feature-image

စနေနေ့ ဘောလုံးစကားဝိုင်း (ချယ်လ်ဆီး vs ဝက်စ်ဟမ်း ယူနိုက်တက်)

ပရီးမီးယားလိဂ် ပွဲစဉ် (၂၄) အဖြစ် ချယ်လ်ဆီးအသင်းနှင့် ဝက်စ်ဟမ်း ယူနိုက်တက်အသင်းတို့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ ချယ်လ်ဆီးအသင်းက ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်..။ အဆိုပါပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ သွင်းဂိုးများနှင့် နည်းပြလီယန် ရိုဆီနာ ၏ နည်းဗျူဟာ အပြောင်းအလဲများကို လီဗာပူးလ်အသင်း ကွင်းလယ် ကစားသမားဟောင်း ဂျေမီ ရက်ဒ်နက်ပ် နှင့် ဝက်စ်ဟမ်းနှင့် ချယ်လ်ဆီးဂိုးသမားဟောင်း ရောဘတ် ဂရင်း တို့က Sky Sports သတင်းဌာနမှ တင်ဆက်သည့် Saturday Night Football ပွဲပြီးသုံးသပ်စကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း ဆွေးနွေးခဲ့ကြပါသည်..။

ပီယန် မူလန်စတင်း - ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းအပြီးမှာ နှစ်ဂိုးရှုံးနေရာကနေ မယုံနိုင်စရာ ကောင်းလောက်အောင် နောက်ကပြန်လိုက်ပြီး အနိုင်ယူနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့် ဝက်စ်ဟမ်းအသင်းဟာ ဒီပွဲကနေ လက်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ပထမပိုင်း စွမ်းဆောင်ရည်နဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည် ကွာခြားချက်ကို အခုအောက်က ပူးတွဲပုံ (ပုံ- ၁) မှာ ပြသထားတဲ့ အချက်အလက်တွေကနေ သိသိသာသာ မြင်နိုင်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ဂိုးကန်သွင်းမှု အရေအတွက်၊ ရရှိခဲ့တဲ့ အပိုင်အခွင့်အရေးတွေဟာ သုညကနေ (၄) ကြိမ်အထိ မြင့်တက်လာခဲ့သလို ‘ရသင့်တဲ့သွင်းဂိုး (xG)’ တွေလည်း မြင့်တက်လာခဲ့ပါတယ်။ အရေးကြီးဆုံးအချက်က အနိုင်ရဖို့ လိုအပ်တဲ့ ဂိုး (၃) ဂိုးကို သွင်းယူနိုင်ခဲ့တာပါပဲ။



ဒါပေမဲ့ ဝက်စ်ဟမ်းအသင်းဘက်ကကြည့်မယ်ဆိုရင် ပထမပိုင်းမှာ တကယ့်ကို ကစားပုံကောင်းမွန်ခဲ့ပါတယ်..။ (၂)  ဂိုးသွင်းယူနိုင်ခဲ့သလို အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်..။ ရော့ဘ် ရေ.. ဒုတိယပိုင်း ပြန်စတဲ့အချိန်မှာ ‘အစောပိုင်း (၁၅) မိနစ်ဟာ ဝက်စ်ဟမ်းအတွက် အရမ်းအရေးကြီးတယ်’ လို့ ရှင်ပြောခဲ့ပါတယ်..။ ဒါပေမယ့် ရှင်တို့အသင်းဟာ အဲဒီအတော်အတွင်း ဂိုးမပေးရအောင် မထိန်းနိုင်ခဲ့ပါဘူး..။

ရောဘတ် ဂရင်း - ဟုတ်ပါတယ်။ ပွဲချိန် (၅၇) မိနစ်နောက်ပိုင်း ဝက်စ်ဟမ်းကစားသမားတွေ ခြေကုန်လက်ပန်းကျလာတဲ့ပုံ မြင်တွေ့လာရပါတယ်။ အဲဒီမတိုင်ခင်မှာ သူတို့လည်းအပိုင်အခွင့်အရေး တစ်ကြိမ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်း အိမ်ရှင်အသင်းရဲ့ ထိုးဖောက်မှုတွေက လှိုင်းလုံးကြီးတွေလို တလှိမ့်ပြီးတလှိမ့် တရစပ်ဝင်လာတော့တာပဲ..။ ဒါပေမယ့် ချယ်လ်ဆီးရဲ့ အဖွင့်ဂိုးဟာ တကယ့်ကို ကောင်းမွန်တဲ့ ကစားကွက် အခင်းအကျင်းကနေ ရခဲ့တာပါ..။

ပီယန် မူလန်စတင်း - အခုလို လူစားလဲမှုတွေ အချိန်မှီပြုလုပ်ခဲ့တဲ့ နည်းပြလီယမ် ရိုဆီနာ ရဲ့ စွမ်းဆောင်ရည်ကိုရော ခင်ဗျားဘယ်လောက်ထိ အမှတ်ပေးမလဲ..? ဂျေမီ ရေ..။ ချယ်လ်ဆီးအနေနဲ့ ဒီပွဲကိုပြောင်းလဲပစ်နိုင်ပါ့မလား..? ဆိုပြီး ကျွန်မတို့ သံသယဝင်နေခဲ့တာလေ။ ပထမပိုင်းအပြီးမှာတင် သူဟာ အပြောင်းအလဲတွေ ပြုလုပ်ခဲ့တယ်။ အရေးပါတဲ့ ကစားသမား (၃) ယောက်ကို ထည့်သွင်းခဲ့တာဟာ ပွဲအပေါ်မှာ သိသိသာသာ ထူးခြားမှု ဖြစ်စေခဲ့ပါတယ်။

