ချယ်လ်ဆီးအသင်း၏ ဂန္ထဝင်ဂိုးသမားကြီးနှင့် နည်းစနစ်နှင့် စွမ်းဆောင်ရည်ပိုင်း အကြံပေးပုဂ္ဂိုလ်ဟောင်း ပီတာ ချက် မှာ Business of Sport Podcast တွေ့ဆုံခန်း အစီအစဉ်တွင် လက်ရှိအချိန်၌ အသင်းပရိသတ် တယောက်အနေဖြင့် လက်ရှိချယ်လ်ဆီးအသင်းအပေါ် သူ၏အမြင်၊ ခေတ်သစ်ဘောလုံးလောက၏ အပြောင်းအလဲများနှင့် အောင်မြင်မှုများ ဆက်လက်ရယူနိုင်ရန် အကြံပြုချက်များကို ပြောပြခဲ့ပါသည်..။
မေး - ပီတာ ရေ.. ခင်ဗျားတို့ချယ်လ်ဆီးအသင်းရဲ့ အဓိကကျောရိုး ကစားသမားတွေဖြစ်တဲ့ ဂျွန်တယ်ရီ၊ ဖရန့် လမ်းပတ်၊ ဒီဒီယာ ဒရော့ဂ်ဘာ တို့ဟာ နည်းပြတွေ မကြာခဏ ပြောင်းလဲနေခဲ့ပေမယ့် နည်းပြနေရာမှာ ‘တည်ငြိမ်မှုရှိဖို့’ ဆိုတဲ့အရာကို ကျော်လွှားနိုင်အောင် ကူညီပေးနိုင်ခဲ့တာလား? ဘာဖြစ်လို့လဲဆိုတော့ ချယ်လ်ဆီးနဲ့ ပတ်သက်ပြီး လူတွေ အမြဲတမ်းပြောလေ့ရှိတာက ‘နည်းပြတွေကို ခဏခဏပြောင်းလဲနေခဲ့ပေမယ့် သူတို့တွေ ဘယ်လိုလုပ်ပြီး ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့တာလဲ?’ ဆိုတဲ့ မေးခွန်းဖြစ်နေတာကိုး..
ကျွန်တော့် အတွေ့အကြုံအရ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ နည်းပြတွေထဲမှာ နည်းပြကောင်းတွေ မဟုတ်လို့ ဒါမှမဟုတ် ဘောလုံးအကြောင်း နားမလည်လို့ ထွက်သွားရတာ တစ်ယောက်မှ မရှိပါဘူး။နည်းပြတိုင်းဟာ ထိပ်တန်း ပရော်ဖက်ရှင်နယ်တွေ ဖြစ်ကြပါတယ်..။ နည်းပြတိုင်းဟာ ထိပ်တန်း ဘောလုံးကျွမ်းကျင်သူတွေ ဖြစ်ကြပြီး သူတို့ဟာ နည်းပြတစ်ယောက်ရဲ့ သင်ကြားမှုကို သိတယ်၊ နည်းဗျူဟာတွေကို သိတယ်၊ အရာအားလုံးကို သိကြပါတယ်။
ထိပ်တန်းအသင်းတစ်သင်းကနေ နည်းပြတစ်ယောက် ထွက်ခွာသွားတဲ့အခါ အဓိကအကြောင်းနှစ်ခုကြောင့် ဖြစ်တာများပါတယ်..။ အဲဒါကတော့ အသင်းနဲ့ ဆက်ဆံရေး ပြတ်တောက်တာ (breakdown in communication) ဒါမှမဟုတ် ဘုတ်အဖွဲ့ (board) နဲ့ ပေါင်းစပ်ညှိနှိုင်းမှု ပြတ်တောက်တာ.. အဲဒီနှစ်ချက်ပါပဲ။ နည်းပြမလုပ်တတ်လို့ဆိုပြီး ဘယ်သူမှ ထွက်မသွားပါဘူး၊ ဘာလို့လဲဆိုတော့ ခင်ဗျားသာ အဲဒီလောက် မစွမ်းဆောင်နိုင်ရင် အဲဒီလိုနေရာကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်လို့ပါပဲ။

ဒါပေမယ့် ခရီးလမ်းရဲ့တစ်နေရာရာမှာ ဆက်ဆံရေးတွေ တစ်နည်းနည်းနဲ့ ပြတ်တောက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအခါ ပြဿနာတွေကို ဦးတည်သွားပါတယ်..။ အသင်းတစ်သင်းကို ကြည့်မယ်ဆိုရင်... ဖြစ်တတ်တာက (ခင်ဗျားလည်း ခဏခဏ မြင်ဖူးမှာပါ) နည်းပြတစ်ယောက်ကို ထုတ်လိုက်တယ်၊ ခဏတဖြုတ်တော့ ပွဲတွေဆက်တိုက် နိုင်သွားပြီး ရလဒ်တွေ ကောင်းလာပါတယ်..။ အဲဒီနောက်မှာ များသောအားဖြင့် ဒုံရင်းဒုံရင်း.. မူလအခြေအနေကိုပဲ ပြန်ရောက်သွားတတ်ပါတယ်။ အဲဒီအခါကျမှ နည်းပြထက်စာရင် အသင်းအပေါ်မှာ ပိုပြီးမူတည်နေတယ်ဆိုတာ သိမြင်လာရတာပါ။
ယေဘူယျအားဖြင့် အသင်းတစ်သင်းမှာ သတ်မှတ်ချက်ရှိပါတယ်..။ ကစားသမား (၂၅) ယောက်ရှိရှိတယ်ဆိုပါစို့။ အဲဒီထဲက (၁၄) ယောက်က အသင်းမှာ ပျော်ရွှင်နေတယ်၊ (၈) ယောက်က အဆင်ပြေတယ်၊ (၃) ယောက်က မပျော်ဘူးဆိုရင် အဲဒီအတိုင်းပဲ ထိန်းထားတာက ခင်ဗျားအတွက် အဆင်ပြေပါတယ်။
အသင်းမှာမပျော်တဲ့ (၃) ယောက်က ၆ ယောက် ဖြစ်လာတဲ့အခါ၊ ‘အဆင်ပြေတယ်..’ ဆိုတဲ့ (၈) ယောက်က (၁၂) ယောက် ဖြစ်လာပြီဆိုရင် ပြဿနာစရှိလာပါပြီ။ မပျော်တဲ့သူတွေက ပျော်ရွှင်တဲ့သူတွေ ဒါမှမဟုတ် အဆင်ပြေနေတဲ့သူတွေအပေါ် လွှမ်းမိုးသွားပြီဆိုရင် ခင်ဗျား သွားပြီ (you're out) ပဲဗျ..။
မေး - ၁၄၊ ၈၊ ၃ ဆိုတာ ကောင်းတဲ့ အချိုးအစားပဲဗျ..။ တကယ်လို့ အဲဒီအချိုးအစားနဲ့ ဒီနေ့ချယ်လ်ဆီးအသင်းမှာ အသုံးချကြည့်မယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ။?
