feature-image

နည်းပြလီယမ် ရိုဆီနာ ၏ အပြောင်းအလဲများကို ရှင်းပြခဲ့တဲ့ ‘ဂျာအို ပီဒရို’ တွေ့ဆုံခြင်း

ဘရာဇီးလ် တိုက်စစ်မှူး ဂျာအို ပီဒရို မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် နည်းပြသစ် လီယမ် ရိုဆီနာ ရောက်ရှိလာပြီးနောက်ပိုင်း (၅) ဂိုးသွင်း၊ (၁) ဂိုးဖန်တီးပြီး ခြေစွမ်းကောင်းများ ပြသလျှက်ရှိပါသည်...။ အသက် (၂၄) နှစ်အရွယ် တိုက်စစ်မှူးမှာ နည်းပြသစ် လီယမ် ရိုဆီနာ ၏ အပြောင်းအလဲများနှင့် ကစားသမားများအပေါ် မှာကြားချက်များ၊ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည့် အတွေ့အကြုံများနှင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ဘရာဇီးလ် လက်ရွေးစင်အသင်းနှင့် မျှော်လင့်ချက်များကို Sky Sports သတင်းဌာနနှင့် တွေ့ဆုံခဲ့သည့် One to One Podcast အစီအစဉ်တွင် အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်..။

မေး - ဂျာအို... ဒီနေ့မှာတို့နဲ့အတူ ရှိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ အပတ်အနည်းငယ်က အသင်းအတွက်ရော၊ ခင်ဗျားတို့အတွက်ပါ အပြောင်းအလဲတွေ အများကြီးရှိခဲ့ပါတယ်။ နည်းပြသစ် လီယမ် ရိုဆီနာ ရဲ့ လက်အောက်မှာ အခြေအနေတွေ ဘယ်လိုရှိလဲ? ပြောပြပေးပါဦး..

ဟုတ်ကဲ့၊ အရာအားလုံးက အရမ်းကိုလျှင်မြန်ခဲ့ပါတယ်။ နည်းပြသစ် ပြောင်းလဲခဲ့ပြီး လီယမ်က သူ့ရဲ့ အတွေးအခေါ်တွေကို ကျွန်တော်တို့ ခေါင်းထဲရောက်အောင် ကြိုးစားပေးနေပါတယ်။ အဲဒါတွေကို စဉ်းစားဖို့ အချိန်အများကြီး မရပေမယ့် အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန် သင်ယူနေကြပါတယ်။ သူကတကယ့်ကို တက်ကြွလန်းဆန်းတဲ့ (Electric) နည်းပြတစ်ယောက် ဖြစ်ပါတယ်..။ 

မေး - နည်းပြသစ် ရောက်လာတဲ့အခါ ကျောင်းကိုပထမဆုံး စတက်ရတဲ့နေ့လိုပဲ လူတိုင်းကသူ့ကို အထင်ကြီးအောင် ကြိုးစားကြတာမျိုးလား? လေ့ကျင့်ရေးကွင်း အခြေအနေတွေကရော ဘယ်လိုရှိလေ?

အစပိုင်းမှာတော့ ခင်ဗျားပြောသလို ကျောင်းစတက်တဲ့နေ့လို ဖြစ်နေခဲ့ပေမယ့် အခုတော့ပိုပြီး အသားကျသွားပါပြီ။ ကွင်းထဲမှာ သူဟာကျွန်တော်တို့ကို ဘာတွေလုပ်စေချင်လဲ.. ဆိုတာ ပိုပြီးနားလည်လာကြပါပြီ။ အားလုံး အဆင်ပြေပါတယ်။



မေး - ပထမဆုံး အသင်းအစည်းအဝေးမှာ သူ ဘာတွေပြောခဲ့လဲ? အသင်းသားတွေကို သူပေးခဲ့တဲ့ သတင်းစကားက ဘာဖြစ်မလဲ?

အသင်းလိုက်အနေနဲ့ ကျွန်တော်တို့ကို အကောင်းဆုံး ကစားစေချင်တယ်။ ကောင်းကောင်း မကစားနိုင်ရင်တောင်မှ အမြဲတမ်းပြင်းပြတဲ့ အားထုတ်မှု (Intensity) ရှိနေဖို့ အလိုရှိတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဒါဟာသိပ်ကိုကောင်းတဲ့ အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တခါတလေမှာ ကစားပုံမကောင်းပေမယ့် ကြိုးစားအားထုတ်မှု၊ ခွန်အားစိုက်ထုတ်မှုကောင်းရင် အနိုင်ရနိုင်သေးလို့ပါ။ ဒါကြောင့် ပထမဆုံး သူပြောခဲ့တဲ့အရာက အားစိုက်ထုတ်မှုအပြည့်နဲ့ ကစားဖို့ပါပဲ။

မေး - အဲဒါကခင်ဗျားရဲ့ ကစားဟန်နဲ့လည်း ကိုက်ညီတာပေါ့။ ဘောလုံးရှိရှိ၊ မရှိရှိ ခင်ဗျားဟာ အမြဲတမ်း တက်တက်ကြွကြွနဲ့ အားသွန်ခွန်စိုက်ကစားတတ်တဲ့ ကစားသမားတစ်ယောက်ပဲလေ။

ဟုတ်ပါတယ်။ ဘောလုံးရနေချိန်ရော၊ မရသေးချိန်မှာပါ ကျွန်တော်ဟာ အသင်းကို ကူညီဖို့ အမြဲတမ်း ကြိုးစား၊ ကစားပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဲဒီလိုကစားနိုင်ဖို့ လိုအပ်ပါတယ်။ ခင်ဗျားရဲ့ အားစိုက်ထုတ်မှု လျော့ကျသွားတာနဲ့ ဂိုးတွေပေးလိုက်ရနိုင်လို့ပါ။ အားလုံးက ပိုပြီးပြေးနိုင်ဖို့၊ တစ်ဦးကိုတစ်ဦး ကူညီနိုင်ဖို့ ဦးစားပေး၊ စဉ်းစားလာကြတယ်။ ဘောလုံးကို မြန်မြန်ပြန်လုနိုင်ရင် ကစားပုံ ပိုပြီးကောင်းမွန်လာပါလိမ့်မယ်။



မေး - နည်းပြက ခင်ဗျားကို သီးသန့်ခေါ်ပြီး တစ်ဦးချင်း ဆွေးနွေးတာမျိုးရော ရှိလား? ခင်ဗျားရဲ့ ကစားဟန်နဲ့ ပတ်သက်လို့ ဘာတွေပြောခဲ့လဲ?

ကျွန်တော်တို့ စကားနည်းနည်း ပြောဖြစ်ပါတယ်။ လီယမ် ဟာ ဟူးလ် စီးတီးအသင်းမှာ နည်းပြအဖြစ် တာဝန်ယူစဉ်တုန်းက ကျွန်တော်တို့ သူ့အသင်းနဲ့ ရင်ဆိုင်ကစားခဲ့တာကို သူမှတ်မိနေပါသေးတယ်။ ကျွန်တော့်ရဲ့ ကောင်းတဲ့အကြောင်းတွေ အများကြီးပြောခဲ့သလို၊ နေ့စဉ်နေ့တိုင်း ကျွန်တော့်ကို တိုးတက်လာအောင် ကူညီပေးချင်တယ်လို့လည်း ပြောပါတယ်။ ဒီလိုနည်းပြမျိုးကို ကျွန်တော် သဘောကျပါတယ်။ သူတို့ဆီက ဝေဖန်အကြံပြုချက်ရတာ ကောင်းပါတယ်။ ကိုယ်ဘာတွေ တိုးတက်ဖို့ လိုလဲဆိုတာ တစ်ခါတလေ မသိတဲ့အခါ နည်းပြဆီက အကြံပြုချက်ကြားရတော့ ပိုပြီးတိုးတက်အောင် ပြုလုပ်နိုင်ဖို့ နည်းလမ်းတွေရတာပေါ့ဗျာ..။

မေး - ခင်ဗျားရဲ့ကစားဟန်မှာ ခင်ဗျားကိုယ်တိုင်လည်း သဘောတူနိုင်မယ့် အသေးစိတ် အချက်အလက်မျိုးတွေရော ပြောခဲ့တာရှိရဲ့လား?

သူကကျွန်တော့်ကို တိုက်စစ်မှူး (Striker) အနေနဲ့ သဘောကျပေမယ့် တစ်ခါတလေမှာ 'No. 10' နေရာမှာလည်း ကစားစေချင်တယ်လို့ ပြောပါတယ်။ အဲဒီနေရာ နှစ်ခုစလုံးအတွက် အဆင်သင့်ဖြစ်နေအောင် သင်ယူစေချင်တာပါ။ ကျွန်တော်ကတော့ ရှေ့တန်းမှာ ‘No. 9’ အဖြစ်နဲ့ ပိုပြီးကစားချင်ပေမယ့် လိုအပ်လာရင် ‘No. 10’ အနေနဲ့လည်း ကစားပေးနိုင်ပါတယ်။



မေး - ဒါဆိုရင်ခင်ဗျားဟာ ရှေ့တန်းတိုက်စစ်မှာပဲ ပိုကစားချင်တာပေါ့။ ဒါပေမယ့် ခင်ဗျားကနေရာစုံမှာ ကစားခဲ့ဖူးတယ်နော်။ ကွင်းလယ်လူ၊ ခံစစ်ကွင်းလယ်လူ နေရာတွေမှာတောင် ကစားခဲ့ဖူးတာက ခင်ဗျားရဲ့ ကစားဟန်ကို ပိုပြည့်စုံစေတယ်လို့ ထင်မိလား?

ဟုတ်ပါတယ်၊ ကစားပွဲတွေရဲ့အကြောင်း ပိုပြီးနားလည်လာတာပေါ့ဗျာ..။ ဒါပေမယ့် ကျွန်တော်ကတော့ ဂိုးနဲ့အနီးဆုံးနေရာမှာရှိတဲ့ ရှေ့တန်းမှာပဲနေပြီး ဂိုးတွေသွင်းရတာကို ပိုပြီးနှစ်သက်ပါတယ်။ အဲဒီမှာ ကျွန်တော်ဟာ ပိုပြီးအန္တရာယ်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မေး - ချယ်လ်ဆီးအသင်းနဲ့ ဖြတ်သန်းခဲ့ရတဲ့ ပထမဆုံး (၆) တာကာလ အတွေ့အကြုံကရော ဘယ်လိုရှိလဲ? ခင်ဗျားရဲ့သက်ရောက်မှုဟာ တကယ့်ကို ကြီးမားခဲ့တယ်လေ။ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့တာဆိုတော့...

ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကျွန်တော့်အတွက် တကယ့်ကိုအံ့ဩစရာပါပဲ။ အခုဘောလုံးရာသီမှာ ကျွန်တော့်ရဲ့ခြေစွမ်း ကောင်းမွန်နေတယ်လို့ ထင်ရပေမယ့် ဒီထက်ပိုပြီး ကောင်းမွန်နိုင်ပါသေးတယ်။ ကျွန်တော်ဟာ ဒဏ်ရာအနည်းငယ် ရှိနေရက်နဲ့ ကစားနေခဲ့ရကြောင့် ပွဲတိုင်းမှာ (၁၀၀ %) ရာခိုင်နှုန်းပြည့် ခွန်အားစိုက်ထုတ်နိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ကွင်းထဲမှာ အမြဲတမ်း ရှိနေချင်ပါတယ်။ အခုဘောလုံးရာသီမှာ ကျွန်တော်တို့ အသင်းမှာ ဒဏ်ရာပြဿနာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါ့အပြင်ကျွန်တော်ဟာ အသက်ငယ်ပါသေးတယ်၊ အင်္ဂလန်ကို ရောက်ရှိနေတာ ကြာပြီဆိုပေမယ့် အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေတာတွေ ရှိနေပါသေးတယ်။



မေး - အင်္ဂလန်မှာ အကြာကြီး နေခဲ့တာက ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ အများကြီး ကူညီပေးတယ်လို့ ထင်မိလား?

သေချာတာပေါ့။ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အရင်ကစားခဲ့ရတော့ အဲဒီပြိုင်ပွဲနဲ့ အကျွမ်းတဝင်ဖြစ်အောင် အရင်ဆုံး သင်ယူခဲ့ရတယ်၊ ကြီးပြင်းခဲ့ရပါတယ်။ အဲဒီနောက်မှာမှ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်..။ အဲဒီလိုချန်ပီယံရှစ် ပြိုင်ပွဲမှာ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံကြောင့် တဆင့်မြင့်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေနဲ့ အသားကျဖို့ ပိုပြီးလွယ်ကူခဲ့ပါတယ်..။ ဒါ့အပြင်ကျွန်တော်ဟာ နေ့စဉ်နေ့တိုင်း အစွမ်းကုန်ကြိုးစားရင် ဆက်လက် တိုးတက်နိုင်တယ်ဆိုတာ သိမြင်လာပါတယ်။ ဒါကြောင့်လည်း ဆုဖလားတွေ ရယူဖို့နဲ့ ပိုပြီးအခွင့်အရေးများတဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။

မေး - အသင်းဖော်တွေအကြောင်း ပြောရအောင်။ ခင်ဗျားတို့အသင်းမှာ လူငယ်ကစားသမားတွေ အများကြီးပဲနော်။ ဘယ်သူတွေနဲ့ အရင်းနှီးဆုံးလဲ?

ဘရာဇီးလ်ကစားသမားတွေဖြစ်တဲ့ အန်ဒရေ ဆန်းတို့စ်၊ အက်စတီဗာအို တို့နဲ့ အရင်းနှီးဆုံးလို့ ပြောရမှာပါ။ ဒါပေမယ့် စပိန်စကားပြောတဲ့ အုပ်စုလည်း ရှိသေးတယ်ဗျ..။ ပက်ဒရို နက်တို၊ အင်ဇို ဖာနန်ဒက်စ်၊ မွိုက်စ် ကိုင်စီဒို၊ မာ့စ် ကူကူရယ်လာ၊ အလီဂျန်ဒရို ဂါနာချို၊ ရောဘတ် ဆန်းချက်ဇ် တို့နဲ့လည်း အမြဲတမ်းလိုလို အတူတူ ရှိနေပါတယ်..။ တစ်ယောက်တည်းကို ရွေးရမယ်ဆိုရင်တော့ အန်ဒရေး နဲ့ အက်စတီဗာအို တို့ကိုပဲ ရွေးရမှာပါ။

မေး - ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့အကြောင်း နည်းနည်းမေးချင်ပါတယ်..။ ချယ်လ်ဆီးအသင်းဆီက ပထမဆုံး ဖုန်းခေါ်ဆိုမှု ရလာတုန်းက ဘယ်နေရာမှာ ရှိနေတာလဲ..?
Wow..!... ကျွန်တော်ဟာ ဘရာဇီးလ်မှာ အားလပ်ရက်အတွက် အနားယူနေတာပါ။
မေး - မိသားစုနဲ့အတူ ရှိနေတာလား?

ဟုတ်ပါတယ်..။ ကျွန်တော့်ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အိမ်မှာရှိနေတုန်း ကျွန်တော့်ရဲ့ အေးဂျင့်က ဖုန်းဆက်လာပြီး "လာမယ့်အပတ်မှာ ချယ်လ်ဆီး ဒါရိုက်တာတချို့နဲ့ ညစာ သွားစားရမယ် ထင်တယ်" လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီအကြောင်း ဘယ်သူ့ကိုမှ ပြောလို့မရသေးပါဘူး။ ကျွန်တော်တယောက်တည်းပဲ မျိုသိပ်ထားခဲ့ရပါတယ်။ အသင်းပြောင်းတော့မယ့် ကစားသမားတိုင်းဟာ အနည်းနဲ့အများ စိတ်လှုပ်ရှားကြတာ ထုံးစံပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီအပြောင်းအရွှေ့ကိုဖြစ်‌မြောက်စေချင်ခဲ့တာကိုးဗျ..။ တကယ်ကို စိတ်လှုပ်ရှားခဲ့ရသလို အဲဒီစိတ်လှုပ်ရှားမှုကို ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။



မေး - သေချာတာပေါ့ဗျာ,,။ အသင်းပြောင်းတော့မယ်ဆိုတာ သေချာသွားတဲ့ကို အရင်ဆုံး ဘယ်သူ့ကို ပြောပြဖြစ်လဲ?
ကျွန်တော့်ရဲ့ ရည်းစားကိုပါ။

မေး - Wow..! အကောင်းဆုံးပေါ့ဗျာ..။ ချယ်လ်ဆီးအသင်းမှာ ဒေးဗစ် လူးဝစ်၊ ရာမီရက်စ် တို့လို ဘရာဇီးလ်ကစားသမားကောင်းတွေရဲ့ သမိုင်းကြောင်း၊ အစဉ်အလာကောင်းတွေ ရှိနေခဲ့ပါတယ်..။ အဲဒါကို ကြည့်ပြီး "ငါလည်းဒီအသင်းနဲ့ အောင်မြင်ခဲ့တဲ့ နောက်ထပ်ဘရာဇီးလ် ကစားသမားတစ်ယောက် ဖြစ်လာနိုင်ပြီ" လို့ တွေးမိလား..?

ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စားသောက်ဆိုင်တစ်ခုမှာ ဒီယေဂို ကော်စတာ နဲ့ ဆုံခဲ့ပါတယ်။ ကျွန်တော်တို့ စကားနည်းနည်းပြောဖြစ်ပြီး သူကကျွန်တော့်ကို ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။ ခင်ဗျားပြောခဲ့သလိုပဲ.. ဒီအသင်းမှာ ဘရာဇီးလ်သားတွေ အများကြီး ကစားခဲ့ဖူးတယ်။ အခုအချိန်ဟာ ကျွန်တော်တို့ရဲ့ အလှည့်ပေါ့ဗျာ..။ ကျွန်တော်၊ အက်စတီဗာအို နဲ့ အန်ဒရေ တို့အတွက် ဒီအသင်းမှာ သမိုင်းသစ် ရေးထိုးရမယ့်အချိန် ရောက်ရှိလာပါပြီ..။

မေး - ဟုတ်ကဲ့ပါ..။ မကြာခင်ကပဲ ဒေးဗစ် လူးဝစ်ဇ် ကို စတန်းဖို့ဒ် ဘရစ်ချ်မှာ တွေ့လိုက်သေးတယ်။ သူနဲ့စကားပြော ဖြစ်ခဲ့သေးလား?

ဖလာမင်ဂိုအသင်းမှာ သူရှိစဉ်ကတည်းက ဘရာဇီးလ်မှာ ဆုံခဲ့ဖူးလို့ သူ့ရင်းနှီးပါတယ်။ သူနဲ့စကားပြောဖူးသလို ကျွန်တော့်ရဲ့ ကစားဟန်ကိုလည်း သဘောကျတယ်လို့ သူကပြောခဲ့ပါတယ်။ စတန်းဖို့ဒ် ဘရစ်ချ်မှာ ပြန်ဆုံတဲ့အခါမှာတော့ ကျွန်တော်တို့ စကားတွေပြော၊ နောက်ပြောင်ကြတာပေါ့ဗျာ..။ သူဟာ တကယ်ကို လူကောင်းတစ်ယောက်ပါ။ ဒေးဗစ် လူးဝစ်ဇ် ဟာ ချယ်လ်ဆီးအသင်းမှာ တကယ့်ကိုပြောင်မြောက်တဲ့ ကစားသမားဘဝ ပိုင်ဆိုင်ခဲ့သလို ကျွန်တော်လည်း အဲဒီလိုဖြစ်လာဖို့ မျှော်လင့်ပါတယ်။



မေး - အခုနှစ်နွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြောရအောင်ဗျာ..။ လက်ရှိဘရာဇီးလ်အသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူး 'No. 9' နေရာဟာ တကယ့်ကို ပြိုင်ဆိုင်မှု ပြင်းထန်တယ်နော်။ အဲဒီအပေါ် ခင်ဗျားရဲ့ အမြင်က ဘယ်လိုရှိလဲ?

ဘရာဇီးလ်အသင်းအကြောင်း ပြောပြီဆိုရင် အသင်းရဲ့နေရာတိုင်းမှာ ပြိုင်ဆိုင်မှု ပြင်းထန်တာ ထုံးစံပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ချယ်လ်ဆီးအသင်းမှာ ကိုယ့်ရဲ့ခြေစွမ်းကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ဖို့ပဲ လိုအပ်ပါတယ်။ ဒီအသင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့်ချယ်လ်ဆီးအသင်းအပေါ်မှာပဲ အာရုံစိုက်ပြီး အစွမ်းကုန် ကြိုးစားသွားမှာပါ။

မေး - ဘရာဇီးလ်မှာ နာမည်ကြီး တိုက်စစ်မှူးကောင်းတွေ အများကြီး ပေါ်ထွက်ခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်..။ ခင်ဗျားဟာ ဘယ်သူ့ကို အားကျပြီး "သူ့လိုကစားသမားဘဝ ပိုင်ဆိုင်ချင်တယ်.." ဒါမှမဟုတ် "သူကတော့ ငါ့ရဲ့စံပြ ကစားသမားပဲ" လို့ သတ်မှတ်ထားတာ ရှိလဲ?

ဘရာဇီးလ်အသင်းရဲ့ တကယ့်ဂန္ထဝင် တိုက်စစ်မှူးကြီးတွေနဲ့ ထပ်တူကျဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ‘No. 9’ တွေဖြစ်တဲ့ ရိုနယ်လ်ဒို၊ အေဒရီယာနို တို့ဟာ ကမ္ဘာ့ဘောလုံးလောကမှာ ထွန်းတောက်ခဲ့ကြတဲ့ တကယ့်ထိပ်ထိပ်ကျဲ တိုက်စစ်မှူးကြီးတွေ ဖြစ်ခဲ့တာကြောင့်ပါ..။ ကျွန်တော်ကတော့ ကိုယ့်ရဲ့သမိုင်းသစ်ကိုပဲ ရေးထိုးချင်ပါတယ်။ အဒရီယာနို၊ ရိုမာရီယို၊ နေမာ တို့ကို အတုယူခဲ့တာမှန်ပေမယ့် ကျွန်တော့်ကို "ဂျာအို ပီဒရို" အဖြစ်ပဲ မြင်စေချင်ပါတယ်။ တစ်နေ့မှာ သူတို့လို အောင်မြင်မှုတွေရရှိလာအောင် အစွမ်းကုန် ကြိုးစားမှာ ဖြစ်ပေမယ့် ကျွန်တော့်ရဲ့ ကိုယ်ပိုင်သမိုင်းကိုပဲ ဖန်တီးချင်တာပါ။



မေး - တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို သိပ်မကြည့်ဖြစ်တဲ့ အင်္ဂလန် ပရိသတ်တွေအတွက် ခြေစစ်ပွဲ အခြေအနေလေး ပြောပြပေးပါဦး? ကမ္ဘာ့ဖလားဆီ သွားမယ့် လမ်းကြောင်းက ဘယ်လိုရှိလဲ?

ခြေစစ်ပွဲတွေမှာ အမှတ်တချို့ လျော့ခဲ့တာ ရှိပါတယ်။ နည်းပြသစ်နဲ့ဆိုတော့ အသင်းတွေမှာလို အချိန်အများကြီး မရတာလည်း ပါတာပေါ့။ ဒါပေမယ့် အခုရာသီကုန်သွားရင် နည်းပြကြီးက ဘာလိုချင်သလဲ? ဆိုတာကို နားလည်ဖို့ အချိန်ပိုရလာမှာမို့ ကမ္ဘာ့ဖလားမှာ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး - နည်းပြ ကာလို အန်ဆယ်လော့တီ ဆိုတာ ကမ္ဘာ့အဆင့် ဂန္ထဝင်နည်းပြတစ်ဦးပဲလေ။ သူ့ကိုပထမဆုံး စတွေ့တုန်းက ဘယ်လို ခံစားရလဲ?

ဘရာဇီးလ်မှာ သူနဲ့ပထမဆုံး စတွေ့တုန်းက သူဟာကစားသမားတွေနဲ့ နောက်ပြောင်၊ ကျီစယ်တတ်တာ တွေ့မိပါတယ်။ လေ့ကျင့်ခန်းဆင်းချိန်မှာတော့ ကျွန်တော်တို့ကို တည်တည်ငြိမ်ငြိမ်နဲ့ အလေးအနက်ထားစေချင်ပေမယ့် ကျွန်တော်တို့ကြားက ရင်းနှီးမှုကို သူကသဘောကျပုံ ရပါတယ်..။ ကျွန်တော်တို့ ပျော်ရွှင်နေမှ ဘောလုံးကစားရတာကို အရသာတွေ့မှာ ဖြစ်သလို ပိုပြီးတော့လည်း ကောင်းကောင်း ကစားနိုင်မှာ ဖြစ်ပါတယ်..။ အဲဒီအယူအဆဟာ ကျွန်တော်တို့အတွက် သိပ်ကိုကောင်းပါတယ်။

မေး - ဘရာဇီးလ်အသင်းအနေနဲ့ ကမ္ဘာ့ဖလားမှာ ဘယ်လောက်အထိ ရည်မှန်းထားလဲ? "ငါတို့ ဖလားရရမယ်" ဆိုတဲ့ ရည်မှန်းချက် ထားရှိလား?

သေချာတာပေါ့။ ဘရာဇီးလ်လူမျိုးတိုင်းမှာ အဲဒီလိုအတွေး ရှိကြပါတယ်။ ဘရာဇီးလ်မှာ မွေးလာပြီဆိုရင် ပထမဆုံး စဉ်းစားမိတာက ‘ကမ္ဘာ့ဖလား’ ပဲလေ။ တခြားနိုင်ငံလက်ရွေးစင်အသင်းတွေလည်း အင်အားတောင့်တင်းတယ် ဆိုပေမယ့် ကျွန်တော်တို့ရဲ့စွမ်းအားကိုလည်း အပြည့်အဝ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ပြီး ချန်ပီယံဖလား ဆွတ်ခူးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။