ဂျေမီ ရက်ဒ်နက်ပ် - ဟုတ်ပါတယ်..။ အဲဒီလူစားလဲမှုတွေ လုပ်ခဲ့တဲ့အတွက် လီယမ် ကို ကျွန်တော် အမှတ်ပေးရပါမယ်..။ ဒါပေမယ့် ချယ်လ်ဆီးပရိသတ်တိုင်းကို မေးကြည့်ရင် အဲဒီလူစားလဲမှုတွေဟာ သူ့အတွက် အင်မတန်မှ အလွယ်ကူဆုံး လူစားလဲမှုတွေ ဖြစ်ပါလိမ့်မယ်။ ဂါနာချို ရဲ့ ကစားပုံဟာ ဘယ်လိုမှ အဆင်မပြေနေတာကြောင့် ထွက်ရမှာပဲ..။ ဟာတို ဟာ ဘယ်နောက်ခံနေရာမှာ ရုန်းကန်နေရသလို ဘာဒီယာရှီးလ် လည်း တော်တော်လေးကို အခက်တွေ့နေခဲ့ပါတယ်။ ဝက်စ်ဟမ်းတိုက်စစ်မှူးတွေက သူတို့ကို ကျော်ဖြတ်ပြီး ကစားနေကြတာဗျ..။



ဒါကြောင့် အဲဒီလူစားလဲမှုတွေဟာ ပွဲရဲ့ချိန်ခွင်လျှာကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။ ကူကူရယ်လာ ဟာ ကမ္ဘာ့အဆင့် ဘယ်နောက်ခံလူတစ်ယောက်ပါ။ ဖိုဖားနား ဟာ ဘောလုံးနဲ့အတူ ရှေ့ကိုဆွဲတက်နိုင်တဲ့သူဖြစ်ပြီး ရရှိသွားခဲ့တဲ့ ပထမချေပဂိုးမှာသူ့ရဲ့သက်ရောက်မှု အများကြီးပါဝင်ခဲ့ပါတယ်။ ဂျာအို ပီဒရို ဝင်ရောက်လာတာကြောင့် အသင်းရဲ့တိုက်စစ်အရှိန် မြင့်တက်လာစေပြီး လီယမ် ဒလပ်ပ် နဲ့အတူ တွဲဖက်ကစားကာ ထိုးဖောက်မှုတွေ ပိုပြီးထိရောက်လာခဲ့ပါတယ်။

ကူကူရယ်လာ လို ကစားသမားကို ခင်ဗျားရဲ့အသင်းမှာ ရှိစေချင်မှာပါပဲ။ သူဟာဂိုးသွင်းရာမှာ ပါဝင်ခဲ့သလို သူ့ရဲ့တစ်ကွင်းလုံးအနှံ့ ပြေးလွှားနိုင်တဲ့ အားအင်ဟာ အရေးပါခဲ့ပါတယ်။ ဘောလုံးပွဲမှာ တခါတလေကျရင် နည်းဗျူဟာတွေအပြင် ကစားသမားတွေရဲ့ ခွန်အားစိုက်ထုတ်မှု၊ ရုန်းအားတွေနဲ့ အနိုင်ရချင်တဲ့ စိတ်ဆန္ဒတွေအပေါ်မှာလည်း မူတည်ပါတယ်။ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာပေမယ့် ချယ်လ်ဆီးဘက်က ဘောလုံးရရင် နောက်ကိုပဲ ပြန်ပေးနေတာ။

ဂါနာချို က ဟာတို ဆီနောက်ပြန်ပေး၊ ဟာတို က ဘာဒီယာရှီးလ် ဆီပေး.. အဲဒီလိုနဲ့ နောက်တန်း (၄) ယောက်ကြားမှာပဲ လှည့်ပတ်၊ ပေးနေတော့ ပရိသတ်တွေက စိတ်မရှည်ဖြစ်လာပြီး ကွင်းထဲမှာ တက်ကြွမှု မရှိတော့ပါဘူး။ ဒုတိယပိုင်းမှာ သူတို့တွေဝင်လာပြီး ဘောလုံးရတာနဲ့ ရှေ့ကိုပဲ ပေးပို့ပါတော့တယ်။ ဝက်စ်ဟမ်းအသင်းရဲ့ ဘက်ဘက်ခြမ်းကနေ အဓိကထိုးဖောက်မယ်၊ ရှေ့တန်းမှာ တိုက်စစ်မှူးနှစ်ယောက်ထားပြီး ထိုးဖောက်မယ်" ဆိုတဲ့ စိတ်နဲ့ ကြိုးစားလာရာကနေ ဂိုးရတွေလာတာပါ။