ကျွန်တော် မသိပါဘူး။ ဒါပေမယ့် အသင်းရဲ့လူစာရင်း အရွယ်အစားကို ကြည့်မယ်ဆိုရင် ခင်ဗျားမှာ (ပွဲထွက် ဒါမှမဟုတ် အရန်) ဘယ်စာရင်းထဲမှာမှ မပါတဲ့သူ (၂၂) ယောက်လောက် ရှိနေနိုင်ပါတယ်။.. ဟားဟား..

မေး - ဒါဟာ ဖရန့် လမ်းပတ် ယာယီနည်းပြအဖြစ် တာဝန်ယူစဉ်မှာ ကြုံခဲ့ရတဲ့ ပြဿနာပေါ့ဗျာ..။ ဟုတ်တယ်မလား? ဖရန့် ဟာ ဒုတိယအကြိမ် အသင်းကိုပြန်ရောက်လာတုန်းက အဲဒီအတိုင်း ပြောခဲ့ပါတယ်။
ခင်ဗျားမှာ ကစားသမားတွေ အများကြီး ရှိနေပါတယ်..။ ဒါပေမယ့် ဆိုးရွားတဲ့ အခြေအနေတွေကြောင့် တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်တက်ကြွမှု (motivation) တွေ ကျဆင်းသွားတယ်၊ ပျော်ရွှင်မှုတွေ ကျဆင်းသွားပါတယ်..။ အဲဒီလိုပြောင်းလဲသွားတဲ့ ခံစာချက်တွေဟာ ကူးစက်တတ် (infectious) ပါတယ်..။
ဒါ့ကြောင့်အသင်းမှာ အပျက်သဘောဆောင်တဲ့သူတွေ (negative people) အများကြီးရှိနေပြီဆိုရင် အသင်းရဲ့ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို အလွယ်တကူ သတ်ပစ်နိုင်ပါတယ်၊ အဲဒါကနေ ပြဿနာတွေ ဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား ဘာပဲလုပ်လုပ် ဘာမှဖြစ်မလာဘူး (ဘာရလဒ်မှ မထွက်ဘူး) လို့ သိနေရင် ဘယ်လိုလုပ်ပြီး စိတ်ဓာတ်တက်ကြွနေမှာလဲ? ဘယ်လိုလုပ်ပြီး ဆာလောင်စိတ်တွေ ဖြစ်လာမှာလဲ?
ဒါကြောင့် အခြေအနေတွေ ပိုပြီးခက်ခဲလာပါတယ်။ အဲဒီတော့ အရာအားလုံးကို စီမံခန့်ခွဲရတာ တဖြည်းဖြည်းနဲ့ ပိုပြီးခက်ခဲလာတာပေါ့..။ စာရွက်ပေါ်မှာ 'ကောင်းပြီ... ကစားသမားတိုင်းဟာ ထိပ်တန်းအဆင့် ကစားသမားတွေပဲ၊ ဒါကြောင့် ဒီအုပ်စုကိုရွေးမယ်၊ ဟိုအုပ်စုကိုရွေးမယ်' ဆိုပြီး လူစာရင်း ဆွဲကြည့်မယ်ပေါ့။
No.. မဟုတ်ဘူး၊ အဲဒီလိုလုပ်လို့ မရပါဘူး။ ကစားသမားတိုင်းဟာ လူသားတွေ ဖြစ်ကြပါတယ်..။ လူတိုင်းဟာ တစ်စုံတစ်ရာသော နည်းလမ်းနဲ့ ခံစားချက်တွေ၊ စိတ်လှုပ်ရှားမှုတွေရဲ့ သက်ရောက်မှုကို ခံရပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ခင်ဗျားဟာပတ်ဝန်းကျင်ကို ဖန်တီးတယ်၊ အဲဒီပတ်ဝန်းကျင်ကနေ ပေါ်ထွက်လာတဲ့ ‘ကောင်းခြင်း၊’ ‘ဆိုးခြင်း’ ခံစားချက်တွေဟာ အချင်းချင်း ကူးစက်စေပါတယ်..။ ကူးစက်တတ်တဲ့ ရောဂါလိုပါပဲ...။ အပျက်သဘောဆောင်တဲ့အရာတွေ အများကြီးရှိနေရင် အဲဒီအပျက်သဘောဆောင်မှုတွေဟာ မြန်မြန်ဆန်ဆန် ကြီးထွားလာပြီး ပြဿနာတွေ ပိုကြီးလာတော့တာပါပဲ။

မေး - အခုအချိန်မှာ ပရိသတ်တစ်ယောက်အနေနဲ့ ချယ်လ်ဆီးအပေါ် ဘယ်လိုခံစားရသလဲ? ဆိုပြီး ချယ်လ်ဆီးအသင်း ပရိသတ်တွေဆီက ခင်ဗျားအတွက် မေးခွန်းပေးပို့လာပါတယ်..။ ကျွန်တော်ကတော့ 'ဪ... ကျွန်တော် နည်းနည်းတော့ စိတ်ပျက်မိတယ် (disillusioned)၊ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအသင်းပိုင်ရှင်တွေဆီက သတင်းအချက်အလက်တွေရရှိဖို့ အခွင့်အလမ်း သိပ်မရှိသလို ခံစားရလို့ပါပဲ..။ ပရိသတ်တွေနဲ့ ဆက်ဆံရေးကလည်း သိပ်ပြီး အားမကောင်းဘူးလို့ ခံစားရတယ်' လို့ ပြောခဲ့ပါတယ်။
