြုံပြောရရင်တော့ နောက်တစ်ဆင့် တက်သွားပြီဖြစ်လို့ တကယ့်ကို ဝမ်းသာမိပါတယ်။ နာပိုလီအသင်းရဲ့ဒီကွင်းမှာ နိုင်ပွဲရဖို့ အင်မတန်မှခဲယဉ်းပါတယ်.။
ဒါ့အပြင် ကျွန်တော်တို့အသင်းရဲ့ ဒီကွင်းကပထမဆုံးအနိုင်ပွဲ ရယူနိုင်ခဲ့တဲ့အပေါ် အထူးဂုဏ်ယူမိပါတယ်။ ကစားသမားတွေက ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် နောက်ကနေပြန်လိုက်ပြီး အနိုင်မခံ၊ အရှုံးမပေးတဲ့ စိတ်ဓာတ်အပြည့်နဲ့ အနိုင်ပွဲရယူနိုင်ခဲ့တာဟာ ကျွန်တော့်ကို အရမ်းပျော်ရွှင်တဲ့ နည်းပြချုပ်တစ်ယောက် ဖြစ်စေပါတယ်။

ကယ်ရင် ကာနေး - နည်းပြတစ်ယောက်အနေနဲ့ ဒီပွဲကနေ ဘယ်လိုသင်ခန်းစာတွေ ရရှိခဲ့လဲ?
လီယမ် ရိုဆီးနား - ကျွန်တော့်ရဲ့အသင်းအကြောင်း၊ ကျွန်တော့်ရဲ့ ကစုားသမားတွေ ဘာတွေစွမ်းဆောင် ပေးနိုင်လဲ? ဆိုတာနဲ့ သူတို့အတွက် ကျွန်တော် ဘာတွေ ပြောင်းလဲ၊ ညှိနှိုင်းပေးဖို့ လိုအပ်မလဲ? ဆိုတာတွေကို တွေ့ရှိခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ ကျွန်တော်ဟာ ကိုယ့်ဘက်က တိုက်စစ်ဖွင့်ကစားပြီး ပွဲကိုစိုးမိုးထားတဲ့ ကစားပုံမျိုးနဲ့ အနိုင်ရချင်ခဲ့ပါတယ်။ ဒါပေမယ့် မျှော်လင့်ထားတာနဲ့ မတူညီတဲ့ နည်းလမ်းနဲ့ အနိုင်ရခဲ့တာဟာလည်း ကျေနပ်စရာပါပဲ။
ကယ်ရင် ကာနေး - အသင်းမှာလိုအပ်နေတဲ့ အတွေ့အကြုံ (experience) အတွက် ကိုးလ် ပါးလ်မား နဲ့ ထရေဗာ ချာလိုဘား တို့ကို ထည့်သွင်းခဲ့တာ အကျိုးရှိခဲ့လား? သူတို့တွေဟာ အသက်အရွယ် ငယ်သေးပေမယ့် အသင်းမှာခေါင်းဆောင်တွေ ဖြစ်နေကြပြီလေ။
လီယမ် ရိုဆီးနား - ဂျေမီ ဂစ်တန်စ် ဝင်လာပြီး ပွဲကို အများကြီး ပြောင်းလဲပေးခဲ့တယ်လို့ ထင်ပါတယ်။ လူကာကူ ဝင်လာမှာ ဖြစ်တဲ့အတွက် သူ့ကိုပြန်ထုတ်ပြီး နောက်ခံလူတစ်ယောက် ထပ်ဖြည့်ခဲ့ရတာမျိုးတော့ ရှိခဲ့ပါတယ်..။ ဂါနာချို လည်း အများကြီးကူညီ ပေးခဲ့ပါတယ်။ ကျွန်တော့်ဆီမှာ ထူးချွန်တဲ့ ကစားသမားတွေ ရှိသလို သူတို့အပေါ် အပြည့်အဝ ယုံကြည်ထားပါတယ်။ ‘လူစားဝင် ကစားသမားတွေဆိုတာ ပွဲကြီးပွဲကောင်းတွေမှာ အပြောင်းအလဲတွေ ဖန်တီးပေးနိုင်တဲ့သူတွေ ဖြစ်တယ်’ လို့ သူတို့ကိုလည်း အမြဲတမ်းပြောပြထားပါတယ်။
ဘက်ကီ အိုက်ဗ်စ် - လီယမ်... ဒီနေ့ညအနိုင်ပွဲဟာ ရှင့်အတွက် လိုအပ်နေတဲ့ အချိန်ပို ရသွားစေပါတယ်။ Play-off ပွဲစဉ်တွေ ကစားဖို့ မလိုတော့ဘူးလေ။ အဲဒီအချက်ဟာ ဘယ်လောက်ထိ တန်ဖိုးရှိလဲ?