ဂျေမီ ရက်ဒ်နက်ပ် - အခုပြထားတဲ့ ပူးတွဲပုံ (၂) မှာဆိုရင် ဝက်စ်လေ ဖိုဖားနား ဟာ ကွင်းလယ်ကနေရာလွတ်ဆီကို ဘောလုံးနဲ့အတူ ဆွဲတက်လာပါတယ်..။ ဝက်စ်ဟမ်းအသင်းရဲ့ ဂိုးဧရိယာထိပ်မှာ ချယ်လ်ဆီးဘက်က တိုက်စစ်မှူးနှစ်ယောက် ရှိနေတော့ နောက်ခံလူ မာဗရိုပါနော့စ် က ပထမပိုင်းကလို သက်တောင့်သက်သာ မကစားရတော့ပါဘူး..။ "ဒုက္ခပဲ... ငါ့နောက်မှာ ဘယ်သူရှိလဲ" ဆိုပြီး ပြန်ကြည့်နေရပါပြီ။ ဂျာအို ပီဒရို က ခေါင်းတိုက်ကောင်းသလို တိုဒီဘို ကလည်း ဒလပ်ပ် ကို ထိန်းနေရပါတယ်။ တိုဒီဘို ဒီမှာ အမှားလုပ်သွားတာက သူ့ရဲ့တွဲဖက်နောက်ခံလူ တိုဒီဘို ကို ကူမယ့်အစား အစွန်ဘက်ကို ထွက်လာမိတာပါပဲ..။

အခုအောက်ကပုံ (ပုံ- ၃) မှာ ဖိုဖားနား ဟာ ဘောလုံးနဲ့အတူ ဂိုးဧရိယာထိပ်ကို ရောက်လာပါပြီ…။ တိုဒီဘို ဟာ အနားမှာရှိနေတဲ့ တိုက်စစ်မှူးကို ဦးစားပေး လူကပ်ရမယ့်အစား ဘေးကိုထွက်လာခဲ့ပါတယ်။ ညာဘက်အစွန်ဆုံးမှာ ဂူစ်တို လည်း ရှိနေတော့ ဝက်စ်ဟမ်းဘက်က တစ်ယောက်ယောက်ကထွက်ပြီး သူ့ကိုဂိုးဧရိယာထဲ ဝင်မလာနိုင်အောင် တားဆီးရတော့မယ်..။ ဘယ်နောက်ခံလူ ဒီယော့ဖ် ရှိနေပေမယ့် သူကဂူစ်တို ကို ကြည့်နေရပါသေးတယ်..။



အဲဒီလိုအနေအထားမှာ အဝေးဂိုးတိုင်ဘက်ကို အတိအကျ ခုတ်တင်ပေးလိုက်တဲ့ ဝက်စ်လေ ဖိုဖားနား ရဲ့ ဆုံးဖြတ်ချက် သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ ပွဲကိုတိုက်ရိုက်တင်ဆက်နေတဲ့ ဂယ်ရီ နဗီးလ် ပြောသွားသလို မာဗရိုပါနော့စ် ဟာ ကြည့်နေရုံပဲ တတ်နိုင်ပါတော့တယ်။ သူက ဒလပ်ပ် နောက်ကို လိုက်ရမလား?  ပီဒရို နောက်ကိုပဲ လိုက်ပြီးဖျက်ထုတ်ဖို့ ကြိုးစားရမလား? ဒွိဟစိတ်ဖြစ်သွားခဲ့ပုံရပါတယ်..။ ဖိုဖားနား ရဲ့ ဖြတ်တင်ဘော သိပ်ကောင်းလွန်းခဲ့သလို ပီဒရို ရဲ့ ခေါင်းတိုက်ချက်က ဂိုးသမားကာကွယ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်..။ ဟုတ်တယ်မလား.. ရော့ဘ် ရေ..?

ရောဘတ် ဂရင်း - အခုပြထားတဲ့ အောက်ကပုံ (ပုံ- ၄) ကို တချက်ပြန်ကြည့်ရအောင်ဗျ..။ ကိုးလ် ပါးလ်မား ရဲ့ နေရာယူထားတဲ့ အနေအထား ကလည်း အရေးကြီးခဲ့တယ်ဗျ..။ ဖိုဖားနား ဘောလုံးနဲ့အတူ ဆွဲတက်လာတဲ့အချိန် ဝက်စ်ဟမ်းဘက်က ဆမ္မာဗေးလ် နဲ့ ပါဗလို တို့ လိုက်ပါလာရမှာပါ..။ ဒါပေမယ့် ပါဗလို က အဲဒီအချိန်မှာ ခြေကုန်နေပါပြီ..။ နောက်ကိုမဆင်းနိုင်တော့ဘူး။ ဆမ္မာဗေးလ် ကလည်း သူ့ရဲ့အနားမှာ ပါးလ်မား ရှိနေတာကြောင့် ထွက်ပြီးမဖျက်ရဲဘူး။ ဒါ့အပြင် ညာဘက်အစွန်ဆုံးမှာ ဂူစ်တို ရှိနေတော့ ဖိုဖားနား ဟာ ယုံကြည်မှုရှိရှိနဲ့ ဘောလုံးကိုင်ပြီး ဧရိယာထိပ်ကို ဆွဲတက်လာနိုင်ခဲ့ပါတယ်။



ဝက်စ်လေ ဖိုဖားနား ဖြတ်တင်လိုက်တဲ့အချိန် ဝက်စ်ဟမ်းဂိုးဧရိယာထဲက နှစ်ဘက်ကစားသမားတွေရဲ့ အနေအထားကို အခုအောက်က ပူးတွဲပုံ (ပုံ- ၅) မှာ တွေ့နိုင်ပါတယ်..။ ဂျေမီ ပြောခဲ့သလို... တိုဒီဘို ဟာ ဘယ်သူ့ကိုဦးစားပေးရမလဲ..? သံသယရှိနေရင် ဂိုးပေါက်ကိုပဲ အရင်ဆုံးကာကွယ်သင့်ပါတယ်..။ နောက်ခံလူဆိုတာ ဂိုးတိုင်အနား အဝေးဂိုးတိုင်မှာ တစ်ယောက်၊ အနီးဂိုးတိုင်မှာတစ်ယောက် ရှိနေရင် အမှားအယွင်း နည်းပါတယ်။ အခုတော့ သူဟာဂိုးပေါက်နဲ့ အဝေးကြီး ရောက်နေပြီး မာဗရိုပါနော့စ် လည်း နှစ်ယောက်လုံးကိုလိုက်ပြီး ဘယ်လိုမှ မကာနိုင်တော့ပါဘူး။ အားလုံးဟာ ပုံမှန်လိုပဲ ထင်နေရပေမယ့် ဝက်စ်ဟမ်းအသင်းဟာ အရေးအကြီးဆုံးနေရာမှာ အင်အားနည်းသွားပါတယ်..။ ချယ်လ်ဆီးရဲ့ ထိုးဖောက်မှုကောင်းမွန်သလို ဝက်စ်ဟမ်းဘက်က ပင်ပန်းလာတာနဲ့အမျှ ဆုံးဖြတ်ချက်တွေ မှားလာတော့တာပါပဲ..။

ဂျေမီ ရက်ဒ်နက်ပ် - ဒါဟာ တိုက်စစ်မှူး နှစ်ယောက်တင်ပြီး ကစားခြင်းရဲ့ အကျိုးကျေးဇူးလို့ ပြောရမှာပဲဗျ..။ အခုခေတ်မှာ ဒီလိုပုံစံကစားတာ သိပ်မတွေ့ရတော့ပါဘူး။ ဖိုဖားနား ရဲ့ ပေးပို့မှုရော၊ ပီဒရို ရဲ့ ခေါင်းတိုက်ချက်ပါ အရမ်းကောင်းမွန်ခဲ့ပါတယ်..။ ဂိုးသမား အာရီယိုလာ ဘာမှမတတ်နိုင်ခဲ့ပါဘူး။



ရောဘတ် ဂရင်း - ပီဒရို ရဲ့ ခေါင်းတိုက်သွားတဲ့ပုံစံကို ကြည့်ဦးဗျ..။ ဘောလုံးကိုထိဖို့အတွက်ပဲ အာရုံစိုက်ထားခဲ့သလို သူ့ရဲ့ခုန်အား…၊ လည်ပင်းကြောမှာ အားယူထားတဲ့ပုံ… သိပ်ကိုကောင်းတာဗျ..။ ဒါ့အပြင်ဘောလုံးက သူ့ခေါင်းရဲ့ ဘယ်နေရာနဲ့ ထိမလဲဆိုတာထက် ဘောလုံးရဲ့ ဘေးဘက်ကို ထိအောင်တိုက်ပြီး ဂိုးပေါက်ထဲ ပြန်ကွေ့ဝင်သွားအောင် တိုက်နိုင်ခဲ့ပါတယ်။ တကယ့်ကို ကောင်းမွန်ခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးပါ..။

ဂျေမီ ရက်ဒ်နက်ပ် - အဲဒီနောက်ပိုင်း နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ခဲ့ကြပြီး ပွဲအရှိန် တက်သွားခဲ့ပါတယ်..။ ပထမပိုင်းမှာတုန်းက ချယ်လ်ဆီးအသင်းကို အိမ်ရှင်ပရိသတ်တွေက လှောင်ပြောင်ကြတယ်၊ ဒေါသထွက်ကြတယ်၊ တခြားတဘက်ကလည်း စိုးရိမ်စိတ်တွေ ဝင်နေကြပါတယ်။ သူတို့ရဲ့စိုးရိမ်စိတ်တွေဟာ ကစားသမားတွေဆီ ကူးစက်သွားတာပေါ့ဗျာ..။ ဒါပေမယ့်ချေပဂိုး ရလာတဲ့နောက်ပိုင်း အခြေအနေတွေ ပြောင်းလဲသွားပါတယ်..။ "မင်းတို့နောက်မှာ ငါတို့တွေရှိတယ်" ဆိုတဲ့ ပရိသတ်တွေရဲ့ အားပေးသံဟာ ကစားသမားတွေအတွက် ကြီးမားတဲ့တွန်းအား၊ ခွန်အားတွေ ဖြစ်လာစေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ကစားပုံနဲ့ ယုံကြည်မှု ပြန်ပြီးတက်လာတဲ့အချိန် ကူကူရယ်လာ ရဲ့ အကြောင်း နည်းနည်းပြောရအောင်ဗျာ..။ သူ့ကိုတကယ်သဘောကျပါတယ်..။ ဒီနေ့ပွဲမှာ သူဟာပွဲအပေါ် အဆုံးအဖြတ် ပေးနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ နေရာလွတ်တွေကို အမြဲတမ်းရှာဖွေ နေတယ်..၊ အမြဲတမ်းရွှေ့လျား၊ လှုပ်ရှားနေပြီး ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကြောင်းနောက်ထဲကို ပြေးထွက်ဖို့ ကြိုးစားနေတတ်ပါတယ်။ သူ့ရဲ့ရွှေ့လျားမှုတွေဟာ ဝက်ဟမ်အသင်း ညာနောက်ခံလူ ဝမ်-ဘစ်ဆာကာ အတွက် ပြဿနာ ဖြစ်လာစေပါတယ်။

ပထမပိုင်းမှာ ဟာတို ဟာ တိုက်စစ်ကို လိုက်ပါနိုင်ဖို့ ရုန်းကန်နေရခဲ့ပေမယ့် ကူကူရယ်လာကတော့ အမြဲတမ်း ဘောလုံးရအောင် တောင်းနေတာ။ နက်တို နဲ့အတူ ဘောလုံးကို မြန်မြန်ဆန်ဆန် ရွှေ့လျားကစားနိုင်ကြပါတယ်။ ရှေ့တန်းမှာတိုက်စစ်မှူး နှစ်ယောက်ရှိနေတော့ ဂျာအို ပီဒရို လည်း ဘေးကိုထွက်ပြီး ဘောလုံးတောင်းနိုင်ပါပြီ။ ဂူစ်တို ရဲ့ ခေါင်းတိုက်ချက်ကတဆင့် ဂိုးဘားတန်းထိပြီး ပြန်ကျလာတဲ့အချိန် ကူကူရယ်လာ က လျှင်လျှင်မြန်မြန်နဲ့ ဒိုင်ဗင်ထိုးပြီး လှလှပပ အဆုံးသတ်သွားပါတယ်..။ သူ့ရဲ့ကြိုးစားအားထုတ်မှုဟာ သိပ်ကိုခမ်းနားခဲ့တယ်ဗျ..။



ကျွန်တော် သူ့ကို သတိထားကြည့်နေမိတာ။ သူ့ရဲ့ဆံရှည်ဟာ သံမဏိခေါင်းဆောင်း တစ်ခုလိုပဲဗျ..။ အရေးကြီးတဲ့ ခေါင်းတိုက်ချက်တစ်ခု လုပ်မယ်ဆိုရင် ဆံပင်တွေကို ဘေးကို အမြန်သပ်တင်လိုက်တာ။ ကြည့်ပါဦး.. (ပုံ- ၆). ဆံပင်ကိုအမြန်ဆုံး ပြန်စည်းပြီးတာနဲ့ ဘောလုံးကသူ့ဆီ ပြန်ရောက်လာတာပဲ။ သူ့ရဲ့ တုံ့ပြန်မှုက တကယ့်ကို ပြောင်မြောက်ပါတယ်။

တကယ်တော့ ဒီဘောလုံးကို သူရဖို့မလွယ်ပါဘူး။ ဘောလုံးက ဂိုးတိုင်ဘားတန်းကို ထိပြီး ပြန်ထွက်လာချိန်မှာ တိုဒီဘို က အရင်ဆုံးရအောင် ဖျက်ထုတ်ရမယ့်သူဗျ.. (ပုံ- ၇)။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဘယ်နောက်ခံလူရဲ့ ဘောလုံးရအောင် ခေါင်းနဲ့အတင်း တိုးဝင်ခဲ့တဲ့ ပြင်းပြတဲ့စိတ်ဓာတ်ကို ကြည့်လိုက်ပါဦးဗျာ…။ တကယ့်ကို ခမ်းနားလှပါတယ်။ မျက်နှာကိုအကန်ခံရနိုင်တဲ့ အနေအထားမှာတောင် ခေါင်းနဲ့တိုးဝင်ပြီး ဂိုးသွင်းသွားတာ။ ဒါဟာ ချီးကျူးဖို့ကောင်းမလား..? ရော့ဘ်..ရေ..

ရောဘတ် ဂရင်း - ဟုတ်ပါတယ်။ တကယ့်ကို ထူးချွန်ပါတယ်။ ဝက်စ်ဟမ်းဘက်က ကြည့်ရင် "ငါတို့ ဘာတွေ ထပ်ပြင်ရမလဲ" လို့ တွေးနေရမှာပဲ။ အဝေးဂိုးတိုင်ဘက်မှာ ချယ်လ်ဆီးဘက်က နောက်ထပ်တစ်ယောက် ရှိနေတာကြောင့် ဘယ်နောက်ခံလူ ဒီယော့ဖ် အတွက် လူအင်အား မမျှသလို ဖြစ်သွားပါတယ်။ အဲဒီမှာ ဆမ္မာဗေးလ် က မာလို ဂူစ်တို ကိုလိုက်ပြီး တားဆီးရမယ့် အနေအထား ဖြစ်သွားပါတယ်။ ဒါဟာ တကယ့်ကို မမျှတတဲ့ယှဉ်ပြိုင်မှု (Mismatch) ဖြစ်သွားပါတယ်…။



ပီယန် မူလန်စတင်း - တတိယဂိုးကို တစ်ချက်ပြန်ကြည့်ရအောင်ရှင့်..။ အနိုင်ရလဒ်အတွက် အဆုံးအဖြတ်ဂိုးလေ..
ဂျေမီ ရက်ဒ်နက်ပ် - နေဦးဗျ..။ အဲဒီဂိုးမတိုင်ခင် အရေးပါတဲ့ အလှည့်အပြောင်းတခုကို အရင်ကြည့်ရအောင်..။ ဝက်စ်ဟမ်းအသင်းက ၂ဂိုး- ၁ဂိုးနဲ့ အနိုင်ရနေတဲ့အချိန်မှာ နည်းပြ နူနို ဆန်းတို့စ် က ခံစစ် (၃) ယောက်တန်းကို ပြောင်းလိုက်ပါတယ်။ ပွဲကကိုယ့်လက်ထဲကနေ လွတ်ထွက်တော့မယ့် အနေအထားမှာ အပြောင်းအလဲ တစ်ခုခုပြုလုပ်ပြီး အသာစီးပြန်ရအောင် ကြိုးစားတဲ့ဆုံးဖြတ်ချက်လို့ ကျွန်တော်နားလည်ပါတယ်။

ဒါပေမယ့်ရာသီအစောပိုင်းက ချယ်လ်ဆီးအသင်းနဲ့ ဝက်စ်ဟမ်းကွင်းမှာ ကစားခဲ့တဲ့ပွဲတုန်းကလည်း ခံစစ် (၃) ယောက်နဲ့ အထိုင်ချပြီး သူတို့တွေအတော်လေးကို ရုန်းကန်ခဲ့ရတာဗျ..။ နည်းပြဆန်းတို့စ် ဟာ ပွဲချိန် (၆၇) မိနစ်မှာ မတ်စ် ကီလ်မန်း ကိုထည့်ပြီး ခံစစ်အထိုင် ပြောင်းလဲခဲ့ပါတယ်..။ အဲဒီမတိုင်ခင်တုန်းက ကတ်စ်တယ်လာနို့စ် နဲ့ ပါဘလို တို့နှစ်ယောက်ကို တိုက်စစ်မှူးတွေအဖြစ် တင်ထားတဲ့ ၄- ၄- ၂ ပုံစံ ဖြစ်ပါမယ်..။ ဒါပေမယ့် အပြောင်းအလဲ လုပ်လိုက်တဲ့အချိန်ကစပြီး ချယ်လ်ဆီးဘက်က တရစပ် ထိုးဖောက်လာတော့တာပဲ။ ဒါပေမယ့် ခင်ဗျားရဲ့အသင်းဟောင်း ဝက်စ်ဟမ်းအသင်းဟာ နောက်ထပ်ဦးဆောင်ဂိုး ထပ်ပြီးရရှိနိုင်မယ့် အခွင့်အရေးကြီးတစ်ခု ရရှိခဲ့တယ်.. ရော့ဘ် ရေ..။

ရောဘတ် ဂရင်း - ဝက်စ်ဟမ်းအတွက်တော့ ဒုတိယပိုင်းက တကယ့်ကို ရူးချင်စရာပါ။ ပွဲက အရမ်းမြန်နေတော့ တစ်ခုခုဖြစ်တော့မယ်လို့ ခံစားရတယ်။ ခံစစ်မှူး (၃) ယောက်နဲ့ ဆူချက် (Soucek) တို့ ပေါင်းပြီး အခွင့်အရေးတစ်ခု ရခဲ့တယ်။ အဲဒီအချိန်မှာ ဘောလုံးကို ဂိုးထဲမသွင်းနိုင်ဘဲ ပုတ်ထုတ်လိုက်ရတဲ့ အခိုက်အတန့်က တကယ့်ကို နှမြောစရာပါ။ ကစားသမားကိုယ်တိုင်တောင် မယုံနိုင်အောင် ဖြစ်နေတာဗျ..။ အဲဒါကသာ ဂိုးဝင်သွားရင် ပွဲက ပြီးသွားနိုင်တဲ့ အနေအထားပါ။ ဇယားအောက်ခြေမှာ ရုန်းကန်နေရတဲ့ အချိန်မျိုးမှာ ဒီလိုကံကြမ္မာ အလှည့်အပြောင်းတွေက ကိုယ့်ဘက်ကို ရောက်မလာတတ်ဘူးဗျ။



ဂျေမီ ရက်ဒ်နက်ပ် - ဘောလုံးက ဂိုးသမားနဲ့ ထိသွားလား၊ ဘယ်ကို ရောက်သွားလဲဆိုတာတောင် ကျွန်တော်တို့ မသေချာဘူး။ သူဂိုးမသွင်းနိုင်ခဲ့တာကိုပဲ မယုံနိုင်ဖြစ်နေတာ။ အဲဒီအချိန်မှာ "အို... မဟုတ်တော့ဘူး၊ ဝက်စ်ဟမ်းတို့ ဒုက္ခရောက်တော့မယ်" လို့ ကျွန်တော် တွေးလိုက်မိတယ်။ ဘာလို့လဲဆိုတော့ ဒီလိုဇာတ်လမ်းမျိုးတွေကို ကျွန်တော်တို့ ခဏခဏ မြင်ဖူးနေလို့ပါ။

ပီယန် မူလန်စတင်း - ရော့ဘ် ရေ.. ရှင်ကဝက်စ်ဟမ်း ကစားသမား တစ်ယောက်အနေနဲ့ဆိုရင် "ငါတို့ အဲဒီအခွင့်အရေးကို ဂိုးရအောင် သွင်းနိုင်ခဲ့သင့်တာ" လို့ တွေးနေမှာ ဖြစ်ပေမယ့် ချယ်လ်ဆီး ကစားသမားတွေကတော့ "ငါတို့အတွက် အနိုင်ဂိုးရဖို့ အခွင့်အရေး ရလာပြီ" လို့ တွေးသွားကြမှာပါ။ သူတို့တွေဟာ အဲဒီအတိုင်း လုပ်ပြသွားခဲ့တယ်။

ဂျေမီ ရက်ဒ်နက်ပ် - ဟုတ်ပါတယ်။ တတိယအနိုင်ဂိုးဟာ တကယ့်ကို စနစ်တကျဖန်တီးပြီး သွင်းယူခဲ့တဲ့ဂိုးပါ။ ကွင်းထဲမှာ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် ထိုးဖောက်နေကြပြီး ပွဲအရှိန် အရမ်းမြ့န်နေချိန်မှာ ပေးပို့မှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်ကန်ကန်ပြုလုပ်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ အခုပြထားတဲ့ ပူးတွဲပုံ (ပုံ- ၈) မှာဆိုရင် ပွဲချိန်မိနစ် (၉၀) ပြည့်ပြီးတဲ့အချိန် ချယ်လ်ဆီးအသင်းဘက်က လက်ပစ်ဘောရတာကို အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် က လက်နဲ့ပစ်ပြီး ပြန်လည်စတင်ပါမယ်..။



သူ့ရဲ့အနားမှာ ကိုးလ် ပါမား ရှိနေပြီး အသင်းရဲ့အခင်းကျင်းဟာ လီယမ် ပြောခဲ့သလိုပဲ ရှေ့တန်းမှာ တိုက်စစ်မှူးနှစ်ယောက်နဲ့ ၄- ၄ -၂ ပုံစံ ဖြစ်ပါတယ်..။ ကိုးလ် ပါးလ်မား ဟာ ဘောလုံးရတဲ့အခါ အရမ်းတည်ငြိမ်ပါတယ်။ သူ့ဆီရောက်လာတဲ့ ဘောလုံးကို အလောတကြီးနဲ့ ကန်တင်ပေးတာမျိုး မပြုလုပ်ပဲ အတွင်းကို တစ်ချက်ခေါက်ပြီး မှန်ကန်တဲ့လူဆီ ရောက်အောင် ပို့ပေးပါတယ်။ ကိုင်စီဒို က ရှေ့မှာအသင့် နေရာယူထားတဲ့ ဂျာအို ပီဒရို ရဲ့ ပြေးလမ်းထဲကို တိကျတဲ့ပေးပို့မှု ပြုလုပ်ပေးခဲ့ပါတယ်။

အခုပြထားတဲ့ပူးတွဲပုံ (ပုံ- ၉) မှာဆိုရင် ညာဘက်မှာ ဂျာအို ပီဒရို ရှိနေပြီး ဂိုးဧရိယာထိပ်မှာ အသင့်ပြေးဝင်ဖို့ စောင့်နေတဲ့ အင်ဇို ဖာနန်ဒက်စ် ပေါ့ဗျာ…။ သူ့ရဲ့နေရာယူထားတဲ့ အနေအထားဟာ ကျွန်တော့်ရဲ့ညီဝမ်းကွဲ ဖရန့် လမ်းပတ် ကိုပြန်ပြောင်း သတိရစရာပါပဲ..။ Classic တိုက်စစ်အားသန် ကွင်းလယ် ကစားသမား.. ‘No. 8’ စစ်စစ် တစ်ယောက်ရဲ့ နေရာယူ၊ လှုပ်ရှားမှု ဖြစ်ခဲ့ပါတယ်..။



ပွဲပြီးခါနီး လူတိုင်းပင်ပန်းနေတဲ့အချိန်မှာ အင်ဇို ဟာ အရင်တုန်းက ဖရန့် လမ်းပတ် ပြုလုပ်နေကျ ပုံစံအတိုင်း အချိန်ကိုက်၊ နေရာကိုက် အတိအကျ ရောက်ရှိပြီး သပ်ရပ်တဲ့ အဆုံးသတ် ပိတ်သွင်းမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ "ကန်လိုက်တော့..!" ဆိုပြီး ကျွန်တော်တို့ဝိုင်းအော်လိုက်တဲ့ အချိန်မှာပဲ သူဟာဘောလုံးကို လှလှပပ ကန်သွင်း၊ အဆုံးသတ်သွားခဲ့ပါတယ်။ ဘောလုံးဟာ နောက်ကိုနည်းနည်း ရောက်နေပေမယ့် သူကခြေလှမ်းကို အမြန်ညှိပြီး ဂိုးပေါက်တည့်အောင် ကန်သွင်းသွားနိုင်တာ တကယ့်ကိုလှပ၊ သေသပ်ပြီး အဆင့်အတန်းမြင့်တဲ့ဂိုး ဖြစ်ပါတယ်။

ဂိုးဝင်သွားတာနဲ့ ဝက်စ်ဟမ်းကစားသမားတွေ အတော်တော်လေး စိတ်ပျက်သွားကြပါပြီ။ တကယ်တော့ ကာလမ် ဝီလ်ဆင် ဟာ ဂျာအို ပီဒရို ကို ခင်းပေးမယ့် ကိုင်စီဒို ကို လိုက်မပိတ်နိုင်ခဲ့သလို ဆူချက်ခ် ကလည်း အင်ဇို အတွက် နေရာလွတ် ပေးလိုက်မိပါတယ်။ အာဂျင်တီးနား ကစားသမားဟာ အဲဒီနေရာလွတ်ကို အမိအရ အသုံးချသွားပြီး အနိုင်ဂိုးကို ကန်သွင်းသွားနိုင်ခဲ့တာဟာ ပြောင်မြောက်တယ်လို့ ပြောရမှာပဲ..။

အဲဒီဂိုးကို နောက်ထပ်တစ်ကြိမ်လောက် ပြန်ပြီးသုံးသပ်ချင်ပါသေးတယ်….။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုအဆုံးသတ် ကန်သွင်းချက်ကို အနာဂတ်မှာ ဘောလုံးကစားမယ့် မျိုးဆက်သစ် ကလေးငယ်တွေကို နမူနာပြဖို့ရည်ရွယ်တဲ့အနေနဲ့ အသေအချာပြန်ကြည့်သင့်တယ်ဗျ..။ ကစားသမားတွေဟာ ဂိုးကန်သွင်းမယ်ဆိုရင် အားပြင်းပြင်းနဲ့ သေသေသပ်သပ် ကန်သွင်းနိုင်မယ့်ကန်ချက် (Clean strike) မျိုးကိုပဲ ရှာဖွေကြပါတယ်..။ ဒါပေမယ့် အမြဲတမ်း အဲဒီလိုဖြစ်မလာနိုင်ပါဘူး။ အင်ဇို ရောက်နေတဲ့ ဒီနေရာမျိုးမှာ လုံးဝမလုပ်သင့်တဲ့ အရာတစ်ခုက ဘောလုံးကို ပရိသတ်တွေကြားထဲ ပွဲကြည့်စင်ပေါ်ရောက်သွားအောင် ထောင်မကန်လိုက်ဖို့ပါပဲ။

ဘောလုံးကို အပေါ်ကနေ ဖိကန်ရပါမယ်။ မြေကြီးနဲ့ အရင်ထိမိပြီးမှ ဘောလုံးကိုထိရင် ဂိုးမရခဲ့ရင်တောင်မှ အနည်းဆုံးဂိုးပေါက်တည့်အောင် ကန်နိုင်ခဲ့ပြီဆိုတာ သေချာသွားတာပေါ့။ အင်ဇို လုပ်သွားတာက အဲဒါပါပဲ။ သူက ဘောလုံးကို သေသေသပ်သပ် ထိတာ၊ မထိတာထက် ဂိုးပေါက်တည့်ဖို့ကိုပဲ အဓိကထားပြီး ကန်သွင်းသွားခဲ့ပါတယ်..။



ရောဘတ် ဂရင်း - ဂိုးသမား အာဖွန်ဆို အာရီယိုလာ ရဲ့ အနေအထားကိုလည်း ကြည့်ဦးဗျ..။ သူကဘောလုံးကို မမြင်ရဘူးဗျ။ ဒါ့ကြောင့်ဘယ်နေရာကနေ ဘောလုံးလာမလဲ..? သူမသိပါဘူး။ ဂိုးသမားတစ်ယောက်အနေနဲ့ (၁၂) ကိုက်၊ (၁၅) ကိုက်အကွာကနေ ကန်လာတဲ့ ဘောလုံးရဲ့ရှေ့မှာ လူတွေခံနေတော့ သေသေချာချာမမြင်ရပဲ "ငါဘယ်ကို သွားရမလဲ.." ဝေခွဲမရ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ သူလုပ်နိုင်တာက "လောင်းကစား" ဆန်ဆန် တစ်ဖက်ဖက်ကို စိတ်မှန်းနဲ့ ဒိုင်ဗင်ပစ်ဖမ်းဖို့ပဲ ရှိပါတယ်..။ အချိန်မှီတုံ့ပြန်နိုင်ဖို့ မလွယ်ဘူးဗျ..။ အင်ဇို ရဲ့ ကန်ချက်ဟာ အားအပြည့်နဲ့ သေသပ်လှပနေတာမျိုး မဟုတ်ပေမယ့်...

ဂျေမီ ရက်ဒ်နက်ပ် - ဂိုးပေါက်တည့်ရင် ရပြီလေ..။ ကျွန်တော်ပြောချင်တဲ့အချက်က အဲဒါပဲဗျ..။ တစ်ဘက်နှစ်ဂိုးစီ သရေကျနေပြီး အနိုင်ဂိုးအရမ်းလိုချင်နေတဲ့ အချိန်မျိုးမှာ တည်တည်ငြိမ်ငြိမ် ရှိနေဖို့ အရေးကြီးဆုံးပါ။ ကိုးလ် ပါးလ်မား ရဲ့ ကိုင်စီဒို ဆီ ပေးပို့မှုဟာ အရှိန်၊ ပြင်းအား တကယ့်ကိုကွက်တိပဲ။ အလားတူ.. ကိုင်စီဒို ကနေ ဂျာအို ပီဒရို ရဲ့ ပြေးလမ်းထဲ ထိုးပေးလိုက်တဲ့ ပေးပို့မှုကလည်း သိပ်ကိုပြောင်မြောက်လှပါတယ်။

ဂျာအို ပီဒရို ဟာ သူကိုယ်တိုင် ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးသိပ်မရှိဘူးဆိုတာ သိလိုက်တော့ တကိုယ်ကောင်းမဆန်ပဲ အင်ဇို ပြေးဝင်လာမယ့်နေရာကို ပြန်ခေါက်ပြီးချပေးခဲ့ပါတယ်။.. ဒါဟာပွဲကို အဆုံးသတ်ဖို့ တကယ့်ကို ကောင်းမွန်တဲ့ နည်းလမ်းပါ။ ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းမှာ ပရမ်းပတာ ဖြစ်နေပြီး စိတ်ပျက်စရာကောင်းခဲ့ပါတယ်..။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ အနိုင်ရလဒ် ပြန်လည်ဆောင်ယူနိုင်ဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ အများကြီးချမှတ်နိုင်ခဲ့ပါတယ်။