အဲဒီအခါ ‘နေပါဦး... အေဘရာမိုဗစ်ခ်ခေတ်တုန်းကရော အဲဒီလို ဆက်သွယ်ပြောဆိုမှုမျိုး ရခဲ့တယ်လို့ ထင်လို့လား' လို့ မေးစရာ ရှိလာပါတယ်။ အပြင်လူတစ်ယောက်အနေနဲ့ ကျွန်တော် နားလည်ထားတာက အုပ်ချုပ်မှုပိုင်းကနေ အပြင်ကိုတိုက်ရိုက်ပြောဆိုတာမျိုး မရှိပေမယ့် ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ ကာလတစ်လျှောက်လုံးမှာ ‘ဘာပဲဖြစ်ဖြစ် နိုင်ရမယ်' ဆိုတဲ့ ရှင်းလင်းတဲ့ စံနှုန်း (standard) တစ်ခု တည်ရှိနေခဲ့ပါတယ်။
ရာသီတစ်ခုကုန်ဆုံးချိန်တိုင်းမှာ အဓိက ဆုဖလား (major trophy) တစ်ခုခု ရကိုရရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးပေါ့ဗျာ..။ အဲဒီအချက်ကို ကျွန်တော့်တို့ဆီ တိုက်ရိုက်ပြောမလာပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက် ဆက်နွှယ်နေသူတိုင်းရဲ့ လုပ်ဆောင်ချက်တွေကနေတစ်ဆင့် တကယ့်ကို ရှင်းလင်းနေခဲ့ပါတယ်။
ကျွန်တော့်အမြင်အရတော့ အဓိကအရေးအကြီးက 'ဘောလုံးဟာ အမြဲတမ်းပထမ (Football First)' ဆိုတဲ့ ခံယူချက်ပါပဲ။ ဘယ်စီးပွားရေး လှုပ်ရှားမှုကမှ ဘောလုံးစွမ်းဆောင်ရည်ထက်ပိုပြီး အရေးမကြီးခဲ့ပါဘူး။ အသင်းအနေနဲ့ ခရီးစဉ်တွေ ပိုသွားတာ၊ စီးပွားရေးကိစ္စတွေ ပိုလုပ်တာ ဒါမှမဟုတ် ဖျော်ဖြေရေးကိစ္စတွေ ပိုလုပ်နိုင်တယ်ဆိုပြီး ငြင်းခုံနိုင်မယ့်အချက်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ပထမဆုံးအချက်က 'နည်းပြက လေ့ကျင့်ခန်း ပိုဆင်းချင်တယ်' ဆိုရင် 'ကောင်းပြီ၊ ဘောလုံဟာ ပထမပဲ..' ဆိုတဲ့ ဦးစားပေး ရည်မှန်းချက်အရ ခွင့်ပြုပေးရမယ်.. ဆိုတာမျိုးပါ။
သေချာတာက အသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ သတ်မှတ်ချက်တွေ (Financial Fair Play) အတိုင်း လည်ပတ်ရမယ်။ အသင်းရပ်တည်နိုင်ဖို့၊ ငွေအလုံအလောက် ရှာနိုင်ဖို့အတွက် အဲဒီလိုကိစ္စရပ်တွေကိုလည်း လုပ်ဆောင်ရပါမယ်။ ကျွန်တော်တို့ဟာ အသင်းကို အဲဒီလိုပဲ လည်ပတ်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကစားသမားတစ်ယောက်အနေနဲ့ ခံစားရတာကတော့ အရာအားလုံးဟာ ဘောလုံးအတွက်.. ဆိုလိုတာက ကွင်းထဲက စွမ်းဆောင်ရည်အတွက်ပဲ လုပ်ဆောင်တာလို့ ခံစားရပါတယ်။ ဒါကြောင့်လည်း အသင်းက အောင်မြင်ခဲ့တာလို့ ကျွန်တော်ထင်ပါတယ်။

စီးပွားရေးဘက်ခြမ်းကိုလည်း လုပ်ဆောင်ရမှာ မှန်ပေမယ့် အဲဒီစီးပွားရေးအပိုင်းက ဘောလုံးစွမ်းဆောင်ရည်ကို ဘယ်တော့မှ လွှမ်းမိုးမသွားခဲ့ပါဘူး။ ဒါကြောင့် ဘောလုံးအတွက် ပြင်ဆင်မှု၊ စွမ်းဆောင်ရည်တွေမှာ ဘယ်တော့မှ အလျှော့အတင်း (compromises) မရှိခဲ့ပါဘူး။ ရာသီကြိုခရီးစဉ်တွေသွားပြီး စီးပွားရေး လှုပ်ရှားမှုတွေအများကြီး လုပ်ရတဲ့အချိန်မှာတောင် ဘောလုံးအပေါ်မှာ ဘယ်တော့မှ စိတ်အာရုံ မပျံ့လွင့်စေဖို့၊ ပြင်ဆင်မှုနဲ့ စွမ်းဆောင်ရည်တွေဟာ စီးပွားရေးကိစ္စတွေကြောင့် အနှောင့်အယှက် မဖြစ်စေဖို့ အမြဲတမ်း စနစ်တကျ ဖွဲ့စည်းထားခဲ့ပါတယ်။