လီယမ် ရိုဆီးနား - တကယ့်ကို တန်ဖိုးကြီးမားတဲ့ အခွင့်အရေးပါ။ အဲဒီလိုတန်ဖိုးရှိတဲ့ အချိန်လေးတွေထဲမှာ ကစားသမားတွေနဲ့ လေ့ကျင့်ရေးကွင်းမှာ သေသေချာချာ ပြန်လည်လေ့ကျင့်နိုင်တော့မှာပါ။ ရိုးရိုးသားသား ပြောရရင် အခုအချိန်ထိ ကျွန်တော်တို့ဟာ ပွဲကစားလိုက်၊ ပြန်လည်အားဖြည့်လိုက်၊ နောက်ပွဲအတွက် ပြင်ဆင်လိုက်နဲ့ပဲ လုံးချာလည်လိုက်နေတာပါ။ အခုတော့ လေ့ကျင့်ရေးကွင်းမှာ သူတို့နဲ့အတူလက်တွဲပြီး ကျွန်တော်တို့နည်းပြတွေအတွက် ဘယ်လိုလိုအပ်ချက်တွေ ရှိနေလဲ..? ဆိုတာ သူတို့ နားလည်အောင် လုပ်ဆောင်ပေးနိုင်တော့မှာပါ။ ဒါ့အပြင်သူတို့တွေရဲ့ ကြံ့ခိုင်မှု ပိုကောင်းအောင်လည်း လုပ်ဆောင်ပေးခွင့် ရနိုင်ပါလိမ့်မယ်..။

ဘက်ကီ အိုက်ဗ်စ် - ဒီညရဲ့ အောင်ပွဲကိုရော အပြည့်အဝ ခံစားလို့ ရပြီလား?
လီယမ် ရိုဆီးနား - ဟုတ်ကဲ့၊ ခံစားရမှာပေါ့။ ကျွန်တော်တို့ဟာ ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ရင်း လစာကောင်းကောင်း ရနေတာဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတွေပါပဲ။ ဒါဟာ တကယ့်ကို အခွင့်ထူးခံရတာမို့ ဒီလိုအချိန်တွေကို ပျော်ရွှင်မှုအပြည့်နဲ့ ဖြတ်သန်းရပါမယ်..။ ဒါပေမယ့် ကျွန်တော်တို့က ဒီထက်မက ပိုပြီးလိုချင်ပါသေးတယ်။ လာမယ့် စနေနေ့ ဝက်စ်ဟမ်းနဲ့ ပွဲကစလို့ ဆက်လက်ယှဉ်ပြိုင်ရမယ့် ပွဲကြီးပွဲကောင်းတွေ ရှိနေပါသေးတယ်။
ကယ်ရင် ကာနေး - နောက်တစ်ဆင့်မှာ ပီအက်စ်ဂျီ လို အသင်းမျိုးနဲ့ တွေ့နိုင်ပါတယ်။ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းမလဲရှင့်..? ရှင်က အရာရာကို အကောင်းမြင်တတ်တာမို့လို့ မေးကြည့်တာပါ။
လီယမ် ရိုဆီးနား - ချန်ပီယံလိဂ် ပြိုင်ပွဲကြီးကို ရောက်ရှိနေတာ ဖြစ်တဲ့အတွက် အနိုင်ရ၊ ဗိုလ်စွဲချင်ရင် အကောင်းဆုံးအသင်းတွေနဲ့ ရင်ဆိုင်ရမှာပါပဲ။ ဒါကြောင့် ဘယ်သူနဲ့တွေ့တွေ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ အခုလိုပုံစံမျိုးနဲ့ နောက်တစ်ဆင့် တက်သွားတာကိုပဲ အရမ်းဝမ်းသာနေပါပြီ။ အခုအချိန်မှာ နောက်လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ အဲဒီနောက်မှာရှိတဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ပွဲကြီးတွေကိုပဲ အာရုံစိုက်သွားမှာပါ။
မတ်တ် စမစ် - ကွင်းဘေးကနေ ကစားသမားတွေကို အော်ဟစ်ညွှန်ကြားရတာဆိုတော့ သူ့ရဲ့အသံကို နားထောင်ရတာ အသံနည်းနည်းဝင်နေပုံ ရပါတယ်…။ ဂျိုး နဲ့ စတီဗင် တို့ရေ.. ခင်ဗျားတို့နှစ်ယောက်လည်း အရင်ကအဲဒီလို အတွေ့အကြုံတွေ ရှိခဲ့ဖူးမှာပါ။ ချယ်လ်ဆီးအနေနဲ့ (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ရင်ဆိုင်ရနိုင်တဲ့ ပြိုင်ဘက်အသင်း (၄) သင်းရှိနေပြီး အဲဒီထဲက တစ်သင်းသင်းနဲ့ တွေ့ဆုံရမှာပါ..။
စတီဗင် ဂျရတ် - ဟုတ်ပါတယ်။ လီယမ် ပြောခဲ့သလိုပါပဲ..။ ချန်ပီယံလိဂ်မှာ အနိုင်ရချင်ရင် တစ်ချိန်ချိန်မှာတော့ ထိပ်တန်းအသင်းကြီးတွေကို ကျော်ဖြတ်ရမှာပဲ။ ဒီညမှာ ချယ်လ်ဆီးပြသခဲ့တဲ့ ကြံ့ကြံ့ခံနိုင်မှုနဲ့ စိတ်ဓာတ်ပိုင်းက တကယ့်ကို အားရစရာပါ။ အသင်းအတော်များများဟာ အဲဒီလို ဖိအားပေးခံရတဲ့ အနေအထားမျိုးမှာ ပြိုလဲသွားနိုင်ပါတယ်။ ခင်ဗျားတို့လည်း အဲဒီလိုရန်လိုလှတဲ့ ပရိသတ်အဝန်းအဝိုင်းအောက်မှာ ကစားခဲ့ဖူးတာပဲလေ။

သူက ဂျေမီ ဂစ်တန်စ် ကို ထည့်သွင်းခဲ့တယ်..၊ ပြီးတော့ ချက်ချင်းဆိုသလို ပြန်ထုတ်ပြီး အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။ တကယ်လို့ ရှုံးနိမ့်ခဲ့ရင် ဒါမှမဟုတ် သရေကျပြီး အမှတ်လျော့ခဲ့ရင် အပြစ်တင်စရာတွေ ဖြစ်လာမှာပါ။ ဒါပေမယ့် အသင်းအတွက် အောင်မြင်မှုရအောင် လုပ်နိုင်ခဲ့ရင်တော့ ‘နည်းစနစ်ပိုင်းအရ အပြောင်းအလဲ ပြုလုပ်ဖို့ လိုအပ်လာလို့ပါ..’ ဆိုပြီး ပြောအားရှိတာပေါ့ဗျာ..။
ဂျိုး ကိုးလ် - ကယ်ရင် ကာနေး တို့နဲ့ တွေ့ဆုံခန်းတစ်လျှောက်လုံးမှာ ‘စိတ်ဓာတ်ပိုင်း မာကျောလာမှု (Character)’ ဆိုတဲ့ စကားလုံးကို လေးကြိမ်တောင် သုံးသွားပါတယ်။ ဒါဟာသူပေးချင်တဲ့ သတင်းစကားပါ။ လီယမ် က သူဘာလုပ်နေသလဲဆိုတာ ကောင်းကောင်းသိပါတယ်။ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းအပေါ် သူအကျေနပ်ဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။ စိတ်ဝင်စားစရာကောင်းတာက သူတို့ဆီမှာ ကိုယ်ပိုင်အတွေးအခေါ်တွေ ရိုက်သွင်းဖို့၊ ကြံ့ခိုင်မှု ပိုကောင်းအောင် ပြုလုပ်ပေးဖို့ တစ်ပတ်လောက် အချိန်ပိုရသွားပြီလို့ ပြောသွားတဲ့အချက် ဖြစ်ပါတယ်..။ အခုအချိန်မှာ သူဟာအသင်းနဲ့ သေသေချာချာ လေ့ကျင့်ဖို့ အချိန်မရသေးပါဘူး..။ ဒါတောင်မှ နိုင်ပွဲတွေ ဆက်တိုက် ရယူပေးနိုင်နေပါတယ်..။
အယ်လီ မက်ကွိုက်စ် - နည်းပြတစ်ယောက်ရဲ့ တကယ့်ကို ပြောင်မြောက်တဲ့ တာထွက်ခရီးပါပဲ..။ သူ့ရဲ့တွေ့ဆုံခန်းကို နားထောင်ကြည့်တာနဲ့ သူဟာဘယ်လောက်တောင် စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေလဲ.. သိသာပါတယ်။ ပျော်ဖို့လည်း ထိုက်တန်ပါတယ်လေ..။ ဒါပေမယ့် အရေးကြီးဆုံးကတော့ နောက်တစ်ဆင့်ကို တိုက်ရိုက်တက်သွားပြီး Play-off ပွဲစဉ်တွေ ရှောင်လွှဲနိုင်ခဲ့တာပါပဲ။ သူရဲ့သူ့အသင်းနဲ့အတူ လေ့ကျင့်ရေးကွင်းထဲမှာ အချိန်ပေးချင်နေတဲ့ ဆန္ဒဇောတွေကို အတိုင်းသား ထိုးဖောက်မြင်နေရတယ်ဗျ..။
ဘက်ကီ အိုက်ဗ်စ် - ကယ်ရင် ရေ.. ဒီနေ့ညအနိုင်ရလဒ်ဟာ ချယ်လ်ဆီးအသင်းအတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိလာနိုင်မလဲ? သူတို့တွေဟာ လီယမ် ရိုဆီးနား ရဲ့ လက်အောက်မှာ (၅) ပွဲကစား၊ (၄) ပွဲနိုင်ထားပြီး အရှိန်အဟုန်ကောင်းတွေ ရရှိနေတာပါ။ ဒါပေမယ့် ဒီနေ့ညအနိုင်ပွဲဟာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို မှတ်ကျောက်တင်၊ သက်သေပြသ လိုက်သလိုပါပဲ။ ယုံကြည်မှုတွေလည်း ပိုပြီးတိုးတက်လမှာ အသေချာပဲပေါ့..။
ကယ်ရင် ကာနေး - ဒီလူငယ်အစုအဖွဲ့ဟာ အခုမှသင်ယူနေကြဆဲ ဆိုတာ ကျွန်မတို့သိကြပါတယ်။ ဒီလိုနေရာမျိုးတွေ၊ ဒီလိုရန်လိုတဲ့ ပရိသတ် အဝန်းအဝိုင်းမျိုးရဲ့ ရှေ့မှောက်မှာ လာရောက်ယှဉ်ပြိုင်ရတာဟာ တန်ဖိုးရှိလှတဲ့ သင်ခန်းစာကောင်းတွေ ရစေပါတယ်။ နာပိုလီအသင်းဟာ ဒီနေ့ညမှအနိုင်မရရင် ပြိုင်ပွဲက ထွက်ရတော့မယ့် အခြေအနေမျိုးမှာ ချယ်လ်ဆီးအသင်းဟာ ပြိုင်ဘက်အသင်းရဲ့ ဖိအားမျိုးစုံကို ကြံ့ကြံ့ခံ၊ ရင်ဆိုင်နိုင်ခဲ့ပါတယ်။ ပထမပိုင်း မိနစ် (၂၀၊ ၃၀) လောက်မှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ အရာရာကို ပြန်လည်ပြင်ဆင်နိုင်ခဲ့ပါတယ်။

ဒီနေ့ညပွဲဟာ လီယမ် ရဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြအဖြစ် သာမက နည်းပြသက်တမ်းတလျှောက် ဒုတိယမြောက် ချန်ပီယံလိဂ်ပွဲစဉ် အနေနဲ့ပဲ ရှိပါသေးတယ်။ ဘောလုံးလောကမှာ နည်းပြတစ်ယောက်ရဲ့ အသင်းအပေါ် သက်ရောက်မှုအရှိဆုံးအချိန်ကို ပြောပါဆိုရင် ပထမပိုင်းအပြီး အဝတ်လဲခန်းထဲက ညွှန်ကြားချက်တွေနဲ့ ဒုတိယပိုင်း လူစားလဲမှုတွေပါ။ လီယမ် ဟာ အဲဒီအရာတွေကို လိုအပ်တဲ့အချိန်မှာ ကွက်တိပြုလုပ်သွားနိုင်ခဲ့တယ်။ ချယ်လ်ဆီးက League Phase အမှတ်ပေးဇယားမှာ အဆင့် (၆) နဲ့ နောက်တစ်ဆင့် တက်သွားပြီဖြစ်လို့ သူတို့အတွက် တကယ့်ကို တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုရရှိခဲ့ပါတယ်။
ဘက်ကီ အိုက်ဗ်စ် - ဟုတ်ပါတယ်။ သူတို့ဟာ အခြေအနေနဲ့ လိုက်လျောညီထွေ (adaptable) ကစားနိုင်တယ်ဆိုတာကို သက်သေပြခဲ့သလို လီယမ် ကိုယ်တိုင်ကလည်း လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းရှိတာ တွေ့ခဲ့ရပါတယ်။ ဒါဟာ သူ့အတွက် တကယ့်ကို ကြီးမားတဲ့ သင်ယူမှုတစ်ခု (huge learning curve) ဖြစ်မယ်လို့ ထင်လား။
ကယ်ရင် ကာနေး - သေချာတာပေါ့။ သူဟာအစပိုင်းမှာ ကစားနည်းစနစ်တစ်ခုနဲ့ သွားနေခဲ့တာပါ။ သူ့ရဲ့ပွဲထွက် အခင်းအကျင်းဟာ ပထမပိုင်း မိနစ် (၂၀) အထိ အဆင်ပြေနေခဲ့ပေမယ့် အဲဒီနောက်ပိုင်း ပွဲဟာအရမ်းကို အပြန်အလှန် ဖြစ်လာခဲ့ပြီး ကစားသမားတွေရဲ့ တာဝန်ပေးချက်တွေ ပျောက်ဆုံးသလို ဖြစ်သွားခဲ့ပါတယ်။ အဲဒီအချက်ဟာ လူငယ်ကစားသမားတွေရဲ့ အတွေ့အကြုံ လိုအပ်မှု ဒါမှမဟုတ် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ လိုအပ်ချက်လို့ ထင်ပါတယ်။
ဘက်ကီ အိုက်ဗ်စ် - ဟုတ်ပါတယ်..။ ဒီနေ့ညမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲဟာ စိတ်လှုပ်ရှားဖို့ ကောင်းလှသလို နှစ်သင်းစလုံးမှာ အတက်အကျ၊ အလှည့်အပြောင်းတွေ အများကြီး ရှိခဲ့ပါတယ်။ ချယ်လ်ဆီးက ပထမပိုင်း (၁၅) မိနစ်မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပေမယ့် နာပိုလီကလည်း ချက်ချင်းပြန်လည်တုံ့ပြန်ခဲ့ပါတယ်…
ကယ်ရင် ကာနေး - ဟုတ်ပါတယ်။ ပထမပိုင်းမှာ နာပိုလီအသင်းဟာ ပိုပြီးကောင်းခဲ့တယ်လို့ ကျွန်မထင်ပါတယ်။ ဒါပေမယ့် လီယမ် က ဒုတိယပိုင်းမှာ အပြောင်းအလဲတွေ လုပ်လိုက်ပြီးတဲ့နောက် ချယ်လ်ဆီးအသင်းဟာ နောက်ပြန်လှည့်မကြည့်တော့ပါဘူး။ နာပိုလီဘက်က အခွင့်အရေးတချို့ ရခဲ့ပေမယ့် ဂိုးသမား ဆန်းချက်ဇ် ကလည်း သိပ်ကိုကောင်းမွန်လှတဲ့ ကာကွယ်မှုတွေ လုပ်ပြသွားခဲ့ပါတယ်။ ခြုံပြောရရင်တော့ သူတို့ရဲ့ အဓိကရည်မှန်းချက် ပြည့်စုံခဲ့ပြီး ထိပ်ဆုံး (၈) သင်းထဲ ပါဝင်သွားတာဟာ ကျေနပ်စရာပါ..။

ဘက်ကီ အိုက်ဗ်စ် - ကိုးလ် ပါးလ်မား ဝင်လာပြီးတဲ့နောက်ပိုင်း သူ့ရဲ့လွှမ်းမိုးမှုကို ထည့်မပြောလို့တော့ မရဘူးနော်။
ကယ်ရင် ကာနေး - ကိုးလ် ပါးမား ဟာ ကိုးလ် ပါးလ်မား ပါပဲ။ တချို့ကစားသမားတွေဟာ ပွဲရဲ့ အနေအထားနဲ့ ကိုယ်ဘယ်နေရာမှာ ရှိနေရမလဲ.. ဆိုတာ အာရုံခံနိုင်စွမ်းရှိကြတယ်။ ပါးလ်မားက အဲဒီလိုကစားသမားမျိုးပါ။ ကွင်းထဲမှာ ပျင်းပျင်းရိရိနဲ့ လျှောက်သွားနေသလို ထင်ရပေမယ့် သူဟာ နေရာလွတ်တွေကို အမြဲတမ်းရှာဖွေနေခဲ့တာရှင့်..။ ကွင်းလယ်နဲ့နောက်တန်းကြားက ကျပ်ညပ်နေတဲ့ နေရာလွတ်သေးသေးလေးတွေထဲမှာ ဘောလုံးလက်ခံပြီး နောက်တစ်ဆင့် ဘယ်သူ့ကိုပေးရမလဲ..ဆိုတာ သိတဲ့ တစ်ဦးတည်းသော ကစားသမားဟာ သူပဲလို့ ကျွန်မထင်ပါတယ်။
ဂျာအို ပီဒရို လည်း တကယ်ကို ပြောင်မြောက်ပါတယ်။ သူ့ရဲ့ ဘောလုံးထိန်းပုံနဲ့ အဆုံးသတ်ပုံတွေဟာ မယုံနိုင်စရာပါပဲ။ သူတို့နှစ်ယောက်ရဲ့ အတွဲအဖက်က တကယ့်ကိုအံ့မခန်းပါ ။ ပါးလ်မားက နေရာလွတ်မှာ ရှိနေပြီး ပီဒရိုက အဆုံးသတ်ပိုင်းမှာ မှော်ဆန်ဆန်နဲ့ သပ်သပ်ရပ်ရပ် ကန်သွင်းပြသွားပါတယ်..။ သူ့ရဲ့သွင်းဂိုးတွေဟာ ပွဲရဲ့အရှိန်အဟုန်နဲ့ ကစားသမားတွေရဲ့ ယုံကြည်မှုကို ပြောင်းလဲစေခဲ့ပါတယ်။ ပါးလ်မား ရဲ့ ပေးပို့မှုကလည်း ဂါနာချို ဆီ ပေးမလား? ပီဒရို ဆီ ပေးမလား? ဆိုတဲ့ ရွေးချယ်စရာတွေ ရှိတဲ့အထဲက အကောင်းဆုံးကို ရွေးပြီးဆုံးဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်..။ နောက်ဆုံးမှာတော့ ပီဒရို က နှစ်ဂိုးသွင်းနိုင်ခဲ့ပြီး ပါးလ်မား က ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်ရှင့်..။

ဘက်ကီ အိုက်ဗ်စ် - အဝေးကွင်း ချန်ပီယံလိဂ်ပွဲမှာ နှစ်ဂိုးသွင်းနိုင်ခဲ့တယ်။ ဂျာအို ပီဒရို က ချယ်လ်ဆီးမှာ တကယ့်ကို အံဝင်ခွင်ကျ ဖြစ်နေပုံရတယ်နော်။
ကယ်ရင် ကာနေး - ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဘရိုက်တန် အသင်းမှာတုန်းက သူဟာပင်နယ်တီကန်ခွင့်တွေကို တာဝန်ယူထားရတဲ့ ကစားသမား ဖြစ်ပါတယ်..။ ဒီမှာတော့ ပင်နယ်တီ မကန်ရဘဲနဲ့တောင် သူ့ရဲ့ဂိုးသွင်းနှုန်းဟာ ကျေနပ်စရာပါ…။ သူဟာ ချယ်လ်ဆီးအသင်းကို ရောက်လာပြီးနောက်ပိုင်း ကြံ့ခိုင်မှုပိုင်းနဲ့ နည်းပြအပြောင်းအလဲတွေကြားမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အခုတော့ အသားကျနေတဲ့ပုံပါပဲ..။ ပီဒရို ဟာ ပါးလ်မား၊ အက်စတီဗာအို၊ နက်တို တို့လို ကစားသမားတွေနဲ့ တွဲဖက်မိသွားရင် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ဟာ တကယ့်ကို ကြောက်စရာကောင်းလာမှာပါ။ လီယမ် ဒလပ်ပ် လည်း အရန်ခုံမှာ ရှိသေးတာဆိုတော့ လီယမ် ရိုဆီးနား မှာ ရွေးချယ်စရာ ပါရမီရှင်တွေ အများကြီး ရှိနေပါတယ်..။
ဘက်ကီ အိုက်ဗ်စ် - လီယမ် ရိုဆီးနား လက်အောက်မှာ ချယ်လ်ဆီးအသင်းက ပြန်လည်လန်းဆန်း၊ တက်ကြွလာနေသလိုပဲနော်..
ကယ်ရင် ကာနေး - ဟုတ်ပါတယ်။ နည်းပြရဲ့တက်ကြွမှုကို ကျွန်မသဘောကျတယ်။ သူကအခွင့်အရေးတွေကို အကောင်းဘက်ကပဲ အမြဲတမ်းရှမြင်၊ ကြည့်တတ်တဲ့သူ ဖြစ်ပါတယ်..။ ဘောလုံးပြန်ရနိုင်ဖို့အတွက် သူတို့အသင်းရဲ့ ဖိအားပေးကစားပုံ (Pressing) တွေမှာ တက်ကြွမှုနဲ့ ခွန်အားစိုက်ထုတ်မှုတွေ ကောင်းမွန်ခဲ့ပါတယ်။ နည်းပြရဲ့ စိတ်အားထက်သန်မှုဟာ ကစားသမားတွေဆီ ကူးစက်သွားခဲ့ပုံ ရပါတယ်..။ ဒီနေ့ညလိုအဝေးကွင်းပွဲစဉ်မှာ နိုင်ပွဲရဖို့ဆိုတာ မလွယ်ကူပါဘူး..။ ဒါပေမယ့် နည်းပြလီယမ် ဟာ သူ့ရဲ့အသင်းသားတွေနဲ့အတူ ဒီနေ့ညမှာ လိုအပ်နေတဲ့ အနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

ဘက်ကီ အိုက်ဗ်စ် - အခုဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းဟာ ပြိုင်ပွဲ (၄) ခုလုံးမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ရာသီကုန်ကာလဟာ တကယ့်ကိုထူးခြားပြီး စိတ်လှုပ်ရှားဖို့ကောင်းလှတဲ့ အခိုက်အတန့်တွေ ဖြစ်လာနိုင်မလာ်?
ကယ်ရင် ကာနေး - အများကြီးဖြစ်နိုင်ပါတယ်။ အခုလို ပွဲတွေအများကြီး ဆက်တိုက်ကစားနေရတဲ့အချိန်မှာ ဒီနေ့ညလိုပွဲကို အနိုင်ရပြီး အချိန်ပိုရသွားတာဟာ အနားယူဖို့ရော၊ နည်းပြသစ်နဲ့ လေ့ကျင့်ဖို့အတွက်ပါ အထူးအရေးကြီးခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာစိတ်ဓါတ်ပိုင်း ပိုမိုမြင့်မားလာတဲ့ အနေအထားမှာ ရှိနေပါပြီ။ ကိုးလ် ပါးလ်မား လည်း ပြန်လာပြီဆိုတော့ သူတို့တွေရဲ့ယုံကြည်မှုဟာ ဆထက်တပိုး တိုးပွားလာတော့မှာပါ။
ဘက်ကီ အိုက်ဗ်စ် - ကိုးလ် ကို ကြံ့ခိုင်နေအောင် ထိန်းသိမ်းဖို့က အဓိကသော့ချက် ဖြစ်မလား?
ကယ်ရင် ကာနေး - သူလည်း လူသားတစ်ယောက်ပါပဲ။ ဒါ့အပြင် ပွဲတွေအများကြီး ကစားထားရတဲ့ လူငယ်ကစားသမား တစ်ယောက် ဖြစ်နေပါတယ်..။ သူ့ကိုကြံ့ခိုင်၊ ကျန်းမာနေစေချင်သလို အင်္ဂလန်အသင်းရဲ့ ပရိသတ်တစ်ယောက်အနေနဲ့ သူ့ကို ကမ္ဘာ့ဖလားမှာ မြင်ချင်ပါသေးတယ်။ သူကအသင်းရဲ့ အဓိက ကစားသမားပါ။ တခြားသူတွေ မလုပ်နိုင်တဲ့အရာတွေ လုပ်ပြနိုင်တဲ့သူလည်း ဖြစ်ပါတယ်..။ နည်းပြရိုဆီးနား ဟာ ဒီနေ့ပွဲမှာ သူ့ကိုအချိန်အနည်းငယ် ထည့်ပြီးကစားဖို့ ဆုံးဖြတ်ခဲ့တာသိပ်ကိုကောင်းမွန် မှန်ကန်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို ပြောင်မြောက်ခဲ့တဲ့ ညတစ်ညပါပဲ။