အာဂျင်တီးနား ကွင်းလယ် ကစားသမား အင်ဇို ဖာနန်ဒက်စ် မှာ နည်းပြသစ် လီယမ် ရိုဆီနာ နှင့် အပြာရောင်အနာဂတ်သစ် တည်ဆောက်မည့် အစီအစဉ်များ၊ ဖရန့် လမ်းပတ် ကို အတုယူပြီး သူ၏တိုက်စစ်ကစားဟန် ပြောင်းလဲခဲ့ပုံများနှင့် ယခုဘောလုံးရာသီ (၃၆) ပွဲအတွင်း (၁၁) ဂိုး သွင်းယူပေးနိုင်ခဲ့သည့် ခြေစွမ်းအပေါ် လီဗာပူးလ် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ ၏ ချီးကျူးပြောဆိုမှုအား တုံ့ပြန်မှုကို Sky Sports သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်း အစီအစဉ်တွင် ပြောကြားခဲ့ပါသည်..။
ပြီးခဲ့တဲ့ စနေနေ့က ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ ၉၂ မိနစ်ကျမှ သွင်းယူခဲ့တဲ့ အနိုင်ဂိုးအကြောင်း ပြောလိုက်တဲ့အခါ အင်ဇိုရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ ဝေဆာသွားပါတယ်။ အဲဒီသွင်းဂိုးဟာ အခုဘောလုံးရာသီမှာ သူ့အတွက် ထူးခြားတဲ့မှတ်တိုင်တွေထဲက တစ်ခုဖြစ်ခဲ့ပြီး သူဟာလက်ရှိဘောလုံးရာသီမှာ (၁၁) ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သူ့ရဲ့ဂိုးဧရိယာထဲကို အချိန်ကိုက်ပြေးဝင်ပြီး ဂိုးသွင်းယူတဲ့ပုံစံဟာ အပြာရောင်တွေရဲ့ ဂန္ထဝင်ကွင်းလယ် ကစားသမားကြီး ဖရန့် လမ်းပတ် ကို ပြန်လည်သတိရစေပါတယ်။
အသက် (၂၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်ဇို ဟာ ကွင်းလယ်အဖျက်နေရာကနေ ကစားကွက် ဖန်တီးပေးသူ (Deep-lying playmaker) အဖြစ်ကနေ လမ်းပတ်လိုမျိုး ဂိုးသွင်းကောင်းတဲ့ ကွင်းလယ်လူအဖြစ် အသွင်ပြောင်းလဲ လာခဲ့ပါတယ်..။ ဒီလိုပြောင်းလဲလာခဲ့တဲ့ ဖြစ်စဉ်တလျှောက်မှာ သူဟာနည်းပြဂရေဟမ် ပေါ်တာ နဲ့ မော်ရစ္စစီယို ပိုချက်တီနို တို့ရဲ့ကြားကာလ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့သေးတဲ့ ဂန္ထဝင်ဖရန့် လမ်းပတ် ဆီက သင်ခန်းစာတွေ ရယူနိုင်ခဲ့လို့ ဖြစ်ပါတယ်။
“ဖရန့် ဟာ ကျွန်တော့်အတွက် စံပြုရမယ့်ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ပါတယ်..။" လို့ အင်ဇိုက Sky Sports သတင်းဌာနကို ပြောပြပါတယ်။ "ချယ်လ်ဆီးကို စပြီးရောက်လာကတည်းက သူ့ရဲ့ဗီဒီယိုတွေ အများကြီး ကြည့်ခဲ့ပါတယ်။ ပင်နယ်တီဧရိယာထဲကို ဘယ်လိုနည်းနဲ့ တိုးဝင်သွားလဲ..?၊ ဂိုးဧရိယာတဝိုက်မှာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို ဘယ်လိုပုံစံနဲ့ ချိန်သားကိုက် ပြေးဝင်၊ နေရာယူလေ့ရှိလဲ? ဆိုတာ အသေးစိတ် လေ့လာခဲ့ပါတယ်..” လို့ သူကပြောပြပါတယ်။

အခုတော့ အင်ဇိုဟာ အဲဒီအတိုင်း လုပ်ဆောင်ပြနေပါပြီ။ ဒါ့အပြင် ချယ်လ်ဆီးအသင်းအတွက် ကစားပေးခဲ့တဲ့ပွဲပေါင်း (၁၅၁) ပွဲ အတွင်း ရရှိခဲ့တဲ့ သွင်းဂိုး (၂၇) ဂိုး.. ဆိုတဲ့ အရေအတွက် ဟာ ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံး (၁၅၁) ပွဲအတွင်း ရရှိခဲ့တဲ့ သွင်းဂိုးအရေအတွက်နဲ့ ထပ်တူကျနေတာဟာလည်း အံ့ဩစရာပါပဲ..။ ဒီထက်ပိုပြီး အံ့အားသင့်စရာ ကောင်းတာက သူတို့နှစ်ယောက်စလုံးဟာ အဲဒီဂိုးတွေကို ချယ်လ်ဆီးရဲ့ ကျောနံပါတ် (၈) အင်္ကျီကို ဝတ်ဆင်ပြီး သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်..။
“ဖရန့် ဟာကျွန်တော်တို့အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူခဲ့စဉ်က ကျွန်တော်ဟာ အခုလိုတိုက်စစ်ကို လိုက်ပါရတဲ့နေရာမှာ မကစားရသေးဘဲ ခံစစ်ပိုင်းမှာ ပိုပြီးနေရာယူခဲ့ရပါတယ်..။ ဒါ့ကြောင့် ဂိုးဧရိယာထဲကို အချိန်ကိုက်ပြေးဝင်၊ ဂိုးသွင်းယူတဲ့နည်းလမ်းတွေနဲ့ ပတ်သက်ပြီး သူ့ကိုအများကြီး မမေးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကို ကျွန်တော်ရောက်ကတည်းက သူ့ရဲ့ဗီဒီယိုတွေကြည့်ပြီး သင်ယူနေခဲ့တာပါ။
သူဟာ ထူးခြားတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို ကျွန်တော်တို့အသင်းရဲ့ ဂန္ထဝင်ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်တော့်ကို သူ့နဲ့ နှိုင်းယှဉ်တာမျိုးကို မကြိုက်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအသင်းမှာ သူဟာကျွန်တော့်ထက် အောင်မြင်မှုတွေအများကြီး ပိုမိုရရှိခဲ့လို့ပါပဲ..။ ဒါ့အပြင်ကျွန်တော်အားကျရတဲ့ စံပြပုဂ္ဂိုလ် (Idol) တစ်ယောက်လည်း ဖြစ်နေပါတယ်..။ ကျွန်တော်လည်း ချယ်လ်ဆီးအသင်းမှာ သူ့ရဲ့ခြေရာကို လိုက်နိုင်ဖို့ မျှော်လင့်ပါတယ်..” ဆိုပြီး အင်ဇိုက ရိုကျိုး၊ နှိမ့်ချစွာ ပြောကြားခဲ့ပါတယ်။
အင်ဇို အနေနဲ့ လမ်းပတ်ရဲ့ အောင်မြင်မှုတွေကို လိုက်မီဖို့ လမ်းခရီးအရှည်ကြီး ကျန်နေပါသေးတယ်..။ ဒါပေမယ့် သူ့ရဲ့ချယ်လ်ဆီးနဲ့ သုံးနှစ်တာကာအတွင်း ပွဲပေါင်း (၁၅၁) ပွဲ၊ သွင်းဂိုး (၂၇) ဂိုးကို နည်းပြ (၅) ဦးနဲ့ ဖြတ်သန်းခဲ့ရသလို ဆုဖလား (၂) လုံး ဆွတ်ခူး၊ ရယူပေးထားခဲ့ပြီး စတာလင်ပေါင် (၁၀၇) သန်း ဆိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ကြောင်းကို တဖြည်းဖြည်းချင်း သက်သေပြနေပြီ ဖြစ်ပါတယ်။

ရီးရဲလ် မက်ဒရစ်၊ ပီအက်စ်ဂျီ တို့နှင့် ကောလဟာလများ..
ချယ်လ်ဆီးအသင်းမှာ တည်ငြိမ်နေတဲ့ကာလဆိုတာ ဘယ်တော့မှမရှိပါဘူး။ အင်ဇို ရဲ့ အခုဘောလုံးရာသီ ထူးခြားတဲ့စွမ်းဆောင်ရည်တွေကြောင့် ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ အသင်းရဲ့ ဒုတိယခေါင်းဆောင်အဖြစ် ကွင်းထဲမှာရော၊ ကွင်းပြင်ပမှာပါ ဦးဆောင်နေတဲ့ အင်ဇိုဟာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒစောနေတဲ့ပုံစံ လုံးဝမတွေ့ရပါဘူး။
“ဒီအသင်းမှာ ဖြတ်သန်းခဲ့ရတဲ့ သုံးနှစ်တာကာလအတွက် ကျေးဇူးတင်ရပါတယ်။ အခုဆိုရင် အခြေအနေတွေဟာ အဆိုးဘက်ကနေ အကောင်းဘက်ကို ပြောင်းလဲလာခဲ့ပါပြီ။ ဒီနေ့မှာ ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေရတာကလည်း ကျွန်တော့်ကို အထူးကျေနပ်၊ ပျော်ရွှင်စေပါတယ်" လို့ သူက တုံ့ပြန်ခဲ့ပါတယ်။
'ဒီအသင်းနဲ့အတူ ဆုဖလားတွေ ဆက်ပြီးရယူသွားချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာအပြာရောင်အင်္ကျီကို ဝတ်ဆင်ထားသူတိုင်း လုပ်ဆောင်ရမယ့်တာဝန်ဖြစ်လို့ပါ။ ကျွန်တော်ဟာ ဒီအသင်းနဲ့ ခိုင်မာ၊ နက်ရှိုင်းတဲ့ ဆက်နွှယ်မှုတစ်ခု ဖြစ်တည်နေသလို စိတ်ဓာတ်ပိုင်းအရလည်း သိပ်ကိုကောင်းမွန်နေပါတယ်။ ဒါကြောင့် ဒီအသင်းမှာ ဆုဖလားတွေ အများကြီး ထပ်မံဆွတ်ခူး၊ ရရှိနိုင်ဖို့ မျှော်လင့်ထားပါတယ်..။” လို့ အင်ဇို က သူ့ရဲ့အနာဂတ်ကို အာမခံချက် ပေးခဲ့ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ Carabao ဖလား၊ အကြိုဗိုလ်လုပွဲစဉ်မှာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အင်ဇိုအနေနဲ့ အခုရာသီအတွက်တော့ အဲဒီဖလားကို သူ့ရဲ့မှတ်တိုင်ထဲ ထည့်သွင်းနိုင်တော့မှာ မဟုတ်တော့ပါဘူး။ “ချယ်လ်ဆီးအသင်းကို နောက်ထပ် ဗိုလ်လုပွဲတစ်ပွဲ တက်ရောက်အောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် တကယ်ပဲဒေါသထွက်မိပါတယ်။ ဒါပေမယ့် အဲဒီနှစ်ပွဲစလုံးမှာ အသင်းအတွက် အစွမ်းကုန် ပေးဆပ်၊ ကြိုးစားခဲ့ကြတဲ့ အသင်းဖော်တွေအတွက် အထူးဂုဏ်ယူမိပါတယ်" လို့ သူကပြောပါတယ်။
ဒါပေမယ့် အခုဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ယှဉ်ပြိုင်စရာ ရည်မှန်းချက်တွေ အများကြီးကျန်ရှိနေပါသေးတယ်။ သူတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ (၁၆) သင်းအဆင့်၊ ရှုံးထွက်ပွဲစဉ်ကို တက်ရောက်ထားသလို FA ဖလားပြိုင်ပွဲမှာ စတုတ္ထအဆင့် ရောက်ရှိနေပါတယ်။ ဒါ့အပြင် လာမယ့် စနေနေ့မှာ ဝုလ်ဗ်အသင်းနဲ့ အပါအဝင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အမှတ်ပေးဇယားထိပ်ပိုင်းကို တက်ရောက်နိုင်ဖို့ အစွမ်းကုန်ကြိုးစား၊ တိုက်ပွဲဝင်နေကြပါတယ်။
အင်ဇို ဖာနန်ဒက်စ် ၏ ၂၀၂၅ ခုနှစ်အတွင်းမှ စွမ်းဆောင်ရည်များ..

ကုန်လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ ကမ္ဘာ့ဖလားဆုရှင် အင်ဇို ထက် ပိုပြီး ချယ်လ်ဆီးအသင်းရဲ့ ရလဒ်တွေအပေါ်မှာ သက်ရောက်မှု ပေးစွမ်းနိုင်တဲ့ ကစားသမားမျိုး မရှိသလောက်ပါပဲ။ သူဟာ ပြီးခဲ့တဲ့နှစ်အစကတည်းက အသင်းအတွက် ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးမှု (Goals & Assists) အများဆုံး ပြုလုပ်ထားတဲ့ ကစားသမားဖြစ်သလို အခုအပတ်မှာပဲ Sky Sports ဝေဖန်ရေးသမား ဂျေမီ ကာရေဂါက 'ပရီမီယာလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲကတစ်ဦး' လို့ တင်စားပြောဆိုခဲ့ပါတယ်။
"ကျွန်တော့်အပေါ် အခုလို ချီးကျူး၊ ပြောကြားပေးခဲ့တဲ့အတွက် လူအများရဲ့ရှေ့ကနေပဲ သူ့ကိုကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်ချင်ပါတယ်။ သူ့လိုဂန္ထဝင် ကစားသမားကြီး တစ်ယောက်ဆီက အခုလိုစကားမျိုး ကြားရတဲ့အတွက် ဝမ်းသာ၊ ပီတိဖြစ်ရပါတယ်.." လို့ အင်ဇို က တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဘင်ဖီကာကနေ စရောက်ကတည်းက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ကူညီပေးခဲ့တဲ့ အသင်းနဲ့ ပရိသတ်တွေကိုလည်း အထူးကျေးဇူးတင်နေတဲ့အကြောင်း ထပ်မံဖြည့်စွက်ခဲ့ပါသေးတယ်။
"ကျွန်တော်ဟာ အသင်းအတွက် နေ့စဉ်နေ့တိုင်း၊ လေ့ကျင့်ခန်း အစီအစဉ်တိုင်းမှာ (၁၀၀ %) ရာခိုင်နှုန်းပြည့် အစွမ်းကုန် ပေးဆပ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ အမှတ်တံဆိပ်ကို ကာကွယ်ခွင့် ရတဲ့အချိန်တိုင်း၊ အပြာရောင်အင်္ကျီကို ဆင်မြန်းခွင့်ရတဲ့အချိန်တိုင်း အသင်းအတွက် အကောင်းဆုံး ကြိုးစားလေ့ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေဟာ ကျွန်တော့်အပေါ် ယုံကြည်မှုအပြည့် ပေးအပ်ထားလို့ပါပဲ..။ အဲဒီယုံကြည်မှုကို ကွင်းထဲကခြေစွမ်းတွေနဲ့ ပြန်လည်ပေးဆပ်ချင်ပါတယ်။
လက်ရှိမှာတော့ ကျွန်တော်ဟာ ခြေစွမ်းကောင်းတွေနဲ့ အသင်းကိုပြန်လည် အကျိုးပြုနိုင်နေတယ်လို့လည်း ခံစားနေရပါတယ်။ ကျွန်တော့်အပေါ် အမြဲတမ်းချစ်ခင်မှုအပြည့်နဲ့ ထောက်ခံ၊ အားပေးနေကြတဲ့ ချယ်လ်ဆီးပရိသတ်တွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။ သူတို့နဲ့ကျွန်တော် တကယ့်ကိုနီးစပ်နေတယ်လို့ ခံစားရပါတယ်..။" လို့ သူက ဆိုပါတယ်။
ဂျေမီ ကာရေဂါ က အင်ဇို ဖာနန်ဒက်စ် ရဲ့ ဂိုးသွင်းစွမ်းရည်အပေါ် သုံးသပ်ရာမှာတော့ “သူဟာ ပရီးမီးယားလိဂ်မှာ မြင်တွေ့ရတဲ့ အကောင်းဆုံး Box-crasher (ဂိုးဧရိယာထဲကို ချိန်သားကိုက် ပြေးဝင်၊ အဆုံးသတ်နိုင်သူ) တွေထဲက တစ်ယောက်ပါ။ အခွင့်အရေးရှိတဲ့ နေရာတိုင်းမှာ သူဟာအမြဲတမ်း ရှိနေတတ်ပါတယ်..” လို့ ချီးကျူးသွားခဲ့ပါတယ်။
အင်ဇို ဖာနန်ဒက်စ် ၏ တိုက်စစ်စွမ်းရည် တိုးတက်လာမှုဖြစ်စဉ်..

ဖရန့် လမ်းပတ် ကို စံနမူနာထား၊ အတုယူထားတဲ့ အင်ဇို ရဲ့ တိုက်စစ်ပိုင်း ကူညီနိုင်မှုစွမ်းရည်ဟာ နည်းပြသစ် လီယမ် ရိုဆီနာ ရဲ့ လက်အောက်မှာ ပိုမိုထက်မြက်လာခဲ့ပါတယ်..။ “သူဟာတကယ့်ကို ထူးချွန်တဲ့ နည်းပြတစ်ယောက် ဖြစ်ပါတယ်.." လို့ အင်ဇို က ဆိုပါတယ်။ “အသင်းကိုရောက်လာတာ တစ်လပဲ ရှိသေးပေမယ့် အရည်အသွေးကောင်းတွေကို ထုတ်ဖော်၊ ပြသနေပါတယ်။
ဘောလုံးလောကဟာ ဘယ်သူ့ကိုမှ အချိန်အများကြီး မပေးပါဘူး..။ ရလဒ်ကောင်းကိုပဲ ချက်ချင်းလိုချင်ကြတာပါ။ ဒါပေမယ့် သူကရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်ပေးနိုင်သလို ကျွန်တော်တို့အပေါ်မှာလည်း ယုံကြည်မှုတွေ အများကြီး ပေးထားပါတယ်။ ဒါ့ကြောင့်သူဟာ ကျွန်တော်တို့နဲ့ အတူရှိနေတာကို အရမ်းဝမ်းသာမိပါတယ်။ အခုဆိုရင် ကျွန်တော့်ရဲ့ တစ်ကိုယ်ရည် စွမ်းဆောင်မှု အပိုင်းမှာရော၊ အသင်းလိုက် စုစည်းမှုအပိုင်းမှာပါ တိုးတက်လာတာကို ကျွန်တော်တို့အားလုံး ခံစားမိနေကြပါတယ်..။”
နည်းပြရိုဆီနာ ဟာ အင်ဇို ကို သူ့ရဲ့ပင်ကိုယ် တိုက်စစ်ဗီဇအတိုင်း လိုက်ပါကစားစေဖို့ တွန်းအားပေးထားပါတယ်။ Opta ရဲ့ အဆင့်မြင့် အချက်အလက်တွေအရ အင်ဇို ဟာ အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဖြတ်တင်ဘောတွေကို ဂိုးသွင်းယူနိုင်ဖို့ ပင်နယ်တီဧရိယာထဲ ပြေးဝင်မှု (Attacking runs) အများဆုံး ပြုလုပ်ထားတဲ့ ကစားသမား ဖြစ်နေပြီး ရိုဆီနာ ကလည်း အခုထက်မက ပိုပြီးစွမ်းဆောင်ပြဖို့ တိုက်တွန်း၊ တောင်းဆိုထားပါတယ်။

"ကျွန်တော့်ရဲ့ကစားဟန်မှာ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပိုပြီးထည့်သွင်းလာနိုင်တာကို ကျေနပ်မိပါတယ်။ နည်းပြကလည်း ကျွန်တော့်ကို လွတ်လွတ်လပ်လပ် ကစားခွင့်ပေးထားပါတယ်။ တိုက်စစ်ဇုန်နဲ့ ပင်နယ်တီ ဧရိယာတွေမှာ လွတ်လွတ်လပ်လပ် တိုက်စစ်ဆင်၊ ထိုးဖောက်ခွင့် ပေးထားလို့လည်း ကျွန်တော်ဟာ ကစားရတာ ပိုပြီးကောင်းမွန်နေပါတယ်။
ပွဲစဉ်တိုင်းမှာ ပွဲကြိုနဲ့ပွဲတွင်း ကစားကွက် အစီအမံတွေ ရှိကြပါတယ်..။ ဒါပေမယ့် လီယမ် က တိုက်စစ်ဇုန်ထဲ ရောက်သွားရင်တော့ လွတ်လပ်စွာ ဆုံးဖြတ်၊ ကစားခွင့်ပေးထားပါတယ်။ ကျွန်တော်ကလည်း အသင်းဖော်တွေ ရွေးချယ်စရာ ပိုများသွားအောင် ဂိုးဧရိယာထဲအထိ အချိန်ကိုက်ရောက်ရှိဖို့ အမြဲတမ်းကြိုးစားခဲ့ပါတယ်..” လို့ အင်ဇို က ရှင်းပြသွားခဲ့ပါတယ်။
"ကျွန်တော်ဟာ လေ့ကျင့်ရေးကွင်းမှာလည်း တိုက်စစ်ပိုင်းကူညီနိုင်မှု ပိုမိုထက်မြက်လာဖို့ အမြဲတမ်းကြံဆ၊ အားထုတ်နေပါတယ်..။ ဒါပေမယ့် အရေးကြီးဆုံးက ဂိုးဧရိယာထဲ ပြေးဝင်တဲ့အချိန်တွေမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု (Physical condition) ကောင်းမွန်နေဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကွင်းလယ်မှာ ကစားတာဖြစ်လို့ တစ်ကွင်းလုံးအနှံ့ အတက်အဆင်း၊ ရွှေ့လျားမှုတွေ အများကြီးပြုလုပ်ရတာကြောင့် ဖြစ်ပါတယ်..။
အခုဆိုရင် ကျွန်တော်ဟာ အဲဒီစိန်ခေါ်မှု အသစ်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ အဲဒီလို အခိုက်အတန့်တွေအတွက် အစွမ်းကုန် ပြင်ဆင်ထားပါတယ်။”
အင်ဇို ဟာ ပရီးမီးယားလိဂ်ရဲ့ ခက်ခဲ၊ ကြမ်းတမ်းတဲ့ ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုမှုတွေကို လိုက်နိုင်ဖို့ အသင်းကိုရောက်လာခါစ အစောပိုင်းကာလတွေမှာ ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ ယခင်နည်းပြ အင်ဇို မာရက်စကာ ဟာ ပြီးခဲ့တဲ့ရာသီ အစောပိုင်းတုန်းက အင်ဇို ရဲ့ ကြံ့ခိုင်မှုကို အကြောင်းပြပြီး ရိုမီယို လာဗီးယား ကို နေရာပေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ အခုအချိန်မှာ သူ့ရဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းနဲ့ လုပ်အားနှုန်း တိုးတက်မှုဟာ သိသာ၊ ထင်ရှားနေပါပြီ။ အင်ဇို ဟာ အခုဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲချိန်အများဆုံး ကစားထားတဲ့သူ ဖြစ်နေသလို၊ ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်ခုလုံးမှာ အကွာအဝေး အများဆုံး ပြေးလွှားနိုင်သူ (most distance covered) (၁၅) ဦး ထဲမှာလည်း ပါဝင်နေပါတယ်။
“အခုလိုမျိုး သူတင်၊ ကိုယ်တင် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ခံစားချက်မျိုးရဖို့ အချိန်အကြာကြီး ကြိုးစားခဲ့ရပါတယ်..။” လို့ သူက ဆိုပါတယ်။ “ခြေစွမ်းတည်ငြိမ်ဖို့ အရမ်းအရေးကြီးပါတယ်။ ကျွန်တော် ဟာ နေ့စဉ်နေ့တိုင်း၊ ပွဲစဉ်တိုင်းမှာ (၁၀၀ %) ရာခိုင်နှုန်းပြည့် အစွမ်းကုန်ပေးဆပ်နေပြီး အဲဒီလိုပြင်းပြတဲ့စိတ်ဓါတ်၊ ကြိုးစားအားထုတ်မှုတွေကပဲ ရလဒ်ကောင်းတွေဆီကို ဦးတည်စေပါတယ်..။"
အင်ဇို ဖာနန်ဒက်စ် မှာ နည်းစနစ်ပိုင်း အထူးကောင်းမွန်တဲ့ ကစားသမား ဖြစ်ရုံတင်မကဘဲ အခုဆိုရင် အင်္ဂလန်ဘောလုံးလောကရဲ့ ကြမ်းတမ်းတဲ့ ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုတွေကိုပါ နှစ်ခြိုက်လာခဲ့ပါပြီ။ အထူးသဖြင့် ပြီးခဲ့တဲ့အင်္ဂါနေ့က အာဆင်နယ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ တစ်ဦးချင်း ဘောလုံးယှဉ်လု.. အားပြိုင်မှုတွေ၊ တည်ကန်ဘောတွေမှာ တွန်းရ၊ ဆွဲရတဲ့ အခြေအနေတွေကို သဘောကျမိနေတဲ့အကြောင်း ပြောပြခဲ့ပါတယ်။
“အခုလိုခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်း တောင်းဆိုမှု များပြားတဲ့ အခြေအနေကို ကျွန်တော် သဘောကျပါတယ်။ ကျွန်တော့်အတွက်တော့ ပရီးမီးယားလိဂ် ဟာ ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုင်ပွဲ ဖြစ်နေလို့ အားကုန်ခွန်အား စိုက်ထုတ်ရပြီး အရမ်းကိုပင်ပန်းပါတယ်။ ဒါပေမယ့် အဲဒီအခြေအနေ၊ လိုအပ်ချက်တွေကို ပျော်ပျော်ကြီး လက်ခံပါတယ်။ ဒီလိုအဆင့်အတန်းမျိုးမှာ (၃) ရက် (၁) ပွဲ ကစားနိုင်ဖို့ အမြဲတမ်းပြင်ဆင်ထားဖို့က အင်မတန် အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ အင်ဇိုက အဆုံးသတ် ပြောကြားသွားခဲ့ပါတယ်။

အင်ဇို ဖာနန်ဒက်စ် ၏ ခေါင်းဆောင်မှုစွမ်းရည်..
အင်ဇို ဟာ အသင်းခေါင်းဆောင် ရီစ် ဂျိမ်းစ် ပြီးရင် ဒုတိယခေါင်းဆောင် တစ်ဦးအနေနဲ့ အသင်းဖော်တွေ အတွက်ရော၊ နည်းပြအတွက်ပါ အမြဲတမ်း အားကိုးရသူဖြစ်အောင် ကြိုးစားနေပါတယ်။ သူ့အတွက်တော့ ‘ခေါင်းဆောင်မှု’ ဆိုတာ မွေးရာပါ ဗီဇတစ်ခုလို တောက်ပနေပါတယ်။
“ကျွန်တော်တို့ဟာ အသင်းအတွက်၊ အသင်းဖော် ကစားသမားတွေအတွက်၊ အခုဆိုရင် နည်းပြသစ်အတွက်ပါ အမြဲတမ်း အဆင်သင့်ရှိနေပေးဖို့နဲ့ သူတို့ကို နေ့စဉ်နေ့တိုင်း အကောင်းဆုံး ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါတယ်.” လို့ သူက ရှင်းပြပါတယ်။ 'ကျွန်တော်တို့ဆီမှာ အပြောင်းအလဲတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါကြောင့် အသင်းဖော်တွေ ဘယ်လိုရှိလဲ? နည်းပြသစ်နဲ့ရော ဘယ်လိုနေလဲ? ဆိုတာတွေကို အမြဲတမ်း မေးမြန်းနေဖို့က ကျွန်တော့်ရဲ့ တာဝန်ပါပဲ။
ခေါင်းဆောင်မှု အပိုင်းမှာ လူသားဆန်ဖို့ အရမ်းအရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါ့ကြောင့်ကွင်းထဲမှာရော၊ ကွင်းပြင်ပမှာပါ အသင်းဖော်တွေနဲ့အတူ အမြဲတမ်းရှိနေဖို့က ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ သူတို့ကို အမြဲတမ်း ကူညီပေးဖို့ ကြိုးစားပါတယ်။ အကူအညီဖြစ်ဖြစ်၊ အကြံဉာဏ်ဖြစ်ဖြစ်၊ တခြားဘာပဲလိုလို ကျွန်တော်ဘက်က ကူညီပေးနိုင်ဖို့ အမြဲတမ်း အဆင်သင့်ရှိနေပါတယ်" လို့ အင်ဇို က ပြောပါတယ်။
လက်ရှိအချိန်မှာ သူဟာခေါင်းဆောင်တစ်ဦးအနေနဲ့ရော၊ ဂိုးသွင်းရှင်တစ်ဦးအနေနဲ့ပါ အသင်းကို အကောင်းဆုံး ကူညီပေးနေပြီဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါ့ကြောင့်အခုအချိန်မှာ အင်ဇို ဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် တောက်ပလာတဲ့ ခြေစွမ်းတွေနဲ့အတူ ချယ်လ်ဆီးအသင်းကို အောင်မြင်မှုအသစ်တွေဆီ ခေါ်ဆောင်သွားဖို့ သန္နိဋ္ဌာန်ချ၊ ဆုံးဖြတ်ထားပါကြောင်း တင်ဆက်လိုက်ပါတယ်။
(Sky Sports သတင်းဌာနမှ ဆောင်းပါးရှင် Nick Wright ၏ ‘Enzo Fernandez interview: 'I want to follow in Frank Lampard's footsteps at Chelsea and win lots more trophies' ဆောင်းပါးကို ပြန်ဆိုပါသည်..။)