အဲဒါက ကစားသမားတစ်ယောက်အနေနဲ့ တကယ်ကို ကျေးဇူးတင် (appreciate) မိတဲ့အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တခြားတစ်ဖက် (စီးပွားရေးဦးစားပေးတာ) ကို ရောက်သွားနိုင်ပြီး အဲဒီနောက်ကို လိုက်မိနေရမှာမျိုး ဖြစ်နိုင်လို့ပါ။ ဒါပေမယ့် အရာအားလုံးရဲ့ တန်ဖိုးဟာ ‘ဆုဖလားတွေ ရယူနိုင်ခြင်း’ ကနေပဲ ဆင်းသက်လာတာ ဆိုတဲ့အချက်ကို နားလည်ထားရပါမယ်..။
မေး - ၂၀၀၈ ခုနှစ်မှာ ချန်ပီယံလိဂ် ဖလားနဲ့ လွဲချော်ခဲ့ပြီး နောက်ထပ် လေးနှစ်လောက် ကြာမြင့်သွားခဲ့တာဟာ ခင်ဗျားတို့ကစားသမား အစုအဖွဲ့ကို ပိုပြီးအချိန်ကြာကြာ ရှိနေစေခဲ့တယ်လို့ ခင်ဗျား ထင်ပါသလား?
No.. မဟုတ်ပါဘူး..။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အစုအဖွဲ့ဟာ အဲဒီလောက်အထိ အင်အားတောင့်တင်းပြီး စွမ်းဆောင်ရည် ကောင်းမွန်နေခဲ့တာဟာ ကျွန်တော်တို့ရဲ့ ကစားသမား အစုအဖွဲ့ကို အသစ်တဖန် ပြန်လည်လန်းဆန်းစေဖို့ ကစားသမားသစ်တွေ သိသိသာသာ လိုအပ်တယ်ဆိုတာကို လူတိုင်း နားလည်ခဲ့ကြလို့ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် အဓိကကျောရိုး ကတော့ အဲဒီအတိုင်းပဲ ဆက်ပြီးရှိနေခဲ့ပါတယ်။
ဒါ့အပြင် အဲဒီအချိန်က အသင်းရဲ့တည်ရှိပုံတွေကြောင့်လည်း အဲဒီလိုအတူတကွ ဆက်ပြီးရှိနေဖို့ ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ထင်မိတာပါပဲ..။ ပြီးတော့ ကျွန်တော်တို့မှာ အချိန်သိပ်မကျန်တော့ဘူး ဆိုတာကိုလည်း သိနေခဲ့ကြပါတယ်။ တကယ်လို့ ၂၀၁၂ ခုနှစ်မှာ ကျွန်တော်တို့ ချန်ပီယံလိဂ် မရခဲ့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ အစုအဖွဲ့ဟာ ပြိုကွဲ (dismantled) သွားမှာဖြစ်ပြီး အဲဒီမှာတင် ပြီးဆုံးသွားမှာပါ။ ခေတ်တစ်ခုရဲ့ အဆုံးသတ်ကို ရောက်လာတာမျိုးပေါ့ဗျာ..။ အဟောင်းတွေ တဖြည်းဖြည်းချင်း ထွက်ခွာသွားကြမယ်၊ အဲဒီလိုပါပဲ… ဂန္ထဝင်တွေလည်း ‘ရေကြည်ရာ၊ မြက်နုရာ’ ကိုသွားကြရမယ် ဒါမှမဟုတ် အစားထိုးခံရမယ်.. ပေါ့ဗျာ..။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရအောင် လုပ်နိုင်ခဲ့ပါတယ်။ အဲဒါက စက်ဝန်းတစ်ခု (cycles) ရဲ့ အဆုံးသတ်ပဲ ဖြစ်ပါတယ်။

မေး - ရိုမန် အေဘရာမိုဗစ်ချ် နဲ့ရော အပြန်အလှန် ထိတွေ့ဆက်ဆံမှု အများကြီး ရှိခဲ့လား? ချယ်လ်ဆီးအသင်းရဲ့ အခုအသင်းပိုင်ရှင်တွေဟာ ကစားသမားတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုများလာပြီး တစ်ခါတလေ ပွဲကစားနေတုန်း တစ်ဝက်လောက်မှာတောင် (ဝင်ရောက်စွက်ဖက်တာမျိုး) တွေ ရှိတယ်လို့ သတင်းစာတွေမှာ ဖော်ပြနေကြတာ တွေ့မြင်နေရပါတယ်…။ ခင်ဗျားတို့တွေ သူ့နဲ့ အပြန်အလှန် ဆက်ဆံမှု အများကြီး ရှိခဲ့ဖူးလား..?
No.. မရှိခဲ့ပါဘူး၊ သူက အနီးအနားမှာ ရှိနေတတ်ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ပံ့ပိုးမှုရှိနေတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။ အနီးအနားမှာ သူရှိနေတာကို ကျွန်တော်တို့သိပါတယ်။ သူဟာ ပွဲတွေလာကြည့်ပါတယ်။ အသင်းအပေါ် အလေးထားတယ် ဆိုတာ ကျွန်တော်တို့ သိသလို၊ တစ်ခုခု လိုအပ်တဲ့အခါမျိုး ဒါမှမဟုတ် တစ်ခုခုဖြစ်ပျက်နေတဲ့ အချိန်မျိုးတွေမှာလည်း သူရှိနေတာကို သိပါတယ်။ ဒါပေမယ့် ပွဲကစားတဲ့နေ့တွေ၊ ဒါမှမဟုတ် အဝတ်လဲခန်း အနီးအနားနဲ့ အဲဒီလိုနေရာမျိုးတွေမှာ ခင်ဗျားတို့သူ့ကို ဘယ်တော့မှ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ နည်းပြတွေကသာ အဝတ်လဲခန်းရဲ့ အရှင်သခင်၊ ဘုရင်တွေ ဖြစ်ကြပြီး ကစားသမားတွေကတော့ ပွဲကစားတာကိုပဲ ဦးစားပေးပေါ့ဗျာ..။
မေး - ကစားသမားဘဝကနေ ခင်ဗျားအနားယူခဲ့တဲ့အချိန်နဲ့ နှိုင်းယှဉ်လိုက်ရင် ဘောလုံးလောကဟာ အများကြီး ပြောင်းလဲသွားပြီလို့ ထင်မြင်မိပါလား? အပြန်အလှန် ဆက်ဆံရေးတွေ၊ သြဇာလွှမ်းမိုးမှုတွေ၊ နည်းပြတွေ၊ အခုခေတ်မှာ လုပ်လို့ရနေတဲ့ ပုံစံတွေနဲ့ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ အသင်းပိုင်ရှင်တွေကိုကြည့်ရင် ခင်ဗျားတို့ခေတ်ကနဲ့ အရမ်းကိုကွာခြားတဲ့ ကမ္ဘာသစ်တစ်ခုလို ဖြစ်နေပါတယ်။
လူတိုင်းဆီမှာ ကိုယ်ပိုင်လုပ်ဆောင်တဲ့ နည်းလမ်းတွေ ရှိကြတာပါတယ်..။ ဘယ်ဟာကမှန်တယ်၊ ဘယ်အရာက မှားတယ်.. လို့ ကျွန်တော်မထင်ပါဘူး။ တခုခုသောနည်းလမ်းနဲ့ လုပ်ချင်တယ်ဆိုရင် အဲဒီနည်းလမ်းအတိုင်းပဲ ဆက်ပြီးလုပ်ပေါ့ဗျာ..။ လူတိုင်းမှာ သူ့အခွင့်အရေးနဲ့သူ ရှိပါတယ်။ ခင်ဗျားဟာ ဘောလုံးအသင်း တစ်သင်းကို ဝယ်တယ်ဆိုရင် ခင်ဗျားအလိုရှိတဲ့အတိုင်း အဲဒီအသင်းကို လည်ပတ်နိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျား ဘယ်လောက်ကောင်းကောင်း လည်ပတ်နိုင်သလဲ? ဆိုတာကို အသင်းဟာ ဘယ်လောက် အနိုင်ရနေလဲ? ဆိုတဲ့အချက်နဲ့ပဲ အကဲဖြတ်ခံရမှာပါ။
အသင်းပရိသတ်တစ်ယောက်အနေနဲ့ 'အိုး... ကျွန်တော်တို့အသင်းဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဥရောပတစ်ခုလုံးမှာ စီးပွားရေးပိုင်းရလဒ် အကောင်းဆုံး ဖြစ်ခဲ့တယ်' လို့ ပြောလာတယ်ဆိုပါစို့။ ကောင်းပြီ... ဆုဖလား ဘယ်နှစ်လုံးရလဲ? ပြန်မေးပါမယ်..။ ‘Zero..’သုည.. ဒါဆိုရင် ကျွန်တော် အဲဒါကိုဂရုမစိုက်ပါဘူး။ အဲဒါက ခင်ဗျားရဲ့ ပြဿနာပါ။ ခင်ဗျားဟာ ခင်ဗျား စီးပွားရေးလုပ်တာဖြစ်ပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်အသင်း အနိုင်ရတာကိုပဲ မြင်ချင်ပါတယ်..။
ဒါပေမယ့် တချို့အသင်းတွေအတွက်ကတော့ ဥရောပမှာ စီးပွားရေးအကောင်းဆုံးဖြစ်ဖို့ (ဥပမာ ဘရိုက်တန် အသင်းဆိုရင်) အဆင့် (၇)၊ အဆင့် (၈) ရနေချိန် ဒါမှမဟုတ် ဥရောပဝင်ခွင့်နေရာတစ်ခုအတွက် ကစားနေချိန်မှာ ဘဏ္ဍာရေးအရလည်း အောင်မြင်မှုရနေပါတယ်..။ အဲဒီလိုအလုပ်ဖြစ်တဲ့ စီးပွားရေးမော်ဒယ်လ် (economic model) ရှိနေတာဟာ ဥရောပမှာ အကောင်းဆုံးစီးပွားရေးလို့ ပြောနိုင်တာပေါ့..။ အဲဒါက အသင်းတွေကိုယ်စီမှာ ရှိနေတဲ့အနေအထားပေါ် မူတည်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီကနေ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ဖို့ မျှော်လင့်မထားလို့ပါပဲ..။
သူတို့အသင်းအပေါ် လေးစားမှုမရှိတာ မဟုတ်ပါဘူး..။ ဒါပေမယ့် အဲဒါကသူတို့ရဲ့ပစ်မှတ် မဟုတ်သလို သူတို့ဘယ်နေရာမှာ ရှိနေလဲ? ဆိုတာ သူတို့ကောင်းကောင်း သိကြပါတယ်။ သူတို့ဟာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကြိုးစားနေတာ ဖြစ်နိုင်ပေမယ့် အခုအချိန်မှာ ချန်ပီယံဖြစ်ဖို့ ဘယ်သူကမှ မျှော်လင့်မထားပါဘူး။ ဒါပေမယ့် သူတို့ရဲ့စီးပွားရေးအမျိုးအစားနဲ့ဆိုရင် အဲဒီလို ဘောလုံးအသင်းအတွက်တော့ ပြောင်မြောက်တဲ့ လုပ်ဆောင်မှုလို့ ပြောလို့ရပါတယ်။
ချယ်လ်ဆီးလို အသင်းမျိုးကို ကြည့်မယ်ဆိုရင်တော့ အောင်မြင်မှုတွေအားလုံး ရရှိပြီးတဲ့နောက်မှာ ခင်ဗျား မျှော်လင့်တာက ‘နောက်ထပ် ဆက်တိုက်အနိုင်ရနေဖို့’ ပါပဲ။ အဲဒါက ခင်ဗျားရရှိထားတဲ့ စံနှုန်း (standard) ဖြစ်ပါတယ်။ ဒါကြောင့်ခင်ဗျားဟာ အရာအားလုံးကို မှန်မှန်ကန်ကန် လုပ်ချင်တယ်။ ပရိသတ်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိချင်တယ်။ အခြားတစ်ဘက်ကလည်း အင်အားတောင့်တင်းတဲ့ လူစာရင်း ရှိချင်သလို စီးပွားရေးဘက်ခြမ်းကိုလည်း ကောင်းကောင်း လည်ပတ်ချင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အဒီအသင်းရဲ့ အဓိကရည်မှန်းချက်က ‘အနိုင်ရရှိဖို့’ ဖြစ်ပါတယ်..။
အဲဒီအချက်ဟာ ဘယ်သူမှ မေ့ထားလို့မရတဲ့ အပိုင်းပါ။ ခင်ဗျားတို့ထင်သလို ‘အနိုင်ရဖို့’ ဆိုတာ မလွယ်ကူပါဘူး။ ခင်ဗျားမှာ မှန်ကန်တဲ့ စီးပွားရေးစီမံကိန်းရှိနေလို့.. ဒါမှမဟုတ် ဒီလိုတွေလုပ်နေလို့ ‘အနိုင်ရလိမ့်မယ်’ ဆိုတဲ့ အာမခံချက် မရှိပါဘူး။ အဲဒီတော့ အမြဲတမ်း အနိုင်ရနေအောင် ဘယ်လို စီမံမလဲ? ဒါဆိုရင် အောင်မြင်မှုတွေ ဆက်တိုက်ရရှိအောင် ဘယ်လိုလုပ်ရမလဲ? ဆိုတာ သိဖို့လိုပါတယ်။ ဒါပေမယ့် လူတိုင်းက အဲဒီလိုရရှိအောင် ဘယ်လိုလုပ်ရမလဲ? မသိကြပါဘူး။

အဲဒီနေရာကို တစ်ခါမှ မရောက်ဖူးတဲ့သူတွေဟာ ဘယ်လိုလုပ်ရမလဲ?တခါတလေ မသိကြပါဘူး။ အချို့လူတွေအတွက် သူတို့ရဲ့ ဘေးနားမှာ အပိုခြေလှမ်း (extra step) တွေကို မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်အောင် ကူညီပေးမယ့်သူတွေ ရှိနေဖို့ လိုအပ်ပါတယ်။ အဲဒီလိုအကူအညီတွေမရှိရင် အဲဒီအဆင့်ကို ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။ တချို့တွေကျတော့လည်း လွယ်လွယ်ကူကူ ရောက်ရှိသွားကြပါတယ်။ အဲဒါက အားကစားလောကရဲ့ အလှတရားပါပဲ။
ကျွန်တော် ထင်တာကတော့ တစ်ခါတလေမှာ လူတွေဟာ 'အနိုင်ရတာကို အရမ်း ယဉ်ပါးသွားကြတယ်' (too used to winning) လို့ ပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားကနှစ်တိုင်း ဆက်တိုက် နိုင်နေတဲ့အခါကျတော့... မန်ချက်စတာ စီးတီးတောင်မှ နှစ်တိုင်း နိုင်နေတော့ လူတိုင်းက 'အေး... ဒီနှစ်တော့ ဆိုးရွားပါတယ်၊ ငါတို့ဟာ ဒုတိယ ဒါမှမဟုတ် တတိယပဲ ရတယ်၊ ဒါဟာဆိုးရွားတဲ့ ဘောလုံးရာသီဖြစ်တယ်' ဆိုပြီး ပြောကြသလိုမျိုးပေါ့ဗျာ..။"
မေး - ဟုတ်ကဲ့ပါ..။ ချယ်လ်ဆီးပရိသတ်တွေအတွက် အခုချိန်ဟာ အရမ်းကြီးလွယ်ကူနေတဲ့အချိန် မဟုတ်ဘူးပေါ့ဗျာ..။ တကယ်လို့ခင်ဗျားကို ဒေါ်လာ (၄) ဘီလီယံပေးပြီး "ဒီနေ့ကစပြီး ချယ်လ်ဆီးအသင်းကို ခင်ဗျားရဲ့လက်ထဲ အပ်လိုက်ပြီ၊ ကြိုက်သလို စီမံပါတော့.." လို့ ပြောလာရင် ဘာတွေလုပ်မလဲ..?
No.. အရင်ဆုံး ပထမ (၆) လလောက် ငြိမ်ငြိမ်လေးထိုင်ပြီး ဘာတွေဖြစ်နေလဲ? ဆိုတာကိုပဲ စောင့်ကြည့်ပါမယ်။ အသင်းရဲ့စုဖွဲ့မှုက ဘယ်လိုလဲ? နေ့စဉ်လုပ်ငန်းတွေကို ဘယ်လိုလည်ပတ်နေလဲ? အဲဒါတွေကို အရင်သိချင်လို့ပါ။ ကျွန်တော် ဥပမာတစ်ခုပေးမယ်ဗျာ... ခင်ဗျားကို စွပ်ပြုတ်တစ်ခွက်နဲ့ ဆား၊ ငရုတ်ကောင်း ပေးထားတယ်ဆိုပါစို့။ ခင်ဗျားက စွပ်ပြုတ်ကို မြည်းတောင်မကြည့်ဘဲ ဆားတွေ၊ ငရုတ်ကောင်းတွေ အရင်ထည့်ပြီးမှ သောက်မလား? ဒါမှမဟုတ် အရင်မြည်းကြည့်ပြီးမှ "ဪ... ဆားလေး နည်းနည်းလိုနေတာပဲ" ဆိုပြီးမှ ထည့်မလား?
ခင်ဗျားမှာ ရွေးချယ်ခွင့်ရှိပါတယ်။ ဘာတွေရှိနေလဲ? ဆိုတာ ဂရုမစိုက်ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်လိုက်လို့ အရာအားလုံး ပျက်စီးသွားတာမျိုးလည်း ဖြစ်နိုင်သလို၊ ငြိမ်ငြိမ်လေးထိုင်ကြည့်ပြီး ‘ဘယ်အရာက အလုပ်ဖြစ်နေတယ်..၊ ဘယ်အရာက အလုပ်မဖြစ်ဘူး’ ဆိုတာကို ခွဲခြားတာမျိုးလည်း လုပ်လို့ရပါတယ်။ ကျွန်တော်ကတော့ အရင်ဆုံး ကြည့်မယ်၊ လေ့လာမယ်၊ ပြီးတော့မှ ပြုပြင်ဖို့လိုတဲ့အရာကို ပြင်ဆင်ပြီး အဆင်ပြေနေတဲ့အရာကို ဆက်ထိန်းထားပါမယ်။ ဒါက အကောင်းဆုံး လုပ်ဆောင်ချက်လို့ ကျွန်တော် ထင်ပါတယ်။

နောက်ဆုံးမှာတော့ အသင်းရဲ့ပျံ့နှံ့မှု၊ သမိုင်းကြောင်းကို ကြည့်ရပါမယ်။ အချက်တစ်ချက်ကတော့ ရှင်းပါတယ်။ လူတိုင်းဟာ ခင်ဗျားဘယ်လောက်အထိ အောင်မြင်မှု (ဆုဖလား) ရယူနိုင်လဲ? ဆိုတဲ့အပေါ်မှာပဲ အကဲဖြတ်ကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသင်းဟာ ဖလားကြီးကြီး၊ သေးသေး အမြဲတမ်း ရယူနိုင်ခဲ့တဲ့ အသင်းဖြစ်နေလို့ပါ။ တကယ်လို့ခင်ဗျားက ဘာဖလားမှမရဖူးတဲ့ အသင်းကို ဝယ်လိုက်တာဆိုရင်တော့ အသင်းကို ဘယ်လောက်ကောင်းအောင် လည်ပတ်နိုင်သလဲ? ဘယ်လောက် တိုးတက်အောင် လုပ်နိုင်သလဲ? ဆိုတာနဲ့ အကဲဖြတ်ခံရမှာပေါ့။
ဒါကြောင့်ခင်ဗျားဟာ ဘယ်လိုအသင်းမျိုးမှာ ရှိနေတာလဲ? ခင်ဗျားက ဘယ်လိုလူမျိုးလဲ? ခင်ဗျားဘာကို လိုချင်တာလဲ? ဆိုတာပေါ်မှာပဲ မူတည်ပါတယ်။ ဘာလို့ဒီလိုမဖြစ်တာလဲ? ဟိုလိုလုပ်လို့ မရဘူးလား..? ဆိုပြီး အမြဲတမ်း အငြင်းပွားနေလို့ရပါတယ်။ ကျွန်တော့်မှာ ကိုယ်ပိုင်အမြင်တွေ ရှိနိုင်ပေမယ့် ကျွန်တော်ဝေဖန်ရမယ့် အနေအထား မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရာအားလုံးက တာဝန်ရှိသူတွေ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်နေတာလည်း ဖြစ်နိုင်လို့ပါပဲ။ ကျွန်တော်လည်း အသေအချာတော့ မသိနိုင်ပါဘူး။
မေး - ချယ်လ်ဆီးအသင်းရဲ့ နည်းပညာဒါရိုက်တာအဖြစ် ခင်ဗျားတာဝန်ယူစဉ်က အာစင် ဝင်းဂါး က အဆင့် (၄) ရရှိမှုဟာ တကယ့်အောင်မြင်မှုလို့ ပြောခဲ့ဖူးပါတယ်။ ကျွန်တော်ပြန်စဉ်းစားကြည့်ရင် လမ်းပတ် ရဲ့ ပထမဆုံးရာသီမှာ ချယ်လ်ဆီးက ကစားသမားသစ် ဝယ်ယူခွင့်ပိတ်ခံထားရချိန် အဆင့် (၄) ရအောင် လုပ်ပြခဲ့တဲ့အပေါ် ရရှိသင့်သလောက် အသိအမှတ်ပြုမခံရဘူးလို့ ထင်ပါတယ်။ အဲဒီနောက်ရာသီမှာ ခင်ဗျားတို့ ပူလီဆစ်၊ မန်ဒီ၊ ဗာနာ၊ ဟာဗက်ဇ်၊ ချေးဝဲလ် တို့ကို ခေါ်ယူခဲ့ပါတယ်။ ကစားသမား ဝယ်ယူခွင့် ပိတ်ပင်ခံထားရတဲ့အချိန်ဟာ ခင်ဗျားတို့အတွက် ခက်ခဲခဲ့လား? ဒါမှမဟုတ် ပိုပြီးတောင် လွယ်ကူသွားစေခဲ့လား?
တစ်ခါတလေမှာ အခက်အခဲတွေကနေ ကြီးမားတဲ့ အခွင့်အရေးတွေ ဖြစ်လာတတ်ပါတယ်။ ဖရန့် လမ်းပတ် ဆီမှာ ဂျော်ဒီမောရစ် နဲ့ ဂျိုးအက်ဒ်ဝပ် တို့လို အသင်းအကြောင်း၊ အကယ်ဒမီအကြောင်း ကောင်းကောင်းသိတဲ့ နည်းပြအဖွဲ့ရှိနေတာ အားသာချက်ပါ။ သူတို့ဟာ အကယ်ဒမီကနေ တက်လာတဲ့ နည်းပြတွေ ဖြစ်တာနဲ့အညီ ကစားသမားတွေကို မျက်စိမှိတ်ပြီး ထည့်သုံးခဲ့တာ မဟုတ်ပါဘူး။ အဲဒီလူငယ်တွေဟာ လူငယ်ချန်ပီယံလိဂ် (အသက် ၁၉ နှစ်အောက်) ပြိုင်ပွဲမှာ ချန်ပီယံဖလား ရထားတဲ့သူတွေ ဖြစ်သလို အသင်းအပေါ် သံယောဇဉ်ရှိတဲ့သူတွေ ဖြစ်ကြပါတယ်..။

ဥပမာ မေဆင် မောင့် ဆိုရင် ဖရန့် က ဒါဘီကောင်တီမှာကတည်းက လက်တွဲခဲ့ဖူးတော့ "သူ လုပ်နိုင်တယ်၊ ကျွန်တော် သူ့ကိုယုံကြည်တယ်" ဆိုပြီး ယုံကြည်ချက်ရှိရှိ အသုံးပြုခဲ့တာပါ။ တန်မီ အေဘရာဟမ် တို့လို အခြားလူငယ်တွေကို အသုံးပြုနိုင်ခဲ့တာက အသင်းအတွက် တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်..။
နောက်တစ်ချက်က ဒီလူငယ်လေးတွေကို ပံ့ပိုးပေးမယ့်သူတွေက အီဒင် ဟာဇက် တစ်ယောက်ပဲ မရှိတော့တာကလွဲရင် ယူရိုပါလိဂ် ချန်ပီယံဖလားရထားပြီး ပရီးမီးယားလိဂ် အဆင့် (၃) နဲ့ ရာသီပိတ်သိမ်းထားတဲ့ အတွေ့အကြုံရင့် ကစားသမားတွေ ဖြစ်နေပါတယ်..။ ဆိုလိုတာက ဒီလူငယ်တွေကို ဒီအတိုင်း ‘မျက်နှာလွှဲ၊ ခဲပစ်’ ကစားစေခဲ့တာ မဟုတ်ပါဘူး။ သူတို့နောက်မှာ အတွေ့အကြုံရှိတဲ့ ဝါရင့်ကစားသမား အုပ်စုကြီးက ဝန်းရံပေးထားခဲ့ပါတယ်။
အီဒင် ဟာဇက် ကိုတော့ လူတိုင်းလွမ်းဆွတ်တာပေါ့ဗျာ..။ သူဟာထူးခြားတဲ့ အရည်အချင်းရှိသူဖြစ်သလို ချယ်လ်ဆီးအသင်းရဲ့သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူအသင်းမှာရှိနေရင် ပိုကောင်းမှာပါ။ ဒါပေမယ့် ကျွန်တော်ပြောချင်တာက ယူရိုပါလိဂ်ရခဲ့တဲ့ အသင်းထဲကမှ သူတစ်ယောက်ပဲ မရှိတော့တာပါ။ အဲဒီတော့ အသင်းရဲ့အကြောင်းသိတဲ့ နည်းပြ၊ အတွေ့အကြုံရင့် ကစားသမားတွေနဲ့ အရည်အချင်းရှိတဲ့ လူငယ်တွေ ပေါင်းစပ်မိသွားတဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့ အဆင့် (၄) နေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ယူဆပါတယ်။