feature-image

တနင်္လာနေ့ ဘောလုံးစကားဝိုင်း (လီယမ် ရိုဆီနာ ၏ နည်းစနစ် အပြောင်းအလဲနှင့် အင်ဇို ဖာနန်ဒက်စ်)

Sky Sports သတင်းဌာနမှ တင်ဆက်ခဲ့သော ယခုအပါတ်၏ Monday Night Football အစီအစဉ် စကားဝိုင်းတွင် ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ နည်းပြလီယမ် ရိုဆီနာ ၏ ဒုတိယပိုင်းတွင် ပြုလုပ်ခဲ့သော နည်းစနစ် အပြောင်းအလဲနှင့် အနိုင်ဂိုးသွင်းယူပေးခဲ့သော ကွင်းလယ် ကစားသမား အင်ဇို ဖာနန်ဒက်စ် ၏ ခြေစွမ်းအပေါ် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ က အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေးခဲ့သည်..။

ဒေးဗစ် ဂျုံးစ် - ဂျေမီ ရေ... ပြီးခဲ့တဲ့အပါတ် စနေနေ့ညမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချယ်လ်ဆီးနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ကလည်း အတော်လေးကို ကြည့်လို့ကောင်းခဲ့တာဗျ.။ နည်းပြသစ် လီယမ် ရိုဆီနာ ရဲ့ လက်အောက်မှာ ချယ်လ်ဆီးအသင်းဟာ ပုံစံကောင်းတွေရရှိနေတယ်.. လို့ ပြောရမှာပါ,.။ ဒါပေမယ့် ဝက်စ်ဟမ်းအသင်းကလည်း နိုင်ပွဲရဖို့ အရမ်းကိုလိုအပ်နေခဲ့ပြီး ပွဲအစပိုင်းမှာ သူတို့တွေရဲ့ကစားပုံ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်။

ဂျေမီ ကာရေဂါ - သူတို့ရဲ့ကစားပုံ တကယ့်ကို ပြောင်မြောက်ခဲ့ပါတယ်..။ သူတို့တွေဟာ ပြီးခဲ့တဲ့အပတ်တွေက ရရှိခဲ့တဲ့ ရလဒ်ကောင်းတွေရဲ့ အရှိန်အဟုန်တွေကို ဆက်လက်သယ်ဆောင် ကစားနိုင်ခဲ့ကြပါတယ်။ ဒီတစ်ပါတ်ပွဲမှာလည်း ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ သုံးသပ်ခဲ့ကြသလို ၄− ၂− ၄ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်..။ အခုပူးတွဲပုံ (ပုံ- ၁) မှာဆိုရင် ဝက်စ်ဟမ်းအသင်းရဲ့ ရှေ့တန်းလေးယောက်ဟာ ချယ်လ်ဆီးရဲ့ နောက်တန်း လေးယောက်ကို တိုက်ရိုက်ဖိအားပေးနေတာ မြင်ရမှာပါ..။ ဒါ့ကြောင့်စတန်းဖို့ဒ် ဘရစ်ချ်လို အဝေးကွင်းမျိုးမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတစ်သင်းကို ရင်ဆိုင်ရချိန်မှာ အခုလိုတိုက်စစ်အားပေးတဲ့ ၄− ၂− ၄ ပုံစံနဲ့ ကစားရဲတာဟာ နည်းပြ နူနို ဆန်းတို့စ် နဲ့ နည်းပြအဖွဲ့တွေရဲ့ ရဲရင့်မှုပါပဲ..။



ဒါပေမဲ့ ပထမပိုင်းမှာ ဝက်စ်ဟမ်းအသင်းဟာ သူတို့ရဲ့ညာဘက်ခြမ်း၊ ချယ်လ်ဆီးရဲ့ ဘယ်ဘက်ခြမ်းမှာ လုံးဝအသားစီး ရရှိခဲ့တာကြောင့် ပထမပိုင်းမှာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်..။ ချယ်လ်ဆီးရဲ့ ဘယ်ခြမ်းက ဂျိုရယ်လ် ဟာတို နဲ့ အလီဂျန်ဒရို ဂါနာချို တို့ဟာ ဝက်စ်ဟမ်းအသင်းရဲ့ ဝမ်-ဘစ်ဆာကာ နဲ့ ဂျာရော့ဒ် ဘိုဝင် တို့ကို လုံးဝမယှဉ်နိုင်ခဲ့ပါဘူး။

ပွဲအစ (၇) မိနစ်မှာ ရရှိသွားခဲ့တဲံ့ ဝက်စ်ဟမ်းအသင်းရဲ့ အဖွင့်ဂိုးမှာ ညာတောင်ပံကနေ ဂျာရော့ဒ် ဘိုဝင် ခုတ်တင်လိုက်တဲ့အချိန် ဂိုးဧရိယာထဲမှာ တိုက်စစ်ကစားသမား (၃) ယောက် ရှိနေတာကို မြင်မိကြမှာပါ။ အဲဒီအချက်ကို ပြီးခဲ့တဲ့အပတ်ကလည်း ကျွန်တော်တို့တွေ အများကြီးဆွေးနွေးခဲ့ကြပါသေးတယ်..။ ဝက်စ်ဟမ်းအသင်းဟာ ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာထဲမှာ ကစားသမား အရေအတွက် အသာစီးရအောင် ပြုလုပ်တတ်ကြပါတယ်..။

ဒုတိယဂိုးကလည်း ချယ်လ်ဆီးအသင်းရဲ့ ဘယ်တောင်ပံ ခံစစ်ကြောင်း အားနည်းချက်ကနေ စတာပါပဲ..။ ဝက်စ်ဟမ်းအသင်း ခံစစ်ကြောင်းကနေ ဘယ်နောက်ခံလူ ဟာတို ရဲ့ နောက်ထဲကို ချိန်မှာ ဂါနာချို ဟာ သူ့လူရဲ့နောက်ကို လိုက်မပိတ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့်ဘိုဝင် ဟာ ဘောလုံးကို တစ်ချက်ထိန်းပြီး နောက်ကနေ overlap လုပ်ပြီး ပြေးတက်လာတဲ့ ဝမ်-ဘီဆက်ကာ ရဲ့ ပြေးလမ်းထဲကို အသာလေး ချပေးလိုက်ပါတယ်..။ ဂါနာချို က သူ့ရဲ့နောက်ကို ပါမလာခဲ့ပါဘူး (ပုံ- ၂) ။ ဝမ်-ဘီဆက်ကာ ဂိုးဧရိယာထဲကို ပြန်ချိုးပေးလိုက်ချိန် ဂိုးဧရိယာထဲမှာ တိုက်စစ်ကစားသမား လေးယောက်စလုံး ရောက်နေပြီး ခြေစွမ်းထက်နေတဲ့ ဆမ္မားဗီးလ် ကပဲ ဒုတိယဦးဆောင်ဂိုးကို လှလှပပ ကန်သွင်းယူသွားခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းအပြီး ၂ ဂိုး- ဂိုးမရှိ ဆိုတဲ့ ရလဒ်ဟာ ဝက်စ်ဟမ်းအသင်းအတွက် တကယ့်ကို ထိုက်တန်ခဲ့ပါတယ်။



ဒေးဗစ် ဂျုံးစ် - ဂျေမီ ရေ... အပြောင်းအလဲတွေ လုပ်ဖို‌ေလိုအပ်နေခဲ့တာပေါ့။ ဂျေမီ ဂစ်တန်စ် ကတော့ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာပါ..။ ချယ်လ်ဆီးအသင်းဟာ ချေပဂိုးတွေ ပြန်လည်သွင်းယူနိုင်အောင် အပြောင်းအလဲတွေ ဘယ်လိုပြုလုပ်ခဲ့လဲ?

ဂျေမီ ကာရေဂါ - လူစားလဲမှုတွေအကြောင်း မပြောခင် ပထမပိုင်းမှာ သူတို့အသင်းရဲ့ ကစားကွက်အထိုင် (set up) ကို အရင်ကြည့်ရအောင်..။ ချယ်လ်ဆီးအသင်းဟာ နည်းပြသစ် ရောက်လာကတည်းက ဘောလုံးခြေထဲရှိချိန် (in possession) မှာ ၃- ၂- ၅ ပုံစံ ခင်းကျင်းပါတယ်။ အခုပူးတွဲပုံ (ပုံ - ၃) မှာဆိုရင် နောက်ခံလူ (၃) ယောက်၊ ကွင်းလယ် double pivot (၂) ယောက် ထိုင်တယ်..၊ ရှေ့တန်းမှ, (၅) ယောက် ရှိနေပါတယ်...။ မာရက်စ်ကာ လက်ထက်ကနဲ့ ဘာမှမကွာခြားပါဘူး။ မန်ချက်စတာ ယူနိုက်တက်မှာ မိုက်ကယ် ကားရစ် ရဲ့ အခင်းအကျင်းနဲ့ အတူတူပါပဲ။ အခုခေတ်မှာ အသင်းအတော်များများက အဲဒီလိုပုံစံနဲ့ တိုက်စစ်ကစားကွက် တည်ဆောက်ကြပါတယ်။



တကယ်စိတ်ဝင်စားစရာ ကောင်းတာက နောက်ခံအစွန်လူတွေ (Fullbacks) နေရာယူထားတဲ့ပုံစံ ဖြစ်ပါတယ်..။ ညာနောက်ခံလူ မာလို ဂူစ်တို ဟာ နောက်တန်း (၃) ယောက်ထဲမှာ ပါဝင်နေပြီး ဘယ်နောက်ခံလူ ဟာတို ကတော့ ကိုင်စီဒို နဲ့အတူ ကွင်းလယ်အထိုင် double pivot မှာ တွဲကစားပါတယ် (ပုံ - ၄)။ ဒုတိယပိုင်းကျရင် လီယမ် ရိုဆီနာ ဟာ သူ့ရဲ့နောက်ခံလူတွေရဲ့ တာဝန်ယူပုံ အပြောင်းအလဲ ပြုလုပ်ခဲ့တာ ခင်ဗျားတို့သတိပြုမိကြပါလိမ့်မယ်..။ တောင်ပံအစွန်မှာတော့ ဘယ်ဘက်မှာ ဂါနာချို၊ ညာဘက်မှာ ဂစ်တန်စ် တို့ ရှိနေပါတယ်..။ လီယမ် ရိုဆီနာ ရဲ့ချယ်လ်ဆီးဟာ အမြဲတမ်း အလယ်ကနေပဲ ထိုးဖောက်ဖို့ ကြိုးစားလေ့ရှိတဲ့အကြောင်း ကျွန်တော်ပြောခဲ့ဖူးပါတယ်။



ဒါပေမယ့် ပွဲစပြီး (၃၀) စက္ကန့်မှာပဲ pivot က ဂူစ်တို ဟာ ကိုင်စီဒို ဆီ ဘောလုံးပေးတဲ့အချိန် ဝက်စ်ဟမ်းက ဖြတ်လုသွားခဲ့တယ်။ အဲဒီလိုပုံစံ ပေးပိုမှုအမှားတွေကို ဘရန့်ဖို့ဒ်နဲ့ပွဲမှာ မြင်ခဲ့ရသလို ဝက်စ်ဟမ်းနဲ့ပွဲ ပထမပိုင်းတစ်လျှောက်လုံး အမှားတွေများနေခဲ့တာဗျ..။ ဒုတိယကပိုင်းမှာ ဘယ်လိုပြောင်းလဲသွားခဲ့လဲ..? ကြည့်ရအောင်..

ဒေးဗစ် ဂျုံးစ် - ဂျေမီ ဂစ်တန်စ် ဒဏ်ရာရလို့ ပီဒရို နက်တို နဲ့ လူစားလဲလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ လီယမ် ရိုဆီနာ ဟာ အခြေအနေကို ပြောင်းလဲလိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဘာဒီယာရှိုင်း၊ ဟာတို နဲ့ ဂါနာချို တို့ရဲ့နေရာမှာ ဖိုဖားနား၊ မာ့စ် ကူကူရယ်လာ နဲ့ ဂျာအို ပီဒရို တို့ကို ထည့်သွင်းခဲ့ပါတယ်။ သူရဲ့နည်းဗျူဟာ အပြောင်းအလဲအကြောင်း ဆက်လက်သုံးသပ်ပေးပါဦးဗျ..။

ဂျေမီ ကာရေဂါ - လီယမ် ရိုဆီနာ က အဲဒီပွဲမှာ ရလဒ်ပြောင်းလဲသွားခဲ့တာဟာ နည်းဗျူဟာကြောင့်မဟုတ်ဘဲ ကစားသမားတွေရဲ့ ခံယူချက်၊ စိတ်ဓာတ်နဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လတွေကြောင့် ဖြစ်တယ်..လို့ ပြောသွားပေမယ့် တကယ်တမ်းမှာ သူကိုယ့်သူ နှိမ့်ချပြီး ပြောကြားသွားခဲ့တာပါ။ သူပြောတဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ အင်အားတွေဟာ တစိတ်တပိုင်းတော့ ပါဝင်ပေမယ့် ဒုတိယပိုင်းမှာ သူဟာတကယ့်ကို ထူးခြားတဲ့ အပြောင်းအလဲ လုပ်ခဲ့တာပါ။

ပထမပိုင်းအပြီးမှာ လူစားလဲမှု (၄) ကြိမ် လုပ်ထားပြီးပြီဆိုတော့ ဒုတိယပိုင်း တစ်ပိုင်းမှာ လူစားလဲဖို့ (၁) ကြိမ်ပဲ ကျန်တော့တဲ့အထိ စွန့်စားခဲ့ပါတယ်။ ရှေ့တန်း (၅) ယောက် ထဲက တောင်ပံကစားသမား ဂစ်တန်စ် နဲ့ ဂါနာချို တို့ရဲ့ နေရာကို နောက်ခံလူတွေဖြစ်တဲ့ ဂူစ်တို နဲ့ ကူကူရယ်လာ တို့ကို တောင်ပံအစွန်ဆုံးအထိ ဆွဲတက် ကစားခိုင်းလိုက်ပါတယ် (ပုံ- ၅)။


ဂျာအို ပီဒရို ကို ‘No. 10’ နေရာမှာထားပြီး အင်ဇို ဖာနန်ဒက်စ် ကို ကိုင်စီဒို ရဲ့ ဘေးကို ဆွဲချလိုက်တယ်။ ရလဒ်ကတော့ ၂- ၂- ၆ ဆိုတဲ့ အင်မတန်မှ တိုက်စစ်အသားပေးတဲ့ ကစားကွက် ဖြစ်လာပါတယ်။

ဒါကပုံမှန် လူစားလဲတာမျိုး မဟုတ်ဘဲ တကယ့်ကိုရဲရင့်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်..။ သူဟာတိုက်စစ် ကစားသမား တစ်ယောက် ထပ်ပြီးတိုးချင်တာကြောင့် အဲဒီလို အပြောင်းအလဲ ပြုလုပ်ခဲ့တာပါ။ ကစားသမားတွေရဲ့ ခွန်အားစိုက်ထုတ် ကစားမှု။ ကွင်းထဲက ပရိသတ်တွေရဲ့ အားပေးမှုတွေဟာ အရေးကြီးတာ မှန်ပေမယ့် နည်းပြရဲ့  ရဲရင့်တဲ့ နည်းဗျူဟာ အပြောင်းအလဲကလည်း ချေပဂိုးတွေနဲ့ အနိုင်ဂိုး.. (၃) ဂိုးစလုံး ရရှိဖို့အတွက် အဓိကသော့ချက် ဖြစ်ခဲ့ပါတယ်။



အခု ပူးတွဲပုံ (ပုံ- ၆) မှာ ပြထားတဲ့ ပထမဂိုးရရှိဖို့ စတင်ထိုးဖောက်လာချိန်မှာ ကျွန်တော်အစောကပြောခဲ့တဲ့ ၂- ၂- ၆ ပုံစံ အခင်းအကျင်းနဲ့ နေရာယူထားကို အထင်အရှား မြင်တွေ့ရမှာပါ။ တွေ့လား.. နောက်ခံလူ (၂) ယောက်၊ ကွင်းလယ်မှာ (၂) ယောက်နဲ့ ရှေ့တန်းမှာ (၆) ယောက် ရှိနေပါတယ်။ အဲဒီ တိုက်စစ် (၆) ယောက်တန်းရဲ့ တောင်ပံအစွန်ဆုံး နေရာတွေမှာ မာလို ဂူစ်တို နဲ့ မာ့စ် ကူကူရယ်လာ တို့ ရှိနေပါတယ်..။



အခုပူးတွဲပုံ (ပုံ- ၇) မှာဆိုရင် ပထမပိုင်းက ဂါနာချိုနဲ့ ဂစ်တန်စ်တို့ ရှိခဲ့တဲ့နေရာမှာ နောက်ခံလူတွေတက်ပြီး နေရာယူထာတဲ့ ကစားပုံအခင်းအကျင်း ခြားနားချက်ကို သတိပြုမိကြမှာပါ..။ အဲဒီလို တောင်ပံကို အစွန်အထိ ကားထုတ်လိုက်တဲ့အတွက် အလယ်မှာ လူအင်အားအသာစီး (Overload) ရယူနိုင်လာပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ without the ball မှာ ၄- ၄- ၂ နဲ့ ထိုင်ထားတာကိုလည်း သတိထားကြည့်ဖို့ လိုပါတယ်။ ဝက်စ်ဟမ်းတိုက်စစ်မှူး  (၂) ယောက်က ချယ်လ်ဆီးနောက်ခံလူ (၂) ယောက်ကို ပိတ်ဆို့ထားတဲ့အတွက် နောက်ခံလူတွေ ရှေ့တက်ဖို့ ခက်ခဲသွားပါတယ် (ပုံ - ၈)။ ဒါ့ကြောင့်ခံစစ်အထိုင် (၃) ယောက် ဖြစ်သွားအောင် ပြုလုပ်ဖို့ လိုအပ်လာပါတယ်..။ 

ဒီနေရာမှာ ကိုင်စီဒို ရဲ့ နေရာယူထားပုံဟာ တကယ့်ကို ပါးနပ်လှပါတယ်။ သူကနောက်ခံလူ ၂ ယောက်ကြားထဲ ဆင်းပေးလိုက်ခြင်းဖြင့် ခံစစ်မှာ (၃) ယောက်တန်း ဖြစ်သွားခဲ့ပါတယ် (ပုံ - ၈) ။ သူ့ရဲ့ရွှေ့လျားမှုကြောင့် ဖိုဖားနား ဟာ ဘောလုံးနဲ့အတူ ဆွဲတက်ဖို့ နေရာလွတ်ရသွားပြီး ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်မှူးတွေကို ကျော်ဖြတ်ပြီး ရှေ့ကိုတက်သွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဖြတ်တင်ဘောကတဆင့် နောက်ထပ်လူစားဝင်ကစားသမား တစ်ယောက်ဖြစ်တဲ့ ဂျာအို ပီဒရို က လှလှပပခေါင်းတိုက်ပြီး အကောင်းဆုံး အဆုံးသတ်သွားခဲ့ပါတယ်…။ အဲဒါက သူတို့ရဲ့ကစားပုံအပြောင်းအလဲ အလုပ်ဖြစ်သွားတဲ့ သာဓကပါပဲ။



အဲဒီနောက်မှာတော့ ဝက်စ်ဟမ်းအသင်းဟာ ချယ်လ်ဆီးရဲ့ ရှေ့တန်း (၆) ယောက်ကို ထိန်းချုပ်နိုင်ဖို့ ပွဲချိန် (၆၇) မိနစ်မှာ မက်စ် ကီးလ်မန်း ကို ထည့်သွင်းပြီး (၅) ယောက်တန်းအထိုင် ခံစစ်ကြောင်း (back five)  ကို ပြောင်းလဲခဲ့ပါတယ် (ပုံ - ၉)။


ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းရဲ့ ရှေ့တန်း (၆) ယောက်ကို ခံစစ် (၄) ယောက်ထဲနဲ့ထိန်းဖို့ အရမ်းကိုခက်ခဲခဲ့လို့ပါပဲ..။ ချယ်လ်ဆီးကတော့ သူတို့ရဲ့ ၂- ၂- ၆ ပုံစံနဲ့ပဲ ဆက်လက်ထိုးဖောက်ပါတယ်။

ပွဲချိန်မိနစ် (၇၀) မှာ ချယ်လ်ဆီးအသင်းရဲ့ ဒုတိယဂိုးရဖို့ ထိုးဖောက်လာတဲ့ အခင်းအကျင်းကို ပူးတွဲပုံ (ပုံ- ၁၀) မှာ တွေ့နိုင်ပါတယ်…။ တောင်ပံအစွန်ဆုံးမှာ ဘယ်သူတွေ ရှိနေသလဲ..? ကူကူရယ်လာ နဲ့ ဂတ်စတို တို့ပါပဲ။ ဂိုးဧရိယာထဲမှာလည်း ချယ်လ်ဆီးကစားသမား အရေအတွက် အများကြီး ရှိနေပါတယ်။

ဂိုးရဖို့ထိုးဖောက်လာချိန်မှာ ကူကူရယ်လာ က အတွင်းဘက်ကို ပြေးဝင်ပြီး နက်တို နဲ့ နေရာချင်းလဲလိုက်ပါတယ်။ ဂိုးဧရိယာထဲမှာတော့ ချယ်လ်ဆီးက လူအင်အားအသာစီး ရနေမြဲပါပဲ။ နက်တို က အဝေးဂိုးတိုင်ရဲ့ အနောက်ဘက်ကို ဖြတ်တင်ပေးလိုက်တဲ့အချိန်မှာ ဂိုးသွင်းနိုင်ဖို့ ဘယ်သူကဝင်ပြီး ခေါင်းတိုက်ခဲ့လဲ.. ညာနောက်ခံလူ ဂူစ်တို ပဲဗျ..။ သူတို့ကို နောက်ခံလူလို့ခေါ်ခေါ်၊ တောင်ပံ ကစားသမား လို့ပဲခေါ်ခေါ် သူတို့ကပဲ ဂိုးဖန်တီးပြီး သူတို့ကပဲ ဂိုးသွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။



နှစ်ဂိုးစီ သရေကျနေချိန်မှာလည်း ကျွန်တော် အစောကပြောခဲ့တဲ့ အချက်တွေကိုပဲ ထပ်ပြီးတွေ့ရမှာပါ။ ပြိုင်ဘက်နောက်တန်းကို ကိုယ့်ဘက်က ကစားသမားအရေအတွက် အသာစီးနဲ့ ဖိအားပေး ကစားသွားတဲ့ပုံစံကို ဆိုလိုပါတယ်..။ ဒါပေမယ့် မိနစ် (၉၀) ပြည့်ပြီး နာကျင်အချိန်မှာ ရရှိသွားခဲ့တဲ့ အနိုင်ဂိုးဟာ အင်ဇို ဖာနန်ဒက်စ် ရဲ့ စွမ်းဆောင်ရည်ကြောင့်လို့ ကျွန်တော်ပြောချင်ပါတယ်။ အခုတလော ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားတွေအကြောင်း ပြောကြတဲ့အခါ သူ့ရဲ့တွဲဖက် ကိုင်စီဒို နဲ့ ဒက်ကလန် ရိုက်စ် တို့နှစ်ယောက် ဘယ်သူပိုပြီး ထူးချွန်လဲ? ဆိုတာကိုပဲ အငြင်းပွားနေကြတာ များပါတယ်။

သူတို့တွေဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ကွင်းလယ် ကစားသမားတွေဆိုတာ အငြင်းပွားစရာ မရှိပါဘူး။ ဒါပေမယ့် အင်ဇို ကလည်း အဲဒီအဆင့်အတန်းမှာ ရှိနေတဲ့သူ ဖြစ်ပါတယ်..။ သူဟာ ဂိုးဧရိယာထဲကို အချိန်ကိုက်တိုးဝင်၊ တိုက်စစ်ဆင်နိုင်တဲ့ ကွင်းလယ် ကစားသမား (Box-crasher) တွေထဲမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးထဲက တစ်ယောက်ပါ။ ချယ်လ်ဆီးကို ရောက်စတုန်းက ကွင်းလယ်အဖျက် ကစားသမားအဖြစ် သတ်မှတ်ခဲ့ကြပေမယ့် ကျွန်တော်ကတော့ အဲဒီလိုမမြင်မိပါဘူး။ သူဟာဂိုးဧရိယာထဲအထိ ထိုးဖောက်ပြီး ဂိုးတွေသွင်းယူနိုင်တဲ့ 'No. 8' ဒါမှမဟုတ် 'No. 10' ကစားသမားပဲ ဖြစ်ပါတယ်..။



သူဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ကွင်းလယ်ကစားသမားတွေထဲက  တစ်ယောက်ဆိုတာ အသေအချာပါပဲ။ ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေအတွက် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အများကြီးရှိခဲ့ပါတယ်..။ ဒါပေမယ့် ကွင်းလယ်အချက်အချာနေရာမှာ ငွေပုံအောသုံးစွဲခဲ့ခြင်းကနေ ရရှိလာတဲ့ အကျိုးရလဒ်တွေကို အခုအချိန်မှာ ပြန်လည်ခံစားနေရပြီ ဖြစ်ပါတယ်။

ဒေးဗစ် ဂျုံးစ် - မှန်ပါတယ်..။ သိပ်ကိုများပြားခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု.. ပေါ့ဗျာ..။ အခုပူးတွဲပုံ (ပုံ- ၁၁) မှာ ပြထားတဲ့ အင်ဇို ဖာနန်ဒက်စ် ရဲ့ အခုဘောလုံးရာသီ စွမ်းဆောင်ရည် အချက်အလက်တွေအရဆိုရင် သွင်းဂိုး (၈) ဂိုး၊ ရသင့်တဲ့ဂိုး (expected goals) (၉) ဂိုးနဲ့ ပရီးမီးယားလိဂ်က ကွင်းလယ် ကစားသမားတွေထဲမှာ ဂိုးအများဆုံး သွင်းထားပါတယ်..။ တည်ကန်ဘောတွေမပါပဲ open play ကနေ ရသင့်တဲ့သွင်းဂိုး (Open play xG) မှာလည်း ထိပ်ဆုံးမှာရှိနေသလို ဂိုးကန်သွင်းချက်တိုင်းရဲ့ ဂိုးရနိုင်ခြေ ပျမ်းမျှ (xG per shot) (၂၀ %) ရာခိုင်နှုန်းရှိပြီး သူဟာ တိုက်စစ်ဇုန် (Final third) ထဲ ပြေးဝင်မှု (၂၅၆) ကြိမ်နဲ့ ဒုတိယအများဆုံး ပြုလုပ်ထားပါတယ်..။



ဒါ့အပြင် ဖြတ်တင်ဘောတွေကို ပိတ်သွင်းဖို့ ကြိုးစားမှု (Runs as cross options) (၈၁) ကြိမ်နဲ့ အများဆုံးပါပဲ..။ အဲဒီလို စွမ်းဆောင်ရည်တွေကြောင့် ကျွန်တော်တို့က သူ့ကို "Box crasher" (ဧရိယာထဲ အချိန်ကိုက် တိုးဝင်သူ) လို့ ခေါ်ဝေါ်နေကြတာပါ။

အခုပူးတွဲပုံ (၁၂) ကတော့ သူ့ရဲ့ ဂိုးကန်သွင်းချက်တွေကို ပြသထားမြေပုံ (xG Shot map) ဖြစ်ပါတယ်..။ စက်ဝိုင်းကြီးလေလေ ဂိုးရနိုင်ခြေ (xG) မြင့်လေလေပါပဲ။ ဂိုးဧရိယာအပြင်ဘက်မှာ စက်ဝိုင်းအသေးလေးတွေကို မြင်ရမှာဖြစ်ပြီး ဂိုးပေါက်နဲ့ နီးလာလေလေ စက်ဝိုင်းတွေက ကြီးလာလေလေပါပဲ။ အဖြူရောင်စက်ဝိုင်းတွေကတော့ သူ့ရဲ့ဂိုးဧရိယာထဲ တိုးဝင်ပြီး အမှန်တကယ် သွင်းယူခဲ့တဲ့ဂိုးတွေ ဖြစ်ပါတယ်။ သူဟာ ဂိုးတိုင်နှစ်ခုကြား တည့်တည့်နေရာတွေကနေ ဂိုးသွင်းနေတာကို တွေ့ရမှာပါ။ ဂျေမီ ရေ.. သူ နေရာယူတဲ့ ပုံစံတွေဟာ တကယ့်ကို ထူးခြားတယ်လို့ ထင်မိလား?



ဂျေမီ ကာရေဂါ - ဟုတ်ပါတယ်၊ ဘာလို့လဲဆိုတော့ ဂိုးသွင်းတာနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် ကျွန်တော်တို့ဟာ ကစားသမားတွေကို ပင်နယ်တီဧရိယာထဲက (၆) ကိုက် စည်းထဲကိုပဲ ရောက်အောင်သွားဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် ကွင်းလယ်လူတွေ တိုက်စစ်မှူးတွေလို (၆) ကိုက်စည်း အထဲထဲထိ ရောက်လာတာ သိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ အင်ဇို သွင်းယူခဲ့တဲ့ ဂိုးတွေကို ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့နေရာယူမှု တကယ့်ကို ပြောင်မြောက်လှတယ်.. ဆိုတာ တွေ့နိုင်ပါတယ်။

ကွင်းလယ်လူ အတော်များများကတော့ ပင်နယ်တီအမှတ် အနီးတစ်ဝိုက် (ဒုတိယ ၆ ကိုက်စည်း (second six yard box) လို့ ခေါ်တဲ့နေရာ) ကနေပဲ ဂိုးသွင်းလေ့ ရှိကြပါတယ်..။ အဲဒီနေရာမျိုးဟာ ကွင်းလယ် ကစားသမားတွေ ဂိုးရဖို့အခွင့်အရေးအများဆုံးနေရာ ဖြစ်ပါတယ်..။ သူဟာ ဂိုးဧရိယာထဲကို အချိန်ကိုက်ရောက်ရှိ သွင်းယူနိုင်စွမ်းရှိတဲ့ ကွင်းလယ်ကစားသမားတွေထဲက အကောင်းဆုံးတစ်ယောက် အပါအဝင်ဖြစ်တယ်ဆိုတာ သေချာပေါက် ပြောနိုင်ပါတယ